The Corner

The Corner

cropped-Logo_round_grey-background.png

တာကိုင်ချီ ရဲ့ ထိုင်ဝမ် မှတ်ချက် နဲ့ တရုတ်-ဂျပန် တင်းမာမှု နောက်ဆက်တွဲ ဂယက်များ

Share မယ်

“အခု ဂျပန် နဲ့ တရုတ်ကိစ္စကိုကြည့်။ ကျနော်တို့အားလုံး တည်ငြိမ်တဲ့ အာရှဒေသကို လိုလားကြတယ်။ လူတိုင်းလည်း ဒီကိစ္စ စိတ်ဝင်စားတယ်။ နှစ်နိုင်ငံစလုံး ရှုပ်ထွေးတဲ့ လက်ရှိကိစ္စကို ဆက်ပြီး အငြင်းမပွားဘဲ လျှော့ချလိုက်ကြပြီး ရှေ့ဆက်သွားရင် ကောင်းမယ်။ တရုတ်-ဂျပန် ဆက်ဆံရေးဟာ နှစ်နိုင်ငံစလုံးအတွက် အရေးကြီးတယ်။ စီးပွားရေးအရ ပိုအရေးကြီးတယ်။ တရုတ်ဟာ ဂျပန်ရဲ့ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်တယ်။ ဒါပေမဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေ ရှိတယ်။ တရုတ်-အမေရိကန်အားပြိုင်မှု နဲ့ တရုတ် ဂျပန် သမိုင်းကြောင်းပဋိပက္ခတွေ ရှိတယ်။ ပြဿနာက နှစ်နိုင်ငံလုံးက အတိတ်သမိုင်းကို ဆုပ်ကိုင်ထားကြတယ်။

ကျွန်တော့်အနေနဲ့က နှစ်နိုင်ငံစလုံး ရှုပ်ထွေးတဲ့ သမိုင်းကြောင်းကိစ္စတွေကို နည်းလမ်းရှာ ဖြေရှင်းပြီး ရှေ့ဆက်နိုင်ဖို့ မျှော်လင့်တယ်။ ဂျပန် နဲ့ အရှေ့တောင်အာရှဟာလည်း သမိုင်းကြောင်းတွေ ရှိခဲ့တာပဲ။ အချိန်ကာလတွေဖြတ်သန်းပြီး မျိုးဆက်တွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတဲ့အခါ ခံစားချက်တွေ မတူတော့သလို အတိတ်သမိုင်းတွေကို ကျနော်တို့ ဘေးဖယ်ပြီး ရှေ့ဆက်နိုင်ခဲ့ကြတယ်။ တကယ်လည်း အောင်မြင်ခဲ့တယ်။ အခု အရှေ့တောင်အာရှမှာ စစ်တမ်း တစ်ခုပြီးတစ်ခု လုပ်ကြည့်တိုင်း ဂျပန်ဟာ အရှေ့တောင် အာရှရဲ့ နံပါတ်တစ် အယုံကြည်ရဆုံး မိတ်ဆွေဖြစ်တယ်ဆိုတာ တွေ့ရတယ်”

ဒါကတော့ စင်ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါင်း ရဲ့ Bloomberg New Economy Forum 2025 စကားဝိုင်းမှာ နိုဝင်ဘာ (၁၉) ရက်က ပြောဆိုခဲ့တဲ့ စကားတွေထဲက ကောက်နုတ်ချက်တချို့ပါ။

စင်္ကာပူ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်း (Photo: Singapore Business Review)

လောရင့်စ် ဝေါင်းက လက်ရှိဖြစ်ပေါ်နေတဲ့ တရုတ်-ဂျပန် အငြင်းပွားမှုနဲ့ ဆက်စပ်ပြီး သူ့အမြင်ကို ထုတ်ဖော် ပြောသွားခဲ့တာပါ။ တရုတ်-ဂျပန် အငြင်းပွားမှုလို့ ဆိုတာထက် ဂျပန်ဝန်ကြီးချုပ် ဆာနာအီ တာကိုင်ချီ ဂျပန် လွှတ်တော်မှာ ပြောသွားတဲ့ စကားတစ်ခွန်းကို အကြောင်းပြုပြီး တရုတ်ဘက်က မကျေနိုင် မချမ်းနိုင် တုံ့ပြန် ရန်တွေ့နေတဲ့ ပြဿနာပါ။ ဂျပန်ဘက်ကတော့ ဒီမှတ်ချက်စကားနောက်ပိုင်း တရုတ်ဘက်ကို မာမာထန်ထန် တုံ့ပြန်ပြောဆိုတာ ဘာမှ မရှိခဲ့ပါဘူး။ တရုတ်ဘက်ကသာ အိုဆာကာက ကောင်စစ်ဝန်က ခေါင်းဖြတ်ပစ် ရမယ်ပြောလိုက်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို တက်တိုင်လိုက်၊ အစိုးရက ကြေညာချက်ထုတ်ပြန်လိုက်နဲ့ တော်တော်လေး ပြင်းပြင်း ထန်ထန်ဖြစ်နေတာတွေ့ရတယ်။

နိုဝင်ဘာ (၇) ရက်မှာ ဂျပန်ဝန်ကြီးချုပ် ဆာနာအိ တာကိုင်ချီ ပြောလိုက်တဲ့စကားတခွန်းဟာ နှစ်ပတ်ကျော် သုံးပတ်ကြာတဲ့အထိ တရုတ်ပြည်မှာ ဂယက်ထလို့ မပြီးသေးပါဘူး။ နိုဝင်ဘာ(၂၃)ရက်နေ့ တရုတ်အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်မှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဂျပန်ဝန်ကြီးချုပ်ရဲ့ ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့အချက်အလက်တွေ ပြောဆိုခဲ့မှု အပေါ် တုန်လှုပ်မိကြောင်းနဲ့ ဂျပန်ဟာ မတို့ မထိရမယ့် အနီရောင် စည်းမျဉ်းကို ကျော်ဖြတ်ခဲ့တယ်လို့ ဆိုတယ်။ (သဘောကတော့ ဂျပန်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ဟာ တရုတ်က မကြိုက်တဲ့၊ ဂျပန်အနေနဲ့ ပြောဖို့မသင့်တဲ့စကားကို စည်းကျော်ပြီး ပြောလိုက်တာ လို့ ဆိုလိုတာဖြစ်တယ်။)

အလားတူ ဂျပန်ဝန်ကြီးချုပ်ဟာ ထိုင်ဝမ်ကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက် ထဲမှာ ဝမ်ယိက စွပ်စွဲခဲ့တယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၁)ရက်(သောကြာနေ့က)ကလည်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက ကုလ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ထံ စာရေးသားပေးပို့ပြီး ဂျပန်က ထိုင်ဝမ်အရေးကို လက်နက်နဲ့ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတယ် လို့ တိုင်တန်းလိုက်တယ်။ အကယ်၍ ဂျပန်က စစ်ရေးအရ စွက်ဖက်လာရင် အပြင်းထန်ဆုံး တုံ့ပြန်သွားမယ်လို့လည်း ဖော်ပြ ထားတယ်။

“ထိုင်ဝမ်ရေလက်ကြားအခြေအနေကို ဂျပန်က စစ်ရေးအရ စွက်ဖက်ပါဝင်လာရင် ဒါကို ကျူးကျော်စစ်လို့ သတ်မှတ် ရပါလိမ့်မယ်” လို့ တရုတ်သံအမတ်ကြီး ဖူကောင်းက ကုလသမဂ္ဂကို ပေးပို့တဲ့ စာထဲမှာ ရေးသားထားတယ်။

“ကုလသမဂ္ဂ ပဋိညာဉ် နဲ့ နိုင်ငံတကာဥပဒေအောက်မှာ မိမိကိုယ်မိမိ ကာကွယ်ရေး မူအရ အချုပ်အခြာအာဏာ နဲ့ နယ်မြေ တည်တံ့ရေးကို တရုတ်နိုင်ငံက အပြည့်အဝကျင့်သုံးဆောင်ရွက်သွားမယ်” လို့ ဖော်ပြထားတယ်။

တရုတ်နိုင်ငံဟာ ဒီမိုကရေစီနည်းလမ်းနဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက် နယ်မြေအဖြစ် ရှုမြင်ထားပြီး အင်အားသုံး ပြန်လည်မသိမ်းပိုက်ဘူးလို့ ယတိပြတ် ပြောဆိုထားခြင်းလည်း မရှိဘူး။ ထိုင်ဝမ်အစိုးရကတော့ တရုတ်အစိုးရရဲ့ ပြောဆိုချက်တွေကို ငြင်းပယ်ထားပြီး ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ်ပြည်သူတွေကသာ အဆုံးဖြတ်ပေးနိုင်တယ်လို့ ဆိုတယ်။

တရုတ်သံအမတ်ကြီးရဲ့ စာနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဝန်ကြီးချုပ်ရုံးက တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မပြုဘဲ နေခဲ့တယ်။ ဂျပန်ဟာ ငြိမ်းချမ်းရေး ကတိကဝတ်အတိုင်း လိုက်နာနေပြီး တရုတ်ရဲ့ စွပ်စွဲချက်တွေဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုတယ်။

ပြီးခဲ့တဲ့လက ဂျပန်ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ တာကိုင်ချီဟာ ကွန်ဆာဗေးတစ်တဦးဖြစ်ပြီး ထိုင်ဝမ်နဲ့ပတ်သက်လို့ အမေရိကန် နဲ့ ဂျပန်ရဲ့ ယခင်ကတည်းက ရှိခဲ့တဲ့ သဘောထားအတိုင်း ရပ်တည်ခဲ့တယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ(၇)ရက်က ဂျပန်ပါလီမန်မှာ မေးခွန်း မေးသူတစ်ဦးက အကယ်၍ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာရင် ဘယ်လိုတုံ့ပြန်မလဲလို့ မေးမြန်းတဲ့အခါ တာကိုင်ချီက “တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာခဲ့ရင် ဒါဟာ ဂျပန်ရဲ့ တည်ရှိမှုကို ခြိမ်းခြောက်တာဖြစ်ပြီး စစ်ရေးအရ ပါဝင် တိုက်ခိုက် ရပါလိမ့်မယ်” လို့ ဖြေကြားခဲ့တယ်။ ထိုင်ဝမ် နဲ့ ဂျပန်ဟာ ကီလိုမီတာ (၁၁၀)ပဲ ဝေးကွာပြီး တရုတ်က ထိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်သိမ်းပိုက်တာဟာ ဂျပန်ကို ခြိမ်းခြောက်တာဖြစ်တယ်လို့ တာကိုင်ချီက ယူဆတယ်။

ဂျပန်ပါလီမန်မှာ တာကိုင်ချီ ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ သံတမန်လောကက တစ်ဆင့် တခြားနယ်ပယ်တွေအထိ တရုတ်နိုင်ငံမှာ အတော်လေး ဂယက်ထသွားတယ်။ ဂျပန်နိုင်ငံ အိုဆာကာမြို့က တရုတ်ကောင်စစ်ဝန်က ဝန်ကြီးချုပ် တာကိုင်ချီရဲ့ ခေါင်းကို ဖြတ်ပစ်ရမယ်လို့ အဓိပ္ပာယ်ရတဲ့စာသားကို လူမှုကွန်ရက် X  ပေါ်မှာ ရေးသားခဲ့ပြီး တရုတ် ခရီးသွားတွေ ဂျပန်နိုင်ငံကို မသွားကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး တရုတ်က လေယာဉ် ခရီးစဉ် အများအပြားကို ဖျက်သိမ်းလိုက်တယ်။ ဂျပန်နိုင်ငံကို တရုတ်ခရီးသည်တွေ လာရောက်လည်ပတ်မှု ကျဆင်းသွားပြီး တရုတ်နိုင်ငံမှာ လာရောက်ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ ဂျပန်ဂီတအဖွဲ့  ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရတယ်။ တရုတ်မှာ လူကြိုက်များတဲ့ ဂျပန်ကာတွန်းရုပ်ရှင် နှစ်ကားကို တရုတ်က ပြသခွင့် ပိတ်လိုက်တာ အပါအဝင် တရုတ်ဘက်က လက်တုံ့ပြန်မှုတွေကြောင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို အကြီးအကျယ် ထိခိုက် သွားခဲ့ရတယ်။

ဝန်ကြီးချုပ် တာကိုင်ချီ ရဲ့ ထိုင်ဝမ် မှတ်ချက်စကားနဲ့ပတ်သက်ပြီး ဂျပန်ဘက်က ဖြေရှင်းဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနဲ့ သမုဒ္ဒရာ ဗျူရိုအကြီးအကဲ မာဆာကီ ကာနာအီ ကို ပြီးခဲ့တဲ့ တစ်ပတ်က ဘေဂျင်းကို စေလွှတ်ခဲ့ပေမယ့် ပြေလည်မှု မရခဲ့ဘူး။ ပြေလည်မှုမရတဲ့အပြင် တရုတ်အစိုးရဘက်က ဆက်ဆံပုံက မောက်မာသလို ဖြစ်နေတယ်။ မာဆာကီ ကာနာအီကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအကြီးအကဲ လျူ ကျင်ဆောင်း က တွေ့ဆုံခဲ့တယ်။ နှစ်ဖက် တွေ့ဆုံမှုက အဖြေမရခဲ့ပေမယ့် ဒီအကြောင်းကို တရုတ်သတင်းမီဒီယာတခုက ဖော်ပြရာမှာ ဂျပန် နိုင်ငံခြားရေးအရာရှိ ကာနာအီ က တရုတ်နိုင်ငံခြားရေးအရာရှိ လျူ ကျင်ဆောင်းကို ခေါင်းငုံ့ အရိုအသေပေးနေတဲ့ သတင်းဓာတ်ပုံ နဲ့ ပူးတွဲဖော်ပြထားတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒါဟာ တမင်သက်သက် လုပ်ကြံတာဖြစ်ပြီး ဖြေရှင်းချက်ပေးဖို့ တောင်းဆိုထားတယ်။

ဒီနှစ်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ လက်နက်ချခဲ့တဲ့ နှစ်(၈၀)ပြည့်နှစ်လည်း ဖြစ်တယ်။ တရုတ်ဟာ ဒီနှစ်အတွင်း ဒုတိယကမ္ဘာစစ်ကာလက ဂျပန်တွေရဲ့နှိပ်စက်ညှဉ်းပန်း ရက်စက်ခဲ့မှုတွေကို သိသိသာသာ ပြန်ဖော်ထုတ်နေပြီး စစ်ပြီး ကာလ ကုလသမဂ္ဂထူထောင်မှု၊ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့  အာရှအိမ်နီးချင်း (ဂျပန်)ကို ဝေဖန်ပြစ်တင်ပြီး နိုင်ငံတကာ အုပ်ချုပ်ရေး စနစ်ကို ပြောင်းလဲဖို့ ကြိုးစားနေတယ်။

လက်ရှိအချိန်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဖြစ်နေတဲ့ တရုတ်နိုင်ငံဟာ ဂျပန်က သိမ်းပိုက်ခဲ့တဲ့ ထိုင်ဝမ် နဲ့ အခြားနယ်မြေတွေကို တရုတ် အုပ်ချုပ်မှုအောက် ပြန်ပေးရမယ်ဆိုတဲ့ စစ်ပြီးကာလ ကြေညာချက်နှစ်ခုကို မကြာခဏဆိုသလို  ရှေ့တန်းတင် ထုတ်ဖော် ပြောဆိုနေခဲ့တယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာ ထုတ်ပြန်ခဲ့တဲ့ ” ပေါ့စ်ဒမ်” နဲ့ “ကိုင်ရို” ကြေညာစာတမ်းနှစ်စောင်မှာ ဖော်ပြထားချက်အရ ထိုင်ဝမ်ဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအောက်မှာ ရှိရမယ်ဆိုတဲ့ အချက် ပါဝင်တယ်။ ဒါပေမဲ့ အဲဒီအချိန်က အစိုးရအတော် များများက ဒါဟာ ဥပဒေအရ ချည်နှောင်ထားမှုမရှိတဲ့ (အကျုံးမဝင်တဲ့) ကြေညာချက် အဆင့် (statements of intent) သာ ဖြစ်တယ်လို့ ရှုမြင်ခဲ့ကြတယ်။

ဒါ့အပြင် အဲဒီအချိန်က ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့တာ တရုတ်သမ္မတနိုင်ငံ (Republic of China) အစိုးရ ဖြစ်တယ်။ ချန်ကေရှိတ် ဦးဆောင်တဲ့ တရုတ် ကူမင်တန်အစိုးရဟာ ပြည်တွင်းစစ်မှာ မော်စီတုန်း ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်တွေကို စစ်ရှုံးပြီး ၁၉၄၉ခုနှစ်မှာ ထိုင်ဝမ်ကို ထွက်ပြေးခဲ့ရတယ်။ ကုလသမဂ္ဂမှာ ထိုင်ဝမ်ဟာ ၁၉၇၁ ခုနှစ်အထိ တရုတ်အစိုးရနေရာကို ရယူထားခဲ့ပြီး ၁၉၇၁ ခုနှစ်ကျမှ လက်ရှိ တရုတ်အစိုးရ (People’s Republic of China) က ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်လာခဲ့တာဖြစ်တယ်။ ကြေညာချက် လက်မှတ်ရေးထိုးခဲ့တာ မော်စီတုန်းဦးဆောင်တဲ့ တရုတ်အစိုးရမဟုတ်ဘဲ ထိုင်ဝမ်ရောက် တရုတ်အစိုးရ သာဖြစ်တယ်။

သမိုင်းကြောင်းတွေက ရှုပ်ထွေးလှတယ်။ ထိုင်ဝမ် နဲ့ ပတ်သက်လို့ တရုတ်က ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ခွဲခြားလို့မရတဲ့ နယ်မြေအစိတ်အပိုင်းဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ပိုင်ဆိုင်မှုအောက်မှာ ရှိတယ်လို့ ဆိုတယ်။ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားက “တရုတ်တစ်နိုင်ငံတည်း မူဝါဒ” (One-China Policy) အရ တရုတ်နိုင်ငံကို လက်ရှိအချိန်မှာ တရားဝင် အသိအမှတ် ပြုထားကြပေမယ့် ထိုင်ဝမ်နဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံအချို့ မတူညီတဲ့ သဘောထားတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိနေခဲ့တယ်။

ထိုင်ဝမ်နဲ့ သံတမန်ဆက်သွယ်မှုပြုလုပ်နေတဲ့ နိုင်ငံအနည်းငယ်သာရှိပြီး ကမ္ဘာ့နိုင်ငံအများအပြားကတော့ သံတမန် ဆက်သွယ်မှု မရှိကြဘူး။ ဒါပေမဲ့ ထိုင်ဝမ်နဲ့ ကုန်သွယ်မှုပြုလုပ်နေတဲ့ ကမ္ဘာ့နိုင်ငံအများအပြားရှိနေပြီး အမေရိကန်ဟာ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်း အများဆုံး တင်ပို့ရောင်းချနေသလို ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလတစ်လျှောက်လုံး အကူအညီ ပေးနေခဲ့တဲ့ နိုင်ငံလည်းဖြစ်တယ်။ “ထိုင်ဝမ်” ကိစ္စဟာ တရုတ်အတွက် အထိမခံတဲ့ (sensitive issue) ဖြစ်ပြီး ထိုင်ဝမ်ကို လွတ်လပ်ရေး ကြေညာခွင့်မပြုဘူး။ ထိုင်ဝမ်က လွတ်လပ်ရေး ကြေညာလိုက်တာနဲ့ တရုတ်က စစ်ရေးအရ သိမ်းပိုက်ဖို့ အသင့်အနေအထားမှာ ရှိနေတယ်။

သမိုင်းကြောင်းကို ကြည့်တဲ့အခါ (၁၉၄၉ခုနှစ်) မော်စီတုန်း ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်တွေ အောင်ပွဲခံပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ချိန်မှာ ထိုင်ဝမ်ကျွန်းဟာ မော်စီတုန်းလက်အောက်မှာ ရှိမနေဘူး။ စစ်ရှုံးပြီး ထိုင်ဝမ်ကျွန်းကို ထွက်ပြေး ခဲ့ရတဲ့ ချန်ကေရှိတ် ဦးဆောင်တဲ့ တရုတ်အစိုးရလက်အောက်မှာပဲ ရှိနေတယ်။

မော်စီတုန်းရဲ့ တရုတ်နိုင်ငံဟာ (၁၉၇၁) ခုနှစ်ကျမှ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့တာပါ။ ဒုတိယကမ္ဘာစစ် တစ်လျှောက်လုံး နဲ့ စစ်ပြီးကာလအထိ အမေရိကန်က ထောက်ခံအားပေးခဲ့တာ (ထိုင်ဝမ်) တရုတ်အစိုးရဖြစ်ပြီး ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတစ်ခု အဖြစ် အမေရိကန်ရဲ့ ပံ့ပိုးမှုအောက်မှာ ရှိခဲ့တယ်။

အခြားတစ်ဖက်က သမိုင်းကို ကြည့်ရင်လည်း ထိုင်ဝမ်ကျွန်းဟာ တရုတ် ချင်မင်းဆက် လက်ထက် (၁၈၉၅) ခုနှစ်ကတည်းက ဂျပန်လက်အောက်ကို ကျရောက်ခဲ့တယ်။ ပထမ တရုတ်-ဂျပန် စစ်ပွဲမှာ တရုတ်က စစ်ရှုံးပြီး ရှီမိုနိုဆေကီ စာချုပ်အရ ဂျပန်ကို ပေးလိုက်ရတာဖြစ်တယ်။ ထိုင်ဝမ်ဟာ ဂျပန်လက်အောက်မှာ ၁၈၉၅ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ နှစ်ပေါင်း (၅၀) နေခဲ့ရတယ်။

ဘလွန်းဘတ် စီးပွားရေးဖိုရမ်မှာ စင်ကာပူဝန်ကြီးချုပ် လောရင့်စ် ဝေါင်းက “တရုတ်နဲ့ ဂျပန်မှာ ရှုပ်ထွေးတဲ့ အတိတ် သမိုင်းကြောင်းတွေ ရှိခဲ့သလိုပဲ ဂျပန် နဲ့ အရှေ့တောင်အာရှမှာလည်း အတိတ်သမိုင်းကြောင်းတွေ ရှိခဲ့ကြောင်း၊ ဒါပေမဲ့ နှစ်တွေ ကြာပြီး မျိုးဆက်တွေ တစ်ခုပြီး တစ်ခုပြောင်းသွားတဲ့အခါ ခံစားချက်တွေလည်း ပြောင်းသွားကြောင်း၊ အခု အရှေ့တောင်အာရှမှာ စစ်တမ်းတွေ တစ်ခုပြီးတစ်ခု ကောက်ကြည့်တဲ့အခါ ဂျပန်ဟာ အရှေ့တောင်အာရှရဲ့ အယုံကြည်ရဆုံး နံပါတ်တစ် မိတ်ဆွေ ဖြစ်နေတာ တွေ့ရတယ်” လို့  ပြောသွားခဲ့တယ်။

စင်္ကာပူ၊ မလေးရှား၊ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေဟာ တရုတ်နိုင်ငံလိုပဲ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် လက်အောက် ကျရောက်ခဲ့ပြီး ဖက်ဆစ်ဂျပန်တို့ရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ခံခဲ့ရပေမယ့် အချိန်ကာလ တိုက်စားမှုနဲ့ မျိုးဆက်တစ်ခုပြီးတစ်ခု ပြောင်းသွားချိန်မှာ အတိတ်သမိုင်းကို ဘေးဖယ် မေ့ထားလိုက်နိုင်ပေမယ့် တရုတ်နိုင်ငံကတော့ ခုချိန်ထိ အတိတ်သမိုင်းကို စွဲကိုင်ထားတုန်းပါပဲ။

တရုတ်ရဲ့ မပြီးဆုံးသေးတဲ့ သမိုင်းကြောင်းမှာ “ထိုင်ဝမ်” ဟာ ရှေ့ဆုံးက ပါဝင်နေတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က “အနာဂတ် တရုတ်နိုင်ငံရဲ့ မျှော်မှန်းချက်ထဲမှာ ထိုင်ဝမ်ကို ပြန်လည်ရယူ ပေါင်းစည်းရေး” ပါဝင်တယ်လို့ ဆိုတယ်။ ဘယ်နေ့ ဘယ်အချိန်မှာ ပြန်လည်ရယူမယ်ဆိုတာ မသိသေးပေမယ့် “ထိုင်ဝမ်ကို မထိနဲ့” လို့တော့ နိုင်ငံတကာကို အသိပေးနေတယ်။

တရုတ်-ဂျပန် အရေးနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံဘက်က မာမာထန်ထန် တုံ့ပြန်တာ သိပ်မတွေ့ရပေမယ့် တရုတ်ဘက် ကတော့ ဂျပန်နိုင်ငံကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း (၁၂) ခုကို မကြာမီက ရပ်ဆိုင်းလိုက်ပြီး စီးပွားရေးအရ ပိတ်ဆို့မှုတွေလည်း ဆက်တိုက် ပြုလုပ်နေတာ တွေ့ရတယ်။ တရုတ်နိုင်ငံဟာ ဂျပန်ရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်စဉ် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၁၂၅ ဘီလီယံ တရုတ်ကို တင်ပို့နေတယ်လို့ သိရတယ်။

တောင်အာဖရိကနိုင်ငံမှာ ကျင်းပတဲ့ G-20 ထိပ်သီးအစည်းအဝေးကို ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီ တက်ရောက် လာခဲ့ပေမယ့် တရုတ်ဝန်ကြီးချုပ် လီကျန်းနဲ့ တွေ့ဆုံခဲ့ခြင်း မရှိတာကိုလည်း တွေ့ရတယ်။ ဝန်ကြီးချုပ် တာကိုင်ချီ ကတော့ ဂျပန်ဟာ တွေ့ဆုံ စကားပြောဖို့ အမြဲတမ်း တံခါးဖွင့်ပေးထားတယ်လို့ ပြောဆိုခဲ့တယ်။ ခုလိုအခြေအနေမျိုးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန် နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုတာကိုလည်း မတွေ့ရဘူး။

ဂျပန် နှင့် တရုတ် ခေါင်းဆောင်နှစ်ဦး (Photo: BBC)

ကမ္ဘာ့အင်အားကြီးနိုင်ငံတခုအဖြစ် ရောက်ရှိလာတဲ့ တရုတ်ဟာ အာရှ-ပစိဖိတ်ဒေသမှာ ဩဇာထူထောင်ဖို့ ကြိုးပမ်း အားထုတ်မှု တွေ ရှိလာသလို အတိတ်က ရရှိခဲ့တဲ့ သမိုင်းဒဏ်ရာတွေကိုလည်း ပြန်လည်ကုစားဖို့ ကြိုးစား နေတာ တွေ့ရတယ်။ အထူးသဖြင့် ဂျပန် နဲ့ ရှိခဲ့တဲ့ သမိုင်းကြွေးကို တရုတ်တွေ မမေ့နိုင်ကြသေးဘူး။

ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီရဲ့ ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ မှတ်ချက်စကားက မျိုးချစ်ဂျပန်တွေအတွက် ဘာမှအထူးအဆန်း မဟုတ်ပေမယ့် တရုတ်တွေအတွက်ကတော့ အရှိုက်ထိသွားခဲ့တယ်။ ခုဆိုရင် နှစ်နိုင်ငံကြား တင်းမာမှုဟာ ရက်သတ္တပတ် သုံးပတ် အထိ ရောက်ရှိလာပြီး အဆုံးသတ်မယ့် အခြေအနေကို မတွေ့ မမြင်ရသေးကြောင်းပါ..။

ref: CNA, Reuters news.

Click to rate this post!
[Total: 0 Average: 0]