စတိဗန်နွန် (Steve Bannon) က “ထရမ့်က ၂၀၂၈ ခုနှစ်မှာ သမ္မတအဖြစ် ရှိနေဦးပါမှာ၊ လူထုအနေနဲ့ ဒါကို သဘောပေါက် နားလည်လက်ခံဖို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။ စတိဗန်နွန်က အိမ်ဖြူတော်ရဲ့ မဟာဗျူဟာ အကြီးအကဲ ဟောင်းပါ။ အီကောနောမစ် ဂျာနယ်နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ စတိဗန်နွန်က ပြောဆိုဆွေးနွေးခဲ့တာပါ။ “သင့်တော်တဲ့ အချိန်ကျရင် ကျွန်တော်တို့ရဲ့ စိတ်ကူး အကြံအစည်ကို ချပြမှာပါ” တဲ့။ သူက ဒါကို တကယ် အလေးအနက် ပြောတာ ဟုတ်၊ မဟုတ် သိဖို့ကတော့ မလွယ်ပါဘူး။ ဒါပေမဲ့ ဒီစိတ်ကူးအပေါ် အလေးအနက် သုံးသပ်ဖို့ လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်နယ်ထရမ့် ကိုယ်တိုင်က “တတိယမြောက် သမ္မတ သက်တမ်း” ဆိုတာမျိုးကို မကြာခဏဆိုသလို ပြောဆိုခဲ့တာပါ။ သိပ်မကြာသေးခင်က ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့က လုပ်ချင်တာပေါ့ဗျာ” လို့ ပြောဆိုခဲ့ပါသေးတယ်။ ဒီလိုပြောပြီး မကြာခင်မှာကိုပဲ ဒါက မဖြစ်နိုင်ပါဘူးလို့ ပြောခဲ့ပြန်တာပါ။ ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို “ကျွန်တော့်ကို တတိယမြောက် ပြိုင်ခွင့် မပေးဘူးဆိုတာ ရှင်းနေတဲ့ ကိစ္စပါ၊ မဟုတ်ဘူးလား” လို့ ပြောခဲ့တာပါ။
အမေရိကန် သမိုင်းမှာ ဖရန်ကလင် ဒေလာနို ရုစဗဲ့လ်က လွဲရင် နှစ်ကြိမ်သက်တမ်းထက် ပိုပြီး သမ္မတ တာဝန် ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ဆိုတာ မရှိပါဘူး။ (ဖရန်ကလင် ရုစဗဲ့လ် လေးကြိမ်မြောက်အထိ သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရတာပါ။ ဘာသာပြန်သူ) ၁၉၄၄ ခုနှစ်၊ လေးကြိမ်မြောက် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရချိန်မှာ ရုစဗဲ့လ်က အတိတ်ကလို လူထုထောက်ခံမှု အပြတ်အသတ်မရခဲ့တာကလည်း အကြောင်းရင်း တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်ခဲ့တာကြောင့် (၂၂) ကြိမ်မြောက် အမေရိကန် ဖွဲ့စည်းပုံ ပြင်ဆင်ချက်ကို ကွန်ဂရက်က ပြဋ္ဌာန်းခဲ့ပြီး ပြည်နယ် ၄၁ ခုက အတည်ပြုခဲ့ပါတယ်။ ဒီပြင်ဆင်ချက်အရ သမ္မတ သက်တမ်းကို နှစ်ဆက်ထက် မပိုရဘူးလို့ ကန့်သတ် ခဲ့ပါတယ်။ ဒီပြဋ္ဌာန်းချက်မှာ “မည်သူမျှ သမ္မတ တာဝန်ကို သက်တမ်းနှစ်ကြိမ်ထက် ပို၍ ရွေးချယ် တင်မြှောက်ပိုင်ခွင့် မရှိစေရ” လို့ သတ်မှတ်ခဲ့ပါတယ်။
ဥပဒေ ပညာရှင်တွေကတော့ ဒီပြဋ္ဌာန်းချက်မှာ “ယိုပေါက်၊ ဟာပေါက်” ရှိနေတယ်လို့ ငြင်းချက်ထုတ်ကြပါတယ်။ (၂၂) ကြိမ်မြောက် ပြင်ဆင်ချက်ဟာ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို သမ္မတသက်တမ်း နှစ်ကြိမ်ထက်ပို ရွေးချယ်တင်မြှောက်ခွင့်ကို ပိတ်ပင် ထားပေမယ့် သမ္မတ တာဝန်ပြန်ရယူတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ညွှန်းဆိုထားတာမျိုး မရှိဘူးလို့ ဆိုကြပါတယ်။ သီအိုရီအရ ပြောရရင် ထရမ့်က ဒု-သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ပြီးမှ သူ့ရဲ့လက်ဝေခံ သမ္မတလောင်းက သမ္မတ တာဝန်ကနေ နုတ်ထွက်သွားတဲ့အခါ သမ္မတအဖြစ် ဆက်ခံတာမျိုးပါ။ ဒါကို လက်မခံသူတွေကတော့ ၁၂ ကြိမ်မြောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက်ကို ကိုးကားပြီး ပြန်ချေပကြပါတယ်။ (၁၂) ကြိမ်မြောက် ပြင်ဆင်ချက်အရ သမ္မအဖြစ် ရွေးချယ် တင်မြှောက်ပိုင်ခွင့် မရှိသူကို ဒု-သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပိုင်ခွင့် မရှိပါဘူး။ အစောပိုင်းက သီအိုရီအရ လှမ်းလာမယ့် ခြေလှမ်းကို ဟန့်တား ပိတ်ပင်လိုက်တာပါ။ ဒါပေမဲ့ တချို့သော ဥပဒေ ပညာရှင်တွေက တစ်မျိုး ပြောကြ ပြန်ပါတယ်။ ရွေးချယ် တင်မြှောက် ခံရပြီး သမ္မတတာဝန်ယူတာမျိုး မဖြစ်သရွေ့ သမ္မတ သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ပြီးသူ ပုဂ္ဂိုလ်ဟာ သမ္မတ ဖြစ်ခွင့် ရှိပါတယ်တဲ့။
ဒီလို ကတ်သီးကတ်သတ် ငြင်းချက်ထုတ်တာဟာ (၂၂) ကြိမ်မြောက် ဖွဲ့စည်းပုံ ပြင်ဆင်ချက်ရဲ့ တရားကိုယ်သဘောကို ဖောက်ဖျက် လိုက်တာပါ။ ပြောရရင် ဒါက မကြုံဖူးတဲ့ ကိစ္စပါ။ ဒါပေမဲ့လည်း ဥပဒေဆိုင်ရာ ကျွမ်းကျင်သူတွေက တချို့သော တရားရုံးတွေ အနေနဲ့ သမ္မတဘက်ကို အလေးပေးဆုံးဖြတ်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ တွေးဆကြပါတယ်။ တကယ်လို့ အဆုံးအဖြတ် ပေးရမယ့် တရားသူကြီးက စကားလုံးတွေကို လုံးကောက်အတိုင်း အတိအကျ ဖွင့်ဆိုသူမျိုး ဖြစ်ခဲ့ရင် ဟာကွက်ကို သုံးပြီး လိုရာ အဓိပ္ပာယ် ဆွဲယူဖွင့်ဆိုတာမျိုးကို လက်ခံနိုင်ပါတယ်။ မီချီဂန် တက္ကသိုလ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပါမောက္ခ ဘရိုင်ယန် ကော့်လ်ထ် (Brian Kalt) က “တရားရုံးက ဟာကွက်ကိုသုံး အဓိပ္ပာယ်ဖွင့်ဆိုတာမျိုးကို လက်ခံနိုင်ခြေရှိပါတယ်” လို့ သုံးသပ် ပြောဆိုပါတယ်။ နယူးယောက် တက္ကသိုလ် ပါမောက္ခ စတီဗန် ဂေလားစ် (Steven Gillers) က လွန်ခဲ့တဲ့ လေးငါး နှစ်လောက်က ဆိုရင်တော့ ဒီလိုဟာကွက်သုံး လိုရာဆွဲ အဓိပ္ပာယ်ဖွင့်တာမျိုးက မအောင်မြင်နိုင်ဘူးလို့ပဲ ပြောခဲ့မှာပါ။ ဒါပေမဲ့ လက်ရှိအခြေအနေ မှာတော့ ဒီလိုဖြစ်လိမ့်မယ်လို့ ကျွန်တော် သေချာပေါက် မပြောနိုင်ပါဘူး” လို့ မှတ်ချက် ပြုခဲ့ပါတယ်။
အခြားသော ပုံမှန်မဟုတ်တဲ့ လှည့်ပတ်တွေးယူ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ နည်းလမ်း တွေလည်း ရှိနိုင်ပါတယ်။ အခြား ဖြစ်နိုင်တဲ့ နည်းလမ်းက သမ္မတသစ် တစ်ဦးက သူ့သမ္မတ သက်တမ်းအစပြုတာနဲ့ ဒု-သမ္မတ အဖြစ် တိုက်ရိုက်ခန့်အပ် လိုက်တာမျိုးပါ။ ဒု-သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးပေါ့။ ဒါဆိုရင် (၂၅) ကြိမ်မြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်အရ ဒေါ်နယ်ထရမ့်ဟာ သမ္မတဖြစ်လာဖို့ အထက်လွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့ပဲ လိုတော့တာပါ။ စတီဗန် ဂေလားစ်က “ဒီလုပ်ငန်းစဥ်အတိုင်းဆိုရင် ဒေါ်နယ်ထရမ့်ဟာ ရွေးချယ်ခံ ပုဂ္ဂိုလ်ဖြစ်ဖို့ မလိုပါဘူး။ ဒု-သမ္မတ ဖြစ်ဖို့တောင် ရွေးချယ်ခံ ပုဂ္ဂိုလ် ဖြစ်စရာမလိုဘူး ဆိုတဲ့ သဘောပါ” ဒေါ်နယ်ထရမ့်ကိုယ်တိုင်ကလည်း ဒု-သမ္မတဟာကွက် သုံးမယ့် အလားအလာ ကို လက်ခံပုံမရပါဘူး။ အနည်းဆုံး အခုအချိန်အထိပေါ့။ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ဒေါ်နယ်ထရမ့်က “လူတွေက ဒီစိတ်ကူးကို သဘောကျမယ် မထင်ပါဘူး။ ဥပဒေဟာကွက်အပေါ် နိုင်ငံရေး အမြတ်ထုတ်တယ်ဆိုတာ သိပ်ပေါ်လွင် နေတယ်။ သုံးလို့ ရမယ့်နည်းလမ်း မဟုတ်ပါဘူး” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
နောက်ဖြစ်နိုင်တာ တစ်ခု ရှိပါသေးတယ်။ ရွေးကောက်ပွဲ ရလဒ်အပေါ် အငြင်းအခုံဖြစ် အတည်မပြုနိုင်တဲ့ အခြေအနေမျိုးမှာ ကွန်ဂရက်က လက်ရှိသမ္မတကို ယာယီ အုပ်ချုပ်ခွင့် ပေးနိုင်ပါတယ်။ ဒါက ဖြစ်ဖို့လွယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒီဖြစ်နိုင်ခြေ အလားအလာတွေဟာ စတိဗန်နွန်ကို နှုတ်ပိတ်အောင်တော့ မစွမ်းဆောင်နိုင်ပါဘူး။ သူပြောထားတာကို နားထောင်ကြည့်လိုက်ပါ။

“၂၀၁၆ ခုနှစ် အနေအထားမှာ ကျွန်တော်တို့ နိုင်ဖို့ မလွယ်ခဲ့ပါဘူး။ ၂၀၂၄ အနေအထားမှာလည်း နိုင်ဖို့ မလွယ်ခဲ့ပါဘူး။ ကျွန်တော်တို့ရင်ဆိုင်ရမယ့် ၂၀၂၈ အနေအထားဟာ ၂၀၁၆ နဲ့ ၂၀၂၄ အနေအထားတို့ထက်တော့ သာပါတယ်”… တဲ့။
ကိုးကား – Could Donald Trump become President Again in 2028? The Economist November 2025


