ကျွန်တော် အမှတ်တမဲ့ နေခဲ့တဲ့အကြောင်းအရာလေး မကြာခင်ကပြန်ဖတ်မိတော့စဉ်းစားစရာတစ်ခုဖြစ်ခဲ့တယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာမှာအချိန်သတ်မှတ်ပုံက နာရီ ၆၀ ရှိတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ မြန်မာ ရေနာရီပါ။ တစ်နေ့ကို နာရီ ၆၀ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့နာရီက ၂၄ နာရီရှိ တယ်ဆိုတာ လူတိုင်း လက်ခံ ထားပြီးသား ဖြစ်သလို မြန်မာတွေ လူငယ်ဘ၀ စာစသင်ပြီဆိုကတည်းက ဒီ ၂၄ နာရီရှိ တဲ့နာရီကို ကြည့်တတ်ဖို့ သင်ကြားခဲ့ရတာပဲဖြစ်ပါတယ်။ တကယ်ဆို ကျွန်တော်တို့တစ်တွေက မြန်မာတွေ မဟုတ်ဘူးလား။ ဘာဖြစ်လို့ သူများနာရီကို ယူငင် သုံးစွဲခဲ့ရတာလဲ။ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော် မသိပါဘူး။ ကျွန်တော့်အထင် လွယ်ကူ အဆင်ပြေတဲ့အရာ မို့လို့ သုံးစွဲခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ယနေ့ထိ လူတိုင်းရဲ့ လက်မှာ သူတို့ရဲ့ အချိန် သတ်မှတ်ပုံတွေကို တခုတ်တရ ဈေးကြီးပေးပြီး ဝယ်ယူ ပတ်နေ ရတာပေါ့။ ဒီလို တဖြည်းဖြည်းနဲ့ မြန်မာတို့ရဲ့ နာရီ (သို့) အချိန်သတ်မှတ်ပုံတွေဟာ လူတိုင်းရဲ့ ရင်ထဲမှာ မေ့ပျောက် ခံထားခဲ့ရတာ ကြာခဲ့ရပြီ။ အသုံးမဝင်သော အရာတစ်ခုအဖြစ် ချောင်ထိုးထား ခံနေရတာ ကြာပါပြီ။ ဒီနေရာမှာမေးစရာရှိတာက ဒီလိုအလွယ် တကူ အဆင်ပြေတဲ့အရာကို သုံးတယ်ဆိုတော့ ကျွန်တော်တို့ လူမျိုးတွေဟာ အလွယ်ကြိုက်တဲ့ လူမျိုးတွေလား။ ကိုယ်ပိုင် တီထွင်ဉာဏ် မရှိတဲ့ လူမျိုးတွေလား။ အဲဒီလို မေးခွန်းတွေ မေးကြည့်ချင်စရာ ကောင်းနေပေမယ့်လို့ ကိုယ့်ထက် အဆပေါင်း များစွာသော ဆရာတွေက အဆင်ပြေအောင် လုပ်ပေးခဲ့မှုအပေါ်မှာ တစ်စုံတစ်ရာ ကန့်ကွက်ချင်လို စိတ်မရှိတာကြောင့် ရှိမြဲ အတိုင်းပဲ ထားလိုက်ချင်ပါတယ်။

ဒါပေမယ်လို့ ကျွန်တော် မမျှော်လင့်ဘဲ တစ်ခုသိလိုက်ရတယ်။ ဒါကဘာလဲဆိုတော့ ဒီလိုမြန်မာတို့ရဲ့အချိန်သတ် မှတ်မှုဟာ မြန်မာတို့ရဲ့ ယဉ်ကျေးမှု အသက် သွေးကြော တစ်ခုဖြစ်နေတယ်။ ဘာလဲဆိုတော့ မြန်မာတို့ရဲ့ နရီစည်းဟာ မြန်မာနာရီကို အခြေခံပြီး ဖြစ်လာတာကိုပါပဲ။ ဒီအချက်ဟာ ခိုင်မာ တိကျအရာတစ်ခုလို့ ကျွန်တော် ဂဃဏန မသိပါဘူး။ သို့သော်လည်း မြန်မာမှုများက မြန်မာတို့ရဲ့အမူအကျင့် ဓလေ့စရိုက်များနှင့်ဆက်နွှယ်နေ တာကိုတော့ ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့ စွဲချက်လို့ပဲ ပြောမလားမသိ။ ဒီလိုကျွန်တော်တို့ရဲ့ နာရီရေတွက်ပုံ ပျောက်ဆုံးခြင်းဟာ တခြားသော ဂီတ စည်းဝါးများ အလွယ်တကူ ထိုးဖောက် ဝင်ရောက်လာနိုင်ဖို့ အတွက် လမ်းဖွင့် လိုက်သလို ဖြစ်နေ ခဲ့သလားလို့။ တကယ်လို့သာ ကျွန်တော် မှန်နေခဲ့မယ်ဆိုရင် ဒီပြစ်ချက်ဟာ အလွန် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်လာမှာ သေချာတာပါပဲ။ စကားပုံတွေ ရှိပါတယ်။ အစရှိ တနောင်နောင်တို့ ခေါင်းတိုး ကိုယ်ဝင်တို့။ ဒီစကားပုံတွေဟာ ကျွန်တော်တို့ မြန်မာ အသိုက်အဝန်းမှာ သူများဆီက ကူးလူးလာတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ သို့ပေမယ်လို့ စကားပုံတိုင်းဟာ လက်တွေ့ မဖြစ်ခဲ့ဘဲနဲ့တော့ ဘယ်သူမှ စိတ်ကူးယဉ် ဆန်ဆန် ပြောကြမှာ မဟုတ်ပါဘူး။ အူတူတူ အတတ နဲ့ ကြောင်တောင်တောင်ကနေ အူကြောင်ကြောင်လို့ ပြောထုံးအသစ် ထွက်ကောင်း ထွက်ပါလိမ့်မယ်။ သို့ပေမယ်လို့ သူရင်းမြစ် ကတော့ ဖျောက်လို့ မရတာ သေချာပါတယ်။ ဒီတော့ ကျွန်တော်တို့ သူတို့ဆီက နာရီရေတွက်ပုံကို လက်ခံလိုက်ခြင်းဟာ ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့ ဝါးမျိုခံလိုက် ခြင်းလား။
ထားလိုက်ပါတော့။ ကျွန်တော်ပြောချင်တာက အချိန် အကြောင်းပါ။ စောစောက ပြောခဲ့သလို မြန်မာအချိန် သတ်မှတ် တာကို အလွန်သဘောကျမိတယ်။ အခုလက်ရှိ သုံးနေတဲ့ နာရီ ၂၄ မိနစ်မှာ မြန်မာနာရီက တစ်နာရီနဲ့ ညီပါတယ်။ ဒီတော့ မြန်မာနာရီ နှစ်နာရီခွဲရှိတော့မှ အခုလက်ရှိ သုံးနေတဲ့ နာရီ တစ်နာရီ ပြည့်ပါမယ်။ တစ်ချိန်တုန်းက မြန်မာနာရီကို သတ်မှတ်ဖို့ အတွက် ကြေးဖလား အလုံး ၆၀ ရေအင်တုံကြီးနှစ်လုံး ဆောင်ထား ခဲ့ရပါတယ်။ ကြေးဖလားတိုင်း ကို လေးပုံ ပုံ၍ တစ်ပုံတွင် တစ်ရစ် သတ်မှတ်ထားပြီး တစ်ပါဒ်အဖြစ် ရေတွက်ပါတယ်။ ပါဒ်ဆိုတာကတော့ ဗေဒင် အသုံးပါ။ အဲ့ဒီ တစ်ရစ်မှာလည်း အမှတ် ၁၅ မှတ် မှတ်ထားပြီး တစ်မှတ်ကို တစ်ဗီဇနာ အဖြစ် ရေတွက်ပါတယ်။ ဒီလို ရေတွက်ခဲ့ပေမယ့်လို့ မြန်မာတွေဟာ ဖလားတစ်လုံး မြုပ်တိုင်း တစ်နာရီလို့ အလွယ်တကူ သတ်မှတ်ခဲ့ကြတာ မဟုတ်ပါဘူး။ ဒီလို အချိန်နာရီ ရေတွက်တဲ့ နေရာမှာ ဗေဒင်ကျမ်း တွေကို ကောင်းစွာ နားလည်တဲ့ သူတစ်ယောက်ကို နာရီမှူး အဖြစ်ခန့်အပ်ထားခဲ့ပါတယ်။ ကျွန်တော်တို့ သိခဲ့ဖူးတဲ့ ပဟိုရ်စည် ဆိုတာကလည်း တစ်နာရီ ပြည့်တိုင်း တစ်ခါတီးလေ့ ရှိတာ မဟုတ်ပါဘူး။ နေ့ခင်းဘက်ကို လေးကြိမ် ညဘက်ကို လေးကြိမ်သာ တီးခတ်တာပါ။ နေ့ခင်းဘက် လေးကြိမ်ဆိုတာမှာ မနက် ၉ နာရီက ပထမ ပဟိုရ်။ ဆယ့်တစ်ချက် တီးခတ်ပါတယ်။ အဲဒီနောက် သုံးနာရီခြား တစ်ပဟိုရ်တိုင်းမှာ ဆယ့်တစ်ချက်စီ တိုးသွားပါတယ်။ အဲဒီလိုတီးခတ်တဲ့ ပဟိုရ်စည်ဟာ မြန်မာတို့ရဲ့ နရီနဲ့စည်းပါပဲ။ ဒီနေရာမှာ ကြည့်မယ်ဆိုရင် မြန်မာနာရီဟာ ဗေဒင်တွက်ရိုးနဲ့ဆက် စပ်နေသလို မြန်မာဂီတနဲ့လည်း ဆက်စပ် နေတယ် ဆိုတာကို တွေ့ရပါတယ်။
“ပတ်သာတန်ရှည် တီးသံမြည် လယ်ဆည်ကန်စာယေး”
“တစ်ဆယ်လောင်းမည် ထမ်းပိုးရည် ယင်းသည်နာရီလေး”
ဒီလင်္ကာလေးကတော့ မြန်မာ နေ့တာ တိုရှည်ကိုသတ်မှတ်ခဲ့ကြတဲ့ လင်္ကာလေးဖြစ်ပါတယ်။ လင်္ကာအရ မြန်မာ အစဦးဆုံးလ တန်ခူးလမှာ ပတ်ဖြစ်လို့ ၅ ရပါတယ်။ တစ်ဆယ် လောင်းမည် ဆိုသောကြောင့် တစ်ဆယ် ထည့် ပေါင်းလိုက် သောအခါ ၁၅ ပါ။ ထမ်းပိုးရည်ဆိုသောကြောင့် ၂ ဖြင့် မြှောက်လိုက်သောအခါ ၃၀ ရပါတယ်။ အဲဒါသည် တန်ခူးလမှာရှိတဲ့ နေ့အချိန်ပဲဖြစ်ပါတယ်။ မြန်မာနာရီက ၆၀ ရှိတော့ ကျန် ၃၀ က ညနာရီဖြစ်ပါတယ်။ ဒီလို နေ့တာ အတိုအရှည်ကို တွက်ယူခဲ့ ကြပါတယ်။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ချင်တယ် ဆိုရင်တော့ ဆရာကြီး ဦးဂုဏ်ဘဏ်ကိုသာကျေးဇူး တင်ကြပါ။ ကျွန်တော် သိလို့တတ်လို့ ရေးပြနေတာ မဟုတ်ပါ။ ဆရာကြီး စာအုပ်ကို ဖတ်ပြီး သိလာတာလေးတွေကို ရေးပြ နေခြင်းသာ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီး ကျွန်တော် တွေးမိတာလေးပါ။ မြန်မာနာရီ ရေတွက်ပုံက တော်တော် စိတ်ဝင် စားစရာ ကောင်းပါတယ်။ နောက်ပြီး အခုလက်ရှိနာရီ ၂၄ မိနစ်ရောက်တိုင်း မြန်မာတစ်နာရီ ရောက်တယ်ဆိုတော့ မြန်မာတို့ရဲ့ စေ့စပ် သေချာမှုကို အံ့သြစရာတွေ့ခဲ့ရပါတယ်။ အလုပ်တစ်ခု အပေါ်မှာ ဖြစ်နိုင်တဲ့နည်းနဲ့ စနစ်တကျ လုပ်ခဲ့တယ် ဆိုတာကို တွေးကြည့်ခဲ့မိပါတယ်။ နောက်တစ်ခုရှိတာက မြန်မာနာရီ သတ်မှတ်ချက်က မြန်တော့ တကယ်လို့များ မြန်မာနည်းစနစ်နဲ့ နာရီတွေရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို သတိမေ့ချိန် မရလောက်အောင် အချက်ပေး နေလိမ့်မယ် ဆိုတာပါပဲ။
အခု လက်ရှိ အနေအထားမှာ တစ်နာရီဆိုတဲ့ အချိန်က မြန်မာ တစ်နာရီထက် စာရင် ပိုကြာနေတော့ တစ်ခါတလေမေ့ တာမျိုး ဖြစ်လေ့ရှိတယ် မဟုတ်လား။ နောက်တစ်ခုက မြန်မာ နာရီ ရေတွက်ပုံဟာ မြန်မာတို့ရဲ့ ဓလေ့စရိုက်ဖြစ်တဲ့ အတွက် မြန်မာဆိုတဲ့ အငွေ့အသက်တွေ အလိုလိုနေရင်းလွှမ်းခြုံနေမှာဧကန်မလွဲပါ။နောက်တစ်ခုကတော့ ကျွန်တော်တို့အချိန်နာရီ သတ်မှတ်ချက် တွေက ဘာကြောင့်ခေတ်မမီပဲ ကျန်နေခဲ့ရတာလည်း ဆိုတဲ့ မေးခွန်းတစ်ခု ပါပဲ။ တစ်ချိန် ရှိခဲ့ဖူးတဲ့ အရာတွေကို ခေတ်နဲ့အညီ ပြောင်းလဲနိုင်ဖို့ မကြိုးစားခဲ့ဘူး ဆိုရင် ဒီလိုပဲတဖြေးဖြေးနဲ့ ပျောက်ကွယ်သွားကြမှာပဲဖြစ်ပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး အဖြေ ထုတ်မယ်ဆိုရင်တော့ ကျွန်တော်တို့တတွေ ဟာ ခေတ်နဲ့အညီနေထိုင်တတ်ဖို့ ခေတ်နဲ့အညီ လိုက်လျောအောင် ပြောင်းလဲတတ်ဖို့ မလုပ်ခဲ့ကြဘူးလို့ သုံးသပ်ချက် ထုတ်ရမှာပဲဖြစ်ပါတယ်။ ကျွန်တော်ဆိုလိုတာက ဒီခေတ် ပေါ်လာတဲ့ အသုံးအဆောင် အဝတ်အစား အသုံးပြုတဲ့ပစ္စည်း စတာတွေကိုပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာမှုတွေကို ခေတ်နဲ့ လျော်ညီအောင် မကျင့်ကြံခဲ့ ကြဘူး။ ကျင့်ကြံဖို့ အားနည်းခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခေတ်တွေကို ဖြတ်သန်း လာခဲ့တာ နည်းတာမဟုတ် ပါဘူး။ ယနေ့ အချိန်ထိ လက်ညှိုးထိုး ပြဖို့ဆိုရင် ကနောင်မင်းသားတစ်ယောက်က အစောဆုံး ဖြစ်နေတာမျိုး လောက်ကိုပဲ အများ သိကြတယ်။ ဒီထက် စောပြီး ဘယ်သူတွေက ဘယ်လို တီထွင် ဆန်းသစ်ခဲ့ကြ ပါသလဲ။ တခြား လူတွေ တော့မသိ။ ကျွန်တော်ကတော့ တကယ်ကို မသိတာအမှန်ပါပဲ။ လူမသိ သူမသိ တီထွင်ကြံဆခဲ့တာမျိုးကတော့ ထည့်သွင်း ပြောဆိုဖို့ လောက်ထိ မဖြစ်နိုင်ပါဘူး။ ကနောင်မင်းသား တီထွင်မှုတွေဟာ ဘာကြောင့် ကျရှုံးခဲ့ရပါသလဲ။ ဘာကြောင့် ကန့်ကွက် ခံခဲ့ရ ပါသလည်း။ ဆက်လက် စဉ်းစားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အတားအဆီးကြီး တစ်ခုကို တွေ့ရမှာပဲဖြစ်ပါတယ်။ ကနောင်မင်းသား ရေမြှုပ်ဗုံး စမ်းသပ်တဲ့အခါ သတ္တဝါတွေ သေတယ်ဆိုပြီး ကန့်ကွက် ခံခဲ့ရတယ်လို့ ဖတ်ဘူးပါတယ်။ ဒီကန့်ကွက် ချက်က မှန်ပါတယ်။ ဘယ်အတွက် မှန်တာလည်းဆိုတော့ သီလတစ်ခု အတွက်ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် ကြည့်တဲ့အခါမှာ ဒီကန့်ကွက်ချက်က မှားသလို ဖြစ်နေတယ်။ နိုင်ငံဆိုကတည်းက ဒီကမ္ဘာလုံးကြီးထဲမှာ စကြဝဠာတစ်ဟိုး အပိုင်စိုးပါတဲ့ ဆိုပြီး အော်ပြနေရုံ နဲ့မဖြစ်ခဲ့လို့ သူတစ်ပါးလက်အောက် ကျရောက် ခဲ့ရပြီးပါပြီ။ ကိုယ့်ဘာသာဟာ မွန်မြတ်တယ်လို့ ခံယူတာ သဘာ၀ ကျပါတယ်။ တကယ်တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဟာ လက်တွေ့ကျတဲ့ ဘာသာဖြစ်ပါတယ်။ အင်မတန်လည်း ရိုးရှင်းတဲ့ဘာသာဖြစ် ပါတယ်။ ဥပမာ လယ်တီဆရာတော်ကြီးရဲ့ ဘုရားရှိခိုးဆိုပါတော့။ ဆရာတော်ကြီးက ဗုဒ္ဓရဲ့ ကျေးဇူးတွေကို သိမြင်အောင်ကြိုးစားပြီး အားရပါးရ ပူဇော်ကန်တော့ခဲ့တာပါ။ ကျွန်တော်တို့တွေက လယ်တီဆရာတော်ရဲ့ ဘုရား ရှိခိုးကို အလွတ်မရ ရအောင်ကျက်ပြီး ဘုရား ကန်တော့ကြတယ်။ တကယ်က လယ်တီဆရာတော် သိခဲ့ မြင်ခဲ့ တာတွေကို ဆရာတော် ဘာတွေဘာတွေ ဘယ်လို သိခဲ့တယ် ဆိုတာကို ဆရာတော်ရဲ့ ကန်တော့ချိုးကိုကြည့်ပြီး ကိုယ်တိုင် လေ့လာအားထုတ် သင့်တာ မဟုတ်လား။ ဝိဘဇ္ဇ ဝါဒီတဲ့။ ငါဘုရားပြောတိုင်း လည်းမယုံနဲ့တဲ့။ ကိုယ်တိုင် လေ့လာ ကျင့်ကြံ အားထုတ်ပြီး မှန်တယ် ဆိုမှ လက်ခံလို့ အတိ အလင်း ဟောထားတာပါ။ ကဲကျွန်တော်တို့ ဘာတွေ လေ့လာကျင့်ကြံ အားထုတ်ခဲ့ကြလို့ ကျွန်တော်တို့ နိုင်ငံကြီး ဘာတွေ တိုးတက် ခဲ့ပါသလည်း။ ကျွန်တော်တို့ရဲ့ ရိုးရာ မြန်မာ့ အမွေအနှစ်တွေ ကရော ဘာတွေ ဖြစ်ကုန်ပြီလဲ။ ခေတ်နဲ့ လျော်ညီစွာ ပြောင်းလဲတိုး တက်နေခဲ့ပါ ပြီလား။ လုပ်ခွင့်မရလို့ဆို တဲ့ဆင်ခြေ တစ်ခုမှာ ကျွန်တော်တို့နိုင်ငံ ဘာဖြစ် သွားခဲ့ပါပြီလဲ။ အကြောက်တရား ဆိုတဲ့အရာအောက်မှာ ကျွန်တော်တို့ဘာဖြစ်သွားခဲ့ကြပါပြီလဲ။
အဲဒီတော့ ကျွန်တော်တို့ပစ်ချထားခဲ့တဲ့အရာတွေကို ကျွန်တော်တို့ပြန်ကောက်ပြီး ခေတ်နဲ့လျော်ညီအောင် တီထွင်ကြံ ဆဖို့က စောစောက ကျွန်တော်ပြောတဲ့ မြန်မာနာရီတစ်ခုတည်းမှ မဟုတ်ပါဘူး။ ဆရာကြီးဦးဖေမောင်တင်က သတိပေးဖူး ပါတယ်။ ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ ကျမ်းဂန်တွေကို မြန်မာလိုပြန်ဖို့။ သိပ်အရေးကြီးတဲ့ သတိပေးချက်ပါ။ ကျွန်တော်တို့ မှာရှိနေတဲ့ လင်္ကာတွေ ရေးဖွဲ့ထားတာတွေကို အလွယ်တကူ မဖတ်နိုင်တဲ့အခါမှာ လူ့မနောအရ လွယ်ကူတဲ့အရာတွေကို သွားဖတ်မှာပါ။ ဒါဟာ ဖတ်ချင်စိတ်ဖြစ်နေတုန်း ဖတ်လို့ရအောင် အဆင်သင့်ပြင်ထားမှ။ ဒါမှမဟုတ်ရင် ဖတ်ချင်စိတ်ကုန်သွားရင် ဒါမှမဟုတ် တခြားအရာတစ်ခုက ဖတ်ဖို့လွယ်ကူနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ လင်္ကာဆိုတာတွေက ချောင်ထိုး ထားလိုက်ဖို့ ကလွဲလို့ တခြားဘာမှလုပ်စရာမရှိမှာသေချာပါတယ်။ ဇာတ်မင်းသား ဖိုးချစ်ဟာ သမင်လိုက် အက ကကောင်း ကလိမ့်မယ်။ ပန်းခူးကောင်း ခူးမယ်။ သို့ပေမယ့်လို့ ခေတ်နဲ့လိုက်လျောညီ ထွေနေတဲ့ ဟန်ပန် ခေတ်ရေစီး ဆိုတာကိုဆန့်ကျင်ပြီး ကနေလို့ ကတော့ ဖိုးချစ်ဆိုတာ ဖြစ်လာမှာမဟုတ်တာ သေချာပါတယ်။ ဒီလိုပါပဲ တစ်ချိန်က တီးခတ်ခဲ့တဲ့ ပဟိုရ်စည်ရဲ့ အသံ နောင် ဒိုင်းဆိုတာကတော့ ဒီခေတ် ဒီအချိန်မှာ ရှိလာမှာမဟုတ်တော့ပေမယ့်လို့ တခြားနည်း တစ်နည်းနည်းနဲ့ နောင် ဒိုင်းဆိုတဲ့ အသံကို ဆက်ကြား နေဖို့အားထုတ်ခဲ့မယ်ဆိုရင်ဖြင့် တစ်နာရီထိုးတိုင်း ကိုယ့်အမျိုးဘိုးဘေးတွေကိုသတိရနေမှာတော့အသေအချာပါပဲ။ ခုတော့ဖြင့် . . . . . . .

