(‘မောင်ဝံသ’ ကလောင်ဟာ မြန်မာ စာနယ်ဇင်း နယ်ပယ်မှာ သတင်းစာဆရာ၊ ဘာသာပြန် စာရေးဆရာ၊ နိုင်ငံရေး သုံးသပ်သူ အဖြစ် ထင်ရှားသူ တစ်ဦးဖြစ်ခဲ့ပါသည်။ ဆရာကွယ်လွန်ခဲ့တာ ကြာခဲ့ပါပြီ။ သို့သော်ငြားလည်း ဆရာ၏ ကိုယ်ပိုင် ရေးဟန်များမှာ ကမ္ဘာ့အမြင်ကို သိ၍ ကြည့်၍ ရေးနေသည်ဟု အပေါ်ယံ ထင်ရသော်လည်း၊ အနီးကပ် ကြည့်လျှင် ကမ္ဘာ့ အခင်းအကျင်းများကို မြန်မာ့ နိုင်ငံရေး လူနေမှု ဘဝ အတွေ့အကြုံ များနှင့် နှိုင်းယှဥ်တင်ပြပုံက စာဖတ်သူများကို ပျော့ပျော့ပျောင်းပျောင်းနှင့် ဖျောင်းဖျနေသကဲ့သို့ မြင်ရသည်။ The Corner ၏ ယခု အပတ် Archived Corner ကဏ္ဍတွင် တင်ဆက်လိုက်သည့် အောက်ဖော်ပြပါ ဆောင်းပါးသည် ဆရာ မောင်ဝံသ၏ ‘ဟန်’ ကို ထင်ဟပ်နေသည် ဟု ထင်မြင် ခံစားမိ၍ စာဖတ်သူများကို ထပ်မံ မျှဝေလိုစိတ်ဖြင့် ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ နောက်ထပ် ထူးခြားချက် တစ်ခုမှာ အကြောင်းအရာများမှာ လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ခန့်က ရေးထားသော ဆောင်းပါးဖြစ်သော်လည်း ယခုအချိန်အထိ မရိုးနိုင်သည့် ပြောနေကြသေးသည့်၊ ငြင်းခုံ နေကြသေးသည့် ခေါင်းစဥ်တစ်ခုလည်း ဖြစ်နေပေသည်။ အယ်ဒီတာအဖွဲ့ – The Corner)

ဟောလီးဝုဒ် အော်စကာဆုရ ရုပ်ရှင်ဒါရိုက်တာ စတီဗင် စပီးလ် ဘတ်ဟာ ပြီးခဲ့တဲ့ မေလက အသက် ၅၅ – နှစ် အရွယ်ကျမှ တက္ကသိုလ်ဘွဲ့ ပြန်ယူခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။
“လူငယ် ဆိုတာ ကိုယ်ကြည်ညိုလေးစားတဲ့ လူကြီးတွေရဲ့ ဩဇာ အညောင်း ခံရစမြဲပဲ။ လူကြီးရဲ့ အဆုံးအမ၊ နမူနာပြမှု အံချော်ရင် လူငယ်ဟာ လမ်းလွဲဖို့ ဖြစ်နိုင် ခြေ ပိုများတော့တာပါပဲ”
သူဟာ ရှင်းဒလားစာရင်း (Shindler’s List) ဇာတ်ကားနဲ့ ဟိုးလေး တကျော် ဖြစ်ခဲ့ပြီး ဖက်ဆစ်ဆန့်ကျင်ရေး အနုပညာရှင် အဖြစ် အသိအမှတ် ပြုခံခဲ့ရပါတယ်။
အသက်ကြီးမှ တက္ကသိုလ် ဘွဲ့ပြန်ယူတဲ့ စပီးလ်ဘတ်သတင်းကို စိတ်ဝင်စားစွာနဲ့ ကျွန်တော် မှတ်သားထားလိုက်မိပါတယ်။ စပီးလ်ဘတ်က လည်း သူ တက္ကသိုလ်ဘွဲ့ယူတဲ့ ကိစ္စကို မှတ်မှတ်သားသား ဖြစ်စေချင်လို့ ထင်ပါရဲ့။ မေလ ၃၁ ရက်နေ့ ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ်မှာ ဘွဲ့မယူခင် မေလ ၁၅ – ရက်နေ့မှာ စာနဲ့ရေးပြီး ထုတ်ပြန်ကြေညာချက်တစ်ခု ပြုလုပ်ခဲ့ပါသတဲ့။
(စာနဲ့ရေးပြီး သတင်းထုတ်ပြန်တာ ကောင်းမွန်တဲ့ အလေ့အကျင့် တစ်ခုပါ။ နှုတ်နဲ့ပြောတာဆိုရင် မသမာတဲ့ မီဒီယာတချို့က လိုတစ်မျိုး မလို တစ်မျိုး လှည့်ပတ်ပြီး သတင်းရေးတတ်ကြလေတော့ ကာယကံရှင်အနေနဲ့ ရှင်းရခက်တတ်တယ်။ စာနဲ့ရေးပြီး ထုတ်ပြန်တဲ့ ကြေညာချက်ကျတော့ မလိမ့်တစ်ပတ် လုပ်ကြံဖို့ မလွယ်ဘူး မဟုတ်ပါလား)
စပီးလ်ဘတ်က သတင်းထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။
‘ကျွန်တော်ဟာ မေလ ၃၁ – ရက်နေ့ ကျင်းပမယ့် ကယ်လီဖိုးနီး ယား တက္ကသိုလ်၊ ရုပ်ရှင်ပညာနှင့် အီလက်ထရွန်းနစ် အနုပညာဆိုင်ရာ ဌာန မှ ဝိဇ္ဇာဘွဲ့ကို တက်ရောက်ရယူမည် ဖြစ်ပါတယ်။ ‘ဤတက္ကသိုလ်ကိုပဲ ကျွန်တော်ဟာ ၁၉၆၇ – ခုနှစ်က တက်ရောက် ပြီး ပညာသင်ကြား ခဲ့ပါတယ်။ သို့သော်လည်း သုံးနှစ်အကြာမှာ တစ်ဝက် တစ်ပျက်နဲ့ ကျောင်းထွက်ခဲ့ ရပါတယ်။ အကြောင်းကတော့ ရုပ်ရှင်ရိုက်တဲ့ လုပ်ငန်းတွေ ကိုပဲ စိုက်စိုက်မတ်မတ် လုပ်နိုင်ဖို့ ထွက်ခဲ့တာပါ။ ပြီးခဲ့တဲ့ နွေဦး ကမှ ကျွန်တော် ကျောင်းပြန်တက်ခဲ့ပါတယ်။ ၃၃ – နှစ် ကြာပြီးမှ ပညာသင်ကြားရေး ကိစ္စကို ပြီးစီးအောင် လက်စသတ်နိုင်ခြင်းဟာ ကျွန်တော့်ရဲ့ ရှည်လျားတဲ့ လုပ်ငန်းအလွန်ကာလ အစီ အစဉ် ပြီးဆုံးခြင်း ဖြစ်ပါတယ်။
ကျောင်းပြန်တက်တဲ့ ကာလအတွင်း ကျွန်တော်ဟာ အထွေထွေ သင်တန်းများကို မတက်နိုင်ခဲ့ပါ။ ဒါပေမဲ့ ရေးသား တင်သွင်းဖို့ လိုအပ်တဲ့ စာတမ်းတွေကို ကျေပွန်စွာ ရေးခဲ့ပါတယ်။ တစ်ဦးချင်း ဆောင်ရွက်ရတဲ့ စီမံကိန်း (Projects) တွေကိုလည်း ပြီးမြောက်အောင် လုပ်ခဲ့ပါတယ်။ ပါမောက္ခများနှင့်လည်း လိုအပ်တဲ့ ကိစ္စများကို ဆွေးနွေး တိုင်ပင်ခဲ့ပါတယ်။
ကျွန်တော် ဒီဂရီယူရမယ့် ကိစ္စကို ပြီးမြောက်အောင် လုပ်ချင်တဲ့ ဆန္ဒဟာ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပါတယ်။ အကြောင်းကတော့ ကျွန်တော့်ကို ပညာသင်ကြားဖို့ အခွင့်အလမ်းပေးခဲ့တဲ့ မိဘများကို ကျေး ဇူး ဆပ်ချင်လို့။ ပြီးတော့ ကျွန်တော့်မိသားစုအတွက် အမှတ်တရ ဖြစ်စေချင် လို့။ ဒါတင်မက နေရာအနှံ့အပြားမှာ ရှိနေကြတဲ့ လူငယ်တွေကို တက္ကသိုလ် ပညာရေးပန်းတိုင် ပြီးဆုံးအောင် သင်ကြားခြင်းရဲ့ အရေးပါမှုကို လက်တွေ့ သင်ကြားပြသချင်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် လုပ်ဆောင်ခဲ့တာ ထက် ပိုပြီး မြန်မြန်ဆန်ဆန် သူတို့က ပန်းတိုင်အရောက် လှမ်းနိုင်ကြလိမ့် မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။’
စပီးလ်ဘတ်ဟာ ယခုလို ကြေညာချက် ထုတ်ပြန်ခဲ့ဟာကလွဲလို့ ဘွဲ့ နှင်းသဘင်ပွဲမှာ မိန့်ခွန်းပြောတာတို့၊ စင်မြင့်ပေါ်မှာ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ် အဖြစ် နေရာယူတာတို့ လုံးဝ မပြုခဲ့ပါဘူး။ (တက္ကသိုလ်က သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အဲသလို ကိစ္စတွေ ကမ်းလှမ်းခဲ့ ပါသေးတယ်) စပီးလ်ဘတ်ကတော့ တခြားဘွဲ့ယူသူတွေနဲ့ ရောနှောပြီးပဲ ထိုင်နေခဲ့ပါတယ်။ အထူးဧည့်သည်တော် နေရာမှာတောင် သွားပြီးမထိုင်ပါဘူး။
လောင်းဘိခ်ျမှာ ရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌ ရောဘတ်မက္ကဆင်က –
“စပီးလ်ဘတ် ကျောင်းပြန်တက်တဲ့ ရည်ရွယ်ချက်က အင်မတန် ရှင်းပါတယ်။ ငွေရေးကြေးရေးအတွက်လည်း မဟုတ်ဘူး။ သူ့လုပ်ငန်းနဲ့ လည်း မပတ်သက်ဘူး။ တက္ကသိုလ် ပညာရေးဆိုတာ ပြီးဆုံးအောင် သင်ကြားရတယ် လို့ အပြည့်အဝ ထောက်ခံချက် လာပေးတာပဲ ဖြစ်ပါတယ်” လို့ ပြောကြား ခဲ့ပါသတဲ့။
စပီးလ်ဘတ်ဟာ လူငယ်တွေကို ဦးတည်ပြီး စံနမူနာ ပြလိုက်တာ ပါပဲ။ သူတို့ဆီမှာလည်း လူငယ်တွေဟာ တက္ကသိုလ်ပညာ သင်ကြားရေးထက် ဖြတ်လမ်းက သူဌေးဖြစ်ရေး ကြိုးစားချင်သူတွေ များနေတယ်။ ဘီလ်ဂိတ်လို လူမျိုးကို စံနမူနာထားပြီး တက္ကသိုလ်ပညာ ပြီးဆုံးအောင် အချိန်ကုန်ခံပြီး သင်နေမယ့်အစား ဘီလ်ဂိတ်လို ‘ကျောင်းကထွက်ပြီး အလုပ်လုပ်၊ မြန်မြန် သူဌေးဖြစ်” ဆိုတဲ့ လမ်းကြောင်းကို အားကျ နေကြပါသတဲ့။
အဲသလို လူငယ်တွေက ဆော့ဖ်ဝဲသူဌေးကြီး ဘီလ်ဂိတ်ဆီကို စာ တွေ လှမ်းရေးပြီး တက္ကသိုလ်က ထွက်မယ်။ ခင်ဗျားလိုပဲ ကြီးပွားအောင် လုပ်ချင်တယ်လို့ တိုင်ပင်ကြတော့ ဘီလ်ဂိတ် မျက်လုံးပြူးသွားတယ်။ အား မကျသင့်တာ အားကျပြီး လူငယ်တွေ လမ်းလွဲလိုက်မှာကို ဘီလ်ဂိတ်က စိုးရိမ် တယ်။ ဒါကြောင့် သူ့ဆီစာရေးတဲ့ လူငယ်တွေဆီကို ပြန်စာရေးပြီး အဲဒီပြန်စာ ကို စာနယ်ဇင်းတွေဆီ ဖြန့်ဝေခဲ့တယ်။ စာနယ်ဇင်းတွေက ဖော်ပြတဲ့အခါ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိသွားကြတာပေါ့။
ဘီလ်ဂိတ်က တက္ကသိုလ်မှာ ဘွဲ့ရတဲ့အထိ သူဆက်မတက်ခဲ့တာ ဟာ တက္ကသိုလ်ပညာကို ပစ်ပယ်ခြင်းမဟုတ်ကြောင်း၊ ကျောင်းဆက် မတက် နိုင်တဲ့ အခြေအနေကြောင့် ဖြစ်ကြောင်း၊ တက္ကသိုလ် ဘွဲ့ရပြီးမှ မိမိ နှစ်သက် ရာအလုပ်ကို လုပ်ခြင်းသာလျှင် လမ်းမှန်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပါ တယ်။ လူငယ်တွေရဲ့ နောင်ရေးအတွက် စိုးရိမ်ဖော်ရတဲ့ ဘီလ်ဂိတ်ကို ကျွန်တော် အများကြီး လေးစားသွားပါတယ်။
တစ်ဆက်တစ်စပ်တည်း စဉ်းစားမိပြန်တော့ မြန်မာပြည်မှာ အင်မတန် ထင်ရှားတဲ့ သတင်းစာဆရာ၊ စာရေးဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်နဲ့ ဂျာနယ်ကျော် မမလေးတို့ရဲ့သား ကိုသိန်းတန်အကြောင်းကို သတိရလိုက် တယ်။ ကိုသိန်းတန်ကို စာရေးဆရာ ဒါရိုက်တာကြီး တစ်ယောက်က –
“တက္ကသိုလ်ပညာဆိုတာ အလကား၊ တကယ့် လူ့ဘဝကို လေ့လာ ချင်ရင် အိမ်ကထွက်ပြေး။ လူတွေကြားထဲမှာနေကွ” လို့ ဩဝါဒ ခြွေသတဲ့။ အဲဒီစကားတွေ နားယောင်ပြီး အိမ်ပြေးဘဝနဲ့ တကယ် ကျင်လည်ခဲ့တယ်။ ရုပ်ရှင်မင်းသားလည်း လုပ်ခဲ့သေးတယ်။ နောက်ဆုံးတော့ အသက်ငယ်ငယ်နဲ့ ဘဝနိဂုံးချုပ်သွားရှာတယ်။ သူဟာ အခု သီဟရတနာ စာအုပ်တိုက်ပိုင်ရှင် ကိုသိမ်းစိုးရဲ့ ဖခင်ဖြစ်ပါတယ်။
ကျွန်တော်ကတော့ ကိုသိန်းတန်ကို အပြစ်မတင်ပါဘူး။ လူငယ် ဆိုတာ ကိုယ်ကြည်ညိုလေးစားတဲ့ လူကြီးတွေရဲ့ ဩဇာ အညောင်း ခံရစမြဲပဲ။ လူကြီးရဲ့ အဆုံးအမ၊ နမူနာပြမှု အံချော်ရင် လူငယ်ဟာ လမ်းလွဲဖို့ ဖြစ်နိုင် ခြေ ပိုများတော့တာပါပဲ။
တက္ကသိုလ်ပညာနဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုယ်တွေ့ အဖြစ် အပျက်လည်း ရှိခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် တက်နေရာက ၁၉၆၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ အကြောင်းကြောင်းကြောင့် ကျွန်တော် အပြင်ရောက် သွားတယ်။ ၁၉၆၄ ခုနှစ် နိုဝင်ဘာလမှာ လုပ်သားပြည်သူ့နေ့စဉ် သတင်း စာမှာ အလုပ်သင်အဖြစ် ဝင်လုပ်ပြီး ၁၉၆၅ ခုနှစ် ဖေဖော်ဝါရီလမှာ လခ စား သတင်းထောက် ဖြစ်လာတယ်။ သတင်းထောက် ရာထူးနဲ့ပဲ အယ်ဒီတာစားပွဲမှာ ထိုင်ခဲ့ရပါတယ်။ ကျွန်တော်က ဘွဲ့ရအောင် ကျောင်းပြန်တက်ဖို့ စီစဉ်တော့ ကျွန်တော်နဲ့ ခင်မင်ရင်းနှီးတဲ့ စီနီယာ အယ်ဒီတာကြီးတချို့က ဝိုင်းဟားကြတယ်။
‘ထွန်းနေ့စဉ် ဦးထွန်းဖေက ပြောဖူးတယ်ကွ၊ သတင်းစာဆရာ ဆို တာ ဒုံးပေကပ်သတ် ကက္ကသိုလ်က ထွက်တာတဲ့။ စက္ကူပုံပေါ် အိပ်ပြီး ပုံနှိပ်မင် အစွန်းခံပြီး သင်မှ တကယ်တတ်တဲ့ ပညာကွ၊ တက္ကသိုလ် ဒီဂရီဆိုတာ အရေးမကြီးပါဘူးကွာ” တဲ့။
အဲဒီစကားတွေ နားဝင်ပြီး ကျွန်တော် တစ်နှစ်လောက် ကြန့်ကြာ သွားတယ်။ ဒီဂရီ မရလည်း ဘာဖြစ်သေးလဲ။ သတင်းစာပညာကို လက်တွေ့ တကယ်တတ်ဖို့က ပိုအရေးကြီးတယ်လို့ စိတ်ထဲ စွဲမှတ်လိုက်တယ်။ ထင်လည်း ထင်စရာပေပဲ။ ကျွန်တော်တို့ရဲ့ အယ်ဒီတာချုပ် ဆရာကြီး ရွှေဥဒေါင်းက အစ ကျွန်တော် အထင်ကြီးလေးစားတဲ့ သခင်လှကွန်း၊ ဦးလှမြိုင်၊ ဦးသန်းစော၊ ဦးစိန်လှိုင် စတဲ့ အယ်ဒီတာကြီး တွေဟာ ဘွဲ့မရခဲ့ကြပါဘူး။ အဲဒီကာလ လောက်တုန်းက သတင်းစာလောကမှာ ဘွဲ့ဒီဂရီ ရတဲ့လူ အတော်နည်းသေး တယ်။ လက်ချိုးရေလို့ ရနိုင်တဲ့ အရေအတွက်ပဲ ရှိပါသေးတယ်။
ဒီလိုနဲ့ နေလာလိုက်တာ ကျွန်တော့်ဇနီးလောင်း (အဲဒီတုန်းက ကျောင်းသူ ဘဝပေါ့) က ကျောင်းပြန်မတက်ဘူးလား။ ဒီဂရီ မယူဘူး လားလို့ တကျီကျီ လုပ်တော့တာပါပဲ။ အဲဒီတော့ သူက တက္ကသိုလ် ဒုတိယနှစ်လေ၊
နောက်ဆုံးတော့ ဒီဂရီ မရရင် ကျွန်တော့်ကို မယူဘူးလို့ အကျပ် ကိုင်တော့တာပါပဲ။ အောင်မယ် ကျွန်တော်က ပထမတော့ ကိုမြတ်လေးရဲ့ မစ္စဝီစကီ သီချင်းဆိုပြီး သရော်ခဲ့တာပေါ့။ ဒီဂရီ မက်တာလား ဘာလား။ ထွီ … ထွီ … ထွီ လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ဗျာ အမျိုးသမီးက ဈေးဆစ်နေတာ မဟုတ်ဘူး၊ တကယ်ဆုံးဖြတ်ပြီး ပြောတယ်ဆိုတာ သိရတဲ့အခါမှာတော့ ကျွန်တော် မတင်းနိုင်တော့ပါဘူး။ လက်ခံလိုက်ပါတယ်။ လုပ်သားကောလိပ်မှာ စာရင်းသွားသွင်းပြီး ဘီအေဘွဲ့ရအောင် ဖြေလိုက်ပါတယ်။
အဲဒီနောက်ပိုင်း ကျွန်တော့်ဘဝမှာ ကောင်းကျိုး အကျိုးဆက်တွေ ကတော့ အများကြီးပေါ့။ ပထမဆုံးကတော့ ၁၉၆၇ – ၆၈ ခုနှစ်မှာ ပထမ ပတ် သတင်းစာသင်တန်းဖွင့်တော့ ကျွန်တော်က ဘွဲ့ရပြီးသားဖြစ်လို့ အလွယ် တကူ တက်ခွင့်ရခဲ့တယ်။ မိန်းမယူတော့လည်း ဖိတ်စာမှာ B A လို့ အမြီး လေး တပ်နိုင်တယ်။ ၁၉၇ဝ ပြည့်နှစ် မတ်လမှာ အယ်ဒီတာရာထူးအတွက် စာမေးပွဲဖြေတော့ ဘွဲ့ရပြီးသားဖြစ်လို့ အဲဒီတုန်းက ၂၀ဝိ – ၁ဝိ – ၃ဝဝိစကေး ရာထူးကနေ ၄၅ဝိ – ၂၅ိ – ၇၀၀ စကေး (အရာရှိ) ရာထူးအဆင့် စာမေးပွဲကို တိုက်ရိုက်ဝင်ဖြေခွင့် ရခဲ့တယ်။ အောင်မြင်လို့ ရာထူးတက်ခဲ့ တယ်။ တကယ်လို့ ဘွဲ့သာမရှိခဲ့ရင် အဆင့်ကျော်ရာထူးအတွက် စာမေးပွဲ ဖြေခွင့်ရဖို့တောင်မလွယ်ဘူး။ လုပ်သက် ခုနှစ်နှစ်လား ရှစ်နှစ်လား ပြည့်ပြီးမှ ဖြေခွင့်ရမှာပါ။
၁၉၇၆ – ၇၇ ခုနှစ်ကျတော့ နိုင်ငံခြားမှာ သတင်းစာပညာသင်တန်း တက်ဖို့ လူရွေးတဲ့အခါ ဘွဲ့ရအယ်ဒီတာတွေထဲကပဲ စဉ်းစားတယ်။ ကျွန်တော် ရွေးချယ်ခံရပြီး ပညာတော်သင်အဖြစ် သွားရောက်ခဲ့ရပါတယ်။ အဲဒီအချိန် မှာ သတင်းစာလုပ်သက် ဘယ်လောက်ပဲ ရှိရှိ၊ သတင်းစာ ပညာ ဘယ် လောက် တော်နေတော်နေ၊ ဘွဲ့ရသူ မဟုတ်ရင် တက္ကသိုလ်အဆင့် သင်တန်း ကို မလွှတ်ပါ။ အလွန်ဆုံး လေ့လာရေး ခရီးလောက်ပဲ သွားကြရပါတယ်။
တက္ကသိုလ်ဘွဲ့နဲ့ ကျွန်တော်ဇာတ်ကြောင်းကို ဒီမျှနဲ့ပဲ အဆုံးသတ် ပါရစေ။ စပီးလ်ဘတ်တို့၊ ဘီလ်ဂိတ်တို့အကြောင်းတွေ ရှေ့ကခံပြီး ကိုယ်ရည် ဝင်သွေးတယ်လို့တော့ မထင်လိုက်ကြပါနဲ့။ လူငယ်များ စဉ်းစားချင့်ချိန်နိုင် ကြစေဖို့ အတွေ့အကြုံ ဝေမျှလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ရနံ့သစ်၊ အောက်တိုဘာ ၂၀၀၂
ရည်ညွှန်း – “မည်သို့သော လူဖြစ်ရမည်နည်း နှင့် လက်ရွေးစင် ဆောင်းပါးများ” ရေး – မောင်ဝံသ

