ဘရာဇီးရဲ့ တရားရေး လုပ်ပိုင်ခွင့်ကို ဝင်နှောက့်ယှက်တဲ့ အမေရိကန် ထင်သလိုဖြစ်ရဲ့လား
စစ်အေးကာလ ပြီးဆုံးသွားကတည်းက အမေရိကန်ပြည်ထောင်စုက လက်တင်အမေရိက နိုင်ငံတစ်ခုအပေါ်မှာ ဒီလောက် နက်နက်ရှိုင်းရှိုင်း ဝင်ရောက် စွက်ဖက်တာမျိုးကို တွေ့ရမြင်ရ ခဲပါတယ်။ သမ္မတ ဒေါ်နယ်ထရန့်က ဘရာဇီးနိုင်ငံက သွင်းကုန် တွေအပေါ်မှာ အခွန် ၅၀ ရာနှုန်း ကောက်ခံတော့မယ်လို့ ဇူလိုင် ၉ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဘရာဇီး သမ္မတဟောင်း လက်ယာစွန်းဝါဒီ ဘော်လ်ဆိုနာရို (Jair Bolsonaro) ကိုလည်း အပြစ်ရှာ နှိပ်ကွပ်နေတယ်လို့ မှတ်ချက် ပြုပါသေးတယ်။ သမ္မတဟောင်း ဘော်လ်ဆိုနာရို ဟာ အာဏာသိမ်းရန် ကြံစည်မှု စွပ်စွဲချက်နဲ့ မကြာခင် တရားရုံးမှာ အမှုရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဘော်လ်ဆိုနာရို ကတော့ ဒီစွတ်စွဲချက်ဟာ မဟုတ်မမှန် လုပ်ကြံစွပ်စွဲချက် ဖြစ်တယ် လို့ ငြင်းဆိုထားပါတယ်။ အမေရိကန် အစိုးရရဲ့ ကုန်သွယ်ရေး ကိုယ်စားလှယ် Jamieson Greer ဟာ ဘရာဇီး နိုင်ငံရဲ့ ကုန်သွယ်ရေး လုပ်ထုံးလုပ်နည်းတွေကို ဇူလိုင် ၁၅ ရက်နေ့မှာ စတင်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ သမ္မတဟောင်း ဘော်လ်ဆိုနာရို အမှုကို ကြားနာစစ်ဆေးနေတဲ့ ဘရာဇီး တရားရုံးချုပ်ရဲ့ တရားသူကြီးတွေနဲ့ အခြားအရာရှိတွေရဲ့ ပြည်ဝင်ခွင့် ဗီဇာကို အမေရိကန် အစိုးရက ဇူလိုင် ၁၈ ရက်နေ့က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယို ကတော့ Global Magnitsky Act ဥပဒေကို အသုံးပြုပြီး လူသိများ ထင်ရှားတဲ့ တရားသူကြီး အလက်ဇန်းဒါး ဒီ မိုရေးစ် (Alexandre de Moraes) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ချင်တယ်လို့ ထုတ်ဖော်ပြောပါတယ်။ တကယ်တော့ ဒီဥပဒေဟာ အာဏာရှင်တွေ စစ်ဘုရင်တွေ အပေါ်မှာသာ သုံးလေ့သုံးထ ရှိတာပါ။
ဒေါ်နယ်ထရမ့်နဲ့ လက်ရှိ ဘရာဇီး သမ္မတ လူဇ် အင်ကာစီယို လူလာ ဒ ဆဲလ်ဗား (Luiz Inácio Lula da Silva) တို့ဟာ သဘောတရားရေး အတွေးအမြင် မတူခြားနားသည့် ရန်သူတွေပါ။ တရားသူကြီး မိုရေးစ် ထုတ်လွှင့်ခဲ့တဲ့ အွန်လိုင်းပေါ်က သတင်းမှား တွေကို သမ္မတ ထရမ့်ရဲ့ မဟာမိတ်တွေက ကန့်ကွက်ရှုတ်ချနေခဲ့တာပါ။ ဒါပေမဲ့ ထရန့်ရဲ့ တိုက်ခိုက်မှုကတော့ ဘရာဇီးက လက်ခံကျင်းပတဲ့ BRICS ထိပ်သီး အစည်းအဝေးကြောင့် ဖြစ်ပုံရပါတယ်။ BRICS ဆိုတာက အမေရိကန် ဒေါ်လာကြီးစိုးမှုကို အန်တုဖို့ ပေါင်းစု ဖွဲ့စည်းထားတဲ့ စီးပွားရေးဖွံ့ဖြိုး အားကောင်းလာနေတဲ့ နိုင်ငံများ အုပ်စုပါ။ BRICS ထိပ်သီး အစည်းအဝေး ကို ဇူလိုင် ၆ ရက်နဲ့ ၇ ရက်မှာ ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။ ဘရာဇီး သမ္မတ လူလာ ကတော့ သမ္မတ ထရန့်ရဲ့ လုပ်ရပ်ကို လက်ခံနိုင်စရာ မရှိတဲ့ ခြိမ်းခြောက်အကျပ်ကိုင်မှု နဲ့ ဘရာဇီးရဲ့ အချုပ်အခြာ အာဏာကို ထိပါး တိုက်ခိုက်မှုအဖြစ် ပြောဆိုလိုက်ပါတယ်။ သူက အမေရိကန် နည်းပညာ ကုမ္ပဏီတွေ ကိုလည်း အခွန် စတင် ကောက်ခံ တော့မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ လက်ယာယိမ်း ပါတီတွေ ထိန်းချုပ်ထားတဲ့ ဘရာဇီးရဲ့ ကွန်ဂရက် လွှတ်တော် ကတော့ သူတို့ သမ္မတ လူလာ ရဲ့ ဘေးမှာ စုစည်းဝန်းရံခဲ့ကြပြီး အခွန်အတုတ်တွေနဲ့ တုံ့ပြန် အရေးယူဖို့ ဝိုင်းဝန်း စဉ်းစား နေကြပါတယ်။

သမ္မတ လူလာ ကတော့ သမ္မတဟောင်း ဘော်လ်ဆိုနာရို နဲ့ သူ့သား ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ် အက်ဝါဒို (Eduardo) တို့အပေါ် အမျက်ထွက်နေပါတယ်။ အက်ဝါဒို ဟာ မတ်လထဲတုန်းက သူ့အလုပ်က ခွင့်ယူပြီး တက္ကဆက် ပြည်နယ်ကို ထွက်သွားပါတယ်။ အဲဒီမှာ ရီပတ်ဗလီကင် ကွန်ဂရက်လွှတ်တော် အမတ်တွေကို ချဉ်းကပ်ပြီး တရားသူကြီး မိုရေးစ် အပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ တိုက်တွန်းရင်း လော်ဘီ လုပ်နေတယ်။ လူလာ ကတော့ သူတို့ကို သစ္စာဖောက်တွေလို့ ကင်ပွန်းတပ်ပြီး ဒီလူတွေ သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေနဲ့ အရှက်ရကြမှာပါ။ ဒို့ တိုင်းပြည်ကတော့ အေးအေးချမ်းချမ်းပါပဲလို့ ဇူလိုင် ၁၆ ရက်နေ့က မိန့်ခွန်းတစ်ခုမှာ ပြောခဲ့ပါတယ်။ အက်ဝါဒို ကတော့ ရှက်ဖို့အသာထား သူအိမ်ဖြူတော်အထိ ဘယ်လောက်ပေါက်ရောက်ကြောင်းတောင် ထုတ်ကြွားနေပါသေးတယ်။
တရားသူကြီး မိုရေးစ် ရဲ့ ပြည်ဝင်ခွင့် ဗီဇာ ရုပ်သိမ်းခံရပြီး အက်ဝါဒို က X လူမှုကွန်ရက်မှာ ဒီလို တင်ထား ပါတယ်။ “ကျွန်တော်တော့ ကျွန်တော့် အဖေနဲ့ မတွေ့နိုင်တော့ဘူးပေါ့။ အမေရိကန်မှာရှိတဲ့ သူတို့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရတော့တဲ့ အခြားဘရာဇီး အရာရှိတွေလည်း အများကြီး ရှိပါသေးတယ်”

ဘရာဇီးနိုင်ငံမှာ တန်ခိုးအရှိန်အဝါ ကြီးမားလှတဲ့ တရားရုံးချုပ်ဟာ ခပ်ကြမ်းကြမ်း တုံ့ပြန်လာပါတယ်။ သမ္မတဟောင်း ဘော်လ်ဆိုနာရိုကို သူသွားလေရာကို ထောက်လှမ်းသိရှိနေနိုင်တဲ့ အီလက်ထရွန်နစ် ခြေကျင်း (electronic ankle monitor) ကို ဝတ်ခိုင်းထားပြီး ညအချိန်နဲ့ စနေ တနင်္ဂနွေ ရက်တွေမှာ အိမ်ပြင်မထွက်ရ၊ နိုင်ငံခြားသားတွေနဲ့ စကားမပြောရ၊ အင်တာမဗျူးရဆိုတဲ့ အမိန့်တွေထုတ်ပြီး ပိတ်ပင်လိုက်တယ်။ ဇူလိုင် ၁၉ ရက်မှာ အက်ဝါဒိုပိုင် ငွေကြေး ဥစ္စာ ပစ္စည်းတွေကို မရွှေ့ပြောင်း မထုတ်ယူနိုင်အောင် တရားရုံးက ပိတ်ပင်လိုက်တယ်။ သူ့ ဖခင် ရင်ဆိုင်နေရတဲ့ အမှု စစ်ဆေးနေရာမှာ လော်ဘီလုပ်ပြီး အသုံးမပြုနိုင်အောင် လုပ်လိုက်တာပါ။
လာမယ့်နှစ်မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မယ့် ဘရာဇီးနိုင်ငံမှာ ထရမ့်ရဲ့ မခံချင်စိတ်နဲ့ လုပ်တဲ့ လုပ်ရပ်တွေဟာ ပြောင်းပြန်ရလဒ်တွေကို ဖြစ်ပေါ်စေတာ တွေ့မြင်နေရပါပြီ။ အရောင်အသွေးစုံ ဘရာဇီးနိုင်ငံသားတွေ အားလုံးဟာ သမ္မတ လူလာ ကို ထောက်ခံနေကြပြီး လမ်းမတွေပေါ်မှာ ထရမ့်ရဲ့ ပုံတူတွေကို မီးတင်ရှို့နေကြပြီး အရင်က ကျဆင်းနေခဲ့တဲ့ သမ္မတ လူလာ အပေါ် လူထုထောက်ခံမှု နှုန်းဟာ ပြန်ပြီး မြင့်တက်လာနေပြီး နောက်နှစ် ကျင်းပတော့မယ့် ဘရာဇီး သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် သမ္မတလောင်း စာရင်းမှာ လူလာ က ဦးဆောင်နေရာက ရပ်တည်နေပြီး ဒေါ်နယ်ထရန့် ရဲ့ သွင်းကုန်ခွန်တွေဟာ လူလာ အတွက်တော့ ထောင်က လွတ်ငြိမ်းခွင့် လက်မှတ် ပေးလိုက် သလိုပါပဲလို့ ဝါရှင်တန် အကြံပေးနှင့် သုတေသနအဖွဲ့ ဘရာဇီးရုံးခွဲ Washington Think-tank (Brasil Office) မှ Andrea Pagliarini က ယနေ့ အချိန်နဲ့ လာမယ့် ရွေးကောက်ပွဲ ကာလအတွင်း ဘရာဇီးနိုင်ငံမှာ ဘယ်လို စီးပွားရေး အကျပ်အတည်းပဲ ကြုံရကြုံရ အစိုးရအနေနဲ့ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒေါ်နယ်ထရန့်ရဲ့ အခွန်တွေ ကြောင့်ပဲလို့ ရှောင်လွှဲခွင့် ရသွား ပါတယ်လို့ ပြောပါတယ်။
တကယ်တော့ ထရမ့်ရဲ့ အခွန်တွေဟာ သမ္မတဟောင်း ဘော်လ်ဆိုနာရိုနဲ့ သူ့ရဲ့ လက်ယာယိမ်း မဟာမိတ် တွေအတွက် အခက်အခဲ ဖြစ်သွားနိုင်ပါတယ်။ ဘရာဇီး ပြည်ပပို့ကုန်ရဲ့ ၁၃ ရာနှုန်းလောက်ပဲ အမေရိကန်ကို တင်ပို့ နေတာပါ။ တန်ဖိုးအားဖြင့် တစ်နှစ်ကို ဒေါ်လာ ၄၃ ဘီလီယံလောက်ပဲ ရှိတာပါ။ တရုတ်ပြည်ကို ပို့နေတာက ၂၈ ရာနှုန်းတောင် ရှိတာပါ။ ထရမ့်ရဲ့ အခွန်ဥပဒေ အတည်ပြုပြီးရင် ဒါထက်တောင် တိုးလာဦးမှာပါ။ ရင်းနှီးမြှုပ်နှံမှုဘဏ် Goldman Sachs ရဲ့ တွက်ချက်ခန့်မှန်းမှုအရ အခွန်တွေ တိုးမြှင့်လိုက်ရင် ဘရာဇီး စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၀.၄ ရာနှုန်း ကျဆင်းပြီး ဒီနှစ်အဖို့ ၂ ရာနှုန်းလောက်ပဲ ရှိနိုင်တော့တယ်လို့ ခန့်မှန်းပါတယ်။ ဘော်လ်ဆိုနာရို ရဲ့ အမာခံ နယ်မြေတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေဟာ အခွန်ရဲ့ ဒဏ်ကို အဆိုးဆုံး ခံကြရမယ့် ပုံပါပဲ။ အမေရိကန်ထဲကို တင်သွင်းနေတဲ့ မလှော် ရသေးတဲ့ ကော်ဖီစေ့ရဲ့ သုံးပုံတစ်ပုံကျော်ဟာ ဘရာဇီး ကော်ဖီတွေပါ။
အမေရိကန်ထဲ ပြည်ပက တင်သွင်းလာတဲ့ လိမ္မော်ရည် အများစုကလည်း ဘရာဇီးက လာတာပါ။ ဘရာဇီးက အမဲသား တင်သွင်းမှုကလည်း တစ်ရှိန်ထိုး မြင့်တက်နေတာပါ။ Federal University of Minas Gerais က စီးပွားရေး ပညာရှင်တွေရဲ့ တွက်ချက်ခန့်မှန်းမှုအရ ထရန့်ရဲ့ အခွန်နှုန်းထားတွေ တရားဝင် အတည်ပြုပြီးရင် ဘရာဇီးနိုင်ငံမှာ လူ ၁၁၀,၀၀၀ လောက် အလုပ်လက်မဲ့ ဖြစ်ကုန်ကြပါလိမ့်မယ်။ အများစုက လယ်ယာကဏ္ဍကပါ။ ဘော်လ်ဆိုနာရိုရဲ့ သစ္စာရှိ ရဲဘော်ရဲဘက်တွေဖြစ်တဲ့ ဘရာဇီးနိုင်ငံလုံးဆိုင်ရာ လယ်သမားများ အစည်းအရုံးက ထရန့်ရဲ့ အခွန်တွေဟာ နိုင်ငံရေး သဘော ဆန်လွန်းတယ်လို့ဆိုပြီး ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။ မစ္စတာ ဘော်လ်ဆိုနာရို ကိုယ်တိုင်ကပင်လျှင် ထရမ့်ရဲ့ အခွန်ကိစ္စတွေနဲ့ ခပ်ကင်းကင်းဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ဒီအခွန်တွေဟာ ကျွန်တော်တို့နဲ့ ဘာမှ မပတ်သက် ပါဘူးလို့ ဘော်လ်ဆိုနာရိုက ပြောပါတယ်။
ဘရာဇီးနိုင်ငံသားတွေဟာ သူတို့ အသုံးပြုနေကြတဲ့ Pix ငွေပေးချေစနစ်ကို ထရမ့်အစိုးရက ပြိုင်ဆိုင် နှောင့်ယှက် လာမှာကြောင့် စိတ်မကြေမနပ် ဖြစ်နေကြတယ်။ ဘရာဇီး ဗဟိုဘဏ်က Pix အီလက်ထရွန်နစ် ငွေပေးချေစနစ်ကို ၂၀၂၀ ခုနှစ်မှာ စတင်သုံးစွဲခဲ့တာပါ။ ဒီလိုလုပ်မယ်လို့တော့ ထရန့်အစိုးရက ပွင့်ပွင့်လင်းလင်း ထုတ်ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Mr Greer တင်ပြထားတဲ့ ဘရာဇီး ကုန်သွယ်ရေး စနစ်တွေထဲက ကျိုးကြောင်း မဆီလျော်သော သို့မဟုတ် အမေရိကန် ကုမ္ပဏီတွေအပေါ် ခွဲခြားဆက်ဆံသော ဘရာဇီး ကုန်သွယ်ရေး လုပ်ထုံးလုပ်နည်းများဆိုတဲ့ စာရင်းထဲမှာ ဘရာဇီးနိုင်ငံသားတွေ သုံးနေတဲ့ အီလက်ထရွန်နစ် အမြန်ငွေချေစနစ် Pix လည်း ပါဝင်နေပါတယ်။ Pix ငွေချေစနစ်ဟာ အမေရိကန်တွေအပေါ် မမျှမတ ကျင့်သုံးနေတယ်ဆိုတဲ့ အယူအဆဟာ အခြေအမြစ် မရှိပါဘူးလို့ ဘရာဇီးနိုင်ငံမှာ ထိပ်တန်း payment processor ဖြစ်တဲ့ PagBrasil ကုမ္ပဏီမှ Ralf Germer က ပြောပါတယ်။ Pix ကုမ္ပဏီဟာ ဘရာဇီးမှာ ခေတ်နောက်ကျနေတဲ့ ဘဏ်လုပ်ငန်း ကဏ္ဍကို တိုးတက်ခေတ်မီလာအောင် လုပ်ဆောင်ပေးခဲ့သူပါ။ အကုန်အကျ သက်သာတဲ့ အခြေခံ အဆောက်အအုံတွေ လုပ်ပေးခြင်းဖြင့် တည်ထောင်စ ကုမ္ပဏီလေးတွေ ငွေကြေးဝန်ဆောင်မှု အမြန်ပေးနိုင်လာအောင် လုပ်ဆောင်ပြီး ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒီလိုနဲ့ အမေရိကန် ငွေချေကုမ္ပဏီကြီးတွေဖြစ်တဲ့ ဗီဇာ နဲ့ မာစတာကဒ်တွေ ဝင်ငွေတွေ လျော့သွားကုန်ပါတယ်။
ကုန်သွယ်ရေး မမျှတမှုတွေ ရှိတယ်လို့ စွပ်စွဲခံရတာလည်း အကြောင်းရှိပါတယ်။ ဘရာဇီးက ကမ္ဘာပေါ်မှာ ပိတ်ဆို့မှုတွေ အများဆုံးရှိတဲ့ နိုင်ငံတွေထဲမှာ ပါပါတယ်။ သွင်းကုန်တွေရဲ့ ၈၆ ရာနှုန်းက အခွန်မဟုတ်တဲ့ အတားအဆီး တွေကို ရင်ဆိုင်နေကြရပြီး အမေရိကန် ပြည်ထောင်စုမှ သွင်းကုန်တွေရဲ့ ၇၇ ရာနှုန်းနဲ့ တစ်ကမ္ဘာလုံးမှ သွင်းကုန်တွေရဲ့ ၇၂ ရာနှုန်းက ဒီလို အတားအဆီးတွေ ရှိနေတာပါ။ ပြည်တွင်း စက်မှုလုပ်ငန်းတွေကလည်း ဖက်ဒရယ်နဲ့ ဒေသန္တရ အစိုးရရဲ့ အတားအဆီးတွေကို ရင်ဆိုင်နေရပါတယ်။ သမ္မတ ထရမ့်က ဒါတွေကို စိုးရိမ်ခဲ့တယ် ဆိုရင်တောင် ထုတ်ပြော မထား ပါဘူး။ ဘရာဇီး အစိုးရဟာ အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီမှု တစ်ခု ရရေးအတွက် အိမ်ဖြူတော်နဲ့ အဆက်အသွယ် ရအောင် မေလကတည်းက ကြိုးစားနေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကြိုးပမ်းမှုကို ထရမ့် အစိုးရက လစ်လျူရှုခဲ့ပါတယ်။
အက်ဝါဒို ဘော်လ်ဆိုနာရို တစ်ယောက်ပဲ သမ္မတ ထရမ့်ကို နားဝင်အောင် ပြောနိုင်ပုံ ရပါတယ်။ ထရမ့်ကို ကျွန်တော် နှစ်သက်တယ်။ အားကျတယ်။ အထင်ကြီးတယ်။ ကျွန်တော် သူနဲ့ အသိအကျွမ်း ဖြစ်ချင်တယ်။ ဘယ်ပြောနိုင်မလဲ။ တစ်နေ့ ကျွန်တော် အာဏာပါဝါတွေ ရှိလာတဲ့အခါ ကျွန်တော် သူ့ခြေရာကိုနင်း သူ့လမ်းစဉ်အတိုင်း ဘရာဇီးမှာ လုပ်မယ်လို့ အက်ဝါဒိုက တက္ကဆက်မှာရှိတဲ့ သူ့ရုံးခန်းကနေ ဗီဒီယို ဖုန်းစနစ်နဲ့ ပြောပါတယ်။ သူ့ရုံးခန်း မှာလည်း MAGA (Make American Great Again) ဦးထုပ်တွေ လက်ဝါး ကပ်တိုင်ပေါ်က သခင်ယေရှုရဲ့ ရုပ်ပုံတွေ ချိတ်ဆွဲထားတာ တွေ့ရပါတယ်။

လူလာ ကတော့ ဒီရန်ငြိုးရန်စကြောင့်ပင် ပြန်လည်အင်အားတွေ ပြည့်လာပုံ ရပါတယ်။ သူက ဘရာဇီးကို ဘရာဇီး နိုင်ငံသားတွေကသာ ပိုင်သည် ဆိုတဲ့ စာတန်းရေးထိုးထားတဲ့ အပြာရောင် ကက်ဦးထုပ်ကို ဆောင်းထားပါတယ်။ ယခု တိုးတက်ရရှိလာတဲ့ လူထုထောက်ခံမှုဟာ ကြာရှည်မှ ခံပါ့မလားလို့ သမ္မတ လူလာ ရဲ့ အရာရှိတွေက စိုးရိမ် ပူပန် နေကြကြောင်း ဘရာဇီး သံတမန်ဟောင်း တစ်ဦးက ပြောပါတယ်။ ထရမ့်ရဲ့ အခွန်နှုန်းထားသစ်တွေနဲ့ စတင် သက်ရောက် လာပြီး စီးပွားရေး ဝေဒနာတွေနဲ့ ထိခိုက်ခံစား လာကြရပြီဆိုရင် သမ္မတ လူလာ က အဆင်မပြေမှု အားလုံးဟာ သမ္မတဟောင်း ဘော်လ်ဆိုနာရို ကြောင့်ဆိုပြီး အပြစ်ပုံချဖို့ ကြိုးစားပါလိမ့်မယ်။ အခုမေးရမှာက ၇၉ နှစ်အရွယ် အဘိုးအို နှစ်ယောက်အနက် ဘယ်သူက အရင်နောက်ဆုတ်သွားမလဲ စိတ်မြန်လက်မြန် လုပ်တတ်တဲ့ သမ္မတ ဒေါ်နယ်ထရမ့်လား ဆန္ဒာဓိပတိ ထက်သန်လှတဲ့ သမ္မတ လူလာ လား။
မူရင်း – Dear Donald Trump, Thanks! Yours, Lula, The Economist, July 2025

