ဒီကနေ့ ကမ္ဘာမြေပြင်ပေါ်မှ ဖြစ်ပွားနေတဲ့ စစ်ရေး နိုင်ငံရေး အဖြစ်အပျက်တွေထဲမှာ နိုင်ငံတကာက ပြည်သူတွေ စိုးရိမ်ကြောင့်ကြ အဖြစ်ရဆုံး ပြဿနာကို ပြောပါဆိုရင် ဦးစွာပထမ ယူကရိန်း-ရုရှား စစ်ရေးပဋိပက္ခကို ပြေးမြင်ကြလိမ့် မယ်ထင်တယ်။ ဘာကြောင့်လဲ။ ရုရှားဟာ ယူကရိန်းကျူးကျော်စစ်ပွဲ ဆက်လက်ဆင်နွှဲနေရင်း တခြား ဥရောပနိုင်ငံ တစ်ခုခု အပေါ် ဒုတိယ စစ်မျက်နှာ ဖွင့်လာနိုင်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ဂါဒီယန်သတင်းစာနဲ့ တွေ့ဆုံစဉ်မှာ သတိပေး လိုက်တာကို သတိပြုမိလို့ ဖြစ်ပါတယ်။
ပူတင်ရဲ့ ‘ကရင်မလင်အစိုးရ’ ဟာ လက်ရှိအခြေအနေမှာ ဥရောပကို မထိတထိ သွေးတိုးစမ်းတဲ့ စစ်ကစားမှုမျိုး ဆင်နွှဲနေတယ်။ နေတိုးအုပ်စုရဲ့ ကန့်သတ်ထားတဲ့ မျဉ်းနီဇုန်ကို ရုရှားက အကဲစမ်းမှုတွေ ဆက်ပြီး လုပ်နေလိမ့်ဦးမယ် လို့ ဇလန်းစကီးက သတိပေးတာ တွေ့ရတယ်။
“ပူတင်ဟာ ပထမဦးစားပေးအနေနဲ့ ယူကရိန်းကို သိမ်းချင်တာဖြစ်တယ်။ နောက်တော့မှ တခြားနေရာတခုဆီကို ဦးလှည့် သွားနိုင်တယ်” ဆိုတဲ့ ဥရောပရဲ့ တွေးခေါ်ပုံမှားယွင်းနေတာကို ကျွန်တော်တို့ မေ့ပစ်လိုက်ဖို့ လိုပါတယ်။ ရုရှားဟာ ယူကရိန်းနဲ့ ဥရောပကို တချိန်တည်းမှာ ကျူးကျော်လာနိုင်တယ်” လို့ ဗိုလိုဒီမီယာ ဇလန်းစကီးက ဂါဒီယန်သတင်းစာနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ကြောင်း သိရတယ်။
ယူကရိန်းသမ္မတရဲ့ တွေးမြင်ပုံကို လျစ်လျူမပြုသင့်ဘူးလို့ဆိုရမယ်။ ၁၉၃၈ ခုနှစ် စက်တင်ဘာလအတွင်း ဗြိတိသျှ ဝန်ကြီးချုပ် ချိန်ဗာလိန်၊ ပြင်သစ်ဝန်ကြီးချုပ် ဒါလာဒယေးနဲ့ မူဆိုလီနီတို့ မြူးနစ်မြို့ မှာ ဟစ်တလာနှင့် ဆွေးနွေးခဲ့တာကို သတိရစရာဖြစ်တယ်။ ဟစ်တလာ က နောက်ထပ် နယ်ပယ် မတောင်းတော့ပါဘူးဆိုတဲ့ ကတိပြုချက်အရ ဆူဒေတန်နယ်ကို ပေးခဲ့ပြီး ‘မြူးနစ်စာချုပ်’ ချုပ်ခဲ့တယ်။ ဒါပေမယ့် ၁၉၃၉ ခုနှစ်မှာ ဟစ်တလာက ပရာဟာမြို့တော်ဆီ ချီတက်ပြီး ချက်ကိုဆလိုဗားကီးယားကို သိမ်းခဲ့တဲ့ သမိုင်းသင်ခန်းစာကို သတိရစရာဖြစ်တယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့တာဖြစ် တယ်။ ၂၀၂၂ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းနိုင်ငံအရှေ့ခြမ်းမှာ အထူးစစ်ဆင်ရေး လုပ်ဆောင် နေကြောင်း ကြေညာခဲ့တယ်။ တစ်ချိန်တည်းမှာ ယူကရိန်းသမ္မတ ဇလန်းစကီး က နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်။ ရုရှားနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့တယ်။
ရုရှားရဲ့ ယူကရိန်းနယ်မြေ ကျူးကျော်မှုကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ နေတိုး အဖွဲ့ အပါအဝင် နိုင်ငံတကာက ရှုတ်ချခဲ့ကြတယ်။ ရုရှားရဲ့ ကျူးကျော်မှုကို ရှုတ်ချရေးအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မဲခွဲကြရာမှာ ကိုးနိုင်ငံက ထောက်ခံပြီး တရုတ်၊ အိန္ဒိယနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က ကြားနေခဲ့ တယ်။ ရုရှားနိုင်ငံက ဗီတိုအာဏာ သုံးပြီး ပယ်ချခဲ့တယ်။
ယူကရိန်းကို အချိန်တိုအတွင်း အနိုင်ယူသိမ်းပိုက်နိုင်မယ်လို့ ထင်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်ရဲ့ တွက်ကိန်း ဟာ အကြီးအကျယ် လွဲချော်ခဲ့တယ်။ စစ်ပွဲအတွင်း ယူကရိန်းစစ်သား ၄၃,၀၀၀ ကျဆုံးခဲ့ပြီး ၃၇၀,၀၀၀ ဒဏ်ရာရ ရှိခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီး က ၂၀၂၄ ဒီဇင်ဘာလအတွင်းမှာ ထုတ်ဖော်ပြောကြားခဲ့တယ်။ ဇလန်းစကီးရဲ့ ပြောကြားချက် အရ ရုရှားဘက်က စစ်သား ၁၉၈,၀၀၀ ယောက် ကျဆုံးပြီး ၅၅၀,၀၀၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လိုဆိုတယ်။ ဖော်ပြပါ ကိန်း ဂဏန်းတွေ ကို သီးခြား အတည်ပြုလို့မရကြောင်း သတင်းတွေက ဆိုတယ်။ ရုရှားကတော့ သူတို့ဘက်က ကျဆုံးစစ်သား အရေအတွက်ဟာ ယူကရိန်း ဘက်ကထက် အများကြီးလျော့နည်းတယ်လို့ တုံ့ပြန်ခဲ့တယ်။
နယူးယော့ခ်တိုင်းမ်သတင်းစာက အမေရိကန်ထောက်လှမ်းရေးသတင်းရင်းမြစ်တွေကို ကိုးကား ဖော်ပြရာမှာ ၂၀၂၃ သြဂုတ်လ အထိ ရရှိတဲ့ စာရင်းတွေအရ ရုရှားဘက်က ၁၂၀,၀၀၀ ကျဆုံးပြီး ၁၇၀,၀၀၀ မှ ၁၈၀,၀၀၀ အတွင်း ဒဏ်ရာ ရရှိတယ်လို့ဆိုတယ်။ တစ်ချိန်တည်းမှာ ယူကရိန်းဘက်က စစ်သား ၇၀,၀၀၀ ခန့်ကျဆုံးပြီး ၁၀၀,၀၀၀ နဲ့ ၁၂၀,၀၀၀ အတွင်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဖော်ပြခဲ့တယ်။
၂၀၂၅ ဇွန်လမှာ ဝါရှင်တန်ဒီစီ အခြေပြု “မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာလေ့လာရေးဌာန”ရဲ့ လေ့လာဆန်းစစ်မှု အစီရင်ခံစာအရ ရုရှားဘက်က စစ်သည် သေဆုံးဒဏ်ရာရသူပေါင်း “တစ်သန်း”အထိရှိတယ်လို့ဆိုတယ်။ တစ်ချိန်တည်းမှာ ယူကရိန်းဘက်က အရပ်ဘက်-စစ်ဘက် နှစ်ရပ်ပေါင်း သေဆုံးဒဏ်ရာရသူပေါင်း ၄၀၀,၀၀၀ ခန့်ရှိတယ်လို့ဖော်ပြထားပြီး အဲဒီအထဲက သေဆုံး ဒဏ်ရာရ စစ်သား ၄၀,၀၀၀ နဲ့ ၁၀၀,၀၀၀ အကြား အပါအဝင်ဖြစ်တယ်လို့ ဆိုတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ရဲ့ ၂၀၂၅ ဇွန်လ ထုတ်ပြန်ချက်အရ ယူကရိန်းဘက် မှာ အရပ်သူ အရပ်သား ၁၃,၃၀၀ သေဆုံးခဲ့ပြီး ၃၁,၇၀၀ ဒဏ်ရာရရှိတယ်လို့ ကုလသမဂ္ဂဝန်ထမ်းတွေကိုယ်တိုင် တွေ့ရှိချက်တွေကို အတည်ပြု ဖော်ပြထားတယ်။
စစ်ရေးပဋိပက္ခ တိုက်ပွဲတွေ ချုပ်ငြိမ်းရေးအတွက် ရုရှားနှင့် ယူကရိန်းတို့အနေနဲ့ မြန်မြန်ဆန်ဆန် အပစ်ရပ်ရေး သဘောတူကြဖို့ လိုလားကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြောထားခဲ့ဖူးတယ်။ ယူကရိန်းစစ်ပွဲရဲ့ အနေအထားက တတိယကမ္ဘာစစ်ဆီ တွန်းပို့နိုင်ပြီး လက်ရှိလည်း နှစ်ဖက်စလုံးမှာ လူ့အသက်တွေ အများအပြား ဆုံးရှုံးနေရပြီလို့ သမ္မတ ထရမ့်က သတိပေး ပြောဆိုထားတယ်။
အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ရုရှားကို အပစ်ရပ်ဖို့ ဖိအားပေးပြောဆိုနေကြပေမယ့် သမ္မတပူတင်က ဂရုမပြုဘဲ ယူကရိန်းအပေါ် တိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်။ ရုရှားစစ်တပ်ဟာ ယူကရိန်းနိုင်ငံက စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး လာမယ့်ဆောင်းရာသီမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နိုင်ခြေ ရှိလာတဲ့အတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေကြောင်း NHK သတင်းမှာဖော်ပြတယ်။
ရုရှား တပ်ဖွဲ့တွေဟာ ၂၀၂၅ နိုဝင်ဘာ (၈)နဲ့(၉)ရက်နေ့တွေအတွင်း အပြင်းအထန် တိုက်ခိုက်မှုမှုတွေလုပ်ခဲ့ရာမှာ ဒုံးကျည်တွေ နဲ့ ဒရုန်းတွေကို အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုတယ်။ မြို့တော် Kyiv နဲ့ Kharkiv မြို့ တွေ အပါအဝင် မြို့နယ်ဒေသတွေမှာ ရှိတဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေဟာ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ပြီး လည်ပတ်မှု ရပ်တန့်သွားတယ် လို့ ယူကရိန်းမီဒီယာတစ်ခုက ဖော်ပြခဲ့ကြောင်း NHK ဂျပန်သတင်းဌာန က ဆိုတယ်။
၂၀၂၂ ခုနှစ် ရုရှားကျူးကျော်မှု စတင်ချိန်နောက်ပိုင်း ဓာတ်အားပေးစက်ရုံတွေကို ရုရှားရဲ့ တိုက်ခိုက်မှုတွေအပြီးမှာ လည်ပတ်မှု ရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့ စက်ရုံတွေကို စီမံခန့်ခွဲနေတဲ့ လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီက ဆိုတယ်။ အဲဒီ ကုမ္ပဏီက “၂၀၂၄ခုနှစ်တုန်းက အကြီးအကျယ် ပျက်စီးအောင် တိုက်ခိုက်ခံခဲ့ရပြီး ပြန်ပြင်ထားတဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတွေကို ထပ်မံပစ်မှတ်ထားတိုက်ခိုက်ခံတယ်လို့ဆိုတယ်။ တစ်မိနစ်အတွင်း ဒုံးကျည်တွေ၊ ဒရုန်းတွေ အရေအတွက်ပေါင်း များစွာနဲ့ မကြုံစဖူး တိုက်ခိုက်ခံခဲ့ရတယ်” လို့ ပြောကြားခဲ့တယ်။
တခြား လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီ တစ်ခု က သူတို့ရဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေဟာ ရုရှား ကျူးကျော်မှု အတွင်း အကြိမ်ပေါင်း ၂၁၀ ကျော် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ စွမ်းအင် အခြေခံ အဆောက်အအုံ တွေကို အရှိန်မြှင့် တိုက်ခိုက်ရာမှာ ပဲ့ထိန်းဒုံးကျည်တွေနဲ့ အခြားလက်နက်တွေကို အသုံးပြု နေတယ်လို့ ယူကရိန်းလေတပ်က မှတ်ချက်ပြုခဲ့တယ်။
ယူကရိန်းသမ္မတ ဇလန်းစကီး က သူ့နိုင်ငံဟာ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ် ၂၇ ခုကို မှာယူဖို့ စီစဉ်နေ တယ်လို့ ပြောကြားလိုက်ကြောင်း NHK ဂျပန်သတင်းဌာနကဖော်ပြထားတယ်။ နိုဝင်ဘာ ၆ ရက်ကနေ ၉ ရက်အတွင်း ရုရှား ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် ပိတ်ပစ်ခဲ့ရတဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအပါအဝင် ယူကရိန်းရှိ စွမ်းအင် စက်ရုံတွေ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုတယ်။ ပြင်းထန်လှတဲ့ ဆောင်းရာသီမတိုင်မီ ဓာတ်အား ပြတ်တောက်မှု နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာနေကြောင်း သိရတယ်။
နိုဝင်ဘာ ၉ ရက် (တနင်္ဂနွေနေ့) မှာ ထုတ်ဝေခဲ့တဲ့ ဗြိတိန်သတင်းစာ The Guardian နဲ့ အမေးအဖြေခန်းမှာ ယူကရိန်းသမ္မတ ဇလန်းစကီး က ရုရှားသမ္မတ ပူတင် ဟာ ယူကရိန်းရဲ့ စွမ်းအင်စနစ်ကို အကြမ်းဖက်တိုက်ခိုက်ဖို့ အမိန့်ပေး ထားကြောင်းလည်း ပြောခဲ့ပါတယ်။ သမ္မတ ဇလန်းစကီး က သူဟာ အမေရိကန်ထုတ်လုပ်သူတွေဆီက Patriot စနစ် ၂၇ ခုကို မှာယူလိုပြီး အဲဒီအတောအတွင်း ဥရောပနိုင်ငံတွေဟာ သူတို့ဆီမှာရှိနေတဲ့ Patriot တွေကို ယူကရိန်းကို ချေးငှားနိုင်တဲ့ အကြောင်းလည်း ပြောခဲ့တယ်။ ဗြိတိန်သတင်းစာ Financial Times ရဲ့ အောက်တိုဘာလ အစီရင်ခံချက်အရ အနည်းဆုံး Patriot စနစ် ခြောက်ခု ယူကရိန်းကို ထောက်ပံ့ပေးထားတယ်လို့ သိရတယ်။
ဒီအတောအတွင်း အချိန်ကာလ သုံးနှစ်ကျော်လာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲအတွင်းမှာ ရုရှားဘက်က တိုက်ခိုက်ပေး တဲ့ စစ်သား ကိုးသောင်းခွဲ ကျော် သေဆုံးခဲ့ပြီလို့ ဘီဘီစီ (ရုရှားဌာန) က ပြုစုထားတဲ့ စာရင်းတွေအရ သိရတယ်။ ရာဇဝတ်မှု ကျူးလွန်သူ တွေထဲက စစ်သားအဖြစ်စုဆောင်းခံရပြီး ရှေ့တန်းစစ်မျက်နှာ စေလွှတ်ခံရသူတွေထဲမှာ ၁၆,၁၇၁ ဦးအထိ သေဆုံးတယ်လို့ ဘီဘီစီ ရုရှားဘာသာစကားဌာနက စုဆောင်းထားတဲ့အချက်အလက်တွေအရ သိရတယ်။
ယူကရိန်းကို ရုရှားကျူးကျော်ရာမှာ အာဖရိကက လူ ၁,၄၀၀ ကျော်ဟာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေ တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrii Sybiha က ပြောတယ်။
“အာဖရိက နိုင်ငံ ၃၆ နိုင်ငံက လူ ၁,၄၃၆ ဦးထက်မနည်း ရုရှားရဲ့ လက်ရှိကျူးကျော်ရေးတပ်ဖွဲ့က ရာထူးအဆင့်အမျိုးမျိုးမှာ ပါဝင်ပြီး တိုက်ခိုက်နေတယ်” လို့ မစ္စတာ Sybiha က ၂၀၂၅ နိုဝင်ဘာ (၇) ရက်နေ့က လူမှုကွန်ရက်မှာ ရေးသားခဲ့တယ်။ ဒါပေမဲ့ “အမှန်တကယ် အရေအတွက်က ဒီထက် ပိုများနိုင်တယ်” လို့လည်း ရေးသားဖော်ပြထားတယ်။ ရုရှားဟာ အာဖရိက က လူတွေကို ငွေပေးချေပြီးနောက် စာချုပ်ချုပ်ဆိုလာအောင် ဖြားယောင်းတဲ့ နည်းလမ်းတွေ သုံးပြီး လူစုဆောင်းနေတယ် လို့ သူက ဆိုတယ်။ “ကြေးစားစစ်သားအများစုဟာ တစ်လထက် ပိုပြီး မတောင့်ခံနိုင်ဘူး” လို့ Andrii Sybiha က ဖြည့်စွက် ပြောကြားခဲ့ တယ်။
ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားစစ်တပ်မှာ မပါဝင်ဖို့ ပြည်သူတွေကို သတိပေးစေလိုကြောင်း အာဖရိကနိုင်ငံ အစိုးရ အားလုံးကို မစ္စတာ Sybiha က တောင်းဆိုခဲ့ကြောင်း သိရတယ်။ ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားအတွက် တိုက်ခိုက်ပေးတာဟာ တရားမ၀င်တဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး က ပြောကြောင်း NHK (ဂျပန်) သတင်းက ဖော်ပြတယ်။
ရှေ့တန်းမှာ တာဝန်ချခံထားရတဲ့ အာဖရိက က လူမျိုးတွေအနေနဲ့ “ရုရှားတပ်တွေကနေ ထွက်ခွာပြီး စစ်သုံ့ပန်း အဖြစ် ကူးပြောင်းလာနိုင်မယ့် အခွင့်အရေးမှန်သမျှ” ကို ရှာဖွေကြဖို့ မစ္စတာ Sybiha က တောင်းဆိုခဲ့ပြီး ယူကရိန်းဟာ စစ်သုံ့ပန်းတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေစံနှုန်းတွေနဲ့အညီ ဆက်ဆံတယ်လို့ ဆိုပါတယ်။
ကင်ညာသမ္မတ William Ruto က သူဟာ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ တယ်လီဖုန်းကနေ ပြောဆို ဆွေးနွေးခဲ့တယ်လို့ ၂၀၂၅ နိုဝင်ဘာ (၆)ရက်နေ့က လူမှုကွန်ရက်မှာ ဖော်ပြခဲ့တယ်။ “ယူကရိန်းထိန်းသိမ်းထားတဲ့ ကင်ညာနိုင်ငံသား အားလုံး လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့” တောင်းဆိုခဲ့တယ်လို့ ဆိုတယ်။
ရုရှားဘက်မှာ တိုက်ခိုက်နေတဲ့ အာဖရိကက လူ ၁၇ ဦးဆီကနေ စိုးရိမ် ပူပန်သောက ရောက်နေတယ်ဆိုတဲ့ ဖုန်းခေါ် ဆိုမှုတွေကို လက်ခံရရှိခဲ့ကြောင်း တောင်အာဖရိကအစိုးရက ၂၀၂၅ နိုဝင်ဘာ (၆)ရက် (ကြာသပတေးနေ့) က ပြောကြားခဲ့ တာကို Reuters နဲ့ အခြားမီဒီယာတွေက ကိုးကားဖော်ပြခဲ့တယ်။ တိုက်ပွဲတွေမှာ အာဖရိက နိုင်ငံသားတွေ ပါဝင်လာစေတဲ့ အကျိုးအကြောင်းကို တောင်အာဖရိကအစိုးရက စုံစမ်းစစ်ဆေးမှာ ဖြစ်တယ်လို့ အဆိုပါ မီဒီယာတွေက ဆိုတယ်။
ဒီ့အပြင် မြောက်ကိုရီးယားစစ်သားတွေလည်း ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ပါဝင်တိုက်ခိုက်နေတာတွေ့ရတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ စစ်ရေးမဟာမိတ်စာချုပ်ရှိတယ်လို့ဆိုတယ်။ ရုရှား နဲ့ မြောက်ကိုရီးယား ဘယ်နိုင်ငံ တိုက်ခိုက် ခံရသည်ဖြစ်စေ ‘စစ်ရေးအပါအဝင် အခြားအကူအညီများ’ ပေးရေးအတွက် အပြန်အလှန် တာဝန်ရှိကြောင်း ဖော်ပြတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီချက်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က အတည်ပြုခဲ့တယ်လို့ ဆိုတယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှားကို အထောက်အကူပေးဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ကြောင်း ၂၀၂၅ ဧပြီလမှာ မြောက်ကိုရီးယားက အတည်ပြုခဲ့တယ်။ မြောက်ကိုရီးယား စစ်သားတွေ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်းလည်း ဝန်ခံထားတယ်။
“ယူကရိန်းကို ရုရှားကျူးကျော်မှုမှာ မြောက်ကိုရီးယားပါဝင်လာတဲ့ကိစ္စဟာ ကျွန်တော်တို့အားလုံး မေးခွန်းထုတ်ရမယ့် ပြဿနာဖြစ်တယ်။ တရုတ်နိုင်ငံအနေနဲ့ နေတိုးအဖွဲ့ကို အရှေ့တောင်အာရှဒေသမှာ ပါဝင်မလာစေချင်ရင် ဥရောပမှာ မြောက်ကိုရီးယား ပါဝင်တိုက်ခိုက်နေတာကို တားဆီးသင့်တယ်” လို့ ပြင်သစ်သမ္မတ အီမန်ညူရယ် မက်ခရွန်က စင်္ကာပူမှာ မေ ၃၀ ရက်က ပြုလုပ်တဲ့ ကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောဆိုခဲ့တယ်။
ဒါပေမဲ့ မြောက်ကိုရီးယားခေါင်းဆောင် ‘ကင်ဂျုံအမ်’ က ယူကရိန်းနဲ့ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း ရုရှားဘက် ကနေ ပါဝင်တိုက်ခိုက်ပေးခဲ့တဲ့ မြောက်ကိုရီးယားစစ်သားတွေကို သူရဲကောင်းဆုတွေ ချီးမြှင့်ပေးခဲ့တယ် လို့ သိရတယ်။ ကင်ဂျုံအမ်က ရုရှားဘက်က ပါဝင်တိုက်ခိုက်ပေးခဲ့တဲ့ မြောက်ကိုရီးယားစစ်သားတွေကို သမိုင်းဝင်စစ်သားတွေ အဖြစ် ချီးကျူးပြောဆိုခဲ့ပြီး တိုက်ပွဲမှာ ကျဆုံးသွားသူတွေရဲ့မိသားစုတွေ သားသမီးတွေကို ဖခင်ဖြစ်သူ ကိုယ်စား ဆုများ ချီးမြှင့်ခဲ့တယ်လို့ NP News က ဆိုတယ်။
“ပြည်ပစစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မြောက်ကိုရီယားစစ်သားတွေဟာ သမိုင်းဝင် မြောက်ကိုရီးယား စစ်တပ် ရဲ့ စွမ်းအားနဲ့ အင်အားကို နောင်တရစရာ မရှိဘူးဆိုတာကို သက်သေပြခဲ့တယ်။ ယူကရိန်းပိုင်နက် Kursk ဒေသကို ရုရှား နိုင်ငံ က သိမ်းယူ နိုင်အောင် မြောက်ကိုရီးယားစစ်သားတွေက သူရဲကောင်းစိတ်အပြည့်နဲ့တိုက်ခိုက်ပေးခဲ့တယ်။ Kursk ဒေသလွတ်မြောက်ခြင်းဟာ မြောက်ကိုရီးယားစစ်သား တွေရဲ့သူရဲကောင်းစိတ်ကို သက်သေပြလိုက်တာလည်းဖြစ်တယ်” လို့ ‘ကင်ဂျုံအမ်’ က ပြောခဲ့ကြောင်း NP News မာဖော်ပြတယ်။
ယူကရိန်းစစ်ပွဲမှာ တရုတ်နဲ့ မြောက်ကိုရီးယားက ရုရှားကိုထောက်ခံခြင်းဟာ ဒေသတွေအကြား စည်းတွေ မှုန်ဝါး လာတာကို ပြသနေပြီး ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ကမ္ဘာ့အမြင်တစ်ခု လိုအပ်နေကြောင်း ဖော်ပြနေတယ်လို့ “နိုင်ငံတကာ သေနင်္ဂဗျူဟာ လေ့လာရေး အင်စတီကျု (IISS)” ဆွေးနွေးပွဲမှာ ထိပ်တန်းလုံခြုံရေး အရာရှိတွေက ၂၀၂၅ ဇွန်လ ၁ ရက်နေ့ က ပြောကြားခဲ့တယ်။ မြောက်ကိုရီးယားက ယူကရိန်းရှေ့တန်းမှာ ပါဝင်တိုက်ခိုက်ဖို့ တပ်တွေ စေလွှတ်ထားတယ်။ တရုတ်နိုင်ငံက ရုရှားကို စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ အထောက်အပံ့တွေပေးနေတယ်။ အဲဒီအချက်က ရုရှားအပေါ် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေ လုပ်ထားတာကို ဆန့်ကျင်တဲ့သဘောဖြစ်တယ်။
“ယူကရိန်းမှာ ရုရှားနိုင်ရင် ဥရောပကိစ္စသက်သက် မဟုတ်ဘူး။ ဒေသတစ်ခုတည်းရဲ့ ကိစ္စမဟုတ်ဘူး။ အဲဒီကိစ္စဟာ သူတို့ရဲ့ နယ်နိမိတ်တွေကို ဘယ်သူမဆို လျစ်လျူရှုနိုင်တယ်၊ လုပ်ကြံဖန်တီးတဲ့ အကြောင်းပြချက်နဲ့ ကျူးကျော်တိုက်ခိုက်နိုင် တယ်ဆိုတာ အင်ဒို-ပစိဖိတ်က နိုင်ငံငယ်တွေကို အချက်ပေးလိုက်တာဖြစ်တယ်” လို့ လစ်သူယေးနီးယား ကာကွယ်ရေးဝန်ကြီးက ဆိုတယ်။

ဒီတော့ ယူကရိန်း-ရုရှား စစ်ရေးပဋိပက္ခ ပြဿနာဟာ ကမ္ဘာတစ်ဝန်းလုံးနဲ့ ချိတ်ဆက်ယှက်နွှယ် ပတ်သက်နေတာ မြင်သာပါတယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်ပြဿနာ၊ ထိုင်ဝမ်ပြဿနာတွေနဲ့ တစ်ဆက်တစ်စပ်တည်း ဖြစ်နေတာ မြင်ရတယ်။ မကြာသေးခင် ကပဲ ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့က သူတို့ရဲ့ စစ်ရေးတိုးချဲ့တည်ဆောက်မှုတွေကို ထုတ်ဖော် ပြသတာတွေ လုပ်လာတယ်။ အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကလည်း စစ်လက်နက်တွေ တိုးချဲ့ထုတ်လုပ် နေတဲ့ သတင်းတွေ ကြားလာ ရတယ်။ တရုတ်က လေယာဉ်တင်သင်္ဘောကြီးတွေ ရေချခဲ့တဲ့အကြောင်း၊ အမေရိကန်ကလည်း အဏုမြူ ရေငုတ်သင်္ဘောတွေ ကမ္ဘာ့ရေပြင် အနှံ့ဖြန့်ချထားကြောင်း၊ တောင်ကိုးရီးယားကို အမေရိကန်က အဏုမြူ ရေငုတ်သင်္ဘောတစ်စင်း ဝယ်ယူခွင့် ပြုလိုက်ကြောင်း၊ သြစတြေးလျကိုလည်း အနုမြူရေငုတ်သင်းဘောတွေ ဝယ်ယူခွင့် ပေးကြောင်းအပါအဝင် ဂျပန်နဲ့ ထိုင်ဝမ်နိုင်ငံတွေ ကလည်း စစ်အင်အားတိုးချဲ့ရေး လုပ်ဆောင်လာကြပုံတွေ သတင်းမီဒီယာ မျက်နှာစာမှာ နေ့စဉ်မပြတ် ဖော်ပြလာ တာကြားသိနေရတယ်။
ဒါကြောင့် ယူကရိန်း-ရုရှား စစ်ရေးပဋိပက္ခ ပြဿနာဟာ ကမ္ဘာ တပတ်ချာလည်နဲ့ ထိစပ်ပတ်သက်နေတာ မြင်နေရ တဲ့အတွက် တတိယကမ္ဘာစစ်ဆီ ဦးတည်နေပြီလားလို့ တွေးစရာ ထင်စရာတွေဖြစ်လာတယ်။ အဏုမြူလက်နက် သုံးတော့ မယောင် ခြိမ်းခြောက်မှုအသံတွေ ကြားလာနေရတယ်။ ယူကရိန်း-ရုရှား စစ်ရေးပဋိပက္ခကို ဗဟိုပြုကြည့်လိုက်ရင်လည်း အမေရိကန်-ဥရောပတို့ရဲ့ နေတိုးအုပ်စုက ယူကရိန်းဘက်က ရပ်တည်ပြီး စစ်ကူနေကြတယ်။ တရုတ်-ဘဲလားရပ်စ်-မြေက်ကိုရီးယားတို့က ရုရှားဘက်က စစ်ကူနေကြတယ်။
ဒီလိုနဲ့ တဖြည်းဖြည်း နေမြင့်လေ အရူးရင့်လေ ဖြစ်လာရင် …. တတိယကမ္ဘာစစ်များ ဖြစ်လာလေမလားလို့ ထင်စရာ မြင်စရာ အကြောင်းတရားတွေ ဖန်တီး ပေါ်ပေါက်လာနေတာ မြင်နေရကြောင်းပါ။
ကိုးကား။
- Zelenskyy warns Russia could also attack EU countries as war rages on in Ukraine, Ukrainian World Congress. November 10,2025
- ရုရှား-ယူကရိန်း စစ်ပွဲ (၂၀၂၂-လက်ရှိ) ဝီကီပီးဒီးယား မှ
- Macron to China: Keep North Korea out of Ukraine war or risk NATO coming to Asia, May 30, 2025 4:41 pm CET By Laura Kayali, POLITICO.


