
ငယ်ငယ်တုန်းကတော့ ” တရုတ်ဖြူ” ” တရုတ်နီ” လို့ လူတွေ ပြောကြတဲ့အခါ၊ သမိုင်းစာအုပ်တွေထဲ ဖတ်ရတဲ့အခါ သိပ်သဘောမပေါက်ခဲ့ဘူး။ နားလည်း မလည်ခဲ့ခဲ့ဘူး။ “တရုတ်ဖြူ”ဆိုတာ အသားဖြူတဲ့ တရုတ်ကို ပြောတာနေမှာလို့ ထင်ခဲ့သလို “တရုတ်နီ” ဆိုတာလည်း အသားနီတဲ့ တရုတ်ကို ပြောတာဖြစ်မယ် ထင်ခဲ့တယ်။ တကယ်တော့ တရုတ်လူမျိုးက အသားဖြူတာ တစ်မျိုးပဲ တွေ့ဖူးတယ်။ နည်းနည်း အရွယ် ရောက်လာပြီး စာဖတ်သက်လည်း ရလာတော့မှ “တရုတ်ဖြူ” ဆိုတာ ထိုင်ဝမ်ကို ပြောတာဖြစ်ပြီး “တရုတ်နီ” ဆိုတာ ပြည်မတရုတ် (တစ်နည်း) ပြည်ကြီးတရုတ် (Mainland China) ကိုခေါ်မှန်း သိရတော့တယ်။ တကယ်က တရုတ်ကွန်မြူနစ်ပါတီရဲ့ အလံအရောင်ကို အစွဲပြုပြီး ပြည်မ တရုတ်ကို “တရုတ်နီ”၊ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန် အစိုးရကိုတော့ ” တရုတ်ဖြူ”လို့ ခေါ်ခဲ့ကြပုံရတယ်။
ဟိုတုန်းက သတင်းစာဆရာတွေ၊ နိုင်ငံရေးသမားတွေက နိုင်ငံရေးအယူဝါဒမတူကြတဲ့ အဖွဲ့အစည်းတွေကို အရောင်နဲ့သတ်မှတ်ပြီး ခေါ်ဝေါ်လေ့ ရှိကြတယ်။ ၁၉၄၈ ခုနှစ်၊ မြန်မာပြည်လွတ်လပ်ရေးရပြီး သိပ်မကြာခင် မြေအောက်တော်လှန်ရေးအဖွဲ့တွေ ဖြစ်သွားကြတဲ့ သခင် သန်းထွန်းဦးဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ(Communist Party of Burma) ကို “အလံဖြူ” လို့ ခေါ်ဝေါ်ခဲ့ကြပြီး သခင်စိုး ဦးဆောင်တဲ့ ကွန်မြူနစ် ပါတီ(ဗမာပြည်)၊ Communist Party (Burma) ကိုတော့ ” အလံနီ” လို့ ခေါ်ဝေါ်ခဲ့ကြတယ်။ တရုတ်ဖြူ၊ တရုတ်နီ ဆိုတာလည်း မြန်မာ သတင်းစာဆရာတွေက နာမည်ပေး ခေါ်ဝေါ်ခဲ့ကြပုံရတယ်။ လွတ်လပ်ရေးရပြီး တရုတ်နီတွေတိုက်လို့ ရှမ်းပြည်မြောက်ပိုင်းထဲ ဝင်လာတဲ့ ကူမင်တန်တပ်တွေကို ” တရုတ်ဖြူ”လို့ပဲ သုံးနှုန်းတာတွေ့ရတယ်။
လာမယ့် စက်တင်ဘာ ၃ ရက်မှာ တရုတ်နိုင်ငံက နှစ် (၈၀)ပြည့် ဂျပန်ကျူးကျော်စစ်အောင်ပွဲ နဲ့ကမ္ဘာ့ ဖက်ဆစ် တိုက်ဖျက်ရေး အောင်ပွဲနေ့ အခမ်းအနားကို ဘေဂျင်းမြို့မှာ အကြီးအကျယ် ပြုလုပ်ဖို့ စီစဉ်နေတယ်။ ဒီအခမ်းအနားမှာ တရုတ်နိုင်ငံရဲ့ စစ်အင်အားကို ထုတ်ဖော်ပြသမယ့် စစ်ရေးပြအခမ်းအနားလည်း ပါဝင်ပြီး ရာနဲ့ချီတဲ့ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ တင့်ကားတွေ၊ ဒုံးပျံတွေ၊ အဆင့်မြင့်နည်းပညာသုံးလက်နက်တွေကို ထုတ်ဖော်ပြသသွားမယ်လို့ ဆိုတယ်။ ဒီစစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ ရုရှားသမ္မတ ပူတင်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း နှစ်ဆယ်ကျော်က ခေါင်းဆောင်တွေကို ဖိတ်ကြားထားတယ်လို့ သိရတယ်။
ခုလို ကြီးကျယ်တဲ့ စစ်ရေးပြအခမ်းအနားကို တရုတ်နိုင်ငံက၂၀၁၅ ခုနှစ်မှာ တစ်ကြိမ် ပြုလုပ်ခဲ့ ဖူးပြီး ဒီတစ်ကြိမ်က ဒုတိယအကြိမ် ဖြစ်တယ်။ ထူးခြားတယ်လို့ပဲဆိုရမယ်။ ဒီနေ့ ကမ္ဘာမှာ အင်အားကြီးနိုင်ငံတွေဟာ ကိုယ့်မှာ အင်အားဘယ်လောက်ရှိကြောင်း တစ်နည်းတစ်ဖုံ ထုတ်ပြလာကြတာတွေ့ရတယ်။ ကွန်မြူနစ်နိုင်ငံတွေအတွက် သူတို့ရဲ့ ခေတ်မီလက်နက်ကြီးတွေ ထုတ်ပြပြီး စစ်ရေးပြအခမ်းအနားကျင်းပတာ မဆန်းပေမယ့် ဒီနှစ်အတွင်း ထူးထူးခြားခြား အမေရိကန်မှာလည်း သမ္မတ ဒေါ်နယ်ထရမ့်က စစ်ရေးပြ အခမ်းအနား တစ်ခု ကျင်းပသွားခဲ့တယ်။ ထရမ့်လက်ထက်ရောက်မှ စတင် ကျင်းပတဲ့ အမေရိကန် စစ်ရေးပြ အခမ်းအနားက ရုရှားတို့၊ တရုတ်တို့၊ မြောက်ကိုးရီးယားတို့လိုတော့ စနစ်တကျ ခမ်းခမ်းနားနားမရှိလှဘူး။ အရင်တုန်းက မလုပ်ခဲ့ဘဲ ဒေါ်နယ်ထရမ့်လက်ထက်ရောက်မှ ဘာစိတ်ကူးပေါက်ပြီး လုပ်လေ သလဲတော့ မသိဘူး။
ဒီနှစ် မေလ ၉ ရက်တုန်းကလည်း ရုရှားက နာဇီဂျာမနီကို အောင်နိုင်တဲ့ နှစ်(၈၀)ပြည့် စစ်ရေးပြ အခမ်းအနားကို မော်စကိုမြို့မှာ ကျင်းပသွားခဲ့တယ်။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ဆိုသလို ရုရှားကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်အပါအဝင် ရုရှားရဲ့ မဟာမိတ်တွေ ဖြစ်တဲ့ မြောက်ကိုရီးယား၊ အီရန် အစရှိတဲ့နိုင်ငံတွေကို ဖိတ်ကြားခဲ့တယ်။
အပြန်အလှန်အားဖြင့် လာမယ့် စက်တင်ဘာ ၃ ရက်မှာ တရုတ်နိုင်ငံကလည်း ဖက်ဆစ်ဂျပန်ကို အောင်နိုင်ခဲ့တဲ့ နှစ်(၈၀)ပြည့် အခမ်းအနား ကျင်းပပြီး ရုရှားသမ္မတ ပူတင် အပါအဝင် အိန္ဒိယဝန်ကြီးချုပ်၊ အင်ဒိုနီးရှားသမ္မတ၊ မလေးရှားဝန်ကြီးချုပ် စတဲ့ သူ့ရဲ့ မဟာမိတ်တွေကို ဖိတ်ခေါ်ခဲ့တာဖြစ်တယ်။
ဒီအခမ်းအနားနဲ့တဆက်တည်း ဩဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိ တရုတ်နိုင်ငံ တီယန်ဂျင်းမှာ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (Shanghai Cooperation Organization- SCO) အစည်းအဝေး ကျင်းပဖို့ ရှိတယ်။ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (SCO) ဆိုတာ တရုတ်၊ ရုရှားနဲ့ အာရှအလယ်ပိုင်းက ယခင်ဆိုဗီယက်နိုင်ငံဟောင်းတွေ ဖြစ်တဲ့ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျီကစ္စတန်၊ ဥဇဘက်ကစ္စတန်တို့ ပါဝင်တဲ့ အဖွဲ့ပါ။ ခုတော့ အဖွဲ့ဝင် ၁၀ နိုင်ငံရှိပြီလို့ သိရတယ်။ ဒါက တရုတ်နိုင်ငံရဲ့ နှစ် (၈၀) ပြည့် ဖက်ဆစ် ဂျပန် အောင်ပွဲနေ့ အခမ်းအနားနဲ့ ဆက်စပ်နေလို့ ပြောတာပါ။
တရုတ်နိုင်ငံက စက်တင်ဘာ ၃ ရက်မှာ နှစ်(၈၀)ပြည့် ဂျပန်ကျူးကျော်စစ် အောင်ပွဲအခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့က နှစ်(၈၀)ပြည့် ဂျပန်လက်နက်ချအခမ်းအနား(သို့မဟုတ်) ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတဲ့ နှစ်(၈၀)ပြည့် အခမ်းအနားကို ထိုင်ဝမ်ကလည်း တိုင်ပေမြို့မှာ ကျင်းပသွားခဲ့တယ်။
ဖက်ဆစ်ဂျပန် ကျူးကျော်စစ်နဲ့ ပတ်သက်လို့ တရုတ်က သူတို့တရုတ်တပ်မတော်ရဲ့ စွမ်းဆောင်မှုကြောင့် ဒီစစ်ပွဲ အောင်နိုင်ခဲ့တယ်လို့ ဆိုနေချိန်မှာ ထိုင်ဝမ်ကလည်း ဒီစစ်ပွဲမှာ တရုတ် လွတ်မြောက်ရေးတပ်မတော်ရဲ့ အခန်းကဏ္ဍ မည်မည်ရရ ဘာမှ မပါခဲ့ဘူးလို့ဆိုတယ်။ ဖက်ဆစ် ဂျပန် ကျူးကျော်စစ်ကို ခုခံတွန်းလှန်ခဲ့တဲ့ သမိုင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရုတ်ရော ထိုင်ဝမ်ပါ ကိုယ်လိုရာဆွဲပြီး ငြင်းခုံနေကြတယ်။
ဒီစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ အသက်(၉၉)နှစ်အရွယ် ထိုင်ဝမ်စစ်ပြန်ကြီး ပန်ချန်းဖ ကတော့.. “ကျွန်တော်တို့က သူတို့ကို လက်နက်တွေ၊ အသုံးအဆောင်တွေ ပေးခဲ့တယ်။ သူတို့ (ကွန်မြူနစ်တပ်) အင်အားကောင်းလာအောင် ကျွန်တော်တို့ လုပ်ပေးခဲ့ကြတယ်။ ဂျပန်တွေ လက်နက် ချသွားပြီးတဲ့နောက် သူတို့ရဲ့ ပစ်မှတ်ဟာ ကျွန်တော်တို့ဖြစ်လာခဲ့တယ်” လို့ ထိုင်ဝမ်မှာကျင်းပတဲ့ နှစ်ပတ်လည်အခမ်းအနားမှာ ပြောသွား ခဲ့တယ်။
စစ်ပြန်ကြီး ပန် ချန်းဖ ဆိုလိုတာက ဂျပန်လက်နက်ချပြီးတဲ့နောက် မော်စီတုန်းဦးဆောင်တဲ့ ကွန်မြူနစ်တပ်တွေက သူတို့ရဲ့ (ချန်ကေရှိတ်) တပ်တွေကို စတင်တိုက်ခိုက်လာပြီး ၁၉၄၉ခုနှစ်မှာ သူတို့တစ်တွေ ထိုင်ဝမ်ကို ထွက်ပြေး ခဲ့ရတာ ဖြစ်တယ်။

တရုတ်နိုင်ငံကို ဂျပန်က ကျူးကျော်ခဲ့တဲ့ ၁၉၃၇ ခုနှစ်ကစပြီး ဂျပန် နဲ့ တရုတ် စစ်ဖြစ်ပွားနေခဲ့ပြီး ဒီစစ်ပွဲဟာ (၁၈၉၅ ခုနှစ်ကတည်းက ဂျပန်က သိမ်းပိုက်ထားခဲ့တဲ့ ထိုင်ဝမ်ကျွန်းကို) တရုတ်နိုင်ငံဆီ ပြန်လည်ပေးအပ်ခဲ့တဲ့ ၁၉၄၅ ခုနှစ်အထိ ကြာမြင့်ခဲ့တယ်။ လက်ရှိ တရုတ် ကွန်မြူနစ် ပါတီဟာ ပြည်သူတွေကို သူတို့တရုတ်တပ်မတော်က ဖက်ဆစ် ဂျပန်တွေကို ဘယ်လိုတွန်းလှန်ခဲ့ကြောင်း အမြဲတစေ ပြောဆို နေပေမယ့် ဂျပန်တွေကို အဓိက တိုက်ထုတ်ခဲ့တာ ချန်ကေရှိတ် ဦးဆောင်တဲ့ တရုတ်အစိုးရတပ်ဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူစာချုပ်မှာ မဟာမိတ်နိုင်ငံတွေနဲ့အတူ ပါဝင်လက်မှတ်ရေးထိုးခဲ့တာလည်း ချန်ကေရှိတ်ရဲ့ တရုတ်အစိုးရဖြစ်တယ်လို့ ထိုင်ဝမ်ဘက်က ဆိုတယ်။
“တရုတ် သမ္မတနိုင်ငံရဲ့ ဂျပန် တော်လှန်ရေးစစ်ပွဲ ဆင်နွှဲနေချိန်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတာ မပေါ်သေးဘူး။ ဒါပေမဲ့ တရုတ် ကွန်မြူနစ်ပါတီဟာ ပြီးခဲ့တဲ့နှစ်များက မကြာခဏ ဆိုသလို ဂျပန်ကို တော်လှန်တိုက်ခိုက်ခဲ့တာ သူတို့ တပ်မတော်သာဖြစ်တယ်ဆိုပြီး သမိုင်းကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေတယ်” လို့ ထိုင်ဝမ်ရဲ့ တရုတ်မူဝါဒရေးရာတာဝန်ခံ ချူချီချန်းက ဆိုတယ်။
ဂျပန် ကျူးကျော်စစ်ကို ခုခံတွန်းလှန်ရာမှာ တရုတ် Republican တပ်များက အဓိက ဦးဆောင်ပါဝင်ခဲ့ပြီး ကွန်မြူနစ်တပ်များရဲ့ အခန်းကဏ္ဍ အနည်းအကျဉ်းသာ ပါတယ်ဆိုတာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက လက်မခံဘူး။ ဒါဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ သမိုင်းကို တမင် သက်သက်သက် ပုံဖျက်တာဖြစ်တယ်လို့ ဆိုတယ်။ ဂျပန်ကို တွန်းလှန်တိုက်ထုတ်ခဲ့တာ ထိုင်ဝမ်ပါသလို တရုတ်လည်းပါပြီး အားလုံးဟာ တရုတ် ပြည်သူတွေပဲလို့ ဆိုတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မာကျားဟာ သံရုံးဝန်ထမ်းတွေ၊ တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဒုတိယကမ္ဘာစစ် တရုတ်စစ်မှုထမ်းဟောင်းများရဲ့ ဆွေမျိုးများအပါဝင် လူပေါင်း ၁၅၀ လောက်နဲ့ အတူ တောင်ငူမြို့ကို သွားရောက်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတို့နဲ့အတူ ဖက်ဆစ်ဂျပန်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကျဆုံးသွားတဲ့ တရုတ် တပ်ဖြူတော် (White Army) တပ်ဖွဲ့ဝင်တွေရဲ့ အမှတ်တရကျောက်တိုင်မှာ သွားရောက် အလေးပြုခဲ့ကြတယ်လို့ တရုတ်သံရုံးရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရတယ်။ အရင်က ခုလိုမျိုး မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကိုတိုက်ရင်း ကျဆုံးသွားတဲ့ တရုတ်စစ်သားတွေအတွက် ဆုတောင်းတာမျိုး မတွေ့ရလို့ အံ့အားသင့်စရာဖြစ်နေတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကို တိုက်ခိုက်ခဲ့ကြရာမှာ ချန်ကေရှိတ်ရဲ့ တရုတ် တပ်ဖြူတော် (White Army) ဟာ ဗြိတိသျှတပ် တွေနဲ့ အတူ မြန်မာနိုင်ငံ စစ်မြေပြင်မှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ ဂျပန်တွေ စစ်ရှုံးပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားတဲ့အခါမှာတော့ မော်စီတုန်း ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်တပ်တွေနဲ့ ချန်ကေရှိတ်ရဲ့ တရုတ်တပ်တွေ ထိပ်တိုက်တွေ့ပြီး တရုတ်နိုင်ငံမှာ ပြည်တွင်းစစ်ကြီး စတင် ဖြစ်ပွား ခဲ့တော့တယ်။ တရုတ်ပြည်တွင်းစစ်ဟာ ဒုတိယကမ္ဘာစစ်အပြီး လေးနှစ်အကြာ ၁၉၄၉ ခုနှစ်မှာ ချန်ကေရှိတ်ရဲ့ ကူမင်တန်တပ်တွေက ထိုင်ဝမ် ကျွန်းပေါ် ထွက်ပြေးခဲ့ရတာနဲ့ အဆုံးသတ်သွားတယ်။
အမေရိကန် နဲ့ အင်္ဂလိပ်တို့ရဲ့ မဟာမိတ် ချန်ကေရှိတ်က ထိုင်ဝမ်ကို အခြေစိုက်ပြီး တရုတ်သမ္မတနိုင်ငံ (Republic of China) ထူထောင် သလို မော်စီတုန်းရဲ့ တရုတ် ကွန်မြူနစ်ပါတီကလည်း (People Republic of China ) ဆိုပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ်မှာ ထူထောင် ခဲ့တယ်။ ထိုင်ဝမ်က တရုတ်ပြည်မကို သူတို့ပိုင်ဆိုင်တယ်လို့ ခံယူထားသလို တရုတ်ကလည်း ထိုင်ဝမ်ဟာ သူ့နိုင်ငံရဲ့ ခွဲခြားမရတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ ခံယူထားပြီး ဒီနေ့အထိ ထိလွယ် ရှလွယ်တဲ့ နိုင်ငံတကာ အရေးတစ်ခုအဖြစ် တည်ရှိနေဆဲပါ။
ref: China and Taiwan competing World War 2 narratives, CNA.

