နိုင်ငံတကာလူ့အဖွဲ့အစည်းဟာ ခေတ်သစ်ကပ်ဘေးဆိုးကာလကြီး တစ်ခုထဲကို တိုးဝင်နေပြီ ဖြစ်တယ်လို့ ၂၀၂၅ ဇူလိုင်လ ၁၅ ရက်နေ့ထုတ် “ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ” မှာ ဖော်ပြထားတယ်။ အစီရင်ခံစာအရ တရုတ်နိုင်ငံဟာ ဂျပန်အတွက် “အကြီးမားဆုံး မဟာဗျူဟာမြောက် စိန်ခေါ်မှု” ဖြစ်တယ်လို့ ဆိုထားတယ်။ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ မူဝါဒတွေဟာ အင်ဒို-ပစိဖိတ်ဒေသအပေါ် ထိရောက်တဲ့ သြဇာသက်ရောက်မှုတွေ ဖြစ်လာ မယ်လို့ မျှော်လင့်ကြောင်း အစီရင်ခံစာက ဆိုတယ်။

ဂျပန်ရဲ့ အဆိုပါ နှစ်ပတ်လည် ကာကွယ်ရေးအစီရင်ခံစာကို ဇူလိုင် ၁၅ ရက်နေ့ က ပြုလုပ်တဲ့ ဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ အတည်ပြုခဲ့တာဖြစ်တယ်။ အစီရင်ခံစာမှာ ဂျပန်နိုင်ငံရင်ဆိုင်နေရတဲ့ ဒေသဆိုင်ရာ လုံခြုံရေး ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ ခက်ခဲတဲ့ ချင့်ချိန်အကဲဖြတ်တွေနဲ့ ပြည့်နှက်နေ တယ်လို့ဆိုတယ်။ အလားတူ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအင်အားတောင့်တင်းအောင်ဆောင်ရွက်မှု ဆိုင်ရာ တိုးတက်မှုအခြေအနေ အသေးစိတ်ဖော်ပြချက်ကိုလည်း အစီရင်ခံထားတယ်လို့ ဆိုတယ်။
“ဒုတိယ ကမ္ဘာစစ်ပြီးစ ကတည်းက နိုင်ငံတကာလူ့အဖွဲ့အစည်းဟာ အကြီးမားဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပြီး အခုအခါမှာ အန္တရာယ်အခက်အခဲများတဲ့ ခေတ်ကာလအသစ်တစ်ခုထဲကို ဝင်ရောက် နေပြီ ဖြစ်တယ်လို့ ဂျပန် နှစ်ပတ်လည် ကာကွယ်ရေးအစီရင်ခံစာက ဆိုတယ်။ အထူးသဖြင့် ပြဿနာ တွေက ဂျပန်နိုင်ငံတည်ရှိတဲ့ အင်ဒို-ပစိဖိတ် ဒေသထဲမှာ သိသိသာသာ ဖြစ်ပေါ်နေပြီး အနာဂတ်မှာ အခြေအနေပိုမို ဆိုးရွားလာနိုင်ခြေရှိတယ်” လို့ အစီရင်ခံစာက ဆိုတယ်။
“အကြီးမားဆုံး မဟာဗျူဟာမြောက် စိန်ခေါ်မှု” အဖြစ် ဂျပန်အနေနဲ့ ရင်ဆိုင်ရမှာကတော့ တရုတ်နိုင်ငံ ဖြစ်တယ်လို့ သီးသီးသန့်သန့် ရွေးထုတ် ဖော်ပြထားတယ်။ ဂျပန်အနေနဲ့ တွေ့ဖူးကြုံဖူး ရင်ဆိုင်ဖူးသမျှ စိန်ခေါ်မှုတွေထဲမှာ တရုတ်အရေးကိစ္စဟာ အကြီးမားဆုံးဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ကမ္ဘာ့အင်အား ချိန်ခွင်လျှာအရွေ့ဟာ သိသိသာသာ အပြောင်းအလဲဖြစ်ပေါ်နေပြီး၊ နိုင်ငံ တစ်ခုချင်းစီအကြား ပြိုင်ဆိုင်မှု တွေက သိသာထင်ရှားလာနေတယ်လို့ ဆိုတယ်။
“အထူးသဖြင့် အမေရိကန်ပြည်ထောင်စု နဲ့ တရုတ်နိုင်ငံတို့အကြား ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာမယ့် အခြေအနေတွေ့နေရပါတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပထမ သမ္မတသက်တမ်းမှာကတည်းက အမေရိကန်-တရုတ် အင်အား ပြိုင်ပွဲကို အရှိန်မြှင့်တွန်းတင်ထားခဲ့တာဖြစ်တဲ့အတွက် အခု ထရမ့်ရဲ့ လက်ရှိသက်တမ်း ပထမ ခြောက်လ တာ အချိန်ကာလ အတွင်းမှာ နှစ်နိုင်ငံအကြား အားပြိုင်ပွဲဟာ ဆက်လက် ဖြစ်ပွားနေဦးမှာဖြစ်တယ်။ ဒေါ်နယ်ထရမ့်ရဲ့ ဒုတိယ သမ္မတ သက်တမ်းမှာ ယူကရိန်းကိစ္စ၊ အရှေ့အလယ်ပိုင်းကိစ္စ နဲ့ အာရှဒေသ အရေးကိစ္စတွေမှာ ထရမ့်အစိုးရရဲ့ မူဝါဒရေးရာ အလှည့်အပြောင်းလုပ်ဖို့အတွက် အလေးအနက်ထား တဲ့ ဖြစ်နိုင်ခြေ အကြံပြုချက်တွေကိုလည်း ဂျပန်ရဲ့ နှစ်ပတ်လည် ကာကွယ်ရေးအစီရင်ခံစာမှာ ထည့် သွင်းဖော်ပြထားတယ်။
“အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူဆောင်ရွက်ချက်တွေဟာ ဂျပန်နိုင်ငံပါဝင်နေတဲ့ အင်ဒို-ပစိဖိတ် ဒေသအတွင်း လုံခြုံရေးအစီအမံတွေအပေါ် သိသိသာသာ အကျိုးသက်ရောက်မှု ရှိလာဖွယ်ရှိ ခြင်းကြောင့် ဆက်လက်သတိပြုစောင့်ကြည့်ဖို့ လိုအပ်မှာ ဖြစ်တယ်” လို့ အစီရင်ခံစာ က ဆိုထား တယ်။
အစီရင်ံစာက ၂၀၂၄ ဧပြီလနေ ၂၀၂၅ မတ်လအတွင်း အခြေအနေတွေကို ယေဘုယျ ခြုံငုံတင်ပြ ထားတာဖြစ်တယ်။ ထရမ့်အစိုးရရဲ့ ကြံရွယ်ချက်တွေနဲ့ပတ်သက် လို့ အစီရင်ခံစာရဲ့ လေ့လာဆန်းစစ်မှု က အကန့်အသတ်နဲ့သာ ဖော်ပြထား တာတွေ့ရပြီး ဘာကြောင့် အပြည့်အစုံ မဖော်ပြနိုင်တာလဲလို့ မေးခွန်းထုတ်ထားတယ်။ အဲဒီအချက်နဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ‘နာကာတနီ’ က မှတ်ချက်ပေးရာမှာ အမေရိကန်အိမ်ဖြူတော်ရဲ့ မူဝါဒတွေဟာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြောကြား တာမျိုး မရှိသေးဘူးလို့ ဆိုထားတယ်။
လက်ရှိအချိန်အထိ ၂၀၂၅ ဇန်နဝါရီလက စတင်ခဲ့တဲ့ သမ္မတ ထရမ့်ရဲ့ ဒုတိယအကြိမ် အစိုးရ သက်တမ်းမှာ ကာကွယ်ရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ မူဝါဒဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ဆိုတယ်။ ဥပမာအားဖြင့် “အမျိုးသားလုံခြုံရေးဆိုင်ရာ မဟာဗျူဟာ” သို့မဟုတ် “အမျိုးသားကာကွယ်ရေးဆိုင်ရာမဟာဗျူဟာ” ဆိုတာမျိုး ထုတ်ပြန်တာ မရှိသေးဘူး”လို့ ကာကွယ် ရေးဝန်ကြီး ‘နာကာတနီ’ က ဇူလိုင်လ ၁၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့တယ်လို့ ဆိုတယ်။

၂၀၂၅ မတ်လ ဂျပန်ခရီး စဉ် အတွင်းမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ (Pete Hegseth) က အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ရဲ့ လုံခြုံရေးအစီအမံတွေကို ထပ်မံ အတည်ပြုပြောကြားခဲ့တယ်လို့ဆိုတယ်။ အဆိုပါ အမေရိကန်ရဲ့ သဘောထားတွေကို ဂျပန်အနေနဲ့ ကြိုဆိုတယ်လို့ ဆိုတယ်။ အင်ဒို-ပစိဖိတ်ဒေသအတွက် ကာကွယ်ရေးဘတ်ဂျက် ဝန်ထုပ်ဝန်ပိုးကို အမေရိကန်က တစ်ဦးတည်း ကျခံနေရယ်လို့ ‘ထရမ့်’ က ဆိုတယ်။ ဒါကြောင့် မဟာမိတ် နိုင်ငံတွေကလည်း ကာကွယ်ရေး ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေထမ်းဆောင်သင့်တယ်လို တောင်းဆိုထားတယ်။
သမ္မတ ထရမ့်ရဲ့ ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံမှု ထပ်တိုးမယ်လို့ အင်ဒို-ပစိဖိတ်ဒေသကို ခြိမ်းခြောက်တဲ့ လှုံဆော်မှုတစ်ခု လုပ်နေပေမယ့် တစ်ဖက်မှာလည်း ထရမ့်အစိုးရက မဟာမိတ်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ကာကွယ်ရေး ဘတ်ဂျက်ကို ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်းအထိတိုးမြှင့်ကြဖို့ နှိုးဆော်နေတာလည်း ရှိနေကြောင်း အစီရင်ခံစာက ဖော်ပြတယ်။
လက်ရှိ ဂျပန်အနေနဲ့ ကာကွယ်ရေးဘတ်ဂျက်ကို ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းအထိတိုးမြှင့်ဖို့ ၂၀၂၂ ခုနှစ် မှာ ငါးနှစ် စီမံကိန်း ချမှတ်ဆောင်ရွက်နေပြီး ယန်းငွေ ၄၃ ထရီလီယံ ဘတ်ဂျက် ရာထားခဲ့တယ်လို့ ဆို တယ်။ အစီရင်ခံစာအရ ငါးနှစ် ဘတ်ဂျက် စီမံကိန်းရဲ့ ၆၁ ရာခိုင်နှုန်းကို အကောင်အထည်ဖော် သုံးစွဲခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်အဖြစ် ၂၀၂၆ မတ်လ ဘဏ္ဍာရေးနှစ် အထိ အကျုံးဝင်ကြောင်း ဖော်ပြ ထားတယ်။ စုစုပေါင်း ကာကွယ်ရေးအသုံးစရိတ် ဂျပန်ယန်း ၉ ဒသမ ၉ တရီလီယံ (ဒေါ်လာ ၆၈ ဒသမ ၄ ဘီလီယံ) ခွဲဝေသုံးစွဲထားတယ်လို့ ဖော်ပြထားတယ်။ အဲဒီငွေကြေးပမာဏဟာ GDP ရဲ့ ၁ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ‘၂၀၂၂ ဘတ်ဂျက်အသုံးစရိတ်စီမံကိန်း’ စံညွှန်းနဲ့ အညီဖြစ်တယ်လို့ ဆိုတယ်။ အဲဒီအသုံးစရိတ်ငွေကြေး ပမာဏဟာ ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်း ရည်မှန်းချက်နဲ့ အနီးစပ်ဆုံးဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြခဲ့တယ်။ ဂျပန်အနေနဲ့ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်သုံးစွဲရတဲ့ အကြောင်းရင်းက ဂျပန်နိုင်ငံတစ်ဝိုက် မှာ တရုတ် စစ်တပ်က လေတပ်နဲ့ ရေတပ် စစ်ရေးလှုပ်ရှားမှုတွေ တိုးလုပ်လာတဲ့ တွန်းအားကြောင့် ဖြစ် တယ်လို့ ဖော်ပြထားတယ်။ “တရုတ်စစ်တပ်ဟာ ဂျပန်နိုင်ငံ ပတ်ဝန်းကျင်နေရာဒေသ တစ်ဝိုက်မှာ သူတို့ရဲ့ စစ်ရေးလုပ်ငန်းဆောင်တာတွေကို တိုးမြှင့် လုပ်ဆောင်နေတယ်။ အရှေ့တရုတ် ပင်လယ်ဒေသ ရှင်ကာကူကျွန်းစုတစ်ဝိုက်၊ ဂျပန်ပင်လယ်တစ်ဝိုက် နဲ့ အနောက် ပစိဖိတ် သမုဒ္ဒရာတစ်ဝိုက် တို့အပြင် ပစိဖိတ်သမုဒ္ဒရာ ‘ပထမကျွန်းတန်း’ နဲ့ ‘ဒုတိယကျွန်းတန်း’ တို့အထိ တရုတ် စစ်တပ်က စစ်ရေး လှုပ်ရှားမှုတွေ တိုးလုပ်နေကြောင်း” အစီရင်ခံစာမှာ ဖော်ပြထားတယ်။
၂၀၂၅ မေလတုန်းက တရုတ်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်တစ်စင်းဟာ ဂျပန် ထိန်းချုပ် ထားတဲ့ ‘ရှင်ကာကူကျွန်းစု’ အနီး ဂျပန်လေကြောင်းပိုင်နက်အတွင်း ကျူးကျော် ဝင်ရောက်လာတဲ့ ဖြစ်ရပ်ကို အစီရင်ခံစာမှာ ကိုးကားဖော်ပြထားတယ်။ ဒါတင်မက အရင်နှစ်သြဂုတ်လအတွင်းကလည်း တရုတ်စစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စင်း ဂျပန်လေကြောင်းပိုင်နက်အတွင်း ကျူးကျော်ဝင် ရောက်ခဲ့ သေးတယ်လို့ဆိုတယ်။ နောက်လမှာ တရုတ်လေယာဉ်တင် သင်္ဘောတစ်စင်းဟာ ဂျပန်ရေကြောင်း ပိုင်နက်အနီးကနေ ဖြတ်သန်းခုတ်မောင်းခဲ့သေးကြောင်း အစီရင်ခံစာမှာ ထောက်ပြထားတယ်။ ကျူးကျော်မှု နှစ်ခုစလုံးဟာ ပထမဆုံး အကြိမ်တွေ ဖြစ်ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထား တယ်။
ဘေဂျင်းအစိုးရဟာ မကြာသေးမီ လတွေအတွင်းက ဖြစ်ရပ်တွေကို ဘာမျှမဖြစ်ခဲ့သယောင် လုပ်ပြီး နောက်ထပ် တရုတ်လေယာဉ်တင် သင်္ဘော နှစ်စီးကို အနောက်ဘက်ပစိဖိတ်ဒေသ အတွင်းပိုင်း ခပ်နက်နက်အထိ ပြီးခဲ့တဲ့ ဇွန်လ အတွင်းက ထိုးဖောက်ဝင်ရောက်စေခဲ့တယ်။ ဒါတင်မက ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ တရုတ် တိုက်လေယာဉ် တွေကို ဂျပန် လေယာဉ်တွေအနီးအနားအထိ စေလွှတ်ပျံသန်းခိုင်းခဲ့ တာတွေ လုပ်ခဲ့တယ်။ အဲဒီလုပ်ရပ် တွေဟာ မတော်တဆမှုတွေ ဖြစ်အောင် လုပ်တဲ့ အန္တရာယ်ကြီးတဲ့ စွန့်စားမှုတွေ ဖြစ်တယ်လို့ တိုကျိုအစိုးရဘက်က ထောက်ပြ ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထား တယ်။
“တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တဖြည်းဖြည်းတိုးများလာနေတာဟာ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးကို အန္တရာယ်ကျရောက်စေဖို့ ဖြစ်လာနိုင်ခြေများတယ်။ ဒါကြောင့် ဂျပန်အတွက်တော့ အလွန်တရာ စိုးရိမ်စရာ ကိစ္စပဲ” လို့ ဂျပန်ရဲ့ နှစ်ပတ်လည် ကာကွယ်ရေးအစီရင်ခံစာက ဆိုတယ်။
တရုတ်က ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးရဲ့ ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်ကို စိုးရိမ်စရာကိစ္စအဖြစ် အစီရင်ခံစာမှာ ဖော်ပြတယ်။ တရုတ်က ထိုင်ဝမ်ကျွန်းကို အင်အားသုံး စိးနင်းတိုက်ခိုက်နိုင်တဲ့ အရေးကိုလည်း လျှော့မတွက်ဖို့ သတိပေးထားတယ်။ ရုရှားက ယူကရိန်းကို ဝင်တိုက်တဲ့ နမူနာအရ တရုတ်က ထိုင်ဝမ်ကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက်နိုင်တဲ့ အခြေအနေကိုလည်း ထည့်မတွက်လို့ မရဘူးလို့ အစီရင်ခံစာမှာ အလေးအနက် ဖော်ပြထားတယ်။
“အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို စစ်ရေးအရ အကူအညီပေးထောက်ခံသွားမှာဖြစ် တယ်ဆိုတဲ့ သဘောထားကို အစဉ်တစိုက် ဆက်လက်ပြောဆိုနေတဲ့အလျောက် တရုတ်နိုင်ငံက စေ့စပ်ပြောဆိုလိုတဲ့ သဘောထား ရှိပုံမရဘူးလို့ဆိုတယ်။ တရုတ်က ထိုင်ဝမ်အရေးဟာ သူ့အတွက် ‘အဓိကအကျိုးစီးပွားတွေထဲက အဓိကအကျဆုံးကိစ္စ’ လို့ သတ်မှတ်ထားတဲ့အတွက် တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံဟာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်မှု ပိုမို ကျယ်ပြန့်လာဖွယ်ရှိတယ်” လို့ ဂျပန်ကာကွယ်ရေးအစီရင်ခံစာမှာ မှတ်ချက်ပြုထားကြောင်း ဖော်ပြထားတယ်။
ထရမ့် မတိုင်မီက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ထိုင်ဝမ်ကျူးကျော် တိုက်ခိုက်ခံရမယ် ဆိုရင် အမေရိကန် အနေနဲ့ ထိုင်ဝမ်ကို စစ်ရေးအရကူညီသွားမှာဖြစ်ကြောင်း ထပ်တလဲလဲ ပြောထားခဲ့ ဖူးတယ်လို့ဆိုတယ်။ သို့သော် ငြားလည်း သမ္မတ ထရမ့်ကတော့ ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ တတ်နိုင်သမျှ ခေါင်းရှောင် နေခဲ့တယ် လို့ဆိုတယ်။ ဒါပေမဲ့ အကယ်၍ တရုတ်နဲ့ အမေရိကန်တို့ အနေနဲ့ ထိုင်ဝမ်ကိစ္စကြောင့် ပဋိပက္ခဖြစ်လာခဲ့ရင် ဂျပန်နိုင်ငံအနေနဲ့ ပါဝင်ဆောင်ရွက်ရမယ့် အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ယုံကြည်နေပုံရတယ်။
တိုကျို အစိုးရကတော့ ထိုင်ဝမ်ပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက် ရှုမြင်ထားတဲ့ အလျောက် ထိုင်ဝမ်အရေးဟာ ဂျပန်အနေနဲ့လည်း မဖြစ်မနေ ပါဝင်ရမယ့် ကိစ္စလို့ လက်ခံထားပုံပါပဲ။
“ထိုင်ဝမ်ကျွန်းရဲ့ ပတ်ဝန်းကျင်တစ်ခွင်လုံး တည်ငြိမ်ရေးဟာ ဂျပန်နိုင်ငံအတွက်တင် အရေးကြီး တာ မဟုတ်ဘူး၊ နိုင်ငံတကာလူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်ပါ အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ ဒါကြောင့် ဂျပန်အနေနဲ့ ထိုင်ဝမ် တည်ငြိမ်ရေး ကို အစဉ်အမြဲ သတိကြီးကြီးထားပြီး ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်တယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။
ထိုင်ဝမ်အရေးနဲ့ပတ်သက်တဲ့ ဂျပန်ရဲ့ သဘောထားမှတ်ချက် စကားလုံးတွေက ခိုင်ခိုင်မာမာဖြစ် နေတော့ အတိမ်းအစောင်းမခံတဲ့ တရုတ်-ဂျပန် ဆက်ဆံရေးကိစ္စမှာ တရုတ်အနေနဲ့ သေချာပေါက် ဒေါသဖြစ်မှာ မလွဲဘူး လို့ဆိုနိုင်တယ်။ တရုတ်က ထိုင်ဝမ်ကို “ထောင်ထားခြားနားနေတဲ့ သစ္စာဖောက် ပြည်နယ်” လို့ ဆိုနေပြီး ပြည်မကြီးနဲ့ မလွဲမသွေ ပြန်လည်ပေါင်းစည်းရမှာဖြစ်တယ်လို့ ဆိုနေရုံမက လိုအပ်လာရင် အင်အားသုံးမယ်လို့ ကြေညာ ပြောဆို နေတာဖြစ်တယ်။
အစီရင်ခံစာမှာဖော်ပြချက်အရ ရုရှား နဲ့ တရုတ်တို့ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေမှုကိစ္စဟာ နောက်ထပ် “အလွန်စိုးရိမ်စရာကောင်းတဲ့ ကိစ္စ” ဖြစ်ပါတယ်။ ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းစုတွေ တဝိုက်မှာ တရုတ်-ရုရှားတို့ ပူးတွဲပြီး ဗုံးကြဲလေယာဉ်တွေနဲ့ အတူပျံသန်းတာ၊ ရေတပ်သင်္ဘောတွေနဲ့ လှည့်လည်လှုပ်ရှားကြတာတွေဟာ “ဂျပန်နိုင်ငံကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက်ရှိရှိ စစ်အင်အားပြမှု လုပ် ကြောင်း ထင်ရှားနေပါတယ်” လို့ တိုကျိုအစိုးရက ဆိုပါတယ်။
ရုရှားက မြောက်ကိုရီးယားနဲ့ စစ်ရေးမဟာမိတ်အဖြစ် တိုးချဲ့လုပ်ဆောင်နေမှုဟာလည်း အထူးအရေးကြီးတဲ့ စိုးရိမ်စရာ ပြဿနာဖြစ်တယ်လို့ ဆိုတယ်။ ယူကရိန်းစစ်ပွဲအတွက် ပြုံယမ်းကနေ စစ်လက်နက်ပစ္စည်းတွေတင်ပို့နေမှုနဲ့ မြောက်ကိုးရီးယားတပ်ဖွဲ့တွေကို ယူကရိန်းစစ်ပွဲအတွက် အသုံးပြု ဖို့ စေလွှတ်နေမှုတွေဟာ စိုးရိမ်စရာ ကိစ္စအဖြစ် သတိပြု ရမှာဖြစ်တယ်။
အစီရင်ခံစာမှာ ဆက်လက်ဖော်ပြတာက “ရုရှားက အဏုမြူ နဲ့ ဒုံးလက်နက်ဆိုင်ရာ နည်းပညာတွေ မြောက်ကိုရီးယားထံ လွှဲပေးနိုင်တဲ့အခြေအနေရှိနေတဲ့အတွက် အလွန် အန္တရာယ်ကြီးတဲ့ ကိစ္စဖြစ်တယ်။ အဲဒီလိုဖြစ်သွားခဲ့ရင် အင်ဒို-ပစိဖိတ်ဒေသရဲ့ အင်အားချိန်ခွင်လျှာ မျှခြေအပေါ် ရေရှည် အကျိုး သက်ရောက်မှု ဖြစ်ပေါ်လာနိုင်တယ်” လို့လည်း ဆိုတယ်။
မြောက်ကိုရီးယားရဲ့ စရိုက်လက္ခဏာက “ဂျပန်နိုင်ငံရဲ့ လုံခြုံရေးကို အရင်ကထက်ပိုပြီး အလွန် ဆိုးဆိုးရွားရွား အန္တရာယ်ပြုလာနိုင်တဲ့ အရိပ်အယောင်တွေလွှမ်းမိုးနေတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြ ထားတယ်။ “အထူး သတိပြု ရမှာက “မြောက်ကိုရီးယားမှာ အဏုမြူထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးပျံ လက်နက်တွေ ပိုင်ဆိုင်ထားပြီး ဂျပန်ကို တိုက်ခိုက်နိုင်စွမ်းရှိနေကြောင်း” အစီရင်ခံစာက ထောက်ပြထား တယ်။
အဆိုပါ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် သမ္မတ ထရမ့်ရဲ့ လက်အောက်မှာ အမေရိကန်နိုင်ငံရဲ့ မြောက်ကိုရီးယားမူဝါဒ ပြောင်းသွားနိုင်တာကိုလည်း ထည့်တွက်ရင်း ဂျပန်အနေနဲ့ “စိတ်သဘောထားတိုက်ဆိုင်တဲ့ နိုင်ငံအချင်းချင်းပူးပေါင်းပြီး တစ်ယူသန်အမြင်နဲ့ တစ်ဖက်သတ် ဖိအားပေး နေတဲ့ မြောက်ကိုးရီးယားရဲ့ တရားသေမူဝါဒ ဆုပ်ကိုင်ထားမှုကို ပြောင်းလဲသွားအောင် တန်ပြန် လုပ်ဆောင်ဖို့ လိုတယ်” လို့ အစီရင်ခံစာက ဆိုတယ်။
“ဒီ ကိစ္စဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်စွမ်း မြှင့်တင်နိုင်ရေး ဟာ အလွန့်အလွန်အရေးကြီးတာကြောင့် မဟာမိတ်နိုင်ငံများသာမက အခြားနိုင်ငံများလည်း များနိုင်သမျှ များများ ပါဝင်လာနိုင်အောင် လုပ်ကြရမယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။
ဇူလိုင် ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲအတွင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ‘နာကာတနီ’ က ဒီ နှစ်ပတ်လည်ကာကွယ်ရေးအစီရင်ခံစာအနေနဲ့ အခြားရည်ရွယ် ထားတဲ့ ပရိသတ်လည်းရှိတယ်လို့ ဆိုတယ်။ သူက ဂျပန်နိုင်ငံသူ နိုင်ငံသားတွေကို ဆိုလိုတာဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အလွန်မှာ စစ်ရေး အရ အစွမ်းအစရှိတဲ့ ပစိဖိတ် ဒေသ နိုင်ငံကို ခြေချုပ်လုပ်ထားရာကနေ လွှတ်ပေးလိုက်သလို ဖြစ်သွားမှာ ကိုလည်း စိုးရိမ်မကင်း ဖြစ်နေ ကြတယ်လို့ ဆိုတယ်။
“ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ(၂၀၂၅)ဟာ ဒီကနေ့ ဂျပန်ရင်ဆိုင် ကြုံတွေ့ နေရတဲ့ လက်တွေ့မြေပြင်ပတ်ဝန်းကျင်အခြေအနေကို ပြည်သူတွေ ပိုမို သိမြင်နားလည်လာ အောင် အထောက်အပံ့ လက်စွဲ လမ်းညွှန်အဖြစ် အသုံးဝင်လာလိမ့်မယ်ထင်ပါတယ်။ အစီရင်ခံစာမှာ ကျွန်တော် တို့ ဂျပန်နိုင်ငံအနေနဲ့လည်း ကိုယ့်အခြေ အနေကို ကိုယ်ပြန်ကြည့်မြင်နိုင်စရာတွေ တွေ့လာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ဆက်တည်းမှာ ကာကွယ်ရေး ဝန်ကြီးဌာန နဲ့ ကိုယ့်နိုင်ငံကို ကိုယ်တိုင် ကာကွယ်ရေး တပ်ဖွဲ့တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း သိရှိ လာနိုင်မှာ ဖြစ်ပါတယ်” လို့ ‘နာကာတနီ’ က ပြောကြားသွားတယ်။
ကိုးကား
(1) With China and Trump, Japan defense report says world entering ‘new era of crisis’ By Jesse Johnson: The Japan Times.
(2) Gen Nakatani, Wikipedia.

