The Corner

The Corner

cropped-Logo_round_grey-background.png

AI စီစဉ်ပေးတဲ့ ဘရူဂဲစ် အပန်းဖြေ ခရီး

Share မယ်

ခရီးသွားဖို့ စီစဉ်ရတာက အလုပ်ရှုပ်ဆုံးအပိုင်းပဲ။ ဘယ်သွား၊ ဘယ်လာ၊ ဘယ်တည်း၊ ဘာစားရမှန်း မသိတာနဲ့တင် အချိန်တွေကုန်နေ တတ်တာပါ။ ဒါပေမဲ့ အခုခေတ်မှာတော့ AI လုပ်ငန်းတွေဖြစ်တဲ့ OpenAI က Operator နဲ့ Anthropic က Claude တို့လို ခရီးစဉ် စီစဉ်ပေးနိုင်တဲ့ AI တွေ ပေါ်လာပြီဆိုတော့ ခေါင်းစားစရာမလိုတော့ဘူးလို့ ဆိုတယ်။ Anthropic ရဲ့ Claude AI မှာ “ကွန်ပျူတာ သုံးနိုင်တဲ့ စွမ်းရည်” (Computer Use) ဆိုတာ လူတွေလိုပဲ ကွန်ပျူတာ screen ကိုကြည့်ပြီး mouse ရွှေ့တာ၊ click နှိပ်တာ၊ စာရိုက်တာမျိုးတွေ လုပ်နိုင်တာကို ပြောတာပါ။ ဒါဟာ AI ကိုယ်တိုင်က အင်တာနက်ပေါ်က ဖောင်တွေဖြည့်တာ၊ ခရီးစဉ်လက်မှတ်တွေ ဘွတ်ကင်လုပ်တာ စတဲ့ အလုပ်တွေကို သူ့ဘာသာသူ အလိုအလျောက်လုပ်ဆောင်နိုင်အောင် လုပ်ပေးတဲ့ စွမ်းရည်တစ်ခုပါပဲ။

ဒါဆို တကယ်ရော AI agent အသုံးဝင်ရဲ့လားဆိုတာ သိချင်လို့ ခရီးတိုလေးတစ်ခု စီစဉ်ခိုင်းကြည့်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်တော်က ChatGPT Pro သုံးတာဆိုတော့ Operator ကိုပဲ အသုံးပြုပြီး စမ်းကြည့်ခဲ့တယ်။ ကျွန်တော့်ကို ငွေကုန်ကြေးကျ သက်သာတဲ့ ခရီးစဉ်တစ်ခု စီစဉ်ပေးဖို့၊ အစားအသောက် ကောင်းကောင်းရမယ့်နေရာနဲ့ အနုပညာနဲ့ ပတ်သက်တဲ့နေရာတွေကို ရထားနဲ့သွားလို့ရအောင် လုပ်ပေးဖို့ မှာလိုက်တယ်။ စိတ်ဝင်စားဖို့ကောင်းတာက သူ့ရဲ့ လုပ်ဆောင်ပုံကို ကျွန်တော် တိုက်ရိုက်မြင်နေရတာပဲ။ ကျွန်တော့်လိုပဲ သူကလည်း browser ဖွင့်ပြီး ရထားနဲ့သွား လို့ရတဲ့နေရာတွေကို လိုက်ရှာတယ်။ ဆောင်းပါး နှစ်ပုဒ်လောက်ဖတ်ပြီးတော့ ပါရီ(Paris) နဲ့ ဘရုဂဲစ် (Bruges) ဆိုပြီး ရွေးချယ်စရာနှစ်ခု ပေးလာတယ်။

ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ပါရီ မြို့ဟာ ကမ္ဘာမှာ အနုပညာ၊ ဖက်ရှင်၊ အစားအသောက်နဲ့ ယဉ်ကျေးမှုတို့ရဲ့ ဗဟိုချက်လို့ ပြောလို့ရပါတယ်။ ဒီမြို့ရဲ့ ၁၉ ရာစုကတည်းက တည်ဆောက်ထားတဲ့ မြို့ပြပုံစံက ကျယ်ပြန့်တဲ့ လမ်းမကြီးတွေနဲ့ Seine မြစ်တို့က ဖြတ်သန်းနေပါတယ်။

ဘယ်ဂျီယံနိုင်ငံရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ West Flanders ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ Bruges မြို့က တူးမြောင်းတွေ၊ ကျောက်လမ်းလေးတွေနဲ့ အလယ်ခေတ်က အဆောက်အအုံတွေကြောင့် ထူးခြားလှပပါတယ်။ အဲဒီလို ရှေးဟောင်းအဆောက်အအုံတွေနဲ့ ရေလမ်းကြောင်းတွေ ပေါင်းစပ်နေတာကြောင့် “မြောက်ပိုင်းရဲ့ ဗင်းနစ်မြို့” လို့လည်း လူသိများပါတယ်။

ကျွန်တော်က “ပါရီကို မကြာသေးခင်ကမှ သွားခဲ့သေးတယ်” လို့ စာရိုက်လိုက်တော့ သူက “ဒါဆို ဘရုဂဲစ်ကို သွားမယ်” ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ Operator က Eurostar ဝက်ဘ်ဆိုက်မှာ ရထားအချိန်တွေ လိုက်ရှာတယ်။ ဘရပ်ဆဲလ် (Brussels) ကိုသွားပြီး ဘယ်ဂျီယံ (Belgium) ထဲမှာ ဆက်သွားလို့ရမယ့် အသွားအပြန်လက်မှတ်တစ်ခု ရှာပေးတယ်။ ဒါပေမဲ့ ရထားအချိန်တွေကိုတွေ့တော့ ကျွန်တော် ဝင်ပါလိုက်ရတယ်။ စနေနေ့ မနက်စောစောသွားပြီး တနင်္ဂနွေနေ့ မနက်စောစော ပြန်လာမယ့်အချိန်တွေဖြစ်နေတော့ ဒီလိုဆိုရင် စနေ၊ တနင်္ဂနွေကို အပြည့်အဝ အသုံးချရာ ရောက်မှာမဟုတ်ဘူးလို့ ကျွန်တော် ပြောလိုက်တယ်။ ကျွန်တော့်စကားကြောင့် သူက အပြန်ခရီးအတွက် ညဦးပိုင်းအချိန် ခရီးစဉ်ကို ထပ်ရှာပေးပြန်တယ်။

အခုထိတော့ Operator ကို အထင်ကြီးနေမိတုန်းပဲ။ ဒါပေမဲ့ ခရီးမသွားခင် ကျွန်တော်ပြက္ခဒိန်ကို သေချာပြန်စစ်ကြည့်ဖို့ လုပ်နေခဲ့တာ။ ပြန်လာတဲ့အခါမှာတော့ စကားပြောနေတဲ့ session က အချိန်ကုန်သွားပြီ။ ChatGPT နဲ့မတူတာက Operator ဟာ အလုပ်တစ်ခုပြီးတာနဲ့ စကားပြောခန်းကို ပိတ်ပစ်လိုက်တာကြောင့် ကျွန်တော် အစကနေ ပြန်စ ရတော့တယ်။ ကိုယ် အားကိုးရတဲ့ ခရီးသွားအကူအညီက အခြားတစ်ယောက်ဆီ လွှဲပေးလိုက်ရသလိုမျိုး ခံစားရပြီး စိတ်ထဲမှာ နည်းနည်း မကျေနပ်ဖြစ်သွားမိတယ်။ ဒီလိုနဲ့ပဲ ရထားလက်မှတ်ခတွေလည်း ပြောင်းသွားတာကြောင့် ကျွန်တော်က AI နဲ့ ဈေးဆစ်နေရပြန်တယ်။ “ပိုပြီးသက်သာတာလေး ရှာပေးလို့မရဘူးလား” ပေါ့။

Operator ရဲ့ အားနည်းချက်တွေနဲ့ ကိုယ်တွေ့အတွေ့အကြုံ

နောက်ဆုံးတော့ လက်မှတ်တွေရွေးပြီး ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ငွေပေးချေမှု အသေးစိတ်ကိုတော့ ကျွန်တော်ကိုယ်တိုင် ထည့်လိုက်တယ်။ (AI ကို မျက်စိမှိတ်ပြီး တစ်နိုင်ငံကနေ တစ်နိုင်ငံကို ခရီးစဥ်စီစဥ်‌ ပေးဖို့ ယုံကြည်ပေမယ့် ကျွန်တော့်ရဲ့ နိုင်ငံကူးလက်မှတ်အချက်အလက်ကိုတော့ မပေးနိုင်သေးဘူးလေ။)

ရထားလက်မှတ်တွေ ဘွတ်ကင် လုပ်ပြီးတာနဲ့ Operator က သူ့အလုပ်ပြီးသွားပြီလို့ ထင်လိုက်တာ။ ဒါပေမဲ့ “ကျွန်တော့်အတွက်  တည်းခိုဖို့နေရာ လိုသေးတယ်” လို့ ကျွန်တော်က သတိပေးလိုက်တယ်။ “ဟိုတယ် ဘွတ်ကင် လုပ်ပေးနိုင်မလား” ပေါ့။ အသေးစိတ်အချက်အလက်တွေ ထပ်တောင်းတော့ “ဈေးအသက်သာဆုံး၊ သက်သောင့်သက်သာ အရှိဆုံးနဲ့ နေရာကောင်းကောင်းဖြစ်ရမယ်” လို့ ကျွန်တော်က ပြောလိုက်တယ်။ ဟိုတယ် တွေကို နှိုင်းယှဉ်ရတာကို  ကျွန်တော် မကြိုက်တော့ သူ Booking.com မှာ လိုက်ရှာနေတာကို ပျော်ပျော်ကြီး လွှတ်ပေး ထားလိုက်တယ်။ ရက်စွဲမှားသွားတာကို တွေ့ပေမယ့် မပြောဘဲနေလိုက်တော့ သူက သူ့ဘာသာသူ ပြန်ပြင်သွားတယ်။

သူက Ibis Listing  ဟိုတယ် စာရင်းကို အကြာကြီး ကြည့်နေသေးပေမယ့် နောက်ဆုံးမှာတော့ Martin’s Brugge လို့ခေါ်တဲ့ ကြယ်သုံးပွင့်ဟိုတယ် ကို ရွေးချယ်လိုက်တယ်။ သုံးစွဲဖူးသူတွေရဲ့ သုံးသပ်ချက် အရ ဒီဟိုတယ်က နေရာအရမ်းကောင်းတယ်လို့ မှတ်ချက်ပြုထားတယ်။ အခုဆိုရင် ခရီးသွားအစီအစဉ် (itinerary) တစ်ခုပဲ လိုတော့တယ်။ ဒီနေရာမှာတော့ Operator က အရှိန်လျော့သွားပုံရတယ်။ သိပ်ပြီးတော့ အားရစရာမရှိတဲ့ တစ်ရက်စာ အစီအစဉ်တစ်ခုပဲ ပေးတယ်။ ဒီအစီအစဉ်ကလည်း သက်သတ်လွတ် ခရီးသွား ဘလော့ဂ် တစ်ခုကနေ ကူးယူထားတယ်လို့ ယူဆရတယ်။ ဒုတိယနေ့အတွက်ကျတော့ “ကျန်ရှိနေသေးတဲ့ လည်ပတ်စရာနေရာတွေနဲ့ ပြတိုက်တွေကို သွားပါ” လို့ အကြံပေးထားတယ်။ “တကယ်ကို ကျေးဇူးပါပဲ” လို့ ပြောရမလို ဖြစ်သွားခဲ့တယ်။

ခရီးထွက်မယ့်နေ့ ရောက်တော့ မနက် ၄ နာရီခွဲ မှာ အိပ်ရာကနေ အတင်းထရတယ်။ မနက်စောစောထွက်တဲ့ ခရီးစဉ်တွေကို ကျွန်တော် ဘာကြောင့်ရှောင်တာလဲဆိုတာကို အဲဒီအခါကျမှ ပြန်သတိရမိတယ်။ ဘရပ်ဆဲလ် (Brussels) ကိုတော့ အဆင်ပြေပြေနဲ့ပဲ ရောက်တယ်။ ကျွန်တော့်လက်မှတ်က ဆက်သွားလို့ရပေမယ့် ဘယ်နေရာကနေ သွားရမှန်း မသိဘူးဖြစ်နေတယ်။ ဖုန်းထဲမှာ Operator ကို ဖွင့်ပြီး ဘရုဂဲစ် (Bruges) ကို သွားမယ့် နောက်ရထားက ဘယ် platform ကနေ ထွက်လဲလို့ မေးလိုက်တယ်။ သူက ဘယ်ဂျီယံ ရထား အချိန်စာရင်းတွေကို ရှာနေတယ်။ မိနစ်အနည်းငယ်ကြာတဲ့အထိ သူက ရှာနေတုန်းပဲ။ ကျွန်တော် အပေါ်ကို မော့ကြည့်လိုက်တော့ ဘူတာရုံရဲ့ display မှာ အသေးစိတ်တွေကို မြင်လိုက်ရတယ်။ Operator က ရှာမပြီးခင်မှာ ကျွန်တော်က ရထားပေါ်တောင် ရောက်နေပြီ။

ဘရုဂဲစ်က တကယ်ကို လှပတယ်။ ဒါပေမဲ့ Operator ရဲ့ အားနည်းတဲ့ အစီအစဉ်ကြောင့် ကျွန်တော်ကိုယ်တိုင် ထပ်ပြီး ရှာဖွေရတယ်။ ကျွန်တော် နားလည်လိုက်တာက ဒီလိုမျိုး သုတေသနလုပ်တဲ့အလုပ်က Large Language Model (LLM) အတွက် အကောင်းဆုံးပဲ။ Operator လိုမျိုး လုပ်နိုင်စွမ်းတွေတောင် မလိုဘူး။ Operator ရဲ့ အစ်ကိုကြီးဖြစ်တဲ့ ChatGPT က ကျွန်တော့်ကို အချိန်အလိုက် အစီအစဉ်ကို အသေးစိတ် ပိုပေးနိုင်တယ်။ ဘယ်မှာ စားရမလဲဆိုတဲ့ အကြံပြုချက်တွေသာမက ဘာစားရမယ်ဆိုတာပါ (ဥပမာ- De Halve Maan ဘီယာချက်စက်ရုံမှာ Flemish stew လို့ခေါ်တဲ့ စွပ်ပြုတ်ကို စားဖို့) အကြံပေးတယ်။ De Halve Maan (Half Moon လို့ အဓိပ္ပာယ်ရ) ဘီယာချက်စက်ရုံဟာ ဘရုဂဲစ်မြို့ရဲ့ သမိုင်းဝင် နေရာတစ်ခုဖြစ်ပြီး ၁၈၅၆ ခုနှစ်ကတည်းက တည်ရှိခဲ့တာပါ။ ဒီစက်ရုံဟာ သူ့ရဲ့နာမည်ကျော် Brugse Zot နဲ့ Straffe Hendrik ဘီယာတွေကြောင့် လူသိများပါတယ်။

ဒီဘီယာချက်စက်ရုံကို လာရောက်လည်ပတ်သူတွေဟာ စက်ရုံရဲ့ ဘီယာချက်လုပ်ပုံအဆင့်ဆင့်ကို လေ့လာနိုင်သလို စက်ရုံရဲ့ စားသောက်ဆိုင်မှာ ဒေသခံဟင်းလျာတွေကိုပါ မြည်းစမ်းနိုင်ပါတယ်။ အဲဒီထဲမှာမှ အကျော်ကြားဆုံးကတော့ Flemish stew ဘယ်ဂျီယံ ရိုးရာဟင်းလျာတစ်မျိုးပါ။

Google ရဲ့ Gemini နဲ့ Anthropic ရဲ့ Claude ကိုလည်း စမ်းကြည့်တော့ သူတို့ရဲ့ အစီအစဉ်တွေကလည်း အလားတူပဲ။ ဈေးရုံကို လမ်းလျှောက်သွားပါ၊ ဘုရားကျောင်းကို သွားပါ၊ Basilica of the Holy Blood ဘုရားကျောင်းကို သွားပါပေါ့။

ဘရုဂဲစ် (Bruges) က သေးငယ်တဲ့ မြို့လေးဖြစ်တော့ ဒီအစီအစဉ်တွေက ခရီးသွားတွေ အများဆုံးသွားနေကျ လမ်းကြောင်းတွေပဲလား၊ ဒါမှမဟုတ် AI model တွေက သတင်းအချက်အလက်တွေကို တစ်နေရာတည်းကနေပဲ ကူးယူထားတာလားဆိုတာ ကျွန်တော် တွေးမိတယ်။

နေ့လယ်စာစားပြီးတော့ ကျွန်တော် အရှုံးပေးလိုက်တယ်။ ChatGPT ရဲ့ အစီအစဉ်အတိုင်းဆိုရင် နေ့လယ်ခင်းမှာ ကျွန်တော်က လှေစီးပြီး ဓာတ်ပုံရိုက်ရမယ်၊ ပြီးတော့ ပြတိုက်သွားရမယ်ပေါ့။ ဒါက မနက် ၄ နာရီခွဲ ကတည်းက အိပ်ရာထခဲ့ရတဲ့ လူတစ်ယောက်အတွက်တော့ ကိုယ်ခံအားကို အတော်လေး အထင်ကြီးလွန်းနေပြီ။ ဒါကြောင့် ကျွန်တော်ဟိုတယ်မှာပဲ အနားယူဖို့ သွားလိုက်တယ်။ ဟိုတယ်ကတော့ သာမန်ပဲ၊ ဒါပေမဲ့ နေရာကတော့ တကယ်ကို အဆင်ပြေတယ်။ Operator ရဲ့ ပျင်းရိတဲ့ အစီအစဉ်တွေကို ကျွန်တော် သဘောကျလာပြီး ကျန်နေသေးတဲ့ နေရာတွေကို နောက်နေ့မှပဲ သွားတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

နောက်ဆုံးအလုပ်အနေနဲ့ ဈေးမကြီးဘဲ ဒေသအစားအစာကောင်းကောင်းရနိုင်တဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာအတွက် ကြိုတင်မှာကြားပေးဖို့ ကျွန်တော် Agent ကို တောင်းဆိုလိုက်တယ်။ ဘွတ်ကင် လုပ်တဲ့အခါ dropdown menu ကြောင့် သူနည်းနည်းလေး ကမောက်ကမဖြစ်သွားပေမယ့် ကျွန်တော် အားပေးလိုက်တော့ သူ အဆင်ပြေအောင် လုပ်သွားနိုင်တယ်။

Dropdown menu ဆိုတာ ကွန်ပျူတာပရိုဂရမ် ဒါမှမဟုတ် ဝက်ဘ်ဆိုက်တစ်ခုမှာ ခလုတ်လေးကို နှိပ်လိုက်ရင် ရွေးချယ်စရာတွေ စာရင်းလိုက်ကျလာပြီး ကိုယ်လိုချင်တဲ့ အရာကို ရွေးလို့ရပါတယ်။

AI ဟာ စာရေးသားတဲ့ပုံစံမျိုးကို ကောင်းကောင်းနားလည်ပေမယ့် dropdown menu လို ဂရပ်ဖစ်နဲ့ ဆက်သွယ်ရတဲ့ အင်တာဖေ့စ်တွေကို လူသားတစ်ယောက်လိုသေချာနားမလည်တာမျိုး ဖြစ်နိုင်ပါတယ်။

ခရီးသွားတွေအများဆုံးသွားနေကျ နေရာတွေကို ကျော်ပြီး လူသိနည်းတဲ့ နေရာတစ်ခုကို ရောက်သွားတော့ တော်တော်လေး အထင်ကြီးသွားတယ်။  ဒါက တကယ်ကို ရှာရခက်တဲ့ နေရာကောင်းလေးတစ်ခုပဲ။ TripAdvisor ဒါမှမဟုတ် The Fork လိုမျိုး ထင်ရှားတဲ့ လမ်းညွှန်တွေရဲ့ ထိပ်ဆုံး ၁၀ နေရာစာရင်းမှာ ပါပုံမရဘူး။ TripAdvisor နဲ့ The Fork ဆိုတာက ခရီးသွားလာရေးနဲ့ စားသောက်ဆိုင်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုစည်း ပေးထားတဲ့ နာမည်ကျော် ဝက်ဘ်ဆိုက်တွေ ဖြစ်ပါတယ်။

အိမ်အပြန်ရထားပေါ်မှာ ကျွန်တော့်ရဲ့အတွေ့အကြုံကို ပြန်ဆန်းစစ်ကြည့်တယ်။ AI agent ကိုတော့ ကြီးကြပ်ဖို့ လိုတယ်။ သူက အလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ဖို့ ရုန်းကန်ရပြီး ဥပမာ – အစောဆုံးရထားလက်မှတ်ကို ဘွတ်ကင် လုပ်တာလိုမျိုး သာမန်ဉာဏ်ရည်တွေလည်း နည်းနည်းလေး ချို့တဲ့နေတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချတာကို လက်ထောက်တစ်ယောက်ဆီ လွှဲပြောင်းပေးလိုက်ရတာက လန်းဆန်းစေတယ်။ အဆုံးမရှိတဲ့ စာရင်းတွေကို လိုက်ကြည့်ရတာထက် ရွေးချယ်စရာ နည်းနည်းကိုသာ ရွေးချယ်ပေးနိုင်တဲ့ အကူအညီက အတော်လေး အဆင်ပြေတယ်။

အခုအချိန်မှာ လူတွေက AI ကို စိတ်ကူးစိတ်သန်းရဖို့အတွက်ပဲ အဓိက သုံးကြတယ်လို့ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်သည်အသင်း ABTA က Emma Brennan က ပြောတယ်။ လူသားတွေရဲ့ ထိတွေ့မှုလောက်တော့ မကောင်းသေး ဘူးတဲ့။ “တစ်ခုခုမှားယွင်းသွားရင် အကူအညီပေးနိုင်မယ့်သူတစ်ယောက်ကို လိုချင်တဲ့အတွက် ခရီးသွားလုပ်ငန်း ကိုယ်စားလှယ် (travel agents) တွေနဲ့ Booking လုပ်တာ ပိုများလာပါတယ်” လို့ သူက ပြောတယ်။

အနာဂတ်မှာ AI ကိရိယာတွေက ရှာဖွေရေးအင်ဂျင်တွေနဲ့ လူမှုကွန်ရက်တွေရဲ့ နေရာကို ရယူသွားနိုင်တယ်လို့ လွယ်လွယ်ကူကူ တွေးကြည့်လို့ရတယ်။ ခရီးသွားလုပ်ငန်းတွေကလည်း AI ကနေ အကြံပြုချက်တွေထဲမှာ သူတို့ရဲ့အမည် ပါဝင်လာဖို့ အပြိုင်အဆိုင် ကြိုးစားလာကြမှာပေါ့။ “အနာဂတ်မှာ Google ဟာ အရာရာတိုင်းအတွက် အခြေခံအကျဆုံးအရာတော့ ဖြစ်တော့မှာ မဟုတ်ဘူး” လို့ MindTrip ရဲ့ CEO Andy Moss က ပြောတယ်။

ဒီလိုစွမ်းအားမျိုးကို စက်ပစ္စည်းကို ပေးဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်ပြီလား။ ဒါပေမဲ့ AI သင်္ဘောကတော့ ထွက်ခွာသွားခဲ့ပြီပဲ။ ကျွန်တော်ကိုယ်တိုင် ခရီးစဉ်စီစဉ်တဲ့အခါမှာ စားသောက်ဆိုင်တစ်ဆိုင်ရဲ့ Google rating ကို အလိုအလျောက် စစ်ဆေးမိတယ်။ ဟိုတယ်တစ်ခုကို Instagram မှာ ကြည့်မိတယ်။ ဒါမှမဟုတ် လည်စရာ နေရာတစ်ခုရဲ့ TripAdvisor သုံးသပ်ချက်တွေကို ဖတ်မိတယ်။

ကျွန်တော့်ရဲ့ AI ခရီးစဉ်ကို စတင်တော့ ဖုန်းမျက်နှာပြင်ကို ကြည့်ရင်း အချိန်ပိုကုန်သွားမှာကို ကျွန်တော် စိုးရိမ် ခဲ့မိပါတယ်။ ဒါပေမဲ့  တကယ်တမ်းကျတော့ ကျွန်တော် အချိန်လျော့ပြီး သုံးခဲ့မိတာကို ခရီးစဉ် ပြီးဆုံးသွားတဲ့ အခါမှာတော့ သဘောပေါက်လိုက်ရတယ်။

Photo: Pexels

ခြုံငုံကြည့်ရင် –

၁။ AI က မစုံလင်သေးပေမယ့် ကူညီပေးနိုင်တယ်။

ခရီးစဉ်တစ်ခု စတင်ဖို့၊ ရွေးချယ်စရာတွေကို ဖြည့်ပေးဖို့နဲ့ ခေါင်းစားစရာအလုပ်တွေကို လျှော့ချပေးနိုင်ဖို့အတွက်တော့ အထောက်အကူပြုပါတယ်။

၂။ လူသားရဲ့ ထိန်းချုပ်မှုက အရေးကြီးတယ်။

AI ကို အလုပ်တစ်ခုခု အပ်လိုက်ပြီဆိုရင်တောင် ကြီးကြပ်မှု ပြုလုပ်ဖို့ လိုအပ်ပါတယ်။

၃။ AI ရဲ့ အားသာချက်ကို အသုံးချပါ။

AI ဟာ သာမန်အားဖြင့် လူတွေသိပ်မသိတဲ့၊ လူကြိုက်နည်းတဲ့ နေရာကောင်းလေးတွေကို ရှာဖွေပေးနိုင်ပါတယ်။ နာမည်ကြီး ဝက်ဘ်ဆိုက်တွေရဲ့ ထိပ်ဆုံးစာရင်းတွေထဲက အချက်အလက်တွေကိုပဲ မကူးယူဘဲ ပိုပြီးထူးခြားတဲ့ အတွေ့အကြုံမျိုးကို ရရှိစေနိုင်တာဟာ AI ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။

၄။ အချိန်ကို ချွေတာနိုင်တယ်။

ခရီးသွားဖို့ စီစဉ်တဲ့အခါ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေနဲ့ လည်ပတ်စရာနေရာတွေကို လိုက်လံရှာဖွေရတဲ့ အချိန်တွေ အများကြီးမကုန် အောင်ကူညီပေးနိုင်တာကြောင့်  ခရီးစဉ်အတွေ့အကြုံကို ပိုပြီး အာရုံစိုက်နိုင်ပါတယ်။

၅။ အနာဂတ်အတွက် ပြင်ဆင်ထားပါ။

လက်ရှိမှာတော့ လူတွေက ခရီးသွားလုပ်ငန်းကိုယ်စားလှယ် (travel agents) တွေနဲ့သာ Booking လုပ်ဖို့ ပိုသဘောကျနေသေးပေမယ့် နောင်တစ်ချိန်မှာတော့ AI ကိရိယာတွေဟာ ရှာဖွေရေးအင်ဂျင်တွေနဲ့ လူမှုကွန်ရက်တွေရဲ့ နေရာကို ရယူနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ဒီလိုနည်းပညာတွေကို ဘယ်လိုအသုံးချရမယ်ဆိုတာကို ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။

SOURCE:  I let AI agents plan my vacation —  and it wasn’t terrible, Wired Magazine

Click to rate this post!
[Total: 1 Average: 5]