ဒုက္ခရောက်နေတဲ့ ဥရောပ
ဦးမိုး – ဟာ ကိုတိုး လာဗျာ။ ရာသီဥတုလေးက အေးလာတော့ မနက်စောစော ထပြီး လမ်းလေးဘာလေးလျှောက်။ ပြီးတော့မှ လက်ဖက်ရည်ဆိုင် ထိုင်ရတာ အရသာ အရှိသားဗျ။
ဦးတိုး – ဟုတ်တယ်ဗျ။ ဒါပေမဲ့ ကိုယ်လက်လေ့ကျင့်ခန်းလေးတွေလုပ်ဖို့တော့ ဒီလိုအေးလာတဲ့အချိန်ထိ စောင့်မနေနဲ့ဗျ။ နေပူပူ မိုးရွာရွာ ဖြစ်နိုင်ရင် နေ့တိုင်းလိုလိုသာ ၁၅ မိနစ် မိနစ် ၂၀ လောက် မှန်မှန်လုပ်ပေး။ ကျွန်တော်တို့ အသက်တွေက ငယ်တာ မဟုတ်တော့ဘူး။ နည်းနည်း ဆင်ခြင်နိုင်မှ တန်ကာကျမယ် ကိုမိုး။
မိုး – အင်းပါဗျာ။ လုပ်ပါတယ်။ အခုရက်ပိုင်း ကျွန်တော်တို့ သက်တူရွယ်တူတွေ ဟိုလူ လေဖြတ်၊ ဒီလူ အဆီတွေတက် ဖြစ်တာတွေ ကြားပြီး ကြောက်နေတာ။
တိုး – အဲ ဟုတ်တယ် ဟုတ်တယ်။ ခင်ဗျားပြောတာ အမှန်ပဲ။ အသက်ကို ဉာဏ်စောင့်တယ်ဆိုတဲ့ စကား ရှိတယ် မဟုတ်လား။
မိုး – သြော် ဒါနဲ့ ခင်ဗျားကို မေးမလို့စောင့်နေတာ။ ဟိုတစ်နေ့က သတင်းတစ်ခုတွေ့လိုက်တယ်။ ရုရှား-ယူကရိန်း စစ်ပွဲ အမေရိကန်က ဝင်ညှိနှိုင်းပေးလို့ ပြီးတော့မယ် ဆိုဗျ။ အဲဒါဟုတ်လား တကယ်သာဆိုရင်တော့ ထရမ့်ကြီးအတွက် နောက်နှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ချိန်နိုင်ပြီပေါ့။
တိုး – တစ်စိတ်တစ်ပိုင်းတော့မှန်ပါတယ်။ ဒါပေမဲ့ သူလုပ်နေကျအတိုင်းပဲလေ ဟို တစ်လောက သူပိုင်ပြီဆိုပြီး လုပ်ချလိုက်တဲ့ အစ္စရေး-ဟားမတ်စ်ကိစ္စလည်း ကြည့်ပါလား။ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့နေရာမှာ သက်ဆိုင်တဲ့ သူတွေ အကုန်လုံးမပါ။ အခုထိရော ဒီကိစ္စက ပြေလည်သွားသေးလို့လား။ အခုတစ်ခါ ရုရှား-ယူကရိန်းကိစ္စလည်း ဒီလိုပဲ။ ထရမ့်က သူ့ရဲ့ ငြိမ်းချမ်းရေး သံတမန်တော် စတိဝစ်တိတ်ကာကို ရုရှားလွှတ်ပြီး ညှိနှိုင်းခိုင်းမယ်လည်းဆိုလေရဲ့။
မိုး – ဟုတ်လားဗျ။ ဘယ်လိုကနေ ဘယ်လို ဒီအခြေအနေအထိ ရောက်လာတာလဲ။
တိုး – ကျုပ်သိရသလောက်က အမေရိကန်က ရုရှားနဲ့ အောက်တိုဘာလလောက်ကတဲက ကျိတ်ပြီးကြံစည်နေပုံရတယ်။ မကြာသေးခင်ကမှာ ၂၈-ချက်ပါ စစ်ပြေငြိမ်းရေး သဘောထားဆိုတာကြီးက အပြင်ကို ပေါက်ကြားလာတာ။ သတင်းတွေအရ ဆိုရင်တော့ ဒီအဆိုပြုချက်က ရုရှားကတောင်းဆိုတာတွေချည်းပဲဖြစ်လိမ့်မယ်လို့ ထင်ထားကြ တဲ့အပြင် ဒီအစီအစဥ်ကို ယူကရိန်းက ပယ်ချမယ်ဆိုတာလည်း အရင်ကတည်းက သိနှင့်ပြီးသားလို ဖြစ်နေကြတယ်လို့ ဆိုတယ်။
မိုး – အေးလေ ဒီကိစ္စတွေက အခုမှဖြစ်တာလည်းမဟုတ် ယူကရိန်းဘက်ကလည်း သူ့နယ်မြေတွေကို ရုရှားဘက် ပြန်ပေးရမယ် လို့ဆိုရင် လက်မခံဘူးဆိုတာ ပြောတယ်လို့ တစ်နေရာမှာ ဖတ်လိုက်ရဖူးတယ်။
တိုး – ဟုတ်တယ် ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက ထရမ့်ကိုမေးတော့ ထုံးစံအတိုင်း အခုမပေးလည်း အခုရုရှားက တိုက်နေတဲ့ပုံနဲ့ဆို နောက်နှစ်လဆိုရင်လည်း ရုရှားလက်ထဲရောက်သွားမှာပဲလေ လို့ မလိမ့်တပတ် ပြောပြန်ရောဗျ။
မိုး – ဒါဆိုရင် ရုရှား-ယူကရိန်း ကိစ္စမှာ တိုက်ရိုက်လိုလို ပတ်သက်နေတဲ့ ဥရောပက ဘယ်အခန်းကဏ္ဍကနေ ပါမှာလဲ။ ထုံးစံအတိုင်း သူတို့ကရော စိုးရိမ်နေကြပြန်ပြီလား။
တိုး – ခင်ဗျားကလည်း လုပ်ပြီ။ ဟုတ်တော့လည်းဟုတ်တယ် ခင်ဗျားပြောတာ မှားတယ်လို့လည်း မဆိုနိုင်ဘူး။ ဥရောပ အနေနဲ့ကလည်း သူ့ဒုက္ခနဲ့သူဗျ။ ရုရှား-ယူကရိန်း ပြဿနာကလည်း အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာဆိုသလို သူ့ဆီ ဘယ်တော့များ စစ်မီးကူးစက် လာနိုင်မှာလား စိုးရိမ်နေရတာလေ။ ရုရှားက အမေရိကန်ကိုလှည့်ဖြားပြီး နေတိုးအုပ်စုဝင် နိုင်ငံတွေကို မထီမဲ့မြင်ပြုတာတွေကို ဥရောပက လက်တွေ့ ခံစားနေရတာ။
မိုး – တလောက ကျွန်တော် ဆောင်းပါးတစ်ခု ဖတ်လိုက်ရတာဆိုရင် လက်ရှိ ဥရောပကော်မရှင် ဥက္ကဋ္ဌ အမျိုးသမီး အာဆူလာ ဘွန်ဒါလေယန်က ဥရောပဟာ အင်အားအပေါ်အခြေခံတဲ့ ကမ္ဘာ့ပုံစံအသစ်အတိုက် တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေရပြီလို့ ပြောတယ်လို့သိရတယ်။ အဲဒါနဲ့ဆက်ပြီး တစ်ပါးတိုင်းပြည်ကို မှီခိုနေရာကနေ မထီမဲ့မြင် ရန်ပြုလာတာတွေကြောင့် အခုလို စစ်ပြင်ရတယ်ဆိုတာလည်း ပြောသွားတယ်။
တိုး – ဟုတ်ပါတယ်။ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောရင် “အခုမှ ဥရောပဟာ ကမ္ဘာအသစ်ကြီးကို ရင်ဆိုင်ဖို့ အိပ်ရာက လန့်နိုးလာတယ်”လို့ ပြောရမယ် ထင်တယ်။ တကယ်တော့ သူတို့ဟာ နောက်တောင်ကျနေပါပြီ။
မိုး – အေးလေ သူ့ အခြေအနေကလည်း ဆိုးပါတယ်။ စစ်ရေးနဲ့ ပတ်သက်ပြီး အမေရိကန်ကို တောက်လျှောက် အားကိုးလာခဲ့တော့ အခုတော့ သူ့တို့ရဲ့ နိုင်ငံတွေ လုံခြုံရေးအတွက် သေနတ်ပဲ ပြေးကိုင်ရမလိုလို၊ စွမ်းအင် ကဏ္ဍမှာလည်း ရုရှားနဲ့က “မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ” ဆိုသလို အစဥ်တစိုက် ရုရှားကို လောင်စာစွမ်းအင်နဲ့ ပတ်သက်ပြီး အားကိုးလာတာ အခုမှ ဖြတ်ရတောက်ရတာတွေ လုပ်ရတော့ ချက်ချင်းလုပ်ချင်လို့ ဘယ်ရမလဲဗျ။ ကျွန်တော် ဖတ်ဖူးထားသလောက် ပြန်ပြောရရင် ဥရောပဟာ ရုရှားစွမ်းအင်တွေရဲ့ အမှီအခိုကင်းဖို့ လုပ်နေတာ ၂၀၂၇ လောက်မှာတော့ ဖြစ်နိုင်မယ်လို့ မှန်းထားတယ်လို့ သိရတယ်ဗျ။
တိုး – ကျွန်တော်လည်း ဒီလို သိထားဖူးပါတယ်။ အဲဒါတင်မဟုတ်ဘူး သုံးသပ်သူတချို့ ပြောတာက ဥရောပဟာ ဖိုခုံလောက်ဆိုင် ထိုးနှက်မှုကြီး သုံးခုက သက်တမ်းတစ်လျှောက် တည်တည်ငြိမ်ငြိမ်နဲ့ နေလာခဲ့သလောက် အခုတော့ ပြဿနာတွေ ပတ်ချာလည် ဝိုင်းနေတယ်လို့ ဆိုသဗျ။

မိုး – ပြောပါဦး။ အဲဒါဘာတွေလဲ။
တိုး – ပထမတစ်ခုကတော့ စောစောကပြောခဲ့တဲ့ ရုရှား-ယူကရိန်း မသင့်မမြတ်ဖြစ်တဲ့ ကိစ္စက သူ့ကို လုံခြုံရေးနဲ့ စွမ်းအင်စတဲ့ ကိစ္စတွေအတွက် ရတက်မအေးစရာတွေ ဖြစ်လာတယ်။ နောက်ပြီး ထရမ့်ဦးဆောင်တဲ့ အမေရိကန် အစိုးရက မဟာမိတ်ဆိုတာကို ငွေကြေးနဲ့ လဲလှယ်ချင်တဲ့ ပုံစံတွေ ပြလာတယ်။ အထူးသဖြင့် နေတိုးအဖွဲ့ရဲ့ ပြတ်သားတဲ့ ရပ်တည်မှုတွေဟာ အခုဆိုရင် လျော့ရဲရဲ ဖြစ်လာတယ်။ နောက် အရှေ့အလယ်ပိုင်း ပြဿနာကလည်း အနည်းနဲ့ အများတော့ ဥရောပအပေါ် ထိုးနှက်ချက်တွေရှိတယ်။ နောက်ဆုံးကတော့ တရုတ်ရဲ့ စီးပွားရေး ဖြန့်ကြက်လာမှုကလည်း ဥရောပအတွက် ဆိုးကျိုးတွေ ဖြစ်လာတယ်လို့ ခြုံပြောရင် ရတယ်။ ဒါတွေအားလုံးကို ပြန်စုပြောရရင် “ကမ္ဘာ့ ပထဝီနိုင်ငံရေး မတည်မငြိမ်ဖြစ်မှုနဲ့ လုံခြုံရေးစည်း ကျိုးလာမှု” လို့ ပြောရမလားဗျာ။
မိုး – စိတ်ဝင်စားဖို့ကောင်းတယ်။ နောက်တစ်ခု ကရော။
တိုး – နောက်တစ်ခုကတော့ နည်းနည်း မခံချင်စရာတော့ကောင်းတယ်။ စီးပွားရေး ပညာရှင်တွေက ဥရောပဟာ ကမ္ဘာ့ယှဥ်ပြိုင်မှုတွေမှာ အမေရိကန်နဲ့ တရုတ်နောက်ကနေ လိုက်နေရတယ်လို့ ဆိုတယ်။ အဓိကကတော့ နည်းပညာ အသစ်အသစ်တွေကို တီထွင် ထုတ်လုပ်နိုင်မှု နည်းပါးလာတာ၊ ထုတ်လုပ်နိုင်ရင်လည်း စျေးသက်သက်သာသာနဲ့ စျေးကွက်တွေထဲကို ယှဥ်ပြီး မထိုးဖောက် နိုင်တာပေါ့။ ဒါကို သူတို့ပြောတာကတော့ စီးပွားရေးမှာ ယှဥ်ပြိုင်မှု နည်းပါးလာတာနဲ့ အမျှ စျေးကွက်မှာ မျက်နှာသာ မရတာလို့ ပြောရမယ်ထင်တယ်။
မိုး – ဟုတ်လား အဲဒီလိုကြီးလား။ ကျုပ်ထင်တာက ဥရောပက ကမ္ဘာမှာ စီးပွားရေးနဲ့ ပတ်သက်ပြီး ရှေ့တန်း ရောက်နေတယ်တောင် ထင်နေတာ။ ကဲ ခင်ဗျားပြောသွားတာ နှစ်ခုရှိပြီ။ နောက်ဆုံး တစ်ခုကရော ဘာလဲ။
တိုး – နောက်ဆုံးတစ်ခုကတော့ သူတို့ အတွင်းထဲမှာတင် ဖြစ်နေတဲ့ ပြဿနာ။ နိုင်ငံရေး အယူအဆတွေ ပြောင်းကုန်တော့ အာဏာအလွှဲအပြောင်းတွေ အခုနောက်ပိုင်း ဥရောပမှာ တော်တော်တွေ့လာရတယ်။ လူအများကြိုက် ဝါဒီတွေ၊ လက်ယာစွန်းယိမ်း ဝါဒီတွေ ပြန်ပြီး ဦးမော့လာတယ်။ ပုံမှန်သွားနေကျ လစ်ဘရယ် ဒီမိုကရေစီ စနစ်တွေ ရှေးရိုးဆန်တဲ့ နိုင်ငံရေးကို မကြိုက်ကြတော့ဘူး။ သူတို့နည်း သူတို့ဟန်နဲ့ တော်လှန် ပုန်ကုန်တာတွေ လုပ်လာကြတယ်။ အရင်တုန်းဆိုရင် သူ့တို့ဆီကို ခိုလှုံဖို့ လာတဲ့သူတွေကို စည်းဘောင် အတွင်းက ကြိုဆိုပြီး သဘောထားကြီး ပြလေ့ရှိတဲ့ ဥရောပဟာ အခုတော့ ဒါတွေနဲ့ ပြောင်းပြန်လုပ်ဖို့ ဟောတဲ့ ပြောတဲ့ သူတွေကို လူကြိုက်များလာတာ တွေ့ရတယ်။ အဲဒီကနေ စပြီး ဂိုဏ်းဂဏ ကွဲတာတွေ နိုင်ငံရေး အာဏာထိန်းချုပ်တဲ့ နေရာမှာ အပြောင်းအလဲ အကြီးကြီးတွေ ဖြစ်လာတာတွေ့ရတယ်။ ကြောက်စရာ ကောင်းတာက စည်းစနစ် သိပ်ကြီးတဲ့ ဥရောပ နိုင်ငံတွေဟာ ဥပဒေ အစဥ်အလာနဲ့ တန်ဖိုးတွေကို အပေါ် သဘောထား အမြင်တွေ ပြောင်းလာတယ်လို့ ဆိုကြတယ်။ ဒါပါပဲ။ စနစ်တစ်ခုဟာ တစ်သမတ်တည်း ထားလို့မရဘူး ဆိုတာ မှန်ပေမယ့် ချက်ချင်းပဲ မင်းလုပ်တာမှားတယ်၊ ငါလုပ်တာမှအမှန်ဆိုရင် လုပ်ရ ကိုင်ရတာ ခက်ကုန်တာချည်းပါပဲ။
မိုး – အေးဗျာ။ ကျွန်တော်အခုနက ပြောသလိုပဲ အစဥ်အဆက် ဥရောပကို စည်းကမ်းစနစ်တကျရှိတာ၊ စီးပွားရေး ဦးဆောင်လမ်းပြ အဖြစ်ရှိနေတာလို့ထင်ခဲ့တာ အခုတော့ သူလည်း ဒုက္ခပင်လယ်ဝေနေပါရောလား။
တိုး – ဟုတ်တယ် ဟုတ်တယ်။ ခင်ဗျားပြောတာ သဘောကျပါတယ်။ ကျန်တာကတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်ကြည့်ရမှာပဲ။ ကဲဗျာ ဒီနေ့တော့ ဒီလောက်နဲ့ပဲရပ် လိုက်ကြရအောင်။ စောစောက အေးတာလေးတောင် နေထွက်လာတာ့ ပျောက်သလိုလို ဖြစ်ပြီး ချွေးတောင် စို့လာတယ်။
မိုး – ကောင်းပါပြီဗျာ။ ကျုပ်လည်း ရေလေး မိုးလေးချိုးဖို့ ပြန်လိုက်ဦးမယ်။
ကိုးကား –
၁) US peace plan for Ukraine drew from Russian document, sources says; Reuters
၂) စစ်ပြင်နေရတဲ့ ဥရောပ, The Coner November 16-30, volume 16


