ဘင်္ဂလားဒေ့ရှ်နှင့်သီရိလင်္ကာ စသည့် တောင်အာရှနိုင်ငံများနှင့် ထိုင်း၊ မလေးရှားစသည့် အရှေ့တောင်အာရှ နိုင်ငံများသည် ဒေါ်နယ်ထရမ့်နှင့် သဘောတူညီချက် မရလျှင် စီးပွားရေး အခက်အခဲများ ရင်ဆိုင် ကြုံရမည်။
တောင်အာရှဒေသ အလုပ်သမားဈေးကွက်မှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်တဲ့ နှုန်းဟာ ယေဘုယျအားဖြင့် ဆိုရင် အတော်ကို ဆိုးဆိုးရွားရွား နိမ့်ကျ နေပါတယ်။ ဒါပေမဲ့ ဒီဒေသကြီးအတွင်းက အထည်ချုပ် စက်ရုံတွေ ကတော့ ခြွင်းချက် ထားရမယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံမှာ အပ်ချုပ်စက်တွေနဲ့ ချုပ်လုပ်နေတဲ့ စက်ချုပ် အလုပ်သမ တွေက လုပ်သား အင်အားရဲ့ သုံးပုံနှစ်ပုံ လောက်ရှိတယ်။ အထည်ချုပ် လုပ်ငန်းက ၁၉၈ဝ ပြည့်လွန်နှစ်တွေ ကာလ နောက်ပိုင်းမှာ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ကို ဦးဆောင်နေပြီး သန်းချီရှိတဲ့ အမျိုးသမီးတွေကို လုပ်သား အင်အားစု ထဲကို ဆွဲဆောင် လာခဲ့တယ်။ ဒါပေမဲ့ နိုင်ငံ တစ်နိုင်ငံကို ဈေးပေါတဲ့ တီရှပ်နဲ့ ရှူးဖိနပ်တွေ ရောင်းချဖို့ ဆိုတာကတော့ အဲဒီ နိုင်ငံကြီးက သမ္မတရဲ့ အနှစ်သက်ဆုံး စကားလုံး “သွင်းကုန်ခွန်” ဆိုတာ ပေါ်မှာ မူတည်တယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကရဲ့ ကုန်သွယ်ဖက် နိုင်ငံအများစုကို “အပြန်အလှန် အခွန် အကောက်”တွေ ကောက်မယ် ဆိုပြီး အခုနှစ် ဖေဖော်ဝါရီလတုန်းက ကြေညာလိုက် ပြီးတဲ့နောက်မှာ အလုပ်သမားတွေနဲ့ အထည်ချုပ် စက်ရုံ ပိုင်ရှင်တွေ လုပ်ငန်းရှင်တွေဟာ မသေချာ မရေရာ တဲ့ အခြေအနေ တစ်ခုခု ပေါ်လာမှာကို ပူပန် သောကတွေနဲ့ စောင့်နေရတဲ့ ဘဝ ရောက်ခဲ့တယ်။ အမေရိကန် ပြည်ထောင်စုဟာ တောင်အာရှဒေသက အဝတ်အထည်တွေကို အများဆုံး ဝယ်ယူတဲ့ တစ်ခုတည်း သော အကြီးဆုံး နိုင်ငံဖြစ်တယ်။ အခုအချိန် အထိ သွင်းကုန်ခွန် ၃၀ ရာခိုင်နှုန်း တိုးကောက်တာ ခံရမယ့် အခြေအနေကို ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံ ဟာဆိုရင် လေးလတာ လုပ်ငန်းတွေ ရပ်နားထားပြီး ဩဂုတ်လ ၁ ရက်မှာ ပြီးဆုံးခဲ့တယ်။ သီရိလင်္ကာနိုင်ငံဟာ ပို့ကုန်ဝင်ငွေရဲ့ ၄ဝ ရာခိုင်နှုန်းကျော်ကို အဝတ်အထည်ရောင်းချရမှုကို မှီခိုအားထားနေရတာဖြစ်တယ်။
ကမ္ဘာပေါ်မှာ ချုပ်လုပ်ပြီးတဲ့ အဝတ်အထည် ဒုတိယအများဆုံး ထုတ်လုပ်တဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ မစ္စတာထရမ့်နဲ့ သွင်းကုန်ခွန် ၃၅ ရာခိုင်နှုန်းပဲ ကောက်ခံဖို့ ညှိနှိုင်းနေရဆဲ ဖြစ်ပေမယ့် သူပြောတဲ့နှုန်း ကတော့ ဩဂုတ်လ ၁ရက်မှာပဲ စတင် အကျိုးသက် ရောက်ပါလိမ့်မယ်။ “ဒီဖြစ်ရပ်က ကျွန်တော်တို့ အတွက် ကပ်ဆိုက်မှု တစ်ခုပါပဲ“လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဝတ်အထည် ထုတ်လုပ်သူများနှင့် တင်ပို့သူများ အသင်းက ဒါရိုက်တာဟောင်း တစ်ဦးဖြစ်တဲ့ မိုဟီအူဒင် ရူဘယ် က ပြောကြား လိုက်ပါတယ်။
ဖေဖော်ဝါရီလ ကတည်းကစပြီး လက်လီဆိုင် အကြီးကြီး အမေရိကန်အီးဂဲလ်နဲ့ ဝေါလ်မတ်တို့လို အမေရိကန် ဝယ်ယူသူတွေက ဒေါ် လာသန်းချီ တန်ဖိုးရှိတဲ့ ကုန်မှာစာတွေကို ဆိုင်းငံ့ထားလိုက်ကြတယ်။ မစ္စတာရူဘယ်ရဲ့ ကိုယ်ပိုင်ကုမ္ပဏီရဲ့ မတ်လ နောက်ပိုင်းမှာ အမေရိကကို သူ့ရဲ့ တင်ပို့ ရောင်းချမှုတွေက ၂၅ ရာခိုင်နှုန်း ဝန်းကျင် ဆုံးရှုံးခဲ့တယ်။ မစ္စတာ ထရမ့်က ဇူလိုင်လ ၇ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အခွန်နဲ့ ခြိမ်းခြောက်မှု ပြန်စပြီးတဲ့နောက် ဝေါလ်မတ်က အဝတ်အထည် လုပ်ငန်း တစ်ခုဖြစ်တဲ့ Patriot Eco Apparel ရဲ့ မန်နေဂျင်းဒါရိုက်တာ အစ်က်ဘယ်လ် ဟိုစိန် ကို နောက်ထပ် ရှင်းရှင်းလင်းလင်း မသိရ သေးချိန်အထိ ဒေါ်လာ ၁ ဒသမ ၂၅သန်း တန်ဖိုးရှိ ကုန်မှာစာများကို ရပ်ဆိုင်းထားဖို့ ပြောကြားခဲ့တယ်။
မိန်းမတွေရောယောက်ျားတွေပါ အထည်ချုပ် လုပ်သားတိုင်းလိုလို ဒီဒဏ်ကို ခံစားရမယ့်ပုံ ပေါ်တယ်။ ဒါပေမဲ့ အမျိုး သမီးတွေ အတွက်ကတော့ ရှိတဲ့ အလုပ်ကို ထိန်းထားဖို့နဲ့ အခြား အလုပ်အကိုင် ရှာဖို့ အတွက်ဆိုရင် ရွေးချယ်စရာ အခွင့်အလမ်း အတော်ကို နည်းပါတယ်။ အလုပ်သမား သမဂ္ဂတွေ ပြောကြား တာကတော့ ဘင်္ဂလားဒေ့ရှ်မှာ ယာယီ အလုပ်သမားတွေ အားလုံး အလုပ်ပြုတ် နေပြီလို့ ဆိုပါတယ်။ ပက်ထရီးယော့ အီကို အက်ပ်ရယ်မှာ အလုပ်လုပ်ပြီး လူရှစ်ယောက်ရှိ တဲ့ မိသားစု တစ်စုကို လုပ်ကျွေး နေရတဲ့အသက် ၂၈နှစ် အရွယ်ရှိ အလုပ်သမ လီမာအခါတာ ဆိုရင် အခြား အလုပ်သမား လေးဆယ်နဲ့ အတူ ဇွန်လထဲမှာ အလုပ်ဖြုတ်မယ့် အကြောင်း ကြိုတင် နို့တစ်မပေးဘဲနဲ့ အလုပ်ဖြုတ် ခံခဲ့ရတယ်။ “ကျွန်မက သားသမီးတွေရဲ့ ကျောင်း လခနဲ့ မိဘတွေရဲ့ ဆေးဖိုး ဝါးခ ကိုပါ ပေးနေရတာပါ” လို့ မစ္စအခါတာ ပြောကြားလိုက်တယ်။ အခု အခြေအနေမှာတော့ အသေးစား ငွေချေး ကုမ္ပဏီကနေ မလွဲမသွေ ငွေချေးယူပြီး ပြဿနာ ဖြေရှင်း ရတော့မှာဖြစ်တယ်။
သီရိလင်္ကာက အဝတ်အထည် လုပ်ငန်း ကုမ္ပဏီတွေကလည်း အလုပ်သမားတွေကို လစာတိုးပေးဖို့ ဒါမှ မဟုတ် ဆုကြေးပေးဖို့တွေကို ငြင်းပယ်နိုင်အောင်လို့ အဆိုပြုခံရတဲ့ သွင်းကုန်ခွန် နှုန်းထားတွေကို ဖော်ပြ ခဲ့ကြတယ်။ သီရိလင်္ကာနိုင်ငံ သမ္မတဟောင်း ရာနီးလ် ဝစ်ကရီ မင်ဆင်ဂဲလ် တကယ်လို့ သွင်းကုန်ခွန် တိုးကောက်တာ အကျိုးသက်ရောက်မှု ရှိလာရင် အလုပ်သမား တစ်သိန်းကျော် အလုပ်လက်မဲ့ ဖြစ်သွား နိုင်တယ်လို့ သတိပေးခဲ့တယ်။ အောက်ခြေအထိ စီးပွားရေး အကျိုး သက်ရောက်မှုကြောင့် အနည်းဆုံး မှီခိုသူ အနည်းဆုံး ၂ ဒသမ ၅ သန်း မှ ခြောက် သန်းအထိ ထိခိုက် နစ်နာလိမ့်မယ်လို့ သီရိလင်္ကာ နိုင်ငံရဲ့ မြို့တော် ကိုလံဘိုရှိ လွတ်လပ်သော ကုန်သွယ်ရေးဇုန်နဲ့ အထွေထွေ ဝန်ဆောင်မှု အလုပ်သမားသမဂ္ဂက အင်တွန် မားကပ်စ်က ပြောကြား လိုက်ပါတယ်။ ဂက်ပ်နဲ့ ဝေါလ်မတ်လို လူကြိုက်များ နာမည်ကျော် အမေရိကန်ကုန် ပစ္စည်းတွေ ထုတ်တဲ့ ကုမ္ပဏီကြီး တွေကတော့ ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကို ရပ်နားထားတဲ့ အချိန်အတွင်း မှာ မစ္စတာထရမ့် ကနဦး ချမှတ်တဲ့ သွင်းကုန် ခွန်ရဲ့ ၁ဝ ရာခိုင်နှုန်းထက် မနည်း ပေးဆောင်ကြဖို့ တိုက်တွန်း ခဲ့တယ်။ ကုမ္ပဏီ အငယ်စားနဲ့ အလတ်စားတွေ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ ကြတယ်။
“တစ်ယောက်တည်း ဦးဆောင် လှုပ်ရှား ရုန်းကန်နေရတဲ့ မိခင်တွေအတွက် အလုပ်မရှိဘဲ မိသားစုဘဝ ရှင်သန် ရပ်တည်နိုင်ဖို့နဲ့ ကလေးတွေရဲ့ ကျောင်းစရိတ်အတွက် အခက်အခဲ ပေါင်းစုံနဲ့ ရင်ဆိုင်ပြီး အတော်ပင် ပန်း ဆင်းရဲလှပါတယ်” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့လက အလုပ်ပြုတ်ခဲ့ရတဲ့ အသက် ၃၅ နှစ်အရွယ်ရှိ အထည်ချုပ် အလုပ်သမ ကိုဟီနူး ဘီဂမ်းက ဆိုပါတယ်။ စက်ရုံ အလုပ်သမား အမျိုးသမီးတွေ အလုပ်ထုတ် ခံရတဲ့ အခါ နောက်တစ်နေရာမှာ အလုပ်ရဖို့ အတော်ကို ကြိုးပမ်းရတယ်လို့ အလုပ်သမား သမဂ္ဂက ဆိုတယ်။ အများစုဟာ ဆယ်ကျော်သက် နှောင်းပိုင်း အရွယ်ရောက်ကာမှ စက်ရုံရှိတဲ့ နေရာမှာ အလုပ် သွားလုပ်ဖို့ သူတို့ရဲ့ ရွာတွေကနေ ထွက်ခဲ့ကြရတယ်။ သူတို့တွေဟာ နောက်ထပ် လုပ်ငန်း ကျွမ်းကျင်မှု အသစ်ကို မရဘဲ ဒီစက်မှုလုပ်ငန်း တစ်မျိုးတည်းကိုပဲ နှစ်ပေါင်းများစွာ ထပ်ကာတလဲလဲ လုပ်ကိုင် ကြရတယ်။
အရှေ့တောင် အာရှနိုင်ငံတွေမှာလည်း မြင့်မားလှတဲ့ သွင်းကုန်ခွန် နှုန်းထားတွေကို ကနဦးဆုံး ရင်ဆိုင် ခဲ့ရတယ်။ ဗီယက်နမ် နိုင်ငံဆိုရင် သွင်းကုန်ခွန် ၄၈ ရာခိုင်နှုန်း ချမှတ်ခံခဲ့ ရတယ်။ ဒါပေမဲ့ ဇူလိုင်လအတွင်း မှာ ၂ဝ ရာခိုင်နှုန်းကို ပြင်ဆင် လျှော့ချ ပေးခဲ့တယ်။ ဒါပေမဲ့ အခြားနိုင်ငံမှာ ကနဦး စတင်ထုတ်လုပ်ပြီး ဗီယက်နမ်ကိုပို့၊ အဲဒီကမှ တစ်ဆင့် အမေရိကန်နိုင်ငံကို ပို့တဲ့ တစ်ဆင့်ခံ တင်ပို့တဲ့ ကုန်ပစ္စည်းတွေကိုတော့ ၄ဝ ရာခိုင်နှုန်း သွင်းကုန်ခွန်ပေးရတယ်။
အလားတူ အင်ဒိုနီးရှား နိုင်ငံမှာလည်း သွင်းကုန်ခွန်နှုန်းကို ၃၂ ရာခိုင်နှုန်းကနေ ၁၉ ရာခိုင်နှုန်းအထိ လျှော့ချ ပေးခဲ့တယ်။ အမေရိကန် အစိုးရက ကြေညာရာမှာ အာဆီယံနိုင်ငံတွေဟာ အမေရိကန်ထုတ် ကုန်ပစ္စည်းတွေနဲ့ ပတ်သက်လို့ သွင်းကုန် အဟန့်အတားတွေကို ၉၉ ရာခိုင်နှုန်း ဖယ်ရှား ပစ်ရလိမ့်မယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ဆိုရင်လည်း သွင်းကုန်ခွန် ၄၉ ရာခိုင်နှုန်း ချမှတ်ရာ ကနေ ၁၉ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့တယ်။ ကမ္ဘာဒီးယားရဲ့ကုန်သွယ်ရေးညှိနှိုင်းရေးမှူးချုပ် ဆွန်ချန် သောလ် က ၄၉ရာခိုင်နှုန်းသာချမှတ်ရင်တော့ နိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းဟာ လုံးဝ ပြိုကွဲ ပျက်စီး သွားပါလိမ့်မယ် လို့ ပြောကြား လိုက်တယ်။ အဝတ်အထည် လုပ်ငန်းမှာ အလုပ်သမား ရှစ်သိန်း အလုပ်လုပ်နေ ကြပြီး အများစုက ကျေးလက်ဒေသတွေ ကနေလာကြတာ ဖြစ်တယ်။

စီးပွားရေးလေ့လာဆန်းစစ်သူရဲ့ ကနဦးခန့်မှန်းချက်အရကတော့ အမေရိကန်ရဲ့ လက်ရှိ သွင်းကုန်ခွန် နှုန်းထားတွေအရ ထိုင်းနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်း ထုတ်ကုန်တန်ဖိုး (ဂျီဒီပီ)ကို ဝ ဒဿမ ၄၄ ရာခိုင်နှုန်း၊ ဗီယက်နမ်ရဲ့ ဂျီဒီပီကို ဝ ဒသမ ၃၃ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားကို ဝ ဒသမ ၁၁ ရာခိုင်နှုန်း အသီးသီး လျော့ကျ သွားစေမယ်လို့ ဆိုပါတယ်။
သမ္မတထရမ့်ရဲ့ နောက်ဆုံး သတ်မှတ်ရက် မတိုင်မီ အာရှနိုင်ငံတွေကသူတို့ရဲ့ ကုန်ထုတ်လုပ်ငန်းတွေကို သိသိသာ အကျိုး ရှိစေဖို့ သွင်းကုန်ခွန် နှုန်းထားသစ်တွေကို ပြန်လည် ညှိနှိုင်း နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ အမေရိကန်ဘက်က ကုန်သွယ်ရေး လိုငွေ ခြောက် ဘီလီယံပြ နေတာကို ရပ်တန့်စေပြီး ထရမ့်အစိုးရရဲ့ ယုံကြည် စိတ်ချမှု ရစေဖို့ အမေရိကန်က သွင်းကုန်တန်ဖိုးကို မြှင့်ပေးခဲ့တယ်။ မကြာသေးခင်ကပဲ ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ဘိုးအင်းလေယာဉ် ၂၅ စင်း မှာယူခဲ့တယ်။ သီရိလင်္ကာ အစိုးရကလည်း အမေရိကန်နဲ့ နောက်ထပ်တစ်ကြော့ ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှု လုပ်ဖို့ အစီအစဉ် ချမှတ် ထားတယ်လို့ ကြေညာခဲ့တယ်။
ဒီလို အခြေအနေတွေ ရှိနေပေမယ့် ဘင်္ဂလားဒေ့ရှ်ရော သီရိလင်္ကာပါ နှစ်နိုင်ငံ စလုံးကတော့ နောင်အနာဂတ်မှာ စီးပွားရေး ကမောက်ကမ ဖြစ်မှု တွေရဲ့ ဒဏ်ကို ခံနိုင်အောင် အပြောင်းအလဲကြီးတွေ ကတော့ လုပ်ကြရပါလိမ့်မယ်။ သီရိလင်္ကာ နိုင်ငံဟာ အဝတ်အထည် လုပ်ငန်းပေါ်မှီခို အားထား လွန်းရတာကိုလျှော့ချဖို့ နည်းပညာလို တန်ဖိုးမြင့် စီးပွားရေး ကဏ္ဍတွေကို အမေရိကန်အတွက် အကျိုး ရှိစေဖို့ အဓိက ပစ်မှတ်ထားပြီး ကမ်းလှမ်း သွားနိုင်တယ်။ ဒီလို ဆောင်ရွက်ရင် မတည်ငြိမ်တဲ့ ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အအုံမှာ ကုန်ထုတ်လုပ်ငန်းနဲ့ အလုပ်သမားတွေကို ကာကွယ်ပေးတဲ့ အကျိုး ကျေးဇူးကိုပါ ထပ်လောင်း ရရှိ လိမ့်မယ်လို့ အောက်စဖို့ တက္ကသိုလ်မှ သီရုနီ ကီလီဂါမာက ပြောကြားခဲ့တယ်။ ဒါပေမဲ့ အခုတော့ ထောင်နဲ့ ချီတဲ့ အလုပ်သမားတွေရဲ့ လာမယ့် လစာထုတ် စာရင်းဟာ မစ္စတာ ထရမ့်ဆီကနေ ရှင်းရှင်း လင်းလင်း နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် သဘောတူညီချက် တစ်ခု ရရှိတဲ့ အပေါ်မှာပဲ မူတည် နေဖွယ်ရာ ရှိတယ်လို့ လန်ဒန်ထုတ် အီကော်နောမစ် စာစောင်က သုံးသပ်ထားတာကို တင်ပြလိုက် ရပါတယ်။
ရည်ညွှန်း – The Economist, August 2025 နှင့် BBC သတင်းများ

