The Corner

The Corner

cropped-Logo_round_grey-background.png

မှော်ရမ်းပွင့်ချိန်

Share မယ်

ရုံးအားရက် တနင်္ဂနွေနေ့တစ်နေ့တွင် စာရေးရန် စိတ်ကူးစိတ်သန်း ထုတ်နေစဉ် အမေက စာအုပ်တစ်အုပ် လာပေးသည်။ အဖေ့စာအုပ်စင် ရှင်းလင်းရာမှ တွေ့လာပုံရသည်။ အဖေသာ သက်ရှိထင်ရှားရှိသေးလျှင် အသက်တစ်ရာ‌ကျော်ရော့မည်။ စာအုပ်မှာ သားရေဖုံး မှတ်တမ်းစာအုပ် ဖြစ်သည်။ ဟောင်းနွမ်းလှပြီ။ အပြင်က သားရေဖုံးအကောင်းစားဖြစ်၍သာ စာအုပ်အဖြစ် တည်တံ့ နေသည်။ စာအုပ်ကို လှန်လှောကြည့်သောအခါ အတွင်း စာရွက်များမှာ အထိပင် ကောင်းကောင်း မခံချင်။ ဆွေးမြည့်နေပြီ။ အချို့နေရာများတွင် ပိုးဖောက်ရာတွေ ပြည့်နေ၏။

အဖေ့လက်ရေးလက်သားမှာ ရှင်းလင်းပီသ၍ ဝိုင်းစက်လှပသည်။ သို့ရာတွင် မင်အရောင်မှာ မှေးမှိန် ဖျော့တော့နေပြီ။ အတော်ပင် အားယူ၍ ဖတ်ရ၏။ ပိုးဖောက်ရာများသော စာမျက်နှာများမှာ လုံးစေ့ပတ်စေ့ ဖတ်မရ တော့။ ရှေ့နောက်ဆက်စပ်၍သာ ဖတ်ရ၏။ ဖတ်ရင်းဖတ်ရင်းမှာပင် မဂ္ဂဇင်း အချို့၌ ဝတ္ထုတိုလေးများ ရေးသားလေ့ရှိသော ကျွန်တော့်အဖို့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေး တစ်ပုဒ် ရရှိလိုက်သည်။

ရိုးသားစွာ ဝန်ခံရပါမူ ယခုရေးသားမည့် ဝတ္ထုမှာ ကျွန်တော်၏ ပင်ကိုစွမ်းရည်ဖြင့် ရေးသား ထားခြင်း မဟုတ်ပါ။ ကျွန်တော် ရေးနေကျ အရေးအသားမျိုး လိုင်းမျိုးလည်း မဟုတ်သဖြင့် “ခြိမ့်သဲ” ရေးတာမှ ဟုတ်ပါလေစဟု သံသယဝင်နိုင်ပါသည်။ ဝင်လည်း ဝင်သင့်ပါသည်။ လွန်ခဲ့သော နှစ်သုံးဆယ်ကျော်က ကွယ်လွန်သွားပြီဖြစ်သည့် ဖခင်ကြီး၏ ကိုယ်ရေးမှတ်တမ်းကို အနည်းငယ် ပြုပြင်မွမ်းမံ၍ ဖော်ပြလိုက်ရခြင်း ဖြစ်ကြောင်း ရိုးသားစွာ ဝန်ခံပါသည်။ ပြုပြင်မွမ်းမံသည်ဆိုရာ၌ ရှေးဆန်၍ လေးလံ ရှည်လျားသော ဝါကျတည်ဆောက်ပုံများကို ပေါ့ပါးသွက်လက် အောင် ဖြတ်တောက်ပေးခြင်း၊ ဝတ္ထုပုံစံ အိုင်ကျင်းဖွဲ့ပေးခြင်း၊ ခေတ်ကာလ အသုံးအနှုန်းများ ပြင်ဆင်ဖြည့်စွက်ပေးခြင်းတို့ ဖြစ်သော်လည်း မူရင်း အာဘော်ကို မထိခိုက်အောင် များစွာ သတိထားခဲ့ပါသည်။

ဖခင်ကြီး ရေးသားပြုစုခဲ့သော မှတ်တမ်းမှာ မယုံချင်သူတို့အတွက် ပုံပြင်တစ်ပုဒ်သာလျှင် ဖြစ်ပါမည်။ ဘာကြောင့်ရယ်မသိ။ ကျွန်တော်ကတော့ ယုံချင်နေမိပါသည်။

(၁)

ဘာပွဲပါလိမ့်..။

အိုးစည်ဗုံမောင်းသံကြားရုံနှင့်ပင် သည်ပွဲ တော်တော်စည်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ ကျွန်ုပ်အဖို့ လူပျိုပီပီ ကြည်စရာ ဖြူနီညိုပြာလေးတွေ မြင်ရမည်မို့ ကြည်နူးဝမ်းသာသွားသည်။ ပွဲတဲ့လမ်းတဲ့ဆို သည်အလှပန်း လေးတွေက ပွင့်လန်းနေကျ။ လှလိုက်ပုံ ယဉ်လိုက်ပုံတွေ ရင်ခုန် လှိုက်မောစွာ ကြည့်ရှုဦးမည်။ ပြုံးတော့မည် ပြင်ကာမှ ကျွန်ုပ်၏စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ စောစောက မဆင်မခြင် ကြည်နူးဝမ်းသာမိသည်ကိုပင် အပြစ်တင်ချင်သလို ဖြစ်သွားသည်။

ကျွန်ုပ်ရောက်နေသည့်နေရာက  ခမိတ်ရွာနှင့် အတန်ငယ်လှမ်းသည့် တောအုပ်အလယ်တွင် ဖြစ်သည်။ သည်တောကလည်း နတ်ကြီးသည်ဟု သတင်းကြီးသည့် တော။ ပျားမသတ်ရ၊ ကြောင်မြီး မဆွဲရ၊ သစ်ကိုင်းခုန် မဆွဲရ၊ ပုစွန်ဆိတ်မီးမဖုတ်ရ၊ သစ်ခက်ကို အဖျားမှ ကိုင်မဆွဲရစသည့် ပညတ်ချက် များနှင့် သတင်းကြီးသည့်တော။ ပညတ်ချက် တစ်စုံတစ်ရာ ပြစ်မှားကျူးလွန်မိသော် နတ်ကျားက ဆုံးမလိမ့်မည်တဲ့။ နတ်ကျားနှင့် တွေ့မှတော့ အယူခံဝင်၍ ရစရာ အကြောင်းမမြင်။

သည်ခရီးတွင် ကျွန်ုပ်မှာ အဖော်လည်းမပါ၊ လက်နက်တစ်စုံတစ်ရာ လည်း မရှိ၊ မကြောက်ဘူး ဆိုသော်လည်း ကြက်သီးစိမ့်စိမ့်ထချင်သည်။ အိုးစည်ဗုံမောင်းအသံတို့က နီး၍နီး၍ လာချေပြီ။ ဘယ့်နှာပါလိမ့်။ သည်တော ခေါင်ခေါင်မှာ ဘာပွဲတော်များ ကျင်းပမည်မသိ။ တောချောက်တာတော့ ဟုတ်မည်မထင်။ အိုးစည်ဗုံမောင်းအသံတို့က ပီလွန်း မြည်လွန်းသည်။

 တောပဲချောက်ချောက် မကြောက်သာပြီ။ ရောက်ရာအရပ်မှာ ပေါက်သည့်နဖူး မထူးတော့ပြီ။ ရင်ဆိုင် တွေ့ရုံ ရှိတော့သည်။

(၂)

လာကြပါပြီ။ ရွာရှိလူကုန်ပဲ ထင်သည်။ စည်လိုက်သည်မှာ ခြိမ့်ခြိမ့် သဲ။ ဝတ်ထားသည်ကိုလည်း ကြည့်ဦး၊ အယဉ်ဆုံး အဆင်အသွေးနှင့် ယဉ်ကျေးပါဘိ။ မြင်မြင်သမျှ အကုန်လှနေသည်။ ကျွန်ုပ် အလွမ်းသင့်သည့် ကြည့်မျက်ဝန်းက ယဉ်ယဉ်လေး ချောနေသော တောသူမလေးများဆီ။ တစ်ခုတော့ ဘဝင်မကျလှ။

လိုက်မည့်အဆင်၊ လှမည့်အဆင်အသွေးဖြင့် ယဉ်ကျေးမူရာ ကြွယ် သော်လည်း ဆံမြညှာမှာ ပန်သလာသော ပန်းကိုမူ ကျွန်ုပ် ဘဝင်မကျ။ တစ်ဦးစ နှစ်ဦးစဆိုလျှင်တော့ အကြောင်းမဟုတ်။ ခုတော့ မြင်မြင်သမျှ လှပျိုဖြူလေးများ၏ ကေသာမင်ပိတုံးတွင် ထုံးဖွဲ့ဆင်ယင်ထားသည်က တစ်မျိုးတည်းသော ပန်း၊ ခေါင်းတွင် ပန်၍သာ ပန်းဟုဆိုလိုက်ရသည်။ စင်စစ်ပန်းမဟုတ်၊ စလူရွက် အညွန့်အတွန့်လေး များကို အနီးစပ်ဆုံးပန်းနှင့် တူအောင် စီမံဖန်တီးထားသော ပန်းမဟုတ်သည့်ပန်း။ တညီတည်း ပန်လာ ကြသည်။ ပန်းပန်ပါလျက် နန်းမဆန်လေခြင်း။

“ဒီမှာ ညီမ.. စလူရွက်ကို ပန်းလိုပန်လာကြရအောင်က ဒီအရပ်မှာ ပန်း ရှားလို့လား”

 ကျွန်ုပ်အပြောက သဘောမကောင်းလျှင် ဒေါဖောင်းချင်စရာ။ ကံအားလျော်စွာ သဘောကောင်းဟန် တူသော အပျိုမတစ်ဦးကို ပြောမိလျက်သား ဖြစ်နေသည်။ တီးကြမှုတ်ကြသူတွေကလည်း မနားတမ်း တီးမှုတ် သီဆိုကြ တုန်း။ စည်းချက်ဝါးချက်နှင့်အညီ ကခုန်ပျော်မြူးသူတွေကလည်း မောမှ မမောကြ ပလေ။ ရင်နှစ်ခြမ်း ဖြန်းဖြန်းကွဲအောင် အသုံးတော်ခံကြဖို့များ စိတ်ကူးကြ ရော့သလားမသိ။ ဘာလိုလိုနှင့် တရွေ့ရွေ့ချီတက်နေသော လူတန်းကြီးထဲ ကျွန်ုပ်လည်း ရောယောင်နောက်လိုက် ဝင်ပါလာသည်။

“မောင်ကြီးက ဒီအရပ်သား မဟုတ်ဘူးထင်တယ်”

“ဒီရွာနဲ့ ဆယ့်နှစ်မိုင်လောက်သာဝေးတဲ့ တမူးမြို့သားစစ်စစ်ပါ”

“ဪ တမူးကကိုး၊ ကျွန်မတို့ပန်ထားတဲ့ပန်းက မလှလို့လား”

“လှတော့ လှပါတယ်ဗျာ၊ ဒါပေမဲ့”

ဆက်ပြောရန် မသင့်၍ တစ်ပိုင်းတစ်စဖြင့် ရပ်ထားရသည်။ စိတ်ရင်းအတိုင်း ဘွင်းဘွင်းပြောရလျှင် နားဝင်မချောပဲ ရှိလိမ့်မည်။

“ဒီပန်းကို နတ်ပန်းလို့ ခေါ်တယ်၊ ပျားနတ်ကို ပူဇော်ပသတဲ့ပွဲမှာ ဒီပန်းကို မပန်မနေရ ပန်ကြရတယ် ရှင့်”

“ပျားနတ်ပူဇော်ပသတဲ့ပွဲတဲ့လား၊ ဘယ်လိုပွဲမျိုးပါလိမ့်”

“ဒီပွဲအကြောင်း မကြာခင် မောင်ကြီးသိမှာပါ”

အပျိုမက စကားကြောရှည်သည်ကို ကြိုက်ပုံမပေါ်။ ကျွန်ုပ်ကလည်း မမေးမမြန်း မစုံစမ်းဘဲ လိုက်ပါလာသည်။ အတန်ငယ်လှမ်းလာကြပြီးနောက် တစ်နေရာအရောက်တွင် လူအုပ်ကြီး ရပ်တန့် သွားသည်။ ကျွန်ုပ်လည်း စူး စမ်းချင်စိတ်ဖြင့် လူအုပ်ကြားထဲမှ ရှေ့နားအရောက် တိုးဝင်ကြည့်လိုက် သည်။

လယ်ပြင်ကွင်းစပ် သည်တောရိပ်ကြောင့် အေးမြခြင်း၊ ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုနေသည်။ ကွင်းပြင် တစ်ကြောတွင် စင်တန်း ကြီးများကို တွေ့ရသည်။

“ဒီစင်တန်းတွေကို ပြီးပြီးရောသဘောမျိုးနဲ့ ဆောက်လုပ်ထားတာ မဟုတ်ဘူးရှင့်၊ ဒေါက်ခွကို ခိုင်ခိုင်မာမာ စိုက်ပြီး ထောက်ကြံ့၊ နဘဲ၊ ကြောင် ရှာသားတစ်ခုခုကို မျောတန်းတင်ထားရတာ၊ မျောတန်းအတွက် သစ်ခုတ်တဲ့ အခါ မြေကို မကျစေရဘူး၊ အဖျားမှာ ကွဲတာအက်တာ အပွေးကျတာမျိုးလဲ မဖြစ်စေရဘူး”

အပျိုမလေးက ကျွန်ုပ်ဘေးနားမှ ရှင်းပြနေသည်။ အနီးကပ်မြင်တွေ့ နေရ၍လား မသိ။ ကျွန်ုပ်၏ရင်သည် မလှုပ်ရှားစဖူး လှုပ်ရှား၍ မခုန်စဖူး ခုန်နေသည်။ ပြုံးရိပ်ကလေးများ ယှက်နွှယ်၍၊ မျက်တောင်ကလေးများ ပုတ်ခတ်၍ ရှက်ရွံ့ဟန်လေးများ မသိမသာ ရောယှက်၍ ပြောနေပုံမှာ ကျွန်ုပ်မြင်တွေ့ဖူးသော အခြားမိန်းမပျို များ၏ အမူအရာမျိုး မဟုတ်ဟု ထင်မြင်မိသည်။ မပြုံးဘဲနှင့်ပင် ယဉ်စစမို့ ပြုံးလိုက်လျှင် ဘယ်လောက်များ လှလာမည်နည်းဟု ကျွန်ုပ်စိတ်ထဲတွင် အဖြေထုတ်နေမိသည်။

“မျောတန်းတွေက များလှချည်လား”

“ကျွန်မတို့ရွာက အိမ်တိုင်းစေ့ လာလုပ်ရတာ”

“ပျားတွေက မျောတန်းတိုင်းကို လာစွဲပါ့မလား”

“ပျားနတ်တင်တိုင်း စွဲနေကျပါ”

ထိုစဉ် ကန်တော့ပွဲမျိုးစုံဖြင့် တင်ကြပသကြသည်။ ခြင်းကြားကြီး များကို နတ်မကိုဋ်သဏ္ဌာန် ဆင်ယင်၍ ပုဝါရှည်ဖြင့် အုပ်ပေါင်းပေါင်းထား သော လူတချို့ ထွက်လာသည်။ အခြားလူနှစ်ယောက်က ယပ်တောင်ကြီး နှစ်ချောင်းကို မြေနှင့်လျှပ်၍ ခတ်ရင်း လိုက်ပါလာသည်။ အခြားလူတစ်စုကလည်း ပျဉ်ချပ် ဖုံးအုပ်ထားသော မြေကျင်းကြီး နှစ်ကျင်းကို ဗုံလုပ်ကာ တဒုန်းဒုန်းမြည်အောင် တီးခတ်နေသည်။ ဗုံတီးသူက တီးခတ်နေစဉ် လိပ်ခွံကြီးတစ်ခုကို ငါးရံ့ခေါင်းဖြင့် မောင်းလိုတီးနေသည်။

“ဒီခွတိုင်ပေါ် တင်ထားတဲ့ မျောတန်းကို ပျားစွဲတံလို့ ခေါ်တယ်၊ မိုးဦးကျ ကဆုန်၊ နယုန်လတွေမှာ အခုလို ပျားနတ်ခေါ်ပြီး တန်ဆောင်မုန်း၊ နတ်တော်လတွေရောက်မှ ပျားဖွပ်ရတယ်”

“ပျားတွေက တကယ်လာစွဲတယ်နော်”

“လာစွဲတာပေါ့၊ တချို့စင်တွေဆို နှစ်အုံ သုံးအုံထိတောင် ပျားလာစွဲတာ “

အပျိုမလေးပြောသမျှ သဘောကျအောင် ကျိတ်မှိတ်ယုံလိုက်ရသည်။ ကျွန်ုပ်အဖို့ သိပ်မယုံချင်။ သဘာဝနှင့် ဆန့်ကျင်သော လုပ်ထုံးဓလေ့ကို လည်း ကျွန်ုပ် သိပ်စိတ်မဝင်စား။ မဟုတ်သော်ရှိ ဟုတ်သော်ရှိ အပျိုမလေး နှင့် စကားတွတ်ထိုးနေရလျှင် ဘယ်မျှပင် မယုံကြည်နိုင်စေကာမူ အလွယ်တကူ ခေါင်းညိတ်တတ်သည့် ပုတ်သင်ညို ဖြစ်ခဲ့ပါသည်။

တွေ့သမျှ မြင်သမျှ စုံတကာစေ့အောင်တော့ မေးမြန်း၍မဖြစ်။ သည် အပျိုမလေးလည်း သိနိုင်မည် မဟုတ်။ မေးလျှင်လည်း ပျားနတ် ပူဇော် သည့်ပွဲတွင် သည်လိုပဲ ထုံးစံအရ လုပ်ကြရသည်ဟုသာ ယေဘုယျဆန်သည့် အဖြေမျိုး ပေးမှာသေချာသည်။ နတ်ပွဲတို့၏ ထုံးစံပင်။ အစဉ်အလာအရ လုပ်ရိုးလုပ်စဉ်ရှိသည်ဆို၍သာ လုပ်ကြရသော်လည်း ရေရေရာရာ သိကြသူ အလွန်နည်းသည်။

“မောင်ကြီး နားထောင်ပေတော့၊ ပျားနတ်ကို ပူဇော်တော့မယ်”

ဖူးငုံစအပြုံးနုဖြင့် သတိပေးသည်။ ကျွန်ုပ်လည်း နားကို ပို၍ စွင့်မိသည်။ သူပြော၍ ရောယောင် ခေါင်းညိတ်လုပ်ကာ အားနာပါးနာဖြင့် နားစွင့် ခြင်းတော့မဟုတ်။ တကယ်နားထောင်ချင်၍ မကြားလိုက် ရမှာစိုး၍ နားစွင့်မိခြင်း ဖြစ်ပါသည်။ ထိုခဏ၌ အပျိုမကို မေ့လျော့သလို ဖြစ်နေမိသည်။

“ဟွိုင်-ဖြီရေး-ဖြီရေး၊ ဟာ ပြေးခွမား၊ ဟုတ်ပြေး ထုံမဖြီရေး၊ နီလာလုတ်၊ နီလာလိတ်၊ နီလာလိတ်၊ ခမိတ်၊ ပိန်မိတ်ဆောက် ဖြီရေး၊ ဟွဆာ မတ်ဆာဝါ ဖြီရေး၊ နန်းအရောင်း တေမုတ်ရ ဖြီရေး၊ ဟွဆာ မတ်ဆာဝါဖြီရေး၊ ပွတ်သာ မဆလာ ဖြီရေး၊ ဟွဆာ မတ်ဆာဝါ ဖြီရေး၊ ဝိတုပ်ဆန်တလုပ် ဖြီရေး၊ ဟွဆာ မတ်ဆာဝါ ဖြီရေး၊ ထင်းဇင်ဂေါင်ဂဝေ ဖြီရေး၊ ဟွဆာ မတ်ဆာဝါ ဖြီရေး”

နတ်ရွတ်လင်္ကာသည် နားထောင်လို့တော့ ကောင်းသည်။ ကျွန်ုပ်၏ ဖခင်ဆိုလျှင်တော့ အကုန်အစင် နားလည် သဘောပေါက်ပေ လိမ့်မည်။ ကျွန်ုပ် မှာမူ ခန္တီးရှမ်းအနွယ် ဖြစ်သော်လည်း ဖခင်ကဲ့သို့ ရှမ်းစကားကို နားမလည်ပါ။ ဗမာစကား တစ်မျိုးတည်းသာ တတ်ကျွမ်းသည်။ နတ်ရွတ်လင်္ကာထဲမှ ခမိတ်၊ နန်းအရောင်း၊ ပွတ်သာ၊ ဝိတုပ်၊ ထင်းဇင် စသည့် တမူးမြို့နယ်ထဲက ရွာအမည်များ ကိုသာ သိ၍ လုံးစေ့ပတ်စေ့ နားမလည်နိုင်ပါ။ ရှမ်းဘာသာဖြင့် ဖွဲ့ဆိုထားသော ဂါထာကို နားစွဲအောင် နားစွင့်ရုံမှ တစ်ပါး အခြား မရှိနိုင်။

“မောင်ကြီး နားကောလည်ရဲ့လား”

လွယ်လင့်တကူ ခေါင်းညိတ်နေကျအတိုင်း ညိတ်မည်ပြင်ရာမှ ကမန်း ကတန်း အရေးပေါ် ခေါင်းယမ်းခါ ပြသည်။

“မောင်ကြီးနားလည်အောင် အစကနေ ပြန်ပြောရရင် နည်းနည်းတော့ ရှည်မယ်၊ ရာဇဝင်နဲ့ချီ ပြောရမှာကိုး”

စူဠလိပ်ကိုမှ ရေထဲ ချချင်သည်။ သည်အပျိုမသာ အနားမှာ ထိုင်ပြော နေလျှင် တစ်ရက်တည်းမဟုတ်၊ တစ်သက်လုံး နားညည်း နိုင်မည် မထင်ပါ။ ကြည်နူးသာယာစွာ နားဆင်နိုင်ပါသည်။

(၃)

မြန်မာသက္ကရာဇ် (၉ဝ၂)ခုလောက်က တမူးမြို့နယ် အလှော်ကျေးရွာ အနီးတွင် ဝေလုံရွာဟု ခေါ်သော ရွာကလေးတစ်ရွာ ရှိခဲ့သည်။ ဝေလုံရွာ သူကြီးတွင် သမီးငါးယောက် ရှိသည်။ သမီးအကြီးဆုံး ၏နာမည်မှာ ပိန်မိတ်ဆောက်၊ ဒုတိယသမီး တေမုတ်ရ၊ တတိယသမီး မဆာလာ၊ စတုတ္ထသမီး ဆန်တလုပ်နှင့် အထွေးဆုံးသမီး ဂေါင်ကဝေ ဖြစ်သည်။

ဝေလုံရွာသူကြီးသည် သူ့သမီးများကို တော်ရုံတန်ရုံ ပုဂ္ဂိုလ်တို့နှင့် သဘောမတူ၊ ဂုဏ်သရေရှိသူ နှင့်သာ ထိမ်းမြားပေးရန် သဘောတူလေ့ ရှိသည်။ ဖခင်၏စကားကို တစ်သဝေမတိမ်း နားမှာပန်ဆင် ရင်မှာသိမ်းဆည်း ကြသော သမီးအလိမ္မာများ ဖြစ်ကြ၍ သမီးအကြီးဆုံးမှာ ခမိတ်ရွာသူကြီး သားနှင့် ထိမ်းမြားလက်ထပ်ခဲ့ရသည်။ ဒုတိယသမီးသည် နန်းအရောင်း ရွာသူကြီးနှင့် စုလျားရစ်ပတ်ခဲ့ရသလို တတိယနှင့် စတုတ္ထသမီးများမှာ ပွတ်သာရွာနှင့် ဝိတုပ်ရွာသူကြီးသားများနှင့် အိမ်ရာထူထောင်ခဲ့ရသည်။

ကြီးစဉ် ငယ်လိုက် နဖူးစာရွာလည်၍ နောက်ဆုံးတွင် အနှောင်းဆုံး မွေးသည့် အထွေးဆုံးသမီး ဂေါင်ကဝေ အလှည့်ကျ ရောက်ရန်သာ ရှိတော့သည်။

သူကြီးတစ်ပိုင်ကို ကျော်၍ အလှသတင်း ကျယ်ပြန့်ခဲ့ခြင်းကို အစက တော့ ဂေါင်ဂဝေ ဂုဏ်ယူဝင့်ကြွားခဲ့ဖူးသည်။ အပျိုပေါက် ဘဝမှာပင် ဝိုင်းဝိုင်းလည်မျှ ချစ်တေးဖွဲ့သီကြ၍ ရှက်ရှက်နှင့် ကြည်နူးသာယာခဲ့ဖူးသည်။ ပြန် လည်၍ မရနိုင်တော့သော ရွှေရင်သိမ်းသစ် ချစ်စဖွယ် ဆယ်ကျော်သက်၏ ဖူးငုံစကာလလေးများ။

သူ့အလှက ဘဝအကျိုးပေး မကောင်းစေခဲ့ပါ။ အရုဏ်ရောင်ပြေးသည် အမှောင်ထုကို ထိုးဖောက်စပြုပြီ။ မကြာမီ နေခြည်ပျို့၍ နေမင်းထွက်ပြူ လာတော့မည်။ တောလမ်းတလျှောက် တဖျပ်ဖျပ်ခြေသံက မှန်မှန်ကြီး ပေါ်ထွက်နေသည်။ ကိုယ့်ခြေသံနှင့် ကိုယ် လိပ်ပြာငယ်ရပေါင်း များလှပြီ။ နောက်ကလိုက်လာပြီ အထင်ဖြင့် လှည့်၍ လှည့်၍ ကြည့်ရသည်မှာလည်း အမော။ သောကကြောင့် မောရမှန်းပင် မသိ။ သန်းခေါင်ယံမှာ အစပြုခဲ့သော ခြေလှမ်းက နွမ်းလှပြီ၊ ပန်းလှပြီ။

ဆင်စီး၍ မြင်းရံစေလိုသော ဖခင်ဖြစ်သူ၏ တလွဲဆံပင်ကောင်း ဆန္ဒ ကိုပင် အပြစ်တင်ရမည်လား။ ဖူးငုံရွရွမှ အစပြု၍ အလှသတင်း ကျော်စော ခြင်းဖြင့် ဝန်းကျင်အနှံ့ သင်းပျံ့ခဲ့သည့် အဖြစ်ကိုပင် အပြစ်တင်ရမည်လား။

တိုင်ပင်ဖော် တိုင်ပင်ဖက်ဆို၍ အစ်မလေးယောက်ကလည်း လင့် တစ်မျက်နှာ တစ်ရွာထင်နေကြ ပြီမို့ တိုးတိုးဖော်မျှမရ။ ဖခင်၏ တစ်မိန့် တစ်ဩဇာနှင့်ပင် ချစ်ကံဆိုး၍ ချစ်ကျိုးနည်းခဲ့ရပါသည်။

သမီးလေး ဂေါင်ဂဝေသည် အဆင်ခြင်ဉာဏ်နည်းသူ မဟုတ်။ မလွန်မီကပင် ဖခင်အား အသနား ကြိုတင်ခံခဲ့သည်။ ဖခင်က နားမဝင်။ ဒီလုလင်သည် လူတို့မစွမ်းနိုင်သော လုပ်ငန်းကိုပင် လွယ်လင့်တကူ လုပ်နိုင်၏။ ဖခင်သည် ဒီစွမ်းရည်ကို လွန်စွာ နှစ်ခြိုက်၏။ သူရဲကောင်းကဲ့သို့ မြှောက်စား၏။ ချစ်သမီးလေးအတွက် နှစ်ပါးဂဟေဆက်ရန် သဘောတူမျှခဲ့လေ သည်။

“သူဟာ လူမဟုတ်ဘူး”ဟု သံသယဖြင့် အယူခံဝင်သော်လည်း ဖခင်သည် ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ဖြင့် ခေါင်းခါသည်။

မတတ်နိုင်ပါ။ မချစ်သော်လည်း အောင့်ကာနမ်းရတော့မည်။ မနမ်းသော်လည်း ပင့်သက်ရှူရတော့ မည်။ သို့ရာတွင် မကြည်ဖြူရိုးတော့ အမှန်။

သူ့ရွာရောက်မှ သူ့ဇာတိသည် မဖုံးနိုင် မဖိနိုင် ရုပ်လုံးပေါ်တော့၏။ လုလင်ပျိုယောင်ဆောင်သော ထင်းဇင်ရွာနေ တောင်စောင့်နတ် ဖြစ်နေသည်။ ဂေါင်ဂဝေ၏ အလှသတင်းကြောင့် လုလင်ပျိုယောင် ဆောင်ကာ ဝေလုံရွာသူကြီးထံတွင် ထားရာနေ စေရာသွား၍ အခစားဝင်ခဲ့သည်။ သမီးရှင် နှစ်ခြိုက် အောင် အစွမ်းကုန် ပြုမူနေထိုင်သည်။ လူမဟုတ်သဖြင့် လူထက်ထူးခြားသည်။ လူ့စွမ်းအားထက် ပိုမိုသည်။

သာမန် အကျည်းတန်သူ၊ အရုပ်ဆိုးသူကို မချစ်သော်လည်း နှစ်သက် ကြည်ဖြူယောင် ပြနိုင်ပါ သည်။ ခုတော့ နားရွက်ကြီး နှစ်ဖက်မှာ အလွန်ကြီးမားလှ၍ တစ်ဖက်ကိုခင်းကာ တစ်ဖက်ကိုခြုံ၍ အိပ်နိုင်သည်။ ဂေါင်ဂဝေ ဆောက်တည်ရာမရ လွန်မင်းစွာ ကြောက်လန့်သွားသည်။

ယခု ပြေးသာပြေးရသည်။ ပြေးတာပဲ အဖတ်တင်မည်ကိုလည်း သိသည်။ တစ်ကြိမ်လည်းမက၊ နှစ်ကြိမ်လည်းမက၊ ယခုအကြိမ်ဆို သုံးကြိမ်မြောက်၍ သုံးခေါက်ပြည့်ခဲ့ပြီ။

ယခင်အကြိမ်တုန်းကလည်း လင်ယောက်ျားနှင့် စိတ်မကြည်၍ ထင်ရာမြင်ရာပြောသည်ဟု ယူဆကာ ဖခင်သည် မချစ်မနှစ်သက်သူထံ ပြန်ပို့လေ့ရှိသည်။ မည်သို့ပင်ပြောသော်လည်း အမောသာ အဖတ်တင် သည်။ ဂေါင်ဂဝေ၏ မျက်ရည်စက်သည် ဖခင်အတွက် မထိရောက်ခဲ့ပေ။ ပြေးပင်ပြေးရသော် လည်း ပြေးအားကမရှိပါ။ လူသွားလူလာ များသည့် လမ်းကိုရှောင်၍ ညဉ့်အမှောင်မှာ လရောင်ကို အဖော်ပြုခဲ့သည်။ တောကြီးမျက်မဲထဲ တဝဲဝဲလည်နေသည်လားတော့ မသိ။ ခရီးမည်မျှပေါက်ခဲ့သည် ကိုလည်း မမှန်းဆနိုင်။

ရွှေလိုဦး၍ ဖူးဖူးမှုတ်ခံရသည့် ဘဝပေးကံ အကြောင်းကြောင့် ခရီး ကြမ်းကိုလည်း မလှမ်းစဖူး။ ခရီးဝေးကိုလည်း မပြေးစဖူး။ ယခုမူ ခရီးကြမ်း ကိုလည်း လှမ်းခဲ့ရပြီ။ ခရီးဝေးကိုလည်း ပြေးခဲ့ရပြီ။ သောကကြောင့် မောရ မှန်း မသိသော်လည်း ဖဝါးခြေတော်က ပန်းလှပြီ။ နွမ်းလှပြီ။ နားမှ တော် မည်။ ရှေ့တစ်ခေါ် မျှော်ကြည့် လိုက်သည်။ ရှေ့မှာ တဲတစ်တဲ။ ယာခင်း စောင့်တဲပဲ ဖြစ်မည်ထင်သည်။ တဲပေါ်တက်၍ အမောအပန်းဖြေသည်။ အမောပြေစမှာပင် အတွေး တစ်ချက် ဝင်လာသည်။ ထင်းဇင် တောင်စောင့်နတ်သည် လူမဟုတ်။ သူ့ တစ်ပိုင်နယ်နိမိတ်ကျော်သည်နှင့် သူ့သြဇာတို့သည် မသက်ရောက်ပြီလော။ သူ့ဩဇာအာဏာသည် မိုင်နှစ်ဆယ်ကျော်ဝေးသော ဝေလုံရွာသို့ပင် ထက်မြက်စူးရှသေးသည်ဆိုလျှင် သည်ခရီး အကွာအဝေး လောက်တော့ အပန်းကြီးမည်မဟုတ်။

သူခြေကုန်သုတ်ခဲ့သော ခရီးသည်တောင်စောင့်နတ်အတွက်မူ လက် တစ်ကမ်းစာမျှ အကွာအဝေးသာ ရှိရော့မည်။ အလှမ်းကြီး လှမ်းခဲ့ပြီးမှ အပန်းကြီးပန်းခဲ့ပြီးမှ အနွမ်းကြီးနွမ်းခဲ့ပြီးမှ အမိခံရချေတော့မည်။

အားကိုးရာမဲ့ ငိုကြွေးလိုက်သည်။ ဖေးမသူမရှိ။ ကူညီမည့်သူမရှိ။ ကယ်တင်မည့်သူမရှိ။ ရှိုက်၍ရှိုက်ကာ ငိုကြွေးရုံမှအပ ဘာများ တတ်နိုင်ဦး မည်နည်း။

မချစ်မနှစ်သက်သောသူထံမှ ဝေးရာသို့ ပြေးလာနိုင်ပြီဆိုဦး၊ ဖခင်ကြီး ကတော့ ကြည်ကြည်သာသာ ခရီးဦးကြိုပြုပါမည်လား။ တစ်ကြိမ်မက နှစ်ကြိမ်မျှပင် သူ့ကို တောင်စောင့်နတ်ထံ ပြန်၍ပြန်၍ ပို့ဖူးသည်။ လင်ကို ပစ်၍ မဆင်မခြင် ပြေးလာသူကို မိန်းမကောင်းဟု မည်သူက ထင်မြင်မည် နည်း။ မိဘမျက်နှာ အိုးမဲသုတ်သူ၊ မယားဝတ္တရား ပျက်ကွက်သူဟု ကဲ့ရဲ့သင်္ဂြိုဟ် စကားတင်းဆိုကြမည်မှာ ဧကံ။

တွေးလိုက်တိုင်း သက်သာရာလမ်း မမြင်။ အဘက်ဘက်က မိမိအား ရက်စက်ကြတော့မည်။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ ရွာချေပြီကော။

မိမိဘေးဝဲယာ ဝန်းကျင်ကို အားကိုးစရာ နွယ်တစ်မျှင် မြက်တစ်ပင်မျှ ရှိလိမ့်နိုး မျှော်ကိုးကာ လှမ်းကြည့်သည်။ ကြိုးတစ်ခွေကို တဲထောင့်ကွေးတွင် မြင်လိုက်မိသည်၏ ခဏ၌-

* * * * * * * * *

 “အဲဒီ စွန်လည်ရွာနားက ဘုံဘလင်ချောင်းဘေး ယာစောင့်တဲမှာ ကြိုးဆွဲချသေလိုက်တာပဲ၊ မသေခင် ငါသေသည်ရှိသော် ပျားတစ်ပိုင်း လူ တစ်ပိုင်း ဖြစ်ပါစေသား။ မိဘများကိုလည်း ပြန်၍ ကျေးဇူးဆပ်နိုင်ပါ စေသားလို့အဓိဋ္ဌာန်သွားတယ်”

ပုံပြင်လေးတစ်ပုဒ်ကို မျက်ရည်စဖြင့် အဆုံးသတ်လိုက်သည်။ မျက်တောင်ကော့တွင် တွဲခိုလာသော မျက်ရည်စကို မမြင်ရက် တော့။ ကျွန်ုပ်ကိုယ် ကျွန်ုပ် ဘာလုပ်၍ လုပ်ရမည်မှန်း မသိတော့။ ကျွန်ုပ် သိလိုက်သည့် အချိန်တွင်မူ သူ့မျက်ရည်စလေးများကို တယုတယ လက်ကိုင်ပုဝါဖြင့် သုတ်ပေး နေမိသည့် အဖြစ်။

“သူ့မိဘတွေက သမီးပျောက်လို့ လိုက်ရှာတော့ ယာစောင့်တဲမှာ ပျားတစ်ပိုင်း လူတစ်ပိုင်းအဖြစ်နဲ့ တွေ့ရတယ်၊ သမီးပျား နတ်မယ်လေးက လူ့ဘဝတုန်းက နို့ဖိုး မဆပ်နိုင်ပေမယ့် ယခုဘဝမှာ နို့ဖိုးဆပ်မည့် အကြောင်း ကတိပေးပြီး နှစ်နှစ်တစ်ကြိမ်ကျ ပျားခေါ်ပွဲပြုလုပ်မယ်ဆိုရင် ပျားရည်တွေပေးမယ့် အကြောင်း မှာကြားသွားရှာတယ်”

ကျွန်ုပ် မျက်ရည်သုတ်ပေးနေသည်ကို ရှက်စနိုးဟန်ဖြင့် ကြည့်သည်။ ကြည်နူးမှုလေးများကိုလည်း မြင်တွေ့နေရသည်။

“ဒီအကြောင်းပြောရင် ကျွန်မ အမြဲမျက်ရည်ကျတယ်”

“ဝမ်းနည်းပါတယ်ဗျာ၊ မျက်ရည်ကျမှန်းသိရင် ကျုပ်မမေးပါဘူး၊ ကျုပ်ကိုယ်က အလိုက်မသိ တာပါ”

“မဟုတ်ပါဘူး၊ ကျွန်မကလည်း ဒီအကြောင်း မပြောပဲလည်း မနေနိုင်ပါဘူး”

“ကဲ … ဒါဆို နှစ်နှစ်တစ်ကြိမ် ပျားခေါ်ပွဲ ကျင်းပတယ်ဆိုပါတော့”

“ဟိုတုန်းကတော့ နှစ်နှစ်တစ်ကြိမ် ပျားခေါ်တယ်လို့ ဆိုတယ်၊ ခုတော့ ခြောက်နှစ်တစ်ကြိမ်ကျ ပျားနတ်ကို ပူဇော်ပြီး ပျားခေါ်ပွဲ ကျင်းပကြတယ်၊ ခမိတ်မှာ ပျားခေါ်ရင် ထင်းဇင်ရွာမှာလည်း ပျားမခေါ်ပဲ ပျားစွဲတယ်”

“ဘာကြောင့်ပါလိမ့်”

“ထင်းဇင်တောင်စောင့်နတ်က မင်္ဂလာကတိပျက်ကွက်တဲ့အတွက် ပျားနတ်မယ် မိဘတွေဆီ လျော်ကြေးတောင်းရာမှာ ဆယ်ခိုင်တစ်ခိုင် လျော်ကြေးပေးရတယ်လေ။ ဒါကြောင့် ထင်းဇင်ရွာမှာ ဆယ်ပုံတစ်ပုံလောက် ပျားရည်ရတာပေါ့”

ဇာတ်ရည်တော့ အတော်လည်သွားပြီ။ ဒီအပျိုမသည် သက်ကြီးစကားကို အစဉ်နားစွင့်ခဲ့ဟန် တူသည်။ စေ့စေ့စပ်စပ် ပြေပြစ်စွာ စကားဆိုနိုင်သည်။ တစ်ထိုင်တည်းနှင့် ပျားနတ်မယ်၏ ဘဝဖြစ်စဉ်ကို သိရှိသွားသည်။

ပူဇော်ပသပွဲ ပြီးဆုံးသွားပြီ ထင်သည်။ ကာလသားတစ်သိုက် ဆူဆူ ညံညံ အော်ဟစ်လိုက် ကြသည်။ အမျိုးသမီးများကတော့ ပျားစွဲစင်များ ရှိရာဘက်သို့ သွားကြပြီ။ အချို့က ကျွန်ုပ်တို့ကို သင်္ကာမကင်းဟန်ဖြင့် တစေ့တစောင်း ကြည့်ရင်း တိုးတိုး တိုးတိုး လက်တို့၍ ပြောသွားကြသည်။ ဟုတ်တော့လည်း ဟုတ်သည်။ ကျွန်ုပ်တို့ကလည်း တစ်ချိန်လုံး တပူးတွဲတွဲနှင့် အကဲပါလှသည် မဟုတ်ပါလား။

“ကျွန်မ သွားတော့မယ်နော်၊ ခုလောက်ဆို အမေရှာနေမှာ သေချာတယ်၊ တကယ်လို့များ တန်ဆောင်မုန်း၊ နတ်တော်လလောက်မှာ မောင်ကြီး လာနိုင်မယ်ဆိုရင် ကျွန်မ ပျားအုံတစ်အုံ လက်ဆောင်ပေးပါ့မယ်”

“အခုလို ဖိတ်ကြားထားရင်တော့ လာဖြစ်အောင် လာခဲ့ပါ့မယ်၊ ပျားအုံမပေးလည်း လာမှာပဲ”

“တကယ်ပေးမှာပါရှင်၊ လာဖြစ်အောင် လာခဲ့ပါ”

သဘောကောင်းလွန်းလှသော မိန်းမချောလေး ကျွန်ုပ်အပါးမှ ထွက်ခွာသွားသောအခါ ရင်ထဲမှာ ဟာသလိုလို ဘာလိုလိုကြီး ဖြစ်၍ ကျန်ရစ် ခဲ့ပါသည်။ ယခုမှ လာရင်းရည်ရွယ်ချက်ကို သတိရမိ တော့သည်။ ခမိတ်ရွာ တွင် ဝံသာနုအသင်း ဖွဲ့စည်းရေးအတွက် ဆွေးနွေးရန်ကိစ္စ။ တမူးမြို့ ဝံသာနု အဖွဲ့မှ ကျွန်ုပ်အား ခမိတ်ရွာ ဝံသာနုအဖွဲ့ဝင် ကိုသာမောင်ထံ သွားရောက်တွေ့ဆုံရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ပျားနတ်ပူဇော်သည့် လူစုလူဝေးကြီးထဲတွင် ကျွန်ုပ်တွေ့လိုသော ကိုသာမောင်ကို ရှာဖွေတွေ့ရှိ၍ လိုအပ်သည်များကို အသေးစိတ်မှာကြား ပြောဆိုနေမိပါသည်။ ကျွန်ုပ်နှင့်စကားပြောဆိုဖူးသူ မိန်းမချောလေးကို ကျွန်ုပ်တို့ ဝံသာနုဖွဲ့စည်းရေးကိစ္စ ဆွေးနွေးနေစဉ် တစ်ကြိမ်စနှစ်ကြိမ်စ ဆိုသလို ဖြတ်သွားဖြတ်လာ အမှတ်မထင် တွေ့မြင်မိသော်လည်း မအားလပ်၍ နှုတ်မဆက်လိုက်ရပါ။ ခမိတ်ရွာမှ ကျွန်ုပ်ပြန်လာသည်အထိ ထိုမိန်းမချောကို ထပ်မံ၍ မတွေ့ရတော့ပါ။

(၄)

နှင်းရည်စိုလူးသော ဆောင်းဦးနံနက်ခင်း၊ ပျားချစ်သောမြေမှ ပျားမိတ်ဆွေများထံ ကျွန်ုပ် ရောက်ရှိ၍ လာပါပြီ။ အမည်နာမပင် မသိလိုက်ရသော မိန်းမချောလေးကိုလည်း ခွဲခွာပြီးနောက်ပိုင်း တွေးမိတိုင်း သတိရနေမိပါသည်။ ပျားချစ်သောမြေ ဇာတိဖွားပေမို့လားမသိ။ စကားမို့ဆိုလျှင် ပျားသို့ ချိုသော အပျိုချော။

ယခုတစ်ခေါက်တွင်လည်း ကျွန်ုပ် တစ်ယောက်တည်း တစ်ကိုယ်တော်ပင်။ လာရင်းကိစ္စ မှာလည်း ဝံသာနု အသင်းဖွဲ့စည်းပြီးဖြစ်၍ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းရန် ဖြစ်သည်။ အဓိကကိစ္စထက် ရင်ထဲမှာ ဘဝင်မကျတကျဖြင့် အရေးကြီးသည့် သာမည ကိစ္စလေးကလည်း ဝင်ရောက်နေပါသည်။ နှုတ်ချိုပျူငှာသူအဖို့ သာမန်ကာ လျှံကာမျှ ဖိတ်ရိုးဖိတ်စဉ် ဖိတ်လိုက် သည်လား။ မည်သို့ဆိုစေ အကြောင်းပြစရာ ကိစ္စကရှိသည်။ ခမိတ်ရွာကို အကြောင်းမဲ့လာသည်ဟု မည်သူဆိုအံ့နည်း။

တစ်တောလုံး အင်ပင်တို့ မင်းမူနေ၏။ ပင်ကြီးပင်သေးပင်ငယ်တို့ တွင်ကျယ်နေသည့်တော။ အလို… ဘာပန်းပါလိမ့်။ ခရမ်းပြာရောင် တစ်ဆုပ် တစ်ခဲကြီး ပွင့်နေသည်။ ပန်းတို့၏ သဘာဝနှင့် ပန်းတို့၏ အမည် နာမကို စိတ်မဝင်စားသော ကျွန်ုပ်ပင် အတော်အတန် စိတ်ဝင်စားသွားသည်။ ကျွန်ုပ်၏ ခါးလယ်နှင့် ရင်ဆို့လောက်ထိ မြင့်မားစွာ ပေါက်ရောက်ပြီး ပင်လုံးကျွတ် ပွင့်နေသည့်ပန်းများ ပန်၍တော့ ရမည်မထင်။ ရနံ့ကလည်း မလွင်။ တစ်ပွင့်ချင်းဆိုလျှင်လည်း မလှ။ တစ်ပင်လုံးမှ လှသည်။ တစ်ပင်လုံးကို ခြုံကြည့်လိုက်လျှင် ပြည့်ပြည့်ဝဝမလှ။ တစ်တောလုံးမှ ပြည့်ပြည့်ဝဝလှတော့သည်။

တစ်တောလုံး ပင်ခြေစိပ်စိပ် သိပ်သိပ်သည်းသည်း ပွင့်လန်းနေသည်။ စုပေါင်းမှလှသော အမည်မသိ တောပန်းလေးတစ်ပွင့်ကို ကျွန်ုပ်ခူးလိုက်သည်။ နမ်းကြည့်သည်။ ထူးခြားသည့် ရနံ့မရှိ။ ဝတ်ဆံဝတ်ရည်လေးကို လျှာနှင့်တို့ကြည့်သည်။ ချိုလှပါလား။ အလှ၏ အားနည်းချက်၊ ရနံ့၏ အားနည်းချက်များကြောင့် သတင်းနာမည် မပေါ်လွင်သော်လည်း ချိုမြသော ဝတ်မှုန်ဝတ်ရည် တို့ကို ပိုင်ဆိုင်သော ပန်းပါလား။

ခမိတ်ရွာသို့ ရောက်ရှိ၍ ဝံသာနုအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မနက်ဖြန်တွင် ပျားဖွပ်တော့မည်ဖြစ်ကြောင်း သတင်းကြားရပါသည်။ ပျားဖွပ်ချိန်သတင်းကို နားစွင့်ပြီး အချိန်ကိုက် လာခဲ့ခြင်း ဖြစ်သောကြောင့် ဆိုက်ဆိုက်မြိုက်မြိုက် တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်ရခြင်း ဖြစ်ပါသည်။ ပျားနတ်ခေါ်စဉ်ကလို အမှတ်မထင် တိုက်ဆိုင်ကြုံကြိုက်ခြင်းမျိုးတော့မဟုတ်ပါ။

ပျားနတ်ကို အယုံအကြည် သိပ်မရှိ၍ ပျားလာစွဲမည်ဟု မထင်မှတ်သော်လည်း ပျားစွဲကြောင်း သတင်းကြားရသောအခါ ကျွန်ုပ်အတော် အံ့ဩဝမ်းသာသွားသည်။ ပျော်ရွှင်ခြင်း၊ အံ့သြခြင်းနှင့်အတူ ပျားအုံလက်ဆောင်ပေးမည်ဆိုသော မိန်းမချောကို သတိရလျက် တစေ့စေ့ တမြည့်မြည့် အောက်မေ့ ကြည်နူးမိသည်။ အားခဲထားခိုက် ဝံသာနုကိစ္စ ပေါ်ပေါက်လာသောအခါ တိုင်း၍ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့် သွားတော့သည်။

ဝံသာနု အဖွဲ့မှလည်း နက်ဖြန်တစ်ရက်တော့ နေပါဦး၊ ကြုံတောင့် ကြုံခဲ ပျားဖွပ်သည့် ပွဲကို နွှဲသွားပါဦးဟု ဖိတ်ကြားသည်။ မခေါ်ခင်က ဖင်တကြွကြွ ဖြစ်နေသော ကျွန်ုပ်အဖို့ မဆိုင်းမတွပင် ဟန်ကလေးမျှ မဆောင်နိုင်ဘဲ “ဗဟုသုတ အဖြစ်ပေါ့ဗျာ”ဟု ပြောရင်း ခမိတ်ရွာတွင် တစ်ရက်တာမျှ ဆိုင်းငံ့နေခဲ့ပါသည်။ ရင်ထဲတွင် ပီတိလှိုင်းကလေးများ ပြေးလွှားလှုပ်ရှားနေသည်။ တစ်ကြိမ်မျှ စကားလက်ဆုံကျ၍ အမည် နာမပင် မသိလိုက်ရသော မိန်းမချောလေး။ ခဏတာဆုံစည်း ကြုံကြိုက်ရုံမျှဖြင့် ရင်တခုန်ခုန် အသည်းတနွေးနွေး ဖြစ်နေရသည်များ။

ဪ – သူကလေးကတော့ ဘယ်သို့ရှိမည်မသိ။ ကျွန်ုပ်မှာမူ….

(၅)

နေ့သစ်တစ်ဖန် ရောက်ပြန်ပြီ။

အိုးစည်ဗုံမောင်းသံ ကြားရပြန်ပြီ။

ဖြူနီညိုပြာမလေးတို့အလှ ခင်းကျင်းပြန်ပြီ။

ပျားနတ်ပူဇော်စဉ်ကနှင့်တော့ မတူ။ လေးထောင့်သံပုံးကိုယ်စီ စွဲကိုင်လာကြသည်။ ပျားရည်ထည့်ရန်ဖြစ်ကြောင်း၊ ဝံသာနုအဖွဲ့ခေါင်းဆောင် ကိုသာမောင်က ကျွန်ုပ်အား ရှင်းပြသည်။ တစ်ရွာလုံး အုန်းအုန်း ကျွက်ကျွက်ညံနေပြီ။ ကျွန်ုပ်၏ ရင်ထဲမှာလည်း တလှပ်လှပ်။ အပျိုမလေးများ၏ ချိုမြသော အပြုံးကိုယ်စီ။ သိုသိပ်ထားသော စိတ်အလှတို့ မျက်နှာပြင်တွင် ယိုဖိတ်စွန်းထင်းနေသည်ဟု ထင်မိ၏။

ခမိတ်ပျိုဖြူ အချောတို့သည် လူးလာတုံ့ခေါက် လျှောက်နေကြပြီ။ လှပသော သန့်စင်သော၊ ဖော်ရွေသော မိန်းမချောတွေထဲမှ တစ်စုံတစ် ယောက်ကို ကျွန်ုပ်မကြာမကြာ မျက်စိဝေ့၍ဝေ့၍ ရှာဖွေမိသည်။ ပြောင်ပြောင် တင်းတင်းတော့ မကြည့်ရဲ။ မြင်ရလို မြင်ရငြား တစ်ချက်ကြည့် တစ်ကွက် ကြည့်နှင့် မျက်စိကိုအလုပ်ပေးနေသည်။

တွေ့ရလို တွေ့ရငြား အိမ်ရှေ့ထွက်၍ အညောင်းအညာဖြေသယောင် လူလုံးပြရသည်မှာလည်း အမော။

ကျွန်ုပ်ကလည်း မမြင်မိ။ ကျွန်ုပ်ကိုလည်း တွေ့သွားဟန်မတူ။ ယခင် တစ်ကြိမ်တုန်းက လွယ်လင့်တကူ ကြုံကြိုက်သလောက် ယခုတစ်ကြိမ်တွင် ဆုံစည်းရန် ခက်ခဲနေသည်။ ပျားနတ်စင်သို့ရောက်လျှင် တွေ့ရကောင်း တွေ့ရပေလိမ့်မည်။

အချိန်တန်၍သာ နတ်စင်သို့ ထွက်လာရသည်။ ကျွန်ုပ်အဖို့ ယခင်က ဆုံစည်းခဲ့သော မိန်းမချောကို မတွေ့မြင်မိ။ မေးလျှင်လည်း ဘယ်ကစ၍ မေးရမည်မသိ။ ကျွန်ုပ်မမှတ်မိတာလည်း မဖြစ်နိုင်။ မိန်းမချော၏ ရုပ်ပုံလွှာသည် ကျွန်ုပ်၏ မျက်ဝန်းအတွင်းတွင် အစဉ်စွဲငြိနေ၏။

“ဒီတောပန်းလေးတွေက တော်တော်ပွင့်တယ်နော်၊ ဒီဘက်တော တစ်ဝိုက်မှာသာ ကျုပ် တွေ့ဖူးတယ်”

ဟိုတစ်နေ့က တွေ့ခဲ့သော တောပန်းများကို ရည်ညွှန်း၍ ကိုသာမောင်အား ကျွန်ုပ်က ပြောလိုက် ပါသည်။

“ပျားနတ်ကို ပူဇော်တဲ့ နှစ်တွေမှာ မှော်ရမ်းပန်းတွေက ပွင့်နေကျဗျ”

“ဗျာ – ဒီပန်းတွေက မှော်ရမ်းပန်းတဲ့လား”

“ဟုတ်တယ်ဗျ၊ အဲဒီ မှော်ရမ်းပန်းတွေက နှစ်စဉ်လှိုင်လှိုင် မပွင့်ဘူး၊ ခြောက်နှစ်တစ်ကြိမ် ပွင့်တယ်”ကိုသာမောင်က ထပ်ဆင့် ရှင်းပြသည်။

ကျွန်ုပ်အဖို့ ခြောက်နှစ်တစ်ကြိမ်ကျ ပျားခေါ်သည့် အချိန်နှင့် တစ်ထပ်တည်း ပွင့်ပုံထူးသော မှော်ရမ်းပန်းအကြောင်း အတွေးထဲ ရောက်လာသည်။ ပျားနတ်သမီးလေး နို့ဖိုးဆပ်ခြင်းကြောင့် ပျားတို့ လာသည်လော။ သုံးနှစ်တစ်ကြိမ်၊ ခြောက်နှစ်တစ်ကြိမ် ဆိုသလို မှော်ရမ်းပန်းတို့ လှိုင်လှိုင်ပွင့်၍ ပျားတို့ လာသည်လော။ ကျွန်ုပ်အဆုံးအဖြတ် ပေးနိုင်စွမ်းမရှိပါ။

သဘာဝကျကျ တွေးတတ်သော ကျွန်ုပ်အဖို့ နတ်ကိုယုံကြည်မှု အားနည်းပါသည်။ သို့ရာတွင် မှော်ရမ်းပန်းကြောင့်သာ ပျားလာစွဲနိုင်သည်ဟုလည်း အတပ်မပြောသာပါ။ ကျွန်ုပ်သည် ရုက္ခဗေဒ ပညာရှင်လည်း မဟုတ်သဖြင့် မှော်ရမ်းပန်းတွင် ပျားတို့ အလွန်ကြိုက်သော စွမ်းရည်ထူးများ ရှိမည်ကို မသိနိုင်ပါ။

“ဒါနဲ့ ခြောက်နှစ်မှတစ်ကြိမ် ဘာဖြစ်လို့များ ပွင့်လာရသလဲ မသိဘူးနော် “

 “အဲဒီအပင်တွေ ပွင့်တဲ့နှစ်တွေမှာ နွေရာသီရောက်တော့ ညှိုးခြောက်ပြီး သေသွားရော၊ အဲဒီနှစ် တောမီးအကြီးအကျယ် လောင်ပြီသာမှတ်ပေတော့၊ တောမီးဒဏ်ကြောင့် တော်တော်နဲ့ နာလန်မထူ နိုင်တာဖြစ်မှာပါ။ ခြောက်နှစ်လောက်ကြာမှ ဝေဆာလာတဲ့ သဘောပါပဲ”

ကိုသာမောင်နှင့် စကားတပြောပြော လာခဲ့ကြရာ ပျားနတ်စင်သို့ ရောက်မှန်းမသိ ရောက်လာ ကြသည်။ ပျားစွဲတံများတွင် ပျားအုံကြီးငယ်တို့ စွဲနေကြပြီ။ တချို့ တစ်စင်တည်းနှင့် နှစ်အုံသုံးအုံထိ စွဲနေ၏။ အံ့သြဖွယ် ကောင်းသည်မှာ တစ်ရွာလုံး တစုတရုံးတည်း ဆူဆူညံညံ အုတ်အုတ် ကျက်ကျက် လာကြသည်ကို မြင်လျက်နှင့်ပင် ပျားအုံရှိရာ ပျားတို့မှာ လှုပ်လှုပ် ရွရွမရှိ။ ဘာသိဘာသာ နေကြလေ ရော့သလား။

 “ကိုသာမောင် အလှော်ကို ပျားအုံ ပို့လိုက်တဲ့အဖွဲ့ ပြန်လာတာ မမြင်သေးဘူးလား” ကိုသာမောင်ကို ရပ်ရွာလူကြီး ဖြစ်ဟန်တူသူက လှမ်းမေးသည်။

“တော်တော်နဲ့ ပြန်လာမယ် မထင်ပါဘူး၊ ဟိုမှာက ဘကြီးလည်း သိတဲ့ အတိုင်းပဲ၊ ပို့လိုက်တဲ့ ပျားအုံကို ပျားရည်ညှစ် နတ်တင်ပြီး ပျားနို့တွေကို စဉ်းကောလုပ်စားနေကြမှာ”

သူတို့အချင်းချင်း ပြောသည့်စကားတိုင်းလိုလို ကျွန်ုပ်အဖို့ အဓိပ္ပာယ် ကောက်ရခက်သည်ချည်းပင်။

“ဒီလိုဗျ၊ ကျုပ်တို့ဆီက ပျားအုံမှာ အရည်တွေပြည့်လို့ ပျားကောင်ငယ်လေးတွေ စုံလာတဲ့အခါ ပျားအုံကို အလှော်ရွာ ပို့ပေးရတယ်၊ ဟိုမှာ လည်း ပျားစွဲစင်တွေ ရှိတယ်၊ ဒီက မပို့မချင်း ဟိုမှာ ပျားမဖွပ်ရဘူး၊ မပို့ခင် ပျားဖွပ်ခဲ့ရင် ပျားတုပ်ခံရတယ်”

ကျွန်ုပ် နားဝေတိမ်တောင် ဖြစ်နေသည်ကို သိ၍ထင်သည်။ ကိုသာမောင်က ကျွန်ုပ်ဘက်လှည့်၍ ရှင်းပြသည်။ ဟုတ်ပေလိမ့်မည်။ အလှော်ရွာမှာ ရှေးက ပျားနတ်မယ်၏ ဖခင်ရှိရာ ဝေလုံရွာနှင့် နီးသည် မဟုတ်ပါလား။ ခမိတ်ရွာက ပေါ်ဦးပေါ်ဖျား ပျားအုံကို ပို့ပေးသည်မှာ သဘာဝကျပေမည်။

ပျားနတ်လူကြီးသည် တစ်စုံတစ်ရာကို ရေရွတ်တိုင်တည်ပြီး ပျားစွဲစင်များကို လိုက်လံ ကြည့်ရှု သည်။ ပျားစွဲစင်တွင် အကြီးမားဆုံး ပျားအုံရှိရာသို့ ရောက်သောအခါ တစ်ဦးက မီးခိုးအူစေရန် ဖန်တီးထားသော မီးတုတ်ကို လက်ဆင့်ကမ်းသည်။ ကျွန်ုပ်၏ စိတ်ထဲတွင် အပြစ်မဲ့ပျားလေးတွေကို သနားနေမိသည်။

ပျားနတ်လူကြီးမှ အစပြုလိုက်ခြင်းကြောင့် ကွင်းပြင်နေရာအနှံ့ နေရာ ယူထားသော ပျားဖွပ်သူတို့၏ မီးခိုးငွေ့တို့သည် အာကာယံသို့ လွင့်ပျံဝေ့ဝဲ မှိုင်းပျကုန်၏။ ထိုခဏမှာပင် ပျားအုံကြီးရှိရာ ပျားတို့ တစုတဝေး ထွက်လာ၍ လူအုပ်ကြီးကိုကျော်ပြီး တစ်ရပ်တစ်ပါးသို့ ပျံသန်းသွားကုန်သည်။

 “အခုလို မီးခိုးလွှတ်ပြီး ပျားမဖွပ်လည်း ရတယ်လို့ဆိုတယ်။ မီးမပါဘဲ ဒီအတိုင်း မောင်းထုတ်လိုက်ရင် အလိုအလျောက် ပျံသွားသတဲ့ဗျ”

 “ဘယ်လိုဘယ်လို၊ ပျားအုံကို ပျားတွေက အလွယ်တကူ စွန့်သွားမတဲ့လားဗျ၊ ဝေးပါသေးတယ်၊ ကျုပ်တွေ့ဖူးသလောက်တော့ သူတို့အုံတွေကို အသက်ပေးကာကွယ်တဲ့ကောင်တွေဗျ၊ သတ္တိသိပ်ရှိတယ်၊ ကျုပ်တို့လူတွေထက်တောင် သာသေး”

မြန်မာပြည် လွတ်လပ်ရေး မရသေးသည့်အဖြစ်ကို စိတ်မှတ်ကြီးစွာဖြင့် ကျွန်ုပ်ပြောလိုက်သည်။ ကိုသာမောင်ကတော့ ခပ်ပြုံးပြုံးပင်။

“ပျားအတောင်ပံတွေကို မီးနံ့သင်းအောင် လုပ်ရမယ်လို့ အယူအစွဲတော့ ရှိသဗျ၊ ပျားတောင်ပံမှာ မီးနံ့မသင်းရင် ပျားနတ်မယ်က မင်းတို့ တော်ရာကပြန်လာတာပဲ၊ ငါခိုင်းတဲ့ဆီ မသွားကြဘူး၊ အခု ပြန်သွားလို့ အမိန့်ပေးတယ်ဆိုပဲ၊ ရှေးက အစဉ်အလာ ပြောတဲ့စကားကို ပြောရတာပါ၊ဟုတ် မဟုတ်တော့ ဘယ်သူသိနိုင်မှာလဲ”

ကိုသာမောင်သည်လည်း သည်အယူအဆကို သိပ်လက်ခံချင်ပုံမရ။ သို့ရာတွင် ဆန့်ကျင်၍တော့ သူမဆို။ ကျွန်ုပ်လည်း ဘယ်သို့ ခုခံချေပနိုင်အံ့နည်း။ ဘာအကြောင်းကြောင့်ပဲဆိုဆို ပျားစွဲတံမှာ ပျားအုံတွေ ပြည့်နေတာ လက်တွေ့မျက်မြင်ပဲ မဟုတ်ပါလား။

“သမီး‌လေးရေ – သမီးလေးရဲ့ အီး-ဟီး ဟီး”

စောစောက ပျားနတ်လူကြီး၏ မီးတုတ်ဖြင့် ပျားမောင်းခြင်းခံရသော ပျားအုံကြီးပိုင်ရှင် မိန်းမကြီး ပါလား။ ဘာကြောင့်များ ဝမ်းပန်းတနည်း ငိုကျွေးနေတာပါလိမ့်။ အားလုံးက ကရုဏာသက်စွာ ဝိုင်းဝန်းကြည့်ကြသည်။

“သမီးလေးရေ… သမီးလေးရဲ့၊ သမီးလေးဆုံးတဲ့နှစ်မှာ အမေ့ပျားစွဲစင်မှာ အများဆုံး ပျားလာစွဲတယ်ဟဲ့၊ လာကြည့်ပါဦးလား သမီးလေးရဲ့ “

သူ့သမီးဆုံးသွားသည်မှာ ကြာသေးဟန်မတူ၊ ပျားကလည်း အရဆုံးမို့ အချစ်ဆုံးသမီးလေးကို မြင်စေချင်ဟန်တူသည်။

“သနားစရာပါဗျာ၊ သူ့သမီးက ဒီရွာမှာ ကွမ်းတောင်ကိုင်ဗျ၊ လှလည်း သိပ်လှတယ်၊ သဘောလည်း အင်မတန် ကောင်းတာ၊ ကံဆိုးရှာပါတယ်ဗျာ၊ ဆုံးသွားတာ ဘာကြာသေးလို့လဲ၊ တစ်လလောက်ပဲ ရှိဦးမယ်”

ကိုသာမောင် ပြောမှပင် ကျွန်ုပ်စိတ်ထဲ ထိတ်ခနဲဖြစ်သွားသည်။ သူ ကလေးတော့ မဟုတ်ပါစေနဲ့ဟု ဆုအကြိမ်ကြိမ် တောင်းမိသည်။ ပတ်ဝန်းကျင်အနှံ့သို့လည်း တစေ့တစောင်း မျက်စိကစားရင်း ရှာကြည့်သည်။ ခုထိ မတွေ့ရသေးပါလား။ မိန်းမကြီး၏ စကားသံအချို့ နားထဲ မဝင်တစ်ချက် ဝင်တစ်ချက် ဝင်လာပြန်ပါသည်။

“သံယောဇဉ်ကြီးမားတဲ့ သမီးရေ၊ သမီးက ပျားအုံလက်ဆောင်ပေးဖို့ ကတိပေးထားတဲ့ သမီးရဲ့ မိတ်ဆွေလည်း ခုထိ ပေါ်မလာသေးဘူးဟဲ့၊ သမီးလေးမသေခင်က တတွတ်တွတ်မှာလို့ကို မဆုံးနိုင်ဘူး၊ အမေရေ … အကြီးဆုံး ပျားအုံကိုတော့ လက်ဆောင်ပေးဖြစ်အောင် ပေးလိုက်ပါတဲ့၊ အမေ ဘယ်သူ့ကိုပေး….”

Click to rate this post!
[Total: 0 Average: 0]