The Corner

The Corner

cropped-Logo_round_grey-background.png

ဆင်သွားတိုင်း လမ်းမဖြစ်ပါ

Share မယ်

“ဒုတိယ ကမ္ဘာစစ်အပြီး ကုလသမဂ္ဂကို ဗဟိုပြုပြီး တည်ဆောက်ထားတဲ့ နိုင်ငံတကာ ဆက်ဆံရေး စနစ်က ပြိုကျ သွားပြီ။ အစားထိုးမယ့် ဆက်ဆံရေး စနစ်သစ်ကလည်း မရှိသေးဘူး။ ကမ္ဘာ့ကြီးရဲ့ ဒီကနေ့ အခြေအနေက ဘာနဲ့ တူသလဲ ဆိုတော့ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်ကြား၊ ဒုတိယ ကမ္ဘာစစ်ကို ဦးတည်နေတဲ့ ကာလနဲ့ တူနေတယ်”

ဒီစကားတွေ ကျွန်တော့်ကို ပြောခဲ့တဲ့ ပုဂ္ဂိုလ်က ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး (ငြိမ်း) ဦးအောင်သန့်ပါ။ ကိုဗစ်ကာလ မတိုင်ခင် အတော် စောစောကတည်းက ပြောခဲ့တာပါ။ ကျွန်တော်က သံအမတ်ကြီးအိမ်ကို နာရီနဲ့ချီ သွားလည်ပြီး သူတိုက်တဲ့ ကော်ဖီကိုသောက်၊ သူ့အတွေးသူ့အမြင်တွေကို နားထောင်လေ့ရှိပါတယ်။ အခုတော့ သံအမတ်ကြီး ဦးအောင်သန့်က ကွယ်လွန်သွားရှာပါပြီ။

Photo: Presidentti.fi

ဒီနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဖင်လန်သမ္မတ အဲလက်ဇန္ဒား စတုပ် (Alexandar Stubb) ပြောခဲ့တဲ့ မိန့်ခွန်းမှာ သံအမတ်ကြီး ပြောခဲ့တဲ့ အခြေခံ သဘောတရားကို ထင်ဟပ်နေတာကို တွေ့ရပါတယ်။ ကွက်တိတူတာမျိုးတော့ မဟုတ်ဘူးပေါ့။ ဖင်လန်သမ္မတ အဲလက်ဇန္ဒား စတုပ်က “ဒီနေ့ ကမ္ဘာကြီးမှာ စည်းမျဥ်းစည်းကမ်းအပေါ် အခြေခံတဲ့ နိုင်ငံတကာ ဆက်ဆံရေးစနစ်ကို လိုလားတဲ့ အင်အားစုတွေနဲ့ ကိုယ်ကျိုးစီးပွားကို ဦးတည်ပြီး အကျိုးရှိရင် ရှိသလို ပေါင်းဖွဲ့ဆောင်ရွက်လိုတဲ့ အင်အားစုတွေကြား ပြိုင်ဆိုင် တင်းမာမှုက တိုးပွားလာနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဟုတ်ပါတယ်။ ဒါက ကမ္ဘာကြီးမှာ နေ့စဥ်လို မြင်တွေ့နေရတဲ့ ကိစ္စပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာဆိုတာ ကုလသမဂ္ဂ ပဋိညာဥ်ရဲ့ အခြေခံ အုတ်မြစ် ဖြစ်ပေမယ့် ယူကရိန်းနိုင်ငံအပေါ် ရုရှားနိုင်ငံက ဝင်ရောက်ကျူးကျော် တိုက်ခိုက်တာကို မသိကျိုးကျွန်လုပ်၊ ရုရှားနိုင်ငံနဲ့ အဆက်အဆံ မပျက်တဲ့ နိုင်ငံတွေ ရှိနေပါတယ်။ အလားတူပါပဲ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်ကျွန်းကိုပဲ သိမ်းတော့ မလိုလို၊ ကနေဒါနိုင်ငံကို အမေရိကန် နိုင်ငံရဲ့ ၅၁ ခုမြောက် ပြည်နယ် လုပ်တော့မလိုလို အာဖဂန်နစ္စတန်နိုင်ငံမှာ သူတို့စွန့်ပစ်ခဲ့တဲ့ စစ်အခြေစိုက်စခန်းကို ပြန်မပေးခဲ့ရင် ဝင်တိုက်တော့မလိုလို ပြောနေတာပါ။ ရုရှားရော အမေရိကန်နိုင်ငံပါ နှစ်နိုင်ငံစလုံးဟာ ကုသမဂ္ဂ ပဋိညာဥ်ကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်အရှိဆုံး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံကြီးတွေပါ။ ကုလသမဂ္ဂပေါ် အခြေခံတဲ့ နိုင်ငံတကာ ဆက်ဆံရေး စနစ်အပေါ် ကမ္ဘာ့ပြည်သူတွေ မယုံကြည် အားမကိုးကြတာ အံ့သြစရာ မဟုတ်တော့ပါဘူး။

ဒါပေမဲ့ ဒီစကားတွေကို ဖင်လန်သမ္မတ အဲလက်ဇန္ဒား စတုပ်က ဒီစကားတွေကို မျှော်လင့်ချက်ပျောက်တဲ့ အဆိုးမြင်နဲ့ ပြောခဲ့တာ မဟုတ်ပါဘူး။ ကုလသမဂ္ဂအပေါ် အခြေခံတဲ့ နိုင်ငံတကာ ဆက်ဆံရေး စနစ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြောခဲ့တာပါ။ ဖင်လန်သမ္မတ အဲလက်ဇန္ဒား စတုပ်ရဲ့ အမြင်အရ ကုလသမဂ္ဂ အပေါ် အခြေခံတဲ့ နိုင်ငံတကာ ဆက်ဆံရေးစနစ်ကို ပြုပြင်ပြောင်းလဲတာဟာ ငါးနှစ်ကနေ ၁၀ နှစ် ဝန်းကျင်အထိ အချိန် ယူရနိုင်ပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲရာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပြုပြင် ပြောင်းလဲရေးကို အဓိကထား စဥ်းစားထားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံဆိုတာ ဒုတိယကမ္ဘာစစ်ကြီးအပြီး ကမ္ဘာ့အခြေအနေကို ထင်ဟပ်ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲဖို့ လိုနေပြီဆိုတာက ရှင်းပြ နေစရာ တောင် မလိုတော့ပါဘူး။ ဖင်လန်သမ္မတ အဲလက်ဇန္ဒား စတုပ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေ အဖြစ် အနည်းဆုံး အာရှတိုက်အတွက် နှစ်နိုင်ငံ၊ အာဖရိကတိုက်အတွက် နှစ်နိုင်ငံထပ်တိုး ပေးအပ်ပြီး ဘယ်နိုင်ငံကိုမှ ဗီတိုအာဏာကျင့်သုံးခွင့် မပြုဖို့ အကြံပြုတိုက်တွန်းထားပါတယ်။ ကုလသမဂ္ဂ ပဋိညာဥ်ကို ချိုးဖောက် ခဲ့ရင် ဘယ်နိုင်ငံဖြစ်ဖြစ် ဖြစ်သူရဲ့ မဲပေးခွင့်ရုပ်သိမ်းဖို့ကိုလည်း အဆိုပြု ထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့ ဆောင်ရွက်ဖို့ ဘယ်လောက် ခက်ခဲသလဲဆိုတာကလည်း အထူးရှင်းပြစရာ မလိုပါဘူး။ ဒါပေမဲ့ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဖင်လန်သမ္မတ အဲလက်ဇန္ဒား စတုပ်က ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံငယ်တွေရဲ့ အခန်းကဏ္ဍကို အလေးပေး တင်ပြသွားပါတယ်။ ဖင်လန်နိုင်ငံဆိုတာကလည်း စီးပွားရေး တောင့်တင်းပေမယ့် နိုင်ငံငယ်လေးပါ။ နိုင်ငံ ငယ်ငယ် ကြီးကြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၁၉၃ နိုင်ငံ စလုံးမှာ ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးအတွက် ပြောဆို ပိုင်ခွင့်ရှိပြီး ဒီပြောဆိုပိုင်ခွင့်ကို ထိထိရောက်ရောက် ပညာသားပါပါ ကျင့်သုံးဖို့ အဲလက်ဇန္ဒား စတုပ်က ထောက်ပြသွား ပါတယ်။ နိင်ငံတွေက သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒကို ချမှတ် အကောင်အထည် ဖော်ရာမှာ ကျင့်ဝတ်တန်ဖိုး၊ အကျိုး စီးပွားနဲ့ ပါဝါအင်အားအပေါ် အခြေခံကြပါတယ်။ ဒီကနေ့ ကမ္ဘာမှာ နိုင်ငံတွေဟာ (အထူးသဖြင့် အင်အားကြီး နိုင်ငံ) အကျိုးစီးပွားကို ဦးတည်ပြီး ပါဝါအင်အား အပေါ် အခြေခံလှုပ်ရှား ဆောင်ရွက် နေတာက အားကောင်း နေပေမယ့် နိုင်ငံငယ်တွေအနေနဲ့ ကျင့်ဝတ်စံတန်ဖိုး အပေါ် အခြေခံ ဆောင်ရွက်တာကို လျှော့မတွက်ဖို့ ထောက်ပြ သွားတယ်လို့ မြင်မိပါတယ်။

ဖင်လန်သမ္မတ အဲလက်ဇန္ဒား စတုပ်က “ပြည်သူလူထုကို ကိုယ်စားပြုမှု၊ ဖြောင့်မတ်မှု ဂုဏ်သိက္ခာ၊ စည်းကမ်း ဥပဒေတွေ လေးစားလိုက်နာ သူတွေရဲ့ သြဇာအင်အားကို လျှော့မတွက်ဖို့” သတိပေးခဲ့ပါတယ်။ ဟုတ်ပါတယ်။ ဒီအချက်တွေဟာ ရိုးစင်းတဲ့ အမှန်တရားတွေ ဖြစ်နေလို့ သြဇာအင်အား မရှိသလို ပြုမူဆောင်ရွက်နေတာက ဒီကနေ့ ကမ္ဘာကြီးမှာ တွေ့နေရတဲ့ ပြဿနာတစ်ရပ်ပါ။ ပါလက်စတိုင်း ပြဿနာကို ကြည့်လိုက်ရင် ဒီသဘောတရားက ပေါ်လွင် ပါတယ်။ အစ္ရရေးနိုင်ငံဟာ အောက်တိုဘာလ ၇ ရက် ဟားမတ်စ် အကြမ်းဖက် တိုက်ခိုက်မှုအပေါ် အခွင့်ကောင်း ယူပြီး ဂါဇာဒေသကိုရော အနောက်ဘက်ကမ်းကိုပါ ရာခိုင်နှုန်းပြည့် ချုပ်ကိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ အထူးသဖြင့် ဂါဇာဒေသ မှာ နေထိုင်ကြတဲ့ ပါလက်စတိုင်းတွေအပေါ် အစ္စရေး စစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ် ပြစ်မှုက တုန်လှုပ် ချောက်ခြား စရာပါ။ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ မရှိပါဘူ။ နှစ်သန်းကျော်တဲ့ ပါလက်စတိုင်းတွေက ဂါဇာဒေသက မောင်းထုတ်ပြီး ကမ္ဘာ့မြေကနေ “ပါလက်စတိုင်းလူမျိုး၊ ပါလက်စတိုင်းနိုင်ငံ” ဆိုတာကို ပျောက်ကွယ် သွားအောင် အစ္စရေးနိုင်ငံက ကြိုးပမ်းနေတာပါ။ လူမျိုးတုံး သတ်ဖြတ်မှုပါ။

ဒါပေမဲ့ ကမ္ဘာ့ပြည်သူတွေဟာ အစ္စရေးနိုင်ငံရဲ့ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုတို့ကို ဘယ်လိုမှ လက်ပိုက် ကြည့်မနေ နိုင်တော့ပါဘူး။ ပါလက်စတိုင်း ပြည်သူတွေရဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ပြဋ္ဌာန်းပိုင်ခွင့်၊ ပါလက်စတိုင်း နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးသူတွေကို အခိုင်အမာ ထောက်ခံလာကြပါတယ်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ပါလက်စတိုင်း ကို တရားဝင်အသိအမှတ်ပြုတဲ့ နိုင်ငံတွေ သိသိသာသာတိုးလာပါတယ်။ ဒီအထဲမှာ ကမ္ဘာ့နိုင်ငံကြီး တွေလည်း ပါပါတယ်။ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ ပေါ်တူဂီ၊ ပြင်သစ်၊ ဘယ်ဂျီယန်၊ လူဇင်ဘာ့ဂ်၊ မော်လ်တာ၊ အန်ဒိုရာ နဲ့ မော်ရိုကို နိုင်ငံတွေဟာ ပါလက်စတိုင်း နိုင်ငံကို ပူပူနွေးနွေး အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတွေပါ။ ယခုအချိန်မှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံ ရှိတဲ့ အထဲမှာ ၁၅၇ နိုင်ငံက ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင် အသိအမှတ် ပြုထားကြပါတယ်။

ဒီနေရာမှာ ဖင်လန်သမ္မတ အဲလက်ဇန္ဒား စတုပ် ပြောတဲ့ မိန့်ခွန်းထဲမှာ ပါတဲ့ အချက်တစ်ချက်ကို ကောက်နုတ် တင်ပြ လိုပါတယ်။ “အခွင့်ကောင်းရှာ အမြတ်ထုတ်လိုတဲ့ လုပ်ရပ်မျိုးဟာ နောက်ဆုံးမှာတော့ သူတို့ လျစ်လျူရှုလိုတဲ့ သူတို့ ရှောင်ရှားလိုတဲ့ ပြဿနာကို ဒက်ထိ တိုးရမှာပေါ့” တဲ့။

ပါလက်စတိုင်းလူမျိုး၊ ပါလက်စတိုင်းနိုင်ငံကို ကမ္ဘာ့မြေပေါ်က ဖျောက်ဖျက်လိုတဲ့ အစ္စရေးနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင် ပါလက်စတိုင်း နိုင်ငံတော်ကို ရုပ်လုံးကြွ ပိုပြီပြင် ခိုင်မာလာတာကို ရင်ဆိုင်နေရပါတယ်။

ဟုတ်ပါတယ်။ “ပြည်သူလူထုကိုယ်စားပြုမှု၊ ဖြောင့်မတ်မှု ဂုဏ်သိက္ခာ၊ စည်းကမ်းဥပဒေ လေးစားလိုက်နာမှုတွေ” ဟာ ရိုးစင်းပေမယ့် သြဇာအင်အားရှိပါတယ်။ ကမ္ဘာ့နိုင်ငံငယ်တွေကသာ စုစုစည်းစည်း ညီညီညွတ်ညွတ် ဒီစံတန်ဖိုးတွေကို လိမ်လိမ်မာမာ ကျင့်ကြံ နိုင်ခဲ့မယ် ဆိုရင် ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးဟာ မလွဲမသွေဖြစ်လာမည့် ကိစ္စလို့ ဆိုချင်ပါတယ်။

Click to rate this post!
[Total: 0 Average: 0]