သမ္မတ ဒေါ်နယ် ထရမ့် အိမ်ဖြူတော်ကို ပြန်ရောက်ပြီး ပထမဆုံး အကြိမ် တက်တဲ့ ၂၀၂၅ ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA) မှာ အခြေအနေတွေက လုံးဝကို ပြောင်းလဲသွားပါပြီ။ သူ ဒီနှစ် UNGA ကို ရောက်တာနဲ့ ညီလာခံရဲ့ အငွေ့အသက်ကြီးက အရင်လို မဟုတ်တော့ဘူး။
ဒီ ၂၀၂၅ UNGA ကို ထရမ့် ပြန်ရောက်လာတာက အခြေအနေကို တော်တော်ထူးခြားသွားစေတယ်။ ကမ္ဘာကြီး ပြောင်းလဲ လာတာနဲ့အမျှ UN လို အဖွဲ့အစည်းကြီးရဲ့ အခန်းကဏ္ဍက ဘာလဲဆိုတာကို ခေါင်းဆောင်တွေနဲ့ သံတမန် တွေက စိုးရိမ်တကြီး စောင့်ကြည့်နေကြတာပါ။ ဒီအဖွဲ့ကြီးရဲ့ အရေးပါမှုက ကျသွားမလားဆိုတဲ့ သံသယ တွေကလည်း ရှိနေခဲ့ပါတယ်။

ထရမ့်ကတော့ UN ကို ‘အလုပ်မဖြစ်၊ ပိုက်ဆံဖြုန်းတဲ့ အဖွဲ့အစည်း’ လို့ အပြင်းအထန် ဝေဖန်ခဲ့တယ်။ အများဆုံး ရက်ရက်ရောရော ထောက်ပံ့နေတဲ့ အမေရိကန်ရဲ့ ရန်ပုံငွေကိုပါ ဖြတ်ပစ်မယ်လို့ စနောက်သလိုလို စကားတွေ ပြောလိုက်တော့ အခြေအနေက ပိုဆိုးသွားတာပေါ့။ မိန့်ခွန်းတွေ၊ သီးခြား အစည်းအဝေးတွေနဲ့ သိုက်သိုက် ၀န်း၀န်းရှိပေမယ့် အားလုံးရဲ့ အဓိက ခံစားချက်ကတော့ ဘာလုပ်ရမှန်းမသိတဲ့ မရေရာမှုနဲ့ မျှော်လင့်ချက် မရှိတော့တာဘဲ။ UN ကတော့ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းနိုင်ကြောင်း၊ သူ့ရဲ့ တန်ဖိုး ရှိသေးကြောင်း ပြဖို့ ကြိုးစားခဲ့ပေမယ့် ထရမ့်ရဲ့ စကားတွေကြောင့် တော်တော်လေး အခက်တွေ့ခဲ့ရတယ်။
“ကျွန်တော် စစ်ပွဲ ခုနစ်ပွဲကို ရပ်ဆိုင်း နိုင်ခဲ့တယ်။ အဲဒီ နိုင်ငံတိုင်းရဲ့ ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းခဲ့ရတယ်။ ဒါပေမဲ့ သဘောတူညီချက်ရအောင် ကူညီဖို့အတွက် ကုလသမဂ္ဂဆီက ဖုန်းတစ်ချက်တောင် မဆက်ခဲ့ဘူး”…
သူက ကုလသမဂ္ဂရဲ့ ရည်ရွယ်ချက်ကိုတော့ သဘောကျတယ် လို့ ပြောတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သူတို့ လုပ်နိုင်တဲ့ အလားအလာ ရဲ့ တစ်ဝက်တောင် မရောက်သေးဘူး၊ မမီသေးဘူးလို့ ဝေဖန်သွားတယ်။ ဒီကြားထဲမှာ အဓိက အစည်းအဝေးတွေ အပြင် သီးခြားဆွေးနွေးပွဲ အသေးလေးတွေ မှာတော့ သဘောတူညီချက်လေးတွေ ရခဲ့ကြတယ်။
ဒီ UNGA ကနေ ပေါ်လွင်ထင်ရှားတဲ့ အချက် (၆) ချက်ကို မှတ်သားထားသင့်တယ်။ ဘာတွေက အောင်မြင်ပြီး ဘာတွေက လိုအပ်ချက် ရှိခဲ့လဲဆိုတာ ကြည့်လိုက်ကြရအောင်။
အဓိက မှတ်သားစရာ (၆) ချက်
၁။ ကမ္ဘာ့ခေါင်းဆောင်တွေက ထရမ့်ကို ပြန်တွန်းလှန်ရဲလာပြီ
အရင်ပွဲတွေလို ကမ္ဘာ့ ခေါင်းဆောင်တွေက ထရမ့် ကို ခေါင်းငုံ့မခံတော့ဘူး။ အဖိုးတန် လက်ဆောင်တွေပေးတာ၊ ချိုသာတဲ့ စကားလုံးတွေနဲ့ ချီးကျူးတာမျိုး မလုပ်ခဲ့ကြဘဲ အစွန်းမရောက်တဲ့ ရပ်တည်မှုကို ပြသခဲ့ကြတယ်။ ထရမ့်ကို ချော့မော့ကပ်ဖားတာ ကုလသမဂ္ဂ ခေါင်းဆောင်တွေက လုံးဝမလုပ်။ မျက်နှာချိုသွေးခြင်း၊ လက်ဆောင်ပေးခြင်း၊ “အဖေ” ခေါ်ခြင်း၊ ချီးမွမ်း မိန့်ခွန်းရှည်ကြီး ပြောခြင်းလုံးဝ မရှိခဲ့ဘူး။
UNGA မစခင်မှာပဲ ပြင်သစ်၊ ကနေဒါ၊ ယူကေလို အမေရိကန်ရဲ့ အဓိက မဟာမိတ်ကြီးတွေက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုလိုက်ကြတယ်။ ဒါကို ထရမ့် က “အစ္စရေးကို ဟားမာ့စ်အဖွဲ့ တိုက်ခိုက်ခဲ့တာကို ဆုချသလို ဖြစ်လိမ့်မယ်” လို့ သတိပေးခဲ့ပေမယ့် ဒီနိုင်ငံတွေက လုပ်ခဲ့ကြတယ်။ ထရမ့် ကလည်း ပခုံးတွန့်ပြရုံပဲ ရှိခဲ့တယ်။
ဗင်နီဇွဲလား နိုင်ငံအနီး ပင်လယ်ပြင်မှာ မူးယစ်ဆေး မှောင်ခိုသွင်းလာတာ တားဆီးဖို့ သင်္ဘောတွေကို ချေမှုန်း လိုက်တာလို အမေရိကန်ရဲ့ ပရမ်းပတာ လုပ်ရပ်တွေကို လက်တင်အမေရိက ခေါင်းဆောင်တွေက မိန့်ခွန်းတွေနဲ့ ဝေဖန်ခဲ့ကြတယ်။ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဗင်နီဇွဲလား ကမ်းရိုးတန်းနားမှာ မူးယစ်ဆေးတွေ သယ်ဆောင် လာတယ်လို့ သံသယရှိရတဲ့ သင်္ဘော တွေကို အမေရိကန် စစ်တပ်က ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။
ဒီလိုလုပ်လိုက်တာက နိုင်ငံတကာ ဥပဒေအရ မှန်ကန်သလားဆိုတဲ့ မေးခွန်းတွေ ထွက်လာတယ်။ တစ်ဖက်မှာလည်း ဒီဒေသမှာ စစ်ရေးတင်းမာမှုတွေ ပိုပြီး တိုးလာမလားဆိုတဲ့ စိုးရိမ်စိတ်တွေပါ မြင့်တက်လာစေတယ်။
ထရမ့်ကို ကြိုက်တဲ့ ဘရာဇီး သမ္မတဟောင်း ဘိုလ်ဆိုနာရို ရဲ့ တရားစီရင်ရေးကိစ္စတွေမှာ ဝင်စွက်ဖက်တာ၊ ပါလက်စတိုင်းတွေကို ဂါဇာကနေ ထွက်ခွာခိုင်းတာနဲ့ ပတ်သက်ပြီး ခေါင်းဆောင်အချို့ကလည်း ထရမ့် ကို ဝေဖန်ခဲ့ကြတယ်။ သူက ဘရာဇီးသမ္မတဟောင်းကို တရားစွဲတာ မလုပ်နိုင်အောင် ရည်ရွယ်ပြီး ဘရာဇီးကို အခွန်အကောက် တွေ၊ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ခဲ့တယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် သူဟာ ဘရာဇီးနိုင်ငံရဲ့ ပြည်တွင်း တရားရေးကိစ္စ ထဲကို ဝင်ရောက် စွက်ဖက် တာဖြစ်တယ်လို့ သတ်မှတ်ခံရတယ်။
ဘော်လ်ဆိုနာရိုကို တရားစွဲဆိုနေတာနဲ့ ပတ်သက်လို့ ကမ္ဘာ့အဖွဲ့အစည်း တော်တော်များများက ဘရာဇီးကို ဝေဖန်နေကြတယ်။ ထရမ့် နဲ့ သူ့မိတ်ဆွေ ရီပတ်ဘလစ်ကန်အချို့ကတော့ ဒီတရားစွဲတာဟာ နိုင်ငံရေးအရ မတရား လုပ်ကြံတာလို့ စွပ်စွဲကြတယ်။ အဲဒီလိုပြောရုံသာမက ထရမ့်တို့ဘက်က ဘရာဇီးအပေါ် အခွန်အတုတ်တွေနဲ့ ပိတ်ဆို့ အရေးယူတာမျိုးတွေပါ လုပ်ခဲ့ကြတယ်။
UN အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် ကတော့ ယဉ်ကျေးပြီး ခိုင်မာတဲ့ သဘောထားကို ပြသခဲ့တယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်တွေအတွက် အမေရိကန်ကို ကျေးဇူးတင်စကား ပြောခဲ့ပြီး “တရားမျှတသော ငြိမ်းချမ်းရေး” အတွက် ထရမ့် နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တယ်။
ထရမ့်က အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလေးအတွက် ဒေါ်လာ ဘီလီယံ ၂၀ အထောက်အပံ့ပေးဖို့ ကတိ ပေးလိုက်တယ်။ ဒီကိစ္စကြောင့် ဝါရှင်တန်မှာ နိုင်ငံရေးအငြင်းပွားမှုတွေ တော်တော်ကို ဆူညံသွားတာပေါ့။ UNGA မှာ ထရမ့်နဲ့ မီလေးတို့ တွေ့ဆုံတုန်းက အာဂျင်တီးနားရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ အမေရိကန်က ဘယ်လို ကူညီနိုင်မလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ် ကလည်း ဝါရှင်တန် (အမေရိကန်) နဲ့ ဆက်ဆံရေးတွေ ပြန်အဆင်ပြေအောင် အကြီးအကျယ် ကြိုးစားခဲ့တယ်။ ဝန်ကြီးချုပ် ရှရစ်ဖ် နဲ့ စစ်ဦးစီးချုပ် ဖီးလ်မာရှယ် အာဆင် မူနီယာ တို့ကို သမ္မတ ထရမ့်က စက်တင်ဘာ ၂၅ ရက်နေ့မှာ အိမ်ဖြူတော် မှာ ခေါ်တွေ့ခဲ့တယ်။ အရင်တုန်းက တွေ့ဆုံမှုတွေ၊ စစ်တပ်ချင်း အပေးအယူတွေ လုပ်ပြီးမှ ဒီလို အိမ်ဖြူတော်အထိ ခေါ်တွေ့တာက နှစ်နိုင်ငံ ဆက်ဆံရေးအတွက် တော်တော်လေး အရေးပါတဲ့ သင်္ကေတ တစ်ရပ်ပဲ။
၂။ နည်းပညာ ချွတ်ယွင်းချက်တွေက အဓိက မိန့်ခွန်းတွေကို အရိပ် လွှမ်းမိုးခဲ့တယ်
ပုံမှန်အားဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ဆိုတာ ကြီးမားတဲ့ သဘောတူညီချက်တွေနဲ့ မိန့်ခွန်းတွေ ကြောင့် သတင်းဖြစ်ရမှာပါ။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ ထရမ့်အလာမှာ စက်လှေကား ရပ်သွားတာ၊ မိန့်ခွန်း အကူ ဖန်သားပြင် (Teleprompter) ပျက်တာလို ရိုးရှင်းတဲ့ ပြဿနာတွေကပဲ အဓိက သတင်း ခေါင်းစီး ဖြစ်လာခဲ့ပါတယ်။
ထရမ့်က ကုလသမဂ္ဂညီလာခံ (UNGA) ကို သွားတုန်းက သူကြုံခဲ့ရတဲ့ ကိစ္စတွေကို “သုံးဆင့် နှောင့်ယှက်တာ” (Triple Sabotage) လို့ နာမည်တပ်ပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်တယ်။ ဆိုရှယ် မီဒီယာမှာ သူရေးထားတာကတော့… သူရယ်၊ သမ္မတကတော် မီလာနီယာ ထရမ့် ရယ် စက်လှေကားပေါ် ခြေချလိုက်တာနဲ့ စက်လှေကားက ရုတ်တရက် ရပ်သွားတာ။

သူမိန့်ခွန်းပြောမယ် လုပ်နေတုန်း Teleprompter က အလုပ်မလုပ်ဘဲ ဖြစ်သွားတာ။ ညီလာခံ ခန်းမထဲမှာ အသံစနစ်က ပြဿနာတက်သွားတာ စတဲ့ အဖြစ်အပျက်တွေပါပဲ။ UN က အရာရှိ တစ်ဦးကတော့ အဲဒီ အသံစနစ်က နားကြပ်တွေ ကနေ ဘာသာပြန် စကားတွေကို နားထောင်ဖို့ စီစဉ်ထားတာလို့ ပြောခဲ့တယ်။
UN ရဲ့ ပြောဆိုချက်အရ စက်လှေကား ကိစ္စက ထရမ့်အဖွဲ့ထဲက ဗီဒီယို ရိုက်ဖို့ ခေါ်လာတဲ့သူက စက်လှေကားပေါ်ကို နောက်ပြန်တက်ပြီး ရိုက်နေလို့ လုံခြုံရေးစနစ် ခလုပ်ကို မတော်တဆ တိုက်မိသွားလို့ ရပ်သွားတာ ဖြစ်နိုင်တယ်။ Teleprompter ကလည်း အမေရိကန် အဖွဲ့ယူလာတာ ဖြစ်တယ်လို့ ပြောတယ်။
တစ်နည်းပြောရရင် ထရမ့်ကတော့ သူ့ကို တမင်သက်သက် နှောင့်ယှက်တာလို့ ခံစားရပြီး မြည်တွန် တောက်တီး နေတာပါ။ UN ဘက်ကကျတော့ ‘မတော်တဆ’ ဖြစ်တာတွေနဲ့ ‘ခင်ဗျားတို့ ပစ္စည်း၊ ခင်ဗျားတို့ လွဲတာ’ တွေပါလို့ ငြင်းဆိုထားတယ်။
ဒီဖြစ်ရပ်တွေကြောင့် UNGA ၂၀၂၅ ရဲ့ အလေးနက်ဆုံး ဆွေးနွေးပွဲတွေ အစား “Escalatorgate” လို စွပ်စွဲချက်တွေကပဲ လူမှုကွန်ရက်တွေနဲ့ သတင်းမီဒီယာတွေမှာ ပျံ့နှံ့ပြီး လျှို့ဝှက်ကြံစည်မှု သီအိုရီ (Conspiracy Theory) တွေ ထွက်ပေါ် လာခဲ့ပါတယ်။
ဒီလို ကမောက်ကမ ဖြစ်ရပ်တွေက UN ရဲ့ ပုံရိပ်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ရမယ့်ရက်သတ္တပတ်မှာ နည်းပညာချွတ်ယွင်းချက် သေးသေးလေးတွေက ကမ္ဘာလုံးဆိုင်ရာ ကိစ္စတွေကို ကျော်လွှားပြီး ဟာသဖြစ်စရာ အတင်းပြောစရာလို ဇာတ်လမ်း ဖြစ်သွားခဲ့တာပဲ။
၃။ ယူကရိန်းအတွက် ထရမ့်ရဲ့ သဘောထားအသစ်နဲ့ ဥရောပရဲ့ စိုးရိမ်စိတ်
ကုလသမဂ္ဂ အစည်းအဝေး မတိုင်ခင်မှာ ရုရှားက ဒရုန်းတွေ ယူကရိန်းရဲ့ အရှေ့ဥရောပ အိမ်နီးချင်းနိုင်ငံ တွေရဲ့ လေပိုင်နက်ထဲအထိ ဝင်ရောက်ပျံသန်း ခဲ့တယ်။ ဒီလုပ်ရပ်ကြောင့် ယူကရိန်းစစ်ပွဲဟာ ပတ်ဝန်းကျင်နိုင်ငံတွေဆီကို လျင်လျင်မြန်မြန် ကူးစက်သွားနိုင်တယ် ဆိုတဲ့ စိုးရိမ်စိတ်တွေ တိုးလာခဲ့တယ်။
အဲဒီ ဒရုန်းပျံသန်းမှုတွေအပေါ် ထရမ့်ရဲ့ ပထမဆုံး တုံ့ပြန်မှုက အားနည်းပြီး မပြတ်သားခဲ့ဘူး။ ဒါပေမဲ့ နောက်ပိုင်း မှာတော့ “နေတိုးအဖွဲ့က ရုရှားဒရုန်းမှန်သမျှကို ပစ်ချသင့်တယ်” လို့ ထရမ့်က ပြောလာတယ်။ ဒါ့အပြင် သူက ယူကရိန်းဟာ စစ်ပွဲကို အနိုင်ရပြီး သူ့ပိုင်နက်အားလုံးကို ပြန်ရနိုင်တယ် လို့ ဆိုရှယ်မီဒီယာမှာ ရေးတင်ခဲ့တယ်။
ဒီလိုပြောလိုက်တာဟာ ထူးခြားတဲ့ အပြောင်းအလဲ တစ်ခုလို ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ လပေါင်း များစွာ တုန်းက “ငြိမ်းချမ်းရေးရဖို့ ယူကရိန်းကို နယ်မြေအချို့ စွန့်လွှတ်လိုက်ဖို့” တွန်းအားပေးခဲ့တဲ့ ထရမ့်ဟာ အခုတော့ ယူကရိန်းဘက်ကို ပိုပြီး ထောက်ခံလာတဲ့ပုံ ပေါ်လို့ပဲ။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့ အရင်သဘောထားကို ကြီးကြီးမားမား ပြောင်းလဲလိုက်ပြီလို့ ပြောလာတယ်။ ယူကရိန်းက သူတို့ နိုင်ငံတစ်ခုလုံးကို “မူလပုံစံအတိုင်း ပြန်ရနိုင်တယ်” လို့ ပြောနေပြန်ပြီ။
ရုရှားကို “စက္ကူကျား (paper tiger)” လို့တောင် ခေါ်ဝေါ်ပြီး နေတိုးနဲ့ ဥရောပသမဂ္ဂက ကူညီရင် ယူကရိန်း စစ်နိုင် မယ်လို့ ဆိုခဲ့ပါတယ်။ ဒီလိုပြောင်းလဲတဲ့ သဘောထားကြောင့် ဥရောပမဟာမိတ်တွေ အားတက်သွားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရုရှားရဲ့ ဒရုန်းတွေဟာ ပိုလန်၊ ရိုမေးနီးယား၊ ဂျာမနီ စတဲ့ နေတိုးနိုင်ငံတွေထဲကို ဝင်ရောက်လာတာကြောင့် ဥရောပတစ်ဝန်းမှာ စစ်ပွဲအပေါ် စိုးရိမ်စိတ် ပိုများလာခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲကြောင့် လုံခြုံရေးတင်းမာနေတဲ့ အချိန်မှာ ဥရောပနိုင်ငံ အနည်းဆုံး ၁၀ နိုင်ငံလောက်မှာ မသိမမြင်ရတဲ့ ဒရုန်းတွေ ပျံသန်းနေတယ်ဆိုတဲ့ သတင်းတွေက မကြာသေးခင် လတွေအတွင်း အကြီးအကျယ် ထွက်ပေါ်လာတယ်။ တချို့က လျှို့ဝှက်ဆန်းကြယ်ပြီး တချို့ကတော့ ရုရှားဘက်က ဒရုန်းတွေလို့ ယူဆရတယ်။
လစ်သူယေးနီးယား မှာဆိုရင် ပေါက်ကွဲပစ္စည်း တပ်ဆင်ထားတဲ့ ရုရှားဒရုန်းတစ်စင်းကို တွေ့ခဲ့ရတယ်။ ပိုလန် ကတော့ ရုရှား ဒရုန်း ၁၉ စင်းကို ပစ်ချခဲ့ပြီး ဝါဆော မြို့က သမ္မတအိမ်တော်အပေါ်က တစ်စင်းကို ဖျက်ဆီးပစ်ခဲ့တယ်။ ရိုမေးနီးယား နဲ့ လက်ဗီးယား တို့ကလည်း ရုရှားနဲ့ ဘီလာရုစ် လေပိုင်နက်ကနေ ကျူးကျော်ဝင်ရောက်မှုတွေ ရှိခဲ့တယ် လို့ ပြောတယ်။ ဒိန်းမတ်က လေဆိပ်တွေနဲ့ စစ်စခန်းတွေအနီးမှာ ဒရုန်းတွေတွေ့လို့ စီးပွားဖြစ် ဒရုန်းပျံသန်းတာကို ပိတ်ပင်လိုက်တယ်။ နော်ဝေ ကလည်း အော်စလို လေပိုင်နက်ကို ပိတ်ပစ်ခဲ့တယ်။
ပြင်သစ်မှာတော့ ယူကရိန်းစစ်သားတွေကို လေ့ကျင့်ပေးနေတဲ့ စစ်စခန်းတစ်ခုအပေါ်မှာ အမည်မသိ ဒရုန်းတွေ တွေ့ခဲ့တယ်။ ဂျာမနီ မှာဆို လေဆိပ်တွေအနီးမှာ ဒရုန်း ပျံသန်းမှုပေါင်း ၁၄၄ ကြိမ်ကို မှတ်တမ်းတင်ထားရတယ်။
ဒီကိစ္စတွေကြောင့် နေတိုး (NATO) က ကာကွယ်ရေးတွေကို ပိုပြီး အားဖြည့်နေသလို ဥရောပသမဂ္ဂ ကလည်း နယ်စပ်တစ်လျှောက် “ဒရုန်း တံတိုင်း” (Drone Wall) စီမံကိန်းလို့ ခေါ်တဲ့ အစီအစဉ်တစ်ခုကို စတင်လိုက်ပြီ။ ဒါဟာ ဥရောပလုံခြုံရေးအတွက် တကယ့်ကို စိုးရိမ်စရာ အခြေအနေတစ်ခုပါပဲ။
ဥရောပ သမဂ္ဂ သံတမန်တွေက ထရမ့် ရဲ့ ယူကရိန်းလိုလားတဲ့ သဘောထားပြောင်းလဲမှုကို ကြိုဆိုပေမယ့် အမေရိကန် ကလည်း ဝန်ထုပ်ဝန်ပိုးကို မျှဝေထမ်းရမယ် လို့ တောင်းဆိုခဲ့ကြပါတယ်။ ဥရောပ သမဂ္ဂ အဖွဲ့ဝင်တွေဟာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ (Sanctions) ချမှတ်ဖို့အတွက် သဘောမတူနိုင်သေးဘူးလို့လည်း သိရပါတယ်။
ဥရောပနိုင်ငံတွေဟာ “စိတ်တူကိုယ်တူ ပူးပေါင်းအဖွဲ့” တစ်ခု ဖွဲ့ပြီး ယူကရိန်းကို စစ်ရေးနဲ့ ဥပဒေရေးရာ အကူအညီတွေ ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ထရမ့် ရဲ့ ခုတစ်မျိုး တော်ကြာတစ်မျိုး မတည်ငြိမ်တဲ့ စကားတွေကြောင့် ဥရောပမှာ သံသယတွေ ရှိနေတုန်းပါ။ ထရမ့် ရဲ့ “လူသားတွေ သေကျေနေကြတာကို အဆုံးသတ်ပေးမယ်” ဆိုတဲ့ ကတိကို ဥရောပ သမဂ္ဂ နိုင်ငံတချို့က မယုံကြည်တဲ့အတွက် ဥရောပကပဲ ဝန်အပြည့်အဝ ထမ်းရမှာကို စိုးရိမ် နေကြပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ် ကလည်း ဆွေးနွေးဖို့ လိုချင်ပေမယ့် ခိုင်မာတဲ့ တောင်းဆိုချက်တွေကိုပဲ ဆက်ကိုင်စွဲထားခဲ့တယ်။ G-20 အစည်းအဝေးမှာ လာဗရော့ဗ်က ဥရောပ သမဂ္ဂ နဲ့ နေတိုး တို့ဟာ ယူကရိန်းကို ကူညီခြင်းဖြင့် ရုရှားနဲ့ စစ်ပွဲဖြစ်နေပြီလို့ စွပ်စွဲခဲ့တယ်။
ဒါဟာ ယူကရိန်းအတွက် တစ်စိတ်တစ်ပိုင်း စည်းရုံးမှုလို ခံစားရတယ်။ ထရမ့် ရဲ့ စကားတွေက မျှော်လင့်ချက် ပေးခဲ့ပေမယ့် သူ့လုပ်ရပ်တွေက အဓိက ကုန်ကျစရိတ်ကို ဥရောပက ခံရလိမ့်မယ်လို့ ညွှန်ပြနေတယ်။ ကြီးမားတဲ့ ကတိကဝတ်အသစ်တွေ မထွက်ပေါ်ခဲ့တာကြောင့် မဟာမိတ်တွေက စိုးရိမ်နေကြတုန်းပဲ။
၄။ ပြည်ဝင်ခွင့် ဗီဇာကို နိုင်ငံရေးလက်နက်အဖြစ် သုံးနေတယ်
UNGA ၂၀၂၅ မှာ ဘယ်သူတွေ မလာနိုင်ခဲ့လည်း ဆိုတာက ဘယ်သူတွေ ရောက်လာခဲ့လဲထက် ပိုအရေးကြီးသွားတယ်။ ထရမ့်အစိုးရက မူဝါဒအပေါ် တင်းကျပ်မှုကြောင့် တချို့နိုင်ငံတွေက အရာရှိတွေကို ဗီဇာ ပိတ်ပင်ခဲ့တာဟာ အငြင်းပွား စရာ ဖြစ်သွားတယ်။
အထူးသဖြင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဝင်အားလုံးကို ဗီဇာ မပေးခဲ့လို့ သမ္မတ မာမုဒ် အဘတ်စ်က UNGA ကို မတက်နိုင်ဘဲ ဗီဒီယိုကနေ တစ်ဆင့် မိန့်ခွန်းပြောခဲ့ရတယ်။ ဒါဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုမှုကို ရပ်တန့်ဖို့ ရည်ရွယ်ထားတယ်လို့ သုံးသပ်ကြတယ်။
အီရန်၊ ဘရာဇီး၊ ဇင်ဘာဘွေ၊ ဆူဒန် တို့က အရာရှိအချို့လည်း ဗီဇာပိတ်ပင်ခံခဲ့ရပြီး UNGA အစည်းအဝေးတက်ခွင့် မရခဲ့ကြဘူး။ အမေရိကန်အစိုးရက ကိုလံဘီယာသမ္မတ ဂူးစတပ် ပေထရို ကိုပါ ဗီဇာ ပြန်ရုပ်သိမ်းခဲ့တယ်။ ဒါဟာ သူ့ရဲ့ ပါလက်စတိုင်းထောက်ခံတဲ့ ပြောကြားချက်တွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုကြတယ်။
ဒီလိုလုပ်ရပ်တွေက ထရမ့် အစိုးရဟာ ဗီဇာကို နိုင်ငံရေးလက်နက်အဖြစ် သုံးနေတယ်ဆိုတဲ့ သဘောထားကို ပိုမို အတည်ပြုစေပြီး UNGA ရဲ့ ပွင့်လင်းမှုကို ထိခိုက်စေတယ်။ အမေရိကန်ရဲ့ အာဏာကို ပြသဖို့အတွက် ညီလာခံကို တင်းမာစေခဲ့တယ်လို့ သုံးသပ်သူတွေက ဆိုကြတယ်။
၅။ ကုလသမဂ္ဂက ကိစ္စအနည်းငယ်မှာ တိုးတက်မှုရှိခဲ့ပါတယ်
UNGA ၂၀၂၅ မှာ အရာအားလုံး ရပ်တန့် သွားတာ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ တွန်းအားကြောင့် UNဟာ အချို့ အရေးကြီးတဲ့ အရာတွေကို တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ ဟေတီမှာတော့ ဂိုဏ်းအကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ ကင်ညာရဲတပ်ဖွဲ့ ဦးဆောင်တဲ့ နိုင်ငံတကာမစ်ရှင်အသစ် Gang Suppression Force (GSF) ကို UN လုံခြုံရေး ကောင်စီက အတည်ပြုပေးခဲ့တယ်။ ဒီမစ်ရှင်မှာ ရဲနဲ့ စစ်တပ် တပ်ဖွဲ့ဝင် ၅၅၅၀ ဦးနဲ့ အရပ်ဝန်ထမ်း ၅၀ ဦး ပါဝင်မှာ ဖြစ်ပြီး ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေ ဖမ်းဆီးခြင်း၊ အရေးကြီးဒေသတွေ ပြန်လည်ထိန်းချုပ်ခြင်း၊ ဟေတီရဲတပ်ဖွဲ့ကို ထောက်ပံ့ခြင်း စတဲ့တာဝန်တွေ ထမ်းဆောင်မှာဖြစ်တယ်။
ဂါဇာကိစ္စနဲ့ပတ်သက်ပြီးတော့ ထရမ့်ဟာ UNGA အစည်းအဝေးအတွင်း အာရပ်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံခေါင်းဆောင် တွေနဲ့ တွေ့ဆုံခဲ့ပြီး ဂါဇာကို ပြန်လည်တည်ဆောက်ဖို့၊ အပစ်အခတ်ရပ်စဲဖို့၊ အကြမ်းဖက်မှုရပ်တန့်ဖို့ စီမံကိန်းတစ်ခုကို တင်ပြခဲ့တယ်။ တူရကီ၊ ကာတာ၊ အီဂျစ်၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျနဲ့ အာရပ် စော်ဘွားများ နိုင်ငံတို့က ထိုစီမံကိန်းကို ကြိုဆိုကြောင်း ကြေညာခဲ့ကြတယ်။
ဒါပေမဲ့ ပိုကြီးတဲ့ ကိစ္စတွေမှာတော့ မအောင်မြင်ခဲ့ပါဘူး။ ဥပမာအားဖြင့် UN မှာ ပါလက်စတိုင်းကို အသိအမှတ်ပြုဖို့ ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့ဘူး။ အီရန် ပိတ်ဆို့မှုနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေကလည်း ရပ်တန့်သွားခဲ့တယ်။ UN လုံခြုံရေး ကောင်စီမှာ အမေရိကန်ရဲ့ ဗီတိုအာဏာနဲ့ အမြင်ကွဲလွဲမှုတွေကြောင့် အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေကို တားမြစ်နေတယ်လို့ သုံးသပ်သူတွေက ဆိုကြတယ်။
၆။ UN ကို ပြုပြင်ဖို့ လိုအပ်တယ်
ကမ္ဘာ့အရေးအခင်းတွေမှာ ကုလသမဂ္ဂက အားမကိုးရဘူး ဆိုတဲ့ ဝေဖန်သံတွေက ထရမ့် မပြောခင်ကတည်းက ထွက်ပေါ်နေတာ ကြာနေပါပြီ။ ဒီနှစ် အစည်းအဝေးမှာ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ (ဥပမာ- ကုလသမဂ္ဂ အကြီးအကဲ ဂူတာရတ်စ် ရဲ့ အဆိုပြုချက်တွေ) ကို အဓိကထား ဆွေးနွေးတာမျိုး လုံးဝနီးပါး မရှိခဲ့ဘူး။ အမေရိကန်က အိမ်ရှင်ဖြစ်ပြီး အလှူငွေ အများဆုံး ထည့်ဝင်သူဖြစ်လို့ သူ့သြဇာအရှိန်အဝါကို ဘယ်လိုပဲဖြစ်ဖြစ် သုံးမှာပဲ ဆိုတဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေမှုတွေလည်း ရှိတယ်။
ကျူးဘား နိုင်ငံခြားရေးဝန်ကြီးက “အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မဟာအင်အားကြီးနိုင်ငံ (အမေရိကန်) ရဲ့ လုပ်ရပ်တွေ အတွက် ကုလသမဂ္ဂကို ဘယ်လို အပြစ်တင်နိုင်မှာလဲ” လို့ တဲ့တိုး မေးခွန်းထုတ်ခဲ့တယ်။ UN ကို ပြုပြင်ဖို့ လိုအပ်တယ် ဆိုတာ သိကြပေမယ့် အင်အားကြီးနိုင်ငံတွေက အမိန့်ပေးနေတဲ့အခါ တကယ့်ပြောင်းလဲမှု မဖြစ်နိုင်ဘူး ဆိုတဲ့ လက်လျှော့လိုက်တဲ့ ခံစားချက်က UNGA ၂၀၂၅ မှာ ထင်ရှားနေခဲ့တယ်။
UN ကို အားနည်းတယ်၊ ဗျူရိုကရေစီဆန်တယ်လို့ ဝေဖန်ခံရတာ ကြာပြီ။ ဒါပေမယ့် ဒီနှစ်မှာတော့ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ဘယ်သူမှ အလေးအနက် ဆွေးနွေးတာ မရှိခဲ့ပါဘူး။
အတွင်းရေးမှူးချုပ် ဂူတာရက်စ် က တင်းမာမှုတွေ၊ မရေရာမှုတွေနဲ့ ငွေကြေးအခက်အခဲတွေ တိုးလာတာကို သတိပေး ခဲ့တယ်။ UN ငြိမ်းချမ်းရေး လုပ်ငန်းအတွက် တစ်ဒေါ်လာ သုံးတဲ့အခါ ကမ္ဘာက လက်နက်အတွက် ဒေါ်လာ ၇၅၀ သုံးစွဲ နေတယ်လို့ ပြောခဲ့ပြီး ဒါဟာ “ကာကွယ်လို့ မရနိုင်ဘူး” လို့ ဆိုခဲ့တယ်။
ဒါကြောင့်မို့လို့ ထရမ့် ဦးဆောင်တဲ့ ဒီ UNGA ဟာ အက်ကြောင်းတွေကို ဖော်ထုတ်ပြသခဲ့တယ်။ အမေရိကန် မူဝါဒ တွေကို ပြန်တွန်းလှန်တာ၊ ဟာသဖြစ်စရာ တွေ၊ ယူကရိန်းအတွက် တုန်လှုပ်ချောက်ချားဖွယ် အထောက်အပံ့၊ ဗီဇာ ပြဿနာတွေ၊ အနည်းငယ်တိုးတက်မှုနဲ့ ပြုပြင်ပြောင်းလဲရေး စကားဝိုင်း လုံးဝမရှိတာတွေပဲ။
UN က သူ့နေရာကို ကာကွယ်ခဲ့ပေမယ့် ထရမ့် ကမ္ဘာထဲမှာ အသက်ရှင်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာတွေ ချန်ထား ခဲ့တယ်။ မရေရာမှုတွေက အုပ်စိုးနေပြီး ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှုတွေ မရှိရင် အနာဂတ်က မှုန်ဝါးနေတယ် လို့ပဲ ဆိုရမှာပေါ့။
ဒီညီလာခံကနေ သင်ခန်းစာယူပြီး ကိုယ့်နိုင်ငံရဲ့ နိုင်ငံတကာ ဆက်ဆံရေး မဟာဗျူဟာကို ပြန်လည်သုံးသပ်သင့်တယ်။
SOURCE: 6 takeaways from a Trumpian UN General Assembly, The Politico


