The Corner

The Corner

cropped-Logo_round_grey-background.png

ယူကရိန်းမှာ စစ်ပွဲကြီးပြီးဆုံးသွားခဲ့ရင်

Share မယ်

မကြာသေးမီက ကီယဗ် မြို့မှာကျင်းပခဲ့တဲ့ ကွန်ဖရင့်တစ်ခုမှာ ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံရဲ့ အထူး သံတမန် ကိသ် ကယ်လော့က “ကျွန်တော်တို့ဟာ နိဂုံးအဆုံးကို ရောက်ရှိဖို့အတွက် ထူးထူးခြားခြားကို နီးကပ်နေပြီ”လို့ ပြောဆိုခဲ့တယ်။ ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ဒွန်းဘတ်စ် ဒေသကို လုံးဝ စိုးမိုးနိုင်ရေး အတွက် စစ်ဆင်နွှဲနေပါပြီ။ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးဟာ စစ်ရေးနည်းလမ်းတွေနဲ့သာ ရရှိနိုင်မယ့် အကန့်အသတ်တွေ ဆီကို ချဥ်းကပ်လျက် ရှိနေကြပါတယ်။

သို့ပေမဲ့ နိုင်ငံ အသီးသီးမှ ပြည်သူတွေအကြား စစ်ပွဲကို ဆက်တိုက်လိုတဲ့ စိတ်ဆန္ဒကကိုတော့ အနည်းအကျဥ်းသာ ပြသလျက်ရှိတယ်။ စစ်ပြေး အရေအတွက်လည်း မြင့်မားနေတယ်။ Russia Field အဖွဲ့ရဲ့ လူထုဆန္ဒသဘောထား စစ်တမ်း ကောက်ယူရာမှာ ရုရှားနိုင်ငံသားတွေရဲ့ ၅၈ ရာခိုင်နှုန်းက ကြိုတင်သတ်မှတ်ချက်တွေ မထားဘဲ အပစ်အခတ် ရပ်စဲရေးကို လက်ခံလိုကြောင်း ပြသခဲ့တယ်။ သို့ပေမဲ့ ဗလာဒီမာ ပူတင်ကတော့ ထိုသဘောထားကို သိပ်အလေးမထား ပါဘူး။

ယူကရိန်းနိုင်ငံမှာရှိတဲ့ စစ်တမ်းကောက်ယူမှုအဖွဲ့ဖြစ်တဲ့ Ukraine Rating Group က စစ်တမ်းကောက်ယူရာမှာ ယူကရိန်းနိုင်ငံသား ၅၉ ရာခိုင်နှုန်းက “အကယ်၍ အပစ်အခတ်ရပ်စဲရေးသာ ဖြစ်မယ်ဆိုရင် တရားဝင်မဟုတ်စေကာမူ လက်တွေ့အနေအထားအရ ဆုံးရှုံးခဲ့ရတဲ့ နယ်မြေဆုံးရှုံးမှု အပေါ်မှာပင် အပေးအယူလုပ်ခြင်းကို လက်ခံမယ်” လို့ ဆန္ဒ သဘောထား ဖော်ပြခဲ့ကြပါတယ်။ နိုင်ငံသား အနည်းငယ်ကတော့ “တရားဝင် ငြိမ်းချမ်းရေး ရရှိလိမ့်မယ်” လို့ ယုံကြည်နေပါတယ်။ သို့ပေမဲ့ နိုင်ငံသား အများစုကတော့ အပစ်အခတ် ရပ်စဲရေးဟာ ခြောက်လမှ ခြောက်နှစ် အထိ ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။

လူတွေ ပို၍ ပို၍ သိချင်နေကြတဲ့ စိတ်ဝင်စားစရာ မေးခွန်းကတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဘယ်တော့ရပ်မှာလဲ ဆိုတာ မဟုတ်ပါဘူး။ နောက်ထပ်ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာပါပဲ။ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုနဲ့ ပတ်သက်ပြီး ယူကရိန်း နိုင်ငံသားတွေရဲ့ အမြင်ဟာ နယ်မြေအပေါ်မှာ အခြေပြုတာ နည်းပါးလာပြီး နောက်ထပ် တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်မယ့် စွမ်းရည်နဲ့ ယူကရိန်းနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေး တည်ငြိမ်ရေးတို့ အပေါ်မှာ ပိုမို အခြေပြုလာပါတယ်။

ယူကရိန်းနိုင်ငံ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တပ်မှူးဟောင်း တစ်ယောက်ဖြစ်ပြီး အခု လန်ဒန်မှာ ယူကရိန်း သံအမတ် အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗာလယ်ရီ ဇာလူးဇနီကတော့ “အရေးကြီးတဲ့အချက်က အပစ်အခတ်ရပ်စဲရေး မျဥ်းဟာ ဘယ်နေရာမှာ ရှိမယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီမျဥ်းကြောင်းရဲ့ နောက်ကွယ်မှာ ဘာရှိမယ်ဆိုတာနဲ့ ပြည်သူတွေရဲ့ ခေါင်းတွေထဲမှာ ဘာတွေရှိတယ် ဆိုတာပါပဲ”လို့ ပြောခဲ့တယ်။

Photo: Depositphotos

ပထမဆုံးအကြိမ် ယူကရိန်းနိုင်ငံကို မစ္စတာပူတင် တိုက်ခိုက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက သူရဲ့ ရည်မှန်းချက်ကတော့ သွေးချင်းနီးတဲ့ စလပ်ဗစ်မျိုးနွယ်နိုင်ငံတစ်နိုင်ငံ က ခွဲထွက်သွားပြီး အနောက်နိုင်ငံအုပ်စုနဲ့ပေါင်းမှာကို တားဆီးဖို့ပဲ ဖြစ်ပါတယ်။ အနောက်အုပ်စုအတွက်ကတော့ ယူကရိန်းနိုင်ငံကို ၄င်းရဲ့ အသိုက်အဝန်းထဲသို့ ဆွဲသွင်းခြင်းဟာ ၄င်းရဲ့ ကြီးမြတ်မှု အတွက် စမ်းသပ်ခြင်းပဲ ဖြစ်ပါတယ်။

ခရိုင်းမီးယားနယ်ကို ရုရှားနိုင်ငံက သိမ်းပိုက်ခဲ့ပြီးနောက် ရက်သတ္တတစ်ပတ်အကြာမှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း  ဟင်နရီ ကစ်ဆင်းဂျားက ယူကရိန်းနိုင်ငံအနေနဲ့ အရှေ့အုပ်စုနဲ့ ပူးပေါင်းသည်ဖြစ်စေ၊ အနောက်အုပ်စုနဲ့ ပူးပေါင်းသည်ဖြစ်စေ ယူကရိန်း ပြဿနာဟာ မကြာခဏဆိုသလို နောက်ဆုံးဗိုလ်လုပွဲ အဖြစ် တင်စားခြင်းခံရတယ်လို့ ရေးသားခဲ့တယ်။ ဒါ့အပြင် ဟင်နရီကစ်ဆင်းဂျားက ယူကရိန်းအဖို့ ဆက်လက်ရှင်သန်ဖို့နဲ့ ကြီးပွားတိုးတက်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ အရှေ့အုပ်စုနဲ့ အနောက်အုပ်စုအကြားမှာ ပေါင်းကူးတံတားအဖြစ် ရပ်တည်နေဖို့ လိုတယ်လို့ ရေးခဲ့တယ်။ အဲဒီအချိန်က ဖင်လန်နိုင်ငံဟာ နေတိုးအဖွဲ့ဝင် မဖြစ်သေးပါဘူး။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတော့ မစ္စတာပူတင်ဟာ ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားထာဝစဥ် ထွက်ခွာသွားမယ့် ရွေးချယ်မှုကို ဖယ်ရှားပစ်ဖို့ ရည်ရွယ်ချက်နဲ့ ထိုတံတားကို ဖောက်ခွဲပစ်ခဲ့တယ်။

မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ယူကရိန်းနိုင်ငံဝင်ရောက်ရေးကို အပြင်းအထန်ဆန့်ကျင်ခဲ့တဲ့ ကစ်ဆင်းဂျားဟာ ၂၀၂၃ ခုနှစ် မေလအတွင်းမှာတော့ သည် အီကောနောမစ် မဂ္ဂဇင်းနဲ့ တွေ့ဆုံရာမှာတော့ “ဥရောပမှာ လက်နက် တပ်ဆင်မှု အကောင်းဆုံး နိုင်ငံဖြစ်တဲ့ ယူကရိန်းနိုင်ငံကို ထိန်းချုပ်ခြင်း မပြုဘဲ သူ့အတိုင်း လွှတ်ထားမယ် ဆိုရင် အန္တရာယ် သိပ်ကြီးတဲ့ အတွက် အနောက်အုပ်စုအနေနဲ့ ယူကရိန်းကို မဟာမိတ်အဖွဲ့ထဲ သွင်းဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိဘူး” လို့ ပြောဆိုခဲ့တယ်။

ဒါ့အပြင် မစ္စတာ ကစ်ဆင်းဂျားက “ယူကရိန်းစစ်ပွဲဟာ နှစ်ဖက်စလုံးအတွက် ကျေနပ်မှုမရှိတဲ့ ရလဒ်မျိုးနဲ့ အဆုံးသတ်မှာ ဖြစ်တယ်” လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒီတော့ ဥရောပရဲ့ လုံခြုံမှုအတွက် ယူကရိန်းအနေနဲ့ နယ်နိမိတ်ဆိုင်ရာ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားရေး ဆုံးဖြတ်ချက်တွေ ချမှတ်ခြင်း မပြုနိုင်တဲ့ နေတိုး (NATO) အဖွဲ့ထဲမှာ ယင်းနိုင်ငံကို ထားတာ ပိုကောင်းပါတယ် လို့ ပြောခဲ့တယ်။ မစ္စတာ ကစ်ဆင်းဂျားဟာ ဥရောပနဲ့ နီးကပ်စွာ နှောင်ဖွဲ့ထားတဲ့ လွတ်လပ်သော ယူကရိန်းနိုင်ငံကို မျှော်မှန်းခဲ့ပါတယ်။

သို့ပေမဲ့ နောင်နှစ်နှစ်ကြာလာချိန်မှာတော့ ယူကရိန်း နိုင်ငံအနေနဲ့ အနောက်အုပ်စုနဲ့ လုံခြုံရေးနဲ့ စီးပွားရေး အဆောက်အအုံတွေ အတွင်းမှာ အခြေချဖို့ ကိစ္စဟာ ပိုမိုပြီးတော့ မသေချာ မရေရာ ဖြစ်လာပုံ ရပါတယ်။ နေတိုး အဖွဲ့ဝင်ဖြစ်ရေးဟာ ဖယ်ရှားခံနေရတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းနိုင်ငံအတွက် တာဝန်ယူမှုကို ဥရောပသို့ ပခုံးပြောင်းပေးခဲ့ပါတယ်။

ဟူးဗား အင်စတီကျူးရှင်းမှ သမိုင်းပညာရှင် နီအော ဖာဂူဆင်က “ပြည်သူတွေဟာ ထိုကိစ္စကို လက်ခံနိုင်ဖို့အတွက် ရုန်းကန်နေကြရဆဲပဲ ဖြစ်တယ်။ သို့ပေမဲ့ ထရမ့်ကတော့ ဇာတ်ညွှန်းထဲမှာ အမေရိကန် ပြည်ထောင်စုကို ထည့်သွင်း မထားပါဘူး။ ဒါဟာ ဥရောပရဲ့ စစ်ပွဲဆိုတဲ့ သဘောပါပဲ” လို့ ပြောဆိုပါတယ်။

ဥရောပနိုင်ငံ အားလုံးရဲ့ စီးပွားရေး ပမာဏဟာ ရုရှနိုင်ငံရဲ့ စီးပွားရေး ပမာဏထက် ဆယ်ဆပိုကြီးပါတယ်။ သို့ပေမဲ့ ပိုလန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရာဒက်ဘီကော်စကီးကတော့ “ခင်ဗျားတို့အနေနဲ့ စစ်ပွဲတွေကို စုစုပေါင်း ပြည်တွင်း ထုတ်ကုန် ပမာဏ တန်ဖိုး (GDP) နဲ့ အနိုင်ယူလို့ မရပါဘူး။ ဂျီဒီပီကို စစ်ဘက်ဆိုင်ရာ ဝတ္ထုပစ္စည်း တွေ အဖြစ်သို့ ပြောင်းလဲနိုင်မှသာ အနိုင်ရမှာပါ။ ကျွန်တော်တို့ဟာ အခုအခါမှာ အဲဒီဖြစ်စဥ်ရဲ့ စတင်စမှာပဲ ရှိနေပါတယ်” လို့ ပြောခဲ့တယ်။

နေတိုးအဖွဲ့ရဲ့ အဓိက အဖွဲ့ဝင်နိုင်ငံတွေရှိ နိုင်ငံရေးနဲ့ ပြည်သူလူထုရဲ့ အမြင်တွေဟာ စိတ်အားထက်သန်မှုမှသည် ပင်ပန်းနွမ်းနယ်တဲ့ အဖြစ်ကို ရောက်ရှိသွားတဲ့အတွက် ဥရောပသမဂ္ဂထဲကို ယူကရိန်းနိုင်ငံ မြန်မြန်ဆန်ဆန် ဝင်ရောက်ရေးဟာ ပိုမိုပြီး သံသယဖြစ်စရာ ရှိလာပါတယ်။ စစ်ပွဲစတင်စမှာ ပိုလန်နိုင်ငံရှိ ပြည်သူတွေရဲ့ ၇၅ ရာခိုင်နှုန်းက ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ထဲ ဝင်ခွင့်ရရှိရေးကို ထောက်ခံခဲ့ကြတယ်။ ယခုအခါမှာတော့ ပိုလန်ပြည်သူ ၅၃ ရာခိုင်နှုန်းက ယူကရိန်းနိုင်ငံနေတိုးအဖွဲ့ဝင်ဖြစ်ရေးကို ဆန့်ကျင်ကြတယ်။ ၃၄ ရာခိုင်နှုန်းကသာ ထောက်ခံ ကြပါတော့တယ်။

ယူကရိန်းနိုင်ငံအတွင်းမှာလည်း သဘောထားပြောင်းလဲမှုတွေ ရှိလာပါတယ်။ လေးနှစ်ကြာပြီဖြစ်တဲ့ စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံဟာ ယုံကြည်မှု ပိုမိုရှိလာပြီး ၄င်းရဲ့ ဖြစ်တည်မှုဟာ ပိုမို ခိုင်မာလာခဲ့တယ်။ ယူကရိန်းနိုင်ငံဟာ အနောက်ဘက်ကို တိမ်းညွှတ်ပေမယ့် ဘက်မလိုက်တဲ့ အလယ်အလတ်အင်အားရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်ဆိုတဲ့ အတွေးအမြင်ဟာလည်း ပိုမိုမြင့်တက်လာခဲ့တယ်။

ယူကရိန်းနိုင်ငံရှိ စစ်တမ်းကောက်ယူမှု အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Ukraine Rating Group ရဲ့ ပြောဆိုချက်အရ “ယူကရိန်း နိုင်ငံသား အများစု (၅၂ ရာခိုင်နှုန်း)က ယူကရိန်းနိုင်ငံတပ်ဖွဲ့တွေကို ဘဏ္ဍာငွေ ထောက်ပံ့မှုတွေ၊ လက်နက် တပ်ဆင်မှုတွေ ပြုလုပ်ဖို့ လိုလားကြပြီး နိုင်ငံသားတွေရဲ့ ၃၅ ရာခိုင်နှုန်းက မိမိတို့ နိုင်ငံရဲ့ နယ်နိမိတ် အတွင်းမှာ နိုင်ငံခြားတပ်ဖွဲ့တွေ ချထားရေးကို လိုလားကြတယ်လို့ သိရပါတယ်။

အွန်လိုင်းသတင်းစာတစ်စောင်ဖြစ်တဲ့ ZN.ua ရဲ့ အယ်ဒီတာ ယူလီယာ မော့စ်တိုဗာယာကတော့ မဟာမိတ် ပြောင်းလဲသွားခြင်းနဲ့ အတူပဲ ကျွန်တော်တို့ နိုင်ငံဟာ ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ ရှေ့တန်းစစ်မျက်မှာမှ ဖြစ်တော့မှာ မဟုတ်ပါဘူး။ ရုရှားဆန့်ကျင်ရေး ပရောဂျက် တစ်ခုမဟုတ်ဘဲ ယူကရိန်းပရောဂျက် အဖြစ်နဲ့ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေကိုသာ စောင့်ကြပ် ကြည့်ရှုသွားမှာဖြစ်တယ်” လို့ ပြောဆိုခဲ့တယ်။

 Lviv အခြေစိုက် သမိုင်းပညာရှင် ယာရိုစလပ်ဖ် ဟရစ်ဆက်ခ်က လည်း “ယူကရိန်းနိုင်ငံဟာ ကာလရှည်ကြာ ကတည်းက ဖွဲ့စည်းမှု ဒီဇိုင်းပုံစံအများကြီးနဲ့ ပုံဖော်ထားခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်ခဲ့တယ်။ ၄င်းရဲ့ လွတ်လပ်ခွင့်တွေဟာ လွတ်လပ်တဲ့ တရားရုံးတွေ သို့မဟုတ် ပါလီမန်လွှတ်တော်အတွင်းမှာ အခြေမခံခဲ့ဘူး။ အာဏာရှိ အုပ်စုတွေရဲ့ လက်တွေ့ အကျိုးစီးပွားရယူ မူဝါဒ ဒေသတွေရဲ့ ကွဲပြားမှု၊ နိုင်ငံ ဗဟိုချက်ရဲ့ အားနည်းမှုတွေအပေါ်မှာ အခြေခံပါတယ်။ ထိုအရာတွေအားလုံးထဲမှာ အကျပ်အတည်းကာလကို ဆိုက်ရောက်လာတဲ့အခါမှာတော့ ပြည်သူတွေရဲ့ စွမ်းရည်ဟာ စုစည်းညီညွတ်လာပါတယ်။ စစ်ပွဲကာလတွေ အတွင်းမှာ ယူကရိန်းရဲ့ သန်မာထွားကျိုင်းတဲ့ ဒီမိုကရေစီဟာ နိုင်ငံကို ကောင်းစွာ အလုပ်အကျွေးပြုခဲ့တယ်။ သို့ပေမဲ့ ငြိမ်းချမ်းတဲ့ ကာလတွေမှာတော့ နိုင်ငံကို ခံနိုင်စွမ်းမရှိတော့အောင်ကို စွန့်ခွာသွားခဲ့တယ်” လို့ ရှင်းပြခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ အရဲစွန့်ရမှုတွေက များစွာရှိနေပါတယ်။ နိုင်ငံရဲ့ အထိရောက်ဆုံးသော ယူနစ် အဖွဲ့အစည်းတွေ ကတော့ သူတို့ရဲ့ ကိုယ်ပိုင် ဘဏ္ဍာငွေ၊ ကိုယ်ပိုင် မီဒီယာတွေရှိပြီး နိုင်ငံရေး အရင်းအမြစ်တွေနဲ့ သစ္စာခံသူတွေလည်း ရှိတဲ့ တစ်ဝက်တစ်ပျက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စစ်တပ်တွေပါပဲ။ စစ်ပွဲကာလတွေမှာတော့ ယင်းအဖွဲ့တွေဟာ ရန်သူကို ပူးပေါင်းတိုက်ခိုက်ကြပါတယ်။

သို့ပေမဲ့တိုက်ပွဲတွေ ရပ်စဲသွားပြီး ကောင်းစွာ လုပ်ငန်းဆောင်ရွက်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဥ် ကင်းမဲ့နေတဲ့ အချိန်မျိုး မှာတော့ ထိုစစ်တပ်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနောက်ကိုပဲ လိုက်ခဲ့ကြတယ်။ ယခုလောလောဆယ် မှာကိုပဲ အနောက်အုပ်စု မဟာမိတ်တွေဟာ စိတ်ပျက်ကာ နောင်တရမှုတွေ ရှိနေပါတယ်။ ဘာသာစကားနဲ့ ကိုယ်ပိုင်လက္ခဏာ မတူညီမှုတွေက အမျိုးသားရေး ဝါဒကို ပိုမိုတောက်လောင်စေပါတယ်။

စစ်ဆင်နွှဲရာမှာ ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်၊ အကျင့်ပျက် ခြစားမှုတွေနဲ့ မညီမျှမှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းစရာ ပြဿနာတွေ များစွာရှိနေပါတယ်။ မစ္စတာ ဟရစ်ဆက်ခ်ကတော့ “ရှေ့မှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ခက်ခဲတဲ့ အလုပ်တွေ ရှိနေတယ်” လို့ ပြောဆိုပါတယ်။

ကိုးကား – What happen when Ukraine stops fighting, The Economist September 2025

Click to rate this post!
[Total: 0 Average: 0]