(Nepo Kid & Gen Z)
အခု နီပေါမှာ ဖြစ်သွားတဲ့ ဆန္ဒပြပွဲတွေကို ဂျန်ဇီ ဆန္ဒပြပွဲလို့လည်း ခေါ်ကြတယ်။ (Gen Z protest)။ ဒီဆန္ဒပြပွဲကို အဓိက ဦးဆောင်သူတွေက အသက် ၂၀ကျော်အရွယ် လူငယ်တွေ။ ၁၉၉၇ ခုနှစ်ဝန်းကျင်က မွေးဖွားလာတဲ့ လူငယ်အများစုဖြစ်တယ်။ ဒီဆန္ဒပြပွဲမတိုင်မီ Gen Z လှုပ်ရှားမှုလေးတွေ ဖြစ်နေတာတော့ အတော်ကြာပြီ။

အထူးသဖြင့်တော့ အင်တာနက် အွန်လိုင်းပေါ်မှာ။ အခြားသော နိုင်ငံများက လူငယ်တွေလိုပဲ နီပေါ Gen Z တွေလည်း Tiktok, Instergram, Facebook အစရှိတဲ့ ဆိုရှယ်မီဒီယာ အသုံးများကြတယ်။ လူဦးရေ သန်း ၃၀ ရှိတဲ့ နီပေါနိုင်ငံရဲ့ ၇၃% က မိုဘိုင်းဖုန်း သုံးစွဲကြပြီး ၅၅% က အင်တာနက် နဲ့ အွန်လိုင်း အသုံးပြုကြတယ်။ အထူးသဖြင့် ဆိုရှယ်မီဒီယာ အသုံးများကြပြီး ဆိုရှယ် မီဒီယာတွေက ဖျော်ဖြေရေးလည်းဖြစ်၊ နေ့စဉ် နောက်ဆုံးသတင်းတွေ နဲ့ စီးပွားရေးလုပ်ငန်းအတွက်လည်း မရှိမဖြစ် အသုံးပြုနေကြတယ်။ ဒါက နီပေါ တစ်နိုင်ငံတည်းမဟုတ်ပါဘူး။ ဒီနေ့ ကမ္ဘာကြီးရဲ့ trend လည်းဖြစ်တယ်။
နီပေါလို နိုင်ငံမျိုးမှာလည်း သတင်းဖတ်သူတွေက ဘက်လိုက်မှုရှိတဲ့ အစိုးရသတင်းတွေကို မယုံကြဘူး။ ဒါကြောင့် Facebook, Instagram, TikTok, WhatsApp တို့လို လူမှုကွန်ရက်ပေါ်က သတင်းတွေကို အဓိကထား ဖတ်ရှုကြတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ တချို့သောအကြောင်းအရာတွေဟာ လူကြည့်များပြီး trend ဖြစ်နေတတ်တယ်။
နီပေါ ဆိုရှယ် မီယာအသုံးပြုတဲ့ လူငယ်တွေကြားမှာ trend ဖြစ်နေတဲ့ အကြောင်းအရာတခုက နီပေါ အထက်တန်းလွှာ (elites) အသိုင်းအဝန်းက လူငယ်တွေရဲ့ ဝတ်စားဆင်ယင်မှုတွေ၊ အကောင်းစား ဇိမ်ခံပစ္စည်းတွေ၊ အကောင်းဆုံး အပန်းဖြေစခန်း သွားကြတာတွေ၊ သုံးဖြုန်းမှုတွေ ဖြစ်တယ်။ မိဘချမ်းသာလို့ ဒီလို သုံးဖြုန်းနိုင်တဲ့ လူငယ်တွေကို Nepo Kid , Nepo Baby လို့လည်း ခေါ်တယ်။ မိဘတွေရဲ့ ရာထူးစည်းစိမ်နဲ့ လူဘော်ကြော့ဖြစ်နေတဲ့ လူငယ် လူတန်းစားတစ်ရပ် နီပေါမှာ ရှိနေတယ်။ မိဘတွေက ဝန်ကြီး၊ လွှတ်တော်အမတ်၊ အစိုးရအရာရှိ၊ နိုင်ငံရေးသမားတွေဖြစ်ပြီး အကျင့်ပျက်ခြစားမှုနဲ့ ကြွယ်ဝ ချမ်းသာ ချင်တိုင်း ချမ်းသာနေကြသူတွေဖြစ်တယ်။
ဒီအချိန်မှာ နီပေါ လူငယ်အများစုဟာ အလုပ်လက်မဲ့ဖြစ်နေတယ်။ လူဦးရေ သန်း ၃၀ ရှိတဲ့ နီပေါနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ နိုင်ငံရဲ့ အဓိကဝင်ငွေက ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ ပြည်ပရောက် နိုင်ငံသားတွေက ပေးပို့တဲ့ ဝင်ငွေပဲရှိတယ်။ နီပေါနိုင်ငံရဲ့ လူတစ်ဦးချင်း တစ်နှစ်ဝင်ငွေဟာ ဒေါ်လာ ၁,၄၄၇ ပဲ ရှိတယ်။ နိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ လူငယ်တွေဖြစ်ပြီး လူငယ်တွေရဲ့ ၂၀ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့ ဖြစ်နေကြတယ်။ နီပေါလူငယ်အများစုဟာ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှ စင်ကာပူ၊ မလေးရှားနဲ့ တောင်ကိုးရီးယား၊ ဂျပန် အစရှိတဲ့နိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ကြရတယ်။
မျှော်လင့်ချက်မဲ့၊ အလုပ်လက်မဲ့ နီပေါ (Gen Z) လူငယ် အများစုကြားမှာ ရေပေါ်ဆီ နီပေါလူငယ်(Nepo kid) တွေဟာ မျက်စိ စပါးမွှေး စူးစရာ ဖြစ်နေတယ်။ အာဏာရ နီပေါအစိုးရမှာ ကွန်မြူနစ်ပါတီဝင်တွေ အများစုဖြစ်ပေမယ့် အကျင့်ပျက် ခြစားမှုတွေ ကြီးထွားနေတယ်။ နီပေါ အစိုးရအဖွဲ့ဝင် သားသမီးတွေရဲ့ ဇိမ်ခံသုံးဖြုန်းမှုတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်စရာ ဖြစ်လာတယ်။ နီပေါ ဂျန်ဇီတွေဟာ အကျင့်ပျက်ခြစားပြီး အခွင့်ထူးခံနေတဲ့ အစိုးရအဖွဲ့ဝင်တွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန်လာကြတယ်။
ဒီလို အခြေအနေတွေကြောင့် နီပေါအစိုးရဟာ စက်တင်ဘာ (၃)ရက်နေ့မှာ ဆိုရှယ်မီဒီယာ ပလက်ဖောင်း (၂၆) ခုကို အချိန်မီ မှတ်ပုံမတင်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ပင်ပစ်လိုက်တယ်။ ဒီနေ့လို အချိန်ကာလမှာ ဆိုရှယ်မီဒီယာတွေဟာ စီးပွားရေး၊ လူမှုရေးနဲ့ သတင်းအချက်အလက်အတွက် မရှိမဖြစ် အခြေအနေမှာ ရှိတယ်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို ပိတ်ပင်ပစ်လိုက်ခြင်းဟာ အသုံးပြုမှု အများဆုံး နီပေါ ဂျန်ဇီတွေကို စိန်ခေါ်လိုက်သလို ဖြစ်သွားတယ်။
စက်တင်ဘာ (၈) ရက်မှာ အစိုးရရဲ့ ဆိုရှယ် မီဒီယာပိတ်ပင်မှုကို ဆန့်ကျင်ဆန္ဒပြတဲ့ နီပေါ ဂျန်ဇီ လူငယ်တွေ လမ်းပေါ် ထွက်လာကြတယ်။ ပထမဆုံး ဆန္ဒပြတဲ့ လူငယ်တွေနဲ့ လုံခြုံံရေးတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ကြပြီး လူငယ် (၁၉) ယောက် လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်။ ခတ္တမန္ဒူမြို့ပေါ်က ဂျန်ဇီ လူငယ်တွေရဲ့ ဆန္ဒပြပွဲဟာ လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လူငယ်တွေ သေဆုံးခဲ့ရပြီးနောက်မှာ ပိုမိုကြီးထွားလာခဲ့တယ်။ ဒေါသမထိန်းနိုင်တော့တဲ့ လူငယ်တွေနဲ့အတူ နီပေါပြည်သူတချို့ပါ လမ်းမပေါ်ထွက်လာပြီး အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကို ပူးပေါင်းဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်။
စက်တင်ဘာ (၉) ရက်မှာ ဆန္ဒပြသူတွေဟာ နီပေါ ပါလီမန်အဆောက်အဦးကို ဝင်ရောက် မီးရှို့ခဲ့ကြသလို ဝန်ကြီးချုပ်ရုံးနဲ့ ဗဟိုတရားရုံး အဆောက်အအုံ တွေကိုပါ မီးရှို့ခဲ့ကြတယ်။ နောက်ထပ် အစိုးရအဖွဲ့ရုံးတွေ၊ အစိုးရအရာရှိကြီးများရဲ့ နေအိမ် တွေကိုပါ ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့ကြတယ်။ အဲဒီနေ့မှာပဲ နီပေါဝန်ကြီးချုပ် ကေပီ ရှားမား အိုလီ ရာထူးက နှုတ်ထွက် သွားခဲ့တယ်။ နီပေါအစိုးရအဖွဲ့ဝင်တွေကို ဆန္ဒပြလူအုပ်ကြီးက ဝိုင်းပတ်ပိတ်ဆို့ပြီး ပိုင်ဆိုင်မှုတွေကိုလည်း မီးရှို့ဖျက်ဆီးကြတယ်။ နီပေါဝန်ကြီးချုပ်ဟောင်းရဲ့ နေအိမ်ကို မီးရှို့စဉ်မှာ ဝန်ကြီးချုပ်ဟောင်းရဲ့ ဇနီးဖြစ်သူဟာ မီးလောင်ဒဏ်ရာနဲ့သေဆုံးသွားခဲ့တယ်။
စက်တင်ဘာ (၉) ရက်နေ့ နီပေါနိုင်ငံက လူထုအုံကြွဆန္ဒပြမှုဟာ နီပေါနိုင်ငံသမိုင်းမှာ အကြီးမားဆုံးဖြစ်ခဲ့ပြီး အဲဒီနေ့အထိ လူပေါင်း (၃၄) ဦး အသက်ဆုံးရှုံးခဲ့ရတယ်။ ဆန္ဒပြသူတွေဟာ အကျင့်ပျက်ခြစားပြီး အခွင့်ထူးခံအစိုးရအရာရှိတွေရဲ့ နေအိမ်တွေ၊ မော်တော်ကားတွေ ကို မီးရှို့ဖျက်ဆီးပြီး ဝန်ကြီးတချို့ကို လက်ရဖမ်းဆီးမိတာကို ဆိုရှယ်မီဒီယာပေါ်မှာ မြင်တွေ့ရတယ်။
ဆန္ဒပြလူအုပ်ရဲ့ အန္တရာယ်ကို ရှောင်ကွင်းဖို့ ချောင်းရေထဲ ထွက်ပြေးကြရသူတွေ ရှိသလို မီးလောင်နေတဲ့ အစိုးရ အဖွဲ့အဆောက်အအုံ ခေါင်မိုးပေါ်မှာ စစ်တပ်ပိုင် ရဟတ်ယာဉ်က ချပေးတဲ့ကြိုးကို တန်းလန်းဆွဲပြီး ကသောကမျော ထွက်ပြေး ကြရသူ တွေကိုလည်း တွေ့ရတယ်။ နီပေါ လူထုအုံကြွမှုဟာ ခတ္တမန္ဒူမြို့သာမက ပိုခရာ အစရှိတဲ့ မြို့ကြီးတွေအထိ တနိုင်ငံလုံး ပျံ့နှံ့သွားတယ်။ နီပေါတနိုင်ငံလုံး ကမ္ဘာပျက်သလို ဆန္ဒပြသူတွေ လွှမ်းမိုးသွားတယ်။

နီပေါဆန္ဒပြသူတွေဟာ အစိုးရ လွှတ်တော် အဆောက်အအုံ ကိုသာမက ကြယ်ငါးပွင့် ဟိုတယ်တွေကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြတယ်။ ဗုဒ္ဓနတ်သ်စေတီအနီးက Hyatt Regency ဟိုတယ် မီးလောင်သွားသလို ကမ္ဘာလှည့်ခရီးသည်တွေ တည်းခိုတဲ့ အဆင့်မြင့် The Hilton ဟိုတယ်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ ခတ္တမန္ဒူ ဟီလ်တန်ဟိုတယ်ဟာ မနှစ်တုန်းကမှ စတင် ဖွင့်လှစ် ခဲ့တဲ့ အသစ်စက်စက်ဟိုတယ်ဖြစ်ပြီး ရှာဟီးလ်လအဂ္ဂရာဝယ်ဆိုသူ နီပေါ သံမဏီ လုပ်ငန်းရှင် သူဌေးတစ်ဦးက ပိုင်ဆိုင်တယ်။
ဂျန်ဇီလူငယ်တွေကတော့ ခုလို မီးရှို့ဖျက်ဆီးမှုတွေကို သူတို့လုပ်တာမဟုတ်ကြောင်း နဲ့ အဖျက်သမားတွေက ဝင်ရောက်လာပြီး လုပ်ဆောင်တာဖြစ်ကြောင်း ပြောဆိုခဲ့တယ်။
နီပေါမှာ ခုလို လူထုအုံကြွဆန္ဒပြမှုမျိုး ၁၉၉၀ က တစ်ကြိမ် (Jana Andolan I) ၂၀၀၆ ခုနှစ်က တစ်ကြိမ်( Jan Andolan 2) ဖြစ်ခဲ့ဖူးပြီး နှစ်ကြိမ်စလုံး အဓိက နိုင်ငံရေး အပြောင်းအလဲ ပြုလုပ်ဖို့ တောင်းဆိုခဲ့ကြတယ်။
ခုတစ်ကြိမ်ကတော့ ၂၀၀၈ ခုနှစ် နီပေါဘုရင်စနစ်ဖျက်သိမ်းပြီး ဖက်ဒရယ်စနစ်နဲ့ အုပ်ချုပ်လာပြီးနောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်တယ်။ နီပေါနိုင်ငံမှာ ကွန်မြူနစ်တော်လှန်ရေးပြီးဆုံးပြီး ၂၀၀၈ ကစလို့ ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ဖို့ ကြိုးစားခဲ့ရာမှာ၂၀၁၅ ခုနှစ်ကျမှ အကောင်အထည်ပေါ်လာခဲ့တယ်။ ဖက်ဒရယ် ဒီမိုကရေစီစနစ် အကောင်အထည် ပေါ်လာပေမယ့် နိုင်ငံရေး တည်ငြိမ်မှု မရှိသေးဘဲ ၁၅ နှစ်အတွင်း အစိုးရ (၁၄) ကြိမ် အပြောင်းအလဲ ဖြစ်ခဲ့တယ်။
နီပေါလူငယ်တွေဟာ ခုလို နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးအဆင်မပြေမှုကြားမှာ ကြီးပြင်းလာခဲ့ရသူတွေဖြစ်တယ်။
စက်တင်ဘာလ(၉)ရက်မှာ ဝန်ကြီးချုပ် ကေပီ ရှားမား အိုလီ နှုတ်ထွက်ပြီးနောက်မှာတော့ နီပေါစစ်တပ်အကြီးအကဲ ဗိုလ်ချုပ် အာရှော့ ရက်ဂျ် ဆစ်ဒယ်က ကာဖျူးအမိန့်ထုတ်ပြန်ပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရာမှာ ဗုဒ္ဓဟူးနေ့ကစလို့ ခတ္တမန္ဒူလမ်းမများပေါ်မှာ ပြန်လည် ငြိမ်သက်သွားခဲ့တယ်။
စက်တင်ဘာလ (၁၂) ရက်နေ့မှာတော့ ဆန္ဒပြ ဂျန်ဇီခေါင်းဆောင်တွေနဲ့ နီပေါသမ္မတ ချန်ဒရာပူဒယ်၊ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် အာရှော့ ဆစ်ဒယ် တို့ နာရီအချိန်အတော်ကြာကြာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးတဲ့နောက် နီပေါအမျိုးသမီး တရားသူကြီး ချုပ်ဟောင်း ဆူရှီလာ ကာကီ ကို ယာယီ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ သဘောတူလိုက်ကြတယ်။
ခုတော့ နီပေါနိုင်ငံမှာ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကြီး ပြီးဆုံးသွားပြီး တစ်နိုင်ငံလုံး ပြန်လည် ငြိမ်သက် သွားပြီလို့ ဆိုရမယ်။ နီပေါ စစ်တပ်ဟာ ဆန္ဒပြ ဂျန်ဇီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အစိုးရသစ်ဖွဲ့စည်းဖို့ သဘောတူလိုက်တာဖြစ်တယ်။
Nepotism ဆိုတာ ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒ (တနည်းအားဖြင့်) ရာထူးအာဏာအသုံးချပြီး မိမိ မိသားစုနဲ့ ခင်မင်ရင်းနှီးသူများကို အလုပ်အကိုင်၊ ရာထူးအခွင့်အလမ်းပေးကမ်းခြင်း ဖြစ်ပြီး Nepo Kid ကတော့ ထင်ပေါ်ကျော်ကြား၊ ချမ်းသာကြွယ်ဝသူ မိသားစုများက မွေးဖွားဆင်းသက်လာတဲ့ သားသမီးများကို ခေါ်ဆိုတာ ဖြစ်တယ်။
အကျင့်ပျက်နိုင်ငံရေးသမားများကြောင့် နီပေါနိုင်ငံဟာ ဆင်းရဲ ချမ်းသာ ကွာခြားမှုကြီးမားတဲ့ နိုင်ငံတခုဖြစ်ပြီး ဂျန်ဇီ လူငယ်များရဲ့ ဆန္ဒပြပွဲဟာ အခွင့်ထူးခံလူတန်းစားများနဲ့ ဆင်းရဲသူများအကြား ထိပ်တိုက်တွေ့ဆုံမှုတခုလည်း ဖြစ်တယ်..။
ref:
၁. Nepal ex-chief justice Sushila Karki named as next PM. From Parliament to luxury hotels
၂. Nepal’s protest movement targeted the elite
၃. Deadly Nepal protests reflect wider pattern of Gen Z political activism across Asia CNA

