အလွန်ပြင်းထန်တဲ့ ကမ္ဘာ့လက်နက်ပြိုင်ပွဲဟာ တောင်ကိုရီးယားနဲ့ တူရကီနိုင်ငံ တို့အတွက် ကြီးကျယ်တဲ့ စီးပွားရေး လုပ်ငန်း တစ်ရပ်ဖြစ်တယ်။
ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း အထိမ်းအမှတ်ကို ကျင်းပဖို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၊ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ အခြား ခေါင်းဆောင်တွေ ရောက်ရှိလာတဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ပီကင်း မြို့တော်မှာ ရှိတဲ့ ငြိမ်းချမ်းရေး ကောင်းကင်ဘုံ မုဒ်ဦး ဟာ အစစ အရာရာ ငြိမ်သက် အေးချမ်း နေပါတယ်။ တရုတ်ပြည်ဟာ အမျိုးသားရေး ဂုဏ်သိက္ခာ မြင့်မားမှု နဲ့စစ်အင်အားကို ပြဖို့အတွက် တရုတ် တပ်မတော်က တပ်ဖွဲ့တွေဟာ အခမ်းအနားမှာ ချီတက်ပြီး စစ်ရေး ပြခဲ့ကြတယ်။ အရေးကြီးဆုံး ဖြစ်ကောင်းဖြစ်ကောင်း ဖြစ်နိုင်တာက ဒီစစ်ရေးပြချီတက်ပွဲဟာ DF-61 တိုက်ချင်းပစ် ဒုံးကျည်တို့လို တရုတ်ပြည်ရဲ့ အသစ်ဆန်းဆုံး စစ်ပွဲကြီး တိုက်ခိုက်ရေးမှာ တစ်ဖက်ရန်သူကို ချေမှုန်းနိုင်ရေး စွမ်းရည်ပြည့် စစ်လက်နက် ကိရိယာများကို ထုတ်ပြတဲ့ ပွဲဖြစ်တာပါပဲ။ ဒါ့ပြင် အလားအလာ ကောင်းတဲ့ ဝယ်သူတွေအတွက် ပစ္စည်းသစ်တွေကို ဂုဏ်ယူ ဝင့်ကြွားစွာနဲ့ ထုတ်ပြတာလည်း ရှိတယ်။ အဲဒီ ပစ္စည်းတွေ ထဲမှာ လေယာဉ်တွေသာမက ဒရုန်းတွေကိုပါ ပစ်ချနိုင်တဲ့ စွမ်းအားမြင့် လေဆာ လက်နက်တွေနဲ့ သင်္ဘောပစ် ဒုံးကျည်တွေ ပါတယ်။ ဒီလက်နက် နှစ်မျိုးလုံးဟာ အသံထက်မြန်တဲ့ စူပါဆောနစ် နဲ့ ဟိုင်ပါ ဆောနစ် လက်နက် အမျိုးအစားတွေ ဖြစ်တယ်။

တရုတ်ပြည် ကာကွယ်ရေး ပစ္စည်း စက်ရုံတွေရဲ့ ပြပွဲဟာ ကမ္ဘာ့စစ်ရေး စီမံကိန်း ရေးဆွဲသူ တွေက လက်နက် အသစ် အဆန်း တွေ အတွက် ငွေကြေးကို တရားလွန် အသုံးပြု နေကြတဲ့ အချိန်မှာ ပေါ်ပေါက်လာတာ ဖြစ်ပုံရတယ်။ အမေရိကန် ပြည်ထောင်စုက စွန့်လွှတ်တော့မယ်လို့ ခြိမ်းခြောက်နေတဲ့ ယူကရိန်းစစ်ပွဲနဲ့ တရုတ်ပြည်က ထိုင်ဝမ်ကျွန်းကို ကျူးကျော် ဝင်ရောက် တိုက်ခိုက်တော့မယ် ဆိုတဲ့ စိုးရိမ် ပူပန်မှုတွေကြောင့် အနောက်အုပ်စု နိုင်ငံတွေဟာ သူတို့ရဲ့ လက်နက်တိုက် တွေမှာ သိုလှောင်ထားတဲ့ လက်နက်တွေကို ထပ််ပြီး ဖြည့်ဆည်းဖို့၊ လက်နက် ဖြည့်ဆည်းပေးတဲ့ အချိတ်အဆက်တွေ အခိုင်အမာရှိဖို့နဲ့ ခဲယမ်းမီးကျောက် စီးဆင်းမှု စိတ်ချရဖို့ တွေကို မြှင့်တင် ဆောင်ရွက်လာတယ်။ တင့်ကားတွေ၊ လက်နက်ကြီးတွေ၊ တိုက်ခိုက်ရေး လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ သင်္ဘောတွေကို လောဘတကြီး အမြောက်အမြား ဝယ်ထားချင်ကြတယ်။ ဩဂုတ်လ ၃၁ ရက်နေ့ တုန်းက ဗြိတိန်နိုင်ငံက ကြေညာရာမှာ စတာလင်ပေါင် ၁ဝ ဘီလီယံ (ဒေါ်လာ ၁၃ ဒသမ ၅ ဘီလီယံ) တန်ဖိုးရှိ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ဖရီးဂိတ် စစ်သင်္ဘောငါးစင်း နော်ဝေနိုင်ငံကို ရောင်းချပေးဖို့ ပါဝင်ခဲ့တယ်။ ဆယ်စုနှစ်တွေ အတွင်း သင်္ဘော တည်ဆောက်ရေး အကြီးဆုံး ကုန်မှာစာပဲ ဖြစ်တယ်။
ကုန်မှာစာတွေ အားလုံးကတော့ အမေရိက၊ အနောက် ဥရောပနဲ့ ရုရှားနိုင်ငံတွေလို အစဉ်အလာ လက်နက် တင်ပို့ ရောင်းချတဲ့ နိုင်ငံတွေဆီ သွားတာ မဟုတ်ပါဘူး။ အဲဒီ နိုင်ငံတွေ အစား ရည်မှန်းချက် မြင့်တဲ့ အလယ်အလတ် အင်အားရှိ နိုင်ငံ နှစ်နိုင်ငံ ဖြစ်တဲ့ တောင်ကိုရီးယားနဲ့ တူရကီ နိုင်ငံတွေဆီကို မှာကြားတာ ဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်လာနေတဲ့ လက်နက် အရောင်းအဝယ်မှာ ဝင်ပြီး ရင်းနှီး ဆောင်ရွက်နိုင်ဖို့ သူတို့ရဲ့ လက်နက်ထုတ် စက်ရုံတွေကို တိုးချဲ့ဖို့ အပြိုင်အဆိုင် ကြိုးပမ်း ဆောင်ရွက် နေကြပါတယ်။
လက်နက်ပြိုင်ပွဲတွေက ပိုမိုပြီး ကျယ်ပြန့်တဲ့ သဘောတရား အယူအဆနဲ့ ဦးတည်ချက် အပြောင်းအလဲတွေ လုပ်တာကို ထင်ဟပ်နေတယ်။ ဥရောပတိုက်က နိုင်ငံတွေဟာ တစ်နေ့တခြား တိုးလာနေတဲ့ ရုရှားရဲ့ကျူး ကျော်မှု အန္တရာယ်နဲ့ အတ္တလန္တိတ် ဖြတ် မဟာမိတ်အဖွဲ့ကို အမေရိကန် ပြည်ထောင်စုက ကတိကဝတ်တွေ လျော့ပါး သွားတာနဲ့ စပ်လျဉ်းပြီး ပေါ်ပေါက်လာတဲ့ ပူပန်မှု လေဟာနယ်ကို ဖြည့်ဆည်း သွားဖို့တွေ အတွက် လက်နက်တွေ ပြန်ပြီး တပ်ဆင် နေရတယ်။ ဒီလို ဆောင်ရွက်နေတဲ့တိုင် ဥရောပနိုင်ငံ တွေက လက်နက် ကုမ္ပဏီတွေဟာ စစ်အေးခေတ် ကုန်ဆုံး သွားပြီးတဲ့နောက် ဆုံးရှုံးသွားတဲ့ ထုတ်လုပ်နိုင်မှု စွမ်းအားကို ပြန်ရရှိဖို့နဲ့ ယူကရိန်းစစ်ပွဲကို ဖြည့်ဆည်း ထောက်ပံ့လိုက်ရတာကြောင့် လျော့နည်း ပြုန်းတီးလာတဲ့ တီထွင်မှု တွေကို ပြန်ပြီးတော့ တည်ဆောက်ဖို့ အတွက် အချိန်ပေးဖို့ လိုအပ်တယ်။ အဲဒီလို အခြေအနေမျိုး ကြုံနေရချိန်မှာ အမေရိကန် ကာကွယ်ရေး ကုမ္ပဏီကြီးတွေက ကုန်မှာစာ စာရင်းတွေမှာ ကလည်း အစ္စရေးနဲ့ ပင်လယ်နီ ဒေသမှာ တိုးချဲ့ လာတဲ့ စစ်ဆင်ရေး တွေကြောင့် ဒါမှမဟုတ် ယူကရိန်းကို လက်နက်ဖြည့်ဆည်း ထောက်ပံ့ ပေးရတာတွေကြောင့် သူတို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေမှာ သိုလှောင်ထားတဲ့ ဒုံးကျည်တွေကို ခပ်မြန်မြန် အစားထိုး ဖြည့်ဆည်းပေး နေရတယ်။
အမေရိကန် ပြည်ထောင်စု ပြီးရင် ဒုတိယ အကြီးဆုံး လက်နက် တင်ပို့ ရောင်းချတဲ့ နိုင်ငံ ဖြစ်လေ့ရှိတဲ့ ရုရှား နိုင်ငံမှာ ကလည်း ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့ပြီးတဲ့ နောက်ပိုင်းမှာ သိုလှောင်ထားတဲ့ တင့်ကားတွေ အပါအဝင် အရန်ထားရှိတဲ့ လက်နက်နဲ့ စစ်ကိရိယာ အတော်များများ ယူကရိန်းစစ်ပွဲမှာ ဆုံးရှုံးသွားပြီးတဲ့နောက် သူ့စစ်တပ်အတွက်ပဲ ဦးစားပေး ထုတ်လုပ် နေရတယ်။ အနောက်အုပ်စု နိုင်ငံတွေရဲ့ ဒဏ်ခတ် အရေးယူတာတွေကလည်း ဂျက်တိုက်လေယာဉ်တွေလို အဆင့်မြင့် စနစ်တွေ တည်ဆောက်ဖို့ လိုအပ်တဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေ ဝယ်ယူရရှိဖို့ သူ့နိုင်ငံက ကုမ္ပဏီတွေအတွက် တားဆီး ဟန့်တား ထား တယ်။ ၂ဝ၂၄ခုနှစ်တုန်းက ရုရှားနိုင်ငံရဲ့ လက်နက်တင်ပို့မှုဟာ ၂ဝ၂၂ ခုနှစ် ကနဲ့ယှဉ်ရင် ထက်ဝက်လောက်ကို ကျဆင်း သွားခဲ့တယ်။ အိန္ဒိယ၊ ဗီယက်နမ်နဲ့ အီဂျစ်တို့လို သူ့ရဲ့ လက်နက် ဝယ်နေကျ ဖောက်သည် နိုင်ငံတွေဟာ အခြား နိုင်ငံတွေဆီ ကနေ ဝယ်ဖို့ ခြေလှမ်း ပြင်နေကြပြီ ဖြစ်တယ်။ အထူးသဖြင့် ကတော့ အီရန်နိုင်ငံမှာ ရုရှားရဲ့ ကာကွယ်ရေးစနစ်ကို အစ္စရေးက မဆိုစလောက် အခက်အခဲကလေးပဲ ကြုံပြီး အပြတ် တိုက်ခိုက်သွားနိုင်တာ ကြောင့်လည်း ဖြစ်တယ်။
လက်နက်ဝယ်တဲ့ နိုင်ငံ အတော်များများက တောင်ကိုရီးယား ဘက်ကို လှည့်လာကြတယ်။ အမေရိကန် ပြည်ထောင်စုဟာ ဥရောပတိုက်က နေတိုးအဖွဲ့ဝင် နိုင်ငံတွေဆီကို လက်နက်အများဆုံး တင်ပို့ရောင်း ချတဲ့ နိုင်ငံ ဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ ပြင်သစ်တို့က ဒုတိယလိုက်တယ်။ ကမ္ဘာတစ်ဝန်းလုံးက တင့်ကားနဲ့ လက်နက်ကြီးတွေ ဝယ်တာဆိုရင် တောင်ကိုရီးယားနိုင်ငံက အမေရိကန် ပြည်ထောင်စုထက်တောင် အမှာစာတွေ ပိုပြီး ရသေးတယ်။ တိုက်ပွဲဝင် ဂျက်တိုက်လေယာဉ်တွေ ရောင်းချတဲ့ နေရာမှာလည်း အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတွေနောက် တတိယနေရာ လိုက်တယ်။ ၂ဝ၂၄ ခုနှစ်ကဆိုရင် တောင်ကိုရီးယား နိုင်ငံဟာ ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိတဲ့ ချီအွန်ဂန်း -၂ (Cheongung – II) မြေပြင်က ဝေဟင်ပစ် ဒုံးကျည်စနစ်ကို ဆော်ဒီ အာရေးဗျနိုင်ငံ၊ ဒေါ်လာ သန်းပေါင်း ၄၆ဝ တန်ဖိုးရှိတဲ့ စစ်သင်္ဘောတွေကို ပီရူးနိုင်ငံနဲ့ ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိတဲ့ အလိုအလျောက် ပဲ့ထိန်းစနစ်ပါ ဟောင်ဝစ်ဇာ အမြောက်တွေကို ရိုမေးနီးယားနိုင်ငံတွေဆီကို အသီးသီး ရောင်းချခဲ့တယ်။ အရောင်းအဝယ်ထဲမှာ တန်ဖိုးအများဆုံး စာချုပ် တစ်ခုကို တောင်ကိုရီးယားနိုင်ငံက ၂ဝ၂၂ ခုနှစ်တုန်းက ပိုလန်နိုင်ငံနဲ့ လက်မှတ် ရေးထိုးခဲ့တယ်။ အခု တန်ဖိုးအရ ဒေါ်လာ ၂၂ ဘီလီယံ တန်ဖိုး ရှိတယ်။ ပိုလန်နိုင်ငံ ထဲမှာ တစ်စိတ်တစ်ပိုင်း တည်ဆောက်မယ့် လက်နက် စနစ် ရောင်းချ ဖို့ပဲဖြစ်တယ်။ အဲဒီစနစ်ထဲမှာ 180 K-2 Black Panther တင့်ကားတွေ၊ 672 ဟောင်ဝစ်ဇာတွေ၊ 48 FA -15 တိုက်လေယာဉ်တွေနဲ့ 288 K-239 ရော့ကက် လောင်ချာတွေ ပါဝင်တယ်။ ပိုလန်က ရုရှားတိုက်ခိုက်လာရင် လျင်လျင် မြန်မြန် ဟန့်တား လိုတယ်။ တောင်ကိုရီးယား နိုင်ငံအတွက် ကတော့ လက်နက် တင်ပို့ ရောင်းချတဲ့ နိုင်ငံတွေထဲမှာ ရှေ့တန်း တစ်နေရာ ကနေ ပါဝင် နိုင်တော့မယ့် အခြေအနေ ရှိပြီ ဆိုတာနဲ့ ဥရောပတိုက်က နိုင်ငံတွေဆီမှာ အကျိုးအမြတ် များတဲ့ အခြား အရောင်း အဝယ်တွေ အတွက် တံခါး ဖွင့်လိုက်ပြီ ဆိုတာကို ရဲရဲဝံ့ဝံ့ ပြလိုက်တာပဲ ဖြစ်တယ်။ တောင်ကိုရီးယားနိုင်ငံဟာ နေတိုး အဆင့်ရှိ လက်နက် ကိရိယာတွေကို စျေးသက်သက်သာသာနဲ့ စက်နဲ့ လှည့်ထုတ်သလို ထုတ်လာနိုင်ပြီ။ ပညာရှင်အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ ကာနီဂျီ အင်ဒေါင်းမန့် ဖော်အင်တာနေရှင်နယ် ပိစ် အဖွဲ့က မစ္စတာ ချောင်မင်လီက တကယ်တော့ တောင်ကိုးရီးယားနိုင်ငံဟာ မြောက်ဖက်က အိမ်နီးချင်းနိုင်ငံနဲ့ စစ်ဖြစ်နေတာလို့ ပြောမယ်ဆိုရင် ပြောလို့ရနေတဲ့ အခြေအနေပါလို့ ပြောပြတယ်။

စစ်ရေးနဲ့စက်မှု မတည်အရင်းအနှီးအသုံးစရိတ်
အလားအလာကောင်းပြီး အောင်မြင်မယ့် အခြေအနေ ရှိတဲ့ နောက်တစ်နိုင်ငံကတော့ တူရကီနိုင်ငံပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလအတွင်းမှာ အဲဒီနိုင်ငံက လက်နက် တင်ပို့မှုဟာ အတော်ကို သိသိ သာသာ လျင်လျင် မြန်မြန် တိုးတက်လာတယ်။ လက်နက် ရောင်းချရတဲ့ တန်ဖိုးအားဖြင့် ဆိုရင် ၂၀၂၄ခုနှစ်မှာ ဒေါ်လာ နှစ်ဘီလီယံ နီးပါးကနေ ခုနစ်ဘီလီယံ ကျော်အထိ တိုးတက် လာခဲ့တယ်။ အဲဒီတိုးတက်မှုက မဟာဗျူဟာ လုပ်ပိုင်ခွင့် အောင်မြင်ပြီး အရပ်သားတွေ ဦးစီးတဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်း အေဂျင်စီ (Defense Industry Agency) ရဲ့ တွန်းအားပေး မှုကြောင့်လည်း တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ကာကွယ်ရေး ဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်တဲ့ အာဒါ မက်ဗလူတိုဂလူးက ဆိုပါတယ်။ ဘေကာက ထုတ်တဲ့ ဒရုန်းတွေဆိုရင် တရုတ်နိုင်ငံက ထုတ်တဲ့ ဒရုန်းတွေနဲ့ ယှဉ်လိုက်ရင် အတော်ကြီးကို သာလွန်ကောင်းမွန်တာ တွေ့ရတယ်။ တူရကီ နိုင်ငံထုတ် TB2 fixed wing ပုံစံ ဒရုန်း အစင်းပေါင်း ၅ဝဝ ကျော်ကို နိုင်ငံပေါင်း ၃ဝ ကျော်ကို ရောင်းချခဲ့ပြီး ဖြစ်တယ်။ ဆော်ဒီ အာရေဗျနိုင်ငံက ဆိုရင် အစင်ကီ (Acinki) ခေါ် တဲ့ ပိုပြီး အဆင့်မီ ဒရုန်းတွေကို တူရကီနိုင်ငံနဲ့ ပူးပေါင်း ထုတ်လုပ်ဖို့ ဒေါ်လာ သုံး ဘီလီယံတန် သဘောတူချက် တစ်ခုကို လက်မှတ်ထိုးထားတယ်။ တူရကီနိုင်ငံက ဘေကာကုမ္ပဏီဟာ အီတလီနိုင်ငံက ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်တဲ့ လီယိုနာဒို ကုမ္ပဏီနဲ့ ဖက်စပ် ဆောင်ရွက်နေပြီး ရေဒါနဲ့ဖမ်းလို့ မမိနိုင်တဲ့ ကိုယ်ပျောက် ကီဇီလီးမာ တိုက်ခိုက်ရေး ဒရုန်းတွေကို ထုတ်ဖို့ မျက်စိကျနေတယ်။ ဒီဒရုန်းတွေဟာ ဗြိတိန်၊အီတလီနဲ့ ဂျပန်တို့က တည်ဆောက်ဖို့ စီမံကိန်းဆွဲထားတဲ့ ဆဋ္ဌမ မျိုးဆက် GCAP အနာဂတ် တိုက်ခိုက်ရေး လေယာဉ်တွေရဲ့ ဘေး ကနေ loyal wingman အဖြစ်နဲ့ ပျံသန်းဖို့ စီစဉ်ထားတယ်။

တူရကီ သမ္မတ ရီဆက်တေယစ် အာဒိုဂန်ဟာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသကနိုင်ငံတွေကို လက်နက် ရောင်းချ နိုင်ဖို့ ကိစ္စနဲ့ အတူပါလာတဲ့ သံတမန်ရေး အရ ဩဇာ လွှမ်းမိုးနိုင်တာကို လိုလားနှစ်သက်တယ်။ ဒါပေမဲ့ တူရကီ ကုမ္ပဏီတွေဟာ သူတို့ရဲ့ အသုံးစရိတ်တွေနဲ့ ဥရောပနိုင်ငံတွေကိုပဲ အားကိုးတကြီး မျှော်လင့်နေကြတယ်။ အရင်တုန်း ကတော့ ရောင်းချတဲ့နေရာမှာ အဟန့်အတားတစ်ခုက တူရကီနိုင်ငံရဲ့ မကောင်းလှတဲ့ လူ့အခွင့်အရေး ဆိုင်ရာ မှတ်တမ်းနဲ့ နေတိုးအဖွဲ့မှာ တစ်စိတ်တစ်ပိုင်း အဆက်အသွယ် ဖြတ်ထားတာတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကာဒီးယားဟက်စ်တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေး ပါရဂူ တစ်ဦး ဖြစ်တဲ့ ဆာဟက်ဂူဗင့်စ်က ပြောကြားရာမှာ လုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင်သစ် ဆိုတာဟာ ဥရောပတိုက်နိုင်ငံတွေရဲ့ လူ့အခွင့်အရေး ဆိုင်ရာ စိုးရိမ်မကင်း ဖြစ်တာတွေဟာ သူတို့ထပ်ပြီး မတတ်နိုင်တော့တဲ့ ဇိမ်ခံ ပစ္စည်းတစ်မျိုးလို ဖြစ်သွားပြီလို့ ဆိုပါတယ်။
တူရကီ နိုင်ငံထုတ် လက်နက်တွေဟာ သူ့နိုင်ငံထဲက ကာ့ဒ်လူမျိုးတွေနဲ့ ဖြစ်တဲ့ အရေးအခင်း တွေနဲ့ ဆီးရီးယားနဲ့ လစ်ဗျား နိုင်ငံတွေ ထဲကို တူရကီက ဝင်တိုက်ခဲ့တုန်းက တိုက်ပွဲတွေမှာ လက်တွေ့ စမ်းသပ် ခံပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ လက်နက်တွေ ဖြစ်တယ်။ ဒီလက်နက်တွေဟာ နေတိုးအဖွဲ့က သတ်မှတ် ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ အညီ တည်ဆောက် ထုတ်လုပ် ထားတာ ဖြစ်ပြီး ဝယ်သုံးတဲ့ နိုင်ငံတွေတတ်နိုင် လောက်တဲ့ ဈေးနှုန်းမျိုး သတ်မှတ်ထားတဲ့ လက်နက်တွေဖြစ်တယ်။ ရောင်းချတဲ့ မူဝါဒ ကြိုးမျိုး ချည်နှောင်ထား တာမရှိဘူး။ တူရကီ လက်နက်တွေရဲ့ အတိုင်းအတာ ကလည်း အတော် ကျယ်ပြန့်တယ်။ K2 အခြေခံ Altay တင့်ကားတွေ၊ လက်နက်ကြီးတွေ၊ ဒုံးကျည်တွေ၊ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေ၊ ရေဒါတွေနဲ့ စစ်သင်္ဘောတွေလို စစ်လက်နက် ပစ္စည်းတွေ မီဂျမ် (MILGEM) လို ဖရီးဂိတ် မိသားစုဝင် စစ်သင်္ဘောနဲ့ ဖျက်သင်္ဘောတွေ၊ Hurjet အပေါ့စား တိုက်ခိုက်ရေးနဲ့ လေ့ကျင့်ရေး လေယာဉ်တွေ၊ ATAK ရဟတ်ယာဉ်တွေ၊ လက်နက် တပ်ဆင်ပြီး ဒရုန်းတွေနဲ့ အီလက်ထရွန်နစ် စစ်ဆင်ရေးသုံး ပစ္စည်းမျိုးတွေအထိ အတော့်ကို စုံလင်ပါတယ်။
အခုနှစ် စောစောပိုင်းမှာ Hurjet လေယာဉ်အစီး ၃ဝ အထိ ထုတ်လုပ်ဖို့ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ ပူးတွဲ ထုတ်လုပ်ရေး စာချုပ်တစ်ရပ်ကို တူရကီနဲ့ စပိန်နိုင်ငံတို့ သဘောတူခဲ့ကြတယ်။ တူရကီ နိုင်ငံဟာ ခန့်မှန်းခြေ အရ ဒေါ်လာသန်း ၉၃ဝ တန်ဖိုးရှိ အရောင်းအဝယ် စာချုပ်တစ်ခုအရ Otokar Cobra-II သံချပ်ကာယာဉ် ၁၀၅၉ စင်းကို ရိုမေးနီးယား နိုင်ငံကို ရောင်းချခဲ့တယ်။ ၂ဝ၂၄ခုနှစ် ဒီဇင်ဘာလ တုန်းကလည်း ရေတပ်သင်္ဘောများ ပြန်လည် ဖြည့်တင်းရေးအတွက် ဒေါ်လာ ၁၃၄ သန်းတန် ကန်ထရိုက် စာချုပ်တစ်ရပ်ကို ပေါ်တူဂီနိုင်ငံနဲ့ လက်မှတ် ရေးထိုးခဲ့ကြတယ်။ မနှစ်တုန်းကလည်း ဒုံးကျည်တွေ ထုတ်လုပ် နေတဲ့ တူရကီနိုင်ငံကို The European Sky Shield Initiative မှာပါဝင်ဖို့ ဂျာမနီနိုင်ငံက ဖိတ်ကြားခဲ့တယ်။ ဒီအစီအစဉ်က လေကြောင်းရန် ကာကွယ်ရေးပစ္စည်း ရောင်းချတဲ့ နိုင်ငံတစ်တွေထဲမှား အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အစ္စရေးထံက ဒုံးကျည် ကာကွယ်ရေး စနစ်တွေကို ပူးပေါင်းဝယ်ယူဖို့ ဥရောပတိုက် နိုင်ငံတွေရဲ့ အစီအစဉ်ပဲ ဖြစ်တယ်။ တူရကီနိုင်ငံဟာ လက်နက် တင်ပို့ ရောင်းချတဲ့ နိုင်ငံတွေ စာရင်းမှာ နံပါတ် ၁၁ နေရာကနေ နံပါတ်ငါး နေရာကို ရောက်ဖို့ အလားအလာနဲ့ အခွင့်ကောင်းတွေ ရှိနေတယ်လို့ မစ္စတာ မက်ဗလူးတိုဂလူး ကပြော ကြားလိုက် တယ်။
တူရကီနိုင်ငံဟာ ပိုပြီး ခေတ်မီ အဆင့်မြင့်တဲ့ လက်နက်စနစ်တွေကို တည်ဆောက်ဖို့ကိုလည်း ပထမဦးဆုံး အကြိမ် ကြိုးပမ်းလျက် ရှိပါတယ်။ တောင်ကိုရီးယား နိုင်ငံလိုပဲ တူရကီနိုင်ငံမှာ TAI Kaan ခေါ်တဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ် ထုတ်လုပ်ရေး အစီအစဉ်ကြီး တစ်ခုရှိတယ်။ ဒီအစီအစဉ်ဟာ KF-21 လို ဒီဇိုင်း ပုံစံ ရေးဆွဲတာ ပြီးလုနီး အခြေအနေ မဟုတ်သေး ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် နည်းပညာ အရကတော့ အတော်ကို ရည်မှန်းချက် ကြီးတယ်။ ဒီလေယာဉ်တွေဟာ တူရကီ လေတပ်မှာ လက်ရှိအသုံးပြုနေတဲ့ F-16 တိုက်လေယာဉ်တွေကို အစားထိုးဖို့ဖြစ်သလို တန်ဖိုးသင့်ပြီး စရိတ်သက်သာတဲ့ F-35 တိုက်လေယာဉ် ကုန်မှာစာတွေကို ယှဉ်ပြိုင်လာပါလိမ့်မယ်။ အထူးသဖြင့် ကတော့ တူရကီနိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြတဲ့ အင်ဒိုနီးရှား၊ အဇာဘိုင်ဂျန်၊ ဆော်ဒီအာရေဗျနဲ့ ပါကစ္စတန်နိုင်ငံတွေ ဆီကနေ အလားအလာ ကောင်းတဲ့ အကျိုး စီးပွားတွေ ရနိုင်တယ်။

ဈေးကွက်ဝေစု ယှဉ်ပြိုင်ဖို့ အလားအလာ
ဝယ်ယူသုံးစွဲကြမယ့် ဖောက်သည်သစ်တွေကို ဆွဲဆောင်ရာမှာ သူတို့ရဲ့ အောင်မြင်မှုတွေ ရှိနေပေမယ့် အခက်အခဲ စိန်ခေါ်မှုတွေ ကလည်း ရှိပါသေးတယ်။ ယူကရိန်းကို ရုရှားနိုင်ငံက ကျူးကျော် တိုက်ခိုက်ပြီးတဲ့ နောက်မကြာခင်မှာ တောင်ကိုရီးယား သမ္မတက ကြွားလုံး ထုတ်ပြောကြားရာမှာ ၂ဝ၂၇ ခုနှစ်ကျရင် သူ့နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဈေးကွက် ဝေစုရဲ့ ၅ ရာခိုင်နှုန်းကို ရရှိပြီး စတုတ္ထ မြောက် လက်နက်အများဆုံး တင်ပို့ ရောင်းချတဲ့ နိုင်ငံ ဖြစ်လာလိမ့်မယ် လို့ဆိုပါတယ်။ အဲဒါကတော့ ပုံကြီးချဲ့တာနဲ့ တူပါတယ်။ ၂ဝ၂၂ခုနှစ် တုန်းက တောင်ကိုရီးယားရဲ့ လက်နက်ရောင်းချရမှုဟာ ဒေါ်လာ ၁၇ ဒသမ ၃ ဘီလီယံ နီးပါး ဝင်ငွေ ရရှိ ခဲ့တယ်။ ဒါပေမဲ့ ၂ဝ၂၄ခုနှစ် ရောက်တော့ ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံအထိ လျော့နည်း ကျဆင်း ခဲ့ရတယ်။ ယခုနှစ် မှာတော့ လက်နက် ပို့ကုန်တန်ဖိုး ဒေါ်လာ ၂၃ ဘီလီယံ ဝန်းကျင် ရမယ်လို့ မျှော်မှန်းထားတယ်။
ကမ္ဘာ့နိုင်ငံတွေက သူတို့ရဲ့ ပြည်တွင်းက ကာကွယ်ရေး ပစ္စည်း စက်ရုံ တွေအတွက် ငွေတွေကို ဆက်လက်ပြီး အလုံး အရင်းနဲ့ ပုံအော မြှုပ်နှံ နေကြတဲ့အလျောက် ယှဉ်ပြိုင်မှုတွေကလည်း ပိုပြီး ပြင်းထန်လာတယ်။ ကျွမ်းကျင်မှုရှိပြီးသား ကိုရီးယားနဲ့ တူရကီလူမျိုး အင်ဂျင်နီယာတွေဟာ လစာပိုကောင်းတဲ့ အနောက် အုပ်စုက ကုမ္ပဏီတွေ ဆီကို ပြောင်းရွှေ့ အလုပ်လုပ်ကြတဲ့ ဦးနှောက် ယိုစီးမှု စောစောပိုင်း လက္ခဏာ တွေကိုလည်း တွေ့နေရတယ်။ အောင်မြင်တဲ့ ကာကွယ်ရေး စက်ရုံတွေဟာ ယေဘုယျ အားဖြင့်ကတော့ R&D (Research and Development) လို့ခေါ်တဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး အတွက် ငွေကြေးကို ရက်ရက် ရောရော သုံးစွဲကြတဲ့ အကျိုးကျေးဇူးကို ခံစား ကြရတာပဲ ဖြစ်တယ်။
လက်နက်ဈေးကွက်က အခုအတော်ကိုပဲ လူစည်ကားလာတယ်။ အခုမှ ပေါ်တဲ့ ရွှေကြာပင် လက်နက်ရောင်း နိုင်ငံတွေက ငွေပြတ်တဲ့ အစိုးရတွေကတောင် ကာကွယ်ရေး လုပ်ငန်း စီမံကိန်းတွေကိုငွေကြေး ဖြည့်တင်းပေးဖို့ အင်တင်တင်ဖြစ်နေပြီး စက်မှုလုပ်ငန်း မူဝါဒတစ်ရပ် အဖြစ် ပို့ကုန်ဝင်ငွေ ရဖို့ကိုပဲ အဓိက ရည်ရွယ်ချက်ထား နေကြတယ်။ မစ္စတာ ချောင်မင်လီ က တွက်ချက် ပြရာမှာ တောင်ကိုရီးယားနိုင်ငံဟာ လက်နက် ဈေးကွက်မှာ ဆက်လက်ပြီး ယှဉ်ပြိုင်နိင်ဖို့ သူ့ရဲ့ ကာကွယ်ရေး အသုံးစရိတ်မှာ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း အတွက်ဝေစုကို ၁၇ နဲ့ ၁၈ ရာခိုင်နှုန်းကနေ ၂၀-၂၃ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေး ရမယ်လို့ ဆိုပါ တယ်။ ဒါ့ပြင် အဆင့်မြင့် နည်းပညာရပ်တွေ ရရှိဖို့ကတော့ အချိန်ယူပြီး စဉ်းစား နေရတုန်းပဲ လို့ ဆိုတယ်။ ပိုလန်နိုင်ငံက မှာကြား ဝယ်ယူထားတဲ့ ကိုရီးယားနိုင်ငံရဲ့ ဂျက်တိုက် လေယာဉ် ထုတ်လုပ်မှုဟာ အခုရပ်ဆိုင်းထားရတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်က တချို့ စက်ပစ္စည်း အစိတ်အပိုင်းတွေကို တင်ပို့ဖို့ ခွင့်ပြုချက် အခုအထိ မရသေးလို့ဘဲ ဖြစ်တယ်။ တူရကီ နိုင်ငံက လည်း အခုအချိန်အထိ အနောက် အုပ်စု နိုင်ငံတွေရဲ့ F-35 တိုက်လေယာဉ် ပူးတွဲ ထုတ်လုပ်ရေး လုပ်ငန်း စီမံကိန်းထဲမှာ မပါဝင် ရသေးဘူး။ ရုရှားကလည်း ဒီကစားကွက်ထဲကို ပြန်ဝင်လာနိုင်တယ်။ အခုချိန် ထိတိုင် တိုးမြင့်လာတဲ့ ကမ္ဘာ့လက်နက် ပြိုင်ပွဲမှာ ပြိုင်ဘက်အသစ်တွေအတွက် အခွင့်အရေးတွေ အမြောက်အမြား ရှိနေတုန်းပါပဲလို့ အီကော်နောမစ် စာစောင်က သုံးသပ်ထားပါတယ်။
ကိုးကား – The World hottest upstart weapon dealers, The Economist, September 2025

