မြန်မာနိုင်ငံတွင် ပျူခေတ်ကတည်းက စဉ့်လက်ရာများ ရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံမှ အေဒီ ၈၆၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော တရုတ်အဖွဲ့၏ မန်းရှူးကျမ်းလာ မှတ်တမ်းများအရ သိရပါသည်။ မှတ်တမ်းတွင် ပျူမြို့တစ်မြို့သို့ ရောက်ရှိခဲ့ရာ စဉ့်အိုး၊ စဉ့်ထည်များ၊ စဉ့်ပန်းကန်များကို အသုံးပြုကြကြောင်း၊ အဝတ်ဖြူများဝတ်၍ ငွေဒင်္ဂါးများ အသုံးပြုကြောင်း ၊ အကြောင်းကိစ္စရှိပါက မြို့လယ်ရှိ ပေ (၈၀) ခန့် မြင့်သော ကျောက်ဖြူသားဖြင့် ဗုဒ္ဓဆင်းတုတော်အား ပူဇော်တိုင်တည် ကြကြောင်း သိရှိရပါသည်။ ထို့ကြောင့် အေဒီ ၈၆၃ ခုနှစ် မတိုင်မီကပင် မြန်မာနိုင်ငံ၌ စဉ့်ယဉ်ကျေးမှု စတင်ထွန်းကား နေပြီဖြစ်သည်။
ပုဂံဒေသတစ်ဝိုက်တွင် အေဒီ(၉)ရာစုခန့်မှစ၍ စဉ့်ထည်၊ စဉ့်သုတ် အနုပညာလက်ရာများ ရှိခဲ့ကြောင်း လက်ရှိတွေ့မြင်နေရသော ရှေးဟောင်းအဆောက်အအုံများနှင့် တွေ့ရှိထားသော ရှေးဟောင်းပစ္စည်းများက သက်သေခံလျက် ရှိပါသည်။ အေဒီ (၁၁)ရာစုမှစ၍ စဉ့်ပန်း၊ စဉ့်ရုပ်၊ စဉ့်ဇာတ်ကွက်များ တွင်ကျယ်စွာ ပြုလုပ် တန်ဆာဆင်လာခဲ့သည်ကို တွေ့ရှိနိုင်ပါသည်။
ထို့အပြင် ပုဂံဒေသတွင် စဉ့်ဖိုများကိုပါ တွေ့ရှိထားပြီဖြစ်ရာ ပုဂံရှိ စဉ့်အနုပညာလက်ရာများကို ပုဂံတွင်ပင် ထုတ်လုပ်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
“စဉ့်”ဟူသော ဝေါဟာရ
“စဉ့်”ဟူသော ဝေါဟာရကို ပုဂံခေတ်ကတည်းက ခေါ်ဆိုခဲ့ကြောင်းကို အလိုတော်ပြည့်ဘုရား အာရုံခံနှင့်တိုက်မကြား တောင်ဘက် နံရံတွင် ရေးထိုးခဲ့သည့် သက္ကရာဇ် (၅၅၆)ခုနှစ်ပါ မင်စာ (၁၆) ကြောင်းအနက် (၆)ကြောင်းမြောက်တွင် “စဉ့်ပုထို”ဟု ပါရှိသဖြင့် အထောက်အထား ခိုင်မာပါသည်။ အဆိုပါ စဉ့်ပုထိုးမှာ အလိုတော်ပြည့် ဘုရား အနောက်ဘက် တည့်တည့်ကပ်လျက်ရှိ စဉ့်စေတီကို ညွှန်းပါသည်။
အဆိုပါ မင်စာ (၁၆)ကြောင်းကို ယခုခေတ် အက္ခရာဖြင့် ပြန်ဆိုသော် အောက်ပါအတိုင်း ဖြစ်ပါသည် –
၁။ ။ သက္ကရာဇ် ၅၅၆။ နံကာလဆန် ၁၁ သောကြာနေ့။
၂။ သင်ကြီးငါတုတ်သင် မယားချင်လင်ပြုခဲ့သော
၃။ ဘုရားသခင် ပတင်းသိုဝ်သောသို့၊ မယားပေးသောသို့ပေး
၄။ ရစ်စေလိုရကား၊ အလိုဝ်ပြည့်မည်သောကိုလှူ။
၅။ သင်ကြီးနောင်နင်း အနန္တပို့၊ အလိုဝ်အား ထင်မူ၍၏။ လှူ
၆။ . . . ခိုနှစ် သက်သေမူသော . . . စဉ့်ပုထိုးတွင်
၇။ သင်ကြီး . . . တုတ်သင် ၁။ စည်သူမြည်သော . . . မိမင်း .
၈။ ကျောင်းသင်ငါကျွန်သင် ၁။ သင်ကြီး . . င် ၁။ ပဉ္စင်း ငါ
၉။ ဖုန်းသင် ၁။ ငါကြောင်နန်၊ ငါနိုင် . င် ၁။ ငါထွေးတင်သား
၁၀။ ကျန်ငါတိုင်ပင် . င် ၁။ ငါဖြည်သင် ၁။ ငါဖြစ်သင် ၁။ ငါဖြန်
၁၁။ သင် . ဤသော . .ငါလှူခဲ့သော တေးကား၊ ငါ့မိ
၁၂။ ငါ့ဖ ငါ့ . ငါ့မျိုးငါ့ဆွေ ငါ့ဘေး ငါ့ကျေး ငါ့ကျွန် ။
၁၃။ ဤ ငါမူသော ကျေးဇူး . . စေသောတေး။ နိဗ္ဗာန်
၁၄။ အား . . . . တ။ ငါ့လင်တေဘွယ်လင် ကျွန်ငါး
၁၅။ . . . တုတ်။ ငါ . . . မကျန်သာ
၁၆။ . . တေ။ ငါသက်သေ မူခဲ့သော ဟုတ်တာ။
ပုဂံရှိ စဉ့်အနုပညာလက်ရာ အမျိုးအစားများ
ပုဂံတွင် တွေ့ရသော စဉ့်အနုပညာလက်ရာများကို –
၁။ မြေမီးဖုတ်စဉ့်သုတ်လက်ရာ၊
၂။ သဲကျောက်ပေါ်တွင် စဉ့်သုတ်လက်ရာ ဟူ၍ နှစ်မျိုး ခွဲခြား နိုင်ပါသည်။
ပုဂံမြို့ဟောင်းရှိ စဉ့်လက်ရာရှိသော ဘုရားစေတီများ
ပုဂံတွင် မြေမီးဖုတ် စဉ့်သုတ်လက်ရာများရှိသော ဘုရား ၂၂ ဆူနှင့် သဲကျောက်ပေါ်တွင် စဉ့်သုတ်လက်ရာရှိသော ဘုရား ငါးဆူ၊ စုစုပေါင်း ၂၇ ဆူ တည်ရှိနေပါသည်။
မြေမီးဖုတ်စဉ့်သုတ်လက်ရာရှိသော စေတီများမှာ –
၁။ အာနန္ဒာဂူဘုရား၊
၂။ ဓမ္မရာဇိကစေတီ၊
၃။ မင်္ဂလာစေတီ၊
၄။ ရွှေဆံတော်စေတီ၊
၅။ ဆင်များရှင်ဘုရား၊
၆။ ရတနာမာရ်အောင်ဘုရား၊
၇။ ဂရိုးချိုးဘုရား၊
၈။ တောင်တဝက်ဘုရား၊
၉။ ဖွတ်စေတီ၊
၁၀။ ဖားစေတီ၊
၁၁။ ငကျွဲနားဋောင်းစေတီ၊
၁၂။ ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှေ့မျက်နှာစာရှိ သရက်ကျင်းဂူဘုရား၊
၁၃။ အလိုတော်ပြည့် ဘုရား အနောက်ဘက် တည့်တည့်ကပ်လျက်ရှိ စဉ့်စေတီ၊
၁၄။ အလိုတော်ပြည့် ဘုရား တောင်ဘက် ယာခင်းအတွင်းရှိ စဉ့်ကွက်စေတီကြီး၊
၁၅။ စူဠာမဏိဘုရား၊
၁၆။ မဟာဗောဓိဘုရား မြောက်ဘက်ရှိ ရတနာဃရစံအိမ်တော်မှ နောက်ခံတံကဲ၊
၁၇။ ကုဿိနာရုံဘုရား အနီးရှိ မှန်စေတီ၊
၁၈။ ဓမ္မရာဇိကစေတီ အရှေ့မြောက်ထောင့်ရှိ မှန်ဘုရား၊
၁၉။ နဂါးရုံဘုရား၊
၂၀။ ရွှေဂူကြီးဘုရား၊
၂၁။ စိုးမင်းကြီးဘုရား၊
၂၂။ ကန်တော့ပလ္လင်ဘုရား တို့ဖြစ်သည်။
သဲကျောက်ပေါ်တွင် စဉ့်သုတ်လက်ရာရှိသော စေတီများမှာ –
၁။ ရွှေစည်းခုံစေတီ၊
၂။ ထီးလိုမင်းလိုစေတီ၊
၃။ အလိုတော်ပြည့်ဘုရား တောင်ဘက်ရှိ ဘုရားအမှတ် (၁၇၅၆) ဂူဘုရား၊
၄။ တရုတ်ပြေးဘုရား၊
၅။ ဂရိုးချိုးဘုရားရှိ စဉ့်ပန်းများ တို့ဖြစ်ပါသည်။
စဉ့်ကွင်းရှိသော ပုဂံဘုရားများ
(၅၅၀) ဇာတ်နိပါတ် သရုပ်ဖော် စဉ့်ကွင်းများ တည်ရှိသော ဘုရားများမှာ-
၁။ ရွှေစည်းခုံစေတီ၊
၂။ ဓမ္မရာဇိကစေတီ၊
၃။ မင်္ဂလာစေတီ၊
၄။ အာနန္ဒာဂူဘုရား တို့ဖြစ်ပါသည်။
တစ်ဆူလုံး စဉ့်သုတ်ထားသော ပုဂံဘုရားများ
ပုဂံတွင် တစ်ဆူလုံးနီးပါး စဉ့်စိမ်းသုတ်ထားသော ဘုရားများမှာ –
၁။ ငကျွဲနားဋောင်းစေတီ၊
၂။ စဉ့်စေတီ၊ ဘုရားအမှတ် (၃၇၆)၊
၃။ မင်္ဂလာစေတီမှ ထောင့်အရံစေတီများ ဖြစ်ပါသည်။
ထူးခြားထင်ရှား စဉ့်လက်ရာရှိသော ပုဂံဘုရားများ
အာနန္ဒာ ဂူဘုရားကြီးရှိ စဉ့်ကွင်းများ
ပုဂံဒေသတွင် စဉ့်ကွင်းရှိသော ဘုရားများဖြစ်သည့် ရွှေစည်းခုံစေတီ၊ ဓမ္မရာဇိကစေတီ၊ မင်္ဂလာစေတီနှင့် အာနန္ဒာဂူဘုရား လေးဆူအနက် အာနန္ဒာဂူဘုရားမှ စဉ့်ကွင်းလက်ရာများမှာ လက်ရာ အကောင်းဆုံးဖြစ်သည်။ အာနန္ဒာဂူဘုရားကြီး၏ အထက်ပစ္စယာ အဆင့်ဆင့် နှင့် အောက်ခြေ ပတ်လည် စဉ့်ကွင်းများပြုလုပ် တန်ဆာဆင်ထားပါသည်။ အာနန္ဒာဂူဘုရားကြီးသည် ပုဂံမြို့ သရပါတံခါး အပြင်ဘက်တွင် တည်ရှိပါသည်။
ထိုသို့ လက်ရာကောင်းမွန်စွာဖြင့် ယနေ့တိုင် တည်ရှိနေရခြင်းမှာ မူလပြုလုပ်စဉ်ကပင် စဉ့်မသုတ်မီ ရုပ်တုပုံဖော်ရာ၌ ပြတ်သားပီပြင်စွာ ပုံဖော်ခဲ့ခြင်း၊ အပေါ်ထပ် ပစ္စယာများဆီသို့ တက်ရောက်ရန် လှေကားများ တပ်ဆင်မထားသဖြင့် ထိတွေ့ ကိုင်တွယ်မှု ဘေးမှ ကင်းဝေးခြင်း၊ ခေတ်အဆက်ဆက် ဆရာတော်ကြီးများနှင့် ဂေါပကများက ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း၊ ရှေးဟောင်း သုတေသန နှင့်အမျိုးသား ပြတိုက်ဦးစီးဌာနမှ ရှေးမူလက်ရာမပျက် နည်းစနစ်ကျနစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း တို့ကြောင့် ဖြစ်သည်။
အထက်ပစ္စယာ အဆင့်ဆင့်တွင် အပ္ပဏကဇာတ်မှ ဝေဿန္တရာဇာတ်အထိ ငါးရာ့ငါးဆယ် ဇာတ်နိပါတ် သရုပ်ဖော် စဉ့်ကွင်းပေါင်း (၉၀၁)ချပ်ကို အကြီး၊ အလတ်၊ အသေး တဖြည်းဖြည်း ရှူးသွားသကဲ့သို့ ပြုလုပ် တန်ဆာဆင် ထားပါသည်။ အာနန္ဒာဘုရား အောက်ခြေ ပတ်လည်မှ စဉ့်ကွင်းများမှာ အခြားသော ဘုရားများရှိ စဉ့်ကွင်းများနှင့်အတူ တစ်မူကွဲနေသည်။ အောက်ခြေ ပတ်လည်တွင် မာရ်နတ် စစ်သည်များ ချီတက်တိုက်ခိုက်လာပုံ၊ မာရ်နတ်စစ်သည်များ ထွက်ပြေးပုံ များကို မာရ်နတ်မင်း၏ စစ်သည်ဗိုလ်ပါများက ခြင်္သေ့၊ ကျား၊ ကျွဲ၊ နဂါး၊ ဂဠုန်၊ ဗျာလ၊ မကာရ်း၊ လင်းတ စသော စီးတော်ယာဉ်များစီးလျက် လက်နက်မျိုးစုံစွဲကိုင် ချီတက်လာပုံ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော ရုပ်အဆင်းများဖြင့် ခေါင်းထိပ်၊ နှာခေါင်း၊ မျက်လုံး၊ နား၊ ပါးစပ်တို့မှ မြွေထွက်နေသော မာရ်နတ်စစ်သည်ပုံများကို ပြုလုပ် ထားပါသည်။ တစ်ဖန် ဗြဟ္မာ၊ သိကြား၊ လောကပါလ နတ်မင်းကြီး (၄)ပါး၊ နတ်ဒေဝတာများနှင့် ယက္ခသေနာပတိ (၂၈) ပါးတို့က ကျက်သရေ မင်္ဂလာရှိသော လှံ၊ အိမ်မွန်၊ ငါးကြင်းနှစ်ကောင်၊ ကြာအိုး၊ တံခွန်၊ ကုက္ကား၊ မီးရှူးတိုင်၊ ချွန်းတောင်းစသည်တို့ဖြင့် ဘုရားရှင်အား ပူဇော်နေ ကြဟန် သရုပ်ဖော် စဉ့်ကွင်းပေါင်း (၅၅၂)ချပ် တို့ဖြင့် တန်ဆာဆင် တည်ရှိနေကြောင်း လေ့လာ သိရှိ ရပါသည်။
စဉ့်ကွင်းများအားလုံး၏ အောက်ခြေတွင် ပါဠိဘာသာ၊ အေဒီ(၁၁)ရာစုမွန် အက္ခရာဖြင့် ဇာတ်ကွက် သရုပ်ဖော်ပုံအား ကမ္ပည်း ရေးထိုး ထားသည်။ စဉ့်ကွင်းများအားလုံကို မြေမီးဖုတ် စဉ့်စိမ်းသုတ် ထားသည်။
စိုးမင်းကြီးဘုရားကြီးရှိ စဉ့်ပန်း၊ စဉ့်ရုပ်များ
ညောင်ဦး – ချောက် ကားလမ်းမကြီး၏ နံဘေးတွင် တည်ရှိကာ စိုးမင်းကြီး အုတ်ကျောင်း၊ စိုးမင်းကြီးဘုရား၊ မဟာရံတံတိုင်းများဖြင့် အတင့်အတယ် တည်ရှိခဲ့ပါသည်။ စိုးမင်းကြီးဘုရားမှ စဉ့်ပန်းများနှင့် စဉ့်ရုပ်များမှာ လက်ရာ ထူးခြားပါသည်။ အေဒီ (၁၂)ရာစု ခန့်တွင် တည်ထားခဲ့သော စေတီတော်၏ ဉာဏ်တော်မှာ (၁၃၅)ပေမြင့်ပြီး အောက်ခြေတွင် ကလာသာအိုးပုံ နှစ်ဆင့်ခံကာ ချဉ်မိတ်တိုးတန်းများတွင် မြေမီးဖုတ်စဉ့်ပန်းများ၊ စဉ့်ရုပ်များဖြင့် တန်ဆာဆင်ထားသည်မှာ လွန်စွာ လှပပါသည်။
စဉ့်ပန်းများကို ကြာရိုး၊ ကြာစွယ်၊ ကြာနွယ်၊ ကြာဖူးပုံများ ပြုလုပ်ထားပါသည်။ ကြာနွယ်များ၏ အလယ်တွင် ခေါင်းသုံးလုံးရှိသော ဧရာဝဏ်ဆင်ဖြင့် တန်ဆာဆင်ကာ ကြာရိုး၊ ကြာနွယ် ကနုတ်ပန်းများကို ကြွလာအောင် သုံးလွှာကို ကော့၍၊ ထောင်၍၊ နှိုက်၍ လိမ်၍၊ လျှော၍ လှပစွာ ပုံဖော်ထားပါသည်။
ကြာရိုး၊ ကြာနွယ်များ ကြားတွင် ဗုံတီးနေသောသူ၊ ကနေသူ၊ ကြက်တူရွေး၊ ဇီးကွက်၊ ကြိုးကြာ၊ ဒရယ်၊ ကျားသစ်၊ ငါး၊ ဝက်၊ မိကျောင်း စသည့် လူနှင့် တိရစ္ဆာန် ရုပ်များ ပြုလုပ်ထားပါသည်။
စဉ့်ရုပ်များမှာ လက်ရာကောင်းမွန်လှသဖြင့် ခိုးယူခြင်းခံခဲ့ရပါသည်။ အချို့ကို ပုဂံရှေးဟောင်း သုတေသနပြတိုက်တွင် ပြသ ထားပါသည်။
တစ်ဆူလုံးနီးပါး စဉ့်သုတ်ထားသော ဘုရားများ
(က) ငကျွဲနားဋောင်းစေတီ
ပုဂံမြို့ သဗ္ဗညုဘုရားကြီး၏ အနောက်ဘက်တွင် တည်ရှိပါသည်။ အေဒီ (၉)ရာစု လက်ရာဟု ခန့်မှန်းပါသည်။ အေဒီ (၁၀) ရာစု တောင်သူကြီးမင်း တည်ခဲ့သော ပုထိုးငါးဆူတွင် တစ်ဆူအပါအဝင် ဖြစ်သည်ဟုလည်း ဆိုကြပါသည်။ စေတီတော်၏ ပုံသဏ္ဌန်မှာ အောက်ရှူး အထက်ကားသော ပျူခေတ်စေတီပုံမျိုးဖြစ်ပါသည်။ ထိုစေတီအား မည်သို့ စဉ့်သုတ်သည်၊ မည်သို့ အပူပေးသည်ကို လေ့လာရန် လိုအပ် လှပေသည်။
စဉ့်သုတ်ပြီးအုတ်များကို စီထားသည်ဟု တွေးဆပါက စေတီကြီးမှာ အောက်ရှူး၍ အထက်ကားနေသဖြင့် ပုံဖော်ရန် အုတ်များကို ခုတ်စီရမည် ဖြစ်ပါသည်။ စဉ့်ရည်သုတ်ပြီးမှ အပူပေးပြန်လျှင်လည်း ၉၀၀ ဒီဂရီ စင်တီဂရိတ်မှ ၁၅၀၀ ဒီဂရီ စင်တီဂရိတ်ထိ အပူပေး ရမည် ဖြစ်ပါသည်။ အပြင်မှ မည်ကဲ့သို့ ပြင်းစွာသော အပူပေးသည်ကို စဉ်းစားဖွယ် ဖြစ်ပါသည်။ ထို့ကြောင့် ထူးခြားရှားပါးလှသော လက်ရာ တစ်ခုအဖြစ် တည်ရှိနေပါသည်။
၁၉၇၅ ခုနှစ် ငလျင်လှုပ်စဉ်က ကြီးမားသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ်ခဲ့ပြီး နောက်ထပ် ကွဲထွက်မသွားစေရန်အတွက် သံခါးပတ်တန်းဖြင့် ပတ်စည်းပေးခဲ့ရပါသည်။
(ခ) စဉ့်စေတီ (ဘုရားအမှတ် ၃၇၆)
ပုဂံမြို့ အလိုတော်ပြည့်ဘုရား၏ အနောက်ဘက် တည့်တည့် ကပ်လျက် တည်ရှိနေ ပါသည်။ ခေါင်းလောင်းနားမှ အထွတ်အထိ စဉ့်စိမ်းရောင် သုတ်ထားပါသည်။ အဆိုပါ ဘုရားတွင် စဉ့်ရည်သုတ်ရာမှ စီးကျလာသော စဉ့်ရည်သီးများကို လေ့လာတွေ့ရှိ ရခြင်း အားဖြင့် လည်းကောင်း၊ စီးကျလာပြီးနောက် ခါးတောင်းကျိုက်ဝင်သွားသော စဉ့်ရည်များကို လေ့လာတွေ့ရှိရခြင်းအားဖြင့် လည်းကောင်း အုတ်စီ ပြီးမှသာ စဉ့်သုတ်သည်ဟု ယူဆနိုင် ပါသည်။
(ဂ) မင်္ဂလာစေတီမှ စေတီရံများ
ညောင်ဦး – ချောက် ကားလမ်းမကြီး အနီးတွင် တည်ရှိပါသည်။ စေတီရံ လေးဆူမှာ တတိယ ပစ္စယာပေါ်တွင် တည်ရှိပြီး စေတီရံများရှိ ဘီလူးပန်းဆွဲများ၊ ပန်းထောင်များမှာ လွန်စွာလှပပါသည်။ စဉ့်အစိမ်းရောင်နှင့် အဝါရောင် နှစ်မျိုးကို အသုံးပြုထားပါသည်။ အဆိုပါစေတီရံများမှ စဉ့်လက်ရာများသည် စဉ့်သုတ်ပြီးမှ ကပ်ထားသည်မှာ ထင်ရှားပါသည်။
ထူးခြားရှားပါးသော စဉ့်ပန်းချီလက်ရာ
ပုဂံတွင်သာမက ကမ္ဘာမှာပင် ထူးခြားရှားပါးသော စဉ့်ပန်းချီလက်ရာကို ပုဂံမြို့ မဟာဗောဓိ ဘုရား မြောက်ဘက်ရှိ ရတနာဃရ စံအိမ်တော်မှ နောက်ခံတံကဲတွင် တွေ့ရပေသည်။ ၁၉၇၅ ခုနှစ် ငလျင်လှုပ်စဉ်က အစိတ်စိတ်အမြွှာမြွှာ ပျက်စီးခဲ့ရပြီး ယခု လက်ယာတော်ရံ အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီး ဘုရားရှင်အား ဒူးတုတ် ရှိခိုးနေဟန်နှင့် ပန်းပွင့်များသာ ကျန်ရှိတော့ပေသည်။
စဉ့်ကို အရောင်စုံအသုံးပြုခဲ့သည်ကို တွေ့ရသဖြင့် ဂုဏ်ယူဖွယ်ရာ ဖြစ်ပေသည်။ ထို့အပြင် မဟာဗောဓိစေတီမှာ အေဒီ (၁၃) ရာစု နားဋောင်းများမင်း လက်ထက်တွင် တည်ထားခဲ့သော်လည်း ရတနာဃရစံအိမ်တော်ကြီး၏ ကြမ်းခင်းနှင့် မဟာဗောဓိဘုရား၏ ကြမ်းခင်းမှာ အနည်းဆုံး ရှစ်ပေ ကွာလျက် ရှိပါသည်။ အများအားဖြင့် ပုဂံမြို့ဟောင်းအတွင်း ရှေးကျသော အေဒီ (၁၁)ရာစု လက်ရာ ဘုရားများမှာ လက်ရှိမြေပြင်ထက် လေးပေမှ ရှစ်ပေ အထိ နိမ့်ဆင်းနေသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် ရတနာဃရစံအိမ်တော်မှ စဉ့်ပန်းချီမှာ အေဒီ (၁၁)ရာစု လက်ရာအဖြစ် မှတ်ယူနိုင်ပေသည်။
ပုဂံတစ်ဝိုက်ရှိ စဉ့်ဖိုများ
ပုဂံတွင် စဉ့်ဖိုများအား မြင်းကပါရွာ အနီးတစ်ဝိုက်တွင် တူးဖော်တွေ့ရှိခဲ့ပါသည်။ စဉ့်ဖိုပေါင်း ခုနှစ်ဖိုအား တူးဖော် တွေ့ရှိခဲ့ပြီး ဖြစ်ပါသည် –
၁။ စဉ့်ဖို အမှတ် (၁)
မြင်းကပါရွာ အရှေ့တောင်ဘက်တွင် တည်ရှိပါသည်။ ၁၉၆၃ ခုနှစ်တွင် Mr. Strologo နှင့် အမှတ်(၁) စက်မှုဝန်ကြီးဌာနမှ ဦးကျော်ငြိမ်းတို့ တူးဖော်ခဲ့ ပါသည်။ ၎င်းတို့၏ ဓာတ်ခွဲစမ်းသပ် တွေ့ရှိချက်အရ စဉ့်ရည် ပြုလုပ်ရာတွင် ပါဝင်သော ဓာတု ပစ္စည်းများ ပါဝင်သည်ဟု သိရပါသည်။ ၁၉၉၉ ခုနှစ်တွင် ပုဂံ ရှေးဟောင်းသုတေသန ပြတိုက်၌ နိုင်ငံတကာမှ စဉ့်ပညာရှင်များနှင့် ပူးပေါင်းလျက် စာတမ်းဖတ်ပွဲ ကျင်းပပြီးနောက် သြစတြေးလျနိုင်ငံမှ စဉ့်ပညာရှင် Mr. Don Hein နှင့် ရှေးဟောင်းသုတေသနဌာနမှ အရာထမ်း ၊အမှုထမ်းများ ပူးပေါင်း၍ ထပ်မံ တူးဖော်မှု ပြုလုပ်ခဲ့ပါသည်။
၂။ စဉ့်ဖို အမှတ် (၂)
မြင်းကပါရွာအတွင်း တောင်ဘက်ပိုင်းရှိ နေအိမ်ခြံဝင်း တစ်ခုအတွင်း တည်ရှိပါသည်။ ၁၉၈၈ ခုနှစ် မတိုင်မီက လူများ၊ စက်ဘီးများ ဖြတ်သန်းသွားလာရာ လမ်းမပေါ်တွင် တည်ရှိခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာနမှ လူသွားလမ်းအား လွှဲလျက် တူးဖော်၊ ထိန်းသိမ်းမှု ပြုလုပ်ခဲ့ပါသည်။ ၎င်းစဉ့်ဖို၏ နှုတ်ခမ်းပတ်လည်တွင် စဉ့်အစိမ်းရောင်များနှင့် အဝါရောင်များ ပေကျံနေဆဲ ဖြစ်ပါသည်။
၃။ စဉ့်ဖို အမှတ် (၃)
မြင်းကပါရွာ၏ အနောက်တောင်ဘက် ရွှေဥမင်ကျောင်း၏ မြောက်ဘက် သရက် တောအတွင်း တည်ရှိပါသည်။ ၁၉၈၉ ခုနှစ်တွင် ရှေးဟောင်း သုတေသနမှ တူးဖော်မှု တံတိုင်းကာရံ ထိန်းသိမ်း ခဲ့ပါသည်။ အဆိုပါ စဉ့်ဖိုမှာ မီးထိုးပေါက်နှင့် မီးခိုးထွက်ပေါ် ထူးခြားစွာ ပါရှိနေပေသည်။ ထို့ပြင် နှုတ်ခမ်းပတ်လည်တွင် တိုင်ကျင်းရာများ တွေ့ရှိရသဖြင့် မူလက အပေါ်တွင် အမိုးပြုလုပ်ခဲ့ဖွယ် ရှိပေသည်။
၄။ စဉ့်ဖို အမှတ် (၄)
မြင်းကပါရွာ၏ အနောက်တောင်ဘက် လေသာကျောင်း၏ အရှေ့ဘက်တွင် တည်ရှိပါသည်။ အဆိုပါ စဉ့်ဖို၏ မီးထိုးပေါက်မှာ အရှေ့ဘက်လှည့်ထားပြီး အဝိုက်၊ အလျောဖြင့် တည်ဆောက် ထားပါသည်။ ပုံသဏ္ဌန်မှာ အဝိုင်းပုံ မဟုတ်ဘဲ ဘဲဥပုံပန္နက် ဖြစ်သည်။ မီးခိုးထွက်ပေါက် မပါရှိချေ။ စဉ့်ဖိုနှုတ်ခမ်းပတ်လည်တွင် စဉ့်စိမ်းရောင်များ ကျန်ရှိ နေသေးသည်။
၅။ စဉ့်ဖို အမှတ် (၅)
မြင်းကပါရွာ၏တောင်ဘက် အပယ်ရတနာဘုရား၏ အနောက်ဘက် ကိုက် ၁၀၀ ခန့်တွင် တည်ရှိပါသည်။ ၎င်းဖိုမှာ မီးထိုးပေါက်နှင့် မီးခိုးပေါက် နှစ်ပေါက်လုံး ပါရှိပြီး စဉ့်ဖို တစ်ဝိုက်တွင် စဉ့်သုတ်အိုး အစိတ်အပိုင်းများနှင့် စဉ့်ချော်များ အများအပြား တွေ့ရပါသည်။
၆။ စဉ့်ဖို အမှတ် (၆)
မြင်းကပါရွာ စိမ်းညက်ညီအစ်မဘုရားနှစ်ဆူ၏ အနောက်ဘက် ကိုက် ၁၅၀ အကွာ တွင် တည်ရှိပါသည်။ စဉ့်ဖိုနှုတ်ခမ်းပတ်လည်တွင် အစိမ်းရောင်စဉ့်စဉ့်သားများ ပေကျံလျက် ရှိနေပါသည်။ စဉ့်ဖို တစ်ဝိုက်တွင် စဉ့်သုတ် အစိတ်အပိုင်းများနှင့် စဉ့်ချော်များ အများအပြား တွေ့ရပါသည်။
၇။ စဉ့်ဖို အမှတ် (၇)
မြင်းကပါရွာတောင်ဘက် အပယ်ရတနာဘုရား၏ အရှေ့တောင်ဘက် ကိုက် ၅၀ခန့် အကွာ၊ ပုဂံမြို့သစ်သွားလမ်း၏ အနောက် ကပ်လျက်တွင် တည်ရှိပါသည်။ ၎င်းစဉ့်ဖိုမှာလည်း အမှတ် (၂) စဉ့်ဖိုကဲ့သို့ပင် လူသွားလမ်းပေါ်တွင် တည်ရှိနေခဲ့ပါသည်။ ကားလမ်းနှင့် နီးကပ်စွာ တည်ရှိနေသောကြောင့် သံပိုက်တန်းများဖြင့် ကာရံထိန်းသိမ်းထားပါသည်။ တူးဖော်မှု ပြုလုပ်စဉ်က စဉ့်သုတ်ပစ္စည်း အစိတ်အပိုင်း များနှင့် စဉ့်ချော်များ အများအပြား တွေ့ရပြီး ထူးခြားစွာ ပုတီးစေ့များကိုပါ တူးဖော်တွေ့ရှိခဲ့ပါသည်။
အကြောင်းအရာ တစ်ခုစီအား ထုတ်နုတ်၍ ရေးသားရမည်ဆိုလျှင်ပင် ရေးသားတင်ပြစရာများ လွန်စွာ များပြားလှပေသည်။ အာနန္ဒာဘုရား တစ်ဆူတည်းကိုပင်လျှင် ရေးသားမည်ဆိုပါက ရေး၍ မကုန်နိုင်ပေ။ ထို့ကြောင့် ထူးခြား၊ ထင်ရှားသော လက်ရာများ တည်ရှိနေသည့် စေတီ၊ ဘုရားများနှင့် အနုပညာ လက်ရာမြောက်မှုများကိုသာ ဦးတည်၍ ရေးသားဖော်ပြရခြင်း ဖြစ်ပေသည်။
စဉ့်စေတီများကို စဉ့်အုတ်လေးများ တစ်ချပ်စီ လိုက်ကပ်၍ တည်ဆောက်ခဲ့ခြင်းမဟုတ်ဘဲ စေတီ တစ်ဆူလုံး တည်ဆောက်ပြီးနောက် အပေါ်မှ စဉ့်ရည်လောင်းချပြီး အပူပေး၊ အခြောက်ခံသော နည်းစနစ်ကို အသုံးပြုခဲ့မည်ဟု ယူဆရပါသည်။ အဆိုပါအချက်ကို စဉ့်စေတီ၊ ဘုရားအမှတ် (၃၇၆)တွင် စဉ့်ရည်သုတ်ရာမှ စီးကျလာသော စဉ့်ရည်သီးလေးများက ထောက်ခံနေပေသည်။ သို့သော် စဉ့်စေတီကြီးများအား မည်သို့ အပူပေးသည်၊ မည်သို့ စဉ့်ရည်သုတ်လောင်းသည်ကိုမူ သုတေသနပြုလုပ်ရန် လိုပေသေးသည်။
စဉ့်ကွင်းရုပ်ချပ်များကို လေ့လာရခြင်းအားဖြင့် ပုဂံခေတ်၏ ကြေးမုံပြင်အဖြစ် ထိုခေတ်က မြင်းလှည်းပုံ၊ နွားလှည်းပုံ၊ ထိုခေတ်မှ အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ကိရိယာများ၊ ထိုခေတ်မှ ဝတ်စား ဆင်ယင်မှုများ၊ အဆင်တန်ဆာများ၊ အဆောက်အအုံများ စသည်တို့ကို လေ့လာ သိရှိနိုင်ပေသည်။
စဉ့်ကွက် သေးသေးလေးများအတွင်း၌ ပြုလုပ်ထားသော အရုပ်ကလေးများမှာ လွန်စွာ သေးငယ် သော်လည်း ပီပြင်ထင်ရှားစွာ ပုံဖော်ပြုလုပ်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့ပြင် ဇာတ်ကြီး (၁၀)ဘွဲ့ကို တင်ပြရာ၌ အများသိထားသော “ဘူ၊ စံ၊ နာ၊ ဝိ၊ ဝေ” ဖြင့် မသွားဘဲ “ စံ၊ ဘူ၊ နာ၊ ဝိ၊ ဝေ” ဖြင့် တင်ပြသွားသည့်ကိုလည်း အထောက်အထား တစ်ရပ်အနေဖြင့် လေ့လာတွေ့ရှိ ရပါသည်။
ပုဂံခေတ်တွင် စဉ့်ကို အဖြူ၊ အဝါ၊ အစိမ်းအနု၊ အစိမ်းအရင့်၊ အညိုရောင်၊ နီညိုရောင် များဖြင့် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်းနှင့် မည်သူမျှ မစဉ်းစားမိသော စဉ့်ချော်ရည်ကို သဲကျောက်ပေါ်တွင် တင်၍ မီးဖုတ်ခြင်းကို အေဒီ (၁၁) ရာစုကပင် မြန်မာတို့ တီထွင် အသုံးပြုခဲ့ သည်မှာ အထူးပင် လေးစားဂုဏ်ယူဖွယ် ဖြစ်ပေသည်။ ပုဂံဒေသရှိ စဉ့်လက်ရာများသည် မြန်မာ့ယဉ်ကျေးမှုသမိုင်း မြင့်မားခဲ့သော အထောက်အထား များပင် ဖြစ်ပေတော့သည်။ ပုဂံခေတ်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကာ ပုဂံ၌ပင် စဉ့်ဖိုများ တည်ဆောက်လျက် စေတီပုထိုးများတွင် အဆင်တန်ဆာအဖြစ် အသုံးပြုခဲ့သော စဉ့်အုတ်၊ စဉ့်ကွင်း၊ စဉ့်ချပ်၊ စဉ့်ပန်းများ စသော စဉ့်အနုပညာလက်ရာများအား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဂုဏ်ယူစွာ ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားအပ်ပေသည်။
ကျမ်းကိုးစာရင်း
၁။ အောင်ကြိုင်၊ မင်းဘူး လက်ရာစုံစွာ အာနန္ဒာ ၁၉၈၇ ခုနှစ်၊ စာပေဗိမာန်
၂။ သန်းဆွေ၊ ဦး ပုဂံစေတီပုထိုးများ စံရှားစာပေတိုက်
၃။ ဗိုလ်ကေ၊ ဦး ပုဂံသုတေသနလမ်းညွှန် ၁၉၈၁ ခုနှစ်၊ စာပေဗိမာန်
၄။ အောင်ကြိုင်၊ မင်းဘူး ပုဂံရှိစဉ့်လက်ရာများနှင့် စဉ့်ဖိုများစာတမ်း ၁၉၉၉ ခုနှစ်
၅။ အောင်ဘို၊ ဒေါက်တာ သဲကျောက်ပေါ်စဉ့်ရည်တင်ခြင်း (ပုဂံခေတ်)စာတမ်း
၆။ တင်လတ်ယု၊ ဦး ပုဂံခေတ်စဉ့်ဖိုများနှင့် စဉ့်လက်ရာများစာတမ်း ၂၀၀၇ ခုနှစ်









