The Corner

The Corner

cropped-Logo_round_grey-background.png

‘ဒေါ်နယ်ထရမ့်’ က  ‘ဗလာဒီမီယာ ပူတင်’ ကို မျက်နှာသာပေး နေသရွေ့ ယူကရိန်းစစ်ပွဲ ရပ်စဲနိုင်ဖွယ် မရှိ

Share မယ်

သမ္မတ ထရမ့်ရဲ့  ၂၈-ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက် အလားအလာ

ရုရှားဟာ ယူကရိန်းကို ကျူးကျော်တာ လေးနှစ်ထဲ ဝင်လာပြီဖြစ်တယ်။ ရှေ့တန်းစစ်မြေပြင်နဲ့တကွ စီးပွားရေးအရပါ အကြီးအကျယ် ထိခိုက် ဆုံးရှုံးနေရပေမယ့် ရုရှားသမ္မတ ပူတင်ကတော့ သူတပ်တွေက စစ်နိုင်နေတယ်လို့ ယူဆနေတာ တွေ့နေ ရတယ်။ လက်ရှိ အနေအထားအရ စစ်ပွဲရပ်ဖို့ အချိန် မတန်သေးဘူးလို့ ပူတင်က မြင်နေပုံရပါတယ်။ ဒါပေမဲ့ အမေရိကန် သမ္မတ ထရမ့်ကတော့ ဒီစစ်ပွဲကို အမြန်ရပ်စေလိုတဲ့ သဘောထားရှိနေတာတွေ့ရတယ်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုလိုချင်တဲ့ သမ္မတ ထရမ့်ဟာ စစ်ရပ်စဲနိုင်အောင် သူ့အနေနဲ့ ဆောင်ရွက်နိုင်ရင် ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံလုံးဆီကနေ သယံဇာတ၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးအကျိုးအမြတ် ကြီးကြီးမားမား ရလိမ့်မယ်လို့ ယုံကြည် နေပုံရပါတယ်။ ဒါကြောင့် ယူကရိန်းစစ်ပွဲ အမြန်အဆုံးသတ်နိုင်ဖို့ ‘ထရမ့်’ က ငြိမ်းချမ်းရေးအဆိုပြုချက် တစ်ရပ် တင်ပြ ထားတာတွေ့ရတယ်။ ‘သမ္မတ ထရမ့်’ ရဲ့ အဆိုပြုချက်ထဲမှာ ရုရှားအပေါ်  ပိတ်ဆို့အရေးယူမှုတွေရုပ်သိမ်းလိုတဲ့ သဘောတွေ့ ရတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ပါဝင်တဲ့ G7 (စက်မှုထိပ်သီး ခုနစ်နိုင်ငံ) အဖွဲ့ထဲ ရုရှားကို ပြန်လည်ပါဝင်စေပြီး G8 ဖြစ် လာဖို့ လည်း ‘ထရမ့်’က အကြံပြုထားတာတယ်။ ဒီအချက်ကိုထောက်ရင် ကမ္ဘာ့စီးပွားရေး နယ်ပယ်အတွင်း ရုရှား ပါလာစေခြင်းအားဖြင့် အမေရိကန်အတွက် အကျိုးရလဒ် ကြီးကြီးမားမားရဖို့ မျှော်လင့်ထားပုံတွေ့ရတယ်။

သမ္မတ ထရမ့်က အချက် ၂၈ ချက်ပါ အစီအစဉ်ကိုလက်ခံဖို့  ယူကရိန်းကို နိုဝင်ဘာ ၂၇ ရက်အထိ အချိန်ပေးထား ခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်က ထရမ့်ရဲ့ ၂၈-ချက်ပါ အဆိုပြုချက်ဟာ စစ်ပွဲအဆုံးသတ်ဖို့အတွက် အခြေခံအဆင့် ဖြစ်နိုင် တယ်လို့ ဆိုထားတယ်။ သမ္မတထရမ့် ကတော့ သူ့ရဲ့  ၂၈ ချက်ပါ မူကြမ်းအဆိုဟာ ယူကရိန်းအတွက် “နောက်ဆုံး ကမ်းလှမ်းမှု မဟုတ်ဘူး” လို့ အိမ်ဖြူတော်မှာ သတင်းထောက် တွေကို ပြောခဲ့ကြောင်း သိရတယ်။

“တစ်နည်းမဟုတ် တစ်နည်း (စစ်ပွဲ) ပြီးသွားအောင် လုပ်ရမှာပါ။ အဲဒါကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” လို့ ထရမ့်က သတင်းထောက် တွေကို ပြောခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် သမ္မတ ထရမ့်ရဲ့ အဆိုပြုချက်တွေက ယေဘုယျအားဖြင့် ရုရှားသမ္မတ ‘ပူတင်’ ကို မျက်နှာသာ ပေးထားကြောင်း ပေါ်လွင်နေတယ်။ အားနည်းတဲ့ ကျူးကျော်ခံရတဲ့ ယူကရိန်းအတွက် မျှမျှတတ စဉ်းစားပေးတဲ့ အချက် မတွေ့ရဘူး။

ရုရှားကို မျက်နှာသာပေးတဲ့ မမျှမတ တောင်းဆိုချက်များ

ကျယ်ကျယ်ပြန့်ပြန့် ပေါက်ကြားနေတဲ့ ထရမ့်ရဲ့ အဆိုပြုချက် ၂၈ ချက်ထဲမှာ ယူကရိန်းအနေနဲ့ နိုင်ငံအရှေ့ပိုင်း ဒွန်းညက်စ် ဒေသမှာ သူတို့ လောလောဆယ် ထိန်းချုပ်ထားနိုင်တဲ့အပိုင်းတွေကနေ ဆုတ်ခွာပေးရမယ်လိုဆိုတယ်။ ဒွန်းညက်စ် နဲ့ လုဟန့်စ်ခ်ကို လည်း လက်လွှတ်ရမယ်။ ၂၀၁၄ ခုမှာ ရုရှားဘက်က သိမ်းထားတဲ့ ခရိုင်းမီးယားနယ်ကိုလည်း ရုရှားရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရမယ် စသည်ဖြင့် ဆိုထားတယ်။

ဒီ့အပြင် လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ယူကရိန်းတောင်ပိုင်း ခါဆွန်ဒေသနဲ့ ဇာပိုရီရှားဒေသ နယ်စပ်တွေကို လက်ရှိ ရောက်နေတဲ့ အနေအထား အတိုင်းထားဖို့ ဆိုတာမျိုးလည်းပါတယ်။ အဲဒီ ဒေသနှစ်ခုစလုံးကို လက်ရှိမှာ ရုရှားက တစ်စိတ် တစ်ပိုင်း သိမ်းပိုက်ထားတာဖြစ်တယ်။

ထရမ့်ရဲ့ အဆိုပြုချက်မူကြမ်းမှာ ယူကရိန်းတပ်မှာ စစ်အင်အားတပ်ဖွဲ့ဝင် ခြောက်သိန်း အထိသာ ထားရှိဖို့ ကန့်သတ် ထားတယ်။ ဥရောပတိုက် လေယာဉ်တွေကို ယူကရိန်းရဲ့ အိမ်နီးချင်း ပိုလန်မှာပဲ ထားဖို့လည်း ပါဝင်နေတယ်။ အပြန်အလှန် အားဖြင့် ယူကရိန်းအတွက် “ယုံကြည် စိတ်ချရတဲ့ လုံခြုံရေး အာမခံချက်တွေ” ရရှိမယ်လို့ မူကြမ်းအဆိုပြုချက်ထဲ ပါပေမယ့် အသေးစိတ် ဖော်ပြမထားဘူး။ ရုရှားက သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို “မကျူးကျော်ဘူးလို့ မျှော်လင့်ရတယ်” ဆိုတဲ့ အချက် လည်း ပါဝင်နေတယ်။ ရုရှားက ထပ်မံမကျူးကျော်ရေးကို ထရမ့်အနေနဲ့ ဘယ်လို အာမခံမှာလဲဆိုတာတော့ မသေချာလှဘူး လို့တွေ့ရတယ်။  နေတိုးကလည်း အင်အား ထပ်မံချဲ့ထွင်မှာ မဟုတ်ကြောင်း လည်း ထရမ့်အဆိုပြုချက်မှာပါတယ်။ ရုရှားဘက် က တိကျသေချာတဲ့ ကတိကဝတ် ဘာမှ မတွေ့ရဘဲ အာဏာရှင် ပူတင်ဘက်က ဘာကြောင့် ထရမ့်က ရှေ့နေလိုက် နေသလဲ လို့ မေခွန်းထုတ်စရာဖြစ်ရတယ်။

အစီအစဥ်ထဲမှာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေရုပ်သိမ်းပြီး “ကမ္ဘာ့စီးပွားရေးအင်အားအတွင်း ရုရှားလည်း ပြန်လည် ပေါင်းစည်း ပါဝင်နိုင်မယ်” ဆိုတဲ့အချက်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေပါဝင်တဲ့ G7 (စက်မှုထိပ်သီး ခုနစ်နိုင်ငံ) အဖွဲ့ထဲ ရုရှားပြန်လည် ပါဝင်နိုင်ပြီး G8 ပြန်ဖြစ်လာရေးကို ‘ထရမ့်’ က အကြံပြုထားတယ်လို့ ဆိုတယ်။ မော်စကိုဘက်ကတော့ အမေရိကန်ရဲ့ အစီအစဉ်ကို လက်ခံရရှိထားကြောင်း သမ္မတ ပူတင်က အတည်ပြုထားပေမယ့် အမေရိကန်နဲ့ အသေးစိတ် မဆွေးနွေးရသေးဘူးလို့ ဆိုတယ်။

ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက်‘သမ္မတ ထရမ့်’ အဆိုပြုထားတဲ့ ၂၈-ချက်ပါ “ငြိမ်းချမ်းရေး အဆိုပြုချက်”ကို လက်ခံ အတည်ပြုရေးအတွက် သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးဟာ အဆင်သင့် မဖြစ်သေးဘူးလို့ ဒီဇင်ဘာ (၇)ရက်နေ့က ‘ထရမ့်’က ပြောလိုက် တယ်။ ဒီဇင်ဘာ (၆)ရက်နေ့က အမေရိကန်ပြည်ထောင်စုနဲ့ ယူကရိန်း နှစ်နိုင်ငံ ငြိမ်းချမ်းရေး ညှိနှိုင်း ရေး ကိုယ်စားလှယ်တွေ  သုံးရက်ကြာ ဆွေးနွေးပွဲ ပြီးဆုံးခဲ့တယ်။ ဆွေးနွေးပွဲမှာ အမေရိကန်အစိုးရရဲ့ အဆိုပြုချက်တွေထဲက အချို့ သဘောကွဲလွဲချက်တွေကို လျှော့ချ နိုင်ရေး ယူကရိန်းဘက်က ဆွေးနွေးကြတယ်လို့  သမ္မတ ထရမ့် က ဆိုတယ်။ ထရမ့် အဆိုပြုချက်ကို လက်ခံအတည်ပြုဖို့ ဇလန်းစကီးဟာ အဆင်သင့် မဖြစ်သေးဘူးလို့ သုံးရက်ကြာ ဆွေးနွေးပွဲအပြီး ‘သမ္မတ ထရမ့်’ က ပြောတယ်။

ဒါပေမယ့် ဒီဇင်ဘာ (၇) ရက်နေ့ ညက သတင်းထောက်တွေနဲ့ တွေ့ဆုံအမြင်ဖလှယ်ကြရာမှာ ယူကရိန်း သမ္မတ ဇလန်းစကီးအနေနဲ့ ဒီကိစ္စကို ဆက်လက်ဆွေးနွေးလိုတဲ့ သဘောထားရှိပါတယ်လို့ ထရမ့်က ပြောကြားခဲ့ပြန်တယ်။

“ကျွန်တော် နည်းနည်း စိတ်ပျက်မိတာက သမ္မတ ဇလန်းစကီးဟာ ဆွေးနွေးဖို့ နာရီပိုင်းအလိုအထိ ငြိမ်းချမ်းရေး အဆိုပြုချက်ကို မဖတ်ရ သေးဘူး။ သူ့လူတွေက သဘောကျကြတယ်။ ဒါပေမဲ့ သူက ဖတ်မကြည့်ရသေးဘူး” လို့ ကနေဒီစင်တာဂုဏ်ပြုပွဲ မတက်ခင်မှာ သမ္မတ ထရမ့် က သတင်းထောက်တွေကို ပြောခဲ့တယ်။

သမ္မတ ဇလန်းစကီးဟာ တနင်္လာနေ့မှာ ဗြိတိသျှဝန်ကြီးချုပ် ဆာ စတာမာ အပါအဝင် ဥရောပခေါင်းဆောင် တွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်။ အမေရိကန်အစိုးရ အဆိုပြုထားတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး တင်ပြချက်ကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ ထရမ့်ရဲ့ စစ်ရပ်စဲရေး အဆိုပြုတင်ပြချက်ကို လက်ခံအတည်ပြုဖို့ ဇလန်းစကီးဟာ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောပြီးနောက်မှာ အခုလို ဥရောပ ခေါင်းဆောင် တွေနဲ့ သမ္မတ ဇလန်းစကီး ဆွေးနွေးဖို့ ဖြစ်လာတာလို့ဆို တယ်။

“စစ်ရပ်စဲရေး အဆိုပြုတင်ပြချက်နဲ့ ပတ်သက်လို့ ရုရှားဘက်က သဘောတူလက်ခံတယ်လို့ ကျွန်တော် ယုံကြည် တယ်။ ဒါပေမဲ့ ဇလန်းစကီး ဘက်ကတော့ သိပ်မသေချာဘူးလို့ထင်တယ်” လို့ ‘သမ္မတ ထရမ့်’ က ဆိုတယ်။ ထရမ့်ရဲ့ အခုလို ပြောကြားပုံကလည်း ယူကရိန်းကို နိုင်ငံတကာ က အထင်အမြင် လွဲအောင် ပြောသလိုဖြစ်နေတယ်။

 အိမ်ဖြူတော်အစိုးရရဲ့ စစ်ရပ်စဲရေး အဆိုပြုတင်ပြချက်နဲ့ ပတ်သက်လို့ ရုရှား သမ္မတဗလာဒီမီယာ ပူတင်ဘက်က လူသိရှင်ကြား အတည်ပြုချက် မပေးသေးပါဘူး။ လွန်ခဲ့တဲ့သီတင်းပတ်တုံးက ထရမ့်အဆိုပြုချက်အပေါ် ပူတင်က မှတ်ချက် ပေးဖူးပါတယ်။ အဆိုပြုချက် မူကြမ်းထွက်လာစဉ်က မော်စကိုဘက်ကို မျက်နှာသာပေးထားပေမယ့် ပူတင်က “ထရမ့်ရဲ့ အဆိုပြုချက်ဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူး” လို့ ပြောခဲ့တယ်။

ဒီဇင်ဘာ(၈)ရက်နေ့မှာ ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ချိန်မှာ အမေရိကန်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးစဉ်က ယူကရိန်းကိုယ်စားလှယ်အဖွဲ့ရဲ့ ဆွေးနွေးတင်ပြချက်တွေကို သမ္မတ ဇလန်းစကီးအနေနဲ့ ကြားနာရမှာဖြစ်ပါတယ်။ ဒီအပြင် ငြိမ်းချမ်းရေးအစီအစဉ်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း အထောက်အထားတွေအားလုံးကိုလည်း ဇလန်းစကီးအနေနဲ့ လက်ခံရရှိမှာဖြစ်တယ်လို့ ယူကရိန်း ဝါရင့် ကိုယ်စားလှယ်အဖွဲ့ ဝင် ‘ရပ်စတန် အူမာနော့ဗ်’ (Rustem Umerov) က ပြောကြား ပါတယ်။

ရုရှားကျူးကျော်တဲ့ ယူကရိန်းစစ်ပွဲ ဂုဏ်သိက္ခာရှိရှိ အဆုံးသတ်နိုင်ပါမည်လား

ယူကရိန်းညှိနှိုင်းရေးအဖွဲ့ရဲ့ ပဓာနတာဝန်က မော်စကိုမှာ အမေရိကန်ကိုယ်စားပြုအဖွဲ့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်နဲ့ ပတ်သက်တဲ့ ရှင်းလင်းပြောကြားဆွေးနွေးချက်အပြည့်အစုံကို အစီရင်ခံတင်ပြဖို့နဲ့ အဆိုပြုဆွေးနွေးချက်ဆိုင်ရာ စာရွက် စာတမ်း အထောက်အထား မူကြမ်းတွေကို လက်ခံရယူဖို့ ဖြစ်တယ်လို့ ‘အူမာနော့ဗ်’ က ဆိုတယ်။

“သက်ဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များနဲ့အတူ ဒီစစ်ပွဲကို ဂုဏ်သိက္ခာရှိရှိ အဆုံးသတ်နိုင်ရေးအတွက် ကျွန်တော်တို့ စွမ်းဆောင်နိုင်သမျှ ကိစ္စအဝဝကို ကြိုးပမ်းဆောင်ရွက်သွားကြမှာ ဖြစ်တယ်” လို့ ယူကရိန်း ဝါရင့်ကိုယ်စားလှယ်အဖွဲ့ ဝင် ‘ရပ်စတန် အူမာနော့ဗ်’က ဆိုတယ်။

သမ္မတ ဇလန်းစကီးဟာ တနင်္လာနေ့မှာ ဗြိတိသျှဝန်ကြီးချုပ် ဆာ စတာမာ၊ ပြင်သစ် သမ္မတ မက်ကရွန်၊ ဂျာမန် အဓိပတိ ဖရီးဒရစ်ချ် မာ့ဇ် အပါအဝင် ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်တယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တုန်းက မီယာမီ မှာ ယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပြီး အမေရိကန်ကိုယ်စားလှယ်အဖွဲ့က ငြိမ်းချမ်းရေး အစီအစဉ်မူကြမ်းကို ရှင်းပြခဲ့တယ်။ အဲဒီတုန်းက ‘သမ္မတ ထရမ့်’ က သူ့တင်ပြချက်အဆိုကို ‘ဇလန်းစကီး’ မဖတ်ရသေးတဲ့ အတွက် စိတ်ပျက်မိတယ်လို့  ပြောခဲ့တာဖြစ်တယ်။

ဝါရှင်တန်အစိုးရ ရေးဆွဲခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်မူကြမ်း ပေါ်ထွက်လာတဲ့ နိုဝင်ဘာလတုံးက ရုရှားဘက်က တောင်းဆိုချက်အားလုံး ပါဝင်လာတဲ့အတွက် အကြီးအကျယ် ဒေါသူပုန်ထခဲ့ကြသေးတယ်လို့ဆိုတယ်။ အဲဒီတုန်းက ‘ထရမ့်’ က သူ့ ငြိမ်းချမ်းရေး အဆိုပြုချက်နဲ့ ပတ်သက်လို့ ရုရှားဘက်က သဘောတူလက်ခံတယ်လို့ သူယုံကြည်တယ်။ ဒါပေမဲ့ ‘ဇလန်းစကီး’ ဘက်ကတော့ သိပ်မသေချာဘူး လို့ထင်ကြောင်း ‘သမ္မတ ထရမ့်’ က ပြောခဲ့ပုံက မမျှတဘူးဆိုတာထက် ဘက်လိုက်ရာ ရောက်နေတယ်။

ဇန်နဝါရီလက ‘သမ္မတ ထရမ့်’ ဒုတိယအကြိမ် အာဏာရလာပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်အထိ အမေရိကန်၊ ရုရှား နဲ့ ယူကရိန်းတို့အကြား သံခင်းတမန်ခင်း ကြိမ်ဖန်များစွာ လုပ်ဆောင်ချက်တွေကို ကြည့်ရင် ဘယ်နိုင်ငံမှ ငြိမ်းချမ်းရေး သဘောတူညီမှု ကို လက်ခံလိုလားတဲ့ အလားအလာ တိုးတက်မှု မတွေ့ရဘူး။

ဝါရှင်တန်က နိုဝင်ဘာလတုန်းက အပစ်ရပ်ရေးအဆိုပြုချက်တင်ပြရာမှာ ရုရှားရဲ့ စစ်ပွဲကာလ တောင်းဆိုချက်တွေ ကို အတည်ပြု ထည့်သွင်း ဖော်ပြထားတယ်လို့ ဆိုတယ်။ ဒါကြောင့် ကိယက်ဗ်အစိုးရရဲ့ ဥရောပမဟာမိတ်တွေက ငြိမ်းချမ်း ရေး/စစ်ရပ်စဲရေးဆိုင်ရာ အဆိုပြုချက်တွေ ပိုမို တိုးတက်မျှတကောင်းမွန်စေရေးအတွက် ယူကရိန်းကို အားပေး ထောက်ခံမှု လုပ်ခဲ့ကြတယ်လို့ သိရတယ်။

Photo: Cornell SC-JC of Business

ယူကရိန်း ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ

သမ္မတ ဇလန်းစကီး က သူ့ရဲ့ နောက်ဆုံးအယူအဆကို အီတလီ ဝန်ကြီးချုပ် ‘ဂျော်ဂျီယာ မယ်လိုနီ’ (Giorgia Meloni)နဲ့ ဒီဇင်ဘာ(၇)ရက်နေ့က တယ်လီဖုန်းကတဆင့် စကားပြောစဉ်မှာ ပြောပြခဲ့တယ်လို့ဆိုတယ်။ မကြာသေးမီက မီယာမီမှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပြီး ထရမ့်ရဲ့ ငြိမ်းချမ်းရေး အကြံပြုချက် ကို ဆွေးနွေးခဲ့ကြောင်း၊ လတ်တလော ရင်ဆိုင်ရမယ့် “ဖြစ်နိုင်ခြေ အလားအလာတွေနဲ့ စိန်ခေါ်မှုတွေ” အကြောင်း အပါအဝင် မီယာမီဆွေးနွေးပွဲအတွေ့အကြုံကို အီတလီဝန်ကြီးချုပ်ကို ပြောပြခဲ့တယ်လို့ ဆိုတယ်။ “အလွန်လက်တွေ့ကျပြီးအကျိုးရှိတယ်” လို့  ‘ဇလန်းစကီး’ က ‘မယ်လိုနီ’ကို ပြောပြခဲ့ကြောင်း သိရတယ်။

ဇလန်းစကီးက အီတလီဝန်ကြီးချုပ်ကို ရှင်းပြရာမှာ – “ရုရှားအနေနဲ့ စစ်ပွဲရပ်စဲလိုတဲ့ သဘောထားစစ်စစ်မှန်မှန်ရှိ ကြောင်း သေချာစေဖို့အတွက် ကျွန်တော်တို့ အတူလက်တွဲ လုပ်ဆောင်စရာ ကိစ္စတွေ ရှိသေးတယ်” လို့ ဆိုပါတယ်။

အနာဂတ်စစ်ရေး ပဋိပက္ခတွေကို ကာကွယ်နိုင်ရေးအတွက် ရေရှည်တည်တံ့မယ့် လုံခြုံရေးအစီအမံတွေကို အီတလီနိုင်ငံက ကျောထောက် နောက်ခံ ပြုပေးဖို့ကိုလည်း ‘ဇလန်းစကီး’က အလေးအနက်ပြုပြောဆိုခဲ့ကြောင်း သိရတယ်။ 

“စစ်မှန်တဲ့ လုံခြုံရေးအာမခံချက်နဲ့ နောက်ထပ်စစ်ပွဲအသစ်တွေ ဖြစ်မလာဖို့ ကြိုတင်ကာကွယ်ရေး လိုအပ်ချက် တွေကို အီတလီနိုင်ံငံက ပြတ်ပြတ်သားသားထောက်ခံနေတာတွေ့ရပါတယ်။ ကျွန်တော်တို့ဟာ ဥရောပတိုက်ရဲ့ သံတမန် ရေးရာကိစ္စတွေမှာ အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက်လည်း ကြိုတင်ပြင်ဆင်နေပါတယ်” လို့ ယူကရိန်း သမ္မတ ဇလန်းစကီး က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့တယ်။  

လန်ဒန်၊ ဘရပ်ဆဲလ် နဲ့ ရောမမြို့တွေဆီ ကြိုတင်စီစဉ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် ခရီးမထွက်မီ ဒီဇင်ဘာ(၇)ရက်နေ့က အီတလီ ဝန်ကြီးချုပ် ‘ဂျော်ဂျီယာ မယ်လိုနီ’ က ယူကရိန်း ‘သမ္မတ ဇလန်းစကီး’ကို ဖုန်းဆက်သွယ်ခဲ့ ကြောင်း အီတလီဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

အမေရိကန်သမ္မတ ‘ထရမ့်’ ရဲ့ နုတ်ထွက်သွားတဲ့ ယူကရိန်းနိုင်ငံဆိုင်ရာ သံအမတ်က ယူကရိန်း-ရုရှားစစ်ပွဲရပ်စဲရေး သဘောတူဖို့အရေးဟာ ပဓာနကျတဲ့ ပြဿနာနှစ်ခု ဖြေရှင်းရေးအပေါ်မှာ မူတည်နေတာကြောင့် အဆုံးသတ်သွားပါပြီလို့ ဆိုတယ်။ ဒါပေမဲ့ ကရင်မလင် အစိုးရကတော့ အမေရိကန်အစိုးရရဲ့ အဆိုပြုချက်ကို လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ လိုတယ်လို့ ပြောထားပြန်တယ်။ 

ရုရှားက ယူကရိန်းအရပ်သူအရပ်သား ပစ်မှတ်တွေကို ခွဲခြားမှုမပြုဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အီတလီ ဝန်ကြီးချုပ် ‘ဂျော်ဂျီယာ မယ်လိုနီ’က ယူကရိန်းနဲ့ သွေးစည်းမှုရှိကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့တယ်။ ဒိအပြင် လူသားချင်းစာနာမှု အရေးပေါ် အကူအညီတွေ ပေးပို့သွားမယ်လို့လည်း ကြေညာခဲ့တယ်။ ရုရှားရဲ့တိုက်ခိုက်မှု ကြောင့် ဒုက္ခရောက်နေရတဲ့ ယူကရိန်းပြည်သူတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး၊ စားနပ် ရိက္ခာတွေ ပေးပို့သွားမယ်လို့ ဆိုတယ်။ လာမယ့်သီတင်းပတ်တွေမှာ အီတလီကုမ္ပဏီတွေ ထုတ်လုပ်တဲ့ လျှပ်စစ်ဓါတ်အား ပေးစက်တွေ ပေးပို့သွားမယ်လို့ အီတလီကထုတ်ပြန်ကြေညာခဲ့တယ်။    

အမေရိကန်ဦးဆောင်တဲ့ လက်ရှိဆောင်ရွက်နေဆဲ ငြိမ်းချမ်းရေး စစ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းပွဲကိုလည်း ဆက်လက် ထောက်ခံ ပါဝင် သွားမယ်လို့ အီတလီ ဝန်ကြီးချုပ် ပြောဆိုခဲ့တယ်။ ဝန်ကြီးချုပ် ‘မယ်လိုနီ’က ယူကရိန်းနိုင်ငံရဲ့ စိတ်ကောင်းနှလုံးကောင်းနဲ့ လိုလား ထက်သန်မှုရှိရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ပါဝင်လာခြင်းကို ကြိုဆိုပါကြောင်းလည်း ပြောကြားခဲ့တယ်။ တစ်ဆက်တည်းမှာ မော်စကို အစိုးရ အနေနဲ့လည်း အလားတူ ပွင့်လင်းမြင်သာမှုရှိရှိ ယုံယုံကြည်ကြည်နဲ့ ဆွေးနွေးပွဲမှာ ပါဝင်စေလိုကြောင်း အီတလီ ဝန်ကြီးချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ကြောင်း သိရတယ်။

ယူကရိန်း သမ္မတ ဇလန်းစကီးဟာ တနင်္လာနေ့မှာ ဗြိတိသျှဝန်ကြီးချုပ် ဆာ စတာမာ၊ ပြင်သစ် သမ္မတ မက်ကရွန်၊ ဂျာမန် အဓိပတိ ဖရီးဒရစ်ချ် မာ့ဇ် အပါအဝင် ဥရောပခေါင်းဆောင်တွေနဲ့ တက်သုတ်ရိုက် စီစဉ်ထားတဲ့ အစည်း အဝေး တက်ရောက်ခဲ့တယ်။ တွေ့ဆုံအပြီးမှာ လေးနှစ် ကြာခဲ့ပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး မျှော်လင့်ထားကြောင်း ပြောကြားခဲ့တယ်။ ဗြိတိသျှဝန်ကြီးချုပ် ဆာ စတာမာ၊ ပြင်သစ် သမ္မတ မက်ကရွန်၊ ဂျာမန် အဓိပတိ ဖရီးဒရစ်ချ် မာ့ဇ်တို့က ယူကရိန်း သမ္မတ ဇလန်းစကီးဘက်က ဆက်လက် ရပ်တည် ထောက်ခံမှာ ဖြစ်ကြောင်း၊ အမေရိကန်အနေနဲ့ ရုရှား သမ္မတ ပူတင်ကို မျက်နှာသာပေးပြီး ဇလန်းစကီးကို ဖိအားပေး လက်မှတ်ထိုးခိုင်းတာမျိုးဖြစ်မှာ စိုးရိမ်ကြောင်း ပြောတယ် လို့ ရိုက်တာသတင်းက ဆိုပါတယ်။

ယူကရိန်းက နယ်မြေစွန့်လွှတ်မည် မဟုတ်

စစ်ပွဲကာလ လေးနှစ်နီးပါး ကြာမြင့်လာချိန်မှာ ယူကရိန်းနိုင်ငံဟာ အခက်ခဲဆုံး အဆင့်တွေကို ဖြတ်သန်းနေရပြီ ဖြစ်ပါတယ်။ ရုရှားတပ်တွေက တဖြည်းဖြည်းနဲ့ နိုင်ငံအရှေ့ပိုင်းအတွင်း ဖိအားပေး ချင်းနင်း ချီတက်လာနေပါတယ်။ ရုရှားတပ်တွေက ယူကရိန်းရဲ့ လျှပ်စစ်စွမ်းအား ထုတ်လုပ် ပေးနေတဲ့ စက်ရုံတွေနဲ့ စွမ်းအင်အရင်းအမြစ်တွေကို အရှိန်မြှင့်ပြီး တရစပ်တိုက်ခိုက်လာနေတယ်လို့ဆိုတယ်။ ဒါကြောင့် ယူကရိန်းရဲ့ မြို့ကြီး မြို့ငယ်တွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ အမှောင်ထုအောက်မှာ ခက်ခက်ခဲခဲ ရုန်းကန်နေထိုင်နေကြရတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။

လန်ဒန်အစည်းအဝေးအပြီး ယူကရိန်း သမ္မတ ‘ဇလန်းစကီး’ က သတင်းထောက်တွေကို ပြောကြားရာမှာ “ထရမ့်” ရဲ့ အဆိုပြုချက် မူကြမ်းကို ဥရောပခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးနောက် “အချက်-၂၀ ပါတဲ့ ပြင်ဆင်ချက် မူကြမ်း” ရရှိထားပြီလို့ ဆိုတယ်။ ဒါပေမဲ့ မော်စကို ဘက်က ဖိအားပေးတောင်းဆိုနေတဲ့ နယ်မြေစွန့်လွှတ်ရေး ပြဿနာကိုတော့ သဘောတူညီမှု မရရှိခဲ့ဘူးလို့ ဆိုထားတယ်။

“အမေရိကန်ရဲ့ သဘောထားမူဝါဒ က စေ့စပ်ညှိနှိုင်း အပေးအယူလုပ်စေချင်တာဖြစ်တယ်” လို့ ‘ဇလန်စကီး’ က ဆိုတယ်။ “ဒါကို မူအရ လက်ခံပေမယ့် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာကို ညှိနှိုင်းဖြေရှင်းဖို့ကတော့ အလွန်ရှုပ်ထွေးတဲ့ အတွက် စေ့စပ်ညှိနှိုင်းသဘောတူမှု မရရှိနိုင်ဘူး” လို့ သမ္မတ ‘ဇလန်းစကီး’ က သတင်းထောက်တွေကို ပြောကြားခဲ့တယ်။

“ယူကရိန်းနိုင်ငံအနေနဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေရဲ့ ဘယ်အစိတ်အပိုင်းကိုမှ စွန့်လွှတ်မှာမဟုတ်ကြောင်း” ဆိုတဲ့ သူ့ရဲ့ ရပ်တည်ချက် သဘောထားကို  ‘ဇလန်းစကီး’ က သတင်းထောက်တွေကို ထပ်ကာတလဲလဲ ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြထားတာ တွေ့ရတယ်။

ဒီဇင်ဘာ (၇)ရက် ညနေပိုင်းက ယူကရိန်းနိုင်ငံသူ နိုင်ငံသားတွေကို ရုပ်မြင်သံကြားက တစ်ဆင့် မိန့်ခွန်းပြောကြားရာ မှာ “ကျွန်တော်တို့ ဒီသီတင်းပတ်မှာ သံခင်းတမန်ခင်းအသစ်နဲ့ ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဥရောပနိုင်ငံခေါင်းဆောင် များနဲ့ ဆွေးနွေးညှိနှိုင်းမှုလုပ်ဖို့ ရှိပါတယ်” လို့ သမ္မတ ‘ဇလန်းစကီး’ က မီးရထားနဲ့ ခရီးသွားနေစဉ် တိုင်းပြည်ကို အသိပေးခဲ့ ပါတယ်။

“ပထမဦးဆုံးနဲ့ ပဓာနအကျဆုံးပြောလိုတဲ့ ကိစ္စကတော့ လုံခြုံ‌ရေးဆိုင်ရာ ပြဿနာတွေအကြေင်းပါပဲ။ အခက်အခဲ ကို အခြေအနေနဲ့ လိုက်လျောညီထွေစွာ ကျော်ဖြတ်နိုင်ရေးအတွက် ထောက်ခံအားပေးကြစေလိုပါတယ်။ နိုင်ငံကာကွယ်ရေး အတွက် အဘက်ဘက်ကနေ ထောက်ခံပံ့ပိုး ကြစေလိုပါတယ်။ ပထမဦးစားပေးနဲ့ အ‌ရေးအကြီးဆုံးကိစ္စက ယူကရိန်းနိုင်ငံကို လေကြောင်းရန်ကနေ ကာကွယ်ရေးအတွက် ရေရှည် ငွေကြေးအထောက်အပံ့ ရရှိရေးဖြစ်ပါတယ်။ ကျွန်တော်တို့ ဥရောပ နိုင်ငံခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းရာမှာ ဒီကိစ္စကို အသေအချာ ထည့်သွင်း ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဘုံသဘောထား အမြင်၊ ဘုံသဘောထားရပ်တည်ချက်ရရှိအောင် ကျွန်တော်တို့ သေသေချာချာ ဆွေးနွေးညှိနှိုင်းမှာ ဖြစ်ပါတယ်” လို့ သမ္မတ ‘ဇလန်းစကီး’ က ပြည်သူလူထုကို အသိပေးပြောကြားခဲ့ကြောင်း သတင်းအရ သိရတယ်။

References –

  1. Ukraine to share revised peace plan with US on Tuesday, Zelenskiy says, By Olena Harmash and Elizabeth Piper; Reuters December 9, 2025
  2. Italy’s Meloni pledges emergency aid to Ukraine in call with Zelenskiy. Reuters  8 December 2025.
  3. Ukraine-Russia war latest: Zelensky to meet European allies after Trump claims Kyiv ‘isn’t ready’ for US peace deal, The Independent Monday 08 December 2025
  4. Zelenskiy, European leaders to convene in London amid US peace push, By Olena Harmash, Reuters  8 December 2025.
  5. ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲထင်သာတဲ့ တိုးတက်မှုရရှိတယ်လို့ အမေရိကန်ပြော၊ ဘီဘီစီ ၂၄ နိုဝင်ဘာ ၂၀၂၅။
Click to rate this post!
[Total: 0 Average: 0]