The Corner

The Corner

cropped-Logo_round_grey-background.png

ဒရာဗီ Dharavi သို့မဟုတ် ဆင်းရဲသားသူဌေးမှသည်

Share မယ်

မကြာခင်ကလေးက The Corner Online Magazine ဆောင်းပါးတွေထဲက ဆရာဝင်းထွဋ်ဇော်ရဲ့ အိန္ဒိယ နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေး ဖတ်မိသဖြင့် တစ်ချိန်ကစိတ်ဝင်စားခဲ့ဖူးသည့်အကြောင်းအရာကိုပြန် အမှတ်ရမိသည်။ ထိုအကြောင်းကို တစ်ကမ္ဘာလုံးသိသည်။ ၂၀၀၈ ခုနှစ်တွင် ဆုပေါင်းများစွာ သိမ်းပိုက်ဖူးသည့် Slumdog Millionaire ဆိုသည့် ရုပ်ရှင်ဇာတ်ကားပင်ဖြစ်သည်။ ဇာတ်အိမ်တည်ရာ နယ်မြေဖြစ်သည့် ဒရာဗီသည်က ဆင်းရဲသားရပ်ကွက်တစ်ခုဖြစ်သည်။ ဆင်းရဲသားရပ်ကွက်ဆိုလျင် လူအတော်များများက ပွန်းပွန်းတီးတီး နေလေ့မရှိ။ ကျွန်တော်က ထိုသို့မဟုတ်။ ငယ်စဉ်ကတည်းက ဆင်းရဲသားများ တစ်နည်း လက်လုပ်လက်စားများနေသည့် နေရာနားတွင် ကြီးပြင်း လာသူဖြစ်၍ သူတို့ နှင့် ပေါင်းသင်းနေထိုင်ခဲ့သူဖြစ်သည်။ ကျွန်တော်တို့ရပ်ကွက်က တစ်ချိန်က ဆန်စက်ကြီးများ အများဆုံး ရှိ၍ ထိုစက်တွင် လုပ်ကိုင်ကြသည့် အလုပ်သမားများအများစုမှာ စက်ဝန်းကျင်တွင်သာနေထိုင်ကြ သည်။ ဂရန်မရှိ ။ မြေပိုင်မရှိ။ လွတ်နေသည့်နေရာတွင် အိမ်ဆောက်၍နေကြခြင်းဖြစ်သည်။ တချို့ စက်များက စပါးတစ်မျိုးတည်း ကြိတ်ခွဲသော်လည်း တချို့စက်များက စပါးရော ပဲပါကြိတ်သည်။ သူတို့ ထမင်းဝိုင်းတွင် အများဆုံးပါသည်က နှမ်းဖတ်ချဉ်ဖြစ်သည်။ ကျွန်တော်က ထိုနှမ်းဖတ်ချဉ်ကိုကြိုက် သဖြင့် ခဏခဏ သွားစားဖြစ်သည်။ အိမ်ကိုတော့ မယူသွားရဲ။ ကျွန်တော်ကောင်းကောင်းမှတ်မိနေသည်က သူတို့သည် လက်လုပ်လက်စား သမားများ ဖြစ်ပါသော်လည်း ကျွန်တော်သူတို့စားသလို လိုက်စားနေ သည်ကို အားရဝမ်းသာရှိလွန်းတာပင်ဖြစ်သည်။ ထိုအရာသာမက တခြားမုန့်များ ကျွေးလျှင်လည်း စားသဖြင့် တော်တော်လေးခင်မင်ကြသည်။ သူတို့နှင့် နှစ်ပေါင်းများစွာဝေးနေပါသော်လည်း ယနေ့ အချိန်အထိ တစ်ခါတစ်ရံ ဆုံမိသည့်တိုင် ထိုအခင်အမင်ကမပျက်။ သူတို့သည် ယနေ့ခေတ်စကားဖြင့် ဆိုရလျှင် စရိုက် ကျကောင်းကျမည်။ အရက်သေစာ သောက်စားကောင်း စားမည်။ လူမှုကျင့်ဝတ် ဖောက်ပြန်ကောင်းပြန်မည်။ သို့သော်လည်း ထိုထိုကြားများထဲတွင် ကောင်းကွက်များရှိသည်ကို ငယ်စဉ်ကတည်းက သိခဲ့ရသည်။ အလုပ်ကြမ်းသမားများဖြစ်၍ အိမ်ထဲကို မြေဖို့ချင်ပါသည်ဆိုလျှင် သူတို့ကိုသာ အားကိုးရသည်။ မြက်ရှင်းချင်ပါသည်ဆိုလျှင်လည်း သူတို့ပင်။ ထင်းခွဲချင်ပါသည်ဆို လည်း သူတို့။ ယုတ်စွအဆုံး အိမ်သာကျင်းတူးချင်ပါကလည်း သူတို့သာ။ အလှူမင်္ဂလာပွဲများရှိ၍ ဦးရွှေရိုး ကပါဦး ဆိုလျှင် သူတို့ကရှေ့က။ ထိုအရာများကို သူတို့မှလောက်ဘယ်သူမှမလုပ်တတ်ကြ။ အိမ်မှာ ချက်ထားသည့်ထမင်းဟင်းများပိုနေ၍ “ဟဲ့ ဘယ်သူရေ ငါတို့မှာ ထမင်းတွေဟင်းတွေပိုနေ လို့ယူသွားပါဦး” ဆိုလည်း မျက်စောင်းမထိုး။ “အလကားပိုနေလို့ ဟာကြီး” “သူများ စားပြီးသားကြီး” ဆိုပြီး စောဒကမတက်။

သို့ဖြစ်၍ ဒရာဗီကို စိတ်ဝင်စားမိခြင်းဖြစ်ချေမည်။သို့သော်လည်း ဒရာဗီသာမက အခြား အခြားသော နိုင်ငံများရှိ ဆင်းရဲသား ရပ်ကွက် အကြောင်းများကိုလည်း အလျဥ်းသင့်သလို သွားရောက် လေ့လာမိသည်။ အကယ်တန္တု ဆင်းရဲသားရပ်ကွက်များထဲတွင် ဒရာဗီသည်ကား စံတင်လောက်သည်ကို သိခဲ့ ရလေသည်။ ထိုအပြင်ဆရာဝင်းထွဋ်ဇော်၏ ဆောင်းပါးထဲတွင် “ကမ္ဘာပေါ်ရှိ မညီမျှမှု မရှိဆုံး ဒေသတွေထဲက တစ်ခုဖြစ်တဲ့ အိန္ဒိယမှာ မတူကွဲပြားတဲ့ လူတန်းစားတွေ အကြားမှာ ဘာကြောင့် ငြိမ်းချမ်းရေး ရနေတာပါလဲ” ဆိုပြီး အိန္ဒိယနိုင်ငံ၏ မတူကွဲပြားမှုများ ချမ်းသာခြင်းနှင့်ဆင်းရဲခြင်း နောက်ထုံးစံ အတိုင်း အကျင့်ပျက်လာဘ်စားမှုများနှင့် လူဆိုးဂိုဏ်းများ အကြောင်းကို တို့ထိ ထားသည်။ ထိုအထဲတွင် အထက်တွင်တင်ပြခဲ့သလို မတူကွဲပြားသည့်လူတန်းစားတွေအကြားမှာ ဘာကြောင့်ငြိမ်းချမ်း ရေးရနေပါသလည်း ဆိုသည့် တင်ပြချက်ကို သဘောကျမိသည်။ အဘယ်ကြောင့်ဆိုသော် တစ်ချိန်က ကျွန်တော်စိတ်ဝင်စားမိသည့် ဒရာဗီတွင်လည်း ထိုနည်း လည်းကောင်း တွေ့ရသောကြောင့်ဖြစ်သည်။ အဓိက ဘာသာကြီးများဖြစ်သည့် ဟိန္ဒူ၊ မွတ်စလင် တို့အပြင် တခြား ဘာသာများပါ ရောနှော ယှက်တင်ကာ နေထိုင်နေသည့် ဆင်းရဲသားရပ်ကွက်ကြီးဖြစ်သည်။ ဆင်းရဲသား ရပ်ကွက်ဟုဆိုလျှင် အင်မတန် အကဲဆတ်လွယ်သော၊ အင်မတန် ထိခိုက်ရှလွယ်သော ဝန်းကျင်တစ်ခုဖြစ်သည်။ မည်သည့်နေရာ မည်သည့်ဒေသတွင်ရှိရှိ ထိုသဘောတရား သည်က ရာနှုန်း အတော် များများမှန်သည်ကို တွေ့ရပေလိမ့်မည်။ သိုသော် ဒရာဗီသည် ထိုသို့မဟုတ် မည်သည့် ဘာသာ တရားကို ကိုးကွယ် ကိုးကွယ်၊ မည်သည့် ဘာသာစကားကို ပြောပြော ထိလွယ်ရှလွယ်မှု နည်းသည်ဟု ဆိုနိုင်ပါသည်။ ဤသည်က ဒရာဗီတွင် အကျင့်ပျက်ခြစားမှုများ လူဆိုးဂိုဏ်းများ မရှိဘူးဟု ဆိုလိုခြင်း မဟုတ်ပါ။

သို့သော်လည်း သူတို့၏ ကောင်းကွက်များစွာလည်း ရှိနေပေသည်။ ထိုကောင်းကွက်များကို မကြည့်ခင် ဒရာဗီ၏ ဖြစ်တည်မှု အစကလည်း စိတ်ဝင်စားဖွယ်ရာ ကောင်းပေသည်။ ၁၈ ရာစုတွင် မွမ်ဘိုင်းမြို့  ဖြစ်မလာခင် ကိုဟီလူမျိုးစုတို့ နေထိုင်သည့် တံငါရွာကလေး အဖြစ် တည်ရှိခဲ့သည်။ နောက်ပိုင်းတွင် နယ်ချဲ့ အင်္ဂလိပ်တို့ရောက်လာပြီးနောက်ပိုင်း မွမ်ဘိုင်းမြို့အား ဆိပ်ကမ်းမြို့အဖြစ် တည်ဆောက်သည့် အခါတွင် မူလရှိပြီးသား ကိုဟီလူမျိုးများအား ဒရာဗီနေရာသို့ပြောင်းရွှေ့စေခဲ့ခြင်းကစတင်ဖြစ်တည် လာခြင်းဖြစ်သည်။ နိုင်ငံတိုင်းရှိ ဆင်းရဲသားရပ်ကွက် တော်တော်များများသည် မြို့စွန်၊ ရပ်ကွက်အစွန်များနှင့် စက်ရုံအလုပ်ရုံရှိရာနေရာများတွင်သာ ရှိကြလေ့ရှိသော်လည်း ဒရာဗီသည်ကား မြို့အလယ်တွင် တည်ရှိနေခြင်းက ထူးခြားမှု တစ်ခုပင်ဖြစ်သည်။ ထို့အပြင် အိန္ဒိယ တောင်ပိုင်းမှ သားရေလုပ်ငန်း လုပ်ကိုင်သူများ ဂူဂျာရတ်မှ လက်မှု မြေထည်လုပ်ငန်းလုပ်ကိုင်သူများ နှင့် အူတာပရီဒတ်မှ ပန်းထိုး အထည်အလိပ် လုပ်ငန်းများ လာရောက် အခြေချသည့်အခါတွင် ဒရာဗီသည် အာရှ၏အကြီးဆုံးနှင့် ထင်ရှားကျော်ကြားသော သူဌေး ဆင်းရဲသားရပ်ကွက် တစ်ခုဖြစ်ရန် အကြောင်းဖန် လာခဲ့သည်။

သို့သော်လည်း ဒရာဗီသည် ညစ်ပတ်နံစော်နေသည့် ရေနုတ်မြောင်းများ၊ ရှုပ်ပွနေသည့်အမှိုက် သရိုက်များ ၊ ရေပေးဝေမှုမရှိသည့် ဘုံပိုင်တွင် သွားရောက် ခပ်ယူရသည့်စနစ်များ၊ ကျဉ်းမြောင်းလှသည့် လူနေအိမ်များ စသည့်စသည့် အမှတ်လက္ခဏာများသည် ဆင်းရဲသားရပ်ကွက် တစ်ခုဖြစ် ကြောင်း သက်သေခံနေသော်လည်း သူတို့၏ ထုတ်ကုန်စွမ်းရည်မှာမူ ကြောက်စရာကောင်းလှသည်။ ဥရောပရှိ စူပါမားကက် ကြီးများမှ သားရေထုတ်ကုန်များသည် ဒရာဗီနှင့်ကင်းလွတ်သည်ဟုဆို၍မရ။  Giorgio၊ Amani၊ Zara ကဲ့သို့သော နာမည် ရှိပြီးသား အမှတ်တံဆိပ်များကအစ ဒရာဗီအပေါ်တွင် မှီခိုနေသည်။ ယခုနောက်ပိုင်းတွင် ပလတ်စတစ်ပြန်လည်အသုံးချမှု အစအခြား စွန့်ပစ်ပစ္စည်းများ အားလုံး၏ အသုံးချမှုသည် စင်္ကာပူနိုင်ငံထက် လေးဆပိုများလေသည်။ မွမ်ဘိုင်းမြို့၏ စွန့်ပစ်ပစ္စည်း 80% ကို ဒရာဗီက ကုန်ချောများ အဖြစ် ပြန်လည်ထုတ်လုပ်ပေးနေသည်။ တစ်နှစ်စုစုပေါင်းထုတ်ကုန်တန် ဖိုးမှာ ဒေါ်လာ သန်း၆၅၀ မှ တစ်ဘီလီယံကြား တွင်ရှိသည်။ နေရာအနှံ့ရှိ ကုမ္ပဏီပေါင်း ၁၅၀၀၀ လောက်ဖြင့် ကုန်ပစ္စည်းများတင်ပို့ရာတွင် အမှာစာချည်း နေ့စဉ်တစ်သိန်းလောက်ရှိပေသည်။

များသောအားဖြင့် စွန့်ပစ်ပစ္စည်းများကို မြို့ပြင်များတွင်သာစွန့်ပစ်ကြသော်လည်း ဒရာဗီသည်ကား ထိုသို့မဟုတ်။ ဒရာဗီ၏ ပတ်ဝန်းကျင်တွင် ဟိုတယ်များ ၊ စူပါမားကက်ကြီးများ စသည့် မြို့ပြလက္ခဏာများ ဝန်းရံနေသည်။ အနောက်မီးရထားလမ်းနှင့် ဗဟိုမီးရထား လမ်းကြားတွင် တည်ရှိသည်။ နေထိုင်မှု လူဦးရေသည် တစ်စတုရန်းမိုင်လျှင် ခုနစ်သောင်းမှ တစ်သိန်းဝန်းကျင်ရှိသည်။ ထိုကြောင့် ဧက ခြောက်ရာ မျှသာ ကျယ်သောဒရာဗီတွင် တစ်အိမ်ပေါ်မှဆင်းလျင် တခြားအိမ်သို့ရောက်သည်။ ဒရာဗီ၏အိမ်ကြားလမ်းများသည် လက်နှစ်ဖက်ဆန့်၍မရ။ ကားဂိုဒေါင်မျှနေရာလေးတွင် မျိုးဆက် သုံးဆက်လောက်နေထိုင်ကြသည်။ ဧည့်ခံသည်လည်း ဒီနေရာ။ ထမင်းစားခန်းသည်လည်း ဒီနေရာ။ အလုပ်လုပ်ရာနေရာသည်လည်း ဒီနေရာ။ အိပ်တော့လည်း ဒီနေရာ။ သို့သော်လည်း သူတို့တစ်တွေ ထိုနေရာမှာပျော်သည်။ “A place where no one wants to enter and no one can leave” လို့ပင်ဆိုကြ သည်။ ဘာသာတရား ကိုးကွယ်မှုကို ကြည့်မည်ဆိုလျင်လည်း သုံးပုံတစ်ပုံ လောက်က မွတ်စလင်။ ၆% ကခရစ်ယာန်။ ကျန်သည်က ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင် အနည်းငယ်တို့ ရှိကြသည်။ အိန္ဒိယ သမိုင်းတွင် မြောက်ပိုင်း မွတ်စလင်များနှင့် တောင်ပိုင်းဟိန္ဒူတို့၏ ပဋိပက္ခများမှာ အင်မတန်ခက်ထန် ပြင်းထန်ခဲ့ကြသော်လည်း ယခုဒရာဗီတွင် ထိုမျှလောက် မတွေ့ရသည်မှာ စိတ်ဝင်စားစရာကောင်းလှ ပေသည်။ တမီလ်ဘာသာစကား၊ ဂူဂျာရတ်ဟင်ဒီဘာသာစကားများ ပြောဆို ကြသည်ကို ကြည့်ခြင်းအားဖြင့် မတူညီသောဘာသာစကားမှအစ မတူညီသောယဉ်ကျေးမှု ၊ မတူညီသောနေထိုင်မှုပုံစံ ၊ မတူညီသော အစားအသောက်များဖြင့် အသွင်သဏ္ဌန်အမျိုးမျိုးကွဲပြားနေသည်။ ထို့ကြောင့်ပင် ဆရာ ဝင်းထွဋ်ဇော်ဆောင်းပါးထဲမှ “ကမ္ဘာပေါ်ရှိ မညီမျှမှု အရှိဆုံး ဒေသတွေထဲက တစ်ခုဖြစ်တဲ့ အိန္ဒိယမှာ မတူကွဲပြားတဲ့ လူတန်းစားတွေ အကြားမှာ ဘာကြောင့် ငြိမ်းချမ်းရေး ရနေတာပါလဲ” ဆိုသည့် စိတ်ဝင်စားဖွယ် မေးခွန်းတစ်ခု ပေါ်ထွက်လာခြင်းဖြစ်မည်။

သို့ဖြင့် ဒရာဗီကို ကြည့်မည်ဆိုလျှင် ထိုမေးခွန်း၏ အဖြေကို ခန့်မှန်း၍ ရနိုင်ကောင်းသည်ဟုထင်သည်။ ဒရာဗီတွင် အကြမ်းဖက်မှုများ ၊ လူဆိုးဂိုဏ်းများမရှိသောကြောင့် ဤသို့ အာရှ၏အထင်ရှားဆုံး ဆင်းရဲသားရပ်ကွက်ကြီးတစ်ခုဖြစ်လာသည်ဟု ဆိုလျှင်မှားနိုင်ပါသည်။ မည်သည့်နေရာ မည်သည့် ဒေသတွင်မဆို လူအမျိုးအမျိုး ကွဲပြားခြားနားသော ဓလေ့စရိုက်အမူအကျင့်များကြောင့် လူကောင်း များချည်း သီးသန့်ရှိ မနေနိုင်ပါ။ ရှင်သန်မှု မတူညီသော အရာတို့ကို ဖုံးလွှမ်းနိုင်သည့်အချက်က ဒရာဗီတွင်ရှိသော အတတ်ပညာများဟု အတိအကျ ဆိုနိုင်ပါသည်။ ထိုအတတ်ပညာများဖြင့် အလုပ် အကိုင်အခွင့်အလမ်းအဆင်ပြေမှုများသည် မတူညီသော တူညီမှုများကို ထိန်းကျောင်းထား နိုင်နေခြင်းဖြစ်သည်။ ဆိုရလျင် ဒရာဗီထဲတွင်ရှိသည့် ကုန်ထုတ်စွမ်းအားစုများနှင့် အခွင့်အလမ်းများက အားမျှခြေရှိနေလျင် ပဋိပက္ခ ဖြစ်ဖို့ရာ နည်းသည်ဟု ဆိုလျင်လည်းရနိုင်ပါသည်။

ဤသို့ ညစ်ပတ်နံစော်နေသည့် ရေနုတ်မြောင်းများ မိလ္လာဆိုးအနံ့များ ၈၀%မျှ သန့်ရှင်းသောရေကို မရရှိမှု၊ လုံခြုံမှုမရှိသော ဒရာဗီအား အဆင့်မြှင့် တင်နိုင်ရန် ကြိုးစားခဲ့ကြသည်။ Adani Group မှ အစိုးရ နှင့်ပူးပေါင်းကာ ခေတ်မီအိမ်ရာများ စီးပွားရေးနှင့် လူမှုအခြေခံ အဆောက်အအုံများ ဖန်တီးနိုင်ရန် ဦးဆောင်ကြိုးစားနေကြသည်။ သို့သော်လည်း ပြဿနာပေါင်းများစွာကရှိနေသေးသည်။ ထိုကြောင့် လည်း ဒရာဗီရှိနေထိုင်သူများက မြို့ပြနေသော်လည်း မဖယ်ရှားပါနှင့် ။ တိုးတက်နေသော်လည်း မဖျက်ပါနှင့်။ ရင်းနှီးမြှုပ်နှံသော်လည်း မဖျက်ဆီးပါ နှင့်ဟုဆိုကြသည်။ ဒေါ်လာ သုံးဘီလီယံခန့် ခန့်မှန်း ထားသည့် ထိုအဆင့်မြှင့်တင်မည့်စီမံကိန်းကြီးတွင် ဘယ်လုပ်ငန်းများကို ဘယ်လို နေရာ ပေးမည်လည်း။ ဘယ်လိုသူတွေကို ဘယ်နေရာမှာနေထိုင်ခွင့်ပေးမည်လည်း။ ထိုပေးမည့်သူများကလည်း ဒရာဗီတွင် အမှန်တကယ် နေထိုင်သည့် သူတွေလား။ ထိုထိုအရာများအတွက် ပြဿနာပေါင်းများစွာ ကလည်းစောင့်ကြိုနေသည်။ အထူးသဖြင့် ဤသို့ အဆင့်မြှင့် လုပ်ငန်းလုပ်ဆောင်ဖို့ စတင်ချိန်တွင် လက်ရှိလုပ်ကိုင်နေကြသည့် လုပ်ငန်းများအရှိန်အဟုန်မပျက် ဆက်လက်လုပ်ကိုင်နိုင်ရေးကလည်း အင်မတန်အရေးကြီးလှပေသည်။ အရေးအကြီးဆုံးတစ်ခုသည်က မြို့ပြဆန်မှုပင်ဖြစ်သည်။ ဒရာဗီ တွင် တစ်အိမ်နှင့် တစ်အိမ် ရင်ချင်းဆက် နေခဲ့ရသည့် ရင်းနှီးချစ်ကြည်မှုများသည် အထပ်မြင့် အဆောက်အအုံများဆီသို့ရွှေ့ပြောင်းရသည့်အခါတွင် လူမှု အသိုင်းအဝိုင်းများအား ခွဲထုတ်လိုက်ခြင်း ဖြစ်သောကြောင့် ဆက်ဆံရေး ယဉ်ကျေးမှုများပျက်စီးသွားမည်ကို စိုးရိမ်နေကြသည်။ လုပ်ငန်းများ အတွက်ဆိုလျင် စွန့်ပစ်ပစ္စည်းများပြန်လည်စုဆောင်းခြင်း နှင့် ပြန်လည်ထုတ်လုပ်ခြင်းလုပ်ငန်းများ အတွက် ဈေးကွက်ချိတ်ဆက်မှုများ ၊ အလုပ်သမား ကွန်ရက်များ အခက်အခဲ ဖြစ်မည်ကို စိုးရိမ်ကြသည်။ အလုပ်လုပ်ရန်အတွက်နေရာပြန်လည်ရရှိသော်လည်း နေရာအသစ်တွင် လုပ်ငန်းသုံး စက်ကိ ရိယာများပြန်လည်တပ်ဆင်ခြင်း ၊ မှတ်ပုံတင်ခြင်း ၊ အခွန်ပေးဆောင်ခြင်း စသည့်တို့အတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည်ကို စိုးရိမ်ကြသည်။

ဒီရာဗီက အိမ်တွင်း အဝတ်အထည် လုပ်ငန်းခွင် တစ်ခု (ဓာတ်ပုံ: Depositphotos)

ထိုအရာများသည်ကား အပြောင်းအလဲတစ်ခုအတွက် စိုးရိမ်သောကများနှင့် ပေးဆပ်လိုက်ရမည့် အရာများသာဖြစ်သည်။ သို့သော်လည်း တစ်ဖက်တွင် လူမှုဘဝ အဆင့်မြင့်လာခြင်း ၊ လုပ်ငန်းများ အတွက် ခေတ်နှင့်အညီ ရင်ပေါင်တန်း လာနိုင်ခြင်း တို့ကို ရရှိနိုင်အောင် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် နေပေသည်။ ဒရာဗီအတွက်တိကျသေချာသောစာရင်းကောက်ယူမှုများကိုအခြေခံ၍ သက်ဆိုင် ရာအလိုက် တာဝန်များပေးထားသည်။ အိမ်ရာသစ်များအတွက် ခုနစ်နှစ် ။ စီမံကိန်း တစ်ခုလုံးအတွက် ၁၇ နှစ်မှ ၂၅ နှစ်အတွင်းပြီးရန် သတ်မှတ် ထားသည်။ အထူးသဖြင့် ဒရာဗီအား စီးပွားရေး ဗဟိုဌာန တစ်ခုအဖြစ် အထူး အလေးပေးမည်ဖြစ်သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သားရေထည်များ အားဥရောပသို့ ကုန်ကြမ်းတင်သွင်းမှုအစား ကိုယ်ပိုင်အမှတ်တံဆိပ်အဖြင့် ကမ္ဘာကို ချပြလာနိုင်မည်။ ရိုးရာ လက်မှု မြေထည် လုပ်ငန်းများဖြင့် အိန္ဒိယ၏တန်ဖိုးကိုဂုဏ်သိက္ခာ ရှိစေနိုင်မည်။ အထည် အလိပ်လုပ်ငန်းများဖြင့် ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်မည်။ ပလတ်စတစ်နှင့် အခြား လုပ်ငန်းများ အတွက် ကုန်ချောများပြန်လည်ထုတ်လုပ်ခြင်းဖြင့် စွန့်ပစ်ပစ္စည်းများအတွက် ကမ္ဘာ့အလယ်တွင် စံပြ ဖြစ်လာစေ နိုင်သည်။ အာရှ စီးပွားရေးစင်တာကြီး တစ်ခုအထိ ရည်မှန်းထားကြောင်း တွက်ဆနိုင် ပေသည်။ ထို့ကြောင့်လည်း ဒရာဗီရှိ သူတချို့၏ ကန့်ကွက်စာများကို တရားရုံးက ပယ်ချခဲ့ခြင်း ဖြစ်သည်။ ဒရာဗီကိုပြောင်းလဲလိုသူများ၏ “တိုးတက်မှုသည် အတိတ်ကို ဖျက်ပစ်ခြင်း မဟုတ်သည့် အမှန်တကယ် တရားမျှတသောဖွံ့ဖြိုးမှုပုံစံတစ်ခုအဖြစ် ဒရာဗီကိုပြောင်းလဲရန်စိတ်ကူး ဖြစ်သည်” ဟူသော စကားရပ်အတိုင်း ဖြစ်မဖြစ်ဆိုသည်ကို နေ့ရက်များက မှတ်တမ်းတင်နေမည် ဖြစ်သည်။ ထိုသို့ပြောစကားနှင့် လက်တွေ့ကျခဲ့ပါမူ ဆင်းရဲသား သူဌေးဆိုသည့် ဆန့်ကျင်ဖက်အနက် များဖြင့် ဖွဲ့တည်နေသောဒရာဗီသည် မီလျံနာသူဌေး ဆိုသည့် လိုက်လျော ညီထွေသည့် အနက်များဖြင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်နေမည်က အသေအချာပင်ဖြစ်ပေတော့သည်။

Source: Online Dharavi Documentary

Click to rate this post!
[Total: 0 Average: 0]