The Corner

The Corner

cropped-Logo_round_grey-background.png

တရုတ်၊ ဂျပန်၊ ထိုင်ဝမ် နဲ့ အင်ဒို-ပစိဖိတ်ဒေသ အရေးတော်ပုံ

Share မယ်

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့က ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိ (Shinjiro Koizumi) နဲ့ တရုတ်ကာကွယ်ရေး ဝန်ကြီး တုန်ကျွင်း (Dong Jun) တို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တွေ့ဆုံခဲ့ကြတယ်လို့ Mainichi သတင်းစာမှာ ဖော်ပြ ခဲ့တယ်။ ဂျပန်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးတွေဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်းနဲ့ မိတ်ဖက်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေ ကျင်းပနေစဉ် ဘေးပန်းပြင်ပမှာ အလွတ်သဘော တွေ့ဆုံခဲ့ကြကြောင်း သိရတယ်။ နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေးမှုနဲ့ အဆင့်အသီးသီးမှာ အပြန်အလှန် အမြင်ဖလှယ်မှုတွေ တိုးမြှင့်လုပ်ဆောင်ကြဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုတယ်။

အာရှပစိဖိတ်ဒေသအတွင်းမှာ ဘေဂျင်းရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးလာမှုအပေါ် ဂျပန်အနေနဲ့ စိုးရိမ်ပူပန်ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး ‘ရှင်ဂျီရို ကိုအိဇုမိ’ က တရုတ်ကာကွယ်ရေးဝန်ကြီး ‘တုန်ကျွင်း’ကို နိုဝင်ဘာ ၁ ရက်နေ့မှာ ပြောခဲ့တာ ဖြစ်တယ်။

“အရှေ့တရုတ်ပင်လယ်နဲ့ ပစိဖိတ်ဒေသမှာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ လုပ်ဆောင်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြင့်လာနေ တာနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံအနေနဲ့ အထူး စိုးရိမ်ပူပန်မိတယ်” လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ‘အိဇုမိ’ က ၂၀၂၄ နိုဝင်ဘာလ အတွင်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံစဉ်အတွင်း နိဒါန်းစကားပြောကြားရာမှာ  ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ မေလက အရှေ့တရုတ်ပင်လယ်အတွင်းရှိ ‘ဆန်ကာကူကျွန်းစု’ (Senkaku Islands)အနီး တရုတ်ကမ်းခြေစောင့် ရဟတ်ယာဉ် တစ်စင်းက ဂျပန် ဝေဟင်ပိုင်နက်ကို ချိုးဖောက် ဝင်ရောက်ခဲ့တဲ့အတွက် ဂျပန် တိုက်လေယာဉ်တွေ အရေးပေါ် အမြန် ပျံတက်ခဲ့ရတယ်လို့ ဆိုတယ်။ ‘ဆန်ကာကူကျွန်းစု’ ကို ဂျပန်က စီမံအုပ်ချုပ်နေပေမယ့် အဆိုပါ ကျွန်းစုကို တရုတ်တို့ က  ဒိုင်အိုယု (Diaoyu) လို့ ခေါ် ပြီး တရုတ်တို့ အပိုင်ဖြစ်ကြောင်း ပြောဆိုထားတယ်လို့ ဆိုတယ်။

ဇွန်လအတွင်းကလည်း တရုတ်တိုက် လေယာဉ်တစ်စင်း ပစိဖိတ်ဒေသမှာ ဂျပန်လေတပ် ကင်းလှည့် လေယာဉ်တစ်စင်းအနားကို ချဉ်းကပ် ပျံသန်းခဲ့တယ်လို့ ဂျပန်အစိုးရက ဆိုတယ်။ တရုတ်ဘက်ကလည်း ဂျပန်လေယာဉ်ကသာ အနီးကပ် ပျံသန်းခဲ့တာ ဖြစ်တယ်လို့ ဆိုတယ်။ တရုတ်အနေနဲ့ ပုံမှန် စစ်ရေး လှုပ်ရှားမှု အခြေအနေကို ထောက်လှမ်းတာ ဖြစ်တယ်လို့ တရုတ်ဘက်က တုံ့ပြန်ခဲ့ကြောင်း သိရတယ်။ ဇူလိုင်လတုန်းကလည်း အရှေ့တရုတ်ပင်လယ်မှာ အလားတူ ဖြစ်ရပ်မျိုး အသေးစားတစ်ခု ဖြစ်ခဲ့ သေးတယ်လို့ သတင်းတွေမှာ ဖော်ပြတယ်။

ဝေဟင်ပိုင်နက် ဖောက်ဖျက်ဝင်ရောက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုရင်း ‘ကိုအိဇုမိ’ က မှတ်ချက်ပြုပြောကြားရာ မှာ  ဂျပန် ကာကွယ်ရေးတပ် နဲ့ တရုတ်တပ်ဖွဲ့တွေအကြား ကြိုတင် မသိမမြင်နိုင်တဲ့ မတော်အဆ ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားနိုင်ရေးအတွက် အရေးပေါ် ဖုန်းလိုင်းတစ်ခု ထားရှိရေးကိစ္စဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။

“နှစ်နိုင်ငံ ကာကွယ်ရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့ သီးသန့်တာဝန်ယူဆောင်ရွက်ရမယ့်ကိစ္စတွေနဲ့ ရှုပ်ထွေးခက်ခဲတဲ့ ကိစ္စတွေ ပေါ်ပေါက်ခဲ့ရင် မသိကျိုးကျွန် မလုပ်ဘဲ ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးမှုတွေ၊ ဆက်သွယ်ဆောင်ရွက်မှုတွေကို  ထဲထဲဝင်ဝင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ကြဖို့ လိုပါတယ်” လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ‘ကိုအိဇုမိ’ က တရုတ်ကာကွယ်ရေးဝန်ကြီး ‘တုန်ကျွင်း’ ကို ပြောခဲ့ကြောင်းသိရတယ်။

ဂျပန် ဝန်ကြီးချုပ် ဆနာအဲ တာကာအိချိ နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင် တွေ့ဆုံနှုတ်ဆက်စဥ် (Credit: BBC)

၂၀၂၅ အောက်တိုဘာ ၃၁ ရက်ကလည်း တရုတ်သမ္မတ ‘ရှီကျင့်ဖျင်’(Xi Jinping) နဲ့ ဂျပန်ဝန်ကြီးချုပ် ‘ဆနာအဲ တာကာအိချိ’ (Sanae Takaichi) တို့  အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ ထိပ်သီးအစည်းအဝေးရဲ့ ဘေးပန်း အလွတ်သဘော တွေ့ဆုံရာမှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေရေးအတွက် နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်ဖို့ သဘောတူ ခဲ့ကြကြောင်း သိရတယ်။

တစ်ချိန်တည်းမှာ ‘အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးညီလာခံ’(APEC) ထိပ်သီးဆွေးနွေးပွဲရဲ့  ဘေးပန်းအလွတ် သဘော တွေ့ဆုံပြောဆိုဆွေးနွေးမှုမှာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ‘ဆနာအဲ တကာအီချီ’ က ထိုင်ဝမ်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ နဲ့ တွေ့ဆုံစကားပြောဆိုခဲ့မှုအပေါ်  တရုတ်နိုင်ငံ ဘေဂျင်းအစိုးရက ဝေဖန်ပြစ်တင်လိုက်တယ်လို့ ဆိုပါတယ်။

“ဒီလို ပြုမူ လုပ်ဆောင်ချက်တွေဟာ အရင်းခံ သဘာဝနဲ့ သြဇာ သက်ရောက်မှု သဘောတွေအရ အလွန်တရာ ဆိုးတဲ့ အကျိုး သက်ရောက်မှု ဖြစ်စေနိုင်တယ်” လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ နိုဝင်ဘာ ၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် တစ်စောင်ထုတ်ပြန်ပြီး ဝေဖန်ပြစ်တင်ထားတယ်။

“တရုတ်နိုင်ငံ အနေနဲ့ အခုလို ဂျပန်ရဲ့ ပြုမူလုပ်ဆောင်ချက်ကို ခိုင်ခိုင်မာမာ ဆန့်ကျင်ကြောင်းနဲ့ အခုလို ဂျပန်က ထိုင်ဝမ်နဲ့ ဆက်ဆံမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါကြောင်း” လို့ ကြေညာချက်မှာ ဖော်ပြထားတယ်။   

ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ‘တကာအီချီ’က အောက်တိုဘာ ၃၁ ရက်နဲ့ နိုဝင်ဘာ ၁ ရက်နေ့တွေမှာ ထိုင်ဝမ် သမ္မတ အကြံပေးပုဂ္ဂိုလ် ‘လင်ဆင်အီ’(Lin Hsin-i)နဲ့ တွေ့ဆုံခဲ့ကြောင်း ဝန်ကြီးချုပ် ‘တကာအီချီ’က သူ့ရဲ့ ဆိုရှယ်မီဒီယာ အိတ်က်စ် (Twitter) ပေါ်မှာ ရေးတင်ထားတယ်လို့ ဆိုတယ်။ အဲဒီ ရေးသားဖော်ပြချက်မှာ ဝန်ကြီးချုပ် ‘တကာအီချီ’က ဂျပန်နိုင်ငံအနေနဲ့ ထိုင်ဝမ်နဲ့ အနာဂတ်မှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း လက်တွဲ ဆောင်ရွက်သွားဖို့ မျှော်လင့်တယ်လို့ ဆိုထားတယ်။

ဝန်ကြီးချုပ် ‘တကာအီချီ’ ဟာ  ထိုင်ဝမ်နဲ့ ရည်ရွယ်ချက်ရှိရှိ စီစဉ်တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီတွေ့ဆုံမှုကို ဆိုရှယ်မီဒီယာမှာ အမွှမ်းတင် ကြေညာခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တယ်လို့ဆိုတယ်။ ဂျပန် ဝန်ကြီးချုပ် ‘တကာအီချီ’ နဲ့ တရုတ်သမ္မတ ‘ရှီကျင့်ဖျင်’တို့ အောက်တိုဘာ ၃၁ ရက်က APEC ထိပ်သီးဆွေးနွေးပွဲရဲ့  ဘေးပန်းမှာ ပထမဆုံး အကြိမ် တွေ့ဆုံမှုအပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဘေဂျင်းမှာ ပြုလုပ်တဲ့ (၁၄) ကြိမ်မြောက် တရုတ်နိုင်ငံလုံးဆိုင်ရာ ပြည်သူ့လွှတ်တော် တတိယ အစည်းအဝေး (၂၀၂၅ မတ်လ ၇ ရက်နေ့) အပြီးမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တယ်။ အဲဒီပွဲမှာ ထိုင်ဝမ်နဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ‘ဝမ်ယိ’ က မှတ်ချက် စကားပြောပါတယ်။

“ထိုင်ဝမ်ဟာ ဘယ်တုန်းကမှ တိုင်းပြည်တစ်ခု မဟုတ်ခဲ့သလို နောင်အနာဂတ်မှာလည်း ဘယ်တော့မှ တိုင်းပြည်တစ်ခုဖြစ်လာ မှာ မဟုတ်ဘူး၊  ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ပိုင်နက်ဒေသ တစ်ခုသာဖြစ်တယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့တယ်။

“သမိုင်း ဖြစ်စဉ်အရရော လက်ရှိ ပကတိ အမှန်တရားအရရော ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးရဲ့ ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်း တစ်ခုမျှသာဖြစ်ပါတယ်။ “ထိုင်ဝမ်လွတ်လပ်ရေး” ကို ထောက်ခံတာဟာ တရုတ် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်တယ်။ ထိုင်ဝမ် လွတ်လပ်ရေး ကြိုးပမ်းမှုကြောင့် ထိုင်ဝမ် ရေလက်ကြား တည်ငြိမ်မှုကို ထိခိုက်စေပါတယ်” လို့ ဝမ်ယိ က ဆိုထားတယ်။

တရုတ်နိုင်ငံဟာ ဂျပန်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပါတယ်။ တစ်ဖက်မှာ အမေရိကန် ပြည်ထောင်စုက ဂျပန်နိုင်ငံရဲ့ အရေးကြီးတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် တာဝန်ယူထားတယ်လို့ ဆိုပါတယ်။ စစ်ရေး နိုင်ငံရေးအရ ကမ္ဘာ့ အင်အား အကြီးဆုံးဖြစ်နေတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ အကြားမှာ ဂျပန်နိုင်ငံအနေနဲ့ အတိမ်းအစောင်း မဖြစ်အောင် ဆောင်ရွက်ဖို့ ဆိုတဲ့ ကိစ္စဟာ အတော် မလွယ်ကူတဲ့ ကိစ္စဖြစ်တယ်လို့ ဆိုတယ်။

ဘေဂျင်း နဲ့ တိုကျို အစိုးရ နှစ်ရပ်အကြား ဆက်လက်ဖြေရှင်းရမယ့် တခြားအရေးကိစ္စတွေ ပြဿနာတွေကလည်း မနည်း မနော ရှိနေဆဲဖြစ်တယ်လို့ သိရတယ်။ အဲဒီ ပြဿနာတွေထဲမှာ နှစ်နိုင်ငံအကြား အငြင်းပွားနေတဲ့ ပစိဖိတ်ရေပြင် မှာရှိတဲ့ ကျွန်းစု ကလေးတွေတစ်ဝိုက် တရုတ်နိုင်ငံက စစ်ရေးလှုပ်ရှားမှုတွေ တိုးချဲ့လုပ်နေတဲ့ ကိစ္စလည်း အပါအဝင်ဖြစ်တယ်။ ဒါတင်မက ကုန်သွယ်ရေး ကန့်သတ်ချက်တွေ ဖြေရှင်းရေးကိစ္စနဲ့ “ထိုင်ဝမ်ရေလက်ကြား” ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကိစ္စတွေ ညှိနှိုင်းရေး ကလည်း စိုးရိမ်စရာ အခြေအနေ ဖြစ်နေဆဲလို့ ဆိုပါတယ်။          

ဂျပန်နိုင်ငံက Senkaku လို့ ခေါ်ပြီး တရုတ်နိုင်ငံက Diaoyu လို့ခေါ်တဲ့ ကျွန်းစုတွေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွား နေတဲ့ ကိစ္စဟာ နှစ်နိုင်ငံကြား မကြာခဏ ပွတ်တိုက်မှုရှိနေဆဲ ပြဿနာဖြစ်တယ်။ အဲဒီ ကျွန်းစုတွေ တစ်ဝိုက်မှာ သဘာဝ ဓာတ်ငွေ့ သိုက်တွေနဲ့ စီးပွားဖြစ် ငါးဖမ်းကွက်တွေ အကြီးအကျယ် ရှိနေတယ်လို့ ဆိုတယ်။

၂၀၂၅ စက်တင်ဘာ ၂၉ ရက် တိုကျိုအခြေစိုက် ရိုက်တာ(Reuters) သတင်းအရ ဂျပန် ရေပိုင်နက် အနောက်တောင်ဘက် အထူး စီးပွားရေးဇုန် (EEZ) အတွင်းမှာ ပင်လယ်ရေပြင် သုတေသန လုပ်ငန်းတွေ လုပ်နေတဲ့ တရုတ်သင်္ဘောကို တွေ့ရှိခဲ့တဲ့ အတွက် ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ‘ယိုရှီမာဆာ ဟာယာရှီ’ (Yoshimasa Hayashi) က စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ဖော် ပြောကြားခဲ့တယ်။

ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က တရုတ် သင်္ဘော ‘ကျန်းယန်ဟောင် ၂၂’(Xiang Yang Hong 22)ကို ဂျပန် အထူးစီးပွားရေးဇုန် (EEZ) အတွင်းမှာ စက်တင်ဘာ ၂၇ ရက်နေ့က တွေ့ရှိခဲ့တာလို့ ‘ယိုရှီမာဆာ ဟာယာရှီ’ က ဆိုတယ်။ ‘အမာမီ အိုရှီမာ’ (Amami Oshima)ကျွန်းရဲ့ အနောက်ဘက် ၃၇၉ ကီလိုမီတာ (၂၃၅ မိုင်ခန့်) မှာ တရုတ်သင်္ဘောကို တွေ့ခဲ့တာဖြစ်ပြီး တွေ့ရှိချိန်မှာ ဂျပန် (EEZ) အတွင်း ပင်လယ်ပြင်မှာ ဝါယာကြိုးနဲ့ အလားသဏ္ဌာန်တူတဲ့ ပစ္စည်းကို ဖြန့်ကြက် သွယ်တန်းနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုတယ်။ 

“ဂျပန် ရေပိုင်နက်အတွင်းမှာ ဂျပန်အစိုးရရဲ့ သဘောတူညီမှု မရှိဘဲနဲ့ တရုတ်သင်္ဘောက ပင်လယ်ပြင် သုတေသန လုပ်ဆောင် နေခြင်းအတွက် ကျွန်တော်တို့ အနေနဲ့ တရုတ်အစိုးရကို ကန့်ကွက် ပြောဆိုထားပါတယ်” လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ‘ဟာယာရှီ’ က ပြောပါတယ်။ ဂျပန်အစိုးရရဲ့ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူ ‘ဟာယာရှီ’ က ထပ်ပြီး ဖြည့်ပြောတာက တရုတ်သင်္ဘော ‘ကျန်းယန်ဟောင် ၂၂’ ဟာ ကန့်ကွက် ပြောဆိုအပြီး သုံးနာရီခန့်အကြာမှာ ဂျပန်ရေပိုင်နက် ကနေ အနောက်ဘက် စူးစူးကို ပြန်လည် ထွက်ခွာသွားတယ်လို့ ဆိုတယ်။

ဘေဂျင်း နဲ့ တိုကျို အစိုးရတို့အကြား ဂျပန်နိုင်ငံက Senkaku လို့ ခေါ်ပြီး တရုတ်နိုင်ငံက Diaoyu လို့ခေါ်တဲ့ ကျွန်းစုတွေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွား နေတဲ့ နယ်မြေပိုင်ဆိုင်ရေး ကိစ္စဟာ ယခုတိုင် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်တယ်။ ကျွန်းစုတွေကိုတော့ ဂျပန်က စီမံအုပ်ချုပ်နေတာဖြစ်ပါတယ်။

ဂျပန်အစိုးရက ‘ဆန်ကာကူကျွန်းစု’ ကို ၁၈၉၅ ဇန်နဝါရီလ ကတည်းက ဂျပန်ပိုင်နယ်မြေအဖြစ် အဲဒီခေတ်ရဲ့ နိုင်ငံတကာ တရား ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ထားခဲ့တာဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြ ထားတာ တွေ့ရတယ်။  ‘ဆန်ကာကူကျွန်းစု’ ဟာ ဂျပန်ရဲ့ အချုပ်အခြာ အာဏာ ပိုင်စိုးမှု အောက်မှာ ရှိတယ်ဆိုတဲ့ အချက်ကို တရုတ်နိုင်ငံအနေနဲ့ ကန့်ကွက်ပြောဆိုမှု မလုပ်ခဲ့တာ ၇၅ နှစ်ရှိပြီလို့ ဆိုတယ်။

ဒါပေမဲ့ ၁၉၇၀ ခုနှစ်တွေအတွင်း ကျွန်းစု ပတ်ဝန်းကျင်နဲ့ အရှေ့တရုတ် ပင်လယ်ပြင်အောက်မှာ ရေနံသိုက်တွေရှိတယ်လို့ လေ့လာ သိရှိခဲ့ပြီးတဲ့နောက် အခြေအနေ အပြောင်းအလဲ ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုတယ်။ “ဆန်ဖရန်စစ္စကိုစာချုပ်” မှာ ‘ဆန်ကာကူကျွန်းစု’ ဟာ ဂျပန်ရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုအောက်မှာရှိကြောင်း သဘောတူခဲ့ပြီးတဲ့နောက် အမေရိကန် ပြည်ထောင်စုက ကျွန်းစု အနီးတစ်ဝိုက်ကို စစ်လက်နက် စမ်းသပ်ပစ်ခတ်ရေးအတွက် အသုံးပြုခဲ့သေးတယ်လို့ သိရတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ စာစောင်တွေနဲ့ တရုတ်အစိုးရရဲ့ မြေပုံတွေပေါ်မှာ ‘ဆန်ကာကူကျွန်းစု’ ဟာ ဂျပန်ရဲ့ အချုပ်အခြာ အာဏာ ပိုင်စိုးမှုအောက်မှာ ရှိကြောင်း အသိအမှတ်ပြု ဖော်ပြထားခဲ့ပြီး ဖြစ်တယ်လို့  ဂျပန် နိုင်ငံခြားရေးဌာနက ဆိုတယ်။

ဂျပန်နိုင်ငံ အနေနဲ့ “ဂျပန်-တရုတ်ဆက်ဆံရေး” ကိစ္စကို အထူးအရေးကြီး ကိစ္စအဖြစ် သတ်မှတ်ထားပြီး တရုတ်-ဂျပန် အပြန်အလှန် ဆက်ဆံရေးကို ဂျပန်အတွက် အလွန်အရေးကြီးကိစ္စအဖြစ် သဘောထားတယ်လို့ သိရတယ်။ တရုတ်-ဂျပန် အပြန်အလှန် ဆက်ဆံရေးတိုးတက် တည်ငြိမ်မှုဟာ နှစ်နိုင်ငံပြည်သူတွေအတွက်သာမက အာရှ-ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံတကာပြည်သူတွေအတွက်လည်း အကျိုးကျေးဇူးဖြစ်ထွန်းစေမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ဆိုတယ်။

ဂျပန်နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရာမှာ ကျယ်ပြန့်တဲ့ အမြင်နဲ့ “နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းရေး မဟာ ဗျူဟာ ဆက်ဆံရေး”ကို တိုးတက်ဖွံ့ဖြိုးအောင် ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဆိုတယ်။ ‘ဆန်ကာကူကျွန်းစု’ အပါအဝင် မြေပုံပေါ်မှာ တစ်တန်းတည်း ဖော်ပြထားတဲ့ ကျွန်းစုတွေကို စီမံအုပ်ချုပ်ပိုင်ခွင့်ဟာ ဂျပန်နိုင်ငံမှာ ရှိကြောင်း  “အိုကီနာဝါကျွန်း ပြန်လည်လွှဲအပ်မှု သဘောတူစာချုပ်” (Okinawa Reversion Agreement)ဖော်ပြထားတယ်လို့လည်း ဆိုတယ်။ ဒါကြောင့် ‘ဆန်ကာကူကျွန်းစု’ဟာ ဂျပန်ရဲ့ အချုပ်အခြာအာဏာပိုင်နက်မှာ အပါအဝင်ဖြစ်မှုအတွက် အငြင်းပွား စရာမရှိပါလို့ ဂျပန် နိုင်ငံခြားရေးဌာနက ဆိုတယ်။

ဒါပေမဲ့လည်း အခြားတစ်ဖက်မှာ တရုတ်နိုင်ငံက ဒေသအတွင်း အငြင်းပွားနေတဲ့ ကျွန်းစုနယ်မြေကို အခိုင်အမာ ဆက်လက် ထိန်းချုပ် ထားလိုတာကြောင့် လေယာဉ်ပြေးလမ်းတွေ၊ လက်နက်ခဲယမ်း အမျိုးမျိုး ထားသိုဖို့ အဆောက်အအုံတွေ၊ အခြေခံ တပ်စခန်းတွေ အစရှိတဲ့ စစ်ရေး အခြေခံ အဆောက်အအုံတွေကို တွင်တွင် ကျယ်ကျယ် ဆောက်လုပ် နေတာ တွေ့ရတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် လက်အောက်မှာ စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက် အအုံတွေကို ပေါ်ပေါ် ထင်ထင် ဆောက်လုပ်လာခြင်းဟာ တရုတ်ရဲ့ လက်ရဲဇက်ရဲ နိုင်တဲ့ မူဝါဒကို အကောင်အထည် ဖော်သလို ဖြစ်နေတယ်။

နောက်ပြဿနာတခုက တရုတ်၊ မြောက်ကိုးရီးယားနဲ့ ရုရှားစစ်သင်္ဘောတွေကလည်း ဂျပန်-မြောက်ကိုရီးယား နယ်စပ် ရေပြင် တစ်ဝိုက်ကို ဖြတ်သန်း ခုတ်မောင်းပြီး အင်အားပြသမှုတွေ လုပ်ဆောင်လာတာကြောင့် ဂျပန်နဲ့ ထိုင်ဝမ်ရေလက်ကြား အနီးတစ်ဝိုက်ဟာ လုံခြုံရေး သတိထားရမယ့် အနေအထား ရောက်နေတယ်လို့ ဆိုပါတယ်။ အခြားတစ်ဖက်မှာတော့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုဘက်က သူတို့ ပိုင်နက်မဟုတ်တဲ့ အာရှရေပြင်မှာ စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ် တွေ ဖြတ်သန်း အင်အား ပြတာမျိုး မကြာခဏ လုပ်လာတာလည်း ရှိနေတယ်။ ဒါကြောင့် အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်-ရုရှား-မြောက်ကိုးရီးယား အုပ်စုနဲ့ အမေရိကန်-ဂျပန်-မဟာမိတ်အုပ်စုတို့ အကြား စစ်ကစားပွဲတစ်ခု ပေါ်ပေါက် လာနိုင်ဖွယ် ရှိသလားလို့ သတိထား စောင့်ကြည့်စရာ အခြေအနေလည်း ဖြစ်နေကြောင်း စစ်ရေး အကဲခတ်တွေက သုံးသပ်နေကြတယ်လို့ ဆိုပါတယ်။       

စင်စစ်အားဖြင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ဗြောင်ကျကျ စစ်အင်အားနဲ့တကွ နယ်မြေချဲ့ထွင်နေမှုဟာ အင်ဒို-ပစိဖိတ် ဒေသအတွင်း အမေရိကန်ပြည်ထောင်စု စိမ့်ဝင်ကျူးကျော်လာမယ့်အရေးကို မလိုလားကြောင်း ပြသနေတဲ့ သဘော လည်း တွေ့ရပါတယ်။

References:

(1) Japan defense chief tells China about serious security concern, November 2, 2025 (Mainichi Japan).

(2) China hits out at Japan’s Sanae Takaichi for meeting Taiwan’s officials, Updated Nov 02, 2025, 02:04 PM, The Straits times.

(3) Japan protests China’s ocean research in exclusive economic zone (Reuters) 29 Sept 2025.

Click to rate this post!
[Total: 2 Average: 5]