


(၁)
ဆရာသိန်းဖေမြင့်က “စစ်အတွင်းခရီးသည်” (၁၉၅၃၊ ရှုမဝစာအုပ်တိုက်) ထဲ၌ အိန္ဒိယတွင် သူ အင်္ဂလိပ် ဘာသာနှင့် ရေးသား ထုတ်ဝေခဲ့သော What happened in Burma စာအုပ်အကြောင်း ဤသို့ ရေးသည်။
ပန်ဂျပ်ဟိုတယ်တွင် အကျယ်ချုပ်နှင့် နေရသော ထိုအချိန်တွင်ပင် ကျွန်တော်တို့သည် “What happened in Burma” (ဗမာပြည်မှာ ဘာဖြစ်ခဲ့သလဲ) ဆိုသော စာအုပ်ငယ်ကို ရေးလေ၏။ ယခင်က အင်္ဂလိပ်လို ဆောင်းပါးကိုပင် မရေးဖူးချေ။ သို့ရာတွင် အရေးကြုံတော့ အင်္ဂလိပ်လို မရေးဘဲ မဖြစ်တော့ ရဲရဲဝံ့ဝံ့ပင် ရေးချလိုက်သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံနှင့်အစပျိုးသည်။ အင်္ဂလိပ်တွေ ဖိနှိပ်ပုံ၊ အင်္ဂလိပ်ကို ဒေါသူပုန် ထပုံ၊ ဂျပန် သူလျှိုများ ဝင်၍ ငါးစာပစ်ပုံ၊ အင်္ဂလိပ်တိုက်ရန် လက်နက်အကူအညီ ငွေအကူအညီပေးမည် ဆိုပုံ၊ လွတ်လပ်ရေး အာမခံပုံ၊ ဗိုလ်အောင်ဆန်းတို့ လူစု ဂျပန်သွားပုံ၊ ဘီအိုင်အေဖွဲ့၍ ဝင်တိုက်ခဲ့ကြပုံ၊ ဂျပန်များ ဝင်လာသောအခါ လူထုအား နှိပ်စက်ကြပုံ၊ တိုင်းပြည်ကို သွေးစုတ်ပုံ၊ အမျိုးသ္မီးများကို မတရား ကျင့်ပုံ၊ ဘီအိုင်အေနှင့် ဂျပန်များ ပဋိပက္ခဖြစ်လာပုံ၊ ဗမာအများ ဂျပန်ကို မုန်းတီးလာကြပုံ စသည်တို့ကို ကိုယ်တွေ့အဖြစ် ရိုးရိုးရှင်းရှင်း ရေးချ လိုက်ပေ သည်။ အိန္ဒိယ စာဖတ်သူကို အာရုံပြု၍ ရေးထားခြင်းဖြစ်၏။

ထိုစာအုပ်ကို ဗြိတိသျှအစိုးရ၏ အကျဉ်းသားအဖြစ် ဒေလီမြို့၊ ပန်ချာပီဟိုတယ်တွင် အကျယ်ချုပ်ဖြင့် နေရစဉ် ရေးသား ပြီးစီးခဲ့ခြင်း ဖြစ်သည်။ စာအုပ် ရေးပြီးသည်နှင့် သူ့စာအုပ်ကို ကြည့်ရှု ပြင်ဆင် ပေးရန် ပန်ကြားဖို့ ဒေလီရှိ အောလ် အင်ဒီးယား ရေဒီယို (A.I.R) တွင် တာဝန် ထမ်းဆောင်နေသော ဆရာ ဦးခင်ဇော် (K) ကို သွားတွေ့သည်။ ဤအကြောင်း သူက ဤသို့ မှတ်တမ်းတင်သည်။
………ဦးခင်ဇော်ကို သခင်နုက မိတ်ဆက်ပေးသဖြင့်သိဘူးသည်။ ဦးခင်ဇော်ကား ကျွန်တော်တို့ကို တွေ့သောအခါ အံ့သြ ဝမ်းသာ ဖြစ်၏။ ဗမာပြည် အကြောင်း ပြောကြယင်း ဘယ်သူဘာလုပ်နေသလဲ ဟူသောအပိုင်းသို့ရောက်သွား၏။ သူက သခင်နု အကြောင်းမေးရာ သိသမျှ ကျွန်တော်က ပြောပြ၏။ …………ဦးခင်ဇော်အား ကျွန်တော်ရေးထားသော “What happened in Burma” စာအုပ်ကိုပြပြီး အင်္ဂလိပ်စာ ပြင်ပေးပါ ပြောရာ ဦးခင်ဇော်က –
“ပြင်ပေးမယ်။ မင့်ဗမာစာက ကိုယ့်အင်္ဂလိပ်စာ အဆင့်အတန်း၊ မင့်အင်္ဂလိပ်စာက ကိုယ့်ဗမာ့ အဆင့်အတန်း ဖြစ်နေတော့ မင့်အင်္ဂလိပ်စာကို ကိုယ်ပြင်ပေးရမှာပေါ့” ဟုဆိုလေသည်။ သို့ ဆိုပြီးနောက် ကျွန်တော့ (တော်) ၏ အင်္ဂလိပ် စာအုပ်ကို ကောက်ဘတ်သည်။ အံ့သြသောလေ နှင့် “ဟေ့ မင်း အင်္ဂလိပ်စာ ရေးတတ်သားဘဲ”ဟု ပြောပြီး ဦးခင်ဇော်နှင့် ၎င်း၏ဇနီးတို့သည် ဘတ်ကြ၊ တည်းဖြတ်ကြလေသည်။
(၂)
သိန်းဖေမြင့်နှင့် အမေရိကန်သတင်းစာဆရာ အက်ဂါစနိုး (Edgar Snow) (1905-1972) ဘယ်လိုက ဘယ်လို ပတ်သက်ခဲ့ပါလိမ့်။ သူတို့နှစ်ယောက်ဆုံစည်းခဲ့တာ ၁၉၄၂ ခုနှစ် သြဂုတ်လအတွင်း ဖြစ်သည်။ ထိုအချိန် အက်ဂါစနိုးက သူ၏နာမည်ကျော် Red Star Over China (1937) (တရုတ်ပြည်ပေါ်မှ ကြယ်နီ) စာအုပ် ရေးသား ထုတ်ဝေပြီးပြီ။ Saturday Evening Post သတင်းစာ စစ်သတင်းထောက် အဖြစ် အိန္ဒိယ၊ ရုရှား၊ တရုတ်နိုင်ငံသတင်းများကိုစုဆောင်းရေးသားပေးပို့ရန် ထိုအချိန်က သူအိန္ဒိယနိုင်ငံ ရောက်နေခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက် တွေ့ဆုံရပုံက ကြားခံပုဂ္ဂိုလ်တစ်ဦး၏ ကူညီဆောင်ရွက်မှုကြောင့်ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကမည်သူဆိုတာသိခဲ့ရင် စာဖတ်သူအံ့သြဝမ်းသာသွားမှာသေချာသည်။ သူ့စာအုပ်ထဲ ဤသို့ရေးသည်။
… (အောလ်အင်ဒီးယား) ရေဒီယိုတွင် ဒေါ်ရာသန်းအေးနှင့်တွေ့ရလေသည်။ ယခုမှ ပထမဆုံးအကြိမ်တွေ့ရခြင်းဖြစ်၏။ မသန်းအေးကား လိပ်ပြာကလေးလို လှရုံမက ဖျပ်လည်းဖျပ်လတ်သည်။ ဥသြလို အသံချိုရုံမျှမက အာသွက်လျှာသွက်လည်း ဖြစ်သည်။ မသန်းအေးသည် ကျွန်တော်တို့အား အတော်ပင် အကူအညီပေး၏။ ကျွန်တော်ထက် အရွယ်အတန်ကြီးပြီ ဖြစ်၍ ကျွန်တော်က မမဟုခေါ်ပြီး သူက ဆရာမလေးနှင့် မောင်သိန်းဖေ ဟုခေါ်၏။ မသန်းအေးက တရုပ်ပြည်ပေါ်မှ ကြယ်နီ ဆိုသော စာအုပ်ကို ရေးသူ အက်ဂါစနိုး ဒေလီရောက်နေကြောင်းပြောပြသည်။ ၎င်းနောက် မစ္စတာစနိုး နှင့် မိတ်ဆက်ပေးသည်။
ကဲ …စာဖတ်သူတွေ့ပြီမဟုတ်လား။ ကြားခံပုဂ္ဂိုလ်က “လှေကလေးကိုလှော်သည်” သီချင်းသည် ဒိုရာသန်းအေး ပါတဲ့။ ဦးခင်ဇော်နှင့်ဇနီးက သူ့စာအုပ်ကို ပြင်ဆင်တည်းဖြတ်ပြီးသည်နှင့် ဆရာသိန်းဖေမြင့်က ဒိုရာသန်းအေးနှင့် အတူ ဆက်လက်လှု ပ်ရှားသည်။ သို့နှင့် ဤဇာတ်လမ်းထဲ အက်ဂါစနိုး တစ်ယောက်ပါလာခြင်းဖြစ်သည်။
၎င်းနောက် မသန်းအေးနှင့်အတူ မစ္စတာစနိုးထံသွားပြီး စာအုပ်ကို ပြပြန်သည်။
“ဒီအရေးအသား အတိုင်း ပုံနှိပ်လို့သင့်ပါ့မလား။ ဘတ်ကြည့်ပါ။ ပြီးတော့ ဘယ်မှာနှိပ်ရမလဲ အကြံပေးပါ”
နောက်တခေါက်တွင် မစ္စတာစနိုးသည် ကျွန်တော့စာအုပ်ကို လက်နှိပ်စက်ဖြင့် ရိုက်ပြီး ဖြစ်နေသည်။ ကျွန်တော် ရေးထားသည့် အတိုင်းပင် ပုံနှိပ် နိုင်သည် ဟုဆိုပြီး အာလဟာဘတ်မြို့မှ ကီတပ်ဘင်ဂန်တွင် ပုံနှိပ် ထုတ်ဝေရန် စီစဉ်ပေးမည့် အကြောင်းပြောသည်။
သို့ဖြင့် What Happened in Burma သည် နိုဝင်ဘာလလောက်တွင် ထွက်ခဲ့လေသည်။ ဟိန္ဒူ၊ အူရဒူ၊ ဂူဂျရက်တီနှင့် တရုပ်ဘာသာများဖြင့် ပြန်ဆို ထုတ်ဝေကြသည်။ စာအုပ်ကို အတိုချုံး၍ သတင်း ကိုယ်စားလှယ်များက ကမ္ဘာအနှံ့အပြားပို့ကြရာ တပ်စ်ကိုယ်စားလှယ်ကလည်း ရုရှားဘာသာဖြင့် ဖြန့်ဝေသေးသည်ဟု ကြားသိရလေသည်။ အင်္ဂလိပ်လို အုပ်ရေ ၇၀၀၀ ထုတ်ဝေသည်ဖြစ်ရာ ကျွန်တော့အတွက် ရွိုင်ရယ်လတီ အကျိုး ခံစားခွင့် ရသည်။ ဘယ်မျှ ဟူ၍ကား မမှတ်မိတော့ချေ။ အခြားဘာသာနှင့် ထုတ်ဝေခြင်း များအတွက်မူ တစုံတရာမရပါ။
ဒီနေရာမှာ ဆွေးနွေးစရာတချို့ရှိသည်။ သူ့စာအုပ်ကို ၁၉၄၂ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ဝေကြောင်း သိန်းဖေမြင့်က ရေးသည်။ သူ့စာအုပ် ပုံနှိပ်မှတ်တမ်းအရ ၁၉၄၃ ခုနှစ် ဧပြီလတွင် ပထမအကြိမ် ထုတ်ဝေခဲ့ပြီး ဇူလိုင်လတွင် ထပ်မံ ပုံနှိပ်သည် ဟုဆိုသည်။ (၂၀၀၂ ခုနှစ်၊ စာအုပ်ဈေးမှထုတ်ဝေသည့် စစ်အတွင်းခရီးသည် စာအုပ်တွင်ပါရှိသော စာရေးသူ၏ အတ္ထုပ္ပတ္တိ အကျဉ်း၌ What Happened in Burma ကို ၁၉၄၃ ခုနှစ်တွင်ရေးသားခဲ့သည်ဟုဖော်ပြထားသည်။) ကျွန်တော်အင်တာနက်မှဒေါင်း လုပ် (download) လုပ်ထားသောစာအုပ်က ဒုတိယအကြိမ် ပုံနှိပ် ထုတ်ဝေသည့်စာအုပ်ဖြစ်သည်။ Revised & Enlarged ဟုပါရှိသည့်အတွက် ပြန်လည်ပုံနှိပ်ခြင်း (Reprinting) ဆိုသည်ထက် ဒုတိယအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း (Second Edition) ဟုဆိုလျှင်ပို၍သင့်လျော်မည်ထင်သည်။ ပုံနှိပ် ထုတ်ဝေသည့်တိုက် (Kitabistan) ကိုကီတပ်ဘစ်ဂန်ဟု ဆရာကရေးသည်။ ကီတဘစ္စတန်ဟု အသံလှယ်သင့်သည်။
ကျွန်တော်အပါအဝင် စာဖတ်သူအများစုသတိမမူမိသည့်အချက်တစ်ခုက ဆရာ့မူရင်းအင်္ဂလိပ်စာအုပ်ကို ဟိန္ဒူ၊ အူရဒူ၊ ဂူဂျရက်တီ၊ တရုပ်၊ ရုရှား ဘာသာပေါင်း ငါးမျိုးနှင့်ပြန်ဆိုခဲ့သည်ဟူသောအ ချက်ဖြစ်သည်။ မြန်မာ စာရေးဆရာ တစ်ဦး အင်္ဂလိပ်ဘာသာနှင့် ရေးသားခဲ့တဲ့ စာအုပ်ကို ကမ္ဘာ့ဘာသာ ငါးမျိုးနှင့် ပြန်ဆို ခဲ့တယ်ဆိုတာ အင်မတန်မှ ဖြစ်ခေါင့်ဖြစ်ခဲ ကိစ္စကြီး ဟု ဆိုလိုက်ချင်သည်။ ရုရှားဘာသာနှင့် ပြန်ဆို ထုတ်ဝေခဲ့တဲ့စာအုပ်က အတိုချုံးထားတဲ့စာအုပ်ဟု ဆရာက ဆိုထားရာ Abridged Version ဖြစ်မည်။
ဤစာအုပ်နှင့်ပတ်သက်၍ ပြောစရာတွေကျန်သေးသည်။ သူ့စာအုပ်ကို အိန္ဒိယစာဖတ်သူကို အာရုံပြု၍ ရေးထားခြင်း ဖြစ်၏။ ဟုစစ်အတွင်းခရီးသည်ထဲ သူကအတိအလင်းဖော်ပြထားသည်။ တစ်နည်းပြောရလျှင် target audience က အိန္ဒိယ နိုင်ငံသား စာဖတ် ပရိသတ် ဖြစ်ကြောင်း ကြေညာခြင်း ဖြစ်သည်။ “အာရှတိုက်သား များသာ တူညီမျှ ကောင်းစားရေး” ကြွေးကြော်သံ ကိုင်စွဲ၍ အာရှတခွင်ကျူးကျော် ဝင်ရောက် လာသော ဂျပန်ဖက်ဆစ် နယ်ချဲ့များကို မျှော်ကိုးနေကြသည့် အိန္ဒိယ နိုင်ငံရေး သမားများ၊ အမျိုးသားရေး ဝါဒီများအား ဖက်ဆစ် နယ်ချဲ့ အန္တရာယ် မည်မျှ ကြီးမားကြောင်း တပ်လှန့် နှိုးဆော်ချင်၍ ဤစာအုပ်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ဂျပန့်လုပ်ရပ်က “အာရှသားများ အတွက် အာရှတိုက်” (Asia for Asiatics) မဟုတ်ဘဲ “ဂျပန်နိုင်ငံ အတွက် အာရှတိုက်” (Asia for Japan) သာဖြစ်ကြောင်း ချယ်မှုန်း ပြခြင်းဖြစ်သည်။ စာအုပ် ထုတ်ဝေ လိုက်သည့် အတွက် မည်သည့် အကျိုး လက်တွေ့ ခံစား ရကြောင်း ဆရာက ဤသို့ရေးသည်။
ဤစာအုပ်ငယ်ကို ထုတ်ဝေသဖြင့် လက်ငင်း တွေ့ရသော အကျိုးကား အင်္ဂလိပ်တို့က ဗမာအား ဂျပန်နှင့် ပေါင်းသော သစ္စာဖောက်ဟု ခေါ်ခြင်း၊ ဝါဒဖြန့်ခြင်း တို့ကို ချေဖျက် နိုင်ခြင်း ဖြစ်၏။ အိန္ဒိယအား ဗမာ့ သင်္ခဏ်းစာကလည်း အထိုက် အလျောက် ပေးနိုင်ခဲ့၏။
(၃)
ဆရာ့ စာအုပ်ငယ် အကြောင်း ထပ်ပြော ဦးမည်။ စာရေးသူ၏ အမှာစာ (Authour’s Note) ၌ ပထမဆုံးအကြိမ် အင်္ဂလိပ် ဘာသာဖြင့် ရေးသား ရသည့်အတွက် သူ့မှာ ကလောင်ကျုံ့ရကြောင်း၊ ရေးစရာ အကြောင်းအရာ အချက်အလက်များရှိသော်လည်း ယင်းတို့ကို တန်ဆာဆင်ဖို့ရာ သူ့မှာ ဘာသာစကား မရှိကြောင်း၊ ဒီကြားထဲ ကပဲ “ချွန်မြနေတဲ့ လှံသွားက အရောင်တောက်ဖို့ မလိုဘူး” ဟူသည့် ဆောင်ပုဒ်ကို သတိရပြီး ဒီစာအုပ်ရေးဖို့ရာ သူ့မှာ သတ္တိတွေ ဝင်လာကြောင်း စသည်ဖြင့် အမှာစာအဆုံးတွင် THEIN PE ၁၉၄၂ စက်တင်ဘာလဟု ဖော်ပြထားပြီး အတွင်းဖုံး အပါအဝင် စာအုပ်အဖုံး၌ မူ M. THEIN PE ဟုတွေ့ရသည်။ စာအုပ်ခေါင်းစဉ်အောက်၌ “မကြာမီက ဗမာပြည်မှ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်လာသော ဗမာ့တော်လှန်ရေး သမား လူငယ်ခေါင်းဆောင်တစ်ဦး၏ ပွင့်ပွင့်လင်းလင်း ဖွင့်ဟချက်များ” ဟုစာတန်းထိုးထားသည်ကိုတွေ့ရသည်။
သူ့စာအုပ်မှာ တခြား အမှာစာ/နိဒါန်း ပါသေး သလား။ စာအုပ်ကို ပုံနှိပ် ထုတ်ဝေနိုင်အောင် ကူညီခဲ့သူ သတင်းစာဆရာ/ စာရေးဆရာ အက်ဂါစနိုးကပဲ သူ့စာအုပ်ကို နိဒါန်းသွယ်ပေးသည်။ စာမျက်နှာ (၁၁) မျက်နှာတိတိပင်။
နိုင်ငံရေးသမားများ အပါအဝင် အိန္ဒိယပြည်သူများ ရေလိုက်မလွဲဖို့ လိုကြောင်း၊ ဂျပန် ဖက်ဆစ် အန္တရာယ်ကို လျှော့မတွက်ဘဲ သတိကြီးစွာ ထားဖို့ အကြောင်း၊ မကြာသေးတဲ့ နှစ်ကာလ အတွင်း ဂျပန်ဖက်ဆစ်တွေရဲ့ ငရဲခန်းကို လက်တွေ့ ကျော်ဖြတ်ခဲ့ရတဲ့ ဗမာလူငယ်တစ်ဦးရဲ့ အသံကို နားထောင်ဖို့လိုကြောင်း၊ ဗမာပြည် ရလိုက်တဲ့ ခါးသီးလှတဲ့ သမိုင်းသင်ခန်းစာကို မိမိတို့က အနာမခံရဘဲ ရယူ သင့်ကြောင်း၊ ဂျပန်တွေပေးတဲ့ ကတိကဝတ်တွေ၊ မြှူဆွယ် ဖြားယောင်းမှုတွေကို နားမယောင် သင့်ကြောင်း၊ ဂျပန်ကို မျက်နှာချို သွေးရင်း/ဂျပန်နှင့် ပူးပေါင်း ဆောင်ရွက်ရင်း မိမိတို့ နိုင်ငံလွတ်လပ်ရေး ရမည်ဟူသော ယုံကြည်ချက်၏ အခြေအမြစ် မရှိပုံကိုနားလည်ဖို့လိုကြောင်း၊ ဗြိတိသျှအုပ်ချုပ်ရေးနှင့် ဂျပန်စစ်ဝါဒီတို့၏အုပ်ချုပ်ရေး မတူညီ ကြောင်း သိသိသာသာ ကွဲပြား ခြားနားကြောင်း၊ ဗြိတိသျှ နေမဝင်အင်ပါယာကြီး ကိုယ်နှိုက် ဒီမိုကရေစီ ပြောင်းလဲမှုဘက် ဦးတည်နေပြီ ဖြစ်ကြောင်း၊ တရုတ် အိန္ဒိယပြည်သူတွေရဲ့ ကိုလိုနီဘဝ လွတ်မြောက်ရေး တိုက်ပွဲကို ဒီမိုကရေစီ နိုင်ငံရှိ ပြည်သူ အများစုက ထောက်ခံကြောင်း၊ ထို့ကြောင့် အိန္ဒိယ ပြည်သူတွေရဲ့ လွတ်လပ်ရေး ဒီမိုကရေစီရေးတိုက်ပွဲက ဖက်ဆစ် အာဏာရှင် ထက် မဟာမိတ်တပ်ပေါင်းစုရဲ့ ရည်မှန်းချက်များနှင့် ပို၍ နီးစပ်ကြောင်း၊ အိန္ဒိယ အမျိုးသားရေး ဝါဒီများ/ နိုင်ငံရေး ခေါင်းဆောင်များ အနေနှင့် ဂျပန့်ရန်ကို စုစည်း ညီညွတ်စွာ ခုခံ တွန်းလှန်ဖို့ရာအတွက် ပြည်သူများကိုလှုံ့ ဆော်စည်းရုံး သင့်ကြောင်း၊ ရရှိလာတဲ့ အင်အားစုကို အခြေပြုပြီး ဗြိတိသျှ အစိုးရ အာဏာကို စိန်ခေါ်သင့်ကြောင်း၊ ဂျပန် ဖက်ဆစ်ဝါဒ အပေါ် အောင်နိုင်ရေးက ဗြိတိသျှ လူထုရဲ့ တာဝန်လည်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကိုလိုနီ အစိုးရများ အနေနှင့် ဖက်ဆစ်ဂျပန်တို့ မလွဲမသွေ ကျူးကျော် ဝင်ရောက်လာမည်ဆိုသည်ကို သဘောမပေါက် ခဲ့ကြောင်း၊ အကျိုးဆက် အနေနှင့် အနောက်နိုင်ငံ နယ်ချဲ့ဝါဒနှင့် ကိုလိုနီ လွတ်မြောက်ရေး လှုပ်ရှားမှုကြား ပဋိပက္ခ ကြီးကြီးမားမား ဖြစ်လာနိုင်ခြေကို ကြိုတင် မတွက်ဆ နိုင်ခဲ့ကြောင်း၊ သို့အတွက် ကိုလိုနီနိုင်ငံများ၏ ခေတ်မမီတော့သည့် နိုင်ငံရေး စီးပွားရေးစနစ်များကို ပြုပြင်ဖွဲ့ စည်း ပေးဖို့ရာ ပျက်ကွက် ခဲ့ကြောင်း၊ ကိုလိုနီနိုင်ငံ ပြည်သူများ၏ အမျိုးသားရေး တိုက်ပွဲကို ဒီမိုကရေစီရေးဘက် ပါအောင် ကြိုတင်ညှိနှိုင်းမှု ဆွေးနွေးမှုများ မလုပ် ခဲ့ကြောင်း၊ ကိုလိုနီ နိုင်ငံများကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရအောင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အဆင့်ဆင့်ဖြင့် လမ်းကြောင်း ချပေးရမည့် အစား ဗြူရိုကရေစီ ယန္တရားကြီးကို သုံးပြီး လူထုအား အမျိုးမျိုး ဒုက္ခပေးသည့် အတွက် အမျိုးသား နိုင်ငံရေး ခေါင်းဆောင်များ တစ်ဖက် ရန်သူ့ဘက် ရောက်သွားရကြောင်း၊ ပြည်သူ လူထု အများစုကြီး အနေနှင့်လည်း မျက်စိပိတ် နားပိတ် ဘာမှမသိရဘဲ ကျန်ရစ်ခဲ့ကြောင်း၊ ဤသို့သော နိုင်ငံရေး အခြေအနေများကို အမြန်ကုစားဖို့ လိုကြောင်း၊ အိန္ဒိယ လူထုနှင့် ကိုလိုနီ အစိုးရကြား နိုင်ငံရေး အာမခံမှု/သဘောတူညီမှု နှစ်ခု ရယူထားဖို့ လိုကြောင်း၊ တစ်ခုက စစ်ပွဲကြီးမှာ အိန္ဒိယ နိုင်ငံသားတွေ အပြည့်အဝ ပါဝင်နိုင်ဖို့ ဖြစ်ပြီး နောက်တစ်ခုက အိန္ဒိယနိုင်ငံ လွတ်လပ်ရေး အတွက် အခြေခံ အချက်အလက်တွေ ချမှတ်ထားဖို့ ဖြစ်ကြောင်း၊ သို့မှသာ အကြွင်းမဲ့ အာဏာရှင် စနစ်ကြီးကို အမြစ်ပြတ် ချေမှုန်းနိုင်မှာ ဖြစ်ကြောင်း၊ ဒီပွဲကြီးမှာ ဂျပန် စစ်အာဏာရှင်အောက် ဖွံ့ဖြိုးရင့်ကျက်လာပြီဖြစ်တဲ့ ဗမာ့လွတ်မြောက်ရေး လှုပ်ရှားမှုကလည်း သူ့ဝိသေသ လက္ခဏာနှင့်သူ ပေါ်ထွန်းလာပြီ ဖြစ်ကြောင်း၊ သိန်းဖေ၏ စာအုပ်က ဤဗမာ့ လွတ်မြောက်ရေး လှုပ်ရှားမှုကို ရှင်းလင်းစွာ တင်ပြထားကြောင်း၊ ဖက်ဆစ် ဂျပန်အောက် သူကြုံတွေ့ခဲ့ရသည့် စိတ်ဝင်စားဖွယ် ဖြစ်ရပ်များကို သင်ဖတ်ရှုပါရန် ကျွန်ုပ်က အားတက်သရော တိုက်တွန်း အပ်ပါကြောင်း … စသည်ဖြင့် သူ့နိဒါန်းမှာ အက်ဂါစနိုးက ရေးသည်။
အဆုံးတွင် စက်တင်ဘာ ၁၉၄၂ – အက်ဂါစနိုးဟုရေးထားသည်ကိုတွေ့ရသည်။
စာအုပ်ကို အခန်း (၈) ခန်းဖြင့်ဖွဲ့စည်းထားသည်။

အခန်း (၁) (Credentials) မိမိမည်သူမည်ဝါဖြစ်ကြောင်း၊ ယခုတင်ပြမည့်အကြောင်းအရာ
များသည် ကိုယ်တွေ့ ဖြစ်ရပ်များ ဖြစ်သည့်အလျောက် မိမိအနေနှင့် ဤ စာအုပ်ကို ရေးသားထိုက်သူ တစ်ဦး ဖြစ်ကြောင်း
အခန်း (၂) (The Promises of Japan) ဂျပန်နိုင်ငံကပေးသော ကတိကဝတ်များ
အခန်း (၃) (How Japan Fulfilled Her Promises) သူ့ကတိကဝတ်များကို ဂျပန်နိုင်ငံကမည်သို့မည်ပုံဖြည့်ဆည်းခဲ့သလဲ
အခန်း (၄) (The Burma Independence Army) ဘီအိုင်အေ (ဗမာ့လွတ်လပ်ရေးတပ်မတော်)
အခန်း (၅) (The Law of the Jungle) တောရိုင်းတိရစ္ဆာန် ဥပဒေ
အခန်း (၆) (Burmese Reactions) ဗမာတို့၏ တုံ့ပြန်မှုများ
အခန်း (၇) (Economic Results of Japanese Invasion) ဂျပန် ကျူးကျော် စစ်ပွဲကြောင့် ပေါ်ပေါက် လာသော စီးပွားရေး အကျိုးဆက်များ
အခန်း (၈) (A Message from Burma) ဗမာပြည်က ပါးတဲ့ သတင်းစကား
စာအုပ်စဆုံး စုစုပေါင်း စာမျက်နှာ ၈၀ နီးနီး (၇၉) ရှိသည်။
အက်ဂါစနိုး၏ နိဒါန်းထဲမှ ကောက်နုတ်ချက် တစ်ခုကို စာအုပ်အဖုံးရှေ့ အတွင်းစာမျက်နှာ၌ ဖော်ပြထားသည်။
ယခု သင်တွေ့နေရသည့် လူရွယ်က မိမိနိုင်ငံကို လွတ်မြောက်စေလိုသော အိန္ဒိယသားတိုင်း လေ့လာ ဖတ်ရှု ထိုက်သော သတင်းစကား သယ်ဆောင်လာသူ ဖြစ်သည်။ ထိုမျှသာမက လက်ရှိ ဆင်နွှဲနေသော စစ်ကြီးကို အနိုင်ယူချင်သည့် ဉာဏ်ပညာရှိ အင်္ဂလိပ်လူမျိုးတိုင်း ဤစာအုပ်ကို ကျေကျေညက်ညက် လေ့လာဖတ်ရှုပါမှ ဤသတင်းစကား၏ အမြင့်မားဆုံးသော အကျိုးကျေးဇူးကို ခံစားရခြင်း မည်ပေလိမ့်မည်။
အမ် သိန်းဖေကဲ့သို့သော မျိုးချစ်ဗမာများက မိမိတို့ကို ပြောစရာတွေ အများကြီးရှိသည်။ တစ်ရက်တာ ကိုယ်တွေ့က တစ်နှစ်တာ စာတွေ့ထက် အများကြီး တာသွားပါသည်။ ဂျပန်များ အကြောင်း၊ ၎င်းတို့၏ “အောင်နိုင်မှု”များအကြောင်း ဗမာများ ပြောကြသည့် အခါ ယခုအချိန်၌ သူတို့၏ ကိုယ်တွေ့နှင့် ယှဉ်ပြီး ပြောနိုင်ပြီ ဖြစ်သည်။ ကံကောင်း ထောက်မစွာဖြင့် ဤအတွေ့အကြုံမျိုး ကျွန်တော်တို့ တတွေ မကြုံဖူး ကြသေးပါ။
ဗမာပြည်မှာ ဘာဖြစ်ခဲ့သလဲ ဆိုတာတွေကို မျက်မြင် သက်သေအဖြစ် ရေးသား တင်ပြခဲ့သော သိန်းဖေ၏ စာအုပ်ကို ဖတ်ရှုခြင်းဖြင့် ဂျပန်ကို ကိုးစားဖို့/မကိုးစားဖို့ စိတ်ဒွိဟ ဖြစ်နေသူများအဖို့ “အာရှသားတို့ အတွက် အာရှ” ဆိုသော ဂျပန်တို့၏ ကြွေးကြော်သံသည် အမှန်စစ်စစ် “ဂျပန်နိုင်ငံအတွက်အာရှ” ဟု အဓိပ္ပာယ် သက်ရောက်ကြောင်း ပြက်ပြက် ထင်ထင် မြင်လာ ပါလိမ့်မည်။
စာအုပ်အဖုံးနောက်ကျော၌ သိန်းဖေမြင့်၏အတ္ထုပ္ပတ္တိအကျဉ်းကိုဖော်ပြထားသည်။
ဤထင်သာမြင်သာ ရှိလှသော ဖွင့်ဟချက်များကို ရေးသားသည့် စာရေးသူ အမ်သိန်းဖေသည် ဗမာ လူငယ် နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
၁၉၃၅ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ ဗြိတိသျှ ဆန့်ကျင်ရေး လှုံ့ဆော်သူ စာရင်းထဲ သူသည် နံပါတ် (၁) နေရာ စွဲထားသူ ဖြစ်သည်။ ဂျပန်နှင့် ပူးပေါင်းခဲ့သော အစုအဖွဲ့ ပါဝင် ဖွဲ့စည်းထားသည့် အစွန်းရောက် အမျိုးသားရေး ပါတီ၏ တွဲဖက် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သပိတ်ကြီး ပေါ်ပေါက်လာအောင် လှုံ့ဆော် စည်းရုံးခဲ့သည်။ တောင်သူလယ်သမား၊ အလုပ်သမားများပါဝင်သော ၁၉၃၈ ခုနှစ် လူထု အုံကြွမှုကြီး (၁၃၀၀ ပြည့် အရေးတော်ပုံ) တွင်ပါဝင်ခဲ့ပြီး ဗြိတိသျှအစိုးရ၏အဖမ်းအဆီးခံခဲ့ရသည်။
သူသည် “ကိုကြီး” သိန်းဖေဟု လူသိများပြီး မြန်မာ စာရေးဆရာတစ်ဦး အဖြစ်လည်း ထင်ပေါ်ကျော်ကြားသူ ဖြစ်သည်။ ဝတ္ထုတိုများ၊ ပြဇာတ်များနှင့်အခြား စာမျိုးစုံ ရေးသည့်ပြင် သတင်းစာ များ၌လည်း အခန်းကဏ္ဍမျိုးစုံ ပုံမှန် ရေးသားခဲ့သည်။ သူရေးသား ခဲ့သော စာအုပ်ခြောက်အုပ် အနက် အနည်းဆုံး သုံးအုပ်က အရောင်းရဆုံး စာရင်းဝင်ခဲ့သည်။ နာမည်အကြီးဆုံးက “တက်ဘုန်းကြီး” ဖြစ်ပြီး ရဟန်းတော်များ၏ ကျင့်ဝတ်သိက္ခာနှင့် အညီ ကျင့်ကြံ နေထိုင်ခြင်းမရှိသော ခေတ်သစ် ဘုန်းကြီးအချို့၏ လုပ်ရပ်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ထားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်ကြောင့် မိမိယုံကြည်ရာကို သတ္တိရှိရှိပြောရဲသည့် ခေါင်းဆောင်တစ်ဦး အဖြစ်နာမည်ထွက်ခဲ့သည်။ ယခုအခါ ဂျပန်စစ်ပုလိပ်များ၏ လက်ခုပ်အတွင်းမှ လွတ်မြောက်ခဲ့ပြီး အိန္ဒိယနိုင်ငံတွင် နေထိုင်လျက်ရှိသည်။
(၄)
ဆရာသိန်းဖေမြင့်နှင့် ကမ္ဘာကျော် ဗြိတိသျှ စာရေးဆရာဂျော့အော်ဝဲလ် ဘယ်လိုကဘယ်လို ဆက်စပ်သွားခဲ့ပါလိမ့်။ ဗြိတိသျှ လက်ဝဲယိမ်း သတင်းစာ”ထရီဗြွန်း”၌ ၁၉၄၄ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့စွဲဖြင့် ဂျော့အော်ဝဲလ်ရေးသားခဲ့သော As I Please series ဆောင်းပါးကို ဖတ်ရတော့မှ သူတို့ဆက်စပ်မှုကို သိလာရသည်။ သူ့ဆောင်းပါး အကျဉ်းချုပ်ကို အောက်တွင်ဖော်ပြလိုက်ပါသည်။
ဗြိတိသျှလက်အောက်ခံ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် နေထိုင်သော ဥရောပတိုက်သားများကို ကိုယ်စားပြုသည့် အိန္ဒိယ-ဗမာအဖွဲ့ကြီး (India-Burma Association) ထိုခေတ်က ရှိသည်။ အစိုးရ လက်အောက်ခံ အဖွဲ့အစည်း မဟုတ်သည့်အပြင် ၎င်း၏ မူဝါဒက ဟိုဖက် ဒီဖက် အစွန်းမထွက်သော အလယ်အလတ် လမ်းစဉ်ဖြစ်သည်။ ဗမာ့အရေးကို အများပြည်သူသိရှိအောင် မလုပ်သည့် ဗြိတိသျှအစိုးရကို ထို့အဖွဲ့ကြီးက အပြစ်ဖို့သည်။ သို့အတွက် ဗြိတိန်နိုင်ငံသား အများစုအနေနှင့် ဗမာများ အတွက်သာမက သူတို့အဖို့ပါ အရေးပါသော ဗမာ့ရေးရာ ပြဿနာများကို စိတ်ပါဝင်စားမှု မရှိကြ။ ဗမာ့ပြဿနာက ဘာလဲ၊ ဒီပြဿနာနှင့် မိမိတို့နိုင်ငံ၏ပြဿနာ ဘယ်လို ဆက်နွယ်နေသလဲ ဆိုတာလည်း မသိကြ။ ဤအကြောင်း မီးမောင်းထိုးပြသော ဖတ်ချင့်စဖွယ် စာအုပ်စာတမ်း တစ်စောင်တစ်လေမျှ မရှိ။ ၁၉၄၂ ခုနှစ်မှစတင်ဖြစ်ပွားခဲ့သော ဗမာပြည်တိုက်ပွဲ အကြောင်း သတင်းဆောင်းပါး တွေကလည်း ကြည့်လိုက်လျှင် (အထူးသဖြင့် နိုင်ငံရေး ရှုထောင့်က ကြည့်လျှင်) ဘာတန်ဖိုးမှမရှိ။ ဗမာနှင့် ကျန်တိုင်းရင်းသား အားလုံးကို ဗမာများ (Burmans) ဟုသိမ်းကြုံးခေါ်ထားသည့်အပြင် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော သုံ့ပန်းများကို ဖော်ပြရာ၌လည်း ဂျပန်လား၊ ဗမာလား၊ အိန္ဒိယ အမျိုးသား တပ်မတော်သားလား ခွဲခြားဖော်ပြထားခြင်းမရှိ။
၁၉၄၂ ခုနှစ်မှ စတင် ဖြစ်ပွားခဲ့သော စစ်ပွဲအကြောင်း ရေးသားထုတ်ဝေခဲ့သည့် စာအုပ်အားလုံးလိုလို အချက်အလက် အမှားတွေနှင့် ဖြစ်သည်။ ရေးသူတွေက အမေရိကန် သတင်းစာဆရာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အင်္ဂလိပ်အရာရှိတွေ။ အမေရိကန်တွေက အာရှနိုင်ငံတွေရဲ့ နောက်ခံ သမိုင်းကြောင်း မသိသည့်အထဲ ဗြိတိသျှ ဆန့်ကျင်ရေး အမြင်ကို ကိုင်စွဲ ထားလိုက် သေးသည်။ ဗြိတိသျှ အရာရှိတွေ ကျပြန်တော့ သူတို့ လုပ်သမျှ ကိုင်သမျှကို ခုခံကာကွယ်ဖို့၊ အဆင်မပြေတာ မှန်သမျှ ဖုံးဖိဖို့ ကြိုးစားတာပဲ ဖြစ်သည်။ ဗမာပြည် တိုက်ပွဲအပေါ် ဗြိတိသျှ လက်ဝဲဝါဒီများ၏ သဘောထားအမြင်ကလည်း အင်ပါယာ ဘုန်းတော်ဘွဲ့ သီကျူးသူများ၏ အမြင်နှင့် ထူးမခြားနားဟုဆိုရမည်။ ပြဿနာရင်းမြစ်က အဖြစ်မှန်ကို အများပြည်သူ သိရှိစေရန် အစိုးရအနေနှင့် တရားဝင်အားထုတ်မှု တစုံတရာ လုပ်ဆောင်ခဲ့ခြင်း မရှိခြင်း ကြောင့်ပါပဲ။ တန်ဖိုးရှိသည့် သတင်း အချက်အလက်များ ပါရှိသော စာအုပ်စာတမ်းများ မရှိမဟုတ် ရှိသော်လည်းစီးပွား ရေးအရ တွက်ခြေမကိုက်၍ ပုံနှိပ် ထုတ်ဝေသူ ရှာမရဟု သိရသည်။
အထက်ပါ အဆိုကို ထောက်ခံသော ဥပမာ သုံးခုပေးမည်။ ၁၉၄၂ ခုနှစ်က သခင်ပါတီဝင် ဗမာလူရွယ်တစ်ဦး အစ ပထမ ဂျပန်များနှင့် ပူးပေါင်းခဲ့ပြီးနောက် အိန္ဒိယသို့ ထွက်ပြေးလာခဲ့သည်။ ဂျပန်များ၏ စိုးမိုးအုပ်ချုပ်မှု အောက်၌ ကြုံရသည်များကို မြင်တွေ့ပြီးသည့်နောက် ဂျပန်များအပေါ် ထားရှိသော သူ့အမြင်ကို ပြောင်းလဲခဲ့သည်။ “ဗမာပြည်မှာဘာဖြစ်ခဲ့သလဲ” ဆိုသော စာအုပ်ငယ်ကို ရေးသားခဲ့ပြီး အိန္ဒိယနိုင်ငံ၌ ပုံနှိပ် ထုတ်ဝေခဲ့သည်။ စာအုပ်ပါ အကြောင်းအရာ အများစုက အမှန်ဖြစ်ကြောင်း ထင်ရှားပါသည်။
ထိုစာအုပ်နှစ်အုပ်ကို အိန္ဒိယအစိုးရက အင်္ဂလန်သို့ ပို့လိုက်ရာ ပုံနှိပ် ထုတ်ဝေသူ တော်တော်များများအား ဤစာအုပ်ကို ပြန်လည် ထုတ်ဝေရန် မိမိက တိုက်တွန်းသော်လည်း မအောင်မြင်ခဲ့။ လူအများစု စိတ်မဝင်စားသည့် အကြောင်းအရာ တစ်ခုအတွက် ရှားပါးလှသောစက္ကူကို မဖြုန်းတီးသင့်ဟု ထုတ်ဝေသူများက ပြောသည်။
အခြား ဥပမာ နှစ်ခုအကြောင်း ဂျော့အော်ဝဲလ်က ဆက်ပြောသည်။ တစ်ခုက မေဂျာ အင်န်ရီကက်စ် (Major Enriquez) ၏ ဗမာပြည် တိုက်ပွဲနှင့် အိန္ဒိယသို့ ဆုတ်ခွာပုံ အကြောင်း မှတ်တမ်းတင်ထားသော ဒိုင်ယာရီ စာအုပ်။ ဤစာအုပ်လည်း ရှေးနည်းတူ ကြုံရပြန်သည်။ နောက်တစ်အုပ်က ဗမာပြည် သမိုင်းကြောင်း၊ စီးပွားရေး အခြေအနေ၊ မြေယာ ပိုင်ဆိုင်မှု စသည့် တန်ဖိုးရှိသော နောက်ခံသမိုင်းကြောင်း များပါဝင်သည့် စာအုပ်။ ဒီစာအုပ်ကလည်း ပုံနှိပ်မည့်သူ ရှာမတွေ့ဖို့ များကြောင်း သူကဆိုသည်။ ဤအခြေအနေကို ကုစားဖို့ရာ သူက ဤသို့အဆိုပြုသည်။
စာအုပ်စာတမ်း တစ်ခုခုသည် အနာဂတ် သမိုင်းပညာရှင်များအဖို့ အသုံးတည့်ဖို့ များသော်လည်း စီးပွားရေးအရ အကျိုးအမြတ် ရှိပုံမပေါ်ခဲ့လျှင် ဗြိတိသျှ ပြတိုက်အောက်၌ ဖွဲ့စည်းထားသည့် ကော်မတီထံ တင်သွင်းနိုင်သည်။ ယင်းစာအုပ်စာတန်းကို သမိုင်းတန်ဖိုး ရှိသည်ဟု ကော်မတီက ယူဆပါက အုပ်ရေ အနည်းငယ် ရိုက်နှိပ်ခွင့် ရှိရမည်။ စာအုပ်များကို နောင်တစ်ချိန် ပညာရှင်များ အသုံးချနိုင်ရန် ပြတိုက်၍ သိမ်းဆည်းထားရမည်။ ဤသို့မလုပ်ခဲ့ပါက တန်ဖိုးရှိသော စာများ၊ အလိမ်အညာနှင့် အမှားများကို တုံ့ပြန်ထား၊ ပြင်ဆင်ထားသော စာများ အမှိုက်ပုံးထဲ ရောက်ပြီး အလဟဿ ဆုံးရှုံး သွားမည်။
ဂျော့အော်ဝဲလ် လက်ထဲ ရောက်လာသော ဆရာသိန်းဖေမြင့်၏ စာအုပ်က အိန္ဒိယအစိုးရထံမှ အင်္ဂလန်သို့ ပို့လိုက်သည့် စာအုပ်မဟုတ်လေ။ ပို့လိုက်ပုံက စိတ်ဝင်တစားမဟုတ်ဘဲ သာမန် ဝတ်ကျေတမ်းကျေ မျှဖြစ်ကြောင်း၊ နှစ်အုပ်သာ ပို့လိုက်ကြောင်း သူက ရိတိတိ ရေးသည်။ (The Indian Government in its negligent way sent exactly two copies to England.) သူ့ဆီ ရောက်လာတဲ့စာအုပ်က အိန္ဒိယ-ဗမာအသင်းကြီးက ပို့လိုက်တဲ့စာအုပ်။
အချင်းစာချစ်သူ… ၁၉၄၂-၄၃ ခုနှစ်က အိန္ဒိယနိုင်ငံ ဒေလီမြို့တော်မှာ ဆရာသိန်းဖေမြင့် အင်္ဂလိပ် ဘာသာဖြင့် ရေးသား ထုတ်ဝေခဲ့တဲ့ What Happened in Burma စာအုပ်ရဲ့နောက်ခံသမိုင်းကြောင်း၊ စာအုပ် ဖြစ်မြောက်ရေးမှာ ပါဝင်လှုပ်ရှားခဲ့သူတွေ၊ စာအုပ်ကို ဘာသာငါးမျိုးနှင့်ပြန်ဆိုထုတ်ဝေခဲ့တာတွေ၊ ကမ္ဘာကျော် သတင်းစာဆရာ၊ စာရေးဆရာနှစ်ဦးနှင့်ပတ်သက်ခဲ့တာတွေ မိ မိရှာဖွေ ဖတ်မှတ်ထား သရွေ့ မျှဝေလိုက်ပါသည်။
ဆရာက သူ့စာအုပ်ကို အောက်ပါစာပိုဒ်နှင့် နိဂုံးချုပ်ထားသည်။
Well, brothers, that is the message from Burma! She has suffered much. May Indians be helped to take right decisions for their country by study of What Happened in Burma.
တက်ဘုန်းကြီး သိန်းဖေ၏ ထိုခေတ် အိန္ဒိယတိုက်အတွက် ထိုးလိုက်တဲ့ ခေါင်းလောင်းသံက ယနေ့အချိန် အထိ အသံမစဲ ပဲ့တင် ရိုက်ခတ်နေဆဲဟု ထင်မြင်မိ ပါကြောင်း။
၂၈ ဇန်နဝါရီ ၂၀၂၅
(မှတ်ချက်။ ဤအကြောင်းအရာတစ်ပိုင်းတစ်စကို ဆရာတိုက်စိုးက ၁၉၈၂ ခုနှစ် ဧပြီလ စန္ဒာရုပ်စုံမဂ္ဂဇင်းတွင် “ဂျော့အော်ဝယ်နှင့် သိန်းဖေမြင့်” အမည်ဖြင့်ရေးသားခဲ့သည်။ ၂၀၀၅ သြဂုတ်လ၌ စာအုပ်ဈေးမှ ထုတ်ဝေခဲ့သော တိုက်စိုး၏ “စာရေးစားပွဲပေါ်က ပုံရိပ်များ” တွင်ဤဆောင်းပါးကိုထပ်မံပုံနှိပ် ဖော်ပြခဲ့သည်။)

