The Corner

The Corner

cropped-Logo_round_grey-background.png

အခွင့်အရေး တစ်ရပ်ဆိုတာ

Share မယ်

ဒီဆေးဝါးဆိုင်ရာ ကွန်ဖရင့်ကို ရှယ်ရတန်ဟိုတယ်ကြီးမှာ ကျင်းပခဲ့တာပါ။ ကနေဒါနိုင်ငံက ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူ အယောက် ၃၀၀ လောက်ဟာ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ဒီ ကွန်ဖရင့်ဆီကို တက်ရောက် လာကြလေ့ ရှိပါတယ်။  ဒီ အစည်းအဝေးကို တက်ရောက် လာသူတွေကို ဘူဖေး စိတ်ကြိုက် စားပွဲတွေနဲ့ တည်ခင်း ဧည့်ခံတယ်၊ ပခုံးလွယ် အိတ်ကလေးတွေကိုလည်း လက်ဆောင် အဖြစ်ပေးတယ်။ သောကြာနေ့ ညနေခင်းမျိုးတွေ ရောက်ပြီ ဆိုရင် အချင်းချင်း မိတ်ဆွေတွေ ဖွဲ့ကြပြီး ဗင်ကူးဗားမြို့လယ်ကောင်က ဒီဂျေ တွေဘာတွေရှိတဲ့ ဘားတွေဆီကို ပါတီပွဲ ဆင်နွှဲရအောင် သွားကြဖို့ သူတို့ စိုင်းပြင်းနေကြပြီ။ ဒီကွန်ဖရင့်ကို လာတက်တဲ့ ဆရာဝန် တစ်ယောက်က “ဒီပွဲမှာ မိတ်ဆွေတွေ ရှာတယ် အပေါင်းအသင်းတွေ ဖြစ်ကုန်ကြတယ်၊ ဒါက အရေးကြီးတဲ့ ကိစ္စ တစ်ခုပဲ” လို့ ကျွန်တော့်ကို ပြောပြတယ်။

ကနေဒါနိုင်ငံမှာတော့ ဒီပွဲဟာ အခြား ဆေးပညာ ဆိုင်ရာ စုံညီ အစည်းအဝေးပွဲလိုပါပဲ။ သိပ်မကြာ သေးတဲ့ ဆယ်စုနှစ်တွေတစ်လျှောက်မှာ ယူသန်နေးရှား (Euthanasia) ဆေးဝါး ပညာရှင်တွေ ဟာလည်း သွားဆရာဝန်တွေ၊ အရိုးအကြောဆိုင်ရာ ဆရာဝန်တွေလို ပလတ်စတစ် ဆာဂျရီ ဆရာဝန်မျိုးလို ဒီလို ပွဲတွေကို တက်ရောက်လာကြပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ဆိုရင်တော့ ဒီကိုလာတက်တဲ့ ဆေးပညာရှင်တွေက သူတို့ဟာ လူသတ်မှုလို အလုပ်မျိုး လုပ်ကြတာလို့ သူတို့ကိုယ်သူတို့ ယူဆခဲ့ကြတယ်။ ယူသန်နေးရှား ဆေးဝါးဆိုတာ လူ အပါအဝင် သတ္တဝါတွေကို နာကျင်ခံစားမှုတွေ မရှိစေဘဲပဲ သက်သက်သာသာ အသက်ထွက်အောင် လုပ်ပေးတဲ့ ဆေးတစ်မျိုးပါ။ ဆေးဝါးအတတ် ကျွမ်းကျင်တဲ့ ပညာရှင်များက လူနာကို စောင့်ကြည့် စီမံပေးသွင်းရတာပါ။

 ၂၀၁၆ ခုနှစ်မှာ ကနေဒါ လွှတ်တော်က ယူသန်နေးရှား သုံးခွင့်ပေးတာ (အရင်က ဆေးဝါး အထောက်အကူနဲ့ နောက်ဆုံး ထွက်သက်ကို ရောက်စေတာ (Medical Assistance in Dying – MAID) လို့ ခေါ်ပါတယ်။ အရင်က လူနာကို သေနိုင်တဲ့ ဆေးပေးတယ်ဆိုတာ ဥပဒေနဲ့ ဆန့်ကျင်တဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့ပေမယ့် အခုတော့ ဒီကိစ္စဟာ မကြာခဏ ဒုက္ခပေးလေ့ရှိတဲ့ အာသီးကို ဖြတ်ထုတ်သလိုပါပဲ၊ ဥပဒေကို ဆန့်ကျင်ပြီး လုပ်တာမျိုး မဟုတ်တော့ပါဘူး။ အခုဆိုရင် ကနေဒါမှာ သေဆုံးတဲ့လူ ၂၀ ယောက်မှာ တစ်ယောက်က MAID နဲ့ သေဆုံးတဲ့ နှုန်းကို ရောက်လာနေပါပြီ။ ဒီနှုန်းဟာ အယ်လ် ဇိုင်းမားနဲ့ ဆီးချို နှစ်မျိုးပေါင်းကြောင့် သေကျေရတဲ့ နှုန်းထက်များပါတယ်။ ယူသန်နေးရှား ဆေးနဲ့ သေဆုံးခြင်းကို ခွင့်ပြုထားတဲ့ နိုင်ငံတွေတည်းမှာလည်း ကနေဒါက အရေအတွက် ပိုများနေပါပြီ။

ကနေဒါမှာ ယူသန်နေးရှားက ဘဝနေထိုင်မှု ပုံစံတစ်ခုဖြစ်လာနေပြီလားဆိုတာတော့ ပြောဖို့ စောနေပါသေးတယ်။ MAID ဟာ အရင်တုန်းကတော့ အသက်ကလည်း သိပ်ကြီးနေပြီး ခံစားနေရတဲ့ ဝေဒနာကလည်း နောက်ဆုံးအဆင့် ရောက်နေတဲ့ လူမျိုးကိုသာ ခွင့်ပြုထားတာဖြစ်ပါတယ်။ နောက်တော့ အဲဒီ ဥပဒေကို ထပ်ပြင်တဲ့အခါ အသက်အရွယ် မရွေးတော့ဘဲ ခံစားနေရတဲ့ ဝေဒနာက သိပ်ပြင်းထန် လွန်းနေသူ၊ ချက်ချင်းဝေဒနာကြောင့် မသေသေးတဲ့ သူတွေကိုပါ ဒီနည်း ရွေးချယ်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒီဥပဒေ ပြဋ္ဌာန်းပြီး နှစ်နှစ်အတွင်းမှာ စိတ်ဝေဒနာရှင်များအတွက် ဖြစ်လာတယ်။ အခုဆိုရင် လွှတ်တော်က အသက် ငယ်ရွယ်သူ (ဆုံးဖြတ်နိုင်စွမ်းရှိသူ) တွေကိုပါ ခွင့်ပြုပေးဖို့ တောင်းဆိုလာကြပြီ ဖြစ်တယ်။

ဆေးဝါးဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာ လူနာရဲ့ ကိုယ်ပိုင် ဆန္ဒကို အလေးထားရတာက အဓိကကျတဲ့ တန်ဖိုး တစ်ခု ဖြစ်ပါတယ်တဲ့။ ရှေ့မှာ ပြောခဲ့သလို ကနေဒါမှာ ခွင့်ပြုထားတဲ့ “အသက် သေလိုရင် သေခွင့်” နယ်ပယ်ဟာ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတာမို့လို့ ယူသန်နီးရှားဆေး လိုအပ်ချက်ဟာ ဆေးကုမ္ပဏီတွေက ထုတ်လုပ် ပေးနိုင်တာထက် ပိုများလာ နေပါပြီ။

ဒီနေရာမှာလည်း မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာနေပါတယ်။ တစ်ခါတစ်ရံမှာ တချို့လူတွေက နာမကျန်းဖြစ်တဲ့အခါ ဆေးကုသစရိတ် မတတ်နိုင်တော့လို့ ဆရာဝန်တွေကို သူတို့ကို အဆုံးစီရင်ပေးဖို့ တောင်းဆို ကြတယ်။ ဒီအခါမှာ ဆေးပညာရှင်တွေ အနေနဲ့ ဆေးပညာဆိုင်ရာ ကျင့်ဝတ်တွေနဲ့ ညီ၊ မညီဆိုတာတွေ ရှုပ်ထွေးကုန် ကြလေ့ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ဆေးပညာကို အသက်မွေး ဝမ်းကျောင်းအဖြစ် ရွေးချယ်သူများဟာလည်း ဒီလမ်းကြောင်းကို စတင်စဥ်ကတည်းက MAID ကို အထူးပြု ရွေးချယ်လာပြီး အဓိက အလုပ်အကိုင်အဖြစ် ရဲရဲဝံ့ဝံ့ လုပ်ကိုင်လာကြပါတယ်။ တချို့ ဆေးပညာရှင်တွေဟာ လူနာပေါင်း ရာနဲ့ချီပြီး မိမိတို့ ဆန္ဒအလျောက် ဇီဝိန်ချုပ် စေရာမှာ ပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီးပြီ။

ဗန်ကူးဗားမြို့မှာ ကျင်းပတဲ့ နှစ်ရက်ကြာ ကွန်ဖရင့်ကို ပညာရှင်များနဲ့ ပေါင်းပြီး ဖွဲ့စည်းထာတဲ့ ကနေဒါ MAID အကဲဖြတ်သူများ အဖွဲ့အစည်းက ကမကထလုပ်ပေးပါတယ်။ ဗန်ကူးဗား အိုင်းလန်းက သမားတော် တစ်ဦးဖြစ်ပြီး ကမကထလုပ်တဲ့ အဖွဲ့ရဲ့ တည်ထောင်သူ တစ်ဦးလည်း ဖြစ်သူ စတက်ဖနီ ဂရင်းက သားဖွားမီးယပ် ဆရာဝန်တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ လုပ်လာခဲ့ပြီး ဒီအလုပ်ကို နောက်ထပ် အသက်မွေးပညာတစ်ခုအဖြစ် အစကနေ သင်ယူလုပ်ကိုင်ခဲ့ပါသူပါ။ နယ်ပယ် နှစ်ရပ်စလုံးမှာ သူ့ရဲ့လူနာတွေကို သဘာဝအတိုင်းဖြစ်လာတဲ့ ဖြစ်ရပ်တစ်ခုကို နားလည်စေပြီး စိတ်ခံစားမှုနဲ့ ဆေးပညာကို အချိုးညီညီ ပေါင်းစပ် ဖို့လိုပါတယ် လို့ သူက ရှင်းတယ်။ ဆက်ပြီးတော့ “ကျွန်မထင်တယ် တစ်ခုက ရှင်သန်ခြင်းတစ်ရပ်ကို လူ့လောကထဲကို ဆောင်ကြဥ်းပေးရတာ နောက်တစ်ခုက ပြောင်းလဲသွားတဲ့နောက် ဒီရှင်သန်ခြင်းကို နောက်တစ်နေရာကို ဆောင်ကြဥ်း ပေးရတာပါပဲ” လို့ မြင်ကြောင်း ရှင်းပြတယ်။ အများစုက MAID အစီအမံနဲ့ ဘဝကို အဆုံးသတ် စေခြင်းကို လုပ်စရာတစ်ခု လုပ်လိုက်တာလို့ သုံးနှုန်းကြသော်လည်း ဂရင်းကတော့ အသစ်တစ်ခု ပေါက်ဖွားလာတာလို့ မြင်ပါတယ်။ သူက MAID လုပ်ငန်းစဉ်တစ်ခုပြီးနောက် စိတ်လှုပ်ရှားမှုကို ခံစားခဲ့ပြီး “သေဆုံးလိုသူ တစ်ဦးကို လက်ဆောင်ပေးခဲ့နိုင်တာ” လို့ သူက ယုံကြည်ပါတယ်။ သူမနှင့်အတူ MAID ဆရာဝန်အချို့က ၂၀၁၇ ခုနှစ်တွင် လူအများကို ရှင်းပြနိုင်အောင် ပညာရှင်များ ပါဝင်တဲ့ အဖွဲ့တစ်ခုကို တည်ထောင်ခဲ့သည်။

MAID တစ်ယောက်အဖြစ်လုပ်ကိုင်ရတာ စိတ်ဖိစီးမှုတွေ၊ စိတ်သောက နဲ့ ပဋိပက္ခတွေ ပတ်ချာလည်ဝိုင်းပြီး နေရတာဖြစ်လို့ နိုဗာ စကော့တီယာက အာရုံကြောဆိုင်ရာ ပညာရှင် ဂေါ့ဒ် ဂူဘဇ်ကို ကျွန်တော် ဒီလို မေးကြည့်ပါတယ်။ စိတ်ခံစားမှုတွေကြောင့် ခင်ဗျား စိတ်အား လူအား ဆုတ်ယုတ် ကုန်ခန်းတာ မဖြစ်ဖူးလား။ သူပြန်ဖြေတာက လုံးထင်မထားတဲ့ အဖြေပါ။ သူက ဒီအလုပ်ဟာ စိတ်တက်ကြွမှုကိုတောင် ဖြစ်စေပါတယ်လို့ ပြန်ဖြေပါတယ်။ ကျွန်တော့ လူတွေရဲ့ ဘဝအတွက် အဓိပ္ပာယ်အရှိဆုံးအလုပ်လို့တောင် သူကပြောတယ်။ စိတ်မကောင်းစရာက ဒီလူနာဟာ ဝေဒနာကို သေလုမတတ်ခံစားနေရမယ်။ ဒါကို ကြည့်ပြီး မိသားစုကလည်း ပူဆွေးသောက ရောက်နေကြရမယ်။ ဒါပေမဲ့ သူတို့ရွေးချယ်တဲ့ လမ်းကို သူတို့လျှောက်သွားတာကို မြင်ရတာက စိတ်ကျေနပ်စရာ တစ်ခု ဖြစ်ပါတယ်။

ဒါဆို ကနေဒါနိုင်ငံ ကိုယ်တိုင်ကရော သူလိုချင်တာ သူရသွားရဲ့လား။ ကနေဒါနိုင်ငံမှာ MAID ဥပဒေကို ပြဋ္ဌာန်းပြီး ကိုးနှစ်အကြာမှာ ကနေဒါအစိုးရက MAID အခွင့်အရေး၏ ကောင်းကျိုး ဆိုးကျိုး စသည့် နောက်ဆက်တွဲများကို တဖြည်းဖြည်း လက်ခံဖို့ ကြိုးစားလာရသည်။

ကနေဒါအစိုးရက လူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေး အပေါ် အခြေခံကာ အလေးထား တဲ့အတွက် အဆိုပါ MAID စနစ်ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် ဒီနေ့အထိ မရိုးနိုင်တဲ့ မေးခွန်းတစ်ခွန်း ကတော့ “သေချင်သူတိုင်းကို ကူညီသင့်သလား” ဆိုတာပါပဲ။

ဒေါက်တာ ရာရှစ် အူစမန်နီ (Dr. Rishad Usmani) ရဲ့ ပထမဆုံး MAID လုပ်ငန်းစဉ် အတွေ့အကြုံ မှာ လူနာက (၇၇) နှစ်အရွယ် ဖြစ်ပြီး မခံမရပ်နိုင်သော နာကျင်မှုကြောင့် MAID လုပ်ငန်းစဉ်တွင် ဆေးများကို အဆင့်ဆင့် ထိုးပေးပြီး နောက်ဆုံးတွင် အသက်ရှူခြင်းကို ရပ်နားသွားစေ ခဲ့ခြင်း ဖြစ်လေသည်။ လူနာ အသက်ရှူတာ ရပ်သွားချိန် လောက် အူစမန်နီက လူနာရဲ့ ရင်အုပ်ကို နားကြပ်ဖြင့် ပြန်ထောက်ကြည့်တဲ့အခါ နှလုံးခုန်သံကြားနေရသေးတော့ သူခေါင်းကြီး နားပန်းကြီးပြီး ဇောချွေးများ ပြန်ခဲ့ရတယ်လို့ သူက ပထမဆုံး ဖြစ်စဥ်ကို ရယ်ရယ်မောမော ပြန်ပြောပြ ပါတယ်။ အမှန်တကယ်တော့ ထိုအချိန်က စိတ်လှုပ်ရှားလွန်းလို့  သူ့နှလုံးခုန်သံကို သူပြန်ကြားခဲ့ခြင်းသာ ဖြစ်ပါတယ်။

စစ်တမ်းများအရ ကနေဒါနိုင်ငံတွင် ၂၀၂၃ ခုနှစ်အထိ လူနာ ခြောက်သောင်းကျော်သည် MAID ဥပဒေအရ သေဆုံးခဲ့ကြသည်။ ကွီဘက်တွင် သေဆုံးမှု၏ ၇ ရာခိုင်နှုန်းကျော်သည် MAID အမျိုးအစား ဖြစ်သည်။

ယခုဆိုလျှင်တော့ ကနေဒါနိုင်ငံတွင် MAID ကို လူမှုရေးအခမ်းအနားတစ်ခုအဖြစ် ပြုလုပ်သူများ လည်း ရှိပြီး၊ app များ၊ podcast များမှတစ်ဆင့် မိသားစုနှင့်အတူ သေဆုံးမှုကို လိုအပ်သလို စီမံခန့်ခွဲ နိုင်အောင် ဝန်ဆောင်မှုပေးခြင်းက သိပ်ထူးဆန်းတဲ့ ကိစ္စတစ်ခု မဟုတ်တော့ပါဘူး။

MAID ကို ဥပဒေတစ်ခုအဖြစ် အသက်သွင်းခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်စ၍ တရားဝင်ပြုလုပ်ခဲ့သည့် ကနေဒါနိုင်ငံသည် ဘယ်ဂျီယန်၊ ဆွစ်ဇာလန် နှင့် နယ်သာလန် နိုင်ငံများနည်းတူ ခွင့်ပြုချက်ဖြင့် သေဆုံးခွင့်ကို ရွေးချယ်နိုင်သည့် ကမ္ဘာ့နိုင်ငံများထဲတွင် ပါဝင်လာသည်။ အမေရိကန်၏ အချို့ ပြည်နယ်များဖြစ်သည့် အော်ရီဂွန်၊ ဘားမောင့်၊ ကယ်လီဖိုးနီးယား နှင့် အခြားပြည်နယ်အချို့တွင်လည်း တစ်နည်းတစ်ဖုံဖြင့် ခွင့်ပြုပေးထားသည်များလည်းရှိသည်။

ဥပဒေအရ MAID နည်းလမ်းကို ရွေးချယ်မည်ဆိုပါက လူနာသည် “ကုသ၍ မရနိုင်သော ရောဂါအခြေအနေတစ်ခုခု” မှနေ ဖြစ်လာသည့် “မခံမရပ် နိုင်သော နာကျင်မှုဝေဒနာ” ကို ခံစားနေရကာ “မကြာမီ အချိန်တစ်ခုအတွင်း သဘာဝအတိုင်း သေဆုံးနိုင်ခြေ” ရှိရမယ်လို့ ဆိုပါတယ်။ သို့သော်လည်း “မကြာမီ အချိန်တစ်ခု” ဆိုတာကိုတော့ ဥပဒေမှာ အတိအကျ ရေးမထားပါဘူး။

အဆိုပါ ဥပဒေပြဋ္ဌာန်းလိုက်ပြီးချိန်မှာတော့ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါး ထုတ်လုပ်ရောင်းချသူများနှင့် ရှေ့နေများက အလျင်စလို ဥပဒေ အသေးစိတ်ကို ပိုမိုနားလည်ရန် ကြိုးစားကြပါတော့တယ်။ အကြောင်းကတော့ ထိုဥပဒေ မထုတ်ပြန်ခင်အထိ လူတစ်ဦးကို ဆန္ဒအလျောက် သေဆုံးခြင်းကို အကူအညီပေးခြင်းဟာ လူသတ်မှု၊ လူသေစေမှုနဲ့ တရားစွဲ ဆိုနိုင်လို့ပါပဲ။ ဒီနောက် ဆေးပညာရှင် တချို့ကတော့ ယင်းလုပ်ငန်းစဉ်ကို လုပ်ရန် ငြင်းဆိုခဲ့ကြပြီး တချို့ကတော့ ဥပဒေအသစ်ကို တဖြည်းဖြည်း နားလည်အောင် လေ့လာကာ လုပ်ကိုင်လာကြသည်။

အတွေ့အကြုံများလာသည့် တိုရွန်တိုမှ ဆရာဝန်တစ်ဦးဖြစ်သူ ဆန်ဒီ ဘူချ်မန်း က ၂၀၁၈ ခုနှစ်တွင် MAiDHouse ဟုခေါ်သော အဖွဲ့အစည်းကို တည်ထောင်ခဲ့သည်။ ဘူချ်မန်းက လူနာများအတွက် ဆေးရုံမဟုတ်သော၊ အိမ်မဟုတ်သည့် အခြားနေရာတစ်ခုမှာ ရွေးချယ်နိုင်ခွင့် ပေးထားသည်။ MAiDHouse သည် မိမိ၏ နောက်ဆုံးအချိန်ကို လူနာ၏ စိတ်ကြိုက် ပြင်ဆင်နိုင်သော နေရာဖြစ်အောင် စီမံခွင့် ပေးထားပါတယ်။

MAiDHouse တည်ထောင်ပြီးနောက် လူနာ ၁၀၀ ကျော်အတွက် သေဆုံးမှုများအတွက် နေရာ နှင့် လိုအပ်သည့် စောင့်ရှောက် တိုင်ပင်မှုများ ဝန်ဆောင်ပေးခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ MAiDHouse ၏ လုပ်ငန်းများအပေါ် လူအများနှင့် မီဒီယာတို့ထံမှ အာရုံစိုက်မှုများ ပိုမိုရရှိခဲ့တယ်လို့ ဘူချ်မန်းက ရှင်းပါတယ်။

Figure: Ledger360

MAID ကို “အားလုံးက လက်ခံနေကြသည်” အဆိုကတော့ မမှန်ပါဘူး။ ဆန့်ကျင်မှုများအနက် ဘာသာရေး အခြေခံထားတဲ့ အမြင်များလည်းရှိပြီး အထူးသဖြင့် ကက်သလစ်ဘုရားကျောင်းက သေဆုံးမှုကူညီခြင်းကို ဆန့်ကျင်ပါတယ်။ သို့သော်လည်း အခြားသော စိုးရိမ်မှုများမှာ မသန်စွမ်းသူများနှင့် ဆင်းရဲသူများအတွက် MAID သည် မတော်တဆ သေဆုံးမှုကို အားပေးသည့် စနစ် ဖြစ်လာနိုင်ပါတယ်။

၂၀၂၀ ခုနှစ်တုန်းက ကနေဒါ ပြည်သူ့ ဝန်ဆောင်မှု ဝန်ကြီး ဖြစ်သူ ကာလာ ကွာထရိုက  “ကနေဒါရဲ့ အချို့နေရာများမှာ MAID ကို ရရှိရန် Wheelchair ရရန်ထက် ပိုလွယ်နေတယ်” လို့ ဝန်ခံခဲ့ပါတယ်။ သို့သော် ထိုစဥ်က ဝန်ကြီးချုပ်ဖြစ်သူ ဂျက်စတင် ထရူးဒိုးက လူနာများအဖို့ အိမ်မရှိခြင်း (သို့) ဆေးကုသမှု မရနိုင်ခြင်းကြောင့် MAID နည်းလမ်းကို ရွေးချယ်ခြင်း မဖြစ်စေဖို့ ပြည်သူကို အာမခံခဲ့ပါတယ်။

သို့သော်လည်း နယ်သာလန် နိုင်ငံတွင် ဖြစ်ခဲ့သည့် ဥပမာတစ်ခုက အယ်လဇိုင်းမား လူနာ တစ်ဦးကို စိတ်ငြိမ်ဆေးများ ပေးကာ MAID နည်းလမ်းဖြင့် သေစေခဲ့ခြင်း ဖြစ်ခဲ့ပါတယ်။ အဆိုပါ ကိစ္စဟာ မှုခင်း တစ်ခုဖြစ်ခဲ့ကာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆရာဝန်ကို ၂၀၁၉ ခုနှစ်တွင် တရားရုံးက ပြစ်မှုမရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ MAID ဥပဒေကို အလွဲသုံးစား ဖြစ်ရပ်မျိုး ဖြစ်နိုင်ကြောင်း ထိုဖြစ်ရပ်က သာဓကပါ။

(Medical Assistance in Dying – MAID) – ဆေးဝါး အကူအညီနဲ့ နောက်ဆုံးထွက်သက်ကို ဆိုရောက်စေခြင်း ဟာ အငြင်းပွားဖွယ် ကိစ္စ တစ်ခု ဆိုရင်လည်း မမှားပါဘူး။ ဘာသာရေး ရှုထောင့်မှ ကြည့်မယ်ဆိုရင်လဲ ဘယ် တရားဓမ္မများက ဒီနည်းလမ်းကို အားမပေးပါဘူး။ သို့သော်လည်း ကုသနည်းများကုန်သွားပြီး သေမယ့်နေ့ကို စောင့်နေရမယ့် ငွေကြေးချို့တဲ့သူအများအတွက်ဆိုရင် ထွက်ပေါက်တစ်ခုများ ဖြစ်မနေပေဘူးလား။ ခွဲခြားရ ခက်ပါတယ်။ လူတစ်ယောက် အတွက် အခွင့်အရေးတစ်ခု အနေနဲ့ ပေးနိုင်တဲ့ နိုင်ငံက ပေးထားတဲ့အတွက် “right” ရပိုင်ခွင့်တစ်ခု ဆို ပိုမှန်ပါလိမ့်မယ်။ “Right is not a privilege” ဆိုတဲ့ စကားရှိပါတယ်။ ရပိုင်ခွင့် ဆိုတာ အကျိုးခံစားခွင့် တစ်ခု မဟုတ်ပါဘူး။ ဒီနေရာမှာ ထပ်ဖြည့်ချင်တာ ရပိုင်ခွင့် ကိုယူမယ်ဆိုရင် သူနဲ့အတူပါလာမယ့် တာဝန်တွေကို အာမခံရမှာ ဖြစ်ပါတယ်။ ရပိုင်ခွင့်ကိုပဲယူပြီး တာဝန်တွေကို ရှောင်နေမယ်ဆိုရင်တော့ အလွဲသုံးစား ဖြစ်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Atlantic မဂ္ဂဇင်းပါ ”Canada is killing itself; the country gave its citizens the right to die. Doctors are struggling to keep up with demand” ဆောင်းပါးပါ အချက်အလက်များ ယူပါတယ်။

Click to rate this post!
[Total: 2 Average: 5]