အဖိနှိပ်ခံ ပြည်သူတွေကိုယ်စား ပေးတဲ့ဆု (သို့မဟုတ်) ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်
မာရီယာ ကိုရီနာ မာချာဒို ရရှိသွားတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု
၂၀၂၅ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ ရလိမ့်မယ်လို့ ဆုရွေးချယ်ရေး ကော်မတီရဲ့ ကြေညာချက် မထွက်ခင်အထိ ကြွေးကြော်နေခဲ့တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် သူ့ရဲ့ လုပ်ဆောင်ချက် တွေဟာ နိုဘယ်လ်ဆုနဲ့ ထိုက်တန်တယ်ဆိုပြီးတော့လည်း လူအများရှေ့မှာ ပြောဆိုနေတာ တွေ့ရတယ်။

နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီဟာ ခုလို သမ္မတထရမ့်က သူ ရလိမ့်မယ်လို့ ပြောဆိုနေတဲ့ကြားက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် အမျိုးသမီး မာရီယာ ကိုရီနာ မာချာဒို ကို ချီးမြှင့် လိုက်ကြောင်း အောက်တိုဘာ(၁၀)ရက်နေ့မှာ ကြေညာလိုက်တယ်။ ဗင်နီဇွဲလားအတိုက်ခံခေါင်းဆောင် မာချာဒို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရရှိကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့အခါ ကမ္ဘာက အံ့အားသင့်သွားတယ်။
မာချာဒိုကို ကမ္ဘာက သိပ်မသိပေမယ့် ဗင်နီဇွဲလားကိုတော့ ကမ္ဘာက သိကြတယ်။ ဗင်နီဇွဲလားဟာ လက်တင် အမေရိကမှာ အမေရိကန်နဲ့ အနောက်အုပ်စုကို အာခံနေတဲ့ နိုင်ငံ၊ ကွယ်လွန်သူ သမ္မတဟောင်းဟူဂိုချားဗက်စ်က စလို့ ဒီနေ့ မာဒူရိုအထိ ဗင်နီဇွဲလားကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့နိုင်ငံ ဖြစ်တယ်။ ရေနံသယံဇာတပေါကြွယ်ဝပေမယ့် တိုင်းပြည်က ဆင်းရဲတွင်းထဲ နစ်နေတဲ့ နိုင်ငံဖြစ်ပြီး သူ့ရဲ့အကြီးဆုံးမဟာမိတ်တွေက ရုရှား နဲ့ တရုတ် ဖြစ်တယ်။
နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီမှာ သူတို့ရဲ့ စံ သတ်မှတ်ချက်တွေ ရှိတယ်။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု နဲ့ ထိုက်တန်တဲ့ ကိုယ်စားပြုမှု၊ ကြိုးပမ်းအားထုတ်မှု ရှိသူကိုမှ နိုဘယ်လ်ဆု ချီးမြှင့်တာဖြစ်တယ်။
မာရီယာ ကိုရီနာ မာချာဒိုဟာ အသက်(၅၈)နှစ်ရှိပြီဖြစ်တဲ့ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်ပါ။ သူ့ကို နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက ဆုချီးမြှင့်ကြောင်း ကြေညာချိန်မှာ သူမဟာ အဖမ်းမခံရအောင် ဗင်နီဇွဲလားနိုင်ငံတနေရာမှာ ပုန်းအောင်းနေရတယ်။ သူနဲ့အတူ အတိုက်အခံအမတ်အများအပြားဟာ ဖမ်းဆီးခံရမှာစိုးလို့ နိုင်ငံက ထွက်ပြေးသွား ကြပြီဖြစ်တယ်။
နော်ဝေအကယ်ဒမီက ဆုရွေးချယ်ရေးအဖွဲ့ဟာ အတိုက်အခံခေါင်းဆောင် မာချာဒိုကို ဆုပေးအပ်တာထက် မာချာဒို ကိုယ်စားပြုတဲ့ အဖိနှိပ်ခံ ဗင်နီဇွဲလားပြည်သူတွေကို ဂုဏ်ပြုတာဖြစ်တယ်။ ဒီနေ့ကမ္ဘာ့နိုင်ငံတချို့မှာ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကြောင့် အသံမထွက်နိုင်တဲ့ပြည်သူတွေ အမြောက်အများ ရှိနေကြတယ်။ အသံမထွက်နိုင်တဲ့ ပြည်သူတွေ ကိုယ်စား အာဏာရှင်ကို ရဲရဲဝံ့ဝံ့ စိန်ခေါ်ကြသူတွေထဲမှာ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာချာဒိုလည်း ပါဝင်တယ်။ အကြမ်းမဖက်တဲ့ နည်းနဲ့ အာဏာရှင်တွေရဲ့ ပျော့ကွက် ဟာကွက် အားနည်းချက်နဲ့ ရက်စက်မှုတွေကို မကြောက်မရွံ့ ထုတ်ဖော်ပြောဆိုခဲ့တယ်။
မာရီယာ ကိုရီနာ မာချာဒိုဟာ ပြီးခဲ့တဲ့ (၂)နှစ်တာအတွင်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုလုံး ပြိုပျက်ခဲ့တဲ့ ဗင်နီဇွဲလားစီးပွားရေး နဲ့ လူမှုဘဝအခြေအနေကို ထောက်ပြပြီး အသံတိတ်ခံထားရတဲ့ပြည်သူတွေ နိုင်ငံရေးနိုးကြားလာအောင် လုပ်ဆောင် ခဲ့တယ်။
တစ်ခါတစ်ရံ ခေါင်:ဆောင်တွေဟာ ရွေးကောက်ပွဲတွေကို အသုံးပြုပြီး မိမိတို့လိုရာ ဦးတည်နိုင်ဖို့ နည်းလမ်း တစ်ခုအဖြစ် အသုံးချလေ့ ရှိတယ်။ ၂၀၂၄ ခုနှစ် ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်တဲ့အခါ မာချာဒိုကို သမ္မတ မာဒူရို ဩဇာလွှမ်းမိုးတဲ့ တရားရုံးက ရွေးကောက်ပွဲဝင်ရောက်ခွင့် မပြုခဲ့ပါဘူး။ ဗင်နီဇွဲလားမှာ ဘယ်တုန်းကမှ အစိုးရဟာ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် ကြေညာလေ့မရှိဘူးလို့ ဆိုတယ်။ အဲဒီရွေးကောက်ပွဲကို လွတ်လပ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲတွေရဲ့ ထုတ်ပြန်ချက်အရ မာချာဒို ထောက်ခံအားပေးတဲ့ သမ္မတလောင်းက အပြတ်အသတ် အနိုင်ရခဲ့တယ်။
ကလေးသုံးယောက်မိခင် မာချာဒိုဟာ သူမရဲ့ မှန်ကန်တဲ့ ရပ်တည်ချက်ကြောင့် ဗင်နီဇွဲလားမဲဆန္ဒရှင်များနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့တယ်။
မာချာဒိုက ဗင်နီဇွဲလားသမ္မတ မာဒူရိုဟာ တိုင်းပြည်ကို ရောင်းစားပြီး ပြည်သူကို ဖိနှိပ်နေတဲ့ မားဖီးယား ခေါင်းဆောင် တစ်ဦးလို့ ပြောဆိုဝေဖန်လိုက်တယ်။ ဗင်နီဇွဲလားပြည်သူတွေနဲ့အတူ အစိုးရအပြောင်းအလဲ မဖြစ်မချင်း ဒီမိုကရေစီရေး အတွက် တိုက်ပွဲဝင်သွားမယ်လို့ မာချာဒိုက ဆိုတယ်။
မာဒူရိုအစိုးရကတော့ မာချာဒိုဟာ သူ့အစိုးရကို ဖယ်ရှားဖို့ ကြိုးစားနေတဲ့ လက်ယာစွန်း ဖက်ဆစ် အကြမ်းဖက်သမား ဖြစ်တယ်လို့ စွပ်စွဲခဲ့တယ်။
“ဗင်နီဇွဲလားပြည်သူများရဲ့ ဒီမိုကရေစီအခွင့်အရေးတိုးမြင့်ရရှိဖို့ နဲ့ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး သူမရဲ့ မနားမနေ ကြိုးပမ်းအားထုတ်မှုတွေကို ဂုဏ်ပြုသောအားဖြင့် ” နိုဘယ်လ်ဆု ချီးမြှင့် ရတာဖြစ်တယ်လို့ နော်ဝေနိုဘယ်လ်ကော်မတီရဲ့ ကြေညာချက်မှာ ဖော်ပြထားတယ်။
မာရီယာ ကိုရီနာ မာချာဒိုဟာ ၂၀၂၃ ခုနှစ်၊ နှစ်လယ်လောက်က စပြီး အခြေခံရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ သူမရဲ့ လုပ်ဆောင်ချက်ဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရပြီး အမှန်တရားအတွက် အသံမထွက် ဝံ့တော့တဲ့ ဗင်နီဇွဲလားပြည်သူတွေအတွက် အားတက်စရာဖြစ်ခဲ့တယ်။ ဗင်နီဇွဲလားမှာ အရင်ကတည်းက ရွေးကောက်ပွဲ တွေ ကျင်းပခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံနဲ့ သမ္မတ မာဒူရိုကသာ အမြဲတမ်းအနိုင်ရအောင် လုပ်ဆောင်ခဲ့တယ်။ အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းဆီးထားရာမှာ ခုချိန်ထိ နိုင်ငံရေးအကျဉ်းသား(၈၄၁)ဦး ထောင်ထဲမှာ ရှိနေတယ် လို့ လူ့အခွင့်အရေးအုပ်စု Foro Penal က ဆိုတယ်။
မာချာဒိုဟာ အာဏာသက် (၁၂)နှစ် ရှိပြီဖြစ်တဲ့ မာဒူရိုကို ဖြုတ်ချဖို့ ကြိုးပမ်းခဲ့တဲ့ အတိုက်အခံတွေထဲမှာ နောက်ဆုံး အတိုက်အခံလည်းဖြစ်တယ်။ ကုလသမဂ္ဂဟာ ဗင်နီဇွဲလားအစိုးရရဲ့ အတိုက်အခံတွေအပေါ် ညှဉ်းပမ်းနှိပ်စက်မှုနဲ့ ထောင်သွင်းအကျဉ်းချမှုတွေကို မှတ်တမ်းတင်ထားပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကလည်း လူသားမျိုးနွယ် အပေါ်ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုတယ်။
မာချာဒိုဟာ ဗင်နီဇွဲလားသံမဏိလုပ်ငန်းရှင် မိသားစုက မွေးဖွားလာတဲ့ အကြီးဆုံးသမီးဖြစ်ပြီး မိခင်လိုပဲ ခေါင်းမာ တယ်လို့ ဆိုတယ်။ ဗင်နီဇွဲလား တစ်နိုင်ငံလုံး လှည့်လည်စည်းရုံးရေးဆင်းစဉ် ပြောင်းဖူးမုန့်ကို လမ်းဘေးမှာ ဖုတ်စားခဲ့သလို မြစ်တွေ ချောင်းတွေကြားထဲ လှေနဲ့သွားပြီး စည်းရုံးရေးဆင်းခဲ့တယ်။ ကာရာကက်စ် ကက်သလစ် အမျိုးသမီးကျောင်း မှာ ပညာသင်ခဲ့ပြီး မက်ဆာချူးဆက်မှာ ကျောင်းအိပ်ကျောင်းစားနေထိုင်ခဲ့ဖူးတယ်။ မိသားစု စီးပွားရေး မလုပ်မီ အင်ဂျင်နီယာနဲ့ စီးပွားရေးဘာသာရပ်တွေကို သင်ကြားခဲ့တယ်။ ၂၀၀၂ ခုနှစ်မှာ Sumate လို့ခေါ်တဲ့ မဲဆန္ဒရှင်အခွင့်အရေးအုပ်စုကို ထူထောင်ခဲ့တယ်။ ဒီအုပ်စုဟာ သမ္မတ ဟူဂိုချားဗက်စ် ရဲ့ အဓိက အတိုက်အခံ အုပ်စုဖြစ်လာခဲ့တယ်။ မာချာဒိုက လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၀ ဗင်နီဇွဲလားလွှတ်တော်မှာ သမ္မတ ဟူဂိုချားဗက်စ်ကို သူခိုးလို့ ပြောင်ပြောင်တင်းတင်း ဝေဖန်ခဲ့သူဖြစ်တယ်။
သိပ်မကြာသေးခင်ကပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဗင်နီဇွဲလား မူးယစ်ဆေးဝါးလှေတွေကို စစ်ရေးအရ ပစ်ခတ်တိုက်ခိုက်မှုကို မာချာဒိုက လူသိရှင်ကြား ထောက်ခံအားပေးခဲ့တယ်။ မာချာဒိုဟာ ထရမ့်အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး နိုဘယ်လ်ဆုရတဲ့အခါ ထရမ့်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်။
၂၀၂၃ခုနှစ် အခြေခံရွေးကောက်ပွဲများ မတိုင်မီအထိ ရွေးကောက်ပွဲအာဏာပိုင်များအပေါ် အယုံအကြည်မရှိတဲ့ မာချာဒိုဟာ ဗင်နီဇွဲလားရွေးကောက်ပွဲများမှာ ပါဝင်ခြင်းမရှိဘဲ ခပ်ကင်းကင်းနေခဲ့တယ်။ ပြည်သူလူထုက သူမအပေါ် အကြီးအကျယ်ထောက်ခံလာတော့မှ ရွေးကောက်ပွဲလှုပ်ရှားမှုမှာ ပြန်လည်ပါဝင်ခဲ့တာဖြစ်တယ်။
၂၀၂၄ ခုနှစ်အစောပိုင်းမှာ ဗင်နီဇွဲလားတရားရုံးက မာချာဒိုကို သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင် တားမြစ်ခဲ့တယ်။ အကြောင်းပြချက်က လွှတ်တော်အမတ် ဖြစ်စဉ်ကာလအတွင်း ငွေကြေး အလွဲသုံးစားမှု ပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့်ဖြစ်တယ်။ ဒါကြောင့် သူမဟာ အက်မန်ဒို ဂွန်ဇာလက် ဆိုသူ သံတမန်နဲ့ ပညာရှင် တစ်ဦးကို ထောက်ခံပြီး သမ္မတရွေးကောက်ပွဲ ဝင်ရောက်စေခဲ့ရာမှာ ဂွန်ဇာလက်က ထောက်ခံမဲ ၇၀% အထိ ရရှိပြီး အနိုင်ရရှိခဲ့တယ်လို့ဆိုတယ်။

ဒါပေမယ့် စစ်တပ်ရဲ့ ထောက်ခံအားပေးမှုနဲ့ မာဒူရိုက ဒီရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့တယ်လို့ ကြေညာခဲ့တယ်။ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး နှိမ်နင်းမှုကြောင့် လူပေါင်း နှစ်ဒါဇင်ကျော် သေဆုံးပြီး ထောင်ချီ အဖမ်းခံခဲ့ ရတယ်။ ဖမ်းဆီး ထောင်ချခံရမှာစိုးလို့ ဂွန်ဇာလက်ဟာ ၂၀၂၄ စက်တင်ဘာမှာ စပိန်နိုင်ငံကို ထွက်ပြေးသွားခဲ့တယ်။ မာချာဒိုရဲ့ ထိပ်တန်း အကြံပေး အများအပြား ဖမ်းဆီးခံရပြီး တချို့ နိုင်ငံခြားကို ထွက်ပြေးကြရတယ်။
မာရီယာ ကိုရီနာ မာချာဒိုဟာ ခုအခါ ပြည်တွင်းမှာ ပုန်းအောင်း နေထိုင်ရင်း အဝေးရောက်အများစုပါဝင်တဲ့ အတိုက်အခံ လှုပ်ရှားမှုတွေကို ဆက်လက်ဦးဆောင်နေတယ်လို့ သိရတယ်။
ref: Nobel Peace Prize winner Maria Corina Machado revived Venezuela’s opposition. Reuters.


