The Corner

The Corner

cropped-Logo_round_grey-background.png

ကြီးမြတ်ခြင်းနှင့် သေးသိမ်ခြင်း

Share မယ်

ချာလက်စတန်မြို့ဟာ အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်မှာ လူဦးရေအထူ ထပ်ဆုံးမြို့လေးဖြစ်ပြီး ၁၆၇၀ ခုနှစ်မှာ အင်္ဂလိပ်လူမျိုးတွေက စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီမြို့လေးမှာ Mother Emanuel A.M.E ဘုရားကျောင်း ကို ၁၈၁၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ၁၈၈၆ မှာ ငလျင်မိခဲ့ပေမယ့် ပြန်လည် တည်ဆောက်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၁၀နှစ်က ချာလက်စတန်မြို့ရဲ့  စိုစိစိ ညနေခင်းမှာ ကိုးတန်းနဲ့ ကျောင်းထွက်ခဲ့ရပြီး ပန်းကန်လုံးပုံစံ ဆံပင်နဲ့ ဒိုင်လန်ရုဖ်ဆိုတဲ့ကောင်လေးဟာ A.M.E ဘုရားရှိခိုးကျောင်းထဲက သမ္မာကျမ်း စာ အတန်းထဲကို ဝင်လာပါတယ်။ အဲဒီနေရာက အစဉ်အလာအရ တောင်ကာရိုလိုင်းနား ပြည်နယ်မှာ လူမည်းတွေ သက်တမ်းအကြာဆုံး စုပေါင်း ဘုရားဝတ်တက်တဲ့ နေရာပါ။ အသက် ၂၁နှစ်အရွယ် ရုဖ်မှာ ဒသမ ၄၅ ပစ္စတို တစ်လက် ခေါင်းပွကျည်ဆန်ကပ် ရှစ်ခု ပါလာ ပါတယ်။ ရှင်မာကုရဲ့ ကျမ်းချက်ကို ဆွေးနွေး‌ နေတဲ့ ပြည်နယ်လွှတ်တော်အမတ်လည်းဖြစ်၊ ဘုရားကျောင်း တရားဟော ဆရာတော်လည်းဖြစ်သူ ပင့်ကနေရဲ့ အနား မှာ ရုဖ်ဝင်ထိုင်ပါတယ်။ ဘေးနားတစ်ဝိုက်မှာတော့ ဘုရားဝတ် တက်သူတွေ ထိုင်နေကြရာမှာ အများစုက ရုဖ်ထက်အသက် ၁၀နှစ်ကျော် ကြီးတဲ့ လူမည်းအမျိုး သမီးတွေ ဖြစ်ကြ ပါတယ်။

ချာလက်စတန်မြို့ သေနတ်သမား ဒိုင်လန်ရုဖ် (Photo: NBC News)

“The Last Rhodesian” လို့ သူခေါ်တဲ့ website မှာ သူ့ယုံကြည်မှုတွေကို ရုဖ်က ရေးထားခဲ့ပါတယ်။ အထီးကျန်၊ လူမည်းတွေ၊ ဂျူးတွေ၊ အာရှတိုက်သားတွေ၊ စပိန်အနွယ်တွေကို မုန်းတီးတဲ့ အကြောင်းတွေ နဲ့ အပြည့်ပါ။ အာဖရိကန်တွေကိုသိန်းနဲ့ချီ အရောင်းအဝယ်လုပ်ခဲ့တဲ့ ဆူလီဗန်ကျွန်းပေါ်မှာ ကွန်ဖက်ဒရိတ်အလံ ( လူမည်းကျွန်စနစ်ကို ဖျက်သိမ်းဖို့ ငြင်းဆန်တဲ့ တောင်ပိုင်း ပြည်နယ်တွေရဲ့ အလံ) ကို ကိုင်ပြီးရိုက်ထားတဲ့ ဓာတ်ပုံကို သူ တင်ခဲ့ပါတယ်။ “ကျွန်တော်တို့မှာ လူရမ်းကားတွေ မရှိဘူး၊ ကေသုံးလုံးဂိုဏ်းဆိုတာလဲ တကယ်မရှိဘူး။ အင်တာနက်မှာ အပြောပဲ ရှိတာ၊ ဘာမှ မလုပ်ဘူး။ ဒါကို အပြင်လောကကို သတ္တိရှိရှိနဲ့ ပြောပြဖို့ လူတစ်ယောက်လိုတယ် ဆိုရင် အဲဒါ ကျွန်တော်ပဲ ဖြစ်မယ်”။

သမ္မာကျမ်းစာသင်ခန်းထဲ သူ ၄၅မိနစ် ထိုင်နေပါတယ်။ အားလုံး ဆုတောင်းဖို့ ခေါင်းငုံ့လိုက်ချိန်မှာ သူ မတ်တတ်ရပ်၊ သေနတ်ကိုထုတ်ပြီး စ ပစ်ပါတယ်။ ကျည်ကပ်လဲဖို့ အချိန်ကလွဲရင် ဆက်တိုက် မနားတမ်း ပစ်တာ ကျည် ၇၅ တောင့် ကုန်တဲ့အထိပါ။ သူ့အမေနဲ့အတူလာခဲ့တဲ့ ဆံသဆရာလေး တိုင်ဝမ်ဇာဆမ်ဒါးက လဲကျသွားပြီး အသက်ငင်နေချိန် ရုဖ်ကို မေးပါတယ်။ “မင်းဘာလို့ ဒီလိုလုပ်တာလဲ” ရုဖ်က “မင်းတို့တွေ ငါတို့အမျိုးသမီးတွေကို မုဒိမ်း ကျင့်တယ်၊ ငါတို့ နိုင်ငံကို သိမ်းဖို့လုပ်တယ်” လို့ ဖြေပါတယ်။ အဲဒီနောက် လဲကျဆုတောင်းနေတဲ့ အမျိုးသမီးတစ်ယောက်ကို မြင်သွားပြီး “တိတ်စမ်း၊ ခင်ဗျား ထိထားလား” လို့မေးပါတယ်။ “မထိထားဘူး” လို့ဖြေတော့ “ခင်ဗျားကို အရှင်ထားခဲ့မယ်။ ဒါမှ ဘာဖြစ်ခဲ့လဲ ပြန်ပြောပြလို့ရအောင်” လို့ ရုဖ်က ပြောပါတယ်။

ချာလက်စတန်မြို့ကလေးမှာ လူသတ်ပွဲကြီးအပြီး အမှတ်ရစရာကျန်နေတာက ဈာပနအခမ်းအနားများပဲ ဖြစ်ပါတယ်။ ပင့်ကနေရဲ့ ဈာပနအခမ်းအနားမိန့်ခွန်းအဆုံးသတ်မှာ သမ္မတ အိုဘားမားက “အံ့ဩဘနန်း ကြီးမြတ်ခြင်း Amazing Grace” ဆိုတဲ့ ဓမ္မတေးကို ဆိုပါတယ်။ သူ့ရဲ့ သမ္မတသက်တမ်းမှာ စိတ်အထိ ခိုက်ရဆုံး အချိန်ဖြစ်ပါလိမ့်မယ်။ တကယ်တော့ အများစုအတွက် နားလည်ရခက်တဲ့ ကရုဏာသက်စရာ အဖြစ်တစ်ခု လာတော့ မယ်ဆိုတာ မသိမြင် ကြသေးပါဘူး။ ပစ်ခတ်မှုအပြီး နှစ်ရက်အကြာ ကြားနာပွဲမှာ ပူဆွေးနေကြတဲ့ မိသားစုတွေက သူတို့ရဲ့ ပရိဒေဝတွေကို ထုတ်ဖော်ပြောကြားလာကြပါတယ်။ သူတို့အား လုံးက သေနတ်သမား ရုဖ်ကို အပြစ်မတင်ကြပါဘူး။ သူ့ကို ခွင့်လွှတ် ပါတယ်လို့ ပြောခဲ့ကြပါတယ်။

သေဆုံးသူ လူငယ် တိုင်ဝမ်ဇာဆမ်ဒါးရဲ့ အမေက ရုဖ်ကိုတိုက်ရိုက်ပြောပါတယ်  “ဗုဒ္ဓဟူးနေ့ညနေ သမ္မာကျမ်းစာ သင်တန်းထဲ မင်းဝင်လာတုန်းက တို့အားလုံးလက်ကမ်းကြိုဆိုခဲ့ကြတယ်။ ငါ့ရဲ့ မိတ်ဆွေ ချစ်စရာကောင်းတဲ့သူတွေ အများကြီးကို မင်းသတ်လိုက်တယ်။ ငါ့ရဲ့ခန္ဓာကိုယ် အသွေးအသားတစ်စချင်းစီမှာ နာကျင်နေရတယ်။ ဘယ်တော့မှ အရင်အတိုင်း ပြန်ဖြစ်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် သမ္မာကျမ်းစာ မှာ ပြောထားသလိုပဲ တို့ မင်းကို ပေးပျော် ခဲ့ပါတယ်။ မင်းကို ဘုရားသခင် စောင့်ရှောက်ပါစေ။” အသက် ၇၀အရွယ် အီသာလိန်းလည်း သေဆုံးသူများထဲမှာ ပါပါတယ်။ သူ့ရဲ့ သမီးက “ငါ့ဆီက အဖိုးအတန်ဆုံးအရာ ကို မင်း ယူသွားတယ်၊ ဒါပေမဲ့ မင်းကို ခွင့်လွှတ်ပါတယ်။” လို့ ရုဖ်ကို ပြောပါတယ်။ အိုဘားမားက နောက်ပိုင်းမှာ မှတ်ချက်ချပါတယ်။ “အမေရိကန်ပြည်သူတွေရဲ့ သိက္ခာရှိမှု၊ ကောင်းမြတ်မှုတွေဟာ ဒီမိသားစုများအကြားမှာ ထွန်းလင်းတောက်ပလို့နေပါတယ်”

တက္ကသိုလ်မှာ စကားပြောနေတုန်း လုပ်ကြံခံလိုက်ရတဲ့ ချာလီကာ့ခ် ရဲ့ အောက်မေ့ဖွယ် အခမ်းအနားကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြည့်နေတုန်းမှာ ခုနက ချာလက်စတန် မိသားစုတွေရဲ့ ပြောစကားတွေကို ကျွန်တော် သတိမရဘဲ မနေနိုင်ပါဘူး။ ကာ့ခ်ကို ဂုဏ်ပြုဘို့ လူတွေသောင်းနဲ့ချီပြီး အရီဇိုးနားပြည်နယ် ဂလင်းဒေးက အားကစားရုံကြီးထဲ စုဝေးခဲ့ကြပါတယ်။ အသက် ၃၁နှစ် အရွယ် ကာ့ခ်မှာ ဇနီးနဲ့ ကလေး နှစ်ယောက် ရှိပါ တယ်။ အခမ်းအနားက ငါးနာရီလောက်ကြာမြင့်ပြီး ပရိသတ်ကြီး မှင်တက်မိ သွားချိန်ကတော့ ကာ့ခ် ရဲ့ ဇနီး အဲရစ်ကာ က သူ့ယောကျ်ားကို သတ်တဲ့သူကို အပြစ်ဖြေ စကားပြောလိုက်တဲ့အချိန်ပါပဲ။ “အဲဒီလူကို ကျွန်မခွင့်လွှတ်ပါတယ်။ ဘာလို့လဲဆိုတော့ ခွင့်လွှတ်ခြင်း ဆိုတာ ယေရှုခရစ်တော် လုပ်ခဲ့တာဖြစ်ပြီး ချာလီကိုယ်တိုင်လည်း လုပ်မှာ ဖြစ်လို့ပါ။ မုန်းတီးခြင်းအတွက် အဖြေက မမုန်းတီးခြင်းပါ။ ကျမ်းစာအရ ကျွန်မတို့ နားလည်တာက မေတ္တာထားဖို့၊ ထာ၀စဉ် မေတ္တာထားဖို့၊ ရန်သူတွေကိုလည်း မေတ္တာထားဖို့၊ ကျွန်မတို့ကို နှိပ်စက်သူတွေကိုလဲ မေတ္တာထားဖို့ပါ။”

အဲရစ်ကာ ပြောပြီးတဲ့နောက် သမ္မတ ထရမ့်ပြောပါတယ်။ အဲရစ်ကာကို ပွေ့ဖက်နှုတ်ဆက်ပြီး စကားပြောခွက်ရှေ့ ရောက်တဲ့အခါမှာတော့ သူပြောတာတွေက အဲရစ်ကာရဲ့ ခွင့်လွှတ်ခြင်းကို ပြစ်တင်တဲ့ စကားတွေပါ။ ထရမ့်က ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားပြီး တောင်ရောက်မြောက်ရောက် ပြောတတ်တဲ့ ကာ့ခ်ဟာ သူနဲ့ မတည့်တဲ့ သူတွေကို ဘယ်တော့မှ မမုန်းဘူး လို့ဆိုပါတယ်။ ထရမ့်က “အဲဒီမှာ သူနဲ့ကျွန်တော် သဘောထား မတူတာပဲ။ ကျွန်တော်ကတော့ ကျွန်တော့ ပြိုင်ဘက်တွေကို ကျွန်တော် မုန်းတယ်။ သူတို့တွေအတွက် အကောင်းဆုံးတွေ လုပ်မပေးနိုင်ဘူး” လို့ ပြောသွားပါတယ်။ နောက်က ဆက်ပြောတဲ့ အစိုးရပိုင်းကသူတွေ ဂျေဒီဗန့်စ်၊ စတီဗင်မီးလား တို့အားလုံးက ထရမ့် အသံအတိုင်း လိုက်ကြပါတယ်။ အဲရစ်ကာ ရဲ့ အသံနောက်ကို မလိုက်ကြပါဘူး။ ကျေးဇူး တုံ့ပြန်ခြင်း၊ ခွဲခြားခြင်း၊ မကျေနပ်ခြင်း၊ ဒါတွေက အစိုးရတစ်ရပ်ရဲ့ တရားဝင် အသံတွေပါ။

ထရမ့်က အတ်တလန်တစ် ဂျာနယ်က ဇီတိုဆိုတဲ့ အယ်ဒီတာကို ပြောဖူးပါသတဲ့။ သူ့အလုပ်က နိုင်ငံ စည်းလုံးရေး လုပ်ဖို့၊ အသေးအဖွဲကိစ္စတွေ မဟုတ်ဘူး တဲ့။ အခုဆို ကျွန်တော်တို့ဟာ အမှောင်ထုကြီးထဲကို ဆွဲသွင်းသွားခံနေရခြင်းရဲ့ သက်သေပြယုဂ်တွေကို တစ်နေ့တစ်မျိုး နေ့တိုင်း မြင်နေ ကြရပါပြီ။ တရားဥပဒေစိုးမိုးမှုအပေါ် တိုက်ခိုက်လာတာတွေ၊ သမ္မတကို ဆန့်ကျင်သူတွေအပေါ် လက်နက်အားကိုးလုပ်တာတွေ၊ လူမှုရေးလွပ်လပ်ခွင့်တွေ တစ်စတစ်စ ဆုံးရှုံး လာတာတွေ၊ သမ္မတ မိသားစုရဲ့ အကြီးအကျယ်ကိုယ်ကျိုးရှာမှုတွေပါ။ တိုက်ခိုက်မှုတွေက သနားအကြင်နာမဲ့ပါတယ်။ အောက်မေ့ ဖွယ်အခမ်းအနားအပြီးမှာ နိုင်ငံကို စည်းလုံးစေမယ်ဆိုတဲ့ ထရမ့် လုပ်တာတွေက ၁) သူ့ကို ပြက်လုံးထုတ်တာကလွဲပြီး တခြားဘာအပြစ်မှ မရှိတဲ့ လူရွှင်တော် ဂျင်မီကင်မယ်ကို ထပ် ခြိမ်းခြောက်တာ၊ ၂) ဂျိမ်းစ်ကိုမီ – FBI ညွှန်မှူးဟောင်းကို တရားစွဲတာ၊ ၃) သတင်းစာရှင်းလင်းပွဲမှာ အော်တစ်ဇင် နဲ့ပတ်သက်ပြီး ပြောချင်ရာတွေ အခြေအမြစ်မရှိ ပြောလိုက်လို့ မိဘတွေကြား ရှုပ်ထွေးမှု တွေ ဖြစ်ကုန်တာ၊ ၄) ကုလသမဂ္ဂကို ပြောလိုက်တာတွေက အမေရိကဟာ ပြဿနာအရှုပ်ဆုံးနေရာ၊ စစ်ပွဲ ခုနစ်ပွဲကို ရပ်တန့်အောင်လုပ်နိုင်ခဲ့လို့ သူဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ ထိုက်တန်တယ်၊ ကုလသမဂ္ဂ အဖွဲ့ကြီးဟာ သုံးစားလို့ မရဘူး၊ ရာသီဥတု ပြောင်းလဲခြင်း ဆိုတာ ကမ္ဘာကြီးအတွက် အကြီးမားဆုံး လိမ်ညာမှုကြီး – စသဖြင့်တွေပါ။ နောက်တစ်ပတ်ကျ ဘာတွေ ပြောဦးမယ် မသိ။

တစ်ချိန်က ချာလီကာ့ခ် လုပ်ခဲ့တာတွေနဲ့ ခွင့်လွှတ်ခြင်းနဲ့ ချိတ်ဆက်ဖို့ရာ နည်းနည်းတော့ ခက်ပါတယ်။ အီမန်နူယယ် ဘုရားကျောင်းက ဝတ်ပြုကိုးကွယ်သူတွေကို အသက်ရှင်အားဖြစ်စေတဲ့ လူမှုအခွင့်အရေး ခေတ်က စိတ်နှလုံးကို ဆန့်ကျင်တာမျိုးကို ကာ့ခ် လုပ်ခဲ့တာပါ။ ဒါပေမဲ့ ငြင်းခုံမယ်၊ ထိတွေ့မယ် ဆိုတဲ့ ကာ့ခ်ရဲ့ ဗီဇစိတ်ကတော့ တိုးတက်မှုတွေ ဖြစ်လာဖို့ လမ်းဖွင့်ခဲ့ပါတယ်။ ထရမ့်ကတော့ အဝေးကြီးမှာပါ။ သူ့ရဲ့ မုန်းတီးစိတ်တွေက ပိုလို့သာ နက်ရှိုင်းလာတာပါ။

ကြီးမြတ်ခြင်းဆိုတာ အားနည်းတာမဟုတ်ပါဘူး။ စိတ်ဓာတ် ကြံ့ခိုင်တာပါ။ ချာလက်စတန်က မိသားစုတွေ ယုံကြည်သလိုပါ။ နိုင်ငံရေးမှာလည်း ပိုကောင်းတဲ့ နေရာဆီ ရောက်အောင် တစ်ယောက်နဲ့တစ်ယောက် ဆွဲဆောင် လိုစိတ် ဘယ်လောက်ရှိသလဲ အပေါ် မူတည်ပါတယ်။ နိုင်ငံရေးမှာ အဲလို ဆွဲဆောင်တဲ့အခါ နှေးကွေး၊ မပြည့်စုံ၊ မလိုသေးတဲ့ အထဲ လက်ရှိကျွန်တော်တို့နဲ့ အနာဂတ်မှာ ဖြစ်လာနိုင်မယ့် ကျွန်တော်တို့ အကြားက အကွာအဝေးကို နည်းအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

ကိုးကား – Grace and Disgrace, New Yorker October 2025

Click to rate this post!
[Total: 2 Average: 4]