The Corner

The Corner

cropped-Logo_round_grey-background.png

ကျောင်းစာသင်ခန်းထဲက “ငြိမ်သက်ခြင်းမိနစ်များ”

Share မယ်

ဒီဇင်ဘာ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ ကမ္မဋ္ဌာန်းထိုင်ခြင်းနေ့ (World Meditation Day) ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကုလသမဂ္ဂကနေ တရားဝင် သတ်မှတ်ပေးခဲ့တဲ့  နိုင်ငံတကာနေ့ဖြစ်ပြီး  တစ်ကမ္ဘာလုံးက စာသင်ပျိုနုတို့အရွယ် ကျောင်းသူ၊ ကျောင်းသားတွေ စိတ်အေးချမ်းဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး စုပေါင်း တရားထိုင်ခြင်း လှုပ်ရှားမှုတွေမှာ လူငယ်တွေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလာကြတာကို ကျွန်တော်သတိပြုမိတဲ့အတွက်  စာသင်ခန်းအတွင်း ငြိမ်သက်မှု မိနစ်များကို ရှာဖွေခြင်းအကြောင်းအရာနဲ့ စပ်လျဉ်းပြီး  ဆောင်းပါးတစ်ပုဒ် ဖန်တီးဖို့ စိတ်ကူးခဲ့ပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် လူငယ်တွေရဲ့ စိတ်ကျန်းမာရေးအတွက် တရားထိုင်တာက ဘယ်လောက် အကျိုးရှိလဲဆိုတာကို အသိပေးမျှဝေချင်လို့  ဒီဆောင်းပါးကို  ရေးမိတာပါ။

ဆရာဆိုတာ ဘဝခရီးရဲ့ ပဲ့ကိုင်ရှင်

မြင်းရထားမောင်းတဲ့သူက ခရီးသည်တွေကို လိုရာခရီးရောက်အောင် ပို့ဆောင်ပေးသလိုပါပဲ၊ ဆရာဆိုတာ တပည့်တွေ ဘဝရည်မှန်းချက်တွေ အသီးသီးဆီ ရောက်သွားအောင် ဘေးကနေ ထိန်းကျောင်းတည့်မတ်ပေးတဲ့သူပါ။ တကယ်တော့ ဆရာဆိုတဲ့ အခန်းကဏ္ဍက စာသင်ပေးရုံ သက်သက်မဟုတ်ပါဘူး။

Photo: author

တပည့်တစ်ယောက်ကို အတတ်ပညာတွေ၊ အသိပညာတွေ သင်ပေးရုံတင်မကဘဲ စိတ်ဓာတ် ကျနေတဲ့ အချိန်မှာ စိတ်ဓာတ် ခွန်အား ပေးနိုင်တယ်၊ လမ်းမှန်ရောက်အောင် တွန်းအားပေးနိုင်တယ်ဆိုရင် အဲဒီဆရာဟာ တပည့်အတွက်တော့ အစားထိုးလို့မရတဲ့ “အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင်” အစစ်ပါပဲ။

အခုခေတ်မှာ လူငယ်တွေ စိတ်ဖိစီးမှုတွေ များလာကြတယ်။ ဒါကို နားလည်တဲ့ ဆရာ အတော်များများ က စာသင်ခန်းထဲမှာ ကျောင်းစာတင် မကဘဲ စိတ်ကို တည်ငြိမ်စေမယ့် တရားထိုင်တဲ့ နည်းစနစ်လေး တွေပါ သင်ပေးလာကြတာ တွေ့ရတယ်။ ဒါဟာ အလွန်ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ စာသင်ရင်းနဲ့ လက်တွေ့ ဘာဝနာပွားစေခြင်း က လူငယ်တွေရဲ့ စိတ်ဓာတ်ကို အများကြီး ကြံ့ခိုင် စေပါတယ်။

ဒီလိုမျိုး ပညာလည်းသင်ပေး၊ စိတ်ဓာတ်ကိုလည်း လေ့ကျင့်ပေးတာဟာ နေနဲ့လ၊ ရွှေနဲ့မြ လိုပါပဲ။ တစ်ခုနဲ့တစ်ခု အားဖြည့်ပေးနိုင်ပြီး အရမ်းကို လိုက်ဖက်လွန်းတဲ့လုပ်ဆောင်ချက်ပါ။ အသိပညာ အတတ်ပညာ လည်းရှိ၊ ကိုယ်ကျင့်တရားလည်း ကောင်းတဲ့ တပည့်တွေဖြစ်လာအောင် မြေတောင် မြှောက်ပေးတာဟာ တကယ့်ကို မွန်မြတ်တဲ့ ဆရာ့ဝတ္တရားပဲ ဖြစ်ပါတယ်။

လမ်းပြကြယ်တို့ဆုံရာ ဒလမြေဆီသို့

ပညာလည်းရှိ၊ ကိုယ်ကျင့်တရားလည်း ကောင်းမွန်တဲ့ တပည့်တွေဖြစ်လာအောင် တည့်မတ်ပေးနေတဲ့ ဆရာကောင်းတွေနဲ့ တွေ့ဖို့ဆိုတာ တကယ်တော့ ကံကောင်းမှ ဖြစ်တာပါ။ အဲဒီလို စံနမူနာပြ ဆရာတွေ၊ ပြီးတော့ ဆရာ့စကားကို မြေဝယ်မကျ နားထောင်ပြီး ကိုယ်ကျင့်တရား ကောင်းအောင် ကြိုးစား နေကြတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေကို တွေ့ခွင့်ရဖို့ ကျွန်တော့်ကို လမ်းခင်းပေးခဲ့သူကတော့ သတင်းထောက်ကြီး ကိုကျော်ဇင်ထွန်း ပဲ ဖြစ်ပါတယ်။ သူဟာကိုယ်ကျင့်တရားကို အလွန် အလေးထား သူပါ။ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် “ကျောင်းစာသင်ခန်းထဲက တရားထိုင်ခြင်း” အကြောင်းကို ဆောင်းပါးတစ်စောင်တစ်ဖွဲ့ ဖြစ်မြောက်အောင် ရေးနိုင်ဖို့ သူကပဲ ကျွန်တော့်ကို စိတ်အား ထက်သန်စွာနဲ့ ကူညီပေးခဲ့တာပါ။

သူက  လက်တွေ့ကွင်းဆင်းကြည့်နိုင်ဖို့ ကျွန်တော့်ကို ခေါ်သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ မကြာသေးခင် ရက်ပိုင်းကပဲ ကျွန်တော်တို့ နှစ်ယောက် ရန်ကုန်မြစ်တစ်ဖက်ကမ်းက ဒလမြို့လေးဆီကို ခရီး ထွက်ခဲ့ကြ ပါတယ်။

မြစ်ကို ဖြတ်ကူးပြီး ဒလဘက်ကို ရောက်သွားတဲ့အခါ မြို့ပြရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကြားမှာ တိတ်ဆိတ် အေးချမ်းတဲ့ ပညာဗိမာန်လေး တစ်ခုကို တွေ့လိုက်ရသလိုပါပဲ။ အဲဒီမှာရှိတဲ့ ဆရာတွေဟာ တပည့်တွေကို စာသင်ပေးရုံတင် မဟုတ်ဘဲ စိတ်ကို ဘယ်လို ထိန်းကျောင်း ရမလဲဆိုတာကိုပါ မေတ္တာအပြည့်နဲ့ သင်ပြပေးနေကြတာပါ။

ဒလရဲ့ လမ်းမထက်မှာ ကိုကျော်ဇင်ထွန်းနဲ့အတူ လျှောက်လှမ်းရင်း ဆရာနဲ့ တပည့်ကြားက ခိုင်မြဲတဲ့ သံယောဇဉ်တွေ၊ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ လူငယ်လေးတွေရဲ့ မျက်ဝန်းတွေကို မြင်တွေ့ ခဲ့ရတာဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို အနှစ်သာရရှိတဲ့ ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီခရီးကနေ တစ်ဆင့် ရရှိလာတဲ့ အတွေ့အကြုံတွေက ကျွန်တော့်ဆောင်းပါးအတွက်အသက်ဝင်စေတဲ့ အချက်အလက် တွေဖြစ်လာခဲ့ပါတယ်။

ကျောင်း စာသင်ခန်းထဲက “ငြိမ်သက်ခြင်းမိနစ်များ”

မြန်မာနိုင်ငံမှာ အထူးအားဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ (ဥပမာ- ဒလမြို့နယ်က ကျောင်းတွေ) မှာ စာမသင်ခင် ၁၀ မိနစ်ကနေ မိနစ် ၃၀ အထိ နေ့တိုင်း တရားထိုင်ကြပါတယ်။

တကယ်တော့ မြန်မာနိုင်ငံက ကျောင်းတော်တော်များများမှာ ဒါက အလွန် ချစ်စရာကောင်းတဲ့ အလေ့အထလေး တစ်ခုပါ။  ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (Monastic Education School) တွေမှာ မနက်ခင်း စာမသင်ခင်မှာ “တရားထိုင်တဲ့အချိန်” ဆိုတာ သီးသန့်ရှိပါတယ်။

Photo: author

ကျောင်းအလိုက် မတူပေမယ့် အနည်းဆုံး ၁၀ မိနစ်ကနေ မိနစ် ၃၀ လောက်အထိ အချိန်အပိုင်းအခြား  ပုံမှန်လေး လုပ်လေ့ရှိကြတယ်။

ကျောင်းတက်ခေါင်းလောင်းတီးပြီးတာနဲ့ ကလေးတွေအားလုံး ကိုယ့်ခုံမှာကိုယ် ငြိမ်ငြိမ်လေးထိုင်၊ မျက်စိလေးမှိတ်ပြီး အာရုံစူးစိုက်ကြတာပါ။ တချို့ကျောင်းတွေမှာဆို မေတ္တာပို့တာလေးတွေပါ တစ်ပါတည်း လုပ်ကြပါတယ်။

ကလေးတွေ ကျောင်းကိုရောက်လာတဲ့အခါ ဆော့ချင်တဲ့စိတ်တွေ၊ ပျံ့လွင့်နေတဲ့ စိတ်တွေကို အနည်ထိုင်သွားအောင် ရည်ရွယ်ချက် နဲ့ တရားထိုင်စေတာပါ။ စိတ်ကလေး ငြိမ်သွားမှ သင်သမျှ စာတွေကို ပိုပြီး အာရုံစိုက်နိုင်မယ် (Concentration ကောင်းမယ်) ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှေးကတည်းက ကျင့်သုံးလာခဲ့ကြတာပါ။

အထူးသဖြင့် ဒလလို ဒေသမျိုးက ဘုန်းတော်ကြီးသင် ကျောင်းတွေမှာဆိုရင် ဆရာတော်တွေက ကလေးတွေကို စာအပြင် ကိုယ်ကျင့်တရားနဲ့ စိတ်အေးချမ်းမှုရအောင်ပါ ငယ်ငယ်လေးကတည်းက ပျိုးထောင်ပေးတဲ့သဘောမျိုးမို့ အလွန်ကို ထိရောက်တဲ့ ပညာရေးစနစ်တစ်ခုလို့ ပြောလို့ရပါတယ်။

ကျောင်းတွေမှာ စာမသင်ခင် တရားထိုင်တဲ့အလေ့အထဟာ ကလေးတွေရဲ့ ပညာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အတွက် အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ရှိနေပါတယ်။

ကျောင်းသားတွေရဲ့ အတွေ့အကြုံ

ကျောင်းသားတွေဖြစ်တဲ့ ဝေယံထွန်း၊ ဝေဝေဖြိုးနဲ့ ကောင်းဇော်လတ်တို့က သူတို့ရဲ့ အတွေ့အကြုံကို ပြောပြထား ပါတယ်။ အစပိုင်းမှာ ညောင်းတာ၊ စိတ်ပျံ့လွင့်တာတွေ ရှိခဲ့ပေမယ့် အခုတော့ သင်္ချာတွက်တာ နဲ့ စာနားထောင်တာတွေမှာ ပိုပြီး အာရုံစိုက်နိုင်လာတယ်လို့ ဆိုပါတယ်။ ကျောင်းသားတွေက တရားထိုင် ရတာ စိတ်ငြိမ်စေပြီး သင်္ချာလို ခက်ခဲတဲ့ဘာသာရပ်တွေကို လေ့လာတဲ့အခါ ပိုပြီး အာရုံစိုက် နိုင်တယ်လို့ ပြောကြပါတယ်။

Photo: author

ကလေးတွေက သင်္ချာတို့၊ သိပ္ပံတို့ မသင်ခင်မှာ ထူးထူးခြားခြား အလေ့အကျင့်လေးတစ်ခု လုပ်ကြပါတယ်။ အဲဒါကတော့ တခြားမဟုတ်ဘူး၊ အားလုံး ငြိမ်ငြိမ်လေးထိုင်ပြီး စိတ်အေးချမ်းအောင် တရားအရင်ထိုင်ကြတာပါ။

အခု အဋ္ဌမတန်း ရောက်နေပြီဖြစ်တဲ့ မောင်ဝေယံထွန်းဆိုရင် သူငယ်တန်းကတည်းက ဒီလို တရားထိုင်လာတာ။ သူကတော့ “တရားထိုင် လိုက်ရင် စိတ်က ငြိမ်သွားရော၊ အဲဒီအခါကျတော့ စာသင်ရင်လည်း ပိုပြီး အာရုံစိုက်နိုင်သွားတယ်” လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။ ဒါပေမဲ့ သူ့အတွက် ခက်ခဲတာတစ်ခုကတော့ စိတ်က ဟိုရောက်ဒီရောက် လွင့်သွားတာမျိုးကို ပြန်ထိန်းရတာ ပါပဲ။ သူကတော့ ဘုရားဝင်းထဲမှာ လိုအေးအေးဆေးဆေးရှိတဲ့နေရာမျိုးမှာ တရားထိုင်ရတာကို အကြိုက်ဆုံးပဲတဲ့။

မဝေဝေဖြိုးဆိုတဲ့ လုံမလေး ကလည်း သူ့ရဲ့ အခက်အခဲလေးတွေကို ပြန်ပြောပြသေးတယ်။ စတုတ္ထတန်းမှာ တရားစထိုင်တုန်းကဆိုရင် ခြေထောက်တွေက ညောင်း၊ ခန္ဓာကိုယ်ကလည်း မအီမသာနဲ့ အာရုံစိုက်ရတာ တကယ့်ကို မလွယ်ဘူးတဲ့။ ဒါပေမဲ့ အခုလို နေ့တိုင်း နာရီဝက်လောက် ပုံမှန်လုပ်လာတော့မှ သိသိသာသာ ထူးခြားလာတာပါ။ “တရားထိုင်ပြီးမှ သင်္ချာပုစ္ဆာတွေ တွက်ရင် အဖြေရှာရတာ ပိုလွယ်သွားသလိုပဲ” လို့ သူက ယုံကြည်ချက်အပြည့်နဲ့ ပြောပါတယ်။

မောင်ကောင်းဇော်လတ်ဆိုတဲ့ ယောက်ျားလေးလည်း ဒီလိုပါပဲ။ အရင်ကဆို စိတ်က ဟိုရောက် ဒီရောက်နဲ့ ဘယ်လိုလုပ်ရမှန်းမသိပေမယ့် အခုတော့ အသက်ရှူတာကို သေချာမှတ်တတ်သွားပြီ။ သူက “တရားထိုင်လိုက်တော့ အတန်းထဲမှာ စာကို ပိုနားထောင်နိုင်လာသလို ဒေါသ ထွက်တာလည်း နည်းသွားတယ်” လို့ ဆိုပါတယ်။

ဒလမြို့နယ်က အလယ်ကျောင်း ဆရာတော် ဦးဉာဏိကဆိုရင်လည်း သူ့ကျောင်းက ကလေး ၁,၀၀၀ လောက်ကို ငယ်ငယ်လေးကတည်းက တရားထိုင်တတ်အောင် သင်ပေးနေတာပါ။ ကလေးတွေက နောက်ခံမိသားစု အခြေအနေ အမျိုးမျိုးကနေ လာကြတာဆိုတော့ သူတို့လေးတွေ စိတ်တည်ငြိမ်ဖို့ အတွက် တရားထိုင်တာက မဖြစ်မနေ လိုအပ်တယ်လို့ ဆရာတော်က ယုံကြည်နေတာပဲ ဖြစ်ပါတယ်။

ဆရာတော် ဦးဉာဏိကက အခုခေတ်မှာ ကလေးတွေ ဖုန်းနဲ့ ဂိမ်းတွေဘက် အရမ်းပါသွားတာကို တရားထိုင်ခြင်းက ပြန်ထိန်းပေးနိုင်တယ်လို့ မိန့်ပါတယ်။

ဆရာတော် ဦးဉာဏိက မိန့်တာကတော့… ကလေးတွေကို တရားထိုင်နည်း သင်ပေးတဲ့အခါ ရည်ရွယ်ချက် နှစ်ခု ရှိတယ်တဲ့။ တစ်ခုကတော့ အပြောအဆို အမူအကျင့်လေးတွေ ယဉ်ကျေးလာဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ စိတ်ကလေးကို ပုံသွင်းပေးဖို့ပါ။

သင်ပေးတဲ့ပုံစံကလည်း ရိုးရိုးလေးပဲ။ နှာသီးဖျားမှာ အာရုံစိုက်ပြီး အသက်ရှူတာကို မှတ်ခိုင်းတာကနေ စသင်ပေးတာပါ။

ကလေးငယ်လေးတွေဆိုရင်  ၅ မိနစ်၊ ၁၀ မိနစ်လောက်ပဲ ထိုင်ခိုင်းပြီး၊ ကျောင်းသားကြီးတွေ ကျတော့  မိနစ် ၃၀ အထိ ခပ်ကြာကြာလေး ထိုင်ခိုင်းတယ်လို့ ဆိုပါတယ်။

အခုခေတ်မှာ ဖုန်းတွေက ကလေးတွေအပေါ် လွှမ်းမိုးနေတာကြောင့် တရားထိုင်ဖို့က ပိုတောင် လိုအပ်လာပြီလို့ ဆရာတော်က မြင်ပါတယ်။ ဆရာတော်က “အခုခေတ် ကလေးတွေက ဖုန်းစွဲ နေကြတာ များတယ်။ တရားထိုင်ပေးမှပဲ ဒီလိုဖုန်းစွဲတာတွေနဲ့ မကောင်းတဲ့ အကျိုးသက် ရောက်မှုတွေကို လျှော့ချပေးနိုင်မယ်” လို့လည်း အလေးအနက် မိန့်ကြားသွားခဲ့ပါတယ်။

ဆရာလေးရဲ့  မျှော်လင့်ချက်

အသက် ၂၃ နှစ်အရွယ် စတုတ္ထတန်းပြ ဆရာလေး ဦးဟိန်းရာဇာဆိုရင် ကျောင်းဖွင့်ပြီဆိုတာနဲ့ စာမသင်ခင်မှာ ကလေးတွေကို အမြဲတမ်း တရားအရင်ထိုင်ခိုင်းလေ့ရှိတယ်။ သူကတော့ အဲဒီလို ပုံမှန်လုပ်ပေးတာဟာ ကလေးတွေရဲ့စိတ်ကို တည်ငြိမ်စေပြီး ဦးနှောက်ကိုပါ လန်းဆန်းသွား  စေတယ်လို့ ယုံကြည်နေတာပေါ့။ “ဒီကလေးတွေသာ တစ်သက်လုံး တရားထိုင်တဲ့အကျင့်လေး ပါသွားမယ်ဆိုရင် သူတို့ဘဝတွေ ဘယ်လောက်တောင် အေးချမ်းလိုက်မလဲ” ဆိုပြီး ဆရာလေးက မျှော်လင့်ချက်အပြည့်နဲ့ ပြောပြခဲ့ပါတယ်။

စာမသင်ခင် ငါးမိနစ်ကနေ မိနစ် ၃၀ အထိ အသက်ရှူမှတ်နည်းနဲ့ စိတ်ကိုလေ့ကျင့်ပေးခြင်းက သူတို့တစ်သက်တာလုံး အေးချမ်းဖို့ အုတ်မြစ်ချပေးတာ ဖြစ်တယ်လို့ ဆရာတွေက ယုံကြည်ကြ ပါတယ်။

ကလေးပေါင်းများစွာကို တရားပြပေးခဲ့သူ

တကယ်တော့ ဒီလိုတရားထိုင်တဲ့ အကျိုးကျေးဇူးက ကျောင်းဝင်းထဲမှာတင် ရပ်နေတာမဟုတ်ပါဘူး။   ဓမ္မဇောတိ ဝိပဿနာရိပ်သာမှာ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ ဦးမျိုးမြင့်ဦးဆိုရင် ၁၀ နှစ်ကျော်တိုင်တိုင် ကလေးပေါင်းများစွာကို တရားပြပေးခဲ့တာပါ။ ဓမ္မဇောတိ (Dhamma Joti) တရားရိပ်သာ  ဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ ဝိပဿနာတရားစခန်းတွေထဲမှာ တော်တော်လေး စောစောစီးစီး ပေါ်ပေါက်ခဲ့တဲ့ ရိပ်သာ တစ်ခုပါ။

သူ့ရဲ့ နောက်ခံသမိုင်းကြောင်းလေးက စိတ်ဝင်စားဖို့ကောင်းတယ်။ ကမ္ဘာကျော် တရားပြဆရာကြီး ဦးဂိုအင်ကာ (S.N. Goenka) က တည်ထောင်ခဲ့တာပါ။

လယ်တီဆရာတော်ဘုရားကြီးရဲ့ တရားဓမ္မတွေအတိုင်း ဆရာကြီး ဦးဘခင် ရဲ့ နည်းစနစ်ကို အခြေခံပြီး သင်ပြပေးတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ငါးထပ်ကြီးဘုရားအနီးမှာ ရှိပါတယ်။ ဆရာတော် ဘဒ္ဒန္တသောဘိတ က တရားဓမ္မ ပြန့်ပွားဖို့အတွက် ဧရိယာ (၁၂) ဧကလောက်ကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

ဓမ္မဇောတိဟာ ဆရာကြီးဦးဂိုအင်ကာက သူ့ရဲ့ဆရာဖြစ်သူ ဆရာကြီးဦးဘခင်ရဲ့ နည်းစနစ်အတိုင်း မြန်မာပြည်မှာ ဝိပဿနာတရားတွေ ပြန့်ပွားအောင် စတင်စိုက်ထူခဲ့တဲ့ ဗဟိုဌာနတစ်ခုလို့ ပြောလို့ရပါတယ်။

ဦးမျိုးမြင့်ဦး ကတော့ အသက်အုပ်စုအလိုက် ခွဲခြားပြီး သင်တန်းတစ်ခုကို ကလေး ၁၅၀ လောက်အထိ သင်ပေးနေတာဖြစ်ပါတယ်။ အဲဒီအထဲမှာ ထိန်းသိမ်းရေးစခန်းက ကလေးလေးတွေတောင် ပါတယ်။ ဦးမျိုးမြင့်ဦး ပြောပြတာကတော့ တရားထိုင်တာဟာ ကလေးတွေကို သူတို့စိတ် သူတို့ ပြန်ထိန်း တတ်အောင် လေ့ကျင့်ပေးတာပဲတဲ့။ “ကလေးတွေရဲ့စိတ်လေးတွေ အေးချမ်းသွားရင် သူတို့က ကိုယ့်ကိုယ်ကိုယ်တင်မကဘဲ တခြားသူတွေကိုပါ ဂရုစိုက်တတ်လာတယ်” လို့ သူက ဆိုပါတယ်။

ကြည့်လိုက်ရင်တော့ ဝင်လေထွက်လေ မှတ်ရုံဆိုတဲ့ သင်ခန်းစာလေးက ရိုးရှင်းပေမယ့် တကယ့်တကယ်ကျတော့ အရမ်းကို နက်နဲတဲ့ အကျိုးကျေးဇူးတွေ ရှိနေတာပါ။ သူတို့ရဲ့ အဓိက ရည်မှန်းချက်ကလည်း ကလေးတွေရဲ့စိတ်ကို သူတို့ကိုယ်တိုင် ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်စွမ်းရှိလာဖို့ပဲ ဖြစ်ပါတယ်။

ပိုမိုကျယ်ပြန့်တဲ့ ရည်ရွယ်ချက်

မြန်မာနိုင်ငံမှာ ရိပ်သာတွေကနေတစ်ဆင့် ကလေးတွေကို စိတ်ထိန်းချုပ်နည်းတွေ သင်ပေးပြီး မိမိကိုယ်ကိုယ်နဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်အောင် ပြုစုပျိုးထောင်ပေးနေပါတယ်။

တရားထိုင်တာဟာ ဘာသာရေးသက်သက်ထက် ကလေးတွေရဲ့ ဦးနှောက်ကို လန်းဆန်းစေဖို့ နဲ့ ခေတ်သစ်လောကရဲ့ စွဲလမ်းမှုတွေကြားမှာ စိတ်တည်ငြိမ်ဖို့ အတွက် အကောင်းဆုံး နည်းလမ်းတစ်ခု အဖြစ် မြန်မာ့ပညာရေးလောကမှာ အမြစ်တွယ်နေတာပဲ ဖြစ်ပါတယ်။

အာရှဒေသတွင်း ကမ္မဋ္ဌာန်းရှုကြတဲ့ ကျောင်းသားတွေ

အာရှ စီးပွားရေးတက္ကသိုလ် (ASB) လို နေရာမျိုးတွေမှာ စာမေးပွဲနီးလို့ စိတ်ဖိစီးနေတဲ့ ကျောင်းသားတွေ အတွက် အထူးအစီအစဉ်တွေ လုပ်ပေးပါတယ်။ အိန္ဒိယနဲ့ နီပေါနိုင်ငံက ကျောင်းသား သန်းပေါင်းများ စွာလည်း အွန်လိုင်းကနေ စုပေါင်းတရားထိုင်ကြပါတယ်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာရှိတဲ့ Asian School of Business (ASB)  အာရှစီးပွားရေးတက္ကသိုလ် (ASB) ဆိုတာ အဓိကကတော့ စီးပွားရေးစီမံခန့်ခွဲမှုပညာ (BBA) နဲ့ ကွန်ပျူတာပညာ (BCA) တို့လို ဘွဲ့ကြို သင်တန်းတွေ ကို အထူးပြုသင်ပေးတဲ့ နာမည်ရ ကျောင်းတစ်ကျောင်းပါ။

သူက စာချည်းပဲ သင်တာမဟုတ်ဘဲ ကျောင်းသားတွေ လက်တွေ့နယ်ပယ်မှာ အလုပ်ရလွယ်အောင်၊ ကိုယ်ပိုင်လုပ်ငန်း ထောင်နိုင်အောင် (Entrepreneurship) အသေအချာ ပျိုးထောင်ပေးတဲ့နေရာအဖြစ် နာမည်ကြီးပါတယ်။

ဒီကျောင်းရဲ့ ထူးခြားချက်က ကျောင်းသားတွေကို “စာမေးပွဲဖိအား” တွေကြားမှာ စိတ်ဓာတ် ကျမသွား အောင် သေချာဂရုစိုက်ပေးတာပါ။ ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေးကို ဦးစားပေးတဲ့အတွက် တရားထိုင်တာ၊ စိတ်ပိုင်းဆိုင်ရာ အကြံပေးတာ (Counselling) စတဲ့ အစီအစဉ်တွေကို ကျောင်းမှာတင် လုပ်ပေးလေ့ရှိပါတယ်။

သူတို့က Oxford တို့လို နိုင်ငံတကာ တက္ကသိုလ်တွေနဲ့လည်း ချိတ်ဆက်ထားပြီး ကျောင်းသားတွေကို ကမ္ဘာ့အဆင့်မီ ပညာရေးမျိုး ရစေဖို့ ရည်ရွယ်ထားတာပါ။

ဒီကျောင်းဟာ အမှတ်ကောင်းဖို့ထက် ကျောင်းသားတစ်ယောက်ရဲ့ “အရည်အချင်း” နဲ့ “စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု” ကို ပိုပြီး အလေးထားတဲ့ ခေတ်မီ စီးပွားရေးတက္ကသိုလ်တစ်ခုလို့ ပြောလို့ရပါတယ်။

စိတ်အေးချမ်းမှ ကမ္ဘာငြိမ်းချမ်း

ကမ္ဘာတစ်ဝန်းက တက္ကသိုလ်ပေါင်း ၅၀၀ နီးပါးဟာ စိတ်ဖိစီးမှုလျှော့ချဖို့ တရားထိုင်ခြင်းကို အသုံးပြု လာကြပါတယ်။  ကမ္ဘာ့ ကမ္မဋ္ဌာန်း ထိုင်ခြင်းနေ့ (World Meditation Day) ၂၀၂၅ ရဲ့ ဆောင်ပုဒ်ကတော့ “Inner Peace and Global Harmony” (စိတ်အေးချမ်းမှ ကမ္ဘာငြိမ်းချမ်း) ဖြစ်ပြီး #WorldMeditationDay ဆိုကာ hashtag နဲ့လည်း လူမှုကွန်ရက်မှာ မျှဝေနေကြပါတယ်။

စာမေးပွဲဆိုတာ ဘဝရဲ့ မှတ်တိုင်တစ်ခုသာ ဖြစ်တယ်

Dr. Jitendra Nagpal ဆိုတာ အိန္ဒိယနိုင်ငံမှာ တော်တော်လေး နာမည်ကြီးတဲ့ စိတ်ကျန်းမာရေးပညာရှင် (Psychiatrist) တစ်ယောက် ဖြစ်ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ Moolchand Medcity မှာ စိတ်ကျန်းမာရေးဌာနရဲ့ အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ အထူးကု ဆရာဝန်ကြီးပါ။

သူဟာ ကျောင်းသားလူငယ်တွေရဲ့ “စာမေးပွဲ စိတ်ဖိစီးမှု” (Exam Stress) နဲ့ ပတ်သက်ပြီး နှစ်ပေါင်းများ စွာ အင်တိုက်အားတိုက် ကူညီပေးနေသူ ဖြစ်လို့ပါ။ အိန္ဒိယနိုင်ငံရဲ့ ပညာရေးဘုတ်အဖွဲ့ (CBSE) နဲ့ ပူးပေါင်းပြီး ကျောင်းသားတွေအတွက် အကူအညီပေးရေး ဖုန်းဝန်ဆောင် လုပ်ငန်းတွေ ( Helpline တွေ)၊ စိတ်ပိုင်းဆိုင်ရာ အကြံပေးမှု (Counselling) တွေကို ဦးဆောင်လုပ်ကိုင်ပေးပါတယ်။

သူက “စာမေးပွဲဆိုတာ ဘဝရဲ့ မှတ်တိုင်တစ်ခုသာ ဖြစ်တယ်၊ ဘဝတစ်ခုလုံး မဟုတ်ဘူး” လို့ အမြဲပြောလေ့ရှိပါတယ်။ ကျောင်းသားတွေ စိတ်ဖိစီးမှုကြောင့် ကိုယ့်ကိုယ်ကိုယ် ထိခိုက်တာမျိုး မဖြစ်အောင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု (Mental Resilience) ကို ပညာရေးမှာ ထည့်သွင်းသင်ကြားဖို့ တိုက်တွန်းတဲ့သူပါ။

သူပေးလေ့ရှိတဲ့ အကြံပြုချက် ၃ ခုကတော့ —

၁။ အိပ်ချိန်ကို မလျှော့ပါနဲ့

စာကျက်ဖို့အတွက် အိပ်ချိန်ကို ဖဲ့ပေးတာဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်ကို ပိုဆိုးစေတယ်လို့ သူက ဆိုပါတယ်။

၂။ တရားထိုင်ပါ

စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ အသက်ရှူလေ့ကျင့်ခန်းနဲ့ တရားထိုင်ခြင်းကို နေ့စဉ်လုပ်ဖို့ အကြံပြုပါတယ်။

၃။ မိဘတွေရဲ့ အခန်းကဏ္ဍ

ကလေးတွေကို အမှတ်နဲ့ပဲ တိုင်းတာပြီး ဖိအားမပေးဖို့ မိဘတွေကို အမြဲ သတိပေးလေ့ရှိပါတယ်။

Dr. Jitendra Nagpal ဟာ ကျောင်းသားတွေရဲ့ စာမေးပွဲဖိအားကို လျှော့ချပေးပြီး စိတ်ကျန်းမာရေးနဲ့ ပညာရေးကို ဟန်ချက်ညီအောင် လမ်းပြပေးနေတဲ့ ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။

ကမ္မဋ္ဌာန်းထိုင်ခြင်းတရားဘာဝနာ

“ဘာဝနာ” ဆိုတာ စိတ်ကို ပျိုးထောင်တာ၊ တိုးပွားအောင် လုပ်တာကို ပြောတာပါ။ ကျွန်တော်တို့ ဥယျာဉ်ထဲမှာ ပန်းပင်လေးတွေ ဝေဆာလာအောင် ဂရုစိုက်ပျိုးထောင်သလိုမျိုးပဲ၊ မိမိရဲ့ စိတ်ထဲမှာ ကောင်းမွန်တဲ့ အရည်အချင်းတွေ (ဥပမာ- တည်ငြိမ်မှု၊ မေတ္တာ၊ အသိပညာ) တွေ တိုးပွားလာအောင် အဖန်ဖန် အထပ်ထပ် လေ့ကျင့်ယူတာကို ဘာဝနာပွားတယ်လို့ ခေါ်ပါတယ်။

ဗုဒ္ဓဘာသာမှာတော့ ဒါကို “မနောကမ္မ” (စိတ်နဲ့လုပ်တဲ့ အလုပ်) လို့ သတ်မှတ်ပါတယ်။

ဘာဝနာ နှစ်မျိုး

ဘာဝနာကို အဓိကအားဖြင့် နှစ်ပိုင်းခွဲခြားနိုင်ပါတယ်။

သမထ ဘာဝနာ (Tranquility) ဆိုတာ ကတော့ ပျံ့လွင့်နေတဲ့ စိတ်ကို တစ်နေရာတည်းမှာ တည်ငြိမ်သွားအောင်၊ ငြိမ်းချမ်းသွားအောင် အာရုံစူးစိုက်တဲ့ လေ့ကျင့်ခန်းပါ။ (ဥပမာ – ဝင်လေ ထွက်လေကို မှတ်တာမျိုး)

ဝိပဿနာ ဘာဝနာ (Insight) ဆိုတာ ကတော့ အရာရာဟာ မမြဲဘူး (အနိစ္စ)၊ ဆင်းရဲတယ် (ဒုက္ခ)၊ ကိုယ်မပိုင်ဘူး (အနတ္တ) ဆိုတဲ့ အမှန်တရားကို သိမြင်အောင် အသိပညာကို မြှင့်တင်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။

စိတ်ကို အနိုင်ယူတတ်ဖို့ စာသင်ခန်းထဲကစပြီး လေ့ကျင့်ကြပါစို့

ကျွန်တော်တို့ ကလေးတွေ၊ လူငယ်တွေကို ပညာတတ်ကြီးတွေဖြစ်အောင် ကျောင်းပို့ကြတယ်၊ စာတွေသင်ပေးကြတယ်။ ဒါပေမဲ့ အဲဒီကျောင်းစာတွေထက် ပိုအရေးကြီးတာတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ မိမိရဲ့ “စိတ်” ကို ဘယ်လိုထိန်းကျောင်းမလဲ ဆိုတဲ့ ပညာပါပဲ။

ကျွန်တော်တို့ရဲ့ စိတ်ဆိုတာက တားမနိုင် ဆီးမရဘဲ မကောင်းတဲ့ဘက်ကို ရောက်သွားတတ်တာ သဘာဝပါ။ အဲဒီလို မဖြစ်အောင် စာသင်ခန်းထဲမှာ စာသင်နေရင်းကအစ မိမိရဲ့ “ဝင်လေ၊ ထွက်လေ” လေးကို သတိထားပြီး ရှုမှတ်ပေးတဲ့ အလေ့အကျင့်လေး လုပ်ပေးကြည့်ပါ။ ဒီအလေ့အကျင့်လေးက သေးသေးလေးလို့ ထင်ရပေမဲ့ တကယ်တော့ အင်မတန် အစွမ်းထက်ပါတယ်။

ဒီလို လေ့ကျင့်ပေးခြင်းအားဖြင့်..

ကျောင်းသားဘဝမှာ စိတ်မလေတော့ဘဲ စာကို ပိုအာရုံစိုက်နိုင်လာမယ်။ ဒေါသထွက်စရာ၊ စိတ်ညစ်စရာရှိရင်လည်း ချက်ချင်း ပြန်တည်ငြိမ်သွားမယ်။

လူကြီးဘဝ ရောက်တဲ့အခါမှာလည်း ဘဝရဲ့ အခက်အခဲတွေကို စိတ်ဓာတ်မကျဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တဲ့သူ၊ သူတစ်ပါးအပေါ် စိတ်ထား ဖြောင့်မတ်တဲ့သူ ဖြစ်လာမယ်။

အိုမင်းလာတဲ့အခါ ရောက်တဲ့ တိုင်အောင်ရုပ်ပိုင်းဆိုင်ရာ အိုမင်းသွားပေမယ့် စိတ်ကတော့ အမြဲတမ်း ကြည်လင်အေးချမ်းနေတဲ့ လူကြီး တစ်ယောက် ဖြစ်နေပါလိမ့်မယ်။

ဒါကြောင့်မို့လို့ စာသင်ခန်းထဲကနေ စတင်လိုက်တဲ့ ဒီအလေ့အကျင့်ကောင်းဟာ လူတစ်ယောက်ကို တစ်သက်လုံး “စိတ်ကောင်းနှလုံး ကောင်းရှိတဲ့ လူသားစစ်စစ် (ကလျာဏလူသား)” အဖြစ် ရပ်တည်နိုင်အောင် မျိုးစေ့ချပေးလိုက်တာပဲလို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။

“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုတဲ့အတိုင်း… အခု ဒီစာကို ဖတ်နေတဲ့ လူငယ်လေးတွေလည်း မိမိကိုယ်မိမိ ပြန်လည်ထိန်းကျောင်းနိုင်တဲ့၊ မိဘနဲ့ တိုင်းပြည်က အားကိုးရတဲ့ “သားထူးသားမြတ်” တွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီဆောင်းပါးလေးကို တင်ဆက်လိုက်ပါတယ် ခင်ဗျာ။

“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး သင်လည်း တစ်ဦး သားထူးသားမြတ် ဖြစ်ပါစေ”

Click to rate this post!
[Total: 0 Average: 0]