The Corner

The Corner

cropped-Logo_round_grey-background.png

ဖောင်းပွလာတဲ့ အိတ်ချ်အာ

Share မယ်

အိတ်ချ်အာ ဌာနကို အေအိုင်က ထိန်းချုပ်နိုင်မလား

Photo: Easy_Peasy AI

အိတ်ချ်အာ ဆိုတာ အင်္ဂလိပ်စကား Human Resources – ဝန်ထမ်းရေးရာ လို့ခေါ်ကြတဲ့ ဌာနကို အတိုကောက် – HR ကို ဆိုလိုပါတယ်။ HR လို့အစဥ်အဆက် ခေါ်လာနေရာကနေ အခုနောက်ပိုင်းတော့ people management လို့လည်း ခေါ်ရဲ့ အချို့ နေရာ ဌာနတွေမှာ people and culture လို့လည်း ခေါ်ကြပြန်ပါတယ်။ ဒါက အရေး မကြီးပါဘူး သုံးသပ်ချက်များအရ လုပ်ငန်းကြီးကြီး တွေမှာ အိတ်ချ်အာ ဌာနက တဖြည်းဖြည်းနဲ့ ဖောင်းပွကြီးထွားလာပါတယ်တဲ့။ ဒီလိုဖြစ်လာတာဟာ သူတို့ လုပ်ငန်း ကဏ္ဍတွေ ကလည်း ရှုပ်ထွေးလာလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အိတ်ချ်အာ ဌာန ဝန်ထမ်းတိုးတက်လာပုံကို အခြား ဌာနများမှ ဝန်ထမ်းများနှင့် နှိုင်းယှဥ်ပြပုံ

၂၀၂၄ ခုနှစ်အတွင်း အမေရိကန်နိုင်ငံက စီးပွားရေး လုပ်ငန်းတွေမှာ အိတ်ချ်အာ ဝန်ထမ်းပေါင်း ၁ ဒသမ ၃ သန်း အထိရှိလာပြီး ၁၀ နှစ်အတွင်း ၆၄ ရာခိုင်နှုန်း တဖြည်းဖြည်း တိုးတက်လာတယ်လို့ သိရပါတယ်။ ဒီနှုန်းဟာ အခြား လုပ်ငန်း ဌာနများအားလုံးအတွက် ဝန်ထမ်းခန့်ထားမှုရဲ့ ၁၄ ရာခိုင်နှုန်း များတယ်လို့ ဆိုပါတယ်။ သြစတြေးလျ၊ ဗြိတိန်နဲ့ ဂျာမနီနိုင်ငံများမှာလည်း ဒီလို အလားတူ တွေ့ရတယ်လို့ ဆိုပါတယ်။ ရုံးများရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဆိုရင်လည်း အိတ်ချ်အာ ဌာနဟာ ရှေ့တန်းကို ရောက်လာတယ် လို့လည်း ပြောကြတယ်။ စတန်းဖို့ တက္ကသိုလ်ရဲ့ သုံးသပ်ချက်တစ်ခုအရ CHRO (Chief Human-Resources Officer) လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ အိတ်ချ်အာ အကြီးအကဲဟာ အခြား အရေးပါတဲ့ ကုမ္ပဏီ အကြီးအကဲတွေလိုပဲ အရေးပါသူတစ်ယောက် ဖြစ်လာတယ်လို့ ဆိုတယ်။ ထို့နည်းတူစွာပဲ ဒီရာထူးနဲ့ လုပ်ကိုင်နေတဲ့ သူတွေရဲ့ လုပ်ခလစာဟာလည်း အခြား အကြီးအကဲတွေ ထက် ၄၀ ရာခိုင်နှုန်းလောက် ပိုများတယ်လို့ သိရပါတယ်။ ဒီစစ်တမ်းက ၁၉၉၂ ခုနှစ်မှာ လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်ကို ရောက်တဲ့အခါ ၇၀ ရာခိုင်နှုန်းပိုတဲ့ လုပ်ခ လစာတွေ ခံစားခွင့်တွေ ရခဲ့တယ်လို့ ဖော်ပြပါတယ်။ GM – General Motors ကုမ္ပဏီကြီးမှာ ယခင်က အိတ်ချ်အာ အကြီးအကဲ ဖြစ်ခဲ့ပြီး ယခုအခါ CEO ဖြစ်တဲ့ မေရီဘာကာက CHRO တွေဟာ အခုဆိုရင် လုပ်ငန်းကြီးတွေရဲ့ အရေးပါတဲ့ ရုံးခန်းတွေဆီကို တဖြည်းဖြည်း ရောက်လာကြပြီလို့ ပြောပါတယ်။ နာမည်ကြီး ဒိုးနပ် အမှတ်တံဆိပ်ဖြစ်တဲ့ Dunkin’s Donut ဟာလည်း သူတို့လုပ်ငန်းက ထိပ်တန်းရာထူးတွေကို အိတ်ချ်အာ ဂုရုတွေကိုပဲ ရွေးပြီး ခန့်တာလို့ နာမည်ကြီးပါတယ်။

အိတ်ချ်အာက ဒီလို လူတွင်ကျယ်ဖြစ်လာတာ နောက်ကွယ်က အကြောင်းခြင်းရာတွေ အများကြီး ရှိပါတယ်။ ပထမတစ်ခုကတော့ သူတို့ရဲ့ အရည်အချင်းတစ်ခုအရ ဝန်ထမ်းတွေကို ထိပ်ဖျားကို ရောက်လာအောင် ကိုင်တွယ်ထိန်းကျောင်းနိုင်လို့ ဖြစ်ပါတယ်။ ဝန်ထမ်းရှာဖွေပေးတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ Manpower Group ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ၇၄ ရာခိုင်နှုန်းသော ကုမ္ပဏီနဲ့ လုပ်ငန်းများဟာ ကျွမ်းကျင်လုပ်သား ရှားပါးမှုနဲ့ ကြုံတွေ့နေရလို့ဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ နှိုင်းယှဥ်ကြည့်ရင် ၃၈ ရာခိုင်နှုန်းတောင် ရှားပါးမှုနှုန်း မြင့်တက်လာတာပါ။ ဘာကြောင့်ဒီလိုဖြစ်လာရသလဲဆိုတာ ဆန်းစစ်ကြည့်တော့ အသက်အရွယ်ကြီးသူတွေ ပိုများလာခြင်းနဲ့ အေအိုင်လို နည်းပညာတိုးတက်မှုတွေက အဓိက အကြောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရုံးလုပ်ငန်း လည်ပတ်မှုတွေမှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ၊ အဖြစ်အပျက်တွေ တချို့ကြောင့်လည်း အိတ်ခ်ျအာ ကို နေရာတစ်ခုကို ထိုးတင်ပေးလိုက်သလိုဖြစ်လာပါတယ်။ ဒါကို အိတ်ချ်အာ အတိုင်ပင်ခံ လုပ်ငန်းတစ်ခုဖြစ်တဲ့ ကွန်းဖယ်ရီက အီမလီ ပက်ထရွန်းက “မနားရတဲ့နေ့” လို့တင်စား ပြောဆိုပါတယ်။ အမေရိကမှာ ပေါ်ပေါက်ခဲ့တဲ့ #MeToo လှုပ်ရှားမှုလို ဝန်ထမ်း တစ်ဦးကနေ နောက်တစ်ဦးကို လိင်ပိုင်းဆိုင်ရာဖြစ်စေ၊ အခြား စော်ကားမော်ကား ပြောဆိုနှောင့်ယှက်တာမျိုး၊ နိုင်ထက်ကလူ ပြုမူတဲ့ ကိစ္စမျိုးတွေ ဖြစ်လာတော့ ရုံးတွင်းမှာလည်း ဒီလို ကိစ္စရပ်တွေ ဖြစ်မလာအောင် တားဆီးထားတဲ့ Office Harassment ဆိုတဲ့ စည်းကမ်းတွေကို အိတ်ချ်အာက ပြင်ဆင် ပြဋ္ဌာန်းပြီး အရေးယူဖို့ အဆင့်ဆင့်တွေကို ကိုင်တွယ်ရတယ်။ Covid-19 ကပ်ရောဂါ ဖြစ်ပွားတဲ့ အချိန်မှာလည်း ဝန်ထမ်းတွေကို အဝေးကနေ အလုပ်လုပ်စေပြီး ဝန်ထမ်းတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ကိုလည်း တစ်ဖက်က လုပ်ပေးရသေးတယ်။ အဲဒါလောက်နဲ့ မပြီးသေးဘူး DEI လို့ခေါ်တဲ့ “Diversity” “Equity” နဲ့ “Inclusivity” –  ပေါ်လာတဲ့အချိန်မှာဆိုရင် ပိုပြီး အလုပ်တွေ ရှုပ်လာကြတယ်။ ဒီအီးအိုင်ကို မြန်မာလိုပြောရမယ်ဆိုရင် ရုံးတွင်း လူမျိုး ကျားမ သန်စွမ်းသူ မသန်စွမ်းသူအားလုံး အညီအမျှ ဆက်ဆံစေပြီး အားလုံးပါဝင်စေမှု လို့ဆိုရမယ်ထင်တယ်။ အနက်က ရှုပ်ထွေးသလောက် တကယ်အကောင်အထည် ဖော်တဲ့နေရာမှာလည်း သိမ်မွေ့နက်နဲပါတယ်။ ဒါနဲ့ ပတ်သက်လို့ အိတ်ချ်အာ ဒါရိုက်တာတစ်ဦးက “ကိုင်တွယ်ရတာ တကယ်ရှုပ်ထွေးပါတယ်။ ဝန်ထမ်း တစ်ဦးဦးကို ဘယ်လိုပုံမျိုး ဝတ်စားလာလို့ အရေးယူရမယ် မရဘူး ဆိုတာကစလို့ အစိုးရက ပြဋ္ဌာန်းချက်တွေကို ဘယ်သူနဲ့သာ ပတ်သက်ပြီး ဘယ်သူတွေနဲ့ မပတ်သက်ဘူးဆိုတာမျိုးတွေ အဓိပ္ပာယ် ဖွင့်ပေးရတာတွေ၊ ကုန်ကုန်ပြောမယ်ဗျာ ကျား/မ အိမ်သာအပြင် ဘယ်လိင်မျိုးမဆို တက်လို့ရတဲ့ အိမ်သာကိုပါ လုပ်ပေး ရတယ်ဗျ” လို့ ပြောပြတယ်။

DEI သရုပ်ပြပုံ (Photo: Wikimedia)

အခြားကိစ္စတွေကလည်း အိတ်ချ်အာ မရှိရင် မဖြစ်တဲ့ ကိစ္စမျိုးတွေပါ။ ဥပမာ နိုင်ငံတစ်နိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ ဝန်ထမ်းတွေ အတွက် အစိုးရက ပြဋ္ဌာန်းထားတဲ့ အလုပ်သမား ဥပဒေတွေမှာပါလေ့ရှိတဲ့ နာမကျန်းခွင့်ကိစ္စတွေ၊ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်တွေ စတဲ့ ပြဋ္ဌာန်းချက်တွေကို လိုက်နာရမှာလား ကုမ္ပဏီရဲ့ ပြဋ္ဌာန်းချက်တွေ လိုက်နာရမလားဆိုတာကလည်း ဘယ်တော့မှ အဖြူအမည်း အဖြေတစ်ခု တိတိကျကျ မထွက်တဲ့ ကိစ္စတွေပါ။ ဒီအကြောင်းတွေကလည်း အိပ်ချ်အာ သတ်သတ်မှတ်မှတ် လုပ်နေသူတွေမှသာ ကူညီဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေ အနေနဲ့ကတော့ သူတို့ ရတဲ့ အခွင့်အရေးကို နားလည် သိရှိမှသာ ဘယ်ကိစ္စကို စောဒက တက်နိုင်မှာ မဟုတ်လား။ အမေရိကန်ရဲ့ ဥပမာ တစ်ခုကို ကြည့်မယ်ဆိုရင် ၂၀၂၁ ခုနှစ်တုန်းက ခွဲခြားဆက်ဆံခံရတယ်လို့ တိုင်ကြားတဲ့သူ အရေအတွက်က ဝန်ထမ်း အယောက် ၁၀၀၀ မှာ ခြောက်ယောက်သာရှိရာကနေ ၂၀၂၄ ခုနှစ်မှာ ၁၅ ယောက်အထိ တိုးလာပါတယ်တဲ့။

ဒီလို ဒီလိုအကြောင်းကြောင်းတွေကြောင့် ဝန်ထမ်းဦးရေ ဖောင်းပွနေခဲ့တဲ့ အိတ်ချ်အာ ဌာနဟာ မကြာခင်အတွင်း ရပ်တန့် သွားတော့ မှာလား။ အမေရိကန် အလုပ်သမား စျေးကွက်ကိုပဲ ပြန်ကြည့်မယ်ဆိုရင် အခုဆိုရင် လူနည်းနည်းပဲ ထပ်ခန့်။ ဝန်ထမ်းတွေ နည်းသွားတဲ့အခါ လူနည်းနည်းကိုပဲ ကိုင်တွယ်ရတော့ အိပ်ချ်အာမှာ လူနည်းနည်းပဲ လိုမယ့် သဘောဖြစ်လာတာပေါ့။ မကြာသေးခင်ကဆိုရင် အလုပ်ဖြုတ်ခံရတဲ့ အရေအတွက်က များလာပြီ။ အောက်တိုဘာလကဆိုရင် အမေရိကန် စျေးကွက် တစ်ခုတည်းမှာ အလုပ်ပေါင်း ၁၅၃,၀၀၀ အလျှော့ခံရပြီ။ ဒီ အရေအတွက်ဟာ ကိုဗစ်ကာလနောက်ပိုင်း အများဆုံးလို့ ပြောလို့ရမယ့် အရေအတွက် ဖြစ်ပါတယ်။ ဒီလောက် အလုပ်တွေလျှော့မယ်ဆိုရင် အိပ်ချ်အာ ဌာနမှာ စာရွက်စာတမ်းတွေ ပြင်ဆင် လုပ်ကိုင်ရဖို့ လူတွေလိုလာမယ်လို့ မြင်ကြသူတွေ ရှိသလို အချို့ကလည်း ဒီလိုအလုပ်အတွက် လူထပ်ခန့်စရာမလိုဘူး ရှိပြီးသား ဝန်ထမ်းတွေကပဲ ဦးစီးလုပ်ကိုင်ကြပေါ့လို့ မြင်သူများလည်းရှိတယ်။ နည်းပညာအပေါ် အခြေခံတဲ့ အမေဇုံလို ကုမ္ပဏီကြီး ကလည်း အိတ်ချ်အာ အလုပ် ၁၄,၀၀၀ လောက် ပြီးခဲ့တဲ့ လက လျှော့ချခဲ့တယ်။ အမေရိကန်မှာလည်း အခုဆိုရင် DEI ဆိုတဲ့ အသံတွေ တဖြည်းဖြည်း တိုးတိတ်လာပြီဖြစ်တယ်။

အခုအချိန်မှာ အေအိုင်ကပါ ဝင်ပါလာတာ အဆိုးဆုံးပဲ။ လက်ရှိအနေအထားမှာ အိတ်ချ်အာ ဌာနနတွေက အေအိုင်နဲ့ ပတ်သက်တာတွေ ဝန်ထမ်းတွေကို ပြန်သင်ကြားပေးနေရတာ၊ အေအိုင် ကျွမ်းကျင်သူတွေ လိုအပ်ချက် များလာလို့ အေအိုင် ဆိုင်ရာ ဝန်ထမ်းတွေကို ခန့်ပေးနေရတာတွေနဲ့ အလုပ်ရှုပ်နေကြတာပေါ့။ လောလောဆယ်မှာ ဆေးကုမ္ပဏီကြီး မော်ဒါးနားက CHRO အရာရှိကို အိုင်တီနဲ့ အိတ်ချ်အာ နှစ်ခုပေါင်းပြီး ပူးတွဲ တာဝန်ယူစေတယ်။

ဒါပေမဲ့ ရေရှည်မှာတော့ အိတ်ချ်အာ အလုပ်တွေကို အေအိုင်နဲ့ တဖြည်းဖြည်း အစားထိုးသွားမယ်လို့ မှန်းဆရပါတယ်။ အခုဆို ကုမ္ပဏီ တော်တော်များများ အေအိုင်ကို အသုံးပြုပြီး အလုပ်လျှောက်လွှာ အပုံလိုက်ကြီးကို စိစစ်တာနဲ့ ဝန်ထမ်းတွေရဲ့ စောဒက တက်တာတွေကို chatbot လို့ခေါ်တဲ့ စကားပြောစက်ကနေ ကိုင်တွယ်ဖြေရှင်းပေးတာတွေ စမ်းသပ်လုပ်ကိုင်နေကြပြီ။ မက်ကင်ဇီလို အတိုင်ပင်ခံ လုပ်ငန်းတွေကဦးဆောင်ပြီး ကုမ္ပဏီတော်တော်များများကို မေးမြန်းပြီး ထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုမှာ အေအိုင်ကြောင့် အလုပ်တော်တော်များများအတွက် ဝန်ထမ်းတွေ လျှော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၂ ရာခိုင်နှုန်း ဖြေဆို သူများကတော့ အိပ်ချ်အာ ဝန်ထမ်းတွေ လျှော့ချနိုင်ခဲ့တယ်လို့ ဖြေကြပြီး ၅ ရာခိုင်နှုန်းလောက်ကသာ ဝန်ထမ်း ထပ်ခန့်တယ်လို့ ဆိုတယ်။ လူတွေအတွက် လုပ်တဲ့ အိတ်ချ်အာတွေ အတွက် အေအိုင်က သတင်းကောင်းတစ်ခုတော့ မဟုတ်ပါလေ။

မှီငြမ်း – How HR took over the world, The Economist November 2025

Click to rate this post!
[Total: 2 Average: 5]