အမေရိကန်အစိုးရအဖွဲ့များတွင် ယေဘုယျအားဖြင့် သမ္မတပြီးလျှင် အစဉ်အလာအားဖြင့် ထင်ပေါ်သူမှာ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သည်။ လက်ရှိ အမေရိကန် သမ္မတ ထရမ့်အစိုးရအဖွဲ့တွင်မူ နိုင်ငံခြားရေးဝန်ကြီး (Marco Antonio Rubio) ထက် ကာကွယ်ရေးဝန်ကြီးက ပို၍ ထင်ပေါ်နေလေသည်။ နိုင်ငံခြားရေးနှင့်ပတ်သက်သော မူဝါဒဆိုင်ရာ သဘောထား များကို နိုင်ငံခြားရေးဝန်ကြီးထက် ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ (Pete Hegseth) က ထုတ်ဖော်ပြောဆိုနေသည်ကို ရံဖန်ရံခါ ကြားနေရသည်။ အထူးသဖြင့် သမ္မတ ထရမ့်အစိုးရအဖွဲ့သည် နယ်မြေချဲ့ထွင်ရေးမူဝါဒ (သို့မဟုတ်) ကိုလိုနီနယ် မြေတိုးချဲ့ ရေးမူဝါဒကို ကိုင်စွဲထားသည်ဟု ပြောဆိုမှုများလည်းရှိနေသည်။ လက်ရှိ ဥရောပနိုင်ငံများနှင့် ဆက်ဆံရေး အခြေအနေကို ကြည့်၍ အထီးကျန်ဝါဒ ကျင့်သုံးနေသူ (Isolationist)ဟုလည်း သုံးသပ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထရမ့်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒအရ “အမေရိကန် ပထမ” “အမေရိကန် ပဓာန” သဘောတရားကို တွင်တွင် ကျယ်ကျယ် ပြောနေသော ကြောင့် ဖြစ်သည်။

ထိုကဲ့သို့သော ထရမ့်အစိုးရ၏ “အမေရိကန် ပထမ” “အမေရိကန် ပဓာန” “အမျိုးသားရေးအကျိုးစီးပွား ပဓာန” ဆိုသည့် အထီးကျန် နိုင်ငံခြားရေးမူဝါဒ စတင်ကျင့်သုံးလာချိန်၌ ‘လက်ယာစွန်း ခရစ်ယန်အမျိုးသားရေးဝါဒ ထောက်ခံသူ’ ရှေးရိုးစွဲအစဉ်အလာအယူဝါဒ လိုလားသူ “ပိ ဟက်ဆက် ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ၂၀၂၄ နိုဝင်ဘာလ ၁၂ ရက် နေ့တွင် အဆိုပြုခဲ့သည်။ ထရမ့်၏ အမြင်တွင် ‘ပိ ဟက်ဆက်’ သည် သူ့မူဝါဒများကို ထောက်ခံ အကောင်အထည်ဖော်ပေးနိုင်မည့်သူအဖြစ် ယူဆထား ပုံရသည်။ ကန့်ကွက်မှု အများအပြားရှိနေသည့်ကြားမှ ‘ပိ ဟက်ဆက်’ ကို ကာကွယ်ရေးဝန်ကြီး ခန့်ရန် ရွေးချယ်ခဲ့သည်ကို တွေ့ရသည်။
အထက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၀၊ ကန့်ကွက်မဲ ၅၀ ဖြစ်နေခဲ့သည်။ အဆုံး အဖြတ်မဲအဖြစ် ဒု-သမ္မတ ဂျေဒီ ဗန့်စ်က ထောက်ခံမဲပေးခဲ့၍ ထောက်ခံမဲ ၅၁၊ ကန့်ကွက်မဲ ၅၀ ဖြင့် ဇန်နဝါရီ ၂၄ တွင် ‘ပီ ဟက်ဆက်’ ကို ကာကွယ်ရေးဝန်ကြီး ခန့်ရန် အတည်ပြုခဲ့သည်။ ဇန်နဝါရီ ၂၅ တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆို၍ အမေရိကန် သမ္မတ ထရမ့်၏ ကက်ဘိနက်အဖွဲ့ဝင်ဖြစ်လာခဲ့သည်။
ပိ ဟက်ဆက် (အသက် ၄၅ နှစ်) သည် အမေရိကန်စစ်တပ် “The U.S. Army National Guard” ၌ ဗိုလ်မှူး အဆင့်အထိ စစ်မှုထမ်းခဲ့ဖူးသူ ဖြစ်သည်။ အီရတ်နှင့် အာဖဂန်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန် စစ်တပ်၏ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်မှု ဆုတံဆိပ် လေးခု ရရှိခဲ့သည်။
သူအား အရက်အလွန်အကျွံသောက်သုံးမှုနှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုများဖြင့် စွပ်စွဲခံခဲ့ရဖူးသော်လည်း စစ်ဆေး မေးမြန်းခံရပြီး ဖြေရှင်းနိုင်ခဲ့သည်ဟုဆိုသည်။ ကာကွယ်ရေးဝန်ကြီးအဖြစ် ပင်တဂွန်စစ်ဌာနချုပ်ကို ဦးဆောင်ရေး အတွက် ‘ဟက်ဆက်’ ကို အတွေ့အကြုံကျွမ်းကျင်မှု လိုအပ်ချက်များရှိသေးသည်ဟု ဝေဖန်မှုများရှိခဲ့ပြီး ကန့်ကွက်သူများအနက် ရီပတ်ဘလစ်ကန် ပါတီ အထက်လွှတ်တော်အမတ်များဖြစ်ကြသော မစ်ချ်မက်ကွန်နဲလ်(Mitch McConnell)၊ ဆူဆန် ကောလင်း (Susan Collins) နှင့် လီဆာမူရ်ကောင်စကီး (Lisa Murkowski)တို့ပါဝင်သည်။ ဖော်ပြပါ အားနည်းချက်များကြောင့် အထက်လွှတ်တော် ၌ မဲခွဲဆုံးဖြတ်မှုလုပ်ရာတွင် ၅၀/၅၀ ဖြင့် မတင်မကျအခြေအနေ ရောက်ခဲ့ရသည်။ ဒု-သမ္မတ၏ အဆုံးအဖြတ်မဲဖြင့် အတည်ပြုခံရသဖြင့် အမေရိကန်ပြည်ထောင်စု၏ ၂၉ ယောက်မြောက် ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည် ဟု ဝါရှင်တန် အခြေစိုက် သတင်းစာများက သုံးသပ်ဖော်ပြခဲ့ကြသည်။
‘ပိ ဟက်ဆက်’ ၏ ဘဝနောက်ခံ
‘ပီတာ ဘရိုင်ယန် ဟက်ဆက်’ (Peter Brian Hegseth) ခေါ် ‘ပိ ဟက်ဆက်’ (Pete Hegseth)ကို ၁၉၈၀ ပြည့်နှစ် ဇွန်လ ၆ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ပရင်စတန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ ထိုနှစ်၌ပင် မင်နီဆိုတာ အမျိုးသားကာကွယ်ရေးတပ်တွင် ပြန်တမ်း ဝင် အရာရှိ ဗိုလ်အဆင့်ဖြင့် ခန့်အပ်ခံခဲ့ရသည်။ ဂွမ်တာနာမို ရေတပ် အခြေစိုက် ဌာနချုပ်၌ တာဝန်ကျခဲ့ပြီး ထိုတပ်နှင့် အတူ အီရတ်နှင့် အာဖဂန်တို့၌ စစ်မှုထမ်းခဲ့ရသည်။ ‘ပိ ဟက်ဆက်’သည် အီရတ် ဒုတိယ ပင်လယ်ကွေ့ စစ်ပွဲတွင် ပါဝင်စစ်မှုထမ်းခဲ့ သည်။ စစ်ပွဲအတွင်း ‘ဟက်ဆက်’ စီးလာသောကားပေါ်သို့ အာပီဂျီဗုံးဆန် တိုက်ရိုက် ထိမှန်ခဲ့သော်လည်း ကံကောင်းထောက် မ၍ ကျည်မပေါက်ကွဲဘဲ သေဘေးမှ လွတ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ဗိုလ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရပြီး အာဖဂန်နစ္စတန် နိုင်ငံ ‘ကဘူးမြို့’ ၌ အကြမ်းဖက်မှု တန်ပြန် ခုခံ ကာကွယ် တိုက်ခိုက်ရေး သင်တန်း နည်းပြဆရာအဖြစ် ရှစ်လ ဆောင်ရွက်ခဲ့ သည်။ ၂၀၁၄ ခုနှစ်တွင် ‘ဟက်ဆက်’ အား ဗိုလ်မှူးအဆင့်သို့ ရာထူးတိုးပေးခဲ့သည်။
‘ပိ ဟက်ဆက်’ သည် ကိုလံဘီယာခရိုင် အမျိုးသားလုံခြုံရေးအစောင့်တပ်ဖွဲ့ သို့ ၂၀၁၉ ခုနှစ် ဇွန်လမှ ၂၀၂၁ မတ်လအထိ၊ ပြောင်းရွှေ့တာဝန်ထမ်းရသည်။ ထိုတပ်ဖွဲ့သည် သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်၌ အမှုထမ်းရသည်။ ၂၀၂၁ ဇန်နဝါရီ ၂၀ ရက်နေ့ သမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် ‘ဟက်ဆက်’ အား ရွေး ချယ်ခဲ့သော်လည်း စိတ်မချရသူအဖြစ်ယူဆ၍ တာဝန်ထမ်းဆောင်ခွင့်ပယ်ဖျက်ခံရသည်။ အကြောင်းရင်းမှာ သူ့လက်ရုံး ကြွက်သားပေါ်၌ Deus vult (ဘုရားသခင့် အလိုတော်) ဆိုသည့် လက်တင် ဘာသာ ဆောင်ပုဒ် နှင့် ခရူးဆိတ်စစ်ပွဲတွင် အသုံး ပြုသည့် ခရစ်ယာန်ဘာသာဝင်တို့၏ ဂျေရှု ကြက်ခြေ အမှတ်အသားကို တက်တူးထိုးထားသောကြောင့်ဖြစ်သည်။
၂၁-ရာစုတွင် ထိုဆောင်ပုဒ်နှင့်ကြက်ခြေသည် လက်ယာစွန်းခရစ်ယာန် အမျိုးသားရေးလှုပ်ရှားမှုများတွင် အသုံးပြုခဲ့သည်ဟု ဆိုသည်။ အလယ်ခေတ် ခရစ်ယာန်သမိုင်းလေ့လာသူပညာရှင်များက အန္တရာယ်ရှိသည့် ဆောင်ပုဒ် အဖြစ်သတ်မှတ်ထားသည်။ ထိုတက်တူးကြောင့် ‘ဟက်ဆက်’ ကို အန္တရာယ်ရှိသူဟု ဆိုကာ သမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် တာဝန် ထမ်းခွင့် မပြုခဲ့ဟုဆိုသည်။ ထိုတပ်ဖွဲ့မှ ၂၀၂၄ ဇန်နဝါရီတွင် ‘ဟက်ဆက်’ နုတ်ထွက်ခဲ့သည်။ သူ၏ စာအုပ် The War on Warriors (2024)တွင် အဆိုပါ တက်တူးပြဿနာကြောင့် တပ်ဖွဲ့မှ နုတ်ထွက်ခဲ့သည်ဟု ဖော်ပြထားသည်။
ထိုစာအုပ်၌ အမေရိကန်ပြည်ထောင်စု တပ်မတော်၏ လူမျိုး၊ အသားအရောင်၊ လိင်ခွဲခြားမှု ဆန့်ကျင်သော မူဝါဒများကို အလေးထားလွန်းခြင်းအတွက် ‘ပိ ဟက်ဆက်’ က ဝေဖန်ရေးသားထားသည်။ အမျိုးသား လုံခြုံရေးတပ်ဖွဲ့တွင် သူ အမှုထမ်း ခဲ့စဉ်က အမေရိကန်သည် စစ်ပွဲများကို ရင်ဆိုင်နေရသဖြင့် LGBTQ များ စစ်တပ်တွင် တာဝန်ထမ်းဆောင်ခြင်းကို လက်ခံ ကြောင်း ရေးခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် LGBTQ များကို စစ်မှုထမ်းခွင့် ပေးခြင်းသည် အသိဉာဏ်နုံနဲ့ ရာကျသည်။ အများပြည်သူ၏ လေးစားယုံကြည်မှုကို ဆန့်ကျင်ရာရောက်သည်ဟု ‘ဟက်ဆက်’က ဝေဖန်ခဲ့သည်။ သူ၏ စာအုပ် တွင် အမေရိကန် ဗိုလ်ချုပ်များနှင့် ခေါင်းဆောင်များအား အမျိုးအစား စုံလင်မှု၊ တန်းတူရည်တူဖြစ်မှုနှင့် အားလုံးပါဝင်ခွင့်ရှိမှု စသည့် diversity, equity, and inclusion (DEI) မူဝါဒများကို မြှင့်တင်ပေးခြင်းအတွက်လည်း ‘ပိ ဟက်ဆက်’ က ဝေဖန် ရေးသားခဲ့သည်။ အထူးသဖြင့် လူမျိုးရေး၊ လိင်နှင့် အသားအရောင်ခွဲခြားမှုများကို ဆန့်ကျင်သည့် “woke”လှုပ်ရှားမှု အယူအဆ များကို ပင်တဂွန်စစ်ဌာနချုပ်က အလေး ဂရုထားလာမှုကိုလည်း သူ့စာအုပ်၌ ဝေဖန်ရေးသားထားသည်။
‘ပိ ဟက်ဆက်’ သည် သူ၏ စစ်မှုထမ်း အတွေ့အကြုံများကို အခြေခံ၍ စာအုပ်အချို့ ရေးသားထုတ်ဝေခဲ့သည်။ သူ၏ “American Crusade (2020)”၊ “Modern Warriors”၊ “Battle for the American Mind”၊ “The War on Warriors (2024).” ဆိုသော စာအုပ်များသည် နယူးယော့ခ်တိုင်းမ် သတင်းစာ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင် စာအုပ်များ ဖြစ်သည်။
Fox News’ သတင်းစီစဉ်တင်ဆက်သူ ‘ပိ ဟက်ဆက်’

ထို့နောက် (Vets for Freedom) နှင့် (Concerned Veterans for America) ဆိုသည့် ‘အီရတ်-အာဖဂန် စစ်မှုထမ်း ဟောင်း များအဖွဲ့ ‘တို့၌ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ထို စစ်မှုထမ်းဟောင်း အဖွဲ့များသည် ၂၀၀၆ ခုနှစ်တွင် ဖွဲ့ စည်းခဲ့ပြီး ရီပတ်ဘလစ်ကန်ပါတီ ထိပ်ပိုင်း ခေါင်း ဆောင်များနှင့် ဆက်စပ် ပတ်သက်သည်ဟု ဆိုသည်။ ‘ဟက်ဆက်’သည် ၂၀၁၄ တွင် ‘Fox News’ သတင်းစီစဉ်တင်ဆက်သူ ဖြစ်လာခဲ့သည်။ ၂၀၁၆ တွင် သမ္မတ ထရမ့် ၏ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးလှုပ်ရှားမှုကို ထောက်ခံပါဝင်ခဲ့သည်။ ထို့နောက် သမ္မတ ထရမ့်၏ အကြံပေးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ ၂၀၁၇ မှ ၂၀၂၄ အတွင်း ‘Fox & Friends Weekend’ အပတ်စဉ် သတင်း ဝေဖန်သုံးသပ်သည့် အစီအစဉ် တွင် ပုံမှန် သတင်း စီစဉ်တင်ဆက်သူအဖြစ် ပူးတွဲတာဝန် ထမ်းခဲ့သည်။
၂၀၂၀ သမ္မတ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် သက်သေခိုင်လုံမှု မရှိသော မဲလိမ်မှုများအကြောင်း ထရမ့်က အရေးဆို ကန့်ကွက်မှုများလုပ်ခဲ့သည်။ ထရမ့်၏ အရေးဆိုမှုများကို ‘ဟက်ဆက်’ က သူ၏ သတင်း ဝေဖန် သုံးသပ်ခန်း တွင် အားပေး ထောက်ခံမှုများလုပ်ခဲ့သည်။
‘ပိ ဟက်ဆက်’ ၏ နိုင်ငံရေး ရပ်တည်ချက်များ
အမေရိကန်ပြည်ထောင်စု၏ ၂၉ ယောက်မြောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ‘ပိ ဟက်ဆက်’ သည် ‘လက်ယာစွန်း ခရစ်ယာန်အမျိုးသားရေးဝါဒ ထောက်ခံသူ’ အဖြစ် လူသိများသည်။ ‘ရှေးရိုးစွဲအစဉ်အလာအယူဝါဒ လိုလားသူလက်ယာ ဂိုဏ်း သား’ ဟုလည်း ဆိုကြသည်။ ၂၀၂၀ ခုနှစ်က ‘ပိ ဟက်ဆက်’ ရေးသည့် “အမေရိကန် ခရူးဆိတ်စစ်ပွဲ၊ လွတ်စွာနေထိုင်ရေး အတွက် ကျွန်ုပ်တို့၏ တိုက်ပွဲ” (American Crusade: Our Fight to Stay Free)ဆိုသည့် စာအုပ်၌ “အမေရိကန်တွင် ဖြစ် ပွားနေသော လက်ဝဲနှင့် လက်ယာ နိုင်ငံရေးသဘောကွဲလွဲမှုသည် အဆုံးမရှိသော ပဋိပက္ခဖြစ်သဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း၍ ရနိုင်ဖွယ်မရှိ” ဟု ရေးသားထားသည်။
ထိုစာအုပ်တွင် သူက အမေရိကန်၌ ခရူးဆိတ်စစ်ပွဲ တစ်ပွဲဆင်နွှဲရန် တောင်းဆိုထားသည်။ ‘ဟက်ဆက်’ ၏ အဆိုအရ လူသား တို့၏ လွတ်လပ်ခွင့်အတွက် မွန်မြတ်မှန်ကန်သော အကြောင်းခံဖြင့် မြင့်မြတ်သော စစ်ပွဲတစ်ပွဲ ဆင်နွှဲရမည်ဟု ဆိုသည်။ သူ့ အဆိုအရ “အမေရိကန် ပဓာနဝါဒ”(Americanism) အတွက် စစ်ပွဲဆင်နွှဲရမည် ဖြစ်သည်။ “ကျား-မ တန်းတူရေးမူဝါဒ” (feminism)၊ “ကမ္ဘာမှုပြုရေးဝါဒ” (globalism) တို့ကို ဆန့်ကျင်ရမည်။ “ကွန်မြူနစ်ဝါဒ” နှင့် “လစ်ဘရယ်ဝါဒ” တို့ကိုလည်း ဆန့်ကျင်ရမည်။ ထိုနိုင်ငံရေးအယူဝါဒများကို ဆန့်ကျင်တိုက်ဖျက်နိုင်မှသာ “အမေရိကန် ပဓာနဝါဒ”ရှင်သန်နိုင်မည်။ မတိုက်ဖျက်နိုင်ပါက “အမေရိကန်ပဓာနဝါဒ”ကျဆုံးလိမ့်မည်ဟု ‘ဟက်ဆက်’ က ဆိုသည်။
ရုရှား၏ ယူကရိန်းကျူးကျော်မှု
၂၀၂၂ ခုနစ် ဖေဖော်ဝါရီ ၂၄ တွင် ရုရှားက ယူကရိန်းအားကျူးကျော်တိုက်ခိုက်သောအခါ ‘ပိ ဟက်ဆက်’ က ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား စစ်ရာဇဝတ်ကောင်ဟု ခေါ်ဆိုခဲ့သည်။
“လတ်တလော အန္တရာယ်တွေ့နေရတာက အာဏာရှင်ပူတင်ကို ဘယ်လိုဖယ်ရှားကြမလဲဆိုတာပဲ။ ပူတင်က ဆိုဗီယက် ယူနီယန်ခေတ်ကို ပြန်ပြီးထူထောင်ချင်နေတယ်။ ယူကရိန်းကို သူပိုင်အဖြစ် သိမ်းယူချင်နေတယ်။ ကိဗ်မြို့ (Kyiv) ကို ပြန်လိုချင်နေတယ်။” စသည်ဖြင့် ‘ဟက်ဆက်’ က ဝေဖန်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုက ယူကရိန်းအား စစ်ရေး အကူအညီပေးမှုကိုလည်း ပူတင် က ဆန့်ကျင်ဝေဖန်ခဲ့သည်ဟု ‘ဟက်ဆက်’ က ဆိုသည်။
နောက်ပိုင်း၌ ယူကရိန်းကျူးကျော်မှုသည် ပြောပလောက်အောင် အရေးပါသော ပြဿနာမဟုတ်ဟု ‘ဟက်ဆက်’ က Fox News မှ သတင်းတင်ဆက်သူ ဖော့ကနာ (Harris Faulkner)နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ အမေရိကန် က ယူကရိန်းသို့ စစ်ရေးအကူအညီပေးခြင်းကိုလည်း သဘောမတူကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ ရှေ့နောက် စကားမညီသော ‘ဟက်ဆက်’၏ အမြင်သဘောထားဖြစ်နေသည်။
နေတိုးဌာနချုပ်တွင် ‘ယူကရိန်းကာကွယ်ရေးဆိုင်ရာဆက်သွယ်ပြောဆိုရေးအုပ်စု’ အစည်းအဝေး တစ်ခုတွင် ‘ဟက်ဆက်’ က ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့ဝင်ဖြစ်ရေးကိစ္စကို သူ့အနေဖြင့် မထောက်ခံဟု ပြောခဲ့သည်။ ကရိုင်းမီးယားစစ်ပွဲ အပြီးတွင် ရုရှားက သိမ်းယူထားသော နယ်မြေများပြန်ရရှိရေး တောင်းဆိုမှုမှာလည်း လက်တွေ့မကျဟု ‘ဟက်ဆက်’ က ဝေဖန်ခဲ့ဖူး သည်။ သို့သော် နောက်တရက်တွင် ‘ဟက်ဆက်’ က အကယ်၍ ထရမ့်က သဘောတူကြောင်း ဆုံးဖြတ်ချက် ပေးခဲ့လျှင်မူ ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့ဝင်ဖြစ်လာနိုင်သည်ဟု လေသံလျှော့ကာ ပြောခဲ့သည်ဟု ဆိုသည်။
“ဒီမိုကရေစီဝါဒသည် လက်ဝဲနိုင်ငံရေးပါတီများ၏ တောင်းဆိုချက်ဖြစ်သည်”
၂၀၂၄ မေလအတွင်း ပြုလုပ်သည့် ပညာရေးနှင့်ပတ်သက်သော အင်တာဗျူးတခုတွင် ‘ပိ ဟက်ဆက်’ က “ဒီမိုကရေစီ… ဒီမိုကရေစီ….ဒီမိုကရေစီကို ကာကွယ်ကြရမယ်လို့ ပြောနေကြတယ်။ အမေရိကန်ပြည်ထောင်စုကို ထူထောင်သွားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေက ကျွန်တော်တို့ အတွက် ဘာကို စိုးရိမ်တယ်လို့ ထင်သလဲ? ဒီမိုကရေစီနိုင်ငံ ဖြစ်သွားမှာကို စိုးရိမ်ခဲ့ကြတာဖြစ်တယ်” စသည်ဖြင့် ပြောကြားခဲ့ဖူးသည်။ ‘ပိ ဟက်ဆက်’သည် ဒီမိုကရေစီဝါဒကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကန့်ကွက်ကြောင်း သူ့စာအုပ်များတွင် ရေးသားဖော်ပြခဲ့သူဖြစ်သည်။ ဒီမိုကရေစီဝါဒသည် လက်ဝဲနိုင်ငံရေးပါတီများ၏ တောင်းဆိုချက်ဖြစ်သည်ဟု ‘ပိ ဟက်ဆက်’ က ဆိုသည်။ ထို့အပြင် မဲဆန္ဒနယ်မြေ ပိုင်းခြား ကန့်သတ်မှု လုပ်ခြင်းဖြင့် ဒီမိုကရက်ပါတီအား ထိန်းချုပ်ထားရေး မူဝါဒကို သူ့အနေဖြင့် ထောက်ခံကြောင်းလည်း ဖော်ပြပြောဆိုခဲ့သည်။
အကယ်၍သာ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီ အနိုင်ရခဲ့ပါက အမေရိကန်နိုင်ငံ နှစ်ခြမ်း ကွဲသွားနိုင်ဖွယ်ရှိ သည်ဟု ‘ပိ ဟက်ဆက်’ က ဆိုသည်။ သို့ဖြစ်ခဲ့လျှင် အမေရိကန်စစ်တပ်များနှင့် ပုလိပ်တပ်ဖွဲ့များ အနေဖြင့် မဖြစ်မနေ ဘက်ရွေးကြရဖွယ်ရှိပြီး ပြည်တွင်းစစ် ဖြစ်လာနိုင်စရာရှိသည်ဟု ‘ပိ ဟက်ဆက်’ က ဆိုသည်။ စစ်ဖြစ်ခဲ့လျှင် ရှေးအစဉ် အလာဝါဒကို လက်ခံသော ကွန်ဆာဗေးတစ်များအနေဖြင့် လက်ဝဲဝါဒီ အတိုက်အခံများအား လက်ဦးမှုရှိရှိ တိုက်ခိုက်ကြရ ပေလိမ့်မည်။ လက်ဝဲအတိုက်အခံများကို နိုင်ငံတော်ကို သစ္စာဖောက်ဖျက်သူများဟုလည်း ‘ဟက်ဆက်’ က သတ်မှတ်လိုက် သေးသည်။

‘ဟက်ဆက်’ က ‘လစ်ဘရယ်’ နှင့် ‘ဒီမိုကရက်’ နိုင်ငံရေးအတိုက်အခံများအား လွတ်လပ်ရေး၏ ရန်သူများဟု လည်းကောင်း၊ အမေရိကန်ပြည်ထောင်စု၏ ရန်သူများဟုလည်းကောင်း၊ အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရန်သူများဟု လည်း ကောင်း တံဆိပ်ကပ် ပြောဆိုခဲ့သည်။ ကမ္ဘာမှုပြုရေးဝါဒ (globalism)၊ ဆိုရှယ်လစ်ဝါဒ (socialism)၊ ဘာသာရေးကင်းသည့် နိုင်ငံရေးဝါဒ (secularism)၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဝါဒ (environmentalism)၊ အစ္စလာမ်အယူဝါဒ (Islamism)၊ လိင်ပဓာနပြုမှုဝါဒ (genderism) နှင့် လက်ဝဲနိုင်ငံရေးဝါဒ (leftism) စသည်များ ချုပ်ငြိမ်းသွားမှသာလျှင် အမေရိကန်နိုင်ငံ အောင်ပွဲခံနိုင်မည် ဖြစ်သည်ဟု ‘ပိ ဟက်ဆက်’ က ဆိုသည်။
‘ဟက်ဆက်’ က သူ့အနေဖြင့် အမေရိကန်အမျိုးသားရေးဝါဒ(American nationalism) ကို ထောက်ခံ ရပ်တည် သွားမည် ဖြစ်ကြောင်း ထုတ်ဖော်ကြေညာထားသည်။ သို့ဖြစ်၍ အမေရိကန်နိုင်ငံအနေဖြင့် နယ်နိမိတ်ပိုင်နက်ကို တံတိုင်း တည်ဆောက် ကာရံသွားရမည်ဖြစ်သည်။ အခွန်အကောက်များတိုးမြှင့် ကောက်ခံသွားရမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာစကားကို အဓိက သင်ယူကြရမည်။ အမေရိကန်ကို တိုက်ခိုက်လာလျှင် ပြန်လည်တိုက်ခိုက်ကြရမည် စသည်ဖြင့် ‘ပိ ဟက်ဆက်’ က သူ့ ခံယူချက်များကို အတိအလင်း ပြောဆိုထားသည်ကို တွေ့ရသည်။
“မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့” ခေါ် NATO အပေါ် ‘ပိ ဟက်ဆက်’ ၏ သဘောထား
“မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့” ခေါ် ‘နေတိုး’ (North Atlantic Treaty Organization၊ – NATO) အဖွဲ့ နှင့် စပ်လျဉ်း၍ ‘ပိ ဟက်ဆက်’ က ခပ်ပြင်းပြင်း ဝေဖန်ပြောကြားခဲ့သည်များ ရှိခဲ့သည်။
“နေတိုးအဖွဲ့ဟာ ခေတ်နောက်ကျ ကျန်ရစ်တယ်။ လက်နက်တပ်ဆင်မှုလည်း မပြည့်စုံဘူး။ ကျူးကျော် ထိပါးတာလည်း ခံရ တယ်။ အင်အားမရှိ ချည့်နဲ့နေတယ်။ လွန်ခဲ့တဲ့ ရာစုနှစ် တစ်လျှောက်လုံး ကိုယ်ပြောတာပဲ အမှန် ကိုယ်ပဲ အရေးပါတယ်လို့ ထင်နေတဲ့ နိုင်ငံတွေက အရေးပေါ် ဖုန်းလိုင်းဆက်သွယ်ပြီး ပြောသမျှကို အမေရိကန်က ဘာကြောင့်များ နားထောင်နေခဲ့ပါလိမ့်။ ပြီးတော့ ခေတ်မမီတော့ဘဲ တစ်ဖက်သတ် ချုပ်ဆိုထားတဲ့ ကာကွယ်ရေး စာချုပ်တွေကို သူတို့ကိုယ်တိုင် မလိုက်နာဘဲနဲ့ အမေရိကန်ကို လိုက်နာခိုင်းနေတယ်။ နောက်ရှိသေးတယ်။ နေတိုး အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ကာကွယ်ရေး စရိတ်တွေ ကို သူတို့ကိုယ်တိုင် အမှန်တကယ်ကျခံသင့်ပေမယ့် သူတို့ မကျခံခဲ့ ကြဘူး။ သူတို့ဘာလုပ်ကြသလဲဆိုတော့ စည်းမျဉ်းတွေ ကိုပဲ ရေးကြီး ခွင့်ကျယ် အော်ဟစ်ပြောဆိုနေကြတယ်။ ပြီးတော့ သူတို့တပ်အင်အားတွေကို လျှော့ချပြီး အမေရိကန်ကိုပဲ အော်ဟစ်အကူအညီတောင်းနေကြတယ်” ဟု ‘ပိ ဟက်ဆက်’ က နေတိုးနိုင်ငံများအား တိတိလင်းလင်း ဝေဖန်ထား သည်။
“အမေရိကန်စစ်ရေးကိစ္စတွေမှာတော့ နေတိုးအဖွဲ့က မဟာမိတ်မဟုတ်ပြန်ဘူး။ နေတိုးအဖွဲ့က ဥရောပ အတွက် ဖွဲ့ထားတဲ့ ကာကွယ်ရေးအစီအမံပဲ ဖြစ်နေတယ်။ ဒါပေမဲ့ ကုန်ကျတဲ့ စရိတ်တွေကျတော့ အမေရိကန်ကပဲ တာဝန်ယူ နေရပြန်တယ်။ ဒါကြောင့် အရင်သဘောတူထားတာတွေကို ပြန်ဆွေးနွေးညှိနှိုင်း ပြင်ဆင်ပြောင်းလဲဖို့လိုတယ်။ ဒါမှသာ လွတ်လပ်ပြီး စစ်မှန်တဲ့ ကာကွယ်ရေးအစီအမံဖြစ်လာနိုင်တယ်” ဟုလည်း ‘ဟက်ဆက်’ က ဝေဖန်ခဲ့သည်။
ထို့အပြင် တူရကီနိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်လာခြင်းနှင့်ပတ်သက်၍လည်း တူရကီ ‘သမ္မတအာဒိုဂန်’ ကို ‘ဟက်ဆက်’က ဝေဖန် ထားသည်။
“တူရကီ သမ္မတက ‘အော်တိုမန်အင်ပါရာ’ ပြန်ပြီးထူထောင်ချင်တဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ နေတိုးအဖွဲ့ ထဲ ဝင်လာတာဖြစ်တယ်။ ‘သမ္မတ အာဒိုဂန်’ က အစ္စလာမ်ဘာသာဝင်ဖြစ်တယ်။ သူ့စိတ်ကူးက အရှေ့ အလယ်ပိုင်း ဒေသ အတွက် အစ္စလာမ်အမြင်သဘောထား စိတ်ကူးတွေကို အကောင်အထည်ဖော်ချင်တာဖြစ်တယ်” ဟု ဝေဖန်ခဲ့သည်။
‘ပိ ဟက်ဆက်’၏ အခြား အမြင်သဘောထားအချို့
‘ပိ ဟက်ဆက်’က အီရန်အစိုးရကို “မိစ္ဆာအစိုးရ” ဟု သုံးနှုန်းခေါ်ဆိုခဲ့သည်။ ၂၀၂၀ ဇန်နဝါရီလတွင် သမ္မတ ထရမ့်က အီရန် ဗိုလ်ချုပ်ကြီး ကာဆင်ဆူလေမန် (Qasem Soleimani)ကို သတ်ဖြတ်ရန်ဆုံးဖြတ်ခဲ့စဉ်က ‘ပိ ဟက်ဆက်’ က အပြည့် အဝ ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၂၀၂၀ ဇန်နဝါရီမှာပင် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ ယဉ်ကျေးမှု အမွေ အနှစ်များ တည်ရှိရာ နေရာများကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့စဉ်က ‘ဟက်ဆက်’ က ထောက်ခံ ခဲ့ဖူးသည်။ ထိုစဉ်က အီရန်နယ်မြေအတွင်း ဗုံးကြဲတိုက်ခိုက်ရန်နှင့် ယဉ်ကျေးမှုအဆောက်အအုံများအတွင်း စစ်လက်နက်သိုလှောင်ထား ပါကလည်း ဗုံးကြဲတိုက်ခိုက်ရန် ‘သမ္မတ ထရမ့်’ အား ‘ပိ ဟက်ဆက်’ က တိုက်တွန်း အားပေးခဲ့သည်။
ထို့အပြင် ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ် ‘တွမ် ကော့တန်’(Tom Cotton) က နိုင်ငံအနှံ့ ဖြစ်ပွား နေသော လူထုဆန္ဒပြပွဲများကို ဖြိုခွဲရန် စစ်တပ်ကို အသုံးပြုသင့်သည်ဟု ‘နယူးယော့ခ်တိုင်းမ်’ တွင် သဘောထားအမြင် ဆောင်းပါး ရေးသားခဲ့စဉ်က ယင်းသဘောထားကို ‘ပိ ဟက်ဆက်’ က အားပေးထောက်ခံခဲ့သည်။ ထိုအမြင် သဘောထား ကို လုပ်ရိုးလုပ်စဉ်အနေဖြင့် လုပ်သင့်လုပ်ထိုက်သည့် မူဝါဒဟု ‘ပိ ဟက်ဆက်’ ကဆိုခဲ့သဖြင့် ပင်တဂွန်စစ်ဌာနချုပ်မှ စစ်အရာရှိ အချို့က မသင့်လျော် ဟု မှတ်ချက်ပြုကြသည်။ အရပ်ဘက် လူထုလှုပ်ရှားမှုကို စစ်တပ်က အင်အားသုံး နှိမ်နင်းမည်ဆိုပါက စိုးရိမ်စရာ ဖြစ်ရပ်များ ဖြစ်လာနိုင်သည်ဟု ဝေဖန်ခဲ့ကြသည်။
၂၀၁၉ မတ်လတွင် အစ္စရေးဝန်ကြီးချုပ်ရာထူးခန့်အပ်ရေး ကိစ္စပေါ်ပေါက်စဉ်က ‘နေတန်ယာဟု’ မှာ လိမ်လည်မှု လာဘ်စားမှုတို့ ဖြင့်အရေးယူခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ထိုအချိန်၌ ‘ဘင်ဂျမင် နေတန်ယာဟု’သည် အမေရိကန်ပြည်ထောင်စု၏ ဂုဏ်ထူးဆောင်မိတ်ဆွေဖြစ်သည်ဟု ဖော်ညွှန်းထားသည့် ဗီဒီယိုထုတ်လွှင့်မှုကို ‘ပိ ဟက်ဆက်’ က မီဒီယာတွင် တင်ပေးခဲ့ခြင်းဖြင့် ‘နေတန်ယာဟု’ ကို ထောက်ခံပေးခဲ့သည်။
ကွန်မြူနစ်တရုတ်ပြည်က အမေရိကန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်နေသည့် လူမှုအသိုက်အဝန်းကို ဖျက်သိမ်းပစ်ရန် လိုလားနေ သည်ဟု ‘ပိ ဟက်ဆက်’ က ၂၀၂၀ မေလတွင် ပြောဆိုဖူးသည်။ နောက်ပိုင်းတွင် တရုတ်နိုင်ငံက အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်ချေမှုန်းရန် အထူးဝါယမစိုက်ထုတ်ကာ စစ်အင်အားတိုးချဲ့ထူထောင်နေသည်ဟု ‘ပိ ဟက်ဆက်’ က ပြောခဲ့သည်။
နိဂုံးချုပ်ရလျှင် သမ္မတ ထရမ့်အစိုးရအဖွဲ့၏ “အမေရိကန်ပထမ” လမ်းစဉ်အရ ‘နယ်မြေချဲ့ထွင်ရေးမူဝါဒ’ (Expansionism) သို့မဟုတ် ‘ကိုလိုနီနယ်မြေတိုးချဲ့ ရေးမူဝါဒ’ (Imperialism) ဖြင့် စီမံကိန်းအကောင်အထည်ဖော်ရာတွင် ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ သည် အားကိုးအားထားပြုလောက်သူ၊ ယုံကြည်စိတ်ချရလောက်သူ ဖြစ်သည်ဟု ယုံကြည်ထားပုံရသည်။ အမေရိကန် ရွှေခေတ် ပြန်ဖြစ် ရေး (Make America Great Again – MAGA) ကြွေးကြော်သံဖြင့် အမေရိကန် အကျိုးစီးပွား ပဓာန၊ အမေရိကန် အမျိုးသားရေးသည် ပထမ၊ အမေရိကန် ရွှေခေတ် ပြန်ရောက်ပြီ အစရှိသော ကြွေးကြော်သံတို့ဖြင့် သမ္မတ ဒေါ်နယ်ထရမ့်၏ စိတ်ကူးအိပ်မက်ကို ဖော်ရာတွင် “လက်ယာစွန်း ခရစ်ယာန် အမျိုးသားရေး ဝါဒီ” နှင့် “အမျိုးအစားစုံလင်မှု၊ တန်းတူရည်တူ ဖြစ်မှုနှင့် အားလုံးပါဝင်ခွင့်ရှိမှု (DEI) မူဝါဒ” ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူ ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ (Pete Hegseth) လုပ်ရည်ကိုင်ရည်ကို သမ္မတ ထရမ့် နှင့်အတူ စောင့်ကြည့်ကြရမည် ဖြစ်ပေသည်။
ကိုးကား
(၁) Pete Hegseth, Wikipedia.
(၂) Political positions of Pete Hegseth, Wikipedia.
(၃) Foreign policy of the second Donald Trump administration, Wikipedia

