The Corner

The Corner

cropped-Logo_round_grey-background.png

ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်းများစွာ

Share မယ်

နှစ်ပေါင်းငါးဆယ်ကျော်ကို နောက်ကြောင်းပြန်ဆွဲဆန့်တွေးကြည့်သော် အဟောင်းအဟောင်းတို့သည် အသစ်အသစ် ဖြစ်၍ လာချေပြီ။ နေရာဟောင်းကိုရောက်တော့ ငယ်ချစ်ဟောင်းကို အောက်မေ့တမ်းတ သတိရမိသည်ကို အပြစ်ဟူ၍ မဆိုသာပါချေ။

 ထိုခေတ်က မြတ်ဝတ်ရည်သင်း၊ မြစပယ်ငုံ၊ ယမင်းရွှေစင်တို့သည် မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္က သိုလ်၏ မြန်မာဆန်ဆန် လှပဆန်းသစ်သော အမည်နှင့် ဆင်းသွင်ရုပ်ဝါ လက္ခဏာသွယ်သွယ် မူရာကြော့ရှင်းသည့် လှယမင်းများ ဖြစ်ကြသည်။ ကိုယ်နှင့်တန်ရာတန်ရာဟူ၍ တန်းမတူသော်လည်း မြတ်ဝတ်ရည်သင်းကို ဆွတ်ချူယူငင်ရန် သံယောဇဉ် နှောင်ဖွဲ့ခဲ့ဖူးသည်။

              “ရှင်က ဝတ်ရည်ကို ချစ်တယ့်လို့ ပြောလာတယ်နော်”

 မြတ်ဝတ်ရည်သင်းက ချစ်သူဝိုင်းဝိုင်းလည်နေသူဖြစ်ရာ အမည်အားဖြင့်လည်း မထင်ရှား၊ ဥစ္စာဓနအားဖြင့်လည်း နွမ်းပါးသောသူ့ကို ခုလိုအဖက်လုပ်၍ ပြောဖော်ဆိုဖော်ရသည်ကိုပင် ကျေးဇူးအတင်ကြီးတင်နေမိသည်။

           “ဟုတ်ကဲ့ပါ၊ နှလုံးသားဆန္ဒကို ရှေ့တန်းတင်မိခဲ့ပါတယ်”

           “ဝတ်ရည်ဘေးမှာ ချစ်တဲ့အကြောင်း နေ့စဉ်နဲ့အမျှ ပြောသူတွေ ရေတွက်လို့မကုန်အောင် ရှိနေတာကို ရှင်သိရဲ့လား”

       ပန်းကလေးတစ်ပွင့် ဝင့်ထည်တုန်းကတော့ တကယ့်ကို ရွှန်းရွှန်းစိုစို ရွှင်ရွှင်လန်းလန်းမို့ ဆင် မြန်းလိုသူတွေ ဝိုင်းဝိုင်းလည်တတ်ပါသည်။ ဘယ်အချိန်ကြည့်ကြည့် မြတ်ဝတ်ရည်သင်းက ပွင့်ပုံဆန်းသည့် ပန်းကလေးလို လန်းလန်းလှလှ ချမ်းချမ်းမြမြမို့ နွမ်းလျစရာ အကြောင်းမမြင်။ ထိုစဉ်တုန်းကတော့ သင်္ခါရကို အစဉ်ထာဝရလို့ ထင်မှတ်ထားခဲ့ပုံ ပေါ်ပါသည်။

             “ဒါကိုတော့ ကျွန်တော် သိစရာမလိုဘူးလို့ထင်ပါတယ်”

             “ရှင်သိထားသင့်ပါတယ်၊ ဝတ်ရည်ရဲ့ချစ်သူအဖြစ် ဘယ်သူ့ကို အသိအမှတ်ပြုဖူးသေးလို့လဲ”

              “အဲဒါကိုတော့ သတိထားမိပါတယ်”

            “ရှင်လည်း သူတို့ထဲက တစ်ယောက်လို့ပဲ မှတ်လိုက်ပါနော်”

       ဘာစကားမျှ ခွန်းတုံ့ပြန်ပြောရန် အားမရှိဘဲ ချည့်နဲ့နေချိန်မှာ ဒေါက်ဖိနပ်ကို တဒေါက်ဒေါက်နင်းကာ ဖြတ်လျှောက် သွားသော မြတ်ဝတ်ရည်သင်း၏ နောက်ကျောကို ငေးမော၍ ကြည့်နေရုံမှအပ သံယောဇဉ် ဇာတ်လမ်းသည်လည်း တစ်ခန်းရပ်သွားခဲ့လေသည်။

* * * *

       ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် သပိတ်မှောက်မှုကြီး ပထမအကြိမ် စတင် ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် တက္ကသိုလ်အက်ဥပဒေကို ဗြိတိသျှကိုလိုနီအစိုးရက ပြင်ဆင်ပေးရာတွင် မန္တလေးမြို့၌ ဥပစာကောလိပ်ကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံကို ဖွင့်လှစ်ပေးရန် ထည့်သွင်းလာသည်။ ဤသို့ဖြင့် မန္တလေး ဥပစာ ကောလိပ်ကို (၄-၇-၁၉၂၅ ) တွင်ဖွင့်လှစ်ခဲ့သည်။ ယခုပင်မအဆောက်အအုံဟု လူသိများသော  Main Building မှာ စိုက်ပျိုးရေးသိပ္ပံ ဖြစ်သည်။ ထိုအဆောက်အအုံကြီးကို ၁၉၂၁- ခုနှစ်တွင် ဘုရင်ခံကိုယ်တိုင် အုတ်မြစ်ချခဲ့သည်။ ၁၉၄၂- ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ဖြစ်၍ ဥပစာကောလိပ်ကို ပိတ်လိုက်ရသည်။

       ၁၉၄၆-ခုနှစ် စစ်ပြီးသောအခါ ဘုရင်ခံကအတိုင်ပင်ခံကောင်စီ (ကြားဖြတ်အစိုးရ)  ကို ဗိုလ်ချုပ်အောင်ဆန်း ဝန်ကြီးချုပ်အဖြစ် ဦးဆောင်ဖွဲ့စည်းသောအခါ ဆရာကြီးဦးရာဇတ်သည် ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး ဖြစ်လာသည်။ ဆရာကြီးသည် ကိစ္စအရပ်ရပ် ပြဿနာအထွေထွေကို လက်တွဲဆွေးနွေးဖော်ရသော တပည့်ရင်း ဦးကိုလေး (ဇေယျာမောင်) ကို ၁၉၄၇- ခုနှစ်ဧပြီလတွင် ရန်ကုန်သို့ ခေါ်ယူပြီး မန္တလေးဥပစာကောလိပ်အား ပြန်လည် ဖွင့်လှစ်ရန် တာဝန်ပေးအပ်လိုက်သည်။ ထို့ကြောင့် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်နေ့၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးရာဇတ်အပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီးများ လုပ်ကြံမခံရမီ  နှစ်ရက်အလိုတွင် ဥပစာကောလိပ်ကို ပြန်လည် ဖွင့်လှစ် နိုင်ခဲ့သည်။

       ၁၉၅၈- ခုနှစ်၊ ဇွန်လ(၁) ရက်နေ့တွင် မန္တလေးတက္ကသိုလ်ကို မဟာဌာန လေးခု၊ အပေါင်းပါကောလိပ် တစ်ခုတို့ဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။ မဟာဌာနများမှာ ဝိဇ္ဇာ၊ သိပ္ပံ၊ ဆေးပညာနှင့် စိုက်ပျိုးရေးတို့ ဖြစ်ကြပြီး အပေါင်းပါကောလိပ်မှာ မကွေးဥပစာကောလိပ် ဖြစ်သည်။ ‌ကျောင်းအုပ်ကြီးဦးကိုလေးသည် ဒုတိယအဓိပတိ (Vice  Chancellor) ဖြစ်လာသည်။

       ကျွန်တော်က သမိုင်းအဓိကဘာသာ မယူခဲ့သော်လည်း မန္တလေးတက္ကသိုလ်၏ သမိုင်းဆိုင်ရာကို မှတ်သား ထားမိသည်။ ၁၉၆၄-ခုနှစ်တွင် တက္ကသိုလ် ကောလိပ်များကို စနစ်သစ်ဖြင့် ဖွင့်လှစ်သောအခါ စိုက်ပျိုးရေး မဟာဌာန သည် စိုက်ပျိုးရေးတက္ကသိုလ်၊ ဆေးပညာမဟာဌာနသည် ဆေးတက္ကသိုလ် (မန္တလေး) ဖြစ်လာသည်။

       ကျွန်တော်  ၁၉၆၉-၇၀ ခုနှစ်တွင် မန္တလေးတက္ကသိုလ်ကိုရောက်တော့ စိုက်ပျိုးရေးသိပ္ပံအတွက် ဆောက်လုပ်ခဲ့သော  Main Building (ပင်မဆောင်ကြီး) သည် မန္တလေးဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ်အပိုင် အဆောက်အအုံကြီး ဖြစ်နေပါပြီ။ ဆေးတက္ကသိုလ် (မန္တလေး) သည် သီးခြားခွဲထွက်သွားသော်လည်း စိုက်ပျိုးရေး တက္ကသိုလ်မှာမူ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် အဝန်းအဝိုင်းတွင်သာ ကျောချင်းကပ် ရင်ချင်းအပ်ကာ တပူးတွဲတွဲ ရှိနေသေးသည်။ နောင်တွင် ပျဉ်းမနား ရေဆင်းသို့ ခွဲထွက်သွားခြင်းဖြစ်သည်။ ထိုပင်မဆောင်ကြီး (Main Building) ရှေ့တွင် ၁၉၇၁-၇၂ ခုနှစ် ၊ နှစ်လည်မဂ္ဂဇင်းကော်မီတီ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်များကို ပုံရိပ်ထင်ကာ မြင်ယောင်လာသည်။

       ဒေါက်တာသန်းထွန်း (သမိုင်းပါမောက္ခ)၊ဦးချမ်းမြ (မြကေတု- မြန်မာစာပါမောက္ခ) ၊ ဦးကျော်မြင့် (ရူပဗေဒ ပါမောက္ခ)၊ ဦးထွန်းအောင်ချိန် (သမိုင်းကထိက)နှင့် ကျောင်းသားကိုယ်စားလှယ် ကိုမြတ်လင်း (ပထဝီဝင်)၊ ကျွန်တော် ကိုတင်အောင် (မြန်မာစာ) တို့အပါအဝင် (၁၇)ဦးတို့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

       ထိုစဉ်က သတ္တဗေဒမှ မြစံပယ်ငုံကို အမှတ်ရဆုံး ဖြစ်သည်။ မြစံပယ်ငုံသည် ကြွကြွရွရွ လှလှပပဖြင့် မြင်သူ ငေးလောက်သော ရွှေစင်ဆယ်တင်း ဆက်သွင်းပုံသေ သိန်းတန်သည့်မေ ဖြစ်၍နေသောကြောင့် ဖြစ်သည်။

             “မြစံပယ်ငုံ တဲ့လား၊ နာမည်လေးက လှလိုက်တာ”

            “လူကောမလှလို့လား “

             “နာမည်လိုက်မမီအောင် လူကပိုလှပါတယ်”

              “စကားအရာမှာလည်း ကဗျာတစ်ပုဒ်လိုပါပဲလား”

             “မြစံပယ်ငုံကကော ဘယ်လိုစာတွေရေးပါသလဲ”

              “ဘယ်လိုစာမှမရေးပါဘူးရှင့်”

             “မဂ္ဂဇင်းကော်မီတီမှာ ပါလာတယ် မဟုတ်လား”

              “ကျွန်မက စာဖတ်ဝါသနာ ပါလို့ပါ၊ ဟောဒီက ကိုတင်မိုးအောင်ရဲ့ ‘ မြတမာ ‘ဆိုတဲ့ကဗျာကိုလည်း ကြိုက်ပါတယ်၊ ကိုမြတ်လင်းရဲ့ “ဘဝလက်တွဲဖော်” ဝတ္ထုကိုလည်း နှစ်သက်ပါတယ်”

ကျွန်တော်နှင့် ကိုမြတ်လင်း၊ ယခင်နှစ်ကတက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းတွင် ရေးသားဖော်ပြခဲ့သော ကဗျာနှင့်ဝတ္ထုကို ညွှန်းဆိုခြင်းဖြစ်သည်။

            “စာရေးဆရာတွေထဲမှာ ဘယ်စာရေးဆရာကို အကြိုက်ဆုံးလဲ “

           “မြန်မာစာရေးဆရာထဲမှာတော့ ဆရာသိန်းဖေမြင့်ပါ၊ နိုင်ငံခြားစာရေးဆရာတွေကတော့ “

       အင်္ဂလိပ်၊ ရုရှား၊ ပြင်သစ်၊ ဂျာမန်၊ အမေရိကန် စာရေးဆရာများ၏ အမည်စာရင်းကို တတွတ်တွတ် ရွတ်ဆိုသွားသည်။

            “အဲဒီစာရေးဆရာတွေရဲ့စာကို မူရင်းဘာသာ နဲ့ဖတ်ဖူးတာလား “

             “အင်္ဂလိပ်က မူရင်းဘာသာနဲ့ပါ၊ တခြားဘာသာရပ်တွေကိုတော့ အင်္ဂလိပ်လိုပြန်ဆိုထားတာပဲ ဖတ်ဖူးတာပါ၊ ပြင်သစ်လိုလည်း အနည်းအကျဉ်းတော့ ရပါတယ် “

        ထိုအချိန်က နိုင်ငံခြားဘာသာသင်ကျောင်းဟူ၍ တွင်တွင်ကျယ်ကျယ် မရှိသေးသောကြောင့် အင်္ဂလိပ်၊ ပြင်သစ်ဘာသာ ဖတ်ရှုနိုင်သော စာပေဝါသနာရှင်ကို အထင်ကြီးလေးစားစရာ ဖြစ်နေပါသည်။

            “အင်္ဂလိပ်စာကတော့ ထားပါတော့၊ ပြင်သစ်ကို ဘယ်မှာသင်ခဲ့ပါသလဲ “

            “ကျွန်မဖေဖေက အင်္ဂလန်နဲ့ပြင်သစ်မှာ သံတမန်အဖြစ် အမှုထမ်းဖူးတယ်လေ “

             “ဪ- ဒါကြောင့်ကိုး ” ဟူ၍ အမြင်ရှင်းတော့သည်။

              “စာများများဖတ်ဖူးတော့ စာပေအရည်အသွေး အလေးအပေါ့ကို  ချင့်ချိန်နိုင်တာပေါ့နော် “

              “အဲဒီလောက်တော့ မဟုတ်ရပါဘူး၊ ကိုယ်တိုင် မရေးတတ်တော့ အစ်ကိုတို့နဲ့  ‌ဆွေးနွေးညှိနှိုင်း ရမှာပါ “

       မြစံပယ်ငုံက နှိမ့်ချပြောဆိုမှန်း ထိုစဉ်က မသိခဲ့ပါ။

            “အစ်ကိုပို့ထားတဲ့ ကဗျာလေးက အရမ်းချစ်ဖို့ကောင်းတာပဲ၊ ဒါပေမဲ့ ကျွန်မသဘောထားကို ပွင့်ပွင့်လင်းလင်း ပြောမယ်နော် “

       နှစ်လည်မဂ္ဂဇင်းကော်မီတီတွင် ကျွန်တော်နှင့် ကိုမြတ်လင်းတို့ စာမူများ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးထားသော်လည်း ကျွန်တော်တို့၏ကဗျာ၊ ဝတ္ထုတို့ကိုမူ ကိုယ့်သဘောနှင့်ကိုယ် ရွေးချယ်ခြင်း မပြုကြပါ။ အများသဘောတူ ကြိုက်နှစ်သက်မှသာ ရွေးချယ်ခြင်း ခံရပါသည်။ ကျွန်တော်ပေးပို့ထားသော ” ပုဂံပုံပြင် ” ကဗျာကို မြစံပယ်ငုံက အစာသိပ်မကျေချင်။

       ပုဂံဘုရား၊ ထောင်သောင်းများစွာ

       ရုပ်ပွားစေတီ၊ မွေသရီတို့

       ပန်းချီဆေးပျောက်၊ ရွှေသွေးပျောက်ပြီ

       အုတ်ကျောက်အပြို၊ ကုန်းအမိုသို့

       အညိုအမွဲ ထင်တော့သည်။

       စေတီအရွဲ့၊ လေအနှဲ့ကြောင့်

       အပဲ့အပြို၊ အယိုအယွင်း

       အဆင်းကြန်အင်၊ မစုံလင်ပြီ

       အင်္ဂါရုပ်လည်း မပီတော့။

       အနုပညာ၊ ရှေးလက်ရာကို

       လေ့လာကြုံကြိုက်၊ ထိုအခိုက်ဝယ်

       ငိုက်စိုက်ကျိုးပြတ်၊ ရုပ်ပွားမြတ်နှင့်

       မြေဝပ်ဘုရား၊ အုတ်သက်ကျားက

       နုသားရွှန်းစို၊ ရွယ်နုပျိုစွာ

       ငယ်ကိုယ်ငယ်သွေး၊ ငယ်ရိပ်ပြေး၍

       ရှေးဖြစ်နောက်ကြောင်း ပြောပြမည်။

             “ပုဂံဟာ မြန်မာတို့ရဲ့ ထင်ရှားတဲ့ပုံရိပ်အစစ်၊ ပုဂံဘုရားဆိုတာ ပုဂံပြည်ကြီးရဲ့ သမိုင်းသက်သေ  ထင်ရှားတဲ့ပုံရိပ် အတိတ်သမိုင်းကို ပုံပြင်တစ်ပုဒ်လို ခိုင်းနှိုင်းတင်စားလိုက်တာဟာ သေးသိမ် မှေးမှိန်မသွားပေဘူးလား”

              “အဲဒီ မထင်မရှား အုတ်သက်ကျားအိုက သမိုင်းအထောက်အထား။ ခိုင်ခိုင်မာမာ ရှာမတွေ့ တော့ ငယ်ကိုယ် ငယ်သွေး ငယ်ရိပ်ပြေးပြီး ငယ်ဘဝကို လွမ်းလွမ်းဆွေးဆွေး ပြောပြနေတယ်လေ၊ အခါခပ်သိမ်း သမိုင်းခြေရာ မကောက်နိုင်တော့ ပုံပြင်တစ်ပုဒ်လို ရင်ခုန်တုန်လှုပ်စရာအတွေးနဲ့ ဒီကဗျာကို ရေးခဲ့တယ်ဆိုရင်ကော “

       ကျွန်တော့်အပြောကို သဘောမတူနိုင်၍ သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်းကို သွားရောက် ဆွေးနွေး သေးသည်။ ဆရာကြီးက ” ကဗျာဆိုတာ အသစ်ဖန်တီးနိုင်တဲ့ စွမ်းအင် creative ရှိရမယ်၊ သူ့အတွေးလေးက လှသားပဲ၊ ကလောင်နာမည်ရော ကဗျာရေးဟန်က တင်မိုး crazy ထင်တယ် ” ဟူသောမှတ်ချက်ကြောင့် ဆက်လက်ပြီး အငြင်း မပွားသာဘဲ ဖြစ်သွားသည်။ ကျွန်တော့် ကလောင်အမည်မှာ တင်မိုးအောင်ဖြစ်ပါသည်။

       ကျွန်တော် သူမအတွက် ကဗျာတစ်ပုဒ် ရေးပေးဖူးသည်။

                            လေ

       ပန်းအလှမစံပယ်

       ခူးလိုက်မယ်ကြံတော့။

       သူ့အကြံ ကိုယ့်ထက်ဦး

       သူခူးလေပေါ့။

       ပန်းအလှမစံပယ်

       မွှေးလိုက်မယ်ကြံတော့။

       သူ့အကြံ ကိုယ့်ရှေ့ပြေး

       သူမွှေးလေပေါ့။

       ကျွန်တော့် ရည်ရွယ်ချက်က ရိုးစင်းပါသည်။ မြစံပယ်ငုံက ထိုကဗျာနှင့်ပတ်သက်၍ ဆွေးနွေးလာလျှင် အနှောင့်အသွား မလွတ်၊  ချစ်သူရည်းစားရှိမရှိ မသိမသာ စုံစမ်းနိုင်သည်။ အခွင့်အလမ်းသာပါက လက်တည့် စမ်း၍ ရသည်။ လက်မှန်းတည့်ကောင်း တည့်နိုင်သည်။

* * * * *

       မန္တလေးတက္ကသိုလ် စာကြည့်တိုက်ကို  ၁၉၄၇- ခုနှစ်တွင် ပြန်လည်ထူထောင်ခဲ့ပြီး ၁၉၅၈- ခုနှစ်တွင် သီးခြား တက္ကသိုလ်ဖြစ်လာသောအခါ စာကြည့်တိုက်ကျွမ်းကျင်သူ Dr.J.E.Daly နှင့် ကိုလံဘိုစီမံကိန်းမှ ပို့လွှတ်သော Drainage Export အင်ဂျင်နီယာဖြစ်သူ Mr. Taylar တို့လာရောက်ကြပါသည်။

       ၁၉၅၈- ခုနှစ်တွင် စာကြည့်တိုက်၌ စာအုပ် ( ၄၀၀၀ ) ကျော်မှ ၂၀၀၀ ပြည့်လွန်နှစ်များတွင် စာအုပ်ရေ နှစ်သိန်းကျော် စုဆောင်းထားရှိနိုင်သည်ဟု ဆိုပါသည်။ တက္ကသိုလ် ကျောင်းအုပ်ကြီး ဦးကိုလေး သည် မန္တလေးတက္ကသိုလ် ဖြစ်တည်လာမှုတွင် ပဓာနကျသော ဆရာကြီးဦးရာဇတ်၏ ကျေးဇူးဂုဏ်ကို နှောင်းလူအများ သတိရမှတ်မိနေစိမ့်သောငှာ စာကြည့်တိုက်အဆောက်အအုံကို ရာဇတ်ခန်းမဟု အမည်ပေးခဲ့သည်။

       ထိုရာဇတ်ခန်းမစာကြည့်တိုက်သို့ အဝင်အထွက် အတက်အဆင်းတွင် ယမင်းရွှေစင် နှင့် ကျွန်တော် တွေ့ဆုံခြင်း နိဒါန်းငယ်လေး အစပျိုးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က တောင်ကြီး ကောလိပ်၊ မြစ်ကြီးနားကောလိပ်၊ မကွေးကောလိပ် တို့သည် ဒီဂရီကောလိပ် မဖြစ်သေးပါ။ ကောလိပ်မှာ စာသင်နှစ် (၂) နှစ်ပြီးလျှင် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် တစ်ခုခု ရှိရာသို့ ရောက်ရှိလာရပါသည်။

       ယမင်းရွှေစင်သည် တောင်ကြီးကောလိပ်က ဆင်းလာသော ရွှေစင်ယမင်းလေး ဖြစ်သည်။ ရှမ်းမြေမြင့်မှာ နှစ်နှစ်တာ နေခွင့်ရ၍ ပါးကလေးတွေနီမြန်းပြီး ပန်းကလေးလို လှသည်။

             “ယမင်းဝတ္ထုလေးတွေ ဖတ်ကြည့်ပေးပါလား”

       အထူးပြုဘာသာရပ်ချင်း မတူသော်လည်း စာပေဝါသနာချင်းတူသောကြောင့် ကျွန်တော်နှင့် ယမင်းရွှေစင်တို့ စိတ်တူကိုယ်တူ ဖြစ်လာပါသည်။  ကျွန်တော်က ကဗျာကိုချစ် ခင်၍ ကဗျာဆရာ ဖြစ်ချင်သော်လည်း ဝတ္ထုလို ရသစာပေအဖွဲ့အနွဲ့နှင့်လည်း အလှမ်းမဝေးလှပါ။ ယမင်း၏ဝတ္ထုလေးက  ကောင်းလှချည့်ဟု လက်ဖျားမခါ လိုသော်လည်း ညံ့လှဘိဟု လက်ဝါးမကာလိုပေ။ နောက်ဆုံးအခန်းလေးတွင် အလှည့်လေးတစ်ချက် မျက်နှာဝက်ခန့် ဖြည့်စွက် ပေးရုံနှင့် ဝတ္ထုလေးက ကြည့်ပျော်ရှုပျော် ဖြစ်သွားပါသည်။

             “ဟာ… ကိုတင်အောင်ကလည်း လုပ်ချလိုက်ပြန်ပါပြီ၊ ယမင်းက နံရံကပ်စာစောင်အတွက် ပို့တဲ့ စာမူမှ မဟုတ်တာ”

       ကျွန်တော်က မြန်မာစာဌာန မြတမာနံရံကပ်စာစောင်တွင် အယ်ဒီတာအဖွဲ့ဝင်ဖြစ်ပါသည်။

              “ဝတ္ထုလေးကကောင်းတာနဲ့ နံရံကပ်စာစောင်မှာ ဖော်ပြပေးလိုက်တာပါ”

              “ကိုတင်အောင်မကောင်းဘူး၊ ယမင်းနာမည် ရင်းကြီးနဲ့ဆိုတော့ ရှက်ဖို့ကောင်းလိုက်တာ “

              “ဟဲ့… ဘာဖြစ်လဲ၊ ကိုယ့်လက်ရာ အများဖတ်ခွင့်ရတာ ပျော်ဖို့ကောင်းပါတယ် “

              “မပျော်ပါဘူး၊ ယမင်းကအချစ်ဆိုတာ ဘာမှန်းမသိဘဲ အချစ်ဝတ္ထုတွေ ရေးနေမိလို့လေ၊ လွဲလွဲမှားမှား ဖြစ်သွားရင် ရှက်စရာကြီး”

            “အချစ်အကြောင်းသိချင်ရင် ကိုယ်နဲ့ပေါင်းကြည့်ပါလား”

              “ဘာပေါင်းကြည့်ရမှာလဲ၊ သွားစမ်းပါ ၊ ယောက်ျားလေးတိုင်း အခွင့်အရေးရပြီဆို လက်မ နှေးကြဘူး၊ ကိုတင်အောင်ကို လူကြီးလူကောင်း တစ်ယောက်လို လေးစားမိတာ အကြီးအကျယ် မှားသွားပြီထင်ပါရဲ့ “

       မူလကနီမြန်းနေသော ပန်းနုရောင်ပါးပြင်ပေါ် ရှက်သွေးနီနီလေးတွေ ဖြတ်ပြေးသွားသည်။ အနီးကပ် မြင်တွေ့ရ သည်မို့  ထိုအလှတရားကို ဝါကျစာသားဖြင့် သီကုံး ဖွဲ့ဆို ရန်ပင် ဖြစ်နိုင်မည်မထင်ပါ။

              “ယမင်းမမှားပါဘူး၊ တကယ်ပါ ကိုယ်လိုအကောင်းစားလေးနဲ့ ပေါင်းကြည့်ပါလား”

             “ကဲပါ… စကားကိုအတည် ပြောစမ်းပါ၊ ယမင်းဝတ္ထုရေးလက် ဘယ်လိုရှိသလဲ “

       ယမင်းက အတည်အခန့် မေးလာတော့လည်း အပြောင်အပြက် လုပ်၍ မရတော့ပါ။

             “စာဖတ်အား နည်းနည်းလိုမယ်ထင်တယ်၊ ပြည်တွင်းနဲ့ နိုင်ငံတကာက ဝတ္ထုရေးဆရာတွေရဲ့လက်ရာစုံကို  ဖတ်ကြည့်လေ၊ ဖတ်ပြီးရေးကြည့်၊ တစ်ပုဒ်ထက်တစ်ပုဒ် လက်ရာတက်လာမှာ သေချာတယ်၊ ကိုယ်အနီးကပ် လမ်းညွှန်ပေးပါ့မယ်”

       တကယ်လည်း ယမင်းရွှေစင်၏ ဝတ္ထုလေးများသည် ကျွန်တော်တို့ မြန်မာစာဌာန မြတမာ နံရံကပ် စာစောင်မှ တစ်ဆင့် တိုင်းရင်းမေ၊ ယုဝတီ လို အမျိုးသမီးကလောင်ရှင်များ ပေါက်ဖွားရာ ဂျာနယ်များသို့ ရောက်ရှိသွားသည်။ နောက်ဆုံးနှစ်ရောက်တော့ ငွေတာရီ၊ မြဝတီ၊ သွေးသောက်လို မဂ္ဂဇင်းကြီးများမှာပင် ထည့်သွင်းဖော်ပြခံရသည်အထိ အောင်မြင်သွားလေသည်။

ယမင်းရွှေစင်၏ ဝတ္ထုအရည်အသွေး ပို၍မြင့်လာသလို ကျွန်တော်နှင့် ရင်းနှီးမှုအရောင်အသွေးသည်လည်း ပို၍ ရင့်လာသည်။ နောက်ဆုံးနှစ် စာမေးပွဲကြီးပြီးကာမှ သံယောဇဉ်ချစ်ခရီး နီးစပ်ခွင့် ရခဲ့လေတော့သည်။

* * * * *  

         မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်သည် နှစ်တွေကြာညောင်းလာသည်နှင့်အမျှ ဥပဓိရုပ်လည်းပို၍ ကြည့်ကောင်း လာသည်။ ၁၉၈၈-ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတော်အစိုးရက လေးထပ်စာ သင်ဆောင်ကြီး၊ ရန်ကုန် မန္တလေး လမ်းမကြီး နှင့် ဆက်သွယ်ပေးသော ခြောက်လမ်းသွား အဓိပတိ လမ်းမကြီး၊ ထိုလမ်းကြီး၏ မြောက်ဘက်ခြမ်းရှိ ဘွဲ့နှင်းသဘင် အဆောက်အအုံ သစ်ကြီးတို့ကို တည်ဆောက်ပေးခဲ့သည်။

       ကျွန်တော်တို့တုန်းကတော့ ဘွဲ့နှင်းသဘင်ခန်းမဆိုတာ သတ်သတ်မှတ်မှတ် မရှိပါ။ ကျွန်တော်နှစ်နှစ်တာမျှ ကွန်းရိပ်ခိုဖူးသော ရွှေပြည်အေးဆောင်အရှေ့ဘက်က အားကစားရုံကြီးကိုသာ ဘက်စုံသုံးအဆောက်အအုံအဖြစ် အသုံးပြုခဲ့သည်။ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ စာပေဆုပေးပွဲ၊ စကားရည်လုပွဲ၊ ဆရာကန်တော့ပွဲ၊ ဘွဲ့နှင်းသဘင်စသည့် အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲလို အကအလှ အပြအသ စုံညီသည့် ပွဲလမ်းသဘင် ဆင် ယင်ကျင်းပခြင်းများဖြင့် စည်ကားသိုက်မြိုက်ခဲ့ဖူးသည်။ ယခုတော့ ထိုအားကစားရုံက သော့တွေပိတ်ထားသည်။ ချုံနွယ်တွေက ပတ်ပတ်လည် ဝန်းရံနေသည်။ အဟောင်းပစ်၍ အသစ်ရှာကြသော ခေတ်ကာလကိုး။

       ကျွန်တော်၏  ခြေလှမ်းတို့သည် တက္ကသိုလ် ဗုဒ္ဓဘာသာ ဓမ္မာရုံအသစ်ကြီးဆီသို့ ဖြစ်သည်။ ထိုဓမ္မာရုံသစ်ကို နိုင်ငံတော်အစိုးရ မတည်ငွေဖြင့် တည်ဆောက်ခြင်းမဟုတ်ဘဲ မိဘပြည်သူများနှင့် ဆရာ၊ ဆရာမတို့ လှူဒါန်းသော အလှူငွေများ၊ စာပေးစာယူနှင့် အဝေးသင်ကျောင်းသူ ကျောင်းသားတို့၏ နှစ်အလိုက် လှူဒါန်းငွေများဖြင့် တည်ဆောက် နိုင်ခဲ့ပါသည်။  ဓမ္မာရုံကြီး၏ပလ္လင်ပေါ်တွင် တည်ထားကိုးကွယ် အပူဇော်ခံထားသော ဗုဒ္ဓရုပ်ပွား ဆင်းတုတော်မြတ် ကြီး၏ အလှူရှင်မှာ မန္တလေးတက္ကသိုလ်ကို အလှပဆုံးဖြစ်အောင် ရုပ်လုံးဖော်ပေးခဲ့သော ဆရာကြီး ဦးကိုလေးနှင့် ဇနီးဒေါ်သန်းခင်တို့ဖြစ်သည်။

            “ဘယ်သူနဲ့ တွေ့ချင်ပါသလဲရှင် “

       ဓမ္မာရုံကြီးကို စောင့်ရှောက်ထိန်းသိမ်းသည့် လုံခြုံရေးအဖွဲ့လည်း မဟုတ်သော အသက်ထက်အရွယ်က နုပျိုနေသေးပုံရသည့် အမျိုးသမီးနှစ်ယောက်က  ကျွန်တော့်ရှေ့တွင်ပိတ်ရပ်ကာ မျက်နှာထားတည်တည်ကြီးဖြင့် မေးမြန်းလာသည်။

            “ဓမ္မာရုံကြီးပေါ်က ဆရာကြီးဦးကိုလေး လှူဒါန်းထားတဲ့ ဘုရား‌ဆင်းတုတော်ကို ဖူးတွေ့ချင်လို့ပါ”

            “ဘုရားဖူးရင်း လိပ်ဥတူးဖို့ အစီအစဉ်ကော မပါဘူးလား “

               “ဗျာ….”

       ရုတ်တရက်တော့ ကြောင်သွားသည်။ သူမတို့ နှစ်ယောက်၏မျက်နှာကို  မြင်ဖူးသလိုလို ရင်းနှီးဖူးသလိုလို စိတ်ဝယ်ထင်မြင်နေမိသည်။ အရွယ်က ဇရာ၏ ဝါးမျိုခြင်း ခံရသော်ငြားလည်း လှရိပ် ရွှန်းစိုခဲ့ဖူးသော ပျိုရွယ်မှု အလှတရားလေးများကို တွေ့နိုင်ပါဦးမလားဟု ရှာဖွေနေမိသည်။

            “ဖေဖေရောက်လာပြီလား “

       သူမတို့နောက်ကွယ်က ချစ်သမီးလေး၏ ခေါ်သံကြားမှ မြင်ဖူးသလိုရှိသော သူမတို့၏ရုပ်ပုံလွှာ ရှာပုံတော်ခရီးကို ရပ်တန်းကရပ်လိုက်ရတော့သည်။

       နယ်တက္ကသိုလ်က  ရာထူးတိုးမြင့်ကာ ရတနာပုံတက္ကသိုလ်သို့ ပြောင်းရွှေ့လာသော  မြန်မာစာ ပါမောက္ခ လဲ့ဝင်းရွှေစင်၏ ပြုံးရွှင်ရယ်မောဟန်က ကျွန်တော်၏ရင်ကို ချမ်းမြငြိမ်းအေးစေသည်။ သမီးလေး၏မိ ခင် ချစ်လှစွာသော ဇနီးချော ယမင်းရွှေစင်သာ သက်ရှိထင်ရှားရှိသေးလျှင် ဘယ်လောက်များ ပျော်ရွှင် ချမ်းမြေ့မှာပါလိမ့်။

        ကျွန်တော်တို့ဘွဲ့ယူသည့် ၁၉၇၃ခုနှစ်တွင် မြန်မာစာပါမောက္ခဆရာကြီးဦးချမ်းမြ ပင်စင်ယူသည့်နှစ်နှင့် တိုက်ဆိုင်နေသည်။ ကျွန်တော်တို့သည် ဆရာကြီး၏ နောက်ဆုံးတပည့်များဟု ဆိုရပါမည်။ ကျွန်တော်တို့ တစ်နှစ်တည်း မြန်မာစာအထူးပြုဖြင့် ဘွဲ့ယူခဲ့ကြသူများမှာ စာပေလောကစင်မြင့်သို့ကျွန်တော်အပါအဝင် စစ်တွေညိုသန့်၊ မောင်ခွန်နွယ်(အင်းလေး)၊ မန္တလာဝင်းသန်းတို့ ရောက်ရှိခဲ့ကြသည်မှာလည်း အမှတ်တရပါပဲလေ။

       ကျွန်တော်တို့ သားအဖကို ချစ်လျက်နှင့်ထားရစ်ကာ ကွယ်လွန်သွားရှာသော ချစ်ဇနီးလေးကို  လွမ်းစိတ်နှင့် ဆွေးမိသည်။ သမီးလေးကိုထွေးပွေ့ကာ ပြုံးရွှင်ရယ်မောရင်း သောကမျက်ရည် ဝန်းဝန်းလည်နေမိသည်။

           “ရှင့်ရဲ့ဇနီးချောလေး လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ကွယ်လွန်သွားတာကိုတော့ နာမည်ကျော် ကဗျာဆရာရဲ့ဇနီး နာမည်ကြီးစာရေးဆရာမမို့ တစ်တိုင်းတစ်ပြည်လုံးက မသိသူမရှိသလောက်ပါပဲရှင်၊ ဒါနဲ့သမီးလေးရဲ့ မိခင်နေရာ အစားထိုးဖို့  အန်တီတို့နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးလိုပါသလဲရှင် “

       သူမတို့နှစ်ယောက်၏ ဟာသပြောင်မြောက်မှုက ကျွန်တော်၏ လွမ်းဆွေးသောက ဗျာပါရမျက်ရည်တို့ ခြောက်သွေ့စေသည်။

            “သမီးလေးနဲ့ ဓမ္မာရုံထဲမှာ တွေ့ဆုံပြီး ဖအေကြီးလာမယ်ဆိုတာကို ကြိုသိထားလို့ ခုလို ကျွန်မတို့နှစ်ယောက် အကြောင်ရိုက်မိတာကို ခွင့်လွှတ်ပါရှင်၊ ဒါနဲ့ ကျွန်မတို့နှစ်ယောက်ကို ရှင်မြင်မြင်ချင်း မမှတ်မိတာကို စိတ်ဆိုးချင်တယ်၊ ရှင်ပဲကျွန်မကို ချစ်ရေးဆိုဖူးတယ်လေ”

             “ဟောဗျာ၊ မြတ်ဝတ်ရည်သင်းက ဒီလိုပုံပန်း ဖြစ်သွားပြီတဲ့လားဗျာ “

             “ရှင့်ပုံကကော ဟိုတုန်းကလို ကြည့်လို့ကောင်းတဲ့ ရုပ်ပုံလွှာတွေ ပျောက်ဆုံးသွားတာကိုကော သတိထားမိရဲ့လား၊ ကျွန်မကို ကဗျာလေးတစ်ပုဒ်နဲ့ ပဟေဠိလုပ်ပြီး နှုတ်ဆက်သွားတာကော “

              “ဟာ…မြစံပယ်ငုံ ရယ် ငယ်ရုပ်ကိုဖမ်းလို့ မရအောင်ပါပဲလား”

       ငယ်ချစ်ဟောင်းများနှင့် နှစ်ပေါင်းများစွာ ကွဲကွာသွားရာက ပြန်လည်တွေ့ဆုံပွဲသည် သမီးလေးရှေ့မှာမို့ မျက်နှာပူစရာတော့ ကောင်းပါသည်။

              “သမီးလေးရဲ့မိခင်အဖြစ် ဟောဒီက အငြိမ်းစားပါမောက္ခ ဆရာမနှစ်ယောက်ထဲက ဘယ်သူ့ကို မဆို ရွေးချယ်ချင်ပါတယ်ရှင်”

       သမီးလေးက ပျော်ပျော်ရွှင်ရွှင်ဖြင့် သူမတို့နှစ်ယောက်ကို ခေါ်ခေါ်ငင်ငင်ပြန်လုပ်သည်။

            “မလုပ်လိုက်ပါနဲ့သမီးရယ်၊ သမီးဖေဖေက အကျင့်ကောင်းတာမဟုတ်ဘူး၊ အန်တီတို့ နှစ်ယောက်စလုံးကို ယူမယ်ဆိုရင်ကော “

             “အန်တီတို့ နှစ်ယောက်စလုံးကိုပဲ မေမေတော်လိုက်မှာပေါ့ “

              “သမီးလေးကို အန်တီတို့ နှစ်ယောက်ရဲ့ဖက်စပ်သမီး တော်နိုင်ပါတယ်ကွယ်၊ ဒါပေမဲ့ သမီးဖေဖေကိုတော့ ဖက်စပ်လင်ယောက်ျားမတော်နိုင်ပါဘူးတဲ့ရှင် “

              “ကဲ… ကဲ… ငယ်ဟောင်းနှောင်းဖြစ်လေးတွေပြောရင်း  စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ ညစာစားပွဲလေး ကျင်းပလို့ အလွမ်းသယ်ကြပါစို့လား “

       ကျွန်တော့်အဆိုပြုချက်ကို အားလုံးက သဘောတူ ထောက်ခံကြပါသည်။ ငယ်ငယ်က ချစ်လိပ်ပြာလေး သိက္ခာမဲ့စွာ ပျံကာဝဲရင်း ချစ်ပန်းလေးနှစ်ပွင့်ဆီ အာရုံညွှတ်နူးခဲ့ဖူးသည်ကို တွေးမိသည်။ ကွယ်လွန်သွားရှာပြီဖြစ်သော ချစ်ဇနီးချောလေး ယမင်းရွှေစင်ကတော့ တမလွန်ဘဝရောက်နေ၍ ကျွန်တော်တို့၏တွေ့ဆုံပွဲကို မျက်ရည် လေးတဝဲဝဲဖြင့် သူမပါဝင်ဆင်နွှဲခြင်းမပြုနိုင်သောကြောင့် အသည်းဆတ်ဆတ်ခါနာလေရော့သလား မပြောနိုင်ပါ။

       ဪ- ငယ်ကကျွမ်းသည့် လွမ်းအိပ်မက်တွေ အမြဲတစေမက်ရသော မိခင်မန်းတက္ကသိုလ်၊ ခုဆို နှစ်တစ်ရာ ပြည့်‌လေပြီ။

Click to rate this post!
[Total: 2 Average: 5]