အနှစ်သုံးဆယ်လောက်ကြာတဲ့ အလုပ်အင်တာဗျူး စာရှုသူ ကြားဖူးပါသလား။ တကယ့်အပြင်ဘက်က အနှစ် ၃၀ ကြာခဲ့တဲ့ လူရွေးပွဲ ကြီးက အခုတော့ ပြီးဆုံးသွားပါပြီ။ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့တဲ့ အငြင်းပွားမှုတစ်ခု ပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့ တယ်လီဗီးရှင်းနဲ့ သတင်းစာလုပ်ငန်း များစွာကို အင်ပါယာကြီးရဲ့ ပိုင်ရှင် ယခုအသက် ၉၄ နှစ်ရွယ် သူဋ္ဌေးကြီး ရူးပတ်မားဒေါ့ မရှိတော့တဲ့အခါ အမွေဆက်ခံသူ ဘယ်သူဖြစ်မလဲဆိုတာ စက်တင်ဘာလ ၈ ရက်နေ့က မားဒေါ့မိသားစုက ကြေညာ သွားခဲ့ပါတယ်။ ဒီလို အကြာကြီး ရှုပ်ထွေးပွေလီတဲ့ ကိစ္စကြီး ပြီးသွားတဲ့အခါ ထွက်ပေါ်လာတဲ့ အမွေဆက်ခံသူက မားဒေါ့ရဲ့ သားသမီးခြောက်ယောက်အထဲက တတိယအကြီးဆုံးဖြစ်သူ လက်ကလဲန် မားဒေါ့ပဲဖြစ်ပါတယ်။ လက်ကလဲန်ဟာ ဒေါ်လာ ၄၂ ဘီလီယံ တန်ဖိုးရှိတဲ့ ဖောက်စ် နဲ့ နယူးစ်ကော့စ် (News Corp) – ဒီအထဲမှာ ဖောက် သတင်း၊ သည် နယူးယော့ပို့စ် နဲ့ ဝေါစထရိ ဂျာနယ် စတဲ့ အမှတ်တံဆိပ်များကိုပါ ကိုင်တွယ် ထိန်းချုပ်ခွင့် ရရှိသွားမှာပါ။ မစ္စတာ မားဒေါ့ရဲ့ (၅၄) နှစ်မြောက် မွေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ကြောင့် သူဟာ ကမ္ဘာပေါ်က သြဇာရှိသူများထဲပါဝင်လာပြီး လာမယ့် နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့နေဖို့ ဖြစ်လာမှာပါ။
သူ့ရဲ့ မင်ရည်သုတ် ပလ္လင်ကို တက်ရောက်လာခဲ့တဲ့လမ်းက ဘဝရဲ့ တစ်ဝက်ချိုးလောက်ကို ကြာခဲ့ပါတယ်။ မစ္စတာ မားဒေါ့တစ်ယောက် ဆစ်ဒနီမှာရှိတဲ့ပုံနှိပ်လုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ခဲ့တာက စလို့ သူဟာ မိသားစုပိုင် အင်ပါယာထဲကို ဝင်ရောက်ပါတယ်။ ပရင့်စတန် တက္ကသိုလ်က ဘွဲ့ရခဲ့ပြီးနောက် သြစတြေးလျကို ပြန်သွားခဲ့ကာ မားဒေါ့ သတင်းစာ လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ နောက်တော့ နယူးယော့ခ်က ဖောက်စ် သတင်းဌာနဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီမှာ အကြီးအကဲ ဖြစ်သူ နဲ့ မကျေမလည်ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ သြစတြေးလျကို ပြန်ရောက်လာပြီး သူ့ကိုယ်ပိုင်လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။ သူ့ရဲ့ ညီငယ်ဖြစ်သူ ဂျိမ်းစ် တစ်ယောက် တစ်ယောက်က သက်သောင့်သက်သာ ဖြစ်တဲ့ နေရာမှာရောက်နေပြီ။
ဆယ်နှစ်လောက်အကြာမှာ မစ္စတာ မားဒေါ့တစ်ယောက် ဒီ အသိုက်အမြုံဟောင်းထဲကို တစ်ဖန်ပြန်ရောက်လာပြီး သူ့ကိုယ်သူ တစ်နေရာ ရအောင် ကြိုးစားပါတယ်။ ၂၀၁၆ ခုနှစ် ဒေါ်နယ်ထရမ့် သမ္မတ အဖြစ် အရွေးချယ်ခံဖို့ ကြိုးစားချိန် လက်ယာယိမ်းဇောင်းပေးတဲ့ ထရမ့်အလိုကြိုက် ဖောက်စ် သတင်းဌာနကို စိတ်ပျက်ပြီး ဂျိမ်းစ်တစ်ယောက် စွန့်ခွာထွက်သွားပါတယ်။၂၀၂၃ မှာတော့ ရူးပတ်မားဒေါ့ အနားယူလိုက်တဲ့အတွက် လက်ကလဲန်တစ်ယောက် ဖောက်စ် သတင်းဌာနရဲ့ အမှုဆောင် အရာရှိ နဲ့ နယူးစ် ကော့ပ် စီးပွားရေး လုပ်ငန်းကြီးရဲ့ ဥက္ကဋ္ဌဖြစ်လာပါတော့တယ်။ ဒါပေမယ့် ပြဿနာက ဒီမှာတင် မပြီးသေးပါဘူး။ မားဒေါ့ရဲ့ အငယ်ဆုံးသား ဂျိမ်းစ်နဲ့ အခြား သမီးအကြီးနှစ်ယောက် ဖြစ်တဲ့ ပရူးဒန့်စ် (Prudence) နဲ့ အဲလီဇဘက် (Elisabeth) တို့က သူတို့ပိုင်ဆိုင်ကြတဲ့ ရှယ်ယာတွေကို အသုံးချပြီး ဖခင် မားဒေါ့ သေသွားတဲ့အချိန်ကျရင် အစ်ကိုဖြစ်သူ လက်ကလဲန်ကို ဖြုတ်ပစ်နိုင်တဲ့ ကန့်ကွက်မဲတွေ ကိုယ်စီနဲ့ ခြိမ်းခြောက်ထားတဲ့ ရန်က ရှိနေသေးတယ်။ မကြာခင်က အားလုံးစုံညီ ညှိနှိုင်းကြပြီး ကန့်ကွက်မဲ သုံးပြားကို ကိုယ်စီ ကိုင်ထားကြတဲ့ ကျန်မောင်နှစ်မ သုံးဦးကို တစ်ဦးလျှင် ဒေါ်လာ တစ် ဘီလီယံစီနဲ့ လဲလှယ်ဖို့ သဘောတူခဲ့ကြပြီး ကျေအေးခဲ့ကြတယ်။ ဒီသဘောတူညီချက်ကြောင့် လက်ကလဲန်ဟာ ကုမ္ပဏီကြီး နှစ်ခုကို ၂၀၅၀ ခုနှစ်အထိ လုံးဝ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ခွင့် ရရှိသွားပါပြီ။

လန်ဒန်မှာ မွေးဖွားခဲ့ပေမယ့် နယူးယော့မှာ ကြီးပြင်းခဲ့တဲ့ မစ္စတာ မားဒေါ့ဟာ သူ့ကိုယ်သူတော့ သြစတြေးလျ လူမျိုး တစ်ဦးအဖြစ် ခံယူထားသူပါ။ ၂၀၂၁ ခုနှစ်မှာ ဆစ်ဒနီကို ပြောင်းရွှေ့လာပေမယ့် တစ်ခါတလေ အမေရိကန် စံတော်ချိန် အတိုင်း အလုပ်လုပ်တယ်လို့ သိကြတဲ့ မစ္စတာ မားဒေါ့မှာ မော်ဒယ်ဟောင်း ဖြစ်သူ ဆာရာမားဒေါ့နဲ့ အိမ်ထောင်ကျကာ သားသမီး သုံးယောက် ရှိပါတယ်။ မကြာသေးမီကတော့ လက်ကလဲန်ဟာ ကယ်လီဖိုးနီးယားမှာ စျေးအကြီးဆုံး အိမ်ဖြစ်တဲ့ ဆယ်ဧကရှိတဲ့ ချာ့တ်ဝဲလ် စံအိမ်ကို ဝယ်ယူခဲ့ပါတယ်။
သူ့ကြည့်ရတာ သူ့ဖခင် ရူးပတ်မားဒေါ့လို နိုင်ငံရေး အယူအဆ ရှိပုံရပါတယ်။ သူဟာ အစမှာတော့ ဒေါ်နယ်ထရမ့်နဲ့ ခပ်ခွာခွာနေခဲ့ပေမယ့် ထရမ့်ရဲ့ မာဂါ လှုပ်ရှားမှု အရှိန်ကောင်းလာချိန်မှာတော့ ထရမ့်ဘက်က အပြည့်အဝ ရပ်တည်လာခဲ့ပါတယ်။ သမ္မတ ထရမ့် ပြန်လည်အောင်ပွဲ ခံလာခြင်းနှင့်အတူ ဒီနှစ် မတ်လတုန်းက မားဒေါ့က ရင်းနှီးမြှုပ်နှံသူများကို “(ထရမ့်) သမ္မတအဖြစ် ပြန်အရွေးခံလာရတော့ ဖောက်စ် သတင်းဌာနကို ကြော်ငြာထည့်ဖို့ လုပ်ငန်းရှင်တွေ ပြန်စိတ်ဝင်စားလာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီသတင်းဌာနက အမေရိကန်ရဲ့ ဗဟိုချက်မနေရာကို ကိုယ်စားပြုလို့ ဒီလို ပြန်ပြီး စဥ်းစားလာကြတာပါ” လို့ ပြောခဲ့ပါတယ်။
လက်ကလဲန် မားဒေါ့ကို သိပ်ပြီး သဘောမတွေ့သူများကတော့ သူ့ဖခင် ရူးပတ်မားဒေါ့က အချိန်အခါကောင်းမှာ ဖောက်စ် ဖျော်ဖြေရေး လုပ်ငန်းခွဲကို ၂၀၁၉ ခုနှစ်မှာ ဒစ်စနီကို စျေးကောင်းကောင်းနဲ့ ရောင်းချခဲ့တာကြောင့်လို့ ထောက်ပြကြပါတယ်။ ဒါပေမဲ့လည်း သား မားဒေ့ါရဲ့ အစွမ်းအစများကလည်း လုပ်ငန်းကြီးတစ်ခုလုံးကို တန်ဖိုး တက်လာအောင် လုပ်နိုင်ခဲ့တယ်လို့ ပြောရင် မမှားပါဘူး။ ဖခင်ကြီး ရူးပတ်မားဒေါ့ မကျွမ်းကျင်တဲ့ နယ်ပယ်ဖြစ်တဲ့ ခေတ်ပေါ် ဒီဂျစ်တယ်ခေတ်မှာ သားဖြစ်သူ လက်ကလဲန်မားဒေါ့က အင်တာနက်ကနေ ကြည့်လို့ရအောင် streaming platform ဖြစ်တဲ့ Fox One ကို စတင်လုပ်ဆောင်နိုင်ခဲ့တယ်။
အခုတော့ ရန်လုပ်မယ့် ညီအစ်ကို မောင်နှမတွေကိုလည်း ကျေနပ်အောင် လုပ်ပေးလိုက်ပြီ ဆိုတော့ ဖောက်စ် နဲ့ သတင်းဌာနဟာ ကွန်ဆာဗေးတစ်လမ်းကြောင်းကို မှန်မှန်ကြီး လျှောက်လှမ်းကာ အကျိုးအမြတ်တွေ ရအောင် ဆက်လုပ်ဖို့သာ ရှိတာပေါ့။ အချို့ သုံးသပ်သူများကလည်း ကျန် ညီအစ်ကို မောင်နှမတစ်စုက တစ်ချိန်ချိန်မှာ ပြန်ပြီး သူပုန်ထကာ လုပ်ငန်းကြီး ပြိုကွဲသွားဖို့ မြင်တယ်လို့ တွက်ဆကြပါတယ်။ ဘာပဲပြောပြော ဖြစ်နိုင်ခြေကတော့ နည်းပါတယ်။ မားဒေါ့တို့ပိုင်တဲ့ သြစတြေးလျက REA မီဒီယာကုမ္ပဏီကို နာမည်အသစ်နဲ့ ပြန်ထွက်လာဖို့ ရှိတယ်လို့လည်း အချို့ ရင်းနှီးမြှုပ်နှံမယ့်သူ က တွက်ဆကြတယ်။
အဲလို မဟုတ်လို့ မိသားစုအတွင် ပြဿနာတွေ ပြန်ဖြစ်လာကြမယ်ဆိုရင် ပိုရှုပ်ထွေးပြီး ငွေကုန်ကြေးကျများမယ့် လမ်းတွေ ပိုပွင့်လာဖို့ရှိတယ်လို့ ပြောကြတယ်။ တစ်ခုက News Corp နဲ့ REA တို့ နှစ်ခု တစ်ခု ပေါင်းပစ်လိုက်ကြဖို့ ဖြစ်နိုင်တယ်။ ဒါမျိုး ၂၀၂၂ ခုနှစ်မှာ ရူးပတ်မားဒေါ့က ကြိုးစားခဲ့ဖူးပေမယ့် ရှယ်ယာဝင်တွေက ဝိုင်းကန့်ကွက်လို့ ပျက်သွားခဲ့ဖူးတယ်။ လက်ကလဲန်လက်ထက်မှာ မလုပ်နိုင်ဘူးဆိုတာ အတိအကျ မပြောနိုင်ဘူး။
နောက်တစ်ခုကတော့ ဖောက်စ် လုပ်ငန်းစုကို ပိုပြီး ကြီးမားအင်အားတောင့်တင်းလာအောင် လုပ်ဖို့။ ဟောလိဝုဒ်မှာ ခပ်သေးသေး ကုမ္ပဏီတွေ တစ်ခုနဲ့တစ်ခု ပေါင်းစည်းပြီး အင်အားတောင့်တင်းလာအောင် လုပ်တယ်ဆိုတာ ခေတ်စားလာကြပြီ။ ကုမ္ပဏီ သေးသေးလေးတွေက အမြတ်များများရအောင် ရပ်တည်ဖို့ ခက်ခဲလာကြပြီ။ Warner Bros Discovery က ဂျွန်မယ်လုန်းက “မနှစ်တုန်းက ကျွန်တော်နဲ့ ရူးပတ်မားဒေါ့တို့ ဖောက်စ်နဲ့ ဝါနာတို့ ပေါင်းလိုက်ကြရင် ကောင်းမလား တိုင်ပင်ခဲ့ကြဖူးတယ်” လို့ Financial Times ကို ပြောခဲ့ဘူးတယ်။ နောက် ဟောလိဝုဒ် လူငယ်ခြေတက် ဒေးဗစ် အယ်လီဆန်က သူလည်း မကြာခင်ကပင် ပါရာမောင့် ကုမ္ပဏီနဲ့ ပေါင်းလိုက်ကြပြီး မီဒီယာလောကကို အုပ်စိုးနိုင်ကြဖို့ လုပ်ခဲ့တယ်။
နောက်ဆုံးတော့ succession ရာထူးကို ဘယ်သူဖြစ်လာမလဲ ဆိုတာ အခုတော့ အားလုံးသိကြပြီ။ မားဒေါ့ အင်ပါယာ ကတော့ ဆက်ပြီး တန်ခိုးထွား ရှေ့မှာ လုပ်ချင်တာတွေ လုပ်ဖို့ အသင့်ဖြစ်နေပြီ။
ကိုးကား – Lachlan Murdoch, media’s newest mogul, The Economist, September 2025


