၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကြီးကို အောက်တိုဘာလ ၁၀ ရက်နေ့ က ရွေးချယ်လိုက်ပါပြီ။ ဒီနှစ် နိုဘယ်ဆုရှင်ကတော့ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင်အမျိုးသမီး အသက် (၅၈) နှစ်အရွယ် မာရီနာ ကော်ရီနာ မချာဒို ဆွတ်ခူးသွားပါတယ်။
စိတ်နဲ့ ကိုယ်နဲ့ အမြဲတွဲမနေတတ်တဲ့ သမ္မတထရမ့် နိုဘယ် ငြိမ်းချမ်းရေး ဆုကို အသဲအမဲလိုချင်နေတာ သေချာပါတယ်။ စစ်ပွဲတွေ အများကြီး သူဝင်ညှိနှိုင်းပေးလို့ ရပ်သွားတာ၊ ငြိမ်းချမ်းရေးကို ဘယ်အမေရိကန်သမ္မတ တစ်ဦးကမှ သူ့လို မလုပ်ခဲ့နိုင်တာ ဆိုပြီးပြောခဲ့တာတွေ ရှိသလို သူ့အနားက သူတွေကလည်း ကျွန်တော်တို့ သမ္မတကြီးက နိုဘယ် ငြိမ်းချမ်းရေးဆုကို ထိုက်တန်သူပါ။ အဲ နောက်ဆုံး သူနဲ့ မကင်းရာ မကင်းကြောင်း နိုင်ငံခေါင်းဆောင်တွေ ကိုယ်တိုင် ကလည်း သမ္မတ ထရမ့်ကို နိုဘယ် ငြိမ်းချမ်းရေးဆုပေးဖို့ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီထံ ထောက်ခံပေးကြတယ်။ သူ့ကို မကြိုက်တဲ့ အုပ်စုဘက်ကတော့ သူ့ကို လှောင်ပြောင်ရယ်မောပြီး သူ့ရဲ့ မတည်မငြိမ် အခုတစ်မျိုး တော်ကြာတစ်မျိုး စိတ်နေစိတ်ထားနဲ့ အငြင်းပွားဖွယ်ရာ ပေါ်လစီများကြောင့် နိုဘယ်ဆု မပြောနဲ့ အမည်စာရင်း တင်သွင်းခံရတဲ့ အဆင့်တောင် မရောက်နိုင်ဘူးလို့ ပြောကြပြန်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စီအန်အန် သတင်းဌာနရဲ့ ကမ္ဘာ့ရေးရာ သုံးသပ်သူ ဘရက်မက်ဂတ်ရဲ့ သုံးသပ်ချက် တစ်ရပ်ကို တင်ပြလိုပါတယ်။ သူ့ရဲ့ သုံးသပ်ချက်တွေဟာ ၂၀၂၅ ဆုရှင်ကို မကြေညာခင်မှာ ထုတ်ပြန်ခဲ့တဲ့ သုံးသပ်ချက်ဆောင်းပါး ဖြစ်တယ်ဆိုတာကို သတိချပ်စေလိုပါတယ်။
အများ လက်ခံချင်၊ လက်မခံချင် ထရမ့်ဟာ သူ့ကြောင့် မဟုတ်ဘဲ သူသမ္မတ ဖြစ်လာချိန်မှာ စစ်ပွဲ နှစ်ပွဲ အမွေ ရခဲ့ပါတယ်။ ဒီစစ်ပွဲနှစ်ပွဲဟာ ရာစုနှစ်နဲ့ ချီပြီးပြောရရင် အဆိုးဝါးဆုံး စစ်ပွဲတွေလို့ ပြောရင်လည်း မမှားပါဘူး။ သူ (ထရမ့်) က ဒီစစ်ပွဲတွေကို ရပ်အောင် လုပ်နိုင်၊ မလုပ်နိုင် မသေချာပါဘူး၊ ဒါပေမဲ့ စစ်ပွဲများကို ရပ်တန့်နိုင်ပြီး ငြိမ်းချမ်းရေးကို အမှန်တကယ် ဆောင်ကြဉ်း ပေးလာမယ်ဆိုရင်တော့ နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက ထရမ့်ကို သူအငမ်းမရ လိုချင်နေတဲ့ ဆုကြီးကို ရကောင်း ရသွားနိုင်ပါတယ်။
ယူကရိန်းက စကြည့်လိုက်ရအောင်။
ကိုးလကြာအောင် နိုင်ငံခြားရေး ပေါ်လစီတွေ ပြင်လိုက်ဖျက်လိုက်လုပ်၊ ရုရှားသမ္မတပူတင်၊ ယူကရိန်းသမ္မတ ဇလန်းစကီး၊ ဥရောပ ခေါင်းဆောင်များနဲ့ ထိပ်သီး အစည်းအဝေးတွေလုပ်ခဲ့တဲ့ အပြင် ရုရှားကလည်း နယ်မြေအသစ် တွေ ထပ်ပြီး မသိမ်းပိုက်နိုင်ဘဲ ထိုးစစ်ကို မီးကုန်ယမ်းကုန် သုံးတော့ နှစ်ဖက်စလုံး အထိအခိုက်များလာတဲ့ အချိန် ရောက်လာတဲ့အခါ အပေးအယူလုပ်ကြဖို့ဆိုတာ ခပ်ရေးရေး ပေါ်လာပါတယ်။
ပထမအနေနဲ့ ယူကရိန်းရဲ့ လုံခြုံရေးကို အာမခံပေးဖို့ အမေရိကန်နဲ့ နေတိုးက ရုရှားဘက်က ထပ်ပြီး ကျူးကျော်လာတာ တွေရှိခဲ့မယ်ဆိုရင် ယူကရိန်း စစ်တပ်ကို အကူအညီပေးဖို့ ကတိပြုတယ်။
ဒုတိယကတော့ ယူကရိန်း အရှေ့ဘက် ရုရှားနဲ့ နယ်စပ်တစ်လျှောက် နယ်စပ်မျဥ်းကို ပြန်လည်သတ်မှတ်ဖို့ နယ်မြေ တချို့ အပေးအယူ လုပ်ကာ ထာဝရ ငြိမ်းချမ်းရေးကို ဦးတည်ဖို့ လုပ်ကြရဖို့ ရှိတယ်။
ဒါက စားပွဲဝိုင်းပေါ် ရောက်လာတဲ့ အပေးအယူတွေပါ။ သို့သော်ယူကရိန်းက သူ့နယ်မြေတွေကို တစ်လက်မမှ ရုရှားကို ပေးလိုက်ဖို့ သဘောမတူသလို ရုရှားဘက်ကလည်း နယ်မြေအချို့ မရရင် စစ်ကို အသေအလဲ ဆက်တိုက်နေမှာလို့ ခန့်မှန်းရပါတယ်။
ဒီအခြေအနေကနေ စစ်ပွဲရပ်ဖို့ဆိုရင် အမေရိကန်နဲ့ နေတိုးတို့က ယူကရိန်းကို လေကြောင်း ကာကွယ်ရေး အကူအညီ တွေ နဲ့ တာဝေးပစ် ဒုံးကျည်တွေ ကူညီထောက်ပံ့ပေးဖို့ လိုပါမယ်။ မော်စကို (ရုရှား) ကိုလည်း ပိတ်ဆို့ အရေးယူမှုတွေ ထပ်တိုးပြီး စီးပွားရေးတွန်းအားတွေ တိုးမြှင့် ပေးဖို့လိုလိမ့်မယ်။ မကြာခင်က ပြီးစီးသွားတဲ့ ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံအရ သမ္မတ ထရမ့်က ဒါကို အားပေးထောက်ခံပုံရတယ်။ အမေရိကန်ရဲ့ စစ်လက်နက် ပစ္စည်းတွေကို နေတိုးက ဝယ်ယူပြီး ယူကရိန်းကို ထောက်ပံ့ပေးဖို့ ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ သိရတယ်။
ပထမဆုံးအကြိမ် ဥရောပနိုင်ငံတွေ ခေါင်းချင်းဆိုင်ပြီး သူတို့ သိမ်းဆည်းထားတဲ့ ရုရှားပိုင်ငွေ တန်ဖိုး ဒေါ်လာ ၃၀၀ ဘီလီယံကို ထုတ်ယူပြီး ယူကရိန်းကို စီးပွားရေး နာလန်ထူအောင်နဲ့ စစ်ရေး ပြန်လည်တည့်မတ် တည်ထောင်ဖို့ ထုတ်ချေး ပေးရေး ဆွေးနွေးခဲ့ကြတယ်။
အိမ်ဖြူတော် (အမေရိကန်) အနေနဲ့ ဒီနည်းလမ်းကို တစ်သမတ်တည်း လိုက်နေမယ်၊ ဒီနေရာကနေ ထပ်ပြီး မပြောင်း မလဲ ခိုင်မာစွာရပ်တည်နေမယ်ဆိုရင် ရုရှားသမ္မတ ပူတင်အနေနဲ့ သိပ်ရွေးချယ်စရာ လမ်းကြောင်း မရှိတော့ဘဲ အပေးအယူ ပြန်လုပ်ကာ သူ့ကိုယ်သူ သိက္ခာဆယ်မယ့် အခြေအနေကို ပြန်ရောက်လာဖို့ များနိုင်တယ်လို့ ယူဆ နိုင်ပါတယ်။ ဒီနေ့အထိ သမ္မတပူတင်ရဲ့ စစ်တိုက်မယ်လို့ ရူးရူးမိုက်မိုက် ဆုံးဖြတ်ခဲ့တာကြောင့် ရုရှားစစ်သား တစ်သန်းကျော်ရဲ့ အသက်တွေ စတေးခဲ့ရပြီးပြီ။ နိုင်ငံစီးပွားရေးဟာလည်း အပွန်းအပဲ့တွေ များကာ အတိုးနှုန်းက ၂၀ ရာခိုင်နှုန်း အထိရောက်လာနေပြီ။ လောင်စာဆီ တင်ပို့ရောင်းချရာကရတဲ့ငွေကို မှီခိုနေရပေမယ့် ပိတ်ဆို့ အရေးယူမှု တွေကြောင့် အချိန်မရွေး ရပ်သွားနိုင်တယ်။
ပြောခဲ့သလို ထရမ့်က စိတ်ကူးပေါက်ရာ မလုပ်ဘဲ မော်စကိုကို ဒီအတိုင်း ဖိအားပေးထားနိုင်မယ်ဆိုရင် အခုစီမံထားတဲ့ ကိစ္စရပ်တွေက ဒီစစ်ပွဲကို ရပ်တန့်စေမှာပါ။ ဒီလိုသာ ရပ်တန့်သွားမယ်ဆိုရင် နိုဘယ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီက ၂၀၂၆ ခုနှစ်အတွက် ဆုရွေးချယ်တဲ့နေရာမှာ ချန်ထားခဲ့လို့ မရနိုင်တဲ့ သမိုင်းဝင် ဖြစ်ရပ်တစ်ခု ဖြစ်လာမှာပါ။
ဂါဇာ စစ်ပွဲ အဆုံးသတ်ဖို့
အရင် သမ္မတ ဘိုင်ဒင်ရဲ့ အဆင့် သုံးဆင့်ပါ အပစ်ရပ်ရေး အဆိုကို ကိုင်စွဲပြီး သမ္မတထရမ့်က ဘဲဥပုံ ရုံးခန်းထဲက စားပွဲကို ရောက်လာခဲ့တာပါ။ “Day After” ဆိုတဲ့ မူကြမ်းကြီးထဲမှာ အသေးစိတ်ကိစ္စတွေကို စီစဥ်ရေးဆွဲကြဖို့ ပထမအဆင့် အနေနဲ့ပါဝင်ပါတယ်။ ရက်သတ္တပတ် ခြောက်ပတ် ကြာမယ့် ပထမအဆင့် လုပ်နေကြစဥ်အတွင်းမှာ ဟားမတ်စ် က သူတို့ဖမ်းဆီးထားတဲ့ ကျန်နေတဲ့ ဓားစာခံတွေကို လွှတ်ပေးရမယ်။ နောက်ပြီး ဂါဇာဒေသကို ကူညီ ထောက်ပံရေးတွေ ပေးဖို့ဆိုတာလည်း ပါဝင်ပါတယ်။ နောက်တစ်ဆင့် ကတော့ ကြားကာလ လုံခြုံရေး အစီအမံတွေနဲ့ နောက်ဆုံး တတိယအဆင့်မှာ ယိုယွင်းပျက်စီးနေတဲ့ ဂါဇာဒေသကို ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ ပါဝင်တယ်။
စိတ်မကောင်းစရာက ပြီးခဲ့တဲ့ မတ်လမှာပဲ ပထမအဆင့် ကို လုပ်ဆောင်နေရင်း မအောင်မြင်လိုက်ပါဘူး။ နောက်ထပ် ခြောက်လအတွင်းမှာ အစ္စရေး စစ်တပ်က အပြင်းထန်ဆုံး မြေပြင်စစ်နဲ့ ဂါဇာဒေကို တိုက်ခိုက်ခဲ့ရာမှာ ဒေသအတွင်း လူသားချင်း စာနာမှု ထောက်ပံ့ရေးတွေကိုပါ ဖြတ်တောက်ခံခဲ့ရပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်လောက် အချိန်ကို ပြန်ကြည့်မယ်ဆိုရင်တော့ ဂါဇာနဲ့ ပတ်သက်လို့ နိုဘယ်ဆု ကို မှန်းမယ်ဆိုတာ ရူးကြောင်ကြောင် လုပ်ရပ်တစ်ခုသာဖြစ်မှာပါ။
အပေးအယူကိစ္စတွေ ရပ်ကုန်ကြပြီ။ အစ္စရေးက သူ့ရဲ့ အငြင်းပွားဖွယ်ရာ စစ်ရေးအရှိန်နဲ့ ဂါဇာကို အပြီးသတ်သိမ်းယူဖို့ ကြံစည်ထားကြပြီး ဒီအဝန်းအဝိုင်းထဲမှာ နေကြသူတွေကို မောင်းထုတ်ပြီး ဒီနေရာကို အပြီးအပိုင် ရယူနေတာလို့ အစ္စရေးတပ်က အရာရှိကြီးတွေက ပြောနေကြပြီ။
မကောင်းတဲ့ အခြေအနေကနေ ပိုဆိုးဖို့ဆီကို ဦးတည်နေပြီ
လွန်ခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ ဒါတွေကို ပြောင်းလဲပစ်ပီး စစ်ကို အဆုံးတိုင်ဖို့ သမ္မတ ထရမ့်ရဲ့ အချက် ၂၀ ပါ အစီအစဥ်တစ်ခု ထွက်လာတယ်။ ဒီအထဲမှာ အစ္စရေးက နယ်မြေသိမ်းယူမှုကို စွန့်လွှတ်ပေးရမယ်။ ဟားမတ်စ်ကလည်း ဂါဇာကို လက်လွှတ်ရမှာဖြစ်ကာ ဖမ်းထားတဲ့ ဓားစာခံ အသက်ရှင်လျက်ရှိသေးသူရော သေဆုံးသွားခဲ့သူတွေကိုပါ လွှတ်ပေးရပါမယ်။ ဒီ အစီအစဥ်ဟာ ဇန်နဝါရီလတုန်းက သမ္မတဟောင်းဘိုင်ဒင် လုပ်ဆောင်ခဲ့တဲ့ အဆင့် နှစ် နဲ့ ခပ်ဆင်ဆင်ပါ။ အဲဒီတုန်းက ယင်းအစီအစဥ်ကို အစ္စရေးကလည်း ထောက်ခံထားဖူးတယ်။ ကျန်တဲ့ မွတ်စလင် နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ ကာတာ၊ အီဂျစ်၊ ဂျော်ဒန်၊ တူရကီ၊ ပါကစ္စတန်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ ကျောထောက်နောက်ခံ အားပေးမှုကို ရခဲ့ပြီးသားပါ။
အခုတော့ ဒီကိစ္စကို သမ္မတနဲ့ သူ့ရုံးအဖွဲ့က ဆက်လက် လုပ်ခဲ့ကြပြီး ဇန်နဝါရီလက သဘောတူခဲ့တဲ့ ကိစ္စတွေပါ အပါအဝင် အားလုံးတစုတစည်းတည်း ပေါင်းကာ အမေရိကန်ဘက်က ညှိနှိုင်းရေးမှူး စတိဝစ်ကော့နဲ့ ဂျားရတ် ကူရှနာ တို့က ဦးဆောင်ကာ ကျန်ရှိနေတဲ့ ကိစ္စရပ်များနဲ့ သံခင်းတမန်ခင်း ကိစ္စများကို အပြီးသတ်နိုင်အောင် ထောက်ခံအားပေးကူညီကြတဲ့ နိုင်ငံများနဲ့အတူ ဆွေးနွေးကြတော့တယ်။
အားလုံးသဘောတူညီချက်အရ အခုဆိုရင် ဟားမတ်စ်က ဂါဇာဒေသကို စစ်ပြီးတာနဲ့ စွန့်ခွာသွားရတော့မယ်။ အမေရိကန် ဦးဆောင်ပြီး နိုင်ငံတကာကပါဝင်တဲ့ အုပ်ချုပ်မှု စနစ် အသစ်တစ်ခုနဲ့ ဟားမတ်စ်တွေ အနှစ် ၂၀ လောက် အုပ်စိုးခဲ့တဲ့ ဂါဇာဒေသကို လွှဲပြောင်း ရယူကြဖို့ရှိတယ်။
လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကျော်က ဟားမတ်စ်ဖက်က ဒီအစီအစဥ်ကို သဘောတူလိုက်တယ်လို့ တုံ့ပြန်ပါတယ်။ အခုဆိုရင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ နှစ်ဖက်တွေ့ဆုံဆွေးနွေးနေကြပြီး ဟားမတ်စ်တို့ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေနဲ့ ပါလက်စတိုင်း အကျဥ်းသားတွေ ဖလှယ်ဖို့ အစီအစဥ်တွေ လုပ်နေကြပါပြီ။ ဟားမတ်စ်ဘက်က အချိန်ဆွဲနေတာ လက်နက်စွန့်ဖို့နဲ့ ဂါဇာကနေ ထွက်ခွာသွားဖို့ကို ပယ်ချမယ်ဆိုတာ သိပ်ပြီး ဖြစ်မယ်လို့ မထင်မိပါဘူး။ ထရမ့်ကလည်း နှစ်ဖက်စလုံးကို တောက်လျှောက်ဖိအားတွေ ပေးနေပါတယ်။
အဖြေတွေကတော့ ထွက်သင့်သလောက် ထွက်လာနေပါပြီ။ ဒီနယ်မြေမှာ ဟားမတ်စ်တို့ မရှိရင် လုပ်ရကိုင်ရတာ တွေဟာ ဒီထက် အများကြီး ရှင်းလင်းမှာပါ။ ဒါမှသာ စစ်ပွဲ လုံးဝ ဥဿုံ ပြီးဆုံးရေးဆိုတာကို ရောက်ပြီး ဟားမတ်စ် ကင်းရှင်းတဲ့ ဂါဇာဒေသကို ငြိမ်းချမ်းရေး အသစ် အစစ် ဖြစ်လာနိုင်ဖွယ်ရာ ရှိပါတယ်။
အစ္စရေးဘက်ကလည်း လုပ်စရာတွေ ရှိနေပါသေးတယ်။ ဂါဇာကို လက်ဝယ်ရရှိအောင် သိမ်းယူမယ့် အကြံကို စွန့်လွှတ်ရပါလိမ့်မယ်။ ဒါမှသာ သမ္မတထရမ့်ရဲ့ အဆိုပြုချက်ဖြစ်တဲ့ ပါလက်စတိုင်းတို့ အတွက် ကိုယ့်ကြမ္မာကိုယ် ဆုံးဖြတ်ပိုင်တဲ့ အခွင့်အာဏာကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
အဆုံးစွန်ပြောရရင် အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ပြည်ထောင်အတွက် အဓွန့်ရှည်တဲ့ သင့်မြတ်ရေး အစီအစဥ်ကို အမေရိကန်က ချပြပေးထားပြီးဖြစ်တယ်။ အဲဒီအထဲမှာ ပါဝင်တဲ့ ကတိကဝတ်တွေကတော့ ရှည်လျားလှပါတယ်။ အချုပ်ကတော့ ရှင်းရှင်းလေးပါ။ ဟားမတ်စ်က ဓားစာခံတွေကို ပြန်လွှတ်ပေး ပါလက်စတိုင်း အကျဥ်းသားတွေနဲ့ လဲလှယ်ပြီးရင် ဂါဇာကနေ ထွက်ခွာသွားဖို့ ပြီးရင် အပစ်ရပ် အစ္စရေးတပ်တွေ ပြန်ဆုတ် ဒါပဲပေါ့။
ထရမ့်အတွက် အော်စလိုသွားမယ့် ခရီး အတွက် လက်မှတ်တစ်ခု

နှစ်စဥ် နိုဘယ်ဆုကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပေးပါတယ်။ ၁၈၉၆ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မစ္စတာ အဲလ်ဖရက် နိုဘယ် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဆုရွေးချယ်ရေး အဖွဲ့က ဆုရရှိသူတွေကို နှစ်လကြိုပြီး ရွေးချယ်လေ့ ရှိပါတယ်။ ဒါဆိုတော့ အောက်တိုဘာလ ၁၀ ရက်နေ့ ရွေးရမှာပေါ့။ ဒီရက်က ထရမ့်အတွက် သိပ်ကျပ်နေပါလိမ့်မယ်။ ဖြစ်နိုင်ခြေ သိပ်နည်းပါတယ်။ နောက်နှစ်မှာ ကျင်းပဖို့ရှိတဲ့ ၁၂၅ နှစ်မြောက် နိုဘယ်ဆုပေးပွဲအတွက်တော့ ထရမ့်အနေနဲ့ အရွေးချယ်ခံနိုင်ဖို့ ဝင်ကောင်း ဝင်နိုင်ပါလိမ့်မယ်။
သမ္မတ ထရမ့်နဲ့ သူ့အဖွဲ့ဟာ လူအများအပြား သေကျေ ငတ်မွတ်ခဲ့တဲ့ ဒီ စစ်ပွဲကြီး နှစ်ပွဲကို ထာဝရ ရပ်တန့်သွား နိုင်အောင် အစီအမံတွေ ချမှတ်ပေးနိုင်ခဲ့တဲ့အတွက် နာမည်ကောင်း ပေးမယ်ဆိုရင် ပေးလို့ရနေပါပြီ။ တကယ်လို့များ (တကယ်လို့များ) သူတို့ချမှတ်ပေးတဲ့ လမ်းကို ပါဝင်ကြသူတွေ တစ်သဝေမတိမ်း လျှောက်လှမ်းကြပြီး သူတို့ကလည်း အစဥ်မပြတ် စောင့်ကြည့်ကြပ်မတ် ပေးနေခဲ့မယ်ဆိုရင်၊ စစ်ပွဲတွေလည်း တကယ် ရပ်သွားခဲ့မယ်ဆိုရင်တော့ သမ္မတ ထရမ့်အနေနဲ့ နောက်နှစ် မှာကျင်းပမယ့် ၁၂၅ နှစ်မြောက် နိုဘယ် ဆုကြီးကို တည့်တည့်မတ်မတ် ချိန်ရွယ် နိုင်တဲ့သူ ဖြစ်နိုင်ခြေရှိပါတယ်။
ငြိမ်းချမ်းရေးတွေသာ တကယ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ သူ့ရဲ့အောင်မြင်မှုကို လက်ခုပ်လက်ဝါးတီးပြီး အားပေး ကြရမှာပေါ့။
ကိုးကား – “Can Trump really win a Nobel Peace Prize? Yes, Here is how” – CNN


