The Corner

The Corner

cropped-Logo_round_grey-background.png

အယူသီးကြသူများ

Share မယ်

ဟောင်ကောင်သား တော်တော်များများက နာမည်ကြီး ကမ္ဘာကျော် ရှေ့ဖြစ်ဟောဆရာ နော်စထရာ ဒေးမတ်စ် ပြီးရင် တက်ဆူကီယိုကို ဂမ္ဘီရ ပညာမှာ တဖက်ကမ်းခပ် တတ်မြောက်သူ ရှေ့ဖြစ်ဟော ဆရာမကြီး တစ်ဦးအဖြစ် လက်ခံ ထားကြ ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ဂျပန် မန်ဂါ အနုပညာရှင်တစ်ဦးလည်း ဖြစ်သူ တက်ဆူကီယို က နိမိတ်ပုံရိပ် အိပ်မက်များ စုစည်းချက် ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ရာမှာ “၂၀၁၁ ခုနှစ်၊ ၃ လပိုင်းမှာ “ကပ်ဆိုးကြီး” တစ်ခု ဖြစ်ဖို့ရှိတယ်လို့ သတိပေး ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လမှာ ဂျပန်နိုင်ငံဟာ ငလျင်ကြီးဖြစ်လို့ နောက်ဆက်တွဲ ဆူနာမီနဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖိုကို ထိခိုက်တာတွေရဲ့ နောက်ဆက်တွဲတွေကြောင့် လူပေါင်း ၁၈,၀၀၀ လောက် အသက်ဆုံးရှုံးခဲ့ကြရတယ်။ ဆရာမကြီးရဲ့ မန်ဂါ ကြိုတင်ခန့်မှန်းချက် နောက်တစ်ခုက ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ ဧရာမ ဆူနာမီကြီးတစ်ခု ဂျပန်နိုင်ငံကို ရောက်လာကိန်းရှိတယ်လို့ ဟောခဲ့တဲ့ အချိန်မှာတော့ လှုပ်လှုပ်ရှားရှားတွေ ဖြစ်ကုန်ကြပါတယ်။

Book cover from Amazon

ကံကောင်းတယ် ပြောရမလား ၁၆ ရာစုလောက်က ဆရာမကြီး ဟောခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာပျက်ကိန်း ကြုံရမယ် ဆိုတာတော့ ဖြစ်မလာပါဘူး။ ဆရာမကြီး တက်ဆူကီလည်း တစ်ခါတလေ မှားတတ်ပါတယ်။ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ဖူဂျီ မီးတောင်ကြီး ပေါက်ကွဲမယ်ဆိုတာလည်း ဖြစ်မလာခဲ့တာ တော်သေးတယ်လို့ ဆိုရမယ်။ ဒီနှစ် ဇူလိုင်လ ၅ ရက်နေ့ ဟောကိန်းကလည်း မသေမချာ ဖြစ်သွားပေမယ့် ဇူလိုင် ၃၀ ရက်နေ့က ရုရှားနိုင်ငံ အရှေ့ဘက်ကမ်းခြေမှာ လှုပ်ခတ်သွားခဲ့တဲ့ ၈ ဒသမ ၈ ရစ်ချတာစကေး ငလျင်ကြီးကြောင့် ပစိဖိတ် ဒေသတစ်ဝိုက် ဆူနာမီ သတိပေးချက်တွေတော့ ထွက်လာခဲ့ဖူးတယ်။ ကံသီလို့ လူအသေအပျောက် မရှိခဲ့တဲ့အပြင် ဂျပန်ကမ်းခြေကို ရိုက်ခတ်လာတဲ့ ဆူနာမီ လှိုင်းလုံးများရဲ့ အမြင့်ဆုံးက ငါး ပေလောက်ပဲ မြင့်တယ်။ (၂၀၁၁ ခုနှစ် ဆူနာမီတုန်းက အမြင့်ဆုံး လှိုင်းလုံးဟာ ပေ ၁၂၀ လောက်ရှိခဲ့တယ်)။ ဘာပဲပြောပြော ဇူလိုင်လ ၃၀ ရက်နေ့ အဖြစ်အပျက်က ဆရာမကြီးရဲ့ အစွမ်းတစ်ခု ထပ်ပြလိုက်သလို သူ့ကိုယုံကြည်သူများနဲ့ စိတ်လှုပ်ရှား နေကြတဲ့ တွက်ချက်သူများအကြား ဖြစ်သွားတယ်။

ဇွန်လအတွင်းက ထွက်လာတဲ့ ဟောကိန်းတွေက အာရှနိုင်ငံတွေ တဝန်း ဆိုရှယ်မီဒီယာတွေမှာ အတော်ကြီး လှုပ်ခတ်မှု တွေ ဖြစ်သွားတယ်။ အထူးသဖြင့် ဟောင်ကောင်သားတွေက ဒါတွေကို လွန်လွန်ကဲကဲ ယုံကြပါတယ်။ နာမည်ကြီး ဖုန်းရွှေ ဆရာတွေ၊ ရှေးဟောင်း တရုတ် ပထဝီအတပ်ဟော ပညာရှင်များက ဆရာမကြီး တက်ဆူကီ ဟောကြားချက်ကို လိုက်နာကြဖို့နဲ့ ဂျပန်နိုင်ငံကို ဇူလိုင်လ ၅ ရက်နေ့ မတိုင်ခင် ခရီးမသွားကြဖို့ တိုက်တွန်း သတိပေးခဲ့ကြပါတယ်။ ဂျပန်နိုင်ငံက အချက်အလက် တွေအရ ဒီနှစ် ဇွန်လမှာ ဟောင်ကောင်ခရီးသွားဦးရေဟာ မနှစ်က ဇွန်လနဲ့ နှိုင်းယှဥ်ရင် သုံးပုံတစ်ပုံ လောက်ပဲ ရှိတော့တယ်လို့ သိရပါတယ်။ ခရီးသွားနည်းလို့ ဟောင်ကောင် လေကြောင်းလိုင်းက ဂျပန်ခရီးစဥ်တွေကို ဖျက်သိမ်း ပစ်ခဲ့တယ်။

ဂျပန် အပေါ်မှာတော့ စီးပွားရေးအရ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဟောင်ကောင်လူဦးရေဟာ ၇ ဒသမ ၅ သန်းသာ ရှိပေမယ့် မနှစ်က ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သူ နိုင်ငံများထဲမှာ ပဥ္စမ ချိတ်ပါတယ်။ အလည်အပတ် ခရီးထွက် လာသူတွေက စုစုပေါင်း ဟောင်ကောင်ဒေါ်လာ ၃၃ ဘီလီယံ (အမေရိကန် ဒေါ်လာ လေး ဘီလီယံလောက်) ခရီးစဥ်အတွင်း သုံးစွဲခဲ့ပါတယ်။ အခုတော့ ဘာမဆို လုပ်မယ်ဆိုတဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုတဲ့သူတွေတောင် ဂျပန်ကို ရှောင်ကြတယ်။ ဟောင်ကောင်အခြေစိုက် ဘဏ်လုပ်ငန်းတစ်ခုက ဝန်ထမ်းတစ်ဦးက ဒီနှစ် နွေရာသီတစ်လျှောက်လုံး သူ့ရဲ့ သူဋ္ဌေးမက လူကိုယ်တိုင် တက်ရောက်ရမယ့် အစည်းအဝေးတွေ အားလုံးကို ငြင်းဆိုလိုက်ပြီး အရေးကြီးတဲ့ အစည်းအဝေးတွေကို သူ့ကိုယ်စား တက်ခိုင်းထားတယ်လို့ ပြောပါတယ်။

ဒီလို ဟောင်ကောင်တစ်ဝန်း ပျံနှံ့နေတာကို ကြည့်ရင် ဟောင်ကောင်သူ/သားတွေဟာ အာရှနိုင်ငံတွေထက်ကို ပိုပြီး အယူသီးကြတယ်လို့ ပြောရမယ်ထင်ပါတယ်။ အထပ်မြင့် အဆောက်အအုံ တချို့မှာ လေးထပ် ဆိုတာ မတွေ့ရဘူး။ “လေး” ဆိုတာ ကန်တုံ စကား အသံထွက်နဲ့ရင် “သေခြင်း” ဆိုတဲ့ အဓိပ္ပာယ် ရလို့ပါလို့ ပြောကြတယ်။ သရဲ တစ္ဆေတွေ ရှိနေတယ်လို့ ယုံကြည်ကြတဲ့ အဆောက်အအုံ၊ မြေယာတွေဆိုရင် ပုံမှန် စျေးထက် ငါးပုံ တစ်ပုံလောက်ပဲ တန်ဖိုးဖြတ်ကြတယ် လို့ဆိုတယ်။ အထင်ကရ ကုမ္ပဏီရုံးခန်းတွေရဲ့ ဖွဲ့စည်းပုံဟာလည်း ဖုန်းရွှေ ပညာအရ ဖွဲ့စည်း တည်ဆောက်ထားတယ်။ ဥပမာ HSBC လို နာမည်ကြီး ဘဏ်တစ်ခုရဲ့ ရုံးချုပ်မှာရှိတဲ့ ဓာတ်လှေကားဟာ မကောင်းဆိုးဝါးကောင်တွေ မလာနိုင်တဲ့ဘက်ကို မျက်နှာမူ ထားတယ်။ သည် အီကောနောမစ် စာစောင်ရဲ့ ဟောင်ကောင်ရုံးက ရုံးခန်းတွေမှာ မကြာသေးခင်က ဖုန်းရွှေပညာရှင်က လာကြည့်သွားပြီး အကြွေစေ့ အဟောင်းတွေ၊ နဂါးရုပ်တွေ လာထည့်ပေးသွားတယ်။

ဒါတွေက ဘာမှ အန္တရာယ်မဖြစ်နိုင်ပါဘူး။ တစ်ခုပဲ သိပ္ပံပညာက အယူသီးမှုကို မဖျောက်ဖျက်နိုင်ဘူးပေါ့။ အစိုးရ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဟောင်ကောင် နက္ခတ်တာရာ စောင့်ကြည့်ရေး အသင်းကြီးက စာတွေ ဆက်တိုက်ထုတ်ပြီး ငလျင်ဆိုတာ ကြိုတင် မသိနိုင်ဘူးဆိုတာ ပြည်သူတွေကို အသိပညာပေးတာတွေ လုပ်ခဲ့ရတယ်။ ဒါတွေအပေါ်မှာ ငလျင်ပညာရှင်တွေ သဘာဝ ကပ်ဘေးဆိုင်ရာ ကျွမ်းကျင်သူတွေကလည်း ပံ့ပိုးပေးခဲ့ကြပေမယ့် ဆရာမကြီး တက်ဆူကီ ဟောတာလောက် သိပ္ပံက မလွှမ်းမိုး နိုင်ခဲ့ဘူး။

Picture: Pulsoslp

သိပ္ပံအရ တိုက်တွန်းချက်တွေက ဒီလို ရုတ်ရုတ်သဲသဲ အခြေအနေမှာ လူနည်းနည်းလောက်ကပဲ လိုက်နာခဲ့ကြတယ်။ ၂၀၀၃ ခုနှစ်မှာ SAR ကူးစက်ရောဂါ အကြီးအကျယ်ဖြစ်ခဲ့တုန်းက ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လုပ်ရမယ့်အစား ဗိုင်းရပ်စ်တွေ မလာနိုင်အောင် သစ်ဥသစ်ဖု ဆေးဝါးတွေကို ပိုပြီး အားကိုးခဲ့ကြတယ်။ တစ်ခါတလေ အယူသီးမှု ကြောင့် ပိုမိုဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာတယ်ဆိုတာ သိဖို့ ခင်ဗျားက ဟူးရား ပုရောဟိတ် တစ်ယောက် ဖြစ်စရာ မလိုပါဘူး။

ကိုးကား – Hong Kong is superstitious, The Economist August 2025

Click to rate this post!
[Total: 1 Average: 5]