The Corner

The Corner

cropped-Logo_round_grey-background.png

ကော်လဂျင် သောက်ဖို့ လိုအပ်လား

Share မယ်

ဓာတုနည်းနဲ့ ပြုပြင်ထားတဲ့ အမှုန့်တစ်ထုပ်ကို ပေါင် ၄၀ ( ၅၃  ဒေါ်လာ ) လောက် ပေးဝယ်ဖို့ဆိုတာ လူတစ်ယောက်ရဲ့စိတ်ကူးထဲ မှာတောင် ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီအမှုန့်ကို အားဖြည့် ကော်လဂျင် လို့ တံဆိပ်ကပ်ပြီး ပုလင်းထဲ၊ ဘူးထဲ ထည့်လိုက်တဲ့အခါ လူတွေအတွက် ဆွဲဆောင်မှု ပိုရှိလာပါတယ်။

ကော်လဂျင်ဟာ အလှအပအတွက်ဖြစ်စေ၊ ကျန်းမာရေးအတွက်ဖြစ်စေ နာမည်ကြီးနေတဲ့ ဖြည့်စွက်စာတစ်ခု ဖြစ်လာ ပါတယ်။ အားကစားသမားတွေက အဆစ်အမြစ်နဲ့ အရွတ်တွေ သန်မာဖို့ သောက်ကြသလို အလှအပ ကြိုက်သူတွေ ကတော့ အရေပြားပေါ်က အရေးကြောင်းတွေနဲ့ ဆံပင်အတွက် သောက်ကြပါတယ်။ တကယ်တမ်း ကော်လဂျင်က ဘယ်လောက် အကျိုးပြု သလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

Source: Vitauthority

ကော်လဂျင်ဆိုတာ ဘာလဲ၊ ဘာကြောင့်လိုအပ်တာလဲ၊

ကော်လဂျင်ဟာ အရေပြား၊ အရိုး၊ ကြွက်သားနဲ့ အရွတ်တွေကို ပုံသဏ္ဌာန်နဲ့ ခိုင်မာမှုပေးတဲ့ ပရိုတင်းတစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ပရိုတင်းစုစုပေါင်းရဲ့ ၂၅ ကနေ ၃၀ ရာခိုင်နှုန်းအထိ ကော်လဂျင်တွေ ပါဝင်တယ်လို့ ခန့်မှန်းရပါတယ်။ ခန္ဓာကိုယ်က အရေပြားအသစ်၊ ဆံပင်အသစ်တွေ နေ့စဉ်နဲ့အမျှ ထုတ်လုပ်နေပြီး အရိုးတွေကိုလည်း အမြဲတမ်း ပြန်လည် တည်ဆောက် နေတာကြောင့် ကော်လဂျင်ကို နေ့တိုင်း အတော်လေး အသုံးပြုနေရပါတယ်။

ကော်လဂျင်ဟာ အမိုင်နိုအက်ဆစ် လို့ခေါ်တဲ့ ဓာတု အုတ်ခဲလေးတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ အဲဒီအုတ်ခဲ တွေကို ပုံစံအမျိုးမျိုးနဲ့ စုစည်းနိုင်ပါတယ်။ ကော်လဂျင်မှာ အဓိကပါဝင်တဲ့ glycine နဲ့ proline အမိုင်နိုအက်ဆစ် နှစ်မျိုးကတော့ လူ့ခန္ဓာကိုယ်ကနေ သူ့အလိုလို ထုတ်လုပ်နိုင်တာကြောင့် အစားအသောက်ကနေ ရယူဖို့မလိုအပ်ပါဘူး။ ဒါပေမဲ့ ကော်လဂျင် တည်ဆောက်ဖို့အတွက် ဗီတာမင် စီ၊ ဇင့်၊ ကြေးနီနဲ့ မင်းဂနိစ်ဓာတ်တွေ လိုအပ်ပါတယ်။

ကိုယ်တွင်း ကော်လဂျင် ထုတ်လုပ်မှု လျော့ကျစေခြင်းများ

အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ကော်လဂျင်ထုတ်လုပ်မှုက သဘာဝအတိုင်း လျော့နည်းလာပါတယ်။ အသက် ၆၀ ကျော်လာရင် ပိုပြီး သိသိသာသာ လျော့ကျသွားပါတယ်။ နေရောင်ခြည်ဒဏ်ခံရခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက် အလွန်အကျွံသောက်ခြင်း၊ အချိုများတဲ့ အစားအစာတွေ စားသုံးခြင်းကလည်း ကော်လဂျင်ထုတ်လုပ်မှုကို နှေးကွေးစေပြီး ကော်လဂျင် ဆုံးရှုံးမှုကို မြန်ဆန်စေပါတယ်။

တချို့သုတေသီတွေကတော့ glycine ဟာ တစ်ဝက်တစ်ပျက်မရှိမဖြစ် ဓာတ်လို့ အခိုင်အမာဆိုပါတယ်။ အဲဒါကို  ခန္ဓာကိုယ်က အနည်းငယ်ပဲ ထုတ်လုပ်နိုင်ပေမယ့် လိုအပ်ချက်ကိုတော့ ပြည့်မီမှာမဟုတ်ဘူးလို့ ပြောကြပါတယ်။ ဒါကြောင့် ဖြည့်စွက်ဆေးတွေ သောက်သုံးတာဟာ အကျိုးရှိနိုင်တယ်လို့ ယူဆကြပါတယ်။

Source: redclifflabs

ကော်လဂျင်ဖြည့်စွက်စာတွေက အမှန်တကယ် လိုအပ်လား

ကော်လဂျင်ဖြည့်စွက်စာတွေနဲ့ ပတ်သက်ပြီး သုတေသနရလဒ်တွေက မတူညီပါဘူး။ နိုင်ငံတကာ အရေပြားရောဂါ ဂျာနယ် International Journal of Dermatology မှာ ၂၀၂၁ ခုနှစ်က ဖော်ပြခဲ့တဲ့ စာတမ်းတစ်ခုက ကော်လဂျင် ဖြည့်စွက်ဆေး တွေ သောက်တာဟာ အရေပြား အရေးကြောင်းတွေကို လျော့ကျစေတယ်လို့ ကောက်ချက် ချခဲ့ပါတယ်။ အရေပြား၊ ဆံပင်၊ လက်သည်းနဲ့ ခံတွင်းတစ်သျှူးတွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေကို ရှာဖွေ၊ ကုသကာကွယ်တဲ့ ဆေးပညာရပ်ကို အရေပြားဗေဒ လို့ ခေါ်ပါတယ်။

ဒီနှစ်အစောပိုင်းက   အရိုးရောဂါဆိုင်ရာ  ပြန်လည်သုံးသပ်ချက်များ Orthopaedic Reviews မှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုကလည်း အဆစ်အမြစ်တွေအပေါ် ကော်လဂျင်ရဲ့ အကျိုးသက်ရောက်မှုနဲ့ပတ်သက်တဲ့ လေ့လာမှု ၁၄ ခုကို ပြန်လည် သုံးသပ်ခဲ့ရာမှာ ထက်ဝက်လောက်က ကောင်းကျိုးတွေရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီလေ့လာမှုအများစုကို ဖြည့်စွက်စာကုမ္ပဏီတွေက ရန်ပုံငွေထောက်ပံ့ထားတာကြောင့် ရလဒ်တွေက ဘက်လိုက်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ တကယ်တော့ ကော်လဂျင် ဖြည့်စွက်ဆေးတွေဟာ glycine နဲ့ proline ကြွယ်ဝတဲ့ ပရိုတင်းမှုန့်တစ်မျိုးပါပဲ။ ဒါကြောင့် ကော်လဂျင်သောက်လို့ရတဲ့ အကျိုးကျေးဇူးတွေဟာ ပရိုတင်းသောက်လို့ ရတဲ့အကျိုးကျေးဇူးတွေ ဖြစ်နိုင်ပါတယ်။

ဒီလိုဆိုရင် ကော်လဂျင်လို အရည်အသွေးနိမ့်တဲ့ ပရိုတင်းအရင်းအမြစ်တစ်ခုထက် Whey လို ပြီးပြည့်စုံတဲ့ ပရိုတင်း ဒါမှမဟုတ် ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေက ပိုကောင်းနိုင်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ နယ်သာလန်သုတေသီတွေရဲ့ လေ့လာမှုတစ်ခုအရ whey ပရိုတင်းက တစ်သျှူးကြီးထွားမှုကို အားပေးနိုင်ပေမယ့် ကော်လဂျင်ကတော့ အားမပေးနိုင်ဘူးလို့ တွေ့ရှိခဲ့ပါတယ်။ ဒါဟာ ကော်လဂျင်က ပရိုတင်းဓာတ်လောက်တောင် အကျိုးမပြုနိုင်ဘူးဆိုတာ ပြသနေပါတယ်။

ကော်လဂျင်ကို ဘယ်လိုပြန်ဖြည့်မလဲ

လက်ရှိမှာတော့ ကော်လဂျင်ဟာ အန္တရာယ်မရှိဘူးလို့ သိရပေမယ့် အခြားပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထားတဲ့ ဖြည့်စွက်စာ တွေကတော့ သတိထားသင့်ပါတယ်။ ဖြည့်စွက်စာတွေထက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်တာက ကော်လဂျင်အတွက်ရော တစ်ကိုယ်လုံးကျန်းမာရေးအတွက်ပါ ပိုပြီးကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

မျှတတဲ့ အစားအသောက်ပုံစံ နဲ့ စားသုံးပါ

ကော်လဂျင်ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ- ကြက်အရေခွံ၊ ဝက်ခြေထောက်၊ အရိုးပြုတ်ရည်) စားသုံးပါ။ ကော်လဂျင် ထုတ်လုပ်ဖို့ လိုအပ်တဲ့ ဗီတာမင်စီ၊ ဇင့်နဲ့ ကြေးနီလို ဓာတ်တွေ ရဖို့အတွက် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။

နေရောင်ခြည်ဒဏ်ကို ရှောင်ပါ။

နေကာ လိမ်းဆေးကို နေ့တိုင်းလိမ်းပြီး ထီး၊ ဦးထုပ်ဆောင်းတာတွေ လုပ်ပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထ ရှိပါစေ။

ဆေးလိပ်နဲ့ အရက်ကို ရှောင်တာ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်တာတွေကလည်း ကော်လဂျင် ဆုံးရှုံးမှုကို ကာကွယ် ပေးနိုင်ပါတယ်။

ဈေးသက်သာတဲ့ရွေးချယ်မှု ကို ပြုလုပ်ပါ။

ဂျယ်လတင် (gelatin) က ဂျယ်လီနဲ့ မာရှ်မဲလို  လိုမျိုးတွေ ပြုလုပ်ရာမှာ အသုံးပြုတဲ့ ကော်လဂျင်ပုံစံတစ်မျိုးဖြစ်ပြီး ဈေးကြီးတဲ့ဖြည့်စွက်ဆေးတွေထက် အများကြီး သက်သာပါတယ်။ မာရှ်မဲ (Marshmallow) ဆိုတာက သကြား၊ ပြောင်းဖူးရည်၊ ဂျယ်လတင် (gelatin) နဲ့ ရေတို့လို ပါဝင်ပစ္စည်းတွေကို အဓိကထားပြီး ပြုလုပ်ထားတဲ့ အိအိဖတ်ဖတ်နဲ့ ပျော့ပျော့အိအိရှိတဲ့ အချိုပွဲ (သို့) သကြားလုံးတစ်မျိုးပါ။

ကောက်ချက်ချရမယ်ဆိုရင်

# တံဆိပ်ကို မယုံပါနဲ့။

ပုံမှန်အမှုန့်တစ်မျိုးကို ကော်လဂျင် လို့ တံဆိပ်ကပ်လိုက်ရုံနဲ့ ဈေးကြီးပြီး တန်ဖိုးရှိတဲ့ ပစ္စည်းဖြစ်သွားပါတယ်။ ဖြည့်စွက်စာ တွေဟာ မကြာခဏဆိုသလို ဈေးကွက်မြှင့်တင်မှုရဲ့ သားကောင်ဖြစ်တတ်ပါတယ်။

# ပရိုတင်းက ပိုအရေးကြီးတယ်။

ကော်လဂျင်ဖြည့်စွက်ဆေးတွေက ပေးတဲ့ အကျိုးကျေးဇူးတွေဟာ ပရိုတင်းဓာတ်ကနေ ရနိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ ကော်လဂျင်ဟာ အရည်အသွေးနိမ့်တဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး Whey လိုမျိုး ပြည့်စုံတဲ့ ပရိုတင်းတွေက ပိုကောင်းပါတယ်။

# ဖြည့်စွက်ဆေးထက် အစားအသောက်က ပိုကောင်းတယ်။

ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းက ဖြည့်စွက်စာတွေ သောက်တာမဟုတ်ဘဲ အစားအသောက်ပုံစံကို ပြောင်းလဲတာနဲ့ နေထိုင်မှုပုံစံကို ပြုပြင်တာ ဖြစ်ပါတယ်။ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးတာဟာ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးတဲ့ အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။

လူငယ်တို့ရေ…..

ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းကတော့ ဖြည့်စွက်စာတွေ သောက်တာထက် ကိုယ်ရဲ့အစားအသောက်ပုံစံနဲ့ နေထိုင်မှုပုံစံကို ပြုပြင်ပြောင်းလဲတာက ပိုပြီး အကျိုးရှိပါတယ်။

ဘာလို့လဲဆိုတော့ ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးတာဟာ ကော်လဂျင် ဖြည့်စွက်ဆေး သောက်တာထက် ပိုပြီး ထိရောက်တဲ့နည်းလမ်း ဖြစ်လို့ပါ။ ဥပမာပြောရရင် သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အရိုးပြုတ်ရည်လိုမျိုး အစားအစာတွေက ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ ကော်လဂျင်ကို သဘာဝအတိုင်း ထုတ်လုပ်ပေးဖို့ အားပေးပါတယ်။

ပြီးတော့ ဖြည့်စွက်စာတွေက တစ်ခါတလေမှာ အခြားမလိုအပ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်သလို ကျန်းမာရေးနဲ့ ဘယ်လောက်ညီညွတ်လဲဆိုတာလည်း မသေချာပါဘူး။ ဒါပေမဲ့ ကိုယ်စားတဲ့ အစားအသောက်တွေကတော့ သန့်ရှင်းပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပိုပြီး ပြည့်ပြည့်ဝဝ ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်ဖြတ်တာ၊ အရက်လျှော့သောက်တာနဲ့ နေရောင်ခြည်ဒဏ်ကို ရှောင်တာမျိုးတွေကလည်း ကော်လဂျင်ဆုံးရှုံးမှုကို ကာကွယ်ပေးတာကြောင့် တစ်ကိုယ်လုံးရဲ့ ကျန်းမာရေး အတွက်ပါ ကောင်းမွန်စေပါတယ်။

ဒါကြောင့် ကော်လဂျင်လိုချင်ရင် ဈေးကြီးတဲ့ ဖြည့်စွက်စာတွေ သောက်တာထက် မျှတတဲ့ အစားအသောက်တွေ စားပြီး ကျန်းမာတဲ့ ဘဝပုံစံကို နေထိုင်တာက ပိုပြီးကောင်းတဲ့ ရွေးချယ်မှုပါပဲ။

Source – Should you take collagen?  The Economist, August 2025

Click to rate this post!
[Total: 3 Average: 3.7]