“ဂါဇာကို စိုးမိုးခဲ့သည့် ဟားမာ့စ်အဖွဲ့မှာ ခက်ထန် ကြမ်းတမ်းဆုံး လွှဲပြောင်းမှုမျိုး ကြုံရမည့်အခြေအနေကိုရင်ဆိုင်နေရသည်”
ဒီအဖွဲ့ဟာ အစ္စလာမ္မစ် တော်လှန်ရေး လှုပ်ရှားမှုကနေ ပေါက်ဖွားလာတာဖြစ်တယ်။ သူတို့ကို အာရာဗီဘာ သာစကားနဲ့ အတိုကောက် ဟားမာ့စ် လို့ပဲ သိကြတယ်။ ကိုင်ရိုမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပါလက် စတိုင်း စစ်သွေးကြွတွေဟာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး ဂါဇာမှာ ၂၂ လကြာအ စ္စရေးကို တိုက်ပွဲဝင်တာ ကို စွန့်လွှတ်ပြီး သူတို့အဖွဲ့ကို နိုင်ငံရေး ပါတီတစ်ရပ်အဖြစ် သူတို့ဘာသာ ဖွဲ့စည်းမလားဆိုတာ ဆုံးဖြတ် ရတော့မှာဖြစ်ပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့တုန်းက ဟားမာ့စ်ရဲ့ တိုက်ခိုက်ရေး အဖွဲ့ခွဲခေါင်းဆောင် ခါလီအယ်လ်ဟေယာ ဟာ အီဂျစ်နိုင်ငံက ကာတာနဲ့ တူရကီ နိုင်ငံတို့နဲ့အတူ ကြားဝင်စေ့စပ်ပေးခဲ့တဲ့ စေ့စပ်ညှိနှိုင်းပွဲအတွက် ကိုင်ရိုမြို့ကို ရောက်ရှိခဲ့တယ်။ ဆွေးနွေးပွဲ စားပွဲဝိုင်း မှာတော့ လက်နက်တွေ ဖြုတ်သိမ်းဖို့၊ အဖွဲ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ဖျက်သိမ်းဖို့၊ ကျန်ရှိတဲ့ ဖမ်းဆီး တရားခံ တွေကို လွှတ်ပေးဖို့နဲ့ လုံးဝ လက်နက် ချဖို့ စတဲ့ အဆိုပြုချက် တစ်ရပ်ရှိ တယ်။ အပြန်အလှန် သဘောအရ ကတော့ အစ္စရေးတပ်တွေ ဂါဇာကနေ ရုပ်သိမ်းပေးမယ်၊ ပါလက်စတိုင်း အုပ်ချုပ်ရေး အရာရှိတွေရဲ့ ကြားဖြတ် အစိုးရ တစ်ရပ်ကို ဖွဲ့စည်း အပေးထားပြီး ကုလသမဂ္ဂက ထောက်ခံ အတည်ပြု ပေးထားတဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေက ထောက်ပံ့ကူညီပေးမယ်၊ ပြီးတော့မှ စိစိညက်ညက် ကြေအောင် ဖျက်ဆီးခံထားရတဲ့ နယ်မြေကို ပြန်လည် တည်ဆောက်ဖို့ စပြီး ဆောင်ရွက်မယ်လို့ အဆိုပြု ထားတယ်။
မစ္စတာ ဟေယာကို အခု အဆိုပြုချက်ကို လက်ခံဖို့ ပြင်ပက ဖိအားပေးနေတာ ကတော့ အတော်ကို ပြင်းထန်ပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကတော့ ဂါဇာတစ်ခုလုံးကို သိမ်းပိုက်မယ် ဆိုပြီး ခြိမ်းခြောက် နေတယ်။ ဩဂုတ်လ ၁၂ ရက်က စတင်ပြီး အစ္စရေးက ဂါဇာကို အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက် ပါတယ်။ နောက်ထိုးစစ် တစ်ခုကတော့ ဂါဇာ ကမ်းမြောင် ဒေသ တစ်ခွင်လုံးမှာ လူမျိုးတုန်း စစ်ဆင်ရေး အဖြစ် အဲဒီဒေသမှာ ကျန်နေတဲ့ ဟားမာ့စ်တွေက အလျင်အမြန် ဖြိုခွင်း နှိမ်နင်းပြီး အပြတ်ရှင်းမှာဖြစ်တယ်။
ဂါဇာကနေ ရတဲ့ အထောက်အထား သက်သေခံ အမျိုးမျိုး အရကတော့ ဟားမာ့စ် အဖွဲ့ဟာ သူတို့ရဲ့ အောင်မြင်မှု အင်အား တောင့်တင်းမှု ရှိတဲ့ အချိန်တွေ ကုန်ဆုံးနေပါပြီ။ ဒီအဖွဲ့ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး ခေါင်းဆာင်တွေကို လုံးဝ နီးပါး ရှင်းလင်း သုတ်သင် ခံခဲ့ရပြီး ဖြစ်တယ်။ ဟားမာ့စ် အစိုးရဟာ ဂါဇာကို ဆက်ပြီး မအုပ်ချုပ် နိုင်တော့ပါဘူး။ လူဆိုးဂိုဏ်းတွေနဲ့ ဖောက်ထွင်း ခိုးဖူးတဲ့ သူခိုးသူဝှက် အင်အား လစ်ဟာနယ်မှာ ဝင်ပြီးနေရာ ယူထားကြတယ်။ ဒီအဖွဲ့ရဲ့ လူထုထောက်ခံမှုရတဲ့ အခြေခံ ဒေသကလည်း ပြိုကွဲပျက်စီးခဲ့ ပါပြီ။ ဂါဇာဒေသခံ တွေထဲက ၆ ရာခိုင်နှုန်းလောက်ပဲ သူတို့ကို ထောက်ခံသူ ရှိတော့တယ်။ ပြည်ပက ထောက်ခံ အားပေးသူတွေ ကလည်း တဖြည်းဖြည်း လက်တွန့် လာနေကြပြီ။ အဖွဲ့ ထူထောင်ပြီး နှစ်ပေါင်း လေးဆယ်ကြာမှာ အနိမ့်ဆုံး ရေစစ်ချိန်ကို ရောက်တာပါပဲ။
ခေါင်းဆောင်ပိုင်း အနည်းငယ်ပဲ ကျန်ပြီး သူတို့ကလည်း ပြည်ပြေးဘဝနဲ့ နိုင်ငံခြား တိုင်းပြည်တွေမှာ နေရတာပါ။ အစ္စရေးက ခြွင်းချက်မရှိ အမြဲတမ်း အပစ်အခတ် ရပ်စဲဖို့ တောင်းဆိုတယ်။ စစ်ကောင်စီအဖွဲ့ဝင် အားလုံးလိုလို အစ္စရေး လက်ချက်နဲ့ သတ်ဖြတ် ခံလိုက်ရတယ်။ မေလအတွင်းမှာ တုန်းက ဟားမာ့စ်အဖွဲ့ရဲ့ ဂါဇာ တပ်မဟာ အကြီးအကဲက သူ့ကိုယ်သူ ဟားမာ့စ်အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ကြေညာလိုက်တယ်။ သူက ကျန်ရှိနေသေးတဲ့ အစ္စရေး ဓားစာခံ ၂ဝ ဒါမှမဟုတ် အဲဒီဝန်းကျင်လောက်ကို လူသား တံတိုင်း အဖြစ် ထားပြီး ရှင်သန် နေတာလို့ ဆိုတယ်။ အစ္စရေးက သူရဲ့ဆက်သွယ်ရေး ကွန်ရက်တွေနဲ့ ကွပ်ကဲရေး ဌာနချုပ်တွေကို တိုက်ခိုက် ဖျက်ဆီးခဲ့တယ်။ သူ့ရဲ့ သီးခြား ကင်းလွတ်နေတဲ့ ကလာပ်စည်းတွေက အခုအချိန်အထိ အစ္စရေး စစ်သားတွေကို အလစ်အငိုက် တိုက်ခိုက်ပြီး သတ်ဖြတ် နိုင်နေ သေးပေမယ့် အစ္စရေးက ဂါဇာ ဒေသကို အမြဲတမ်း နယ်ကျုံ့ သွားတဲ့ ဒေသဖြစ်အောင် စစ်ဆင်ရေး လုပ်နေတာကိုတော့ မဟန့်တားနိုင် သေးပါဘူး။
ဟားမာ့စ်ရဲ့ နိုင်ငံရေး ခေါင်းဆောင်ပိုင်းကလည်း အလားတူ အခက်ခဲဆုံး၊ အန္တရာယ်အများဆုံး၊ ဘေးဒုက္ခ အကြုံရဆုံး အချိန်တစ်ချိန် ကို ကြုံတွေ့ ရင်ဆိုင် နေရတာပါပဲ။ဂါဇာမှာ ဟားမာ့စ်ရဲ့ အမာခံ နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင် ၁၅ ယောက်လောက်ရှိပြီး တစ်ချိန်က ဆိုရင် ဟားမာ့စ် အဖွဲ့ လှုပ်ရှားမှုရဲ့ အဓိက မောင်းနှင်အား ဖြစ်ခဲ့တဲ့ သူတွေရဲ့ အများစုဟာ အစ္စရေးလက်ချက်နဲ့ သေဆုံးခဲ့ကြရပါပြီ။ သိရသမျှ အသက်ရှင် ကျန်ရစ်တဲ့ ခေါင်းဆောင် သုံးယောက် ကလည်း နိုင်ငံရပ်ခြားကို ထွက်ပြေး ကုန်ကြပြီ။ ဂါဇာ ကမ်းမြောင်ဒေသကို အုပ်ချုပ်နေတဲ့ ဟားမာ့စ် အစိုးရ အဖွဲ့ကလည်း ပြိုကွဲ နေပြီဖြစ်ပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီးနှစ်ယောက်ပဲ အသက်ရှင်ကျန်ပေမယ့် သူတို့နဲ့ အဆက်အသွယ် မရပါဘူး။ သူတို့ ကြီးကြပ်ကွပ်ကဲတဲ့ ဆေးရုံ ၃၆ ရုံ၊ တက္ကသိုလ် ၁၂ ခုနဲ့ ရာနဲ့ချီ ရှိတဲ့ ကျောင်းတွေကလည်း အများစုက ပြိုကျ ပျက်စီး ကုန်ပါပြီ။ အစ္စရေး စစ်တပ်က ဟားမာ့စ် အစိုးရအဖွဲ့ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ တရားရေး ဆိုင်ရာက အရာရှိတွေက အစ ယာဉ်ထိန်းရဲ အဆုံး တရား ဥပဒေ စိုးမိုးရေး ဘက်တော်သား အားလုံးကို အစ္စရေး စစ်တပ်က သတ်ဖြတ်ခဲ့တယ်။ ၂ဝဝ၇ခုနှစ်တုန်းက ဟားမာ့စ်က ဖြိုခွင်း နှိမ်နင်းခဲ့တဲ့ ဆွေမျိုးစု ကြီးစိုးတဲ့ လူဆိုးဂိုဏ်း အဲဒီ အာဏာလစ်ဟာမှုကို နေရာဝင်ယူလိုက်ပြီး များမကြာသေးခင် ရက်သတ္တပတ်တွေ အတွင်းက ဂါဇာ ကမ်းမြောင်ဒေသမှာ ဖြန့်ဖြူးဖို့ ပုဂ္ဂလိက အေဂျင်စီအဖွဲ့တွေကို ခွင့်ပြု ပေးလိုက်တဲ့ စားနပ် ရိက္ခာ အနည်းငယ်ကို လုယက် ယူငင်သွားကြတယ်။

ဟားမာ့စ်ကို ဝန်းရံပေးထားတဲ့ ကမ္ဘာ့ နိုင်ငံတွေကလည်း အခြေအနေပြောင်းခဲ့တယ်။ ဟားမာ့စ်အုပ်စု အတွက် ကာတာနဲ့ အီရန်နိုင်ငံတို့ ဆီကနေ လစဉ်ထောက်ပံ့ ကြေး ဒေါ်လာ သန်း ၃၀ နဲ့ ၁၅ သန်း အသီးသီး ရနေကျ ဖြစ်တယ်။ အစ္စရေးက အီရန်နိုင်ငံနဲ့ သူ့ရဲ့ လက်ဘနွန်က ဟဇ်စဘိုလာတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာကြောင့် ဟားမာ့စ်ရဲ့ လက်နက်နဲ့ ခဲယမ်း မီးကျောက် ဖြည့်တင်းရေး လုပ်ငန်းတွေ ထိခိုက်ခဲ့ရတယ်။
ဟားမာ့စ်အဖွဲ့ကို အဓိက ကျောထောက်နောက်ခံပြုပြီး ကူညီပေးနေတဲ့အီရန်နိုင်ငံ အင်အားချည့်နဲ့သွား တာကလည်း ဟားမာ့စ်ရဲ့ လက်နက်ကိုင် အဖွဲ့ခွဲဖြစ်တဲ့ အယ်လ်ဇီဒင် အယ်ကက်ဆန်တပ်မဟာ (Ezzedin al- Qassam Brigades)ကို ပြောင်တလင်းခါ သွားစေခဲ့တယ်။ ဟားမာ့စ်အဖွဲ့ရဲ့ နောက်ဆုံး ကျောထောက်နောက်ခံ ပြုပြီး အားပေးနေတဲ့ ဒေသတွင်း နှစ်နိုင်ငံဖြစ်တဲ့ ကာတာနဲ့တူရကီတို့ကလည်း အဖွဲ့ရဲ့ နိုင်ငံ ရေးဌာနခွဲကို ကာလတာရှည် လိုလိုလားလား ထောက်ပံ့ ကူညီပေးခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့ကလည်း သည်းညည်း ခံနိုင်စွမ်း လျော့နည်း လာနေတယ်။ သူတို့ နားလည် ထားတာကတော့ တကယ်လို့ မစ္စတာ ဟေယာကသာ ဒီချပြတဲ့ သဘောတူညီချက်ကို လက်မခံဘဲ ငြင်းဆန်မယ်ဆိုရင် သူတို့နိုင်ငံတွေက လွန်ခဲ့တဲ့ ၁၅ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့ကနေ ထွက်ခွာသွားတဲ့ ဟေယာကိုရော တခြား ဟားမာ့စ် ခေါင်းဆောင်တွေကိုပါ ပြန်လာခွင့်ပြုဖို့ ငြင်းပယ်နိုင်ဖွယ်ရှိတယ်။
ဟားမာ့စ် အဖွဲ့ဟာ သူတို့ကို ကိုယ်စားပြုပြီး တိုက်ခိုက်မယ်လို့ ကြွေးကြော်ထားတဲ့ သူတွေရဲ့ ပိုပြီးဖိအား ပေးတာကို ရင်ဆိုင်နေ ရတယ်။ ဟားမာ့စ် လှုပ်ရှားမှုဟာ ဂါဇာမှာ ပေါက်ဖွားခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်က ရွေးကောက်ပွဲမှာ အနိုင်ရအောင် တွန်းပို့ ပေးခဲ့တဲ့ ဂါဇာလူထုဟာ အခုတော့ ဟားမာ့စ်ကို ဝေဖန် တိုက်ခိုက်ပြီး ဘက်ပြန်နေကြတယ်။ တော်လှန်ရေးတန်ဖိုးကို သိမြင်ကြတော့တယ်။ ဟားမာ့စ် တိုက်ခိုက်ရေးသမားတွေက ဥမင်လှိုဏ်ခေါင်းတွေ ထဲမှာပုန်းခို နေကြပြီး ဒီအဖွဲ့ရဲ့ နိုင်ငံရေး သမားတွေက ကျယ်ပြန့်တဲ့ ကြားခံဇုန် တွေထဲမှာ စေ့စပ်ညှိနှိုင်း နေကြတဲ့အချိန် ဇူလိုင်လ အတွင်းမှာ နေ့စဉ်နေ့တိုင်း ဂါဇာဒေသခံ အရပ်သူ အရပ်သား တစ်ရာဝန်းကျင် သေဆုံးနေ တယ်။ အားလုံး လိုလိုဟာ အစ္စရေး လက်ချက်နဲ့ သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်။
“ဂါဇာမှာ နေထိုင်ကြတဲ့ ပြည်သူလူထုကတော့ ဟားမာ့စ်တွေကို ဒေါသ အကြီးအကျယ် ထွက်နေကြတယ်။ သူတို့တွေက အခုကြုံနေ ရတဲ့ အနိဋ္ဌာရုံတွေကို အမြန်ဆုံး အဆုံးသတ်ချင် နေကြပါပြီ “လို့ အခု ကာတာနိုင်ငံ မှာပြည်ပြေးဘဝနဲ့ နေရတဲ့ ဂါဇာ သတင်းထောက် တစ်ယောက်က ဆိုပါတယ်။ ဂါဇာက တက်ကြွလှုပ် ရှားသူတစ်ယောက်ကလည်း အငတ်ဘေးကြီး ဆိုက်ခဲ့ ရတာကိုလည်း ဟားမာ့စ်ကို အပြစ်တင်ခဲ့တယ်။ “အာဏာကို လက်မလွှတ်ရဖို့ ဟားမာ့စ်တွေ ခေါင်းမာနေတာက ကျုပ်တို့ကို အငတ်ဘေးဆိုက်စေတဲ့ အစ္စရေးအတွက် ယိုးမယ်ဖွဲ့စရာ ဖြစ်သွားတယ်။ ဟားမာ့စ် အဖွဲ့ ဖျက်သိမ်းပြီး လုံးဝပျောက် ကွယ်သွား သင့်တယ်“လို့ ပြောကြားလိုက်တယ်။ ဇူလိုင်လ ၂၉ ရက်နေ့မှာ ကမ္ဘာတစ်ဝန်းလုံး စာနပ်ရိက္ခာ ဖူလုံမှုကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The Intergrated Food Security Phase Classification (IPC) ကသုံးသပ်ရာမှာ “အဆိုးဆုံး အငတ်ဘေးကြီး ကြုံနေရတာပဲ” လို့ဆိုတယ်။ အငတ်ဘေး၊ အာဟာရ ချို့တဲ့မှု နဲ့ ရောဂါ ဖြစ်ပွားမှုတွေ အတော်ကို ကျယ်ကျယ် ပြန်ပြန့် ဖြစ်နေပြီး အငတ်ဘေးကြီးနဲ့ ဆက်နွှယ်ပြီး သေဆုံးရတာတွေက သိသိသာသာကို တိုးတက်နေတယ်။ ဧပြီလ ကတည်းက ဆိုရင် ဂါဇာမှာ အာဟာရချို့တဲ့မှု အဆိုးဆုံး ဖြစ်ပြီး ဆေးရုံ တင်ရတဲ့ ကလေး ၂ဝ,ဝဝဝကျော် ရှိတယ်။ ဇူလိုင် ၂၈ ရက်နေ့မှာ သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် “ဂါဇာကမ်းမြောင်ဒေသမှာ တကယ်ကို အငတ်ဘေး ဆိုက်နေပြီ” လို့ ပြောကြားခဲ့တယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်အရ ဂါဇာမှာ လူပေါင်း ၆၂ ၁၂၂ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရတယ်။
အစ္စရေး အစိုးရက ကြေညာရာမှာ အပစ်အခတ် ရပ်စဲရေးနဲ့ ဖမ်းဆီးခံထားရတဲ့ အစ္စရေး ဓားစာခံများ လွတ်မြောက်ရေး အတွက် ဇူလိုင်လ အတွင်းက ဟားမာ့စ်တို့နဲ့ တစ်ဆင့်ခံ ဆွေးနွေးပွဲ မအောင်မြင်တာကြောင့် ဂါဇာကမ်းမြောင် ဒေသ တစ်ခုလုံးကို အစ္စရေးက သိမ်းပိုက်ဖို့ ရည်မှန်းချက် ထားတယ်လို့ ဆိုပါတယ်။.အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အက်ဖီဒီဖရင်က ၂၂လကြာ စစ်ပွဲ ပြီးတဲ့နောက် ဂါဇာကို ” အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် တိုက်ခိုက် ဖျက်ဆီး အထိနာ စေခဲ့ပြီ” လို့ဆိုပါတယ်။ “ကျွန်တော်တို့ ဟာ အကြမ်းဖက် အဖွဲ့အစည်းရဲ့ အစိုးရနဲ့ စစ်ဘက် အမာခံ စခန်းဖြစ်တဲ့ ဂါဇာစီးတီးမြို့ ထဲက ဟားမာ့စ်တွေ အခု ကြုံနေရတဲ့ အခြေအနေဆိုး ကို ပိုပြီး ဆိုးအောင်၊ အထိနာအောင်၊ အပြင်းအထန် ခံစားရအောင် ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အကြမ်းဖက် သမားတွေရဲ့ မြေပေါ်နဲ့ မြေအောက်မှာ ရှိတဲ့ အခြေခံ အဆောက်အအုံ တွေကိုရော ဟားမာ့စ်အဖွဲ့ကို အကြီးအကျယ်မှီခိုနေတဲ့ လူထုကိုရော အခုထက်ပိုပြီး ဆိုးဆိုးဝါးဝါး ခံစား ရအောင် တိုက်ခိုက်သွားမှာ ဖြစ်တယ်” လို့ အစ္စရေးရဲ့ အမှန်တကယ် ထားရှိတဲ့ သဘောထားကို ထုတ်ဖော် ပြောကြား လိုက်တယ်။ သူပြောတဲ့အတိုင်းပါပဲ ဩဂုတ်လ ၂၅ ရက် တနင်္လာနေ့ နံနက် ၁ဝနာရီမှာ အစ္စရေးက ဂါဇာတောင်ပိုင်း ခန်းယူ နစ်စ်မြို့မှာရှိတဲ့နာဆာ ဆေးရုံကြီးကို ဗုံးနဲ့နှစ်ကြိမ်ကြဲပြီး တိုက်ခိုက်ခဲ့တယ်။ ဘီဘီစီ သတင်းတစ်ရပ် အဆိုကတော့ သတင်းထောက်တွေနဲ့ ကျန်းမာရေးလုပ်သား တွေအပါအဝင် လူနှစ်ဆယ် သေဆုံးခဲ့ တယ်လို့ သိရတယ်။ ပထမအကြိမ် နံနက် ၁ဝနာရီ တိုက်ခိုက်တော့ တစ်ယောက်ပဲ သေတယ်။ ၁ဝမိနစ် အကြာမှာ နောက်တစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်တာမှာ နာဆာ ဆေးရုံပေါ်ရောက်နေတဲ့ ကယ်ဆယ်ရေး လုပ်သားတွေနဲ့ သတင်းထောက် တွေ သေဆုံးကုန်တယ်။ အေပီ၊ ရိုက်တာနဲ့ အယ်လ်ဂျာဇီးယား အပါအဝင် နိုင်ငံတကာ သတင်းဌာနတွေမှာအလုပ်လုပ်နေတဲ့သတင်းထောက် ငါးယောက်ပါ သွားတယ်။ ညပိုင်းကျတော့ အစ္စရေးဝန်ကြီးချုပ်က အသံကောင်းဟစ်ပြီး “ဒီဖြစ်ရပ်ဟာကြေကွဲဝမ်းနည်းစရာ ကံခေမှု တစ်ရပ်ဖြစ်တယ်။ အလွန်ပဲ စိတ်ထိခိုက် ရပါတယ်၊ စစ်ဘက် တာဝန်ရှိသူတွေကအသေးစိတ် စုံစမ်း စစ်ဆေးနေပါတယ်“လို့ ကြေညာတယ်။ ဆေးရုံကို တိုက်ခိုက်ရာမှာ အရေးပေါ်ဌာန၊ အတွင်း လူနာဌာနနဲ့ခွဲစိတ်ဆောင်တွေကို ထိမှန်ပြီး အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကဆိုပါတယ်။

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှာတော့ ဖမ်းဆီးခံထားရတဲ့ ဓားစာခံမိသားစုတွေနဲ့ အစ္စရေး ပြည်သူ ထောင်ပေါင်းများစွာက အစ္စရေး အစိုးရကို ဆန္ဒပြပွဲတွေ လုပ်ပြီး အကြီးအကျယ် ကန့်ကွက်နေကြတယ်။ စောင့်ကြည့်ရဦးမှာပါ။
ရည်ညွှန်း –
- The Economist August 2 , 2025., Aug 8th and July 12,
- BBC News

