ဗလာဒီမာ ပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် တစ်ရက် ဖြစ်တဲ့ သြဂုတ်လ ၁၆ ရက်မှာ ရုရှားနိုင်ငံရဲ့ ကဏ္ဍအသီးသီးမှ ထိပ်တန်း တာဝန်ရှိသူတွေကို ကရင်မလင် နန်းတော်ရှိ စိန့်ကက်သရင်း ခန်းမကို ဖိတ်ခေါ်ခဲ့ပါတယ်။ စိန့်ကက်သရင်း ခန်းမဆိုတာ ကတော့ ဇာဘုရင် ခေတ်ကာလတွေတုန်းက ရုရှားအင်ပါယာကြီးရဲ့ ဝင့်ထည်တဲ့ ဘုန်းဂုဏ်ရောင်ကို ပြစားဖို့ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံကြီးပါ။ မစ္စတာပူတင်ဟာ အတိတ်ကာလတုန်းက လက်နက်နိုင်ငံ အင်ပါယာရှင် ဇာဘုရင်တွေ တည်ဆောက်ခဲ့တဲ့ ထိုခန်းမမှာ အမေရိကန်ပြည်ထောင်စု အလာစကာ ပြည်နယ်ကို သူခရီးဆန့်ခဲ့စဥ်အတွင်းမှာ သူရယူနိုင်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ရှင်းပြခဲ့တယ်။

မစ္စတာပူတင်ဟာ အခမ်းအနား စတင်စမှာတော့ မစ္စတာထရမ့်ရဲ့ ရိုးသား ဖြောင့်မတ်မှုနဲ့ စစ်ပွဲ ပြီးဆုံးဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေကို ရှင်းပြခဲ့တယ်။ ထိုတွေ့ဆုံမှုက “ကျွန်တော်တို့ချင်း ပိုမို နီးစပ်လာစေပြီး လိုအပ်နေတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်သွားနိုင်မှာ” လို့ ပြောခဲ့တယ်။
မစ္စတာ ပူတင်ဟာ လွန်ခဲ့တဲ့ သုံးနှစ်ခွဲကာလတုန်းက ထိုခန်းမမှာပဲ အထိတ်တလန့် ဖြစ်နေကြတဲ့ သူ့ရဲ့ မှူးကြီးမတ်ရာ သေနာပတိတွေကို ခေါ်ယူပြီး ခွဲထွက်ရေးသမားတွေ သိမ်းပိုက်ထားတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက နယ်မြေတွေကို အသိအမှတ် ပြုရေး ကိစ္စကို လုပ်ဆောင်ကြဖို့ တစ်ယောက်ပြီးတစ်ယောက် ခေါ်ကာ ခိုင်းစေအမိန့် ပေးခဲ့တယ်။ အဆိုပါ ကိုးရိုးကားယား နိုင်လှတဲ့ ရုပ်မြင်သံကြားပြကွက်က ယူကရိန်းနိုင်ငံကို ကျူးကျော်မယ့် လုပ်ရပ် လုပ်တော့မယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်တယ်။
ဘယ်သို့ပင်ဖြစ်စေ ပူတင်ရဲ့ အလာစကာ ခရီးစဥ်အပြီး နောက်ပိုင်း အစည်းအဝေးကတော့ “စစ်ပွဲကို ရပ်ချင်တယ်ဆိုရင် ရုရှားနိုင်ငံရဲ့ စည်းကမ်းသတ်မှတ်ချက်တွေ အရသာ ရပ်စဲရမှာ ဖြစ်တယ်” ဆိုတာကို ပြသလိုက်တာပါပဲ။ ထိုသတင်းစကား က စစ်ပွဲ ဆင်နွှဲခြင်းဖြင့် ဖြစ်စေ၊ မိမိဘက်က အသာစီးရတဲ့ စေ့စပ် ဆွေးနွေးမှု နည်းလမ်းနဲ့ ဖြစ်စေ စစ်ပွဲကို အနိုင် ရလိမ့်မယ် ဆိုတဲ့ သမ္မတ ပူတင်ရဲ့ ယုံကြည်မှုကို ပြသလိုက်တာဖြစ်သလို ရုရှားနိုင်ငံဟာ စစ်ပွဲ ဆင်နွှဲဖို့အတွက် ခြေကုန် လက်ပန်းကျနေပြီ ဆိုတာ ကိုလည်း ပြသလိုက်တာ ဖြစ်ပါတယ်။
မစ္စတာ ပူတင်ရဲ့ ငြိမ်းချမ်းရေးအတွက် ဦးဆောင်ဦးရွက်မှုနဲ့ စစ်ရေးဆိုင်ရာ ကြိုးပမ်းမှု နှစ်ခုစလုံးက ရည်မှန်းချက် တစ်ခုဆီ ကိုပဲ ဦးတည်နေပါတယ်။ အဲဒါကတော့ အာဏာပိုမို ရရှိလာရေး ပဲဖြစ်တယ်။
မစ္စတာပူတင်ရဲ့ လေသံဟာ ပိုမို ပျော့ပျောင်းလာပါတယ်။ ရန်လိုမှုတွေ၊ စစ်ပွဲတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရပ်တန့် စေလိုတဲ့ အမေရိကန် ပြည်ထောင်စု အစိုးရရဲ့ ရပ်တည်ချက်ကို ကျွန်တော်တို့ လေးစားပါတယ်။ ကျွန်တော်တို့လည်း ထို့အတူပါပဲ လို့ ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ လပေါင်းများစွာအတွင်းမှာ မစ္စတာပူတင်ရဲ့ ပြောစကားတွေကို အရင်အတိုင်း လက်ခံထားသူကတော့ မစ္စတာ ထရမ့်ပါပဲ။ သူဟာ ကရင်မလင်ရဲ့ အာဏာ အရှိဆုံး ပုဂ္ဂိုလ် အပေါ် အရိုးခံအတိုင်း လက်ခံထားသူပါ။ ယူကရိန်းနိုင်ငံနဲ့ သူ့ရဲ့ ဥရောပ မဟာမိတ်တွေက ရုရှားခေါင်းဆောင်အပေါ် ဖိအားပေးဖို့ တိုက်တွန်းခဲ့တဲ့ အချိန်တိုင်းမှာလည်း ထရမ့်ဟာ ရွံ့တွန့်တွန့် ဖြစ်ခဲ့တယ်။

(Photo: Foreignpolicy)
မစ္စတာ ပူတင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ဝါရှင်တန်မှာ ဗိုလိုဒီမာ ဇလန်းစကီးနဲ့တကွ ဥရောပ ခေါင်းဆောင် အများအပြားနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ပွဲမှာ မစ္စတာ ထရမ့်က ပြင်သစ်သမ္မတ အီမန် နျူရယ် မက်ခရွန်ကို လေသံတိုးတိုးနဲ့ နှစ်ကိုယ်ကြား ပြောခဲ့တဲ့ စကားတွေကို မိုက်ကရိုဖုန်း မပိတ်မိတော့ အပြင်ကို ပေါက်ကြားခဲ့ပါတယ်။ မစ္စတာ ထရမ့် ပြောခဲ့တဲ့ စကားတွေကတော့ “ကျွန်တော် ထင်တယ်၊ သူ့ (ပူတင်) အနေနဲ့ ကျွန်တော့်အတွက် သဘောတူညီမှု တစ်ရပ် လုပ်ချင် နေပါတယ်။ အဲဒါကို ခင်ဗျား သဘောပေါက်တယ် မဟုတ်လား၊ တကယ့်ကို လုပ်ချင်နေတာပါ” ဆိုတဲ့ စကားတွေပါပဲ။
မစ္စတာ ထရမ့်ဟာ ပူတင်နဲ့ မတွေ့ခင် ကာလတုန်းက ကတိစားတွေ ရှိခဲ့ပေမယ့်လည်း ရုရှားအပေါ် ပိတ်ဆို့ အရေးယူ မှုတွေ မချမှတ်ခဲ့သလို ဆွေးနွေးပွဲအတွက် ကြိုတင်စည်းကမ်း သတ်မှတ်ချက် အနေနဲ့ အပစ်ရပ်ရေးကိုလည်း သမ္မတ ပူတင်ထံက မတောင်းဆိုခဲ့ပါဘူး။
မစ္စတာပူတင်ကလည်း အိမ်ဖြူတော်မှာ ထရမ့်နဲ့ ဇလန်းစကီးတွေ့ဆုံမှုတွေ၊ ပြုံးပြ နှုတ်ဆက်ခဲ့တာတွေ၊ ထရမ့်က ဇလန်းစကီးကို ပခုံးပုတ်ပြီး ယူကရိန်းကို အပြည့်အဝ ထောက်ခံမှု ပေးခဲ့မှုတွေနဲ့ ပတ်သက်ပြီး သိပ်ဂရုစိုက်ပုံ မပေါ်ပါဘူး။ သူအနေနဲ့ အများဆုံး အလေးဂရုပြုမှုကတော့ အာလာပ သလ္လာပ ဆွေးနွေးပြောဆိုမှုတွေထက် အနည်းငယ်ပဲပိုတဲ့ လုံခြုံရေး အာမခံချက်တွေနဲ့ စပ်လျဥ်းတဲ့ ကိစ္စပါ။ ဒါကလည်း မစ္စတာပူတင် အနေနဲ့ ငြိမ်းချမ်းရေးကို သဘောတူပါမှ အကောင်အထည် ဖော်နိုင်မှာပါ။ သမ္မတထရမ့်ဟာ ဥရောပခေါင်းဆောင်တွေနဲ့ တွေ့နေစဥ်မှာပဲ မစ္စတာ ပူတင်ဆီကို ဖုန်းထခေါ်ကာ ရုရှားနဲ့ မတိုင်ပင်ဘဲ ယူကရိန်းနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်ပါဘူးဆိုတဲ့ အာမခံချက်ကို ပေးခဲ့ပါတယ်။
မစ္စတာ ပူတင်အနေနဲ့ မစ္စတာ ထရမ့်နဲ့ ပြုလုပ်ခဲ့တဲ့ ထိပ်သီး အစည်းအဝေးဟာ အောင်မြင် တာထက် ပိုမိုခဲ့ပါတယ်။ မစ္စတာထရမ့်အရင် သမ္မတဖြစ်ခဲ့သူ (ဂျိုးဘိုင်ဒင်) က လူသတ်သမား၊ ရာဇဝတ်သားလို့ တံဆိပ်ကပ်ခံခဲ့ရတဲ့ မစ္စတာ ပူတင်ဟာ မစ္စတာ ထရမ့်က ကော်ဇောနီခင်းပြီး ကြိုဆိုတာကို ခံခဲ့ရပါတယ်။ မစ္စတာ ပူတင်အပေါ်မှာ ကျရောက်နေတဲ့ သံတမန် ရေးရာ အထီးကျန် ဖြစ်မှုဟာ အဆုံးသတ်သွားခဲ့ပြီး ဥရောပရဲ့ အာဏာကို ကိုင်ကစားနိုင်သူဆိုတဲ့ သူ့ရဲ့ အနေအထားကို ပြန်လည် ရရှိ ခဲ့ပါတယ်။
အစွန်းရောက် နယ်ချဲ့ ဒဿနဆရာနဲ့ စစ်ပွဲကို ထောက်ခံသူ အလက်ဇန္ဒာ ဒူဂင်က မစ္စတာ ပူတင် လေးစားကြည်ညိုတဲ့ ဇာဘုရင် ပုံတွေထဲက တစ်ပုံကို ခေါင်းတညိတ်ညိတ်လုပ်ရင်း “ဂုဏ်ယူပါတယ်၊ ပြီးပြည့်စုံတဲ့ ထိပ်သီး အစည်းအဝေးကို တက်ရောက်လာသူ အားလုံးကို ကျွန်တော်က နှုတ်ခွန်း ဆက်ပါတယ်။ ဒီအစည်းအဝေးကြီးဟာ ကြီးကျယ်ခမ်းနားလှပါတယ်။ အရာရာကို အောင်မြင်မှု ရရှိပြီး ရှုံးနိမ့်တာဆိုလို့ ဘာမှမရှိပါဘူး” လို့ ချီးကျူးစကားဆိုတယ်။
သို့ပေမဲ့ ထိပ်သီး အစည်းအဝေး တက်ရောက်ခဲ့သူ နှစ်ဦးအကြားမှာ ဘာတွေ သဘောတူ ခဲ့ကြသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ မစ္စတာ ပူတင်ဟာ အလာစကာကို သွားခဲ့တာဟာ စေ့စပ်ညှိနှိုင်းဖို့ သွားခဲ့တာ မဟုတ်ပါဘူး။ မိမိရဲ့ လုပ်ရပ်အပေါ် မိမိအနေနဲ့ ကျေနပ် ဂုဏ်ယူဖို့ သွားခြင်းသာဖြစ်ပါတယ်။
မကြာသေးမီက လူထုဆန္ဒသဘောထား ကောက်ယူခဲ့ရာမှာ ရုရှားနိုင်ငံသားတွေရဲ့ ၇၀ ရာခိုင်နှုန်းက မိမိတို့ နိုင်ငံဟာ စစ်မြေပြင်မှာ အသာစီးရနေတယ်လို့ ထင်မြင်ယူဆခဲ့ကြတယ်။ အဲဒီအထဲက ၆၀ ရာခိုင်နှုန်းကတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပြောဆိုရေးကို လိုလားကြတယ်။ စစ်ပွဲမှာ ရှုံးနိမ့်လေမလားဆိုတဲ့ စိုးရိမ် ထိတ်လန့်မှုတွေ မရှိတော့တာ ကြာပါပြီ။ သို့ပေမဲ့ နောက်ထပ် စစ်ပွဲတွေ ဖြစ်လာမှာကိုတော့ မလိုလားကြပါဘူး။
မျက်စိကြီး နားကြီး စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ကတော့ သူ့လို လူချမ်းသာတွေရဲ့ သဘောထားကို ဒီလို ခြုံငုံသုံးသပ်တင်ပြပါတယ် “စစ်ပွဲ ဆက်ဖြစ်နေလည်း ဘယ်သူကမှ ဒီစစ်ပွဲ ဘယ်လို အဆုံးသတ်မယ်ဆိုတာကို ဂရုမစိုက် ကြတော့ပါဘူး။ ပူတင်ကတော့ အောင်မြင်မှု အဖြစ်နဲ့ ဘယ်အရာကို မဆို ထုတ်ပြနိုင်မှာ ဖြစ်ပါတယ်“။ အနည်းဆုံးတော့ သူ့ (ပူတင်) အနေနဲ့ စစ်ပွဲ အတွင်းတုန်းက သိမ်းပိုက်ခဲ့တဲ့ ရုရှားနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ခရိုင်းမီးယား ကျွန်းဆွယ် တစ်လျှောက်ကို အမေရိကန်နိုင်ငံလောက်က အသိအမှတ်ပြုပေးမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ”ယူကရိန်းကို နေတိုးအဖွဲ့ထဲသို့ ထာဝရ မသွတ်သွင်းရေးနဲ့ ယူကရိန်းနိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ကျင်းပရေးတို့ကိုလည်း တောင်းဆိုပါလိမ့်မယ်”။ ရုရှား အတွင်းလူ တစ်ယောက်ကတော့ “ဇလန်းစကီး အာဏာရှိနေသမျှ ဘယ်လို သဘောတူညီချက်မှ မရနိုင်ဘူး” လို့ ပြောခဲ့တယ်။
မစ္စတာ ပူတင်ရဲ့ သံတမန်ရေးရာ အားထုတ်မှု အသစ်တွေက သူ့ရဲ့ အကျပ်အတည်းတွေကို ရောင်ပြန် ဟပ်ပြနေတာပဲ ဖြစ်တယ်။ ရုရှားစီးပွားရေးဟာ အကျဘက်ကို ဦးတည်နေပါတယ်။ ယခုနှစ်ရဲ့ ပထမ ခုနစ်လအတွင်းမှာ ဘက်ဂျက်လိုငွေပြမှုဟာ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးရဲ့ရည်မှန်းချက်ကို ကျော်လွန်သွားခဲ့တယ်။ အဆိုပါ ခုနစ်လတာအတွင်းမှာ အများပြည်သူအသုံးစရိတ်ဟာ ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အစိုးရ အသုံးစရိတ် စုစုပေါင်းရဲ့ အနည်းဆုံး ငါးရာခိုင်နှုန်းဟာ အဓိကအားဖြင့် ယူကရိန်းမှာ တိုက်ခိုက်ဖို့ ငှားရမ်းထားတဲ့ စစ်သည်တွေအတွက် သုံးစွဲနေရတာ ဖြစ်တယ်လို့ ဗီယင်နာမြို့ အခြေစိုက် ပညာရှင်အဖွဲ့ဖြစ်တဲ့ Re: Russia က ပြောပါတယ်။
သို့ပေမဲ့ ဒီအချက်တွေက ပူတင်ရဲ့ အနေအထားကို အကျဥ်းအကျပ် မဖြစ်စေပါဘူး။ ထို့ထက်ပိုပြီး နိုင်ငံ့ စီးပွားရေး အပေါ်မှာ ပိုမိုဆိုးရွားအောင် လုပ်နိုင်ပါသေးတယ်။ Re: Russia အဖွဲ့က ကီရေးလ်ရိုဂေါ့ဖ်က ဒီဖြစ်ရပ်က စစ်ပွဲအတွက် ကုန်ကျစရိတ်နဲ့ ပတ်သက်တဲ့ ရုရှားနိုင်ငံသားတွေရဲ့ အဖြစ်ကို အခြေခံ ကျကျ ပြောင်းလဲစေမှာ ဖြစ်တယ်။ ဒီကိစ္စက အရဲစွန့် ရမှုတွေနဲ့ ပြည်တွင်းမှာ တင်းမာမှုတွေကို တိုးပွားလာစေမှာပါလို့ ပြောခဲ့တယ်။
ယူကရိန်းနဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲဟာ သုံးနှစ် သုံးမိုး ကြာညောင်းခဲ့ပေမယ့် ရုရှားတပ်တွေဟာ ယူကရိန်းရှေ့တန်း စစ်မျက်နှာတွေကို မချိုးဖျက်နိုင်သေး ပါဘူး။ ရုရှားတပ်တွေဟာ ၂၀၂၃ ခုနှစ် စစ်ပွဲစတင်ခဲ့တဲ့ ကာလတုန်းက သိမ်းယူနိုင်ခဲ့တဲ့ ယူကရိန်း နယ်နိမိတ်နေရာတွေရဲ့ တစ်ရာခိုင်နှုန်း မရှိတရှိ ကိုသာ ထိန်းသိမ်းထားနိုင်ပါတယ်။
မစ္စတာ ပူတင်ဟာ ပြည်သူတွေကို စစ်ပွဲအတွက် စည်းရုံးတာမျိုးဖြစ်စေ သို့မဟုတ် စစ်ကို နောက် တစ်နှစ် ဆက်တိုက် တာမျိုး ဖြစ်စေ အရဲစွန့်ပြီး လုပ်ရမယ့် အလုပ်မျိုးကို မလိုလားပါဘူး။ ထိုသို့ လုပ်ခဲ့ရင် ကြီးမား များပြားတဲ့ လူတွေရဲ့ အသက်ကို ရင်းနှီးပြီး နဲ့ စီးပွားရေး ကုန်ကျစရိတ်တွေက သူ့ရဲ့ တပ်ဟာ ယူကရိန်းကို ရှုံးနိမ့်အောင် မတိုက်နိုင်ဘူးဆိုတဲ့ အချက်ကို ပေါ်လွင် စေမှာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးကတော့ “ဒီစစ်ပွဲဟာ အဓိပ္ပာယ်မရှိဘူး။ ရပ်ပစ်ဖို့ အချိန်ရောက်ပြီ ဆိုတာကို လူတိုင်းနားလည်ပါတယ်” လို့ ပြောခဲ့တယ်။ သို့ပေမဲ့ ထိုသို့ ပြောဆိုခြင်းက မစ္စတာ ပူတင်ဟာ စစ်ပွဲကို ရပ်တော့မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မစ္စတာ ရိုဂေါ့ဖ် ပြောသလို “သူ့အနေနဲ့ နောက်နှစ်လ အတွင်း စစ်ပွဲကို ရုရှားဘက်က အောင်မြင်လိမ့်မယ်လို့ ခန့်မှန်းကြောင်း.. ယူကရိန်းဘက်မှာ လူအင်အား ချို့တဲ့နေပြီး စစ်တပ်မှ ထွက်ပြေးမှုတွေ အမြဲလိုလို ရှိနေတယ်“
ဆက်လက်ပြီးတော့လည်း ရိုဂေါ့ဖ်က “သူ (မစ္စတာ ပူတင်) ဟာ အကယ်လို့ သူ့ရဲ့ ထိုးစစ်ဟာ မျှော်မှန်းထား သလောက် အရာရောက်မှုမရှိတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ရင် ထိုအရေးပေါ် အခြေအနေအတွက် သံတမန်ရေး တံခါး ကိုလည်း ဖွင့်ထားတာပါ” လို့ပြောခဲ့တယ်။
မစ္စတာ ပူတင်အတွက်ကတော့ မပြီးဆုံးနိုင်တဲ့ စေ့စပ်ဆွေးနွေးမှုတွေဟာ သူ့ရဲ့ စစ်ပွဲ စီမံကိန်းတွေရဲ့ အခြားသော အစိတ် အပိုင်းပဲ ဖြစ်တယ်။ ထို စေ့စပ်ညှိနှိုင်းမှုတွေက မစ္စတာ ထရမ့်ကို သူ့ဘက်မှာ ရှိနေစေမယ့် အဖြစ်၊ အနောက်နိုင်ငံတွေနဲ့ ယူကရိန်း နိုင်ငံမှာ သဘောထား ကွဲလွဲမှုတွေကို မြင့်တက်စေမှာ ဖြစ်ပါတယ်။
ရုရှား ဘလော့ဂါ တစ်ယောက်ကတော့ “နားလည်ရမယ့် အဓိကအကြောင်းအရာကတော့ စစ်ပွဲဟာ မရပ်စဲသေးပါဘူး။ ကျုပ်တို့ရဲ့ သမ္မတကြီးက သံတမန်ရေးရာ ရွေးချယ်စရာနည်းလမ်းတွေကို စဥ်းစားပါလိမ့်မယ်။ တစ်ချိန်တည်းမှာလည်း စစ်ဘက် ကလည်း ကျုပ်တို့ရဲ့ နယ်မြေတွေကို လွတ်မြောက် စေဖို့ ဆက်လက် အလုပ်လုပ်ပါလိမ့်မယ်” လို့ပြောခဲ့ပါတယ်။
မစ္စတာ ပူတင်ဟာ စစ်ပွဲအတွင်းတုန်းက သူမသိမ်းပိုက်နိုင်ခဲ့တဲ့ ဒွန်ဘက်စ် အနောက်ပိုင်းက နယ်ပယ်တွေကို သူ့ကို လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့တယ်။ ထိုသို့ တောင်းဆိုခြင်းဟာ ယူကရိန်း နိုင်ငံအတွင်းမှာ နိုင်ငံရေး အကျပ်အတည်း တစ်ရပ် ပေါ်ပေါက်လာအောင် လုပ်လိုက်တာပါပဲ။ ဇလန်းစကီးက သူ့နိုင်ငံရဲ့ မြေကို တစ်လက်မမှ မပေးနိုင်ဘူး လို့ ပြောခဲ့တာကို သူသိပါတယ်။ သို့ပေမဲ့ ဇလန်းစကီးအနေနဲ့ မလိုက်လျောခဲ့ရင်တော့ ထရမ့်က သူ့ကို ဆုံးမပါလိမ့်မယ်။
မစ္စတာ ပူတင်ဟာ စစ်အေးလွန်ကာလရဲ့ လုံခြုံရေးပုံစံကို ဖျက်ဆီးပစ်ဖို့ဆိုတဲ့ သူရဲ့ ရည်မှန်းချက် အောင်မြင်ရေးအတွက် ယူကရိန်းမှာ နိုင်ငံရေး ပြိုကွဲအောင်လုပ်ပြီး အမေရိကန် နိုင်ငံကိုလည်း ဥရောပ အပြင်ဘက် ကို မောင်းထုတ်ကာ ယူကရိန်းကို ဥရောပက ထောက်ခံမှုကိုလည်း ဖျက်ဆီးပစ်ဖို့ ပဲ ဖြစ်တယ်။ သို့ပေမဲ့ သူဟာ အခုအထိတော့ ထိုကိစ္စတွေ တစ်ခုမှ မရရှိ သေးပါဘူး။ သို့ပေမဲ့ စစ်ပွဲရဲ့ အရှိန်အမြင့်ဆုံး အဆင့်ဟာ ရပ်တန့်သွားရင်တောင်မှ အနောက် အုပ်စုရဲ့ ညီညွတ်ရေးကို ဖြိုဖျက် ပစ်မယ့် သူ့ရဲ့ တိုက်ပွဲကိုတော့ စွဲစွဲမြဲမြဲ လုပ်ဆောင်သွားမှာသာ ဖြစ်ပါတယ်။
ကိုးကား – Pretend to negotiate while grinding down the enemy, The Economist – Aug 25

