
သူမ၏ ဗိုက်ကို မြေပြင်မှာ မှောက်ထားပြီး ခြေထောက်နှစ်ချောင်း ခပ်ကျဲကျဲထားကာ ဆိုးခထန်းသည် သူမရှေ့ရှိ မြက်ပင်ရှည် တစ်အုပ်ကို လှံစွပ်ဓားသွားနှင့်ညင်ညင်သာသာလေးဆွနေသည်။ မျက်နှာပေါ် ချွေးသီး ချွေးပေါက်တွေ ကျနေသည့်ကြားက သူမက သတိနှင့်စိုက်ကြည့်ရင်း တစ်ကြိမ်လျှင် မြက်တစ်ထုံးသာဖြတ်သည်။ ကိုယ်မှာ ရေတပ်အပြာရောင်ကျည်ကာအင်္ကျီဝတ်ထားပြီး ခေါင်းမှာ စတီးခမောက်ဆောင်းထားရသဖြင့် လူကပိတ်လှောင်မွန်းကျပ်နေသည်။ သူမ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်သည်။ ညာလက်ပေါ်က ချွေးတွေကိုသုတ်ပြီး သူမ ခေတ္တရပ်နားလိုက်သည်။ မြက် ထုပ်ရဲ့အခြေမှာ၊ သူမရဲ့ မျက်နှာကာနှင့် ခြောက်လက်မအကွာမှာ အစိမ်းရောင်ပလတ်စတစ် ချပ်ပြားဝိုင်းလေး။ ရေခဲပြင်ဟော်ကီမှာ ဘောလုံးအဖြစ်သုံးတဲ့ ရော်ဘာ ဒိုးပြားလောက် အရွယ်ရှိတဲ့ ချပ်ပြားဝိုင်းလေး။

ဒီချပ်ပြားဝိုင်းလေးက တရုတ်နိုင်ငံကထုတ်လုပ်သည့် ၇၂-ဘီ အမျိုးအစားမြေမြှုပ်မိုင်းဖြစ်သည်။ လူသေစေသည်ထက် အနာတရ ဖြစ်အောင်၊ ဒုက္ခိတဖြစ်အောင် တီထွင်ထုတ်လုပ်ထားသည့်မိုင်း။ မြေပြင်ကနေ ၁၀ ဒီဂရီထက်ပိုစောင်းလိုက်တာနှင့် ထပေါက်သည့် မြေမြှုပ်မိုင်းမျိုး။ ဒီမိုင်းအောက်ခြေနှင့် တွဲဆက်ထားသည့် ထောင်ချောက်မိုင်း ရှိ / မရှိကိုလည်း ဆိုးခ သတိ ဝီရိယ ထား၍ စစ်ဆေးရသေးသည်။ သတိတစ်ချက်လွတ်သွားသည်နှင့် သူ့လက်မောင်းနှစ်ဖက် လေထဲ လွင့်စဥ် ပြတ်ထွက် သွားမည်ဖြစ်သည်။
လွန်ခဲ့သည့်လေးနှစ်က သူမ၏ ခင်ပွန်း ရွာအနီးလယ်ကွင်းထဲက မြေမြှုပ်မိုင်းနင်းမိပြီး ကွယ်လွန်သွားသည်။ သူတို့နေရပ်က ကမ္ဘောဒီးယားနိုင်ငံအနောက်ပိုင်း ဘက်တမ်ဘင်ပြည်နယ်။ သူမ၏မိခင်ကြီး၊ သူမ၏ကလေးသုံးယောက်နှင့်အတူ မုဆိုးမ ဘဝကို ဖြတ်သန်းရသည်။ ဦးဆောင်သူ အိမ်သားမရှိတော့ ဆိုးခတို့မိသားစု အငတ်ဘေးနှင့်ရင်ဆိုင်ရတော့သည်။ သူတို့ဒေသက ရာထောင် မကသော မုဆိုးမတွေအဖို့ ရွေးချယ်စရာကရှင်းသည်။ ဈေးထဲ ဟင်းသီးဟင်းရွက်ရောင်းမလား၊ တောင်းရမ်းစားမလား၊ ပြည့်တန်ဆာ လုပ်စားမလား။
အနာဂတ်က ဘယ်လိုမှသာသာယာယာမရှိသည့်အချိန်၊ လွန်ခဲ့သည့် ရှစ်လက ဆိုးခအလုပ်တစ်ခုရ သည်။ ဗြိတိသျှ အခြေစိုက် အဖွဲ့အစည်း တစ်ခုကပေးတဲ့အလုပ်။ ယခုတော့ အခြားအမျိုးသမီးများနှင့်အတူ အဖွဲ့ငယ်လေးတစ်ခုမှာ သူမ တစ်ဝမ်းတစ်ခါး အတွက် အလုပ်လုပ်နေပြီ။ အလုပ်က မြေမြှုပ်မိုင်းရှင်းလင်းရေးအလုပ်။ မနှစ်က ဒီအချိန် သူမက ခြေဗလာ၊ အဝတ်အစား အစုတ်အပြဲ၊ နေစရာအိမ်နတ္ထိ။ ကလေးတစုတဝေးနှင့် သူများအိမ်တံခါးပေါက်ဝနားကပ်အိပ်ရတဲ့ဘဝ။ တစ်နှစ်အကြာမှာ သူမဘဝ အကောင်းဘက် ရောက်လာသည်။ ဆိုးခတစ်ယောက် ယခုအချိန် တစ်လကို ဒေါ်လာ ၁၆၀ ဝင်နေပြီ။ အခြား ကမ္ဘောဒီးယား ကျေးလက် ဝန်ထမ်းများ၏ လစာနှင့် နှိုင်းယှဉ်ကြည့်လျှင် သူမဝင်ငွေက အပုံကြီးပိုများသည်။
ယခုဆိုလျှင် ဘက်တမ်ဘင် သူဌေးရပ်ကွက်မှာ ဆိုးခတို့ မိသားစု အိမ်ကြီးတစ်လုံး ငှားရမ်းနေနိုင်ပြီ။ အလုပ်သွားဖို့ရာ ဟွန်ဒါ ဆိုင်ကယ် အသစ်တစ်စီး ချက်ချင်းဝယ်နိုင်သွားပြီ။ သူမနှင့် ကလေးတွေ သစ်သစ်လွင်လွင် ဝတ်စားနိုင်ပြီ။ သူတို့ လောကရဲ့ အကြီးမားဆုံး အဆောင်အယောင် တစ်ခုဖြစ်တဲ့ ကာလာတီဗီကို ရှေ့လထဲ ဝယ်ဖို့ရာ သူမ စီစဉ်နေသည်။
ကမ္ဘောဒီးယား ကျေးလက် ဒေသသည် တစ်ခေတ်တစ်ခါက အရှေ့ဖျား အာရှဒေသ၏ မြေဆီမြေနှစ် အကြွယ်ဝဆုံး လယ်ယာမြေ အဖြစ် သတ်မှတ် ခံခဲ့ရပြီး “အာရှတိုက်၏ စပါးကျီ” အဖြစ် လူသိများခဲ့ သည်။ သို့သော်လည်း နှစ်ပေါင်း ၂၀ ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲက နိုင်ငံ၏ လယ်ကွင်းများ၊ သစ်တောများနှင့် တောင်စောင်းများကို စားပင်သီးပင်များနှင့် ကင်းဝေး ခြောက်ကပ်စေခဲ့သည်။ ခမာနီများနှင့် တိုက်ခိုက်ရသည့် စစ်ပွဲက ပြီးဆုံးသွားပြီဟု ဆိုနိုင်သော်လည်း မမြင်ရတဲ့ ရန်သူ၊ ထာဝရ ရန်သူက ကျန်နေ သေးသည်။ ကမ္ဘောဒီးယား ကျေးလက်နေလူများအဖို့ ရေခပ်ဆင်းတာ၊ ထင်းခွေတာ၊ စပါးစိုက်တာလို နိစ္စဓူဝ သာမန် လုပ်ငန်း ဆောင်တာ မျိုးသည်ပင်လျှင် မြက်တောထဲ သူတို့ကို စောင့်ဆိုင်းနေသော၊ ဖုံးကွယ်ထားသော ရန်သူနှင့် ပက်ပင်း ရင်ဆိုင် တိုးနိုင်သည့် အန္တရာယ်က အစဉ်မပြတ်ရှိ နေသည်။

ဗြိတိသျှအခြေစိုက် စေတနာ့ဝန်ထမ်း မိုင်းရှင်း လုပ်ငန်း အကြံပေးရေးအဖွဲ့ (MAG) က ကမ္ဘောဒီးယားနိုင်ငံသို့ လွန်ခဲ့သော လေးနှစ်က ပထမဆုံးအကြိမ် ရောက်ရှိလာသည်။ မြေမြှုပ်မိုင်း အများဆုံးရှိသည့် ဒေသကို သတ်မှတ် ပိုင်းခြားလိုက်ပြီးနောက် ဒေသခံ လူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ငယ်များကို မိုင်းရှင်းနည်း သင်တန်းပေးသည်။ သင်တန်းက သုံးလ ကြာမြင့်သည်။ ကမ္ဘောဒီးယားနိုင်ငံ၌ အများဆုံးတွေ့ရသည့် မြေမြှုပ်မိုင်း ၂၈ မျိုး ရှာဖွေပုံ ရှာဖွေနည်းနှင့် မိုင်းဖောက်ခွဲ ဖျက်ဆီးနည်းတို့ကို အခြေခံ ကျကျ သင်ပေးသည်။
လုပ်ငန်းအစ ကတည်းက MAG အဖွဲ့က မိုင်းကြောင့် တိုက်ရိုက် ထိခိုက်နစ်နာ ဆုံးရှုံးရသူ တွေကို သင်တန်းပေးရန်/အလုပ်ခန့်ရန် အားသန်သည်။ မိုင်းကြောင့် ခြေပြတ်သွားသူများကို ခြေပြတ် မိုင်းရှင်းသူများအဖွဲ့အဖြစ် ဖွဲ့စည်းပေးသည်။ ထို့ပြင် မိန်းမသား များကို အိမ်ရှင်မ အဖြစ်သာ မြင်တွေ့လေ့ ရှိသည့် လူ့အဖွဲ့အစည်းတွင် ကမ္ဘာ့ ပထမဦးဆုံး မိန်းမသား ချည်းသာ ပါဝင်သော မိုင်းရှင်းလင်းရေးအဖွဲ့ ဖွဲ့ပေးသည်။

ယင်းအဖွဲ့ ၌ မုဆိုးမ ၂၆ ဦးပါသည်။ သူတို့ရဲ့ ခင်ပွန်းသည် အားလုံး မြေမြှုပ်မိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရတာ။ မိန်းမသားများ၏ အသက်က ၂၀ နှင့် ၃၅ ကြား။ ကမ္ဘောဒီးယားနိုင်ငံ၏ မနိုင်မနင်း ဖြစ်အောင် ကြီးမားလှသော မြေမြှုပ်မိုင်း ပြဿနာကြီးကို ဤအမျိုးသမီးများက ရှေ့တန်းမှပါဝင်ဖြေရှင်းပေးနေသည်။ မြေမြှုပ် မိုင်းအရေအတွက် ကိန်းဂဏန်းက မရေမရာ နိုင်လှသော်လည်း ကမ္ဘောဒီးယား ယောက်ျား၊ မိန်းမ၊ ကလေးကိုယ်စီ အတွက် အနည်းဆုံး မြေမြှုပ်မိုင်း တစ်လုံးကျနှုန်း ရှိသည်ဟု ဆိုသည်။ မိုင်းနင်းမိ၍ ခြေတစ်ချောင်းပြတ်သူ၊ ခြေနှစ်ချောင်းပြတ်သူ နေ့စဉ်နေ့တိုင်း ၁၀ ယောက်အထက် ရှိသည်။ နှစ်စဉ် မိုင်းနင်းမိ၍ သေဆုံးသူ ကလေးဦးရေက ရာဂဏန်း ကျော်သည်။ မိုင်း ၁၀ သန်းကျော်ရှင်းလင်းဖို့အရေးက မျိုးဆက်ချီ ကြာမြင့်မည် ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ချင်လျှင် ဖြစ်စေ၊ ပုံမှန်ဘဝမှာ နေထိုင်ချင်လျှင် ဖြစ်စေ ဤမိုင်းရှင်းလင်းရေး ကိစ္စကြီးက မလုပ်မဖြစ် လုပ်ရမည့် ကိစ္စဖြစ်သည်။
မိုင်းရှင်း လုပ်ငန်း အကြံပေးအဖွဲ့ (MAG) ၏ ကမ္ဘောဒီးယား မိုင်းရှင်းရေး စီမံချက် ဒါရိုက်တာဖြစ်သူ ခရစ္စ ဟောဝုဒ်က ဤပထမဦးဆုံး အမျိုးသမီးချည်းသာ ပါဝင်သော မိုင်းရှင်းလင်းရေး အဖွဲ့ကို တည်ထောင်ရာ၌ ကြီးကြပ်သူဖြစ်သည်။ “ဒီလိုမျိုး ဖွဲ့တာကို ဒေသခံတွေ အကြီးအကျယ် မကျေမနပ် ဖြစ်ပြီး ဖိအားပေးမှာ ကျွန်တော်တို့ တွက်ပြီးသားပါ။ မိန်းမသားတွေကို မိုင်းကွင်းထဲ ပို့တဲ့အတွက် ကျွန်တော်တို့ကို ရေရေလည်လည် ရှုတ်ချမယ် ဆိုတာလည်း ကျွန်တော်တို့ မျှော်လင့်ပြီးသားပါ။ ဒီကြားထဲကပဲ ကျွန်တော်တို့စီမံချက်က အကြီးအကျယ် အောင်မြင်မှုရတယ်။ အလုပ်တွေ မနိုင်လို့တောင် မိုင်းရှင်းသမ ၃၀ နောက်ထပ် ငှားရမ်းဖို့ ပြင်နေရပါပြီ။ ဒီက ရှေ့လျှောက် မိုင်းကြောင့် ခြေပြတ်သွားတဲ့ အမျိုးသမီးတွေကို ရှာဖွေ စုဆောင်းပြီး လေ့ကျင့်ပေးဖို့ စီမံနေပါတယ်။ အမျိုးသမီးတွေက တက်တက်ကြွကြွ သင်ကြားကြောင်း၊ မိုင်းရှင်းတဲ့အခါ ဂရုတစိုက် ရှိလှကြောင်း သင်တန်းဆရာတွေက ကျွန်တော်တို့ဆီ အစီရင်ခံစာတွေ မပြတ်တင်တယ်။ ယောက်ျားတွေထက် တောင်မှ သာတယ်လို့ ဆိုသဗျ”

ကမ္ဘောဒီးယား ကျေးလက်ဒေသ၏ မြေမြှုပ်မိုင်း ရှင်းလင်းရေး တိုက်ပွဲက ကမ္ဘောဒီးယားနိုင်ငံ ရင်ဆိုင်ရသည့် အကြာရှည်ဆုံးစစ်ပွဲ ဖြစ်ပါလိမ့်မည်။ မိုင်းများအားလုံး ဖောက်ခွဲရှင်းလင်းသည့် ကိစ္စလက်စ မသတ်ရသေးသမျှ ကမ္ဘောဒီးယားနိုင်ငံအဖို့ သောင်မတင် ရေမကျ အခြေဆိုက် နေပါလိမ့်ဦးမည်။
“လူတွေ လယ်ကွင်းထဲ မသွားနိုင်ဘူး။ ရေခပ်မဆင်းနိုင်ဘူး။ ကျောင်းမတက်နိုင်ဘူး။ အဓိက လမ်းမကြီးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ အိမ်နေရာတွေ အားလုံးကို စွန့်ပစ်ထားရတာ။ မမြင်ကွယ်ရာက ဗုံးတွေ မိုင်းတွေထပေါက်မှာ ကြောက်လို့။ မြေမြှုပ်မိုင်း တစ်ခုတည်းက ကမ္ဘောဒီးယား တစ်နိုင်ငံလုံးကို မလှုပ်နိုင်အောင် ချုပ်ထားတာ။ ဒီထက်ဆိုးတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုဖြင့် တွေးလို့တောင်မရဘူး။ မိုင်းတွေက ဆင်းရဲမွဲတေမှုကို ဖန်တီးပေးတယ်။ ဒီ အမွဲသံသရာထဲ ဝင်သွားတာနဲ့ ဒီသံသရာထဲက လွတ်မြောက်ဖို့ အင်မတန် အန္တရာယ်များတဲ့ အလုပ်တွေ မဖြစ်မနေ စွန့်လုပ်ရတော့တာ။ ဥပမာဗျာ – တောထဲမှာ မိုင်းရှိတာသိသိချည်းနဲ့ တောထဲသွား ထင်းခွေရတာ။ မလုပ်ရင်လည်း ငတ်ရုံရှိတာပဗျာ” ဟုဟောဝုဒ်က ပြောသည်။
ကမ္ဘာတစ်လွှား သန်းရာ ဂဏန်းရှိသော မြေမြှုပ်မိုင်းများကို ရှင်းလင်းရန် ကြိုးစားနေသော စေတနာ့ဝန်ထမ်း မြေမြှုပ်မိုင်း ရှင်းလင်းရေး အုပ်စုများကဲ့သို့ပင် MAG အဖွဲ့က “လူသားဆန်သော မိုင်းရှင်းလင်းရေး နည်းနာ” ကို ကျင့်သုံးသည်။ စစ်တပ်က ကျင့်သုံးသော မိုင်းရှင်းလင်းရေး နည်းနာက အထိအရှ အသေအပျောက် ရှိတန်သရွေ့ ရှိသည်။ ဤသည်ကို ရှောင်လွှဲ၍ မရသော စစ်၏ အနိဋ္ဌာရုံတစ်ခုအဖြစ် စစ်တပ်က လက်ခံထားသည်။ လူသားဆန်ဆန် မိုင်းရှင်းလင်းရေး နည်းနာက မိုင်းရှင်းရာ၌ မိုင်းတစ်စမျှ မကျန်စေရ။ အထိအခိုက် အသေအပျောက် လုံးဝ (လုံးဝ) မရှိစေရ။
ဟောဝုဒ်ကပြောသည်။ “စစ်တပ် မိုင်းရှင်းတာက ရန်သူ့ဆီအရောက် ချီတက်နိုင်ဖို့အတွက် မိုင်းကွင်းထဲ လူတစ်ကိုယ်စာ ဖြတ်သွားနိုင်တဲ့လမ်းကြောင်းလေး ထွင်ပေးဖို့ပါပဲ။ အထိအခိုက် အသေအပျောက်က မျှော်လင့် ထားပြီးသားပါ။ ကျွန်တော်တို့ အဖွဲ့ကတော့ မြေကြီးထဲ မိုင်းတစ်လုံး၊ မိုင်းတစ်စ မကျန်ခဲ့အောင် ရှင်းတယ်။ တောင်စောင်းမှာ ဖြစ်ဖြစ်၊ တောအုပ်ထဲဖြစ်ဖြစ်၊ လယ်ကွင်းထဲဖြစ်ဖြစ် ဘယ်နေရာမဆိုပါပဲ။ စစ်ပွဲတွေရဲ့ ကျင့်ထုံးအရ မိုင်းမြှုပ်ထားတဲ့ နေရာတွေကို မြေပုံနဲ့ မှတ်သား ထားရမယ်လို့ ဆိုတယ်။ ကမ္ဘောဒီးယားမှာတော့ ဒီမိုင်းကွင်း မြေပုံတွေက စိတ်မချရဘူး။ လုံးဝ မရှိတာက များတယ်”

ကမ္ဘောဒီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် ဘက်တမ်ဘင် အနီးတဝိုက် မိုင်းရှင်းနေသည့် အမျိုးသမီးတွေအဖို့ မိုင်းရှင်းလင်းရေး ကိစ္စအပြင် မပြီးဆုံးနိုင်သောအိမ်မှုကိစ္စတွေကိုလည်း သူတို့ခမျာထမ်းရွက်ရသေးသည်။ ယခုကာလ မတိုင်မီ အထိ ကမ္ဘောဒီးယား ကျေးလက်နေ မိန်းမသားများအဖို့ အိမ်ထောင့်တာဝန် ထမ်းဖို့နှင့် ကလေးတွေကို ပြုစုပျိုးထောင်ဖို့ ကိစ္စပဲ လုံးပန်း နေရသည်။ သန့်ရှင်းရေးဝန်ထမ်း အလုပ်မျိုးထက် မြင့်မားသည့် လခစား အလုပ်မျိုး သူတို့ မလုပ်ဖူးကြ။ သို့ရာတွင် ယောက်ျား အလုပ်သမား အများစုက စစ်ပွဲကာလအတွင်း သေကျေပျက်စီး သွားခဲ့သည့်အတွက် အပြောင်းအလဲများ မြန်မြန်ဆန်ဆန် ဖြစ်ထွန်းလာသည်။ ဆိုးခထန်နှင့်သူ့လိုအမျိုးသမီး ငယ်ငယ်ရွယ်ရွယ်တွေ အားလုံး ဘဝမှာ ပထမဦးဆုံး အကြိမ် မိသားစုကြီးကို ဦးဆောင်ရသူတွေ ဖြစ်သွားသည်။ မိသားစုကြီးကို ဒိုင်ခံရှာကျွေးသူတွေ ဖြစ်သွားသည့်အတွက် သူတို့တစ်တွေ ယခင် မရခဲ့ဖူးသော လေးစားမှုတွေ၊ မကြုံခဲ့ဖူးသော လွတ်လပ်မှုတွေ ရလာသည်။
အမျိုးသမီးတွေကို မိုင်းရှင်းလင်းရေး သမားအဖြစ် အလုပ်ခေါ်ယူသော နံရံကပ် ကြော်ငြာကို စမြင်စက ဆိုးခထန် တစ်ယောက် ယင်းကြော်ငြာကို အလျင်အမြန် ကျောခိုင်းခဲ့သည်။
“ကျွန်မယောက်ျားက မိုင်းနင်းမိလို့သေတာ။ ဒါ့ကြောင့် ပေါက်ကွဲတတ်တဲ့ ပစ္စည်း ဘာပစ္စည်းနဲ့မှ ကျွန်မ မပတ်သက်ချင်ဘူး။ ဒါပေမဲ့ ကျွန်မတို့က သိပ်ဆင်းရဲတယ်။ ကလေးတွေကလည်း ငတ်နေကြပြီ။ ကျွန်မ ဈေးထဲ အသီးအနှံ ရောင်းတယ်။ တချို့နေ့တွေမှာမှ အများဆုံး ရီယဲလ် ၁၅၀၀ (ဒေါ်လာ တစ်မတ်) လောက်ရတာ။ အမျိုးသားမရှိတော့ ဘဝက အင်မတန် ခက်ခဲ ပင်ပန်းတယ်။ မိုင်းရှင်းလင်းရေး အလုပ်လျှောက်ဖို့ ကျွန်မ စဉ်းစားနေတာ အိမ်က လူတွေ သိသွားတော့ သူတို့က ဟာ … အင်မတန် အန္တရာယ်များတဲ့ အလုပ်ပဲ။ မလုပ်ပါနဲ့လို့ ဖျောင်းဖျကြတယ်။ ဒါပေမဲ့ ကျွန်မ ဒါကို အလေးအနက်ထား စဉ်းစားတယ်။ ဒီမှာ လူတွေ မိုင်းကြောင့် အသက်ဆုံးရှုံးရတာ၊ ထိခိုက်ဒဏ်ရာရတာ ဘယ်လောက်များတယ်ဆိုတာ ကျွန်မတို့အားလုံးသိနေတာပဲလေ။ ဒီကျိန်စာကြီးကို ကျွန်မတို့ နိုင်ငံကနေ ရှင်းလင်းပစ်တဲ့ ကိစ္စမှာ ကျွန်မဝင်ပါချင်တယ်။ ဒါမှ ကျွန်မတို့ ကလေးတွေ ကွင်းပြင်တွေထဲ ဆော့ကစားနိုင်မှာ” ဟုဆိုးခထန်က မျက်နှာညှိုးညှိုးနှင့် ပြောသည်။
ထိုအလုပ်ကို ဆိုးခထန် လျှောက်သည်။ MAG ၏ ပထမဦးဆုံး အမျိုးသမီး ခြောက်ယောက် အဖွဲ့ဝင်အဖြစ် အရွေးခံရသည်။ ဖနွမ်းပင်သို့ တစ်လကြာ သင်တန်း သွားတက်ရသည်။
“သင်တန်းတက်ရတာ သိပ်ပျော်စရာ ကောင်းတယ်။ ကျွန်မက အရင်က ဘက်တမ်ဘင်ကနေ ဘယ်မှမသွားဖူးဘူး။ ကျွန်မတို့ကို ကမ္ဘောဒီးယား မိုင်းရှင်းလင်းရေးဌာနမှာ လေ့ကျင့် သင်ကြားပေးတယ်။ ပေါက်ကွဲတတ်တဲ့ ပစ္စည်း အမျိုးအစားပေါင်းစုံ သင်ရတယ်။ ကမ္ဘောဒီးယားမှာရှိတဲ့ မြေမြှုပ်မိုင်းက အမျိုးစုံတယ်။ ဆိုဗီယက် ပြည်ထောင်စု၊ ဗီယက်နမ်၊ တရုတ်လုပ်ပစ္စည်းမျိုးစုံ။ ချက်ကို စလိုဗေးကီးယား၊ ဘယ်လ်ဂျီယမ် လုပ်လည်းပါရဲ့။ အမေရိကန်လုပ် ပစ္စည်းတောင်ပါသေး။ မိုင်းတစ်ခုချင်းစီက ပေးတဲ့ ပြဿနာတွေအပြင် ထောင်ချောက်ဗုံး အကြောင်းလည်း သင်ရတယ်”ဟုသူမက တိုးတိတ်စွာပြောသည်။
သင်တန်း ဒုတိယအဆင့် အနေနှင့် ဘက်တမ်ဘင် ပြည်နယ်ထဲက တကယ့်မိုင်းကွင်းထဲ သင်ရသည်။ ဒီမှာ အဆင့်မြင့် သတ္တုရှာ ကိရိယာသုံး၍ မိုင်းရှာနည်းကို လက်တွေ့ သင်ကြားရသည်။
“ကျွန်မ သင်တန်းစတက်တဲ့အခါ ဆိုဖီယာဆင်းန်နဲ့တွေ့ပြီး သူက ကျွန်မတွဲဖက် ဖြစ်လာတယ်။ အခု ကျွန်မတို့နှစ်ယောက် အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်သွားပြီ။ ရှင်ဟာ လူတစ်ဦးတစ်ယောက်ကို ယုံကြည်ကိုးစားဖို့ လိုတယ်၊ ကိုယ့်တွဲဖက်အပေါ် လုံးဝဥဿုံကိုးစားဖို့ ဆိုလိုတယ် ဆိုတဲ့ အချက်ကို မိုင်းကွင်း အတွေ့အကြုံက ကျွန်မတို့ကို သင်ကြားပေး လိုက်တယ်။ ကျွန်မတို့ နှစ်ယောက်က ညီအစ်မအရင်းတွေထက်တောင် ပိုရင်းနှီးသွားတယ်” ဟုသူမကပြောသည်။
မြေမြှုပ်မိုင်း ရှင်းလင်းရေး အဖွဲ့များသည် စည်းကမ်း ဥပဒေများကို တင်းတင်းကျပ်ကျပ် လိုက်နာရသည်။ အဖွဲ့သားများ အန္တရာယ် မဖြစ်ရလေအောင်၊ အသက် မဆုံးရှုံးရလေအောင် စီမံထားသော စည်းမျဉ်း စည်းကမ်းများကို အတွန့်မတက်ရ။ အန္တရာယ်က အမြဲတမ်းရှိပြီး သတိတစ်ချက် လစ်သွားသည်နှင့် အန္တရာယ် ဆိုက်ရောက် လာနိုင်သည့် အနေအထားမျိုး။ မြေနေရာအသစ်ကို ရှင်းလင်းဖို့ စတင် ပြင်ဆင်ပြီဆိုတာနှင့် အဖွဲ့ကို နှစ်ယောက်တစ်တွဲ ခွဲလိုက်ပြီး အဖွဲ့က “စိတ်ချရသော လမ်းကြော” တစ်ခုကို ပိုင်းခြား သတ်မှတ်ရသည်။ လမ်းကြောက သုံးပေသာသာ။ ဒီလမ်းကြောကို အရင်ဆုံး ရှင်းလင်းရသည်။ မိုင်းကွင်းထဲ ဝင်တိုင်း ဒီလမ်းကြောက ဝင်ရသည်။
မနက်ခင်းတိုင်း မိမိတို့သတ်မှတ်ထားသောနေရာသို့မသွားမီ မိုင်းရှင်းသမားတွေကို လုပ်ငန်းကြီးကြပ်များက လုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း ညွှန်ကြားသည်။ မိမိတို့၏ လုံခြုံရေးကို ဦးစားပေးဖို့ မပြတ်နှိုးဆော်သည်။ မြေပြင် အခြေအနေ အကြောင်း ပြောပြပြီး မှာစရာရှိတာ မှာသည်။ မြေကြီး အစိုဓာတ် အနည်းအများက မိုင်းရှာ ကိရိယာ၏ ထိရောက်မှုကို ပြောင်းလဲ နိုင်ကြောင်း သတိပေးသည်။ ညွှန်ကြားချက် ပြီးဆုံးသည့်အခါ အဖွဲ့သားများက မိမိတို့၏ မိုင်းရှာ ကိရိယာကို တပ်ဆင်ရသည်။ သူတို့သုံးသည့် မိုင်းရှာကိရိယာက သြစတြီးယားနိုင်ငံလုပ်ဖြစ်ပြီး သုံးရတာ ရိုးရှင်း လွယ်ကူသည်။ အကြမ်းခံသည်။ ဒီကိရိယာက မြေအမျိုးအစားနှင့် အခြားအခြေအနေများပေါ် မူတည်ပြီး မြေအောက် ၁၅ စင်တီမီတာ (၆ လက်မခန့်) အနက်က သတ္တုစကို ထောက်လှမ်းနိုင်သည်။ မနက်ခင်းတိုင်း လုပ်နေကျ ဖြစ်သည့် မိုင်းရှာ ကိရိယာကိုဆင်တာ၊ စက်စွမ်းရည်ကို စမ်းသပ်ရတာက သတိကြီးစွာထား၍ လုပ်ရသည့် ကိစ္စ။ မိုင်းရှာကိရိယာတွေ အားလုံး အကောင်းဆုံး အနေအထားမှာ ရှိ/မရှိ စမ်းရတာ။ ခုနစ်မီလီမီတာအရှည်သတ္တုစလေး မြှုပ်ထားသည့် ပလတ်စတစ်တုံးလေးကို သုံးပြီး ဒီကိရိယာတွေရဲ့ ထိရောက်မှုကို စမ်းသပ် စစ်ဆေးရတာ ဖြစ်သည်။
မိုင်းကွင်းထဲ အလုပ်လုပ်ကြသည့် အခါ မိုင်းရှင်း ကိရိယာဖြင့် မြေပြင်ကို တစ်ကြိမ်လျှင် တစ်လက်မပဲ ထောက်၍ ရှာရသည်။ နောက်ဆုံးပေါ် အမျိုးအစားအစ ထွက်မိုင်းတွေကိုသတိထား ရှင်းလင်းဖို့ သူတို့ကို လေ့ကျင့်သင်ကြား ထားသည်။ ကမ္ဘောဒီးယား နိုင်ငံ၏ လူသတ်ကွင်း အသစ်တွေထဲ ထောက်လှမ်း၍ မရသေးသော၊ ကမ္ဘာ့ အပြင်းဆုံး မြေမြှုပ်မိုင်း တချို့ ယခုထက်တိုင် လဲလျောင်း နေသေးသည်။ နောက်ဆုံးပေါ်မိုင်းတချို့က သတ္တုစပါသည်ဆိုရုံလေး။ ဘောပင် ထိပ်ဖူးထက် ပိုမကြီးသည့် သတ္တုစလောက်သာ ပါသည့် မိုင်းမျိုး။
ဆိုးခနှင့် သူ့လုပ်ဖော်ကိုင်ဖက် ဆိုဖီယာက မိုင်းကွင်းထဲ တစ်လှည့်စီ ဝင်သည်။ ဆိုဖီယာက အရင်စဝင်သည်။ မိုင်းရှင်းကိရိယာကို သူမရှေ့ လက်တစ်ကမ်း အကွာမှာ အထိုင်ချထားသည်။ ၁၂ လက်မအရွယ် မိုင်းရှင်းကိရိယာ ထိပ်ဖူးအဝိုင်းနှင့် မြေပြင်အနှံ့ စေ့စေ့စပ်စပ် ဖြည်းဖြည်းချင်း စစ်ဆေးသည်။ သတ္တုစနှင့် ထိတွေ့ပြီး ထွက်လာမည့် အသံစူးစူးရဲရဲကို သူမ သေသေချာချာ နားစွင့်ထားသည်။ ထွက်လာသမျှ အသံကို သူမ မလွတ်တမ်း အမိဖမ်းသည်။ ဘာမဟုတ်သည့် ပုလင်းအဖုံးက ထွက်လာသည့် အသံလည်း ဖြစ်နိုင်သည်။ ဒီအသံမျိုးက သူမခန္ဓာကိုယ်ကို တစ်စစီဖြစ်သွားစေနိုင်သည့် အစထွက်မိုင်းက ထွက်လာသော အသံလည်း ဖြစ်နိုင်သည်။ သတ္တု ပစ္စည်းတစ်ခုကို ဆိုဖီယာတွေ့လိုက်သည်နှင့် ဆိုးခက ကျည်ကာအင်္ကျီဝတ်၊ သံခမောက် ဆောင်းသည်။ လှံစွပ်တစ်ဖက်၊ အကိုင်းချိုင် ကတ်ကြေးတစ်ဖက်ကိုင်ပြီး မသင်္ကာစရာပစ္စည်းကို စစ်ဆေးရန် သူမ ချဉ်းကပ် သွားသည်။
မိုင်းကွင်းထဲ အလုပ်လုပ်ချိန် အတွင်း မိုင်းရှင်းသမတွေ အာရုံထွေပြားမှာကို အစဉ်ပူပင်နေရကြောင်း ဘက်တမ်ဘင်ဒေသ မိုင်းရှင်းလင်းရေး ဒါရိုက်တာ ရပ်ဆဲလ်ဘက်ဖို့ဒ်က ပြောသည်။ ကမ္ဘောဒီးယားမှာ အလုပ်လုပ်နေသည့် အခြားသော ဗြိတိသျှ တပ်မတော် အငြိမ်းစား နည်းပြဆရာများ နည်းတူ မိုင်းရှင်းသူတွေ သတိတစ်ချက် လွတ်သွားသည်နှင့် ထိခိုက်ဒဏ်ရာ ရတာတွေ သူကြုံဖူးလှပြီ။
“အာရုံစိုက်တာကို လျှော့လိုက်တာနဲ့ မိုင်းရှင်းတဲ့သူဟာ လက်ပြတ်ဖို့၊ ခြေပြတ်ဖို့၊ အသက်ဆုံး ရှုံးဖို့ အန္တရာယ်က အမြဲရှိနေတာဗျ။ ဒါ့ကြောင့် အဖွဲ့တွေကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်ပြီး ကြီးကြပ်နေရတာ။ အလုပ်ချိန် အတွင်းမှာ သူတို့ကို ပုံမှန် အနားပေးတယ်။ အာရုံ စူးစိုက်မှုကို အမြင့်ဆုံး ဖြစ်စေချင်လို့ အလုပ်ကို တစ်ယောက်တစ်လှည့် ဦးဆောင်ခိုင်းရတယ်” ဟု သူက ပြောသည်။
မိုင်းတစ်လုံးတွေ့ပြီဆိုတာနှင့် အန္တရာယ်ရှိတာ မှန်သမျှ ဘာတစ်ခုမှ မလုပ်တော့။
“မြေမြှုပ်မိုင်းတွေကို မြေကြီးထဲကနေဖော်ဖို့ ကျွန်တော်တို့ ဘယ်တော့မှ မလုပ်ဘူး။ မိုင်းတွေကို သူ့အတိုင်းထားပြီး ဖောက်ခွဲ ဖျက်ဆီးပစ်လိုက်တာပဲ။ အမြဲတမ်းအဲဒီလိုလုပ်တယ်။ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတစ်ခုကို ဘာ့ကြောင့် အသက်တစ်ချောင်း အဆုံးရှုံးခံပြီး စနက်တံဖြုတ်ဖို့ ကြိုးစားနေမလဲဗျာ။ နောက်ပြီး စနက်တံ ဖြုတ်ထားတဲ့မိုင်းကို စနက်တံ ပြန်တပ်ပြီး ပြန်သုံးမယ့် အန္တရာယ်ကလည်း ရှိသေးတယ်လေ။ ကိုယ်တွေ့တဲ့ မြေမြှုပ်မိုင်းက ထောင်ချောက် ဗုံးနဲ့ တွဲချိတ်ထားတာမျိုးလည်းရှိပါ့။ မိုင်းအသေးစားလေးက သူ့ထက် အများကြီး ပိုပြင်းတဲ့ မိုင်းတစ်လုံး – ဥပမာဗျာ – တင့်ကားဖျက်မိုင်းနဲ့ တွဲချိတ်ထားတာမျိုး။ လူသေစေတဲ့ မြေမြှုပ်မိုင်းကို ဖော်လိုက်တာနဲ့ တင့်ကားဖျက်မိုင်းက ထပေါက်တော့တာ။ ဒီတော့ အန္တရာယ်စက်ကွင်းက ပိုကြီးလာပြီး သတ်ကွင်းဇုန်က ပိုကျယ်သွားတယ်” ဟုဘက်ဖို့ဒ်ကဆိုသည်။
ကမ္ဘောဒီးယားမြေ အပြင်ကို မြေမြှုပ်မိုင်း ကျိန်စာကနေ လွတ်မြောက်ဖို့ အရေးက မနားမနေ လုပ်ရမည့်အလုပ်၊ စိတ်ညစ်စရာ ကောင်းလောက်အောင် နှေးကွေးသည့် အလုပ်၊ ကုန်ကျစရိတ် ကြီးမားသည့် အလုပ်ဖြစ်သည်။ မြေဧရိယာ တစ်ဧကကို မိုင်းရှင်းဖို့ ကိစ္စက လူသုံးဆယ်ပါ အဖွဲ့တစ်ဖွဲ့အဖို့ တစ်လ သို့မဟုတ် တစ်လကျော်ကျော် အချိန်ယူရသည်။ မြေမြှုပ် မိုင်းတစ်လုံးကို ရှင်းလင်း ဖျက်ဆီးခက ဒေါ်လာ ၂၅၀ နှင့် ၁၀၀၀ ကြားရှိသည်။ မြေမြှုပ်မိုင်း ကျတော့ အစုလိုက် အပုံလိုက် ထုတ်လုပ်နိုင်သည့် အတွက် ကုန်ကျစရိတ်က ပေါပေါပဲပဲ။ သို့မို့ကြောင့် စစ်လက်နက် ပစ္စည်းတွေထဲ မြေမြှုပ်မိုင်းက ဈေးအပေါဆုံးနှင့် အထိရောက်ဆုံး လက်နက်တစ်ခု ဖြစ်သွားသည်။ ကံကြမ္မာ၏ လှည့်ကွက်တစ်ခုဟု ဆိုရမည်။
ဤမြေမြှုပ်မိုင်းများက ကလေးသူငယ်တို့၏ အသက်ဇီဝိန်ကို မကြာခဏခြွေသော်ငြားလည်း သူတို့ရဲ့အဓိကပစ်မှတ်က လူကြီးတွေ။ လူကြီးတွေကို သေစေလိုသည်ထက် ထိခိုက်အနာတရဖြစ်စေလိုခြင်း။ သို့မှသာ စစ်ကြောင်းထိုးနေသော စစ်တပ်ကို ဝန်ပိစေမည်ဖြစ်သည်။ မိုင်းကြောင့်ဒဏ်ရာရသွားသောစစ်သားကိုသယ်ဖို့ယာဉ်လိုမည်။ ဆေးကုပေးဖို့လိုမည်။ မိုင်းအန္တရာယ်ကို အစဉ်ထိတ်လန့် နေရသည့်အတွက် စစ်သားများ စိတ်ဓာတ် ကျဆင်းလာမည်။ ၇၂-အေ အမျိုးအစား မိုင်းက ထုတ်လုပ်ဖို့နှင့် မိုင်းမြှုပ်ဖို့ရာအတွက် နှစ်ဒေါ်လာပျော့ပျော့သာ ကုန်ကျသည်ဟု ဆိုသည်။ သို့သော် ရပ်ဆဲလ် ဘက်ဖို့ဒ်နှင့် အခြား ကြီးကြပ်သူများ အဖို့ မိုင်းရှင်းလင်းဖို့ အချိန်ယူ ရတာရော၊ ကုန်ကျတာရောကထွေထွေထူးထူးပြဿနာမရှိ။
“ကျွန်တော်တို့က ရွာသူရွာသားတွေကို သူတို့ ပိုင်မြေတွေကို ပြန်ပေးနေတာဗျ။ ဒါမှ သူတို့ အိမ်ပြန်ဆောက်နိုင်မှာ။ ဒါမှသူတို့ လယ်စိုက် စားနိုင်မှာ။ ဒါမှ ဒီမြေယာက တစ်သက်တာ လူသတ်ကွင်း ဘဝကနေ တက်တော့မှာ။ ဒီတော့ တစ်မီတာ ပတ်လည် နေရာလေးကို မိုင်းရှင်းလင်းသွားဖို့ကိစ္စက တစ်လလောက်ကြာတော့ကော ဘာဖြစ်သလဲ။ အနည်းဆုံး ဒီတစ်မီတာ ပတ်လည် နေရာလေးတော့ ရာနှုန်းပြည့် မိုင်းစင် သွားပြီလေ။ စတုရန်းမီတာ တစ်သောင်းရှိတဲ့ နေရာကြီးကို မိုင်းရှင်းပြီး သွားပေမယ့် မိုင်းကင်းစင်သွားတဲ့ ဧရိယာက ၉၀% ပဲ ရှိတယ် ဆိုတာထက်တော့ ကျုပ်တို့က အပုံကြီး သာသဗျ”
ကမ္ဘောဒီးယား အနောက်ပိုင်း ဒေသ၌ မိုင်းရှင်းလင်းရေး လုပ်ငန်းက တစ်ဆိုင်းလျှင် ခုနစ်နာရီ ကြာသည်။ အပူပိုင်းဒေသ နေပူကြီးထဲ အသက်ရှူ မှားလောက်အောင် ပင်ပန်းကြီးစွာ လုပ်ရတဲ့အလုပ်။ MAG အတွက် အလုပ်လုပ်နေကြသော ဆိုးခ၊ ဆိုဖီယာနှင့် အခြားသော မုဆိုးမတွေအဖို့ မိုင်းကွင်းမရောက်မီ အချိန်အတန်ကြာကတည်းက တစ်နေ့တာက အစပျိုးနှင့်နေပြီ။ အမှောင်ကြီး ထဲကနေ ပေါ်ထွက်လာတဲ့ တရုတ်လုပ်နာရီရဲ့ နှိုးစက်မြည်သံနှင့် အတူ မနက် ၄ နာရီမခွဲမီ ၁၀ မိနစ်အလိုမှာ ဆိုးခ၏ တစ်နေ့ တာ စတင်သည်။ ရေပုံးထဲက ရေအေးအေးနှင့် သူမျက်နှာသစ်သွားတိုက်။ အစိမ်းရောင် ဖျော့ဖျော့ စစ်အင်္ကျီနှင့် ဘောင်းဘီကောက်စွပ်။ အရောင်ဆင်တူ အစိမ်းရောင် ဂျာကင်ထပ်ဝတ်။ ပြီးတော့ မီးမွှေး။ ထမင်းတစ်အိုးတယ်။ ငါးဟင်း တစ်ခွက်ချက်။ ကလေးတွေက ပြန့်ပြန့်ကားကား ခြင်ထောင်အောက် သိုးအောင် အိပ်နေတုန်း။ ကမ္ဘောဒီးယားမှာတော့ ခြင်ထောင်နှင့် အိပ်နိုင်တာ တကယ့်စည်းစိမ်တစ်ခုပါပဲ။ ကလေးတွေက အိပ်ရာက ထဖို့ရာ စိတ်မပါ လက်မပါ။
“ဒီကောင်တွေက မနက်ခင်းဆိုရင် အတော်အပျင်းထူတဲ့ကောင်တွေ။ ကျောင်းချိန်မီဖို့ မကြိုးစားချင်ဖူး။ သူတို့ကြီးလာခါမှ မိုင်းကွင်းထဲ လုပ်ရတဲ့ ကျွန်မ အလုပ်အကြောင်း သူတို့ကို ပြောပြရမယ်။ အခုအချိန် ကလေးတွေက ငယ်သေးတော့ ပြောပြလည်း နားလည်မှာ မဟုတ်ဘူး” ဟုဆိုးခက ပြုံးပြီးပြောသည်။
၆ နာရီထိုးသည်နှင့် ဆိုးခတစ်ယောက် ဆိုဖီ့ အိမ်ရှေ့ ရောက်နေပြီ။ သူ့အိမ်က ခြေတံရှည်တိုင်တွေနှင့် ဆောက်ထားတဲ့ သက်ငယ်မိုး အိမ်ကြီး။ မိန်းမသားတွေ မော်တော်ဆိုင်ကယ်စီးတာ မြင်ရလေ့ မရှိတဲ့ကျေးလက်မှာ ဆိုးခရဲ့ အသစ်စက်စက် ဟွန်ဒါဆိုင်ကယ်က လူအထင်ကြီးလောက်တဲ့ အဆောင်အယောင် တစ်ခုပင်။ မနက်ခင်းတိုင်း သူမနှင့် ဆိုဖီယာတို့ သူတို့ အလုပ် မိုင်းကွင်းရှိရာဆီ ကမ္ဘောဒီးယား တောကျေးလက်၏ အလှပဆုံး ရှုခင်းတွေကို ဖြတ်ပြီး တစ်နာရီကြာ ဆိုင်ကယ်အတူ စီးသွားရသည်။
သူတို့ မိုင်းရှင်းသည့် အဆိုင်း ပြီးဆုံးသည်နှင့် မိုင်းရှင်းကိရိယာတန်ဆာပလာတွေကို ပြန်ဖြုတ်ရ၊ သိမ်းဆည်းရသည်။ ပြီးလျှင် နှစ်ယောက်သား ဘက်တမ်ဘင် အရောက် ဆိုင်ကယ်နှင့်ပြန်လာသည်။ ဆိုးခရဲ့ ညနေခင်းကလည်း အလုပ်တွေနှင့်ပြည့်လို့။ ဈေးထဲ ပြေး စားသောက်ကုန် ဝယ်ရ၊ သူ့ ယူနီဖောင်းနှင့် ကလေးတွေရဲ့ အဝတ်တွေ လျှော်ဖွပ်ရ၊ ညနေစာ ချက်ပြုတ်ရ၊ မော်တော် ဆိုင်ကယ်ကို ဆေးကြော သန့်ရှင်းရေး လုပ်ရ၊ သမီးအကြီးရဲ့ အိမ်စာတွေ ကူလုပ်ပေးရ၊ သူမကိုယ်တိုင် အင်္ဂလိပ်စာလေ့လာရ။ ညသန်းခေါင်အိပ်ချိန် မရောက်မချင်း တရစပ်လုပ်ရသည်။ ညနေခင်းတိုင်းလိုလို ဆိုဖီ့သမီးလေးနှစ်ယောက်က ဆိုးခအိမ် လာလည်ပြီး ကလေးချင်း ဆော့ကစားကြသည်။ သူတို့ မိသားနှစ်စုက တတွဲတွဲ။ သူတို့လို မုဆိုးမတွေအဖို့ နောက်တစ်ကြိမ် အိမ်ထောင်ပြုဖို့က အလှမ်းဝေးလှသည်။ အိမ်ထောင်ပြုချင် စိတ်မရှိ၍တော့ မဟုတ်။ သူတို့ဒေသမှာ ဆယ်ကျော်သက်ရွယ် သတို့သမီးများကိုသာ အမျိုးသားများက သဘောကျကြသည်။
“ဆိုးခသာ မိုင်းကွင်းထဲ တစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်မတော့ သေပြီပဲ။ မတော်တဆ ထိခိုက်မှုတွေအကြောင်း ကျွန်မတို့ မတွေးမိအောင် နေတယ်။ ဒါပေမဲ့ မိုင်းတစ်လုံး တက်နင်းမိနိုင်တဲ့ အန္တရာယ်က အမြဲပဲ ရှိနေတယ်ဆိုတာ ကျွန်မတို့ သိထားတယ်လေ။ ကျွန်မတို့အဖို့ ကမ္ဘောဒီးယားမြေအပြင် မိုင်းကင်းစင်ဖို့ ဆိုတဲ့ ကိစ္စထက် အရေးကြီးတာ ဘာမှမရှိဘူး။ လယ်ကွင်းတွေ ကွင်းပြင်တွေထဲ မဆော့ဖို့ ကျွန်မ ကလေးတွေကို တားဆီးနေရတာ ကျွန်မရင်နာတယ်။ အစထွက်မိုင်းတွေက သူတို့ကို ဘာတွေ ဖြစ်စေနိုင်တယ်ဆိုတာ သူတို့လေးတွေ ဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ” ဟု ဆိုဖီက ညင်ညင်သာသာ ပြောသည်။
ကမ္ဘောဒီးယားမြေကို မိုင်းကော်ဇော ထူထူ ခင်းထားခဲ့သည့် ခမာနီတွေကို ဆိုဖီ ဒေါသထွက်သည်။ လူသတ် မြေမြှုပ်မိုင်းတွေ ထုတ်လုပ်နေသည့် ကုမ္ပဏီတွေကိုလည်း ခမာနီများတန်းတူ သူမ အပြစ်ဖို့သည်။
“နိုင်ငံ တစ်ဒါဇင်လောက်က မြေမြှုပ်မိုင်း အမျိုးအစား အသစ်တွေ၊ ပိုပြီး ကြောက်စရာကောင်းတဲ့အမျိုးအစားတွေ ထုတ်ပြီး ချမ်းသာသွားကြတာ။ အင်္ဂလန်တို့၊ တရုတ်ပြည်တို့က သူတို့ ရုံးခန်းထဲထိုင်နေကြတဲ့ လက်နက်ထုတ်လုပ်သူတွေက သူတို့ လက်နက်တွေကြောင့် လူတွေ ဘာဖြစ်သွားတယ်ဆိုတာ မမြင်ရဘူး။ သူတို့က ကျွန်မတို့ကလေးတွေ ဒုက္ခိတဘဝရောက်အောင်၊ အပြစ်မဲ့သူတွေ အသက်ဆုံးရှုံးအောင် လုပ်နေတာ”ဟု ဆိုဖီက သူ့သံမှိုတပ် ဖိနပ်ကို ကြိုးဖြေရင်းပြောသည်။
လင်းက ဆိုးခ၊ ဆိုဖီတို့နှင့်တစ်ဖွဲ့တည်းအလုပ်လုပ်သူ။ တောထဲ ထင်းခွေသွားသည့်ခင်ပွန်းသည် မိုင်းနင်းမိပြီး ကွယ်လွန် သွားတဲ့အခါ သူနှင့် သူ့မွေးကင်းစ သမီးလေး ငတ်သေတော့မည်ဟု လင်းတစ်ယောက်တွေးမိသတဲ့။
“ဘက်တမ်ဘင်မှာ မုဆိုးမတစ်ယောက်အဖို့ ဘာအလုပ်မှ မရှိဘူး။ အခြေအနေက ဆိုးတယ်။ မိန်းမသားဆိုတာ စက်ပစ္စည်း ကိုင်တွယ်နိုင်လောက်တဲ့ ဉာဏ်မရှိဘူးလို့ အများစုက ယူဆထားကြတာ။ လူတွေက ကျွန်မကို ပြောကြတယ်။ ညည်းက မိန်းမပဲ။ ဈေးထဲ ငှက်ပျောသီး သွားရောင်းပေါ့တဲ့” ဟု လင်းက စိတ်မချမ်းမြေ့စွာ ပြောသည်။
အခုအချိန် မတော့ သူတို့ ရပ်ရွာထဲက လူတွေအားလုံး လိုလိုထက် လင်းက ငွေပိုရအောင် ရှာနိုင်ပြီဖြစ်သည်။
“ကျွန်မ မိသားစုကိုလည်း ထောက်ပံ့တယ်။ အိုမင်းနေပြီဖြစ်တဲ့ ကျွန်မ မိဘနှစ်ပါးကိုလည်း တာဝန်ယူတယ်။ အခုဆိုရင် သူတို့က ကျွန်မအပေါ် လုံးလုံးလျားလျား မှီခိုနေရပြီ။ အိမ်ငှားခရယ်၊ စားစရိတ်ရယ်၊ အဝတ်အစား စရိတ်ရယ်၊ ထင်းဝယ်ဖို့ရယ်အတွက် ကျွန်မလခကို သုံးတယ်။ အဖေနဲ့အမေကတော့ ကျွန်မတစ်ခုခု ဖြစ်သွားမှာ အမြဲပဲ စိတ်ပူနေကြတာ။ ကျွန်မကတော့ ဖျားမှာ၊ နာမှာပဲ စိတ်ပူမိတယ်။ ဒီလိုဆိုရင် ကျွန်မ အလုပ်လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ကျွန်မ အလုပ်ပြုတ်ရင် အကုန်လုံး ထိခိုက် ကုန်မှာလေ” ဟုသူမက ပြောသည်။
လင်းရဲ့ မိုင်းကွင်းတွဲဖက်က ဆေးဘန်။ မိုင်းရှင်းကိရိယာနှင့် မြေပြင်အောက် သတ္တုစကို ထောက်စမ်းကြည့်တာ၊ ထောင်ချောက်မိုင်း ရှိမရှိ မြေပြင်ကို ဖွကြည့်တာ သူတို့ တစ်လှည့်စီ လုပ်ရသည်။ သူတို့အလုပ်က သူတို့အသက်ကို ရန်ရှာနိုင်ကြောင်း သူတို့တွေးဖို့ စဉ်းစားဖို့အချိန် အများကြီး ရသည်။
“မနက်ခင်း အိပ်ရာကထ၊ အလုပ်သွားရတဲ့ အချိန်က တော်တော် စောသေးတယ်။ ကျွန်မ ကလေးသုံးယောက်က အိပ်ကောင်းတုန်း။ မနက်ခင်းတိုင်း သူတို့လေးတွေ တစ်ယောက်နဲ့တစ်ယောက် ဖက်အိပ်နေကြတာ ကျွန်မကြည့်မိတယ်။ အိမ်ကထွက်ဖို့ တံခါးမပိတ်ခင်ကလေးမှာ ကျွန်မသတိရမိတယ်။ ဒီညနေ ငါအိမ်ကိုပြန်ရောက်ချင်မှ ရောက်တော့မှာ ဆိုတာ” ဟုသူမက မဝံ့မရဲပြောသည်။
ဒီ MAG အဖွဲ့ဝင် မုဆိုးမ မိုင်းရှင်းသမတွေက မိုင်းအကြောင်း နောကျေနေပြီ။ မိုင်းနှင့်ပတ်သက်လာလျှင် သူတို့အတွက် အဆန်းတကြယ် ဖြစ်စရာ ဘာကမှ မရှိတော့ပြီ။ အဓိက မြေမြှုပ်မိုင်း အစားစားနှင့် မပေါက်ကွဲသေးသော လက်နက်ပစ္စည်းတွေကို သူတို့အားလုံး ပိုင်ပိုင်နိုင်နိုင် သိနေပြီ။ တရုတ်လုပ် ၇၂-အေ အမျိုးအစားမိုင်းနှင့် ၇၂-ဘီ အမျိုးအစားမိုင်းကို ကောင်းကောင်း ခွဲခြားတတ်ပြီ။ ဆိုဗီယက်ရုရှားလုပ် မြေမြှုပ်မိုင်း၏ အန္တရာယ်ကိုလည်း သူတို့သိနေပြီ။ (ဒီမိုင်းက ခြေထောက်ကို ဒူးအထက်က ဖြတ်ပစ်ရတဲ့ ဒဏ်ရာမျိုး ပေးသည်။) ကွင်းထဲမှာ မသင်္ကာစရာ တစ်ခုခုတွေ့သည်နှင့် သူတို့သတိကောင်းကောင်း ထားတတ်ပြီ။ စီးကရက်ဘူးခွံ ဖြစ်ဖြစ်၊ ပစ်ထားတဲ့ နို့ဆီဘူး ဖြစ်ဖြစ်၊ ကလေးကစားစရာအရုပ် ဖြစ်ဖြစ် သူတို့ လက်လွတ်မပေး။ ဒီပစ္စည်း တစ်ခုခုက ထောင်ချောက်ဗုံး ဖြစ်နိုင်သည်။ အသက် မဆုံးရှုံးသရွေ့ ဒီအလုပ်က သက်တမ်းရှည်ကြာ လုပ်ရမည့်အလုပ် ဆိုတာလည်း သူတို့ သိသည်။
ကမ္ဘောဒီးယားနိုင်ငံက ကမ္ဘာပေါ်တွင် ခြေတုလက်တုလုပ်သည့် လုပ်ငန်း အဖွံ့ဖြိုးဆုံး နိုင်ငံတစ်ခုဖြစ်သည်။ ကမ္ဘာမြေပြင်တစ်လွှား မိုင်းအထူဆုံးမြေ ပိုင်ဆိုင်သည့် နိုင်ငံလည်းဖြစ်သည်။ နိုင်ငံ့တောင်ပိုင်း အနောက်တောင်ဒေသ ပင်လယ်ကမ်းခြေမှသည် နိုင်ငံ့မြောက်ပိုင်း လောနိုင်ငံအနီး ထိုင်းနယ်စပ်ဒေသအထိ ကီလိုမီတာ ၆၀၀ (မိုင်ပေါင်း ၃၇၀ ကျော်) ရှည်လျားသော ကော်ဘရမ် လမ်းကြောင်း တစ်လျှောက်မြှုပ်ထားသော မိုင်းအလုံးရေက သုံးသန်းထက်မနည်းဟု ဆိုသည်။ မိုင်းတွေက များမှများ၊ ပြီးတော့ မိုင်းတွေက ခေတ်မီမိုင်းတွေ။ မိုင်းရှင်း / မိုင်းရှာနည်းပညာက မိုင်းထုတ်လုပ်သော နည်းပညာအောက် နှစ်အစိတ်ခန့် နောက်ကျ ကျန်ရစ်ခဲ့သည့် နည်းပညာ။ ဒီတော့ကာ ကမ္ဘောဒီးယား၏ လူသတ်ကွင်း အသစ်များက အပြစ်မဲ့ အရပ်သူ အရပ်သားပေါင်း မြောက်မြားစွာကို သေကျေ ပျက်စီးစေဦးမည်။ ဒုက္ခိတဘ ဝရောက်စေဦးမည်။
နေတိုးနှင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်ကသာမက အမေရိကန် အမျိုးသား လေကြောင်းနှင့် လုံခြုံရေးအဖွဲ့ကြီးကပါ မြေမြှုပ် မိုင်းရှင်း ကိရိယာများကို တီထွင် နေကြောင်း သိရသော်လည်း ယနေ့အချိန်အထိ အားတက်စရာ ဘာသတင်းမှ မရသေး။ မိုင်းရှင်းလင်းရေး ကိရိယာတွေက စာရွက်ပေါ်ကြည့် လိုက်လျှင်တော့ အလုပ်ဖြစ်မည့် ပုံပေါက်သည်။ သို့သော်လည်း မိုင်းကွင်း အမျိုးမျိုး၏ မတူကွဲပြား ခြားနားမှုကို မိုင်းရှင်း ကိရိယာထုတ်လုပ်သူတွေက ထည့်သွင်းစဉ်းစားထားခြင်းမရှိ။ မိုင်းကို လွယ် လွယ်ကူကူ ဈေးပေါပေါနှင့် ဖောက်ခွဲ ဖျက်ဆီးနိုင်သည့် နည်းလမ်းကလည်း မရှိသေး။ မိုင်းကွင်း တစ်ခုလုံး မီးရှို့ ဖျက်ဆီး လိုက်ရင်ကော။ ဒါလည်း အပြောသာလွယ်တာ။ တစ်ဝက်တစ်ပျက် လောင်ကျွမ်းထားတဲ့၊ တစ်ဝက်တစ်ပျက် ဖောက်ခွဲထားတဲ့ မိုင်းဆိုတာ အလွန်အန္တရာယ်များသည်။ မြေဒဏ်၊ ရေဒဏ်၊ လေဒဏ် နှစ်ပေါင်းများစွာ တောက်လျှောက် ခံထားရသော ပေါက်ကွဲ စေတတ်သည့် မည်သည့် ပစ္စည်းမဆို အင်မတန် အန္တရာယ် ကြီးသည်။
ဤမြေမြှုပ်မိုင်းများက မည်မျှကြာရှည်စွာ ပြဿနာပေးကြောင်း ကျွန်တော်တို့တစ်တွေအခုမှ စသိသလို ဖြစ်ရတာကလည်း အံ့သြစရာကောင်းသည်။ မြောက်အာဖရိကရှိ လစ်ဗျားသဲကန္တာရထဲ ဒုတိ ယ ကမ္ဘာစစ်လက်ကျန် မိုင်းတွေ တစ်ပုံတစ်ခေါင်းကြီး ရှိသေးသည်။ ဘယ်လ်ဂျီယမ်နိုင်ငံ ဖလန်းဒါးနယ်မြေတွင် အချို့သော မြေကွက်များကို ယခုအချိန်အထိ စည်းရိုးခတ် ထားရသည်။ ပထမ ကမ္ဘာစစ် လက်ကျန် မပေါက်ကွဲသေးသော ဗုံးတွေ၊ မိုင်းတွေရှိနေသေးသည့်အတွက်ဖြစ်သည်။ လာအိုနိုင်ငံတွင်လည်း လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်က အမေရိကန်လေတပ်မှ ကြဲချခဲ့သော အစထွက်မိုင်းတွေက ယခုအထိ အသက်ဝင် နေသေးသည်။
မိုင်းရှင်းလုပ်ငန်း အကြံပေးအဖွဲ့ (MAG)၊ ဂရင်းပိစ်နှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်တို့က မြေမြှုပ်မိုင်း ထုတ်လုပ်ခြင်းကို တရားဝင် ဆိုင်းငံ့ရန် တောင်းဆိုထားသည့်ကြားက နှစ်စဉ်နှစ်တိုင်း လူသတ်မိုင်း နှစ်သန်းကျော်ကို စစ်မြေပြင်တွင် ဆက်လက် အသုံးပြု နေကြသည်။ ထို့ပြင် သန်းပေါင်းများစွာသော လူသတ်မိုင်းများကို ထုတ်လုပ်၊ သိုလှောင်နေကြသည်ကိုလည်းတွေ့ရသည်။
“ကျွန်တော်တို့ အခုကြုံတွေ့နေရတဲ့ အခြေအနေက ကိုးရိုးကားရားတော့ နိုင်သဗျ။ အပစ်အခတ် ရပ်စဲရေး ဆိုတာကို မြေမြှုပ်မိုင်းက နားမလည်ဘူး။ အပစ်အခတ်ရပ်လိုက်တာနဲ့ အမြောက်တွေ၊ လက်နက်ကြီးတွေကို ရွှေ့ကြပြောင်းကြပေမယ့် မိုင်းက မြေကြီးထဲ ကျန်ခဲ့တာလေ။ သူတို့က နောင်နှစ်ပေါင်းများစွာအထိ အပြစ်မဲ့အရပ်သားတွေကို ဒုက္ခပေးဖို့ ချောင်းနေတာ။ ပြီးတော့ နောက်ဆုံးပေါ်မိုင်းတွေက အရင်မိုင်းအမျိုးအစားထက် ယမ်းအား ပိုပြင်းတယ်။ ဒီတော့ ကမ္ဘောဒီးယားနဲ့ ဘဝတူ တခြား နိုင်ငံတွေရဲ့ အနာဂတ်ကတော့ လှိုင်းလေထန်ဦးမှာသေချာတယ်” ဟု ပေါလ်ဒေးဗီးစ်ကပြောသည်။ သူက မိုင်းစစ်ပွဲ (War of Mines) စာအုပ်ရေးတဲ့ပုဂ္ဂိုလ်။
ကမ္ဘာ့ ကုသမဂ္ဂအဖွဲ့ချုပ်က သံတမန်တွေရဲ့ ငြင်းခုံသံ၊ မိုင်းထုတ်လုပ်ရေး တရားဝင် ရပ်ဆိုင်းဖို့ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးတွေရဲ့ ညှိနှိုင်းသံတွေနှင့် ဝေးရာ ကမ္ဘောဒီးယားနိုင်ငံ ဘက်တမ်ဘင်မြို့အနီးက အမျိုးသမီး မိုင်းရှင်းရေး အဖွဲ့ကတော့ သူတို့ အလုပ်သူတို့ ဆက်လုပ် နေသည်။ ဆိုးခ နောက်ဆုံးတွေ့ထားတဲ့ မြေမြှုပ်မိုင်းကို ဖောက်ခွဲရေးပစ္စည်းနှင့် ချည်နှောင်နေခိုက် အမျိုးသမီးတွေ အားလုံး အရွက်တွေ ဝေဆာ ပြန့်ကားနေတဲ့ ပန်းသီးပင် အရိပ်မှာ နားခိုနေကြသည်။
“ဒီနေရာက တစ်ချိန်က သိပ်လှတဲ့ သစ်သီးခြံပါ။ အနှစ်နှစ်ဆယ်လုံးလုံး ပန်းသီးတွေကို ဘယ်သူမှ သွားမဆွတ်ရဲတော့ အပင်ပေါ်တင် ပုပ်ကုန်တာပေါ့။ အခုတော့ ဒီနေရာက မိုင်းစင်လုနီး ဖြစ်နေပါပြီ။ ဒီနေရာမှာ ရွာသစ်တည်မယ်။ အိမ်တွေ ဆောက်မယ်။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဈေးလည်းပါမယ်။ ဒီထဲ အကောင်းဆုံးကတော့… ” မိုင်းကွင်းကြီးကို တစ်ချက်လှမ်းကြည့်ရင်း ဆိုးခက တိုးညင်းစွာဆက်ပြောသည်။ “ကလေးတွေ ဒီသစ်သီးခြံထဲဘေး အန္တရာယ်ကင်းကင်းနဲ့ ပြန်ကစား နိုင်တော့မယ် ဆိုတာပါပဲ။”
ဒေါက်တာ အောင်ကြီး
၂၆-၁-၂၀၂၃
စာညွှန်း။
In Cambodia’s New Killing Fields. TAHIR SHAH. 2012. Travels With Myself. MOSAÏQUE BOOKS”
မှတ်စု။
- တစ်ဒေါ်လာ = ကမ္ဘောဒီးယားရီယဲလ်ငွေ ၄၀၀၀ ခန့်
- ဘက်တမ်ဘင်ပြည်နယ် – ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွင်တည်ရှိသည်။ ပြည်နယ်၏ အနောက်ဘက် နယ်နိမိတ် မြောက်ဖျားနှင့် တောင်ဖျားက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဖြစ်သည်။ ပြည်နယ်၏ မြို့တော်မှာ ဘက်တမ်ဘင်ဖြစ်သည်။ အများစုက စိုက်ပျိုးရေး လုပ်ငန်းနှင့် အသက်မွေးကြပြီး အဓိကလုပ်ငန်းမှာ စပါးစိုက်ပျိုးခြင်း ဖြစ်သည်။ ပြည်နယ်၏ ၇၅%သောမြေကို တောတောင်များဖြင့် ဖုံးလွှမ်းထား သည်။
- မြေမြှုပ်မိုင်း (land mine) – မြေမြှုပ်မိုင်းက ၎င်း၏ပေါက်ကွဲမှု အရှိန်ကြောင့် လူနှင့်ပစ္စည်းကို တိုက်ရိုက် ထိခိုက်ပျက်စီးစေသည်။ ပေါက်ကွဲမှုမှ ပေါ်ထွက်လာသော အစအနများကြောင့်လည်း ထိခိုက်ပျက်စီးစေနိုင်သည်။ နည်းနှစ်မျိုးစလုံးကြောင့်လည်း ထိခိုက် ပျက်စီးနိုင်သည်။
- ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၇၈ နိုင်ငံ၌ မြေမြှုပ်မိုင်းများ ထောင်ထားသည်ဟု သိရသည်။ နှစ်စဉ် မိုင်းထိ သေဆုံးသူ ၁၅၀၀၀ နှင့် ၂၀၀၀၀ ခန့်ရှိပြီး ဒုက္ခိတ ဘဝရောက်သူဦးရေက ထို့ထက်ပိုသည်။ မိုင်းထိသူ ၈၀% မှာအရပ်သူအရပ်သားများဖြစ်ပြီး ထိခိုက် ဒဏ်ရာ ရသူအများစုမှာ ကလေးများ ဖြစ်သည်။
- မြေမြှုပ်မိုင်း တားဆီးပိတ်ပင်ရေး လှုပ်ရှားမှုများကြောင့် မြေမြှုပ်မိုင်း အသုံးပြုခြင်း၊ သိုလှောင်ခြင်း၊ ထုတ်လုပ်ခြင်း၊ လက်လွှဲ ပြောင်းခြင်း၊ ဖျက်ဆီးပစ်ခြင်းတို့ကို သဘောတူပြဋ္ဌာန်းသည့် အော့တားဝါးစာချုပ် (Ottawa Treaty) ကို ၁၉၉၇ ခုနှစ်တွင် နိုင်ငံပေါင်းစုံ လက်မှတ် ရေးထိုးခဲ့သည်။ ယနေ့အထိ လက်မှတ်ရေးထိုးပြီး ၁၆၄ နိုင်ငံရှိသည်။ တရုတ်နိုင်ငံ၊ ရုရှား ဖက်ဒရေးရှင်းနှင့် အမေရိကန် ပြည်ထောင်စုတို့က လက်မှတ်ရေးထိုးခြင်း မရှိပေ။ (ဝီကီပီးဒီးယား)

