The Corner

The Corner

cropped-Logo_round_grey-background.png

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၂)

Share မယ်

အပေးအကမ်း ရက်ရောတဲ့ သမ္မတကြီး

ဦးမိုး – ဟာ ကိုတိုး လာဗျာ။ ပြီးခဲ့တဲ့ အပတ်ကတောင် မျှော်နေသေးတယ်။ ခင်ဗျား ရောက်လာမလားလို့။ ကျွန်တော်လည်း မိုးထဲရေထဲ အိမ်ထဲမှာ နေရတာ ပျင်းလာလို့ လက်ဖက်ရည်ဆိုင် ခဏထိုင်ဖြစ်သေးတယ်။

ဦးတိုး – ဟုတ်တယ် ကိုမိုးရေ။ သီတင်းကျွတ် ပိတ်ရက်တွေတုန်းက သားတို့ မိသားစုရောက်နေလို့ ရှုပ်နေခဲ့လို့ တန်ဆောင်တိုင် ပိတ်ရက်မှာတော့ စုဆောင်း သိမ်းဆည်းထားတဲ့ စာအုပ်လေးဘာလေး ဖတ်မယ် စိတ်ကူးထားတာ။ ဘယ်ဟုတ်လို့တုံး။ ရွာလိုက်တဲ့မိုး ဆိုတာဗျာ။ အိမ်ထဲလည်း ရေတွေဝင်လို့ ကျွန်တော်တို့ အဘိုးကြီး အဘွားကြီး နှစ်ယောက် ဒုက္ခတွေ ရောက်လိုက်တာဆိုတာ မပြောပါနဲ့ဗျာ။

ဦးမိုး – ကျွန်တော့် အိမ်လည်း အတူတူပါပဲ။ အိမ်ဝိုင်းထဲရော လမ်းပေါ်မှာရော ရေတွေချည်းပဲ။ ထီးတစ်ချောင်းနဲ့ မိုးထဲ ရေထဲဖြတ်ပြီး သတင်းပလင်းလေး နားထောင်ဖို့ ထွက်တာလေ။

ဦးတိုး – ဟုတ်လားဗျ။ ခင်ဗျားကတော့ ဒီနား နီးတော့ မဆိုးဘူး။ ဒါနဲ့ ဘာတွေများ ထူးသေးလဲ။

မိုး – သိပ်ထူးထူးခြားခြားတော့ မရှိပါဘူးဗျာ။ အမေရိကန် အစိုးရကြီး ရပ်တန့်နေတာတော့ တော်တော်ကြာ သွားပါ ပကော။ ဒီနေ့ဆို အရင် တစ်ခါ ပိတ်ခဲ့ဖူးတဲ့ စံချိန်ကိုကျော်ပြီး ၃၆ ရက်တောင် ရှိသွားပြီ။ သူတို့ဆီက အစိုးရ ဝန်ထမ်းတွေ ပိုက်ဆံမရတာ တစ်လကြာသွားခဲ့ပြီပေါ့။

တိုး – ဆိုးတာပဲ ဗျာ။ ကျွန်တော်က ပြီးသွားပြီ တောင် အောက်မေ့နေတာ။ အမေရိကန်ရဲ့ စနစ်ကြီးကလည်း တစ်မျိုးပါလား။

မိုး – ဘယ်ဟုတ်ရမှာလည်း။ ဒီလိုဗျ အမေရိကန်မှာ ဘက်ဂျက်နှစ် တစ်နှစ်ပြီးလို့ နောက်တစ်နှစ် အတွက် စ တော့မယ်ဆိုရင် အစိုးရ အသုံးစရိတ်ကို ပါတီကြီးနှစ်ခုက သဘောတူဖို့လို့တယ်။ သူတို့ သဘောတူပြီးတော့မှ သမ္မတက လက်မှတ်ထိုးပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းတဲ့ အခါကျတော့မှ နောက်နှစ်အတွက် အစိုးရ လုပ်ငန်းတွေကို လည်ပတ်ရတယ်custom။

တိုး – သြော် ဒီလိုလား။ အခုက ဘယ်လိုဖြစ်နေကြတာလဲဗျ။ ဘာလဲ သူတို့နှစ်ပါတီ သဘောမတူကြနိုင်လို့လား။

မိုး – ဆိုပါတော့။ ဒီမိုကရက်တွေဘက်က အရင်ကတည်းက ရှိခဲ့တဲ့ မတတ်နိုင်တဲ့သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု အာမခံချက်တွေကို ထရမ့်တို့ ရီပတ်ဘလီကင်ဘက်က ဖျက်သိမ်းပစ်ချင်တယ်။ ဒီလိုဆိုတော့ ဒီမိုကရက်ဘက်က ဒါကို သဘောမတူကြဘူး။ ရီပတ်ဘလီကင်ပါတီ ဘက်ကလည်း ညှိဖို့ နှိုင်းဖို့ မကြိုးစားဘဲ တင်းခံနေတယ်။ အစိုးရ ဘက်ဂျက် မရဘူးဆိုရင်လည်း ကိစ္စမရှိဘူး။ အစိုးရဝန်ထမ်းတွေ ဖြုတ်ပစ်ရုံပဲ ရှိတာပေါ့ဆိုပြီး ခြိမ်းခြောက်တယ်။

တိုး – အေးဗျ တော်တော်ဆိုးတာပဲ။

မိုး – ဆိုးတယ်။ အခုဆိုရင် ပြည်သူတွေက ကြားထဲက ဓားစာခံတွေ ဖြစ်ကုန်ပြီလေ။ ပြောပြပါဦးမယ် ထူးဆန်းတာ။ ဒါနဲ့ ပတ်သက်ပြီး အမေရိကန်က လူပေါင်း သန်း ၄၀ လောက် အငတ်ဘေး ဆိုက်မလို ဖြစ်ကုန်ပြီ။

တိုး – ဟင် ဘယ်လိုကြီးလဲဗျ။ ကြား ကြားဖူးပေါင်။ အမေရိကန်မှာ အငတ်ဘေး ဆိုက်ရတယ်လို့။

အမေရိကန် အစိုး ယန္တရားများ ရပ်တန့်နေမှုကြောင့် ပြတိုက် တစ်ခု ပိတ်ထားကြောင်း ကြေငြာထားပုံ Credit: The Guardian

မိုး – ဟုတ်တယ်ဗျ။ ၁၉၃၀ ခုနှစ်လောက်ကတည်းက အမေရိကန် အစိုးရက လိုအပ်နေတဲ့ အိမ်ထောင်စုတွေကို စားနပ်ရိက္ခာ အခမဲ့ပေးဝေတဲ့ အစဥ်အလာရှိခဲ့တယ်။ SNAP (Supplemental Nutrition Assistance Program) လို့ခေါ်တယ်။ တစ်လတစ်ခါ ဒီအစီအစဥ်မှာပါတဲ့ အိမ်ထောင်စုတွေကို စူပါမတ်ကတ်တွေမှာ အခမဲ့ ဝယ်ယူဖို့ ကူပွန်လေးတွေ ဝေတယ်။ အခုတော့ အဲဒီအစီအစဥ်အတွက် ရန်ပုံငွေ ကုန်သွားတော့ ပြဿနာတွေ တက်ကုန်ကြပြီ။

တိုး – အိုး အဲဒီတော့ လိုအပ်နေတဲ့ အိမ်ထောင်စုတွေ ဘယ်လို အသက်ဆက် နေကြသလဲဗျ။ ထရမ့်တို့ ရီပတ်ဘလီကင်ပါတီ ဘက်က ဘာမှ လုပ်မပေးဘူးလား။

မိုး – ဟာ ဒီလူကတော့ နေသာသပ လေညာကပဲ။ သူ့ကို အဲဒီလို မေးလာရင် “အဲဒီလူတွေကို ဒီမိုကရက်တွေက အငတ်ဘေး ဆိုက်အောင် လုပ်တာ”လို့ ပြန်ပက်တယ်။ သူနဲ့ မဆိုင်သလိုဘဲ နောက်ပြီး ညှိနှိုင်းဖို့လည်း လုံးဝမကြိုးစားဘူး လို့ သိရတယ်။ လောလောဆယ်တော့ ဒီပြဿနာကို လူထုကပဲ ဖြေရှင်းနေတာတွေ့ရတယ်။ ချမ်းသာတဲ့လူတွေ ဝင်ငွေရှိတဲ့သူတွေက စေတနာ အလျောက် လှူဒါန်း ပေးကမ်းကြတာပေါ့။

တိုး – ဆန်းတော့ ဆန်းတယ်။ အမေရိကန်လို ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးမှာ ဒီလိုတွေ ဖြစ်နေတာ မြင်ရတော့ တရားကျစရာတော့ အကောင်းသားလား။ မဟုတ်ဘူးလား။

မိုး – ဟုတ်တယ်ဗျ။ ဒါက ဘယ်လောက် ကြာရှည်သွားမယ်ဆိုတာ မသိနိုင်ဘူး။ အခုလောလောဆယ်တော့ လေကြောင်း ထိန်းသိမ်းရေး ဝန်ထမ်းတွေက လစာမရကြတော့ နေမကောင်းဘူး အကြောင်းပြပြီး အလုပ် မဆင်းကြဘူး။ တချို့လည်း ထွက်ကုန်ကြပြီ။ ဒီဝန်ထမ်းတွေနည်းလာတော့ လေဆိပ်တွေမှာ လေကြောင်းလိုင်းတွေ ဖျက်သိမ်းပစ်တာတွေ ကြုံလာ ရတော့မယ်။

တိုး – ဒီလိုဆို မကြာခင်လာတော့မယ့် Thanksgiving အတွက် အိမ်ပြန်ကြမယ့်သူတွေ၊ နှစ်သစ်ကူး ပိတ်ရက် လည်ပတ်ကြမယ့် သူတွေ များလာမည့် အချိန်နဲ့တော့ အကိုက်ပဲ။ သြော် သူတို့ ဒုက္ခတွေကလည်း မသေးပါလား။

မိုး – မသေးဘူး ကိုတိုးရေ မသေးဘူး။ အော် ဒီထက်ဆိုးတာ ရှိသေးတယ်။ တိုင်းပြည်ကလူတွေ ဒုက္ခရောက်နေတဲ့ အချိန်နဲ့ကိုက်ပြီး အပေးအကမ်း ရက်ရောတဲ့ သမ္မတကြီး ထရမ့်က စီးပွားရေး အကျပ်ဆိုက်နေတဲ့ အာဂျင်တီးနား နိုင်ငံကို ဒေါ်လာ ဘီလီယံ ၂၀ တောင် ရက်ရက်ရောရော ထောက်ပံ့ပေးလိုက်တာရော ခင်ဗျားသိလား။

တိုး – ဟင် ဟုတ်လား။ မသိသေးဘူး။ ဟ.. ထူးဆန်းလှချည်လား။ ကိုယ့်တိုင်းပြည်က လူတွေ အငတ်ဘေး ဆိုက်နေတဲ့ အချိန်မှာ ဘာကြောင့်ဒီလို လုပ်ရတာလဲ။  

မိုး – ဟုတ်ပြီ။ ခင်ဗျားမေးတဲ့ ဒီမေးခွန်းကို အမေရိကန်ပြည်သူတွေကရော ကမ္ဘာ့အရေး စိတ်ဝင်စားသူတွေကပါ သိပ်သိချင် နေကြတာဗျ။ အဖြေအမှန်ကို ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ သိသလောက်တော့ ခင်ဗျားကို ပြောပြနိုင်ပါတယ်။ အရင်လတုန်းက ထရမ့်က အာဂျင်တီးနားနိုင်ငံကနေ အမဲသား တန်ချိန် ၈၀,၀၀၀ ကို အခွန်ကင်းလွတ်ခွင့်နဲ့ အမေရိကန်ကို တင်သွင်းမယ်လို့ ပြောတယ်။

တိုး – ဘာ… ဘယ်လို… နိုင်ငံတကာကို သူ့ရဲ့ သွင်းကုန်ခွန် ကောက်မယ်ဆိုတဲ့ သူက ဘယ်လိုတွေးပြီး အာဂျင်တီးနားကို ဘယ်လိုများ သဘောကောင်းစွာနဲ့ အခွန်ကင်းလွတ်ခွင့်တွေ ပေးလိုက်တာလည်းဗျ။ နောက်ပြီး အမေရိကန်သာလျှင် ပထမဆိုပြီး ပြောထားတာလေ၊ ဒါဆို သူ့နိုင်ငံက မွေးမြူရေးခြံတွေက ထုတ်ကုန်တွေကိုရော ဦးစားမပေးတော့ဘူးလား။ ကျွန်တော်တို့ နားကို မလည်တော့ဘူးဗျာ။

မိုး – ဟုတ်တယ် သူ့တို့ ရီပတ်ဘလီကင် ပါတီက လူတွေထဲမှာလည်း မွေးမြူရေးခြံပိုင်ရှင်တွေရှိကတယ်။ နောက်ပြီး အချို့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြတဲ့ ပြည်နယ်တွေက ကိုယ်စားလှယ် အမတ်တွေ ကလည်း စိတ်တွေ ဆိုးကြ ပေါ့ဗျာ။

တိုး – အေးလေ ဟုတ်သားပဲ သူတို့ စိတ်ဆိုးမယ်ဆိုလည်း စိတ်ဆိုးစရာပဲ ဟာကို…။

မိုး – ထရမ့်ကတော့ သူ့ရဲ့ ထုံးစံအတိုင်း လျှော့မယ့်သူ မဟုတ်ဖူးလေ။ သူလုပ်ရင် အကောင်းချည်းပဲဆိုတော့ သူသိပ်ပြီး အလေးထားတဲ့ မွေးမြူရေး လုပ်ငန်းရှင်တွေ နားမလည်နိုင်ကြတာကို သူက အပြစ်တင်သလိုလိုနဲ့ ဒီလိုလုပ်ရတာဟာ အခြား တိုင်းပြည်အချို့က စျေးပေါပေါနဲ့ အသားတွေ တင်သွင်းဖို့ ကြိုးစားနေတာကို သူက ကြီးကြပ်ပေး တာဖြစ်ကြောင်း၊ သူဒီလို အကျိုးဆောင်ပေးတာကို တဖြည်းဖြည်းနဲ့ နားလည်လာပြီး သူ့ကို ကျေးဇူးတင် လာကြမှာ ဖြစ်ကြောင်း ဘာညာနဲ့ လေပြေထိုးတယ်။

တိုး – အင်း သူက နည်းနည်းလေးတောင် မလျှော့ဘူးနော်။ ထင်ရာလုပ် ပြောချင်တာပြောတဲ့နေရာမှာတော့ စံပြပဲ။

မိုး – ဟုတ်တယ်ဗျာ။ လုပ်ချင်ရာ လုပ်တဲ့သူ။ ဒါတင်မကသေးဘူး တကယ်တော့ သူ အာဂျင်တီးနားကို ထောက်ပံ့ပေးလိုက်တဲ့ အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀ က ရွေးကောက်ပွဲကို ပြန်ယှဥ်ပြိုင်ရမယ့် လက်ရှိ အာဂျင်တီးနား သမ္မတ ဟာဗီယား မိုင်လေးအတွက် ဒီငွေတွေနဲ့ လူမွဲစာရင်းဝင်တော့မယ့် သူ့နိုင်ငံကို မျက်နှာပြကောင်းပြီး မဲတွေပိုရဖို့ ဖန်တီးလာတာပေါ့။

အမေရိကန်သမ္မ ဒေါ်နယ်ထရမ့်နှင့် အင်ဂျင်တီးနား သမ္မတ မိုင်လေး (Credit: Bloomberg)

တိုး – ဒီလောက်တောင် တိုင်းသူပြည်သားတွေနဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး အာဂျင်တီးနားကို မျက်နှာလုပ်နေတာ ဘာကြောင့်လို့ ခင်ဗျားထင်သလဲ။

မိုး – အင်း ထရမ့်ကတော့ အာဂျင်တီးနား သမ္မတ မိုင်လေးက ခေါင်းဆောင်ကောင်း တစ်ဦးပါတဲ့။ ဒီလို တွေးတွေး ဆဆနဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ သူတစ်ယောက် နိုင်ငံကို ဦးဆောင်နိုင်ဖို့ ကူညီရမယ်လို့ ဆိုတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့ကတောင် ထရမ့်က မိုင်လေးကို အိမ်ဖြူတော် ဘဲဥပုံရုံးခန်းကို တွေ့ဆုံခဲ့သေးတယ်။ သုံးသပ်သူတွေရဲ့ အဆိုအရကတော့ အာဂျင်တီးနားက ယူကရိန်းကို အရင်က ထောက်ခံခဲ့ပေမယ့် အခု ပြောင်းပြန်လုပ်ပစ်တယ်။ ဒီလိုပဲ အစ္စရေးကို အရင်က ကနေဒါ၊ ဗြိတိန်နဲ့ သြစတေးလျတို့နဲ့အတူ အာဂျင်တီးနားက ရပ်တည်ခဲ့ပေမယ့် အခုတော့ အစ္စရေးနဲ့ အလွမ်းသင့်နေတဲ့ အမေရိကန်ကို ထောက်ခံလာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာတာကြောင့်လို့ သုံးသပ်ကြတယ်။

တိုး – အင်း နားလည်ပါပြီ။ ဆရာမွေး တပည့်မွေး ကိစ္စတွေပေါ့။ ဟုတ်တယ်မဟုတ်လား။

မိုး – ဒီလိုပါပဲလေ။ ခင်ဗျားကြားလိုက်မှာပေါ့ မကြာသေးခင်က ထရမ့် အရှေ့အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ကာတာတို့ ယူအေအီးတို့ကို သွားတဲ့အခါ ထရမ့်ရဲ့ ပုဂ္ဂလိက လုပ်ငန်းဖြစ်တဲ့ ခရစ်ပ်တို ငွေကြေးလုပ်ငန်းထဲကို ဒေါ်လာ နှစ်ဘီလီယံလောက် ထည့်ဝင်တာတို့၊ ကာတာနိုင်ငံက အမေရိကန်သမ္မတစီးဖို့ ဧရာမ ဂျက်လေယာဥ်ကြီးကို လက်ဆောင်ပေးတာတို့ဆိုတာ အကျိုးလိုလို့ ညောင်ရေလောင်း တာပဲ မဟုတ်လား။

တိုး – ဟုတ်ပါ့ ဒါတွေကို ကြားရမြင်ရတာ မဆန်းပေမယ့် ဒီလို ကမ္ဘာကို သိက္ခာရှိရှိနဲ့ သြဇာလွှမ်းမိုးထားနိုင်တဲ့ နိုင်ငံကြီးက ဒီလိုမျိုး အပေးအယူလုပ်လာတာတွေကတော့ ဆန်းတာပေါ့ဗျာ။ ကျွန်တော်ကြားလိုက်တာရှိသေးတယ်။ တလောက ထရမ့်ကို ဗြိတိန်ဘုရင် ချားစ်က ဖိတ်လို့သွားတဲ့အခါ တကယ့်ကို မင်းခမ်းမင်းနားနဲ့ ကြိုဆိုတာ၊ တော်ဝင် ညစာစားပွဲကြီး အကြီးအကျယ် ကျင်းပ ပေးတာတွေ လုပ်ပေးတာလေ။ သေချာတာတစ်ခုကတော့ ဥရောပ နိုင်ငံတွေထဲမှာ ဗြိတိန်က သွင်းခွန်ကုန်ခွန် သက်သာ သွားတယ် ဆိုတာပဲ။

မိုး – ဟုတ်တာပေါ့ဗျာ။ အမေရိကန်ရဲ့ ဂုဏ်သတင်းကျော်စောမှုနဲ့ ကမ္ဘာပေါ်မှာ အာဏာလွှမ်းမိုးနိုင်မှုကို အရင့်အရင် သမ္မတတွေက တည်ဆောက်ပေးခဲ့တာကို ထရမ့်က လက်တင် အနိုင်ကွက်ဖော် လုပ်စားသလို လုပ်နေတာများလားလို့ မြင်မိတယ်။ အေးပေါ့ နောက်ထပ် လေးငါးနှစ်တော့ ဒါမျိုးတွေမြင်ကြရဦးမှာပေါ့။ ကဲ ကဲ မိုးကလည်း မတိတ်သေးဘူး။ ကျွန်တော်တို့ ထိုင်နေတာတောင် တော်တော်ကြာနေပြီ။ ပြန်ကြရအောင်။

တိုး – ဟုတ်တယ်။ မိုးကလည်း တစိမ့်စိမ့်နဲ့ကို ရွာနေတာဗျာ။ စကားကောင်းနေတော့ နာရီတောင် မကြည့်မိဘူး။ သွားမယ် သွားမယ်။ နောက်ရက်များမှ တွေ့ကြမယ်လေ။

(နောက်ဆက်တွဲ သတင်းများ)

၁။ နိုဝင်ဘာလ ၉ ရက်နေ့၌ ဆီးနိတ် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကြရာ အစိုးရ သုံးငွေ ခွင့်ပြုချက် ရသဖြင့် ၄၃ ရက်ကြာ ရပ်တန့်ထားသော အမေရိကန် အစိုးရ ယန္တရားကြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြန်လည် လည်ပတ်နိုင်ခဲ့ပြီ ဖြစ်သည်။

၂။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျင်းပသော အာဂျင်တီးနားနိုင်ငံ၏ သက်တမ်းဝက် ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဟာဗီယား မိုင်လေး၏ LLA ပါတီသည် မဲအရေအတွက် ၄၁% ဖြင့် အနိုင်ရရှိ သွားခဲ့ပါသည်။

ကိုးကား – As Trump lavishes money and praise on Argentina, more Americans ask: Why? CBC News

Click to rate this post!
[Total: 0 Average: 0]