တစ်နေ့တစ်နေ့ ပတ်ဝန်းကျင်တွင်မရိုးအောင်ကြားနေရသည်က “ဂျပန်သွားမလို့ ကျွန်တော် ဂျပန်စာ သင်နေတယ်” ဆိုသည့်စကားပင်ဖြစ်သည်။ အထူးသဖြင့် ငွေရေးကြေးရေ အနည်းငယ်ချောင်လည်သည့် မိသားစုဝင်များမှ လူငယ်အားလုံးလိုလို၏ ပါးစပ်ဖျားတွင် တွဲခိုနေသည်။ ကိုယ့်အပေါင်းအသင်းများ တွင်လည်း “ သားကို ဂျပန်ပို့မလို့ကွာ” “သမီးကို ဂျပန်ပို့မလို့ကွာ”။ ကိုယ့်ဆွေမျိုးများထဲတွင်လည်း ထိုနည်း လည်းကောင်း။ ကိုယ့်ရပ်ကွက်များထဲတွင်လည်း ထိုနည်းနှင်နှင်။ တချို့လူနိုင်များကဆိုလျင် “ဟေ့ကောင် မင်းမှာ အဆက်အသွယ်လေး ဘာလေးမရှိဘူးလား။ ငါ့သားကွာ သွားမလို့လုပ်နေတာ ကြာနေပြီ။ အခုထိကိုမထွက်ရသေးဘူး” ကတစ်ဖုံ။ “ အေဂျင်စီတွေက အင်တာဗျူး ဆိုလို့ ဗျူးလိုက်တာပဲကွာ။ ဒါပေမယ်လို့ ငွေကိုအရင်တောင်းနေတယ်ကွ။ အဲဒါ စိတ်ချရပါ့မလား” ဟူ၍တသွယ်။ သြော် ဒုက္ခ.. ဒုက္ခ.. ။ ကျွန်တော့်ဘာသာ အေးအေးနေပေမင့် စာရေးဆရာကြီးဆိုပြီး ဒီကောင်တော့ သိနိုင်မယ်ထင်ပြီး အားကိုးရှာသည်လား မသိ။ သူတို့မသိသည်က ဂျပန်နှင့် ပတ်သက်လျှင် ကျွန်တော် ပြည်ဖုံးကားချထားသည်သာမက ရှိသမျှ အိပ်ရာလိပ်တွေပါ ကာထားသည်ကိုပင်။
ဟုတ်ပါသည်။ စိတ်နာ၍မဟုတ်ပါ။ ကျွန်တော်လည်း ယနေ့ခေတ်ကလေးများနည်းတူ ၉၀ ကျော်ကာလ များတုန်းက ဂျပန်သို့သွားချင်မိသည်။ အထူးသဖြင့် နှင်းခဲများဖုံးလွှမ်းနေသည့် ဖူဂျီယာမာတောင်ကြီး ဆီသို့ ကိုယ်တိုင်သွားရောက်တက်ကြည့်ချင်ခဲ့သည်။ ချယ်ရီပင်များအောက်တွင် အမှတ်တရ ဓာတ်ပုံ ရိုက်ချင်မိသည်။ ထို့ကြောင့် အထက်တန်းကျောင်းတက်နေရင်း မဂ္ဂဇင်းများတွင်ပါသည့် ဂျပန်စာ သင်ခန်းစာများကို တစ်ယောက်တည်း ကျိတ်ပြီး လေ့လာသည်။ စာအုပ်ငှားသည့် ဦးလေးကြီးက ကျွန်တော့်ကို ဒီကလေးက နှာဘူးအတော်ထသည်ဟု ထင်ခဲ့သည်။ ဂျပန်စာ သင်ခန်းစာများ ပါသည့်စာအုပ်က အပျိုမလား၊ အပျိုစင်လား မသေချာသော်လည်း သေချာသည်က မိန်းကလေးနှင့် ပတ်သက်သည့် အလှအပရေးရာ မဂ္ဂဇင်းတစ်စောင် ဖြစ်နေခြင်းပင်။ ဆိုင်ရှင်ဦးလေးကြီးက ကျွန်တော်နှင့် ရင်းနှီးသူဖြစ်၍ စနောက် သော်လည်း ကျွန်တော်က ငှားမြဲ ငှားဆဲပင်။ ငှားပြီးလျင်လည်း ရက်က အမြဲကျော်နေသဖြင့် ထင်မည်ဆိုလျှင်လည်း ထင်စရာဖြစ်သည်။ အမှန်ကဒီလို။ ကျွန်တော်က မဂ္ဂဇင်းထဲတွင်ပါသည့် ဂျပန် သင်ခန်းစာများကို ဗလာစာအုပ်ထဲ ကူးထည့်နေသဖြင့် ရက်ကျော်ရခြင်းဖြစ်သည်။ နောက်ထပ် အမှတ်ရစရာ တစ်ခုက ဂျပန် ရုပ်ရှင်ဇာတ်ကားဖြစ်သည့် “ On The Road “ ကို ဘာမှန်းမသိ ညာမှန်းမသိ သိပ်ကြိုက်ခဲ့မိခြင်းဖြစ် သည်။ ဇာတ်လမ်းအကျဉ်းက မတော်တဆ ယဉ်တိုက်မှုဖြစ်ရာ တိုက်သည့်မင်းသားက အတိုက်ခံရ သည့် မင်းသမီးဖြစ်သူအား ခွင့်လွှတ်ဖို့ရန် လိုက်တောင်းပန်ခြင်းဖြစ်သည်။ ထို ရုပ်ရှင် တစ်ကားလုံး ပြီးသည်အထိ မင်းသမီးကို လိုက်တောင်းပန်တာနှင့်ပင် ပြီးသွားသည်။ နောက်ဆုံး မင်းသမီးက မင်းသားကို ခွင့်မလွှတ်ဘဲ သင်္ဘောဖြင့်ပြန်သွားသည့်အခါ မင်းသားက ဆိုင်ကယ်စီး၍ ဆိပ်ခံတံတားမှ ရေထဲ ခုန်ချလိုက်ခြင်း ဖြစ်သည်ကို မှတ်မိနေသည်။ (ကြာပြီဖြစ်၍ မှားယွင်းပါက ပြန်လည်ပြင်ဆင်ပေးကြ ပါရန် မေတ္တာရပ်ခံပါသည်။) မှတ်မှတ်ရရ သွားကြည့် မိသည့် ရုပ်ရှင်ရုံကလည်း ကေသွယ်ရုံ။ ကျွန်တော် ကိုရုပ်ရှင်ကြည့်ဖို့ခေါ်သွားသည်က ကျွန်တော့်ကြီးတော် (စာရေးဆရာမ တင်လေးအောင်) ၏ မောင်ဖြစ်သူ ကိုပီတာ။ ကျွန်တော်ကလည်း ကလေးသာ ရှိနေသေးပြီး ရုပ်ရှင်လိုက်ပြမည်ဆို၍ အားရ ဝမ်းသာလိုက် သွားခြင်းဖြစ်သည်။ နောက် ရန်ကုန်ပါးဝလာမှ ကေသွယ်ရုံ အကြောင်း သိသည်။ ထိုစဉ်က ရုပ်ရှင် ဘာကားမှန်းမသိ။ ရုံထဲရောက်ပြီး ကြည့်နေရင်းဖြင့် စိတ်ဝင်စားပြီး ရုပ်ရှင်ထဲတွင်မျောသွားသည်။ ဘာသာ စကားလည်း နားမလည်။ သို့သော်လည်း ထိုစဉ်ကတည်းက “ဆာရောနယ” ကို အဓိပ္ပာယ် တိတိပပ မသိသော်လည်း နှုတ်ဆက်စကားမှန်း သိခဲ့သည်။ ရုပ်ရှင်ပြီး၍ ရုံအပြင်ဘက်သို့ရောက်မှ ဇာတ်ကားနာမည်ကို ပိုစတာတွင်ဖတ်ကြည့်ရသည်။ ထိုရုပ်ရှင်ကားကို ရင်ထဲစွဲနေအောင် သဘောကျမိရင်း ဂျပန်သွားချင်သည့်စိတ်ကို မြေဩဇာထည့်ပေးခဲ့သည်။ (မှတ်ချက် – ထိုရုပ်ရှင်ကားအား ယနေ့အချိန်အထိ ထပ်မကြည့်မိပါ။ ထိုစဉ်ကရခဲ့သည့်အရသာလေးပျောက်သွားမည်စိုး၍) သို့သော်လည်း ကျွန်တော်၏ စိတ်ကိုဖျက်ပစ်သည်က ဗီဇာနှင့် ဝန်ဆောင်ခပင်ဖြစ်သည်။ ထိုစဉ်က ဝန်ဆောင်ခ သည် ယနေ့ငွေကြေးနှင့် နှိုင်းယှဉ်လျင် သိန်းတစ်ထောင်နီးပါးရှိသည်။ ဗီဇာကလည်း ယနေ့ခေတ်လို မလွယ်။ ထိုကြောင့် ကျောင်းဆရာ မိဘများကို ကျွန်တော် မည်သို့ ပြောထွက် မည်နည်း။ ရန်ကုန်တွင် ကျောင်းတက်ဖို့ကို အဒေါ်တွေ ဦးလေးတွေ ကောင်းမှုကြောင့်ဖြစ်၍ မဖြစ်နိုင်သည့်ကိစ္စဟုဆုံးဖြတ်ကာ ထိုစဉ် ကတည်းက အပြီးတိုင် မြေမြှုပ် လိုက်ခြင်းပင်တည်း။
ယနေ့ တွံတေးသိန်းတန်သီချင်းလို လေးဆယ်ကျော်ငါးနှစ်အတွင်းမှာ ပြန်ဆုံရတယ် မဟုတ်ပဲ ငါးဆယ် ကျော် ခြောက်ဆယ်အတွင်းမှာဖြစ်၍ ငယ်ချစ်ဦးကိုလည်း ပြန်မတမ်းတချင်။ အစလည်းပြန်မဖေါ်ချင်။ သံယောဇဉ်ဖြစ်စရာများနှင့်လည်း ပြန်မဆက်စပ်ချင်။ သို့ပေမယ့် တစ်ချိန်က ဂျပန်နိုင်ငံကို သွားအလုပ် လုပ်ခြင်းနှင့် ယနေ့ခေတ် ဂျပန်နိုင်ငံကို သွားအလုပ်လုပ်ကြခြင်းမှာ ပို၍လွယ်ကူနေသည်ကို စိတ်ဝင်စားမိသည်။ “ဘာကြောင့် ဂျပန်နိုင်ငံက နိုင်ငံခြားအလုပ်သမားများကို ဒီလောက်အများအပြားခေါ်ယူ နေတာလည်း” ဆိုသည်ကို သိချင်မိသည်။ တိုက်ဆိုင်မှုလေလားမသိ။ ကျွန်တော့်အတွေးထဲတွင် ဒီအကြောင်းရှိနေချိန်တွင် သတင်းဌာနတစ်ခုမှ သတင်းတစ်ပုဒ်ကို ဖတ်မိလိုက်သည်။ ဂျပန်အစိုးရ၏ ဘဏ္ဍာတိုက်သည် ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အမွေဆက်ခံမည့်သူမရှိသော နိုင်ငံသားများ၏ ပိုင် ဆိုင်မှုများကို စံချိန်တင် တန်ဖိုး ယန်း ၁၂၉.၁ ဘီလီယံအထိရရှိခဲ့ကြောင်း သတင်းအရ ယင်းမှာ အမေရိကန် ဒေါ်လာ ၈၂၈ သန်းနှင့်ညီမျှသည်။ ယင်းပမာဏသည် နှိုင်းယှဉ်နိုင်သော အချက်အလက်များ ပထမဆုံးရရှိနိုင်သည့် ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်နောက်ပိုင်း အများဆုံးဖြစ်ကြောင်း တရားရုံး ချုပ် သတင်းရင်းမြစ်ထံမှ တစ်ဆင့် သိရှိခဲ့ရသည်ဟု ဆိုသည်။ ( ၎င်းသတင်းအရေးအသားအတိုင်း )။ ထိုသတင်းကိုဖတ်ပြီး အာမေဍိတ်တွင်သာမက ရင်မေဍိတ်ပါ ထွက်သွားမိသည်။ မြန်မာငွေဖြင့်တွက် မည်ဆိုလျှင် နည်းနည်းနောနောငွေမဟုတ်။ ကျွန်တော်တို့ နိုင်ငံတွင် အမွေ အငြင်းပွားမှု မှလွဲ၍ နိုင်ငံပိုင် အဖြစ် သိမ်းယူသည့်သတင်းကို ယနေ့အထိမကြားဖူးသေးပေ။ ရှိမည်ဆိုလျှင်လည်း အလွန်တရာ နည်းပါးလိမ့်မည်ဟု ထင်သည်။
ထိုသတင်းသည် ယနေ့ခေတ်လူ့အဖွဲ့အစည်းများကို တပ်လှန့်နှိုးဆော်လိုက်လေသည့်အလားထင် မှတ်စရာဖြစ်သည်။ လူငယ်… လူငယ် ဆိုသည့် တန်ဖိုးကို လှစ်ဟပြလိုက်ခြင်းလည်းဖြစ်သည်။ “ ဒီခေတ်ကြီးထဲမှာဟယ် . . အစစအရာရာကုန်ဈေးနှုန်းတွေကကြီးသနဲ့ . . ငါတို့တော့ ကလေး တစ်ယောက်ပဲ ယူတော့မယ်” လို့ အတွေးဖြင့် လက်တွေ့ကျင့်သုံးကြနေသူများ တစ်နေ့တခြား များလာကြသည် ကိုလည်း တွေ့ရသည်။ သားသမီး ရတနာဆိုသည့်စကား ကလေးဆိုတာ အိမ်ရဲ့ ဆည်းလည်းဆိုသည့် နောင်မျိုးဆက်များအပေါ် အရေးတယူရှိမှု စကားရပ်များ တဖြည်းဖြည်း ပျောက်ဆုံးလာနေသည်။ ဤသို့ ဆိုလျှင် တခြား ကိစ္စရပ်များကို အသာထား၍ လူဦးရေ မွေးဖွားနှုန်း ကျဆင်းခြင်း ဒဏ်သည် လူဦးရေ မွေးဖွားနှုန်း များသည့် သူများ၏လက်ထဲသို့အလိုလိုရောက်သွားမည်က သေချာလှသည်။ အကယ်၍ ကိုယ့်အမျိုးသား အချင်းချင်း ဆိုလျှင် ကိစ္စမရှိ။ ကိုယ့်အမျိုးသားက မွေးဖွားနှုန်းနည်းပြီး လူမျိုးကွဲများက မွေးဖွားနှုန်းမြင့်နေမည်ဆိုလျင် စပါးကြီးမြွေ သားကောင်ကို ညှို့ယူပြီး ဝါးမြိုနေသလို တရစ်ရစ်နှင့် နောက်ဆုံး လုံးဝလူမျိုးပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ကြီးပင်ဖြစ်သည်။ ယနေ့ခေတ်သည် ၁၈ ရာစုကလို အင်အားသုံးပြီး နယ်ချဲ့သည့်ခေတ်မဟုတ်တော့ပေ။ အနုပညာအရ နယ်ချဲ့သည်။ စီးပွားရေး ထုတ်ကုန်များအရနယ်ချဲ့သည်။ ပညာဖြင့်နယ်ချဲ့သည်။ အတွေးအခေါ်ဖြင့် နယ်ချဲ့သည်။ ထိုကြောင့် သတိမထားလိုက်မီမှာပင် သူတို့၏လက်ဝေခံအဖြင့် ကျရောက် သွားရသည်။ အထင်အရှားဆုံး ဥပမာ ဆိုရလျှင် ယနေ့လူငယ်များအကြားတွင်ခေတ်စားနေသည့် ကေပေါ့ဂီတလှိုင်းကို လက်ညှိုးထိုးရမည်။ သူတို့၏ ကေပေါ့ ဂီတလှိုင်းအောက်တွင် လွန့်လူးနေကြရသဖြင့် ကိုယ်ယဉ်ကျေးမှု ကိုယ့်ဂီတက အလို လိုနောက်ဆုတ်ပေးလိုက်ကြရသည်မှာ လက်တွေ့ပင်ဖြစ်သည်။
ဤသို့မွေးဖွားနှုန်းကျဆင်းလာသည့် ဂျပန်တွင်အစိုးရက ဤပြဿနာကိုဖြေရှင်းဖို့ကြိုးစားကြသည်။ မကြိုးစား၍လည်းမဖြစ်။ အလုပ်လုပ် နိုင်စွမ်း ကောင်းမွန်သည့် လူငယ်များမရှိတော့လျှင် လုပ်ငန်းတိုင်း အတွက် အခက်အခဲများစွာရင်ဆိုင်ရမည်ဖြစ်သည်။ ဥပမာအနေဖြင့် ကျွန်တော်တို့မြို့နယ်ထဲတွင် ယနေ့လို စပါးစိုက်ချိန်၊ စပါးရိတ်ချိန်များတွင် အမြဲတမ်း ကြားနေကျ စကားတစ်ခုရှိသည်။ “ အလုပ်သမား ရှာရတာစိတ်ညစ်လိုက်တာကွာ” ဟုပင်။ လယ်ယာမြေများတွင် မည်သည့်အခက်အခဲပေါင်းများစွာ ရင်ဆိုင် နေရသည်ကို တော့မသိ။ ကျွန်တော်တို့နားတွင်ရှိသည့် ပွဲရုံများတွင် စပါးပေါ်ချိန် အလုပ်သမားရှား ခြင်းကို အမြဲတမ်းတွေ့နေရသည်။ “ စပါးလှန်းဖို့ကွာ ပြောထားပြီးမှ တခြားပွဲရုံကိုရောက်သွားလို့ တောင်းတောင်းပန်ပန်နဲ့ လုပ်ခတိုးပေးပြီး ပြန်ခေါ်ရတယ်” ဆိုသည်က ပြဿနာများစွာထဲက တစ်ခုပင် ဖြစ်သည်။ ဤအချိန်က အလုပ်သမားများအတွက်မူ စပါးပေါ်လို့ စင်ပေါ်ရောက်သည့်အချိန်ဖြစ်သည်။ လုပ်ခတိုးပေးရသည်က အလုပ်သမားများ အတွက်ကောင်းမွန်သည့်ကိစ္စဖြစ်သော်လည်း ထိုကုန်ပစ္စည်း၏ ရောင်းဝယ်မှုတန်ဖိုးအပေါ် အလုပ်သမားစရိတ် ထပ်ပေါင်း လိုက်မည်က စားသုံးသူများအတွက် မကောင်းသောကိစ္စဖြစ်သည်။ ဖြစ်သင့်သည်ထက်ပိုကုန်ကြသည်။ ဤမျှကိစ္စရပ်ကလေး မှာပင် မလိုအပ်သော ကုန်ကျမှုများရှိနေမည်ဆိုပါက တစ်နိုင်ငံလုံးအတိုင်အတာနှင့်မူ အင်မတန် ကြောက်စရာကောင်းသည့် ဖောင်းပွမှုများ ဖြစ်သွားမည်က အသေအချာပင်ဖြစ်သည်။ ထုတ်ကုန်အနေ ဖြင့်လည်း အလုပ်သမားရှားပါးမှုကြောင့် ထုတ်လုပ်နိုင်စွမ်းရှိသည်အထိ ပြည့်မီအောင် ထုတ်လုပ်ဖို့ရာ တွင်အခက်အခဲဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် GDP (Gross Domestic Product ) စုစုပေါင်း ကုန်ထုတ် စွမ်းအားကျဆင်းပေမည်။ ထိုကြောင့် ကမ္ဘာ့ စတုတ္ထမြောက်အကြီးဆုံးစီးပွားရေး နိုင်ငံ ဖြစ်သည့်ဂျပန် တွင်မူ လုပ်သားရှားပါးမှုသည် နိုင်ငံကို အကြီးအကျယ် ထိခိုက်စေသည့် အဓိကအချက်ပင်ဖြစ်သည်။ ထိုကြောင့် ကဏ္ဍကြီး သုံးခုခွဲ၍ ၎င်းပြဿနာကို ဖြေရှင်းရန် ကြိုးစား နေသည်ကိုတွေ့ရပေသည်။

ပထမ အချက်အနေဖြင့် (Workforce Shortage & labour Market Reform) ဆိုသည့်အချက်တွင် အမျိုးသမီး အလုပ်အကိုင်များကို တိုးမြှင့်ရန် အတွက် အထက်အရာရှိများနေရာတွင်ပိုမိုပါဝင်လာနိုင် စေရေး၊ ကလေးထိန်းကျောင်းများ၊ အလုပ်ချိန် ပြောင်းလွယ် ပြင်လွယ်ရှိသော စနစ်များ (Flexible Work Arrangements) တိုးချဲ့ပေးခြင်း၊ သက်ကြီးလုပ်သားများအား အသက် ( ၆၅ )နှစ် ကျော်သည် အထိ အလုပ်ဆက်လက် ခန့်ထားရန် သို့မဟုတ် အငြိမ်းစားယူမည့် အသက်ကို တိုးမြှင့်ရန်အတွက် ဥပဒေများ ပြဋ္ဌာန်းနိုင်ရန်ကြိုးစားခြင်း၊ (Specified Skilled Worker) SSW ကဲ့သို့သော ဗီဇာအမျိုးအစားသစ် များဖြင့် လုပ်သားလိုအပ်ချက်များသည့် ဆောက်လုပ်ရေး၊ သူနာပြု၊ စိုက်ပျိုးရေး ကဏ္ဍများတွင် နိုင်ငံခြားများအား ပိုမိုလက်ခံ၍ ရေရှည်နေထိုင်ခွင့်ရရန်နှင့် မိသားစု ခေါ်ဆောင်ခွင့် စသည့်အခွင့်အရေး များပေးရန်၊ (Robotics & AI) များ အသုံးပြု၍ ကုန်ထုတ် လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး တို့ဖြစ်သည်။
ဒုတိယအချက်တွင် မွေးဖွားနှုန်းတိုးမြှင့်ရေးနှင့် ကလေးပြုစုစောင့်ရှောက်မှု (Birth Rate Enhancement & Childcare) အနေဖြင့် သုံးနှစ်မှ ငါးနှစ် ကလေးငယ်များအတွက် အခမဲ့ကလေးထိန်းစနစ်ကို ကျင့်သုံး၍ ဒေသန္တရအစိုးများမှ ကလေးထိန်းကျောင်းများ တည်ဆောက်ခြင်းကို အားပေးရန်၊ ကလေး မွေးဖွားသော မိဘများအတွက် တစ်လချင်းစီထောက်ပံ့ကြေး (Child Allowance) ပေးအပ်ရန် စီစဉ်ခြင်း၊ ဖခင်များ အတွက် ကလေးပြုစုခွင့် (Paternity Leave) များရနိုင်ရန် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပေးခြင်းတို့ဖြစ်သည်။
တတိယအချက်အနေဖြင့် ဒေသဆိုင်ရာ ရှင်သန်ရပ်တည်ရေး (Regional Revitalization) အနေဖြင့် မြို့ကြီးပြကြီးများတွင်လူဦးရေထူထပ်ပြီး ကျေးလက်ဒေသများတွင်လူဦးရေနည်းပါးလာခြင်းကိုဖြေ ရှင်းရန်အတွက် ကျေးလက်မှမြို့ပြများသို့ရွှေ့ပြောင်းနေထိုင်မှုကို ဟန့်တား၍ တိုကျိုကဲ့သို့သော မြို့ကြီးများမှ ကျေးလက်ဒေသသို့ပြောင်းရွှေ့နေထိုင်လိုသည့် မိသားစုများအား ငွေကြေးအထောက် အပံ့များ (Relocation Grants) ပေးခြင်း၊ အိုမင်းလာသောသူများအတွက် ဝန်ဆောင်မှုပေးရန် အခက်အခဲများမရှိနိုင်ရေးအတွက် မြို့ပြငယ်များ ( Compact Cities ) ဖန်တီးရန် စီမံကိန်းများရေး ဆွဲရန်တို့ဖြစ်သည်။
ထိုအချက်များသည် ဂျပန်နိုင်ငံ၏ ရေရှည်ဖွဲ့စည်းပုံပြောင်းလဲရေးကိုရည်ရွယ်ထားသည်။ ထိုအပြင် ဒစ်ဂျစ်တယ်စနစ် (DX: Digital Transformation )ဖြင့် စီမံခန့်ခွဲခြင်းကို တိုးမြှင့်၍ လုပ်သားရှားပါးမှု ကိုဖြေရှင်းအတွက် စီးပွားရေးပုံစံများ (Business Model) ကို ပြောင်းလဲ ပစ်ခြင်း၊ လုပ်ငန်းစဉ်များ ကို (Operations) များကို လွယ်ကူစေခြင်း၊ စားသုံးသူ အလေ့အထ (Customer Experiences) များ ကို တိုးတက်စေခြင်း တို့ကိုလည်းဆောင်ရွက်နေသည်။ သို့သော်လည်း လူ့စွမ်းအား အရင်းအမြစ် ရှားပါးခြင်း၊ အပြောင်းအလဲ လုပ်ရမည်ကို တွန့်ဆုတ်ခြင်း၊ ကုန်ကျစရိတ်မြင့်တက်လာမည်ကိုစိုးရိမ်ခြင်း၊ တို့ကြောင့် စနစ်တစ်ခုကို အပြောင်းအလဲ လုပ်ရန် ခက်ခဲနေပေသေးသည်။ ထိုကြောင့် လူဦးရေ အိုမင်းမှုနှင့် မွေးဖွားနှုန်းကျဆင်းမှုတို့ကြောင့်ဖြစ်ပေါ်လာသည့် လုပ်သားအင်အား ရှားပါးမှုကို ဖြေရှင်းနိုင်ရန် ယခင်က ဂျပန်ပညာရှင်အဆင့် ရှိသူများကိုသာ အဓိကထားပြီး လက်ခံ၍ အလုပ်သင် ပညာရှင်များကို (Technical Intern) ယာယီဖြင့်သာ လက်ခံ ခဲ့သော်လည်း ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံခြားခေါ် ယူမှု မူဝါဒများကို ပြောင်းလဲ၍ ဖြေရှင်းနိုင်ရန်ကြိုးစားနေပေသည်။
ဤတွင် SSW စနစ်ဖြင့် လုပ်သားစေလွှတ်မှုအဓိကနိုင်ငံများတွင် ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် နိုင်ငံများနှင့်အတူ မြန်မာ ပါဝင်လာခြင်း ဖြစ်သည်။ SSW တွင် Level 1 – 2 ဟူ၍ရှိသည်။ ပထမအဆင့် တွင် ကျွမ်းကျင်မှု အသင့်အတင့်ရှိသော ပညာ / အတွေ့အကြုံလိုအပ်သည်။
လုပ်ငန်းကဏ္ဍ (Sector) လုပ်ငန်းသဘောသဘာဝအရ သူနာပြု စောင့်ရှောက်မှု (Care Worker) သက်ကြီးရွယ်အို စောင့်ရှောက်ရေး အိမ်များ၊ သူနာပြု စောင့်ရှောက်ရေးဌာနများတွင် ဝန်ဆောင်မှု ပေးခြင်း၊ စားသောက်ကုန် ထုတ်လုပ်ရေး (Food & Beverages Manufacturing) အစားအသောက် စက်ရုံများနှင့် အသားထုတ်လုပ်မှု စက်ရုံများတွင် ကုန်ပစ္စည်း ထုတ်လုပ်ခြင်းနှင့် စီမံခြင်း။ စိုက်ပျိုးရေး (Agriculture) ခြံများတွင် သီးနှံစိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းနှင့် တိရစ္ဆာန် မွေးမြူရေး လုပ်ငန်းများ၊ ဆောက်လုပ်ရေး (Construction) အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ သံမဏိလုပ်ငန်းနှင့် အခြား ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများ တွင်အများဆုံးဝင်ရောက်လုပ်ကိုင်နေကြသည်။ SSW စနစ်၏ စည်းမျဉ်းများအရ အလုပ်ရှင်များသည် နိုင်ငံခြားလုပ်သားများကို နေထိုင်မှု၊ ဂျပန်ဘာသာ စကား သင်ယူမှုနှင့် အခြားနေ့စဉ်ဘဝဆိုင်ရာ ကိစ္စရပ်များတွင်လည်း ကူညီထောက်ပံ့ပေးသည်။ မြန်မာလုပ်သားများသည် ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် ဂျပန်ဘာသာစကား လျင်မြန်စွာ သင်ယူနိုင်မှုတို့ကြောင့် လိုအပ်ချက် မြင့်မားသည်။ SSW စနစ်သည် မြန်မာလူငယ်များ အတွက် ဂျပန်တွင် တရားဝင်အလုပ်လုပ်ရန်၊ ကောင်းမွန်သော လုပ်အားခရရှိရန်နှင့် ရေရှည် SSW (ii) သို့ ကူးပြောင်းကာ အမြဲတမ်းနေထိုင်ခွင့်ရရန် လမ်းကြောင်းဖွင့်ပေးသော အရေးပါသည့် အစီအစဉ် တစ်ရပ် ဖြစ်သည်။ SSW (ii) ဗီဇာကို ရရှိထားသော နိုင်ငံခြားလုပ်သားများသည် ၎င်းတို့၏ မိသားစုဝင် များကို ဂျပန်နိုင်ငံသို့ ခေါ်ယူခွင့် (Dependent Visa) လျှောက်ထားနိုင်ခြင်းသည် SSW (i) နှင့် အကြီး မားဆုံး ကွာခြားချက်ဖြစ်ပြီး၊ ရေရှည်နေထိုင်ရန် စီစဉ်သူများအတွက် အရေးကြီးသော အခွင့်အရေး တစ်ခု ဖြစ်သည်။Dependent Visa ဖြင့် ရောက်ရှိလာသော အိမ်ထောင်ဖက်သည် ဂျပန်တွင် နေထိုင် စဉ် တစ်ပတ်လျှင် နာရီ ၂၈ နာရီအထိ အချိန်ပိုင်း အလုပ် (Part-time Job) လုပ်ကိုင်ရန် ခွင့်ပြုချက် (Permission to Engage in Activity Other than that Permitted under the Status of Residence) လျှောက်ထားနိုင်သည်။ကလေးများသည် ဂျပန်နိုင်ငံရှိ ကျောင်းများတွင် ပညာသင်ကြား ခွင့် ရရှိမည်ဖြစ်သည်။
၁။ ဘာသာစကားနှင့် ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲများ (Language & Communication) SSW ကဲ့သို့သော ဗီဇာ အစီအစဉ်များသည် အနည်းဆုံး N4 အဆင့်ခန့်ကို လိုအပ်သော်လည်း လက်တွေ့ အလုပ်ခွင် (အထူးသဖြင့် စောင့်ရှောက်မှု နှင့် ရုံးလုပ်ငန်း) တွင် ဂျပန် လုပ်ဖော် ကိုင်ဖက်များနှင့် ချောမွေ့ စွာ ဆက်သွယ်ရန်နှင့် ရှုပ်ထွေးသော ညွှန်ကြားချက်များကို နားလည်ရန် ပိုမိုမြင့်မားသည့် ကျွမ်းကျင်မှုများ လိုအပ်ခြင်း။
ဂျပန်ယဉ်ကျေးမှုအရ အလုပ်ရှင်၊ သက်ကြီးရွယ်အို သို့မဟုတ် ဖောက်သည်များနှင့် ပြောဆိုရာတွင် Keigo (လေးစားသော ဘာသာစကား) ကို သုံးရခြင်းက နိုင်ငံခြားသားများအတွက် နားလည်ရန်နှင့် ပြောဆိုအသုံးပြုရန် အခက်အခဲဖြစ်စေခြင်း။
၂။ ယဉ်ကျေးမှုနှင့် အလုပ်ပုံစံဆိုင်ရာ အခက်အခဲများ (Cultural & Work Style)
ဂျပန်လုပ်ငန်းခွင်များသည် အချိန်တိကျမှု၊ အသေးစိတ်ကျမှု (Attention to detail) နှင့် လုပ်ငန်းစဉ် များကို တင်းတင်းကျပ်ကျပ် လိုက်နာရခြင်း တို့တွင် မြင့်မားသော စံနှုန်းများ သတ်မှတ်ထားခြင်း ကြောင့် မြန်မာလုပ်သားများအတွက် စိတ်ဖိစီးမှု ဖြစ်ပေါ် စေနိုင်ခြင်း။
ဂျပန်လူ့အဖွဲ့အစည်းတွင် ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခြင်းထက် သဘောတူဟန်ဆောင်ခြင်း (သို့မဟုတ်) လုပ်ဖော်ကိုင်ဖက်များ၏ စိတ်ခံစားမှုကို ဦးစားပေးခြင်း (Honoring the unspoken code) တို့က ဆုံးဖြတ်ချက်ချရာတွင်နှင့် ပြဿနာဖြေရှင်းရာတွင် ရှုပ်ထွေးစေခြင်း။
အလုပ်များလွန်းခြင်းနှင့် လုပ်ဖော်ကိုင်ဖက်များကို အားနာခြင်းတို့ကြောင့် အလုပ်ပိတ်ရက် သို့မဟုတ် အားလပ်ရက်များကို အပြည့်အဝ အသုံးမပြုနိုင်ခြင်း။
၃။ စနစ်နှင့် ဥပဒေပိုင်းဆိုင်ရာ အခက်အခဲများ (Systemic Issues)
ဗီဇာနှင့် နေထိုင်ခွင့်ဆိုင်ရာ ရှုပ်ထွေးမှု – SSW (i) မှ SSW (ii) သို့ ကူးပြောင်းခြင်း သို့မဟုတ် အမြဲတမ်း နေထိုင်ခွင့် လျှောက်ထားခြင်း စသည့် လုပ်ငန်းစဉ်များသည် ရှုပ်ထွေးပြီး လိုအပ်သော စာရွက် စာတမ်းများ များပြားခြင်း။
အချို့သော အလုပ်သင်အစီအစဉ်များ (ယခင် TITP) တွင် လုပ်သားအချို့သည် ဂျပန်လုပ်သားများနှင့် တူညီသော အလုပ်လုပ်သော်လည်း လုပ်အားခ နည်းပါးစွာ ရရှိခြင်း (သို့မဟုတ်) ခွဲခြားဆက်ဆံမှု ခံရခြင်းများ ရှိခဲ့သော်လည်း၊ လက်ရှိ SSW စနစ်တွင် ဥပဒေအရ ဂျပန် လုပ်သားများနှင့် တန်းတူ လုပ်အားခ ပေးရမည်ဟု ပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင် မပြည့်မီမှုများ ရှိနိုင်ခြင်း။
၄။ ပုဂ္ဂိုလ်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲများ (Personal & Emotional)
အထီးကျန်ခြင်းနှင့် နေအိမ်ပြန်လွမ်းခြင်း: မိသားစုနှင့် ဝေးကွာနေရခြင်း၊ ဂျပန်လူ့အဖွဲ့အစည်းနှင့် အပြည့်အဝ မပေါင်းစည်း နိုင်သေးခြင်း တို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနှင့် အထီးကျန်မှုများ ဖြစ်ပေါ်ခြင်း။

ဂျပန်နိုင်ငံ၏ လူမှုရေး၊ ဥပဒေရေးရာနှင့် နေထိုင်မှုဆိုင်ရာ လိုအပ်သော အချက်အလက်များကို မြန်မာ ဘာသာဖြင့်သော်လည်းကောင်း၊ လွယ်ကူသော ဂျပန်ဘာသာဖြင့်သော်လည်းကောင်း ရယူရန် အခက်အခဲရှိခြင်း။ စသည့်အခက်အခဲများ ရင်ဆိုင်ရမည်ဖြစ်သောကြောင့် ဂျပန်သို့သွားရောက်လုပ် ကိုင်ရန်စဉ်းစားထားသူများအနေဖြင့်ကြိုတင်ပြင်ဆင်ထားသင့်ပေသည်။
Youtube ရှိ ဂျပန်သွားရောက်လုပ်ကိုင်နေသူများ၏ အတွေ့အကြုံများကိုမျှဝေရာတွင်လည်း ဤ အချက်များသည် မလွဲမသွေ ရင်ဆိုင်ရသည် ဖြစ်ကြောင်းကို တွေ့ရှိရမည်ဖြစ်သည်။ ဂျပန်သို့သွားရန် ဂျပန်စာသင်ကြားထားပါသော်လည်း တကယ်တမ်း လက်တွေ့ သွားရောက် လုပ်ကိုင်ရာတွင် ဂျပန် စကား အပြောနှင့် နားထောင်စွမ်းတို့ အတွက် လိုအပ်ချက်ရှိကြောင်းကိုလည်း တော်တော်များများတွေ့ ရသည်။ ရေလည်းမတူ ၊ မြေလည်းမတူ ၊ ဘာသာစကားလည်းမတူ၊ ယဉ်ကျေးမှုလည်းမတူသည့် နေရာဖြစ်၍ အစစအရာရာ လေ့ကျင့် တည်ဆောက်သွားဖို့ကိုလည်း အကြံပြုလိုပါသည်။ အဘယ် ကြောင့်ဆိုသော် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်သည်ပဲဖြစ်ဖြစ် ကျောင်းသွားတက်သည်ပဲဖြစ် ဖြစ် ငွေကြေးမှအစ ဘက်ပေါင်းစုံမှ အခက်အခဲအမျိုးမျိုးကို ကျားကုတ်ကျားခဲ ကြိုးစားအားထုတ် သွားရ၍ အကြောင်းတစ်စုံတစ်ရာကြောင့် အဆင်မပြေဖြစ်ခဲ့လျင် နစ်နာဆုံးရှုံးမှုများက အဖတ်ဆယ် မရလောက်အောင်ပင် တန်ဖိုးကြီးပေသည်။
ဤနေရာတွင် ဂျပန်သို့ရောက်ပြီး လက်ရှိစားသောက်ဆိုင်တစ်ခုတွင်လုပ်ကိုင်နေသည့် လူငယ်တစ်ယောက်၏ အတွေ့အကြုံကို ကျွန်တော် ကိုယ်တိုင် မေးမြန်းထားသမျှ တင်ဆက်ချင်ပါသည်။ “ကျွန်တော်တို့ ဂျပန်ကို ရောက်တာနဲ့ အလုပ်သမား ကြီးကြပ်ရေးဌာနက ဘာသာစကားနဲ့ ပတ်သက်ပြီးတော့ရော လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီးတော့ရော သူတို့လိုချင်တဲ့ပုံစံတွေကို သင်တန်းပေးတယ်။ ပြီးတော့ ကိုယ် လုပ်ရမယ့် လုပ်ငန်းခွင်မှာ လက်တွေ့ဆင်းခိုင်းတယ်။ ဒါတွေ ပြီးတော့မှ အလုပ်ဝင်ရတယ်။ အလုပ်ဝင် စကဆို ကျွန်တော် ဂျပန်စာသင်လာခဲ့တယ် ဆိုပေမယ့်လို့ တကယ်တမ်း အလုပ်ထဲလည်း ရောက်ရော သူတို့ လေယူလေသိမ်း နဲ့ အသားမကျသေးတော့ နားလည်တစ်ဝက် နားမလည် တစ်ဝက် နဲ့ရယ်။ ဒါကို လည်း ဒီလုပ်ငန်းခွင်ထဲမှာ ရှိတဲ့သူတွေက ကူညီကြပါတယ်။ နောက်ပြီး တစ်ခု လေးစားစရာကောင်းတာ က အလုပ်လုပ်တာမှာ တင်မဟုတ်ပဲ သူတို့ စကားလေး အဆင်ပြေပြေ ပြောနိုင်တာလေးကိုကအစ ချီးကျူးကြတာပဲ။ ကျွန်တော်က စားသောက်ဆိုင်မှာ လုပ်ရတာမို့လို့ သိပ်ခက်ခက်ခဲခဲကြီးတော့ မကြုံရပါဘူး။ ရောက်စက ဘာသာစကား အခက်အခဲကိုလည်း ကိုယ်တိုင်လည်း ကြိုးစားသလို သူတို့ကလဲ ဝိုင်းပံ့ပိုးပေးတော့ တဖြည်းဖြည်းတော့ အသားကျလာပါတယ်။ အဲ့ဒီမှာ တစ်ခုရှိတာက ကျွန်တော်က အချိန်ပြည့် အလုပ်သမား တစ်ယောက် ဆိုပေမယ့် ကျွန်တော်အရင် ဒီဆိုင်မှာလုပ်နေကြတဲ့ အချိန်ပိုင်း အလုပ်သမားတွေထဲက အဒေါ်ကြီးတစ်ယောက်ဆိုရင် ကျွန်တော်ဘာလုပ်လုပ် အမြဲတမ်း ဆူသလိုမျိုး အပြောခံရတယ်။ နောက်မှ သေချာစဉ်းစားကြည့်တော့ သူဆူတယ်ဆိုတာက ကျွန်တော်ကို ရာနှုန်းပြည့် အကောင်းဆုံး ဖြစ်စေချင်လို့ ဆိုတာကို သဘောပေါက်သွားတယ်။ အစပိုင်းတော့ ဒီအဒေါ်ကြီးက အတော် ဇီဇာကြောင်ပါလားလို့ အောက်မေ့တာပေါ့။ ပြီးတော့ အလုပ်သမားသမားခေါင်း ပေါ့နော်။ ကျွန်တော် ရောက်စကဆိုရင် နွေးနွေးထွေးထွေးနဲ့ တကယ့် သဘောကောင်းတဲ့သူ တစ်ယောက်လို့ အောက်မေ့တာ။ နှစ်လ သုံးလလောက်လည်းနေရော ကျွန်တော့်မှာ သူ့အပြောမခံရတဲ့နေ့ ဆိုတာမရှိသ လောက် ဖြစ်သွားလေရော။ သူဆူတယ်ဆိုတာမျိုးက Power Harassment မျိုးမဖြစ်အောင် တစ်နေရာကို ခေါ်ပြီးဆူတာမျိုး။ ဆူတယ်လို့သာ ပြောရတာပါ။ တကယ်တော့ သူ့စကားလုံးတွေက စကား အသုံးအနှုန်းအရမ်းလှတယ်။ ဒါပေမယ့် လေသံနဲ့ မျက်နှာအမူအရာကတော့ ဆူနေတယ် ဆိုတာကို ဖေါ်ပြနေတယ်လေ။ ဒီတော့ စောစောကပြောသလို Power Harassment မဖြစ်တော့ အလုပ်သမားရုံးကိုလည်း တိုင်လို့မရဘူး။ တရားဝင် ဆူနည်း ကျွန်တော့်ကို သင်ပေးလိုက်သလိုပဲ။ သို့ပေမယ့်လို့ အဲ့ဒီအလုပ်သမားခေါင်းမှာ ကိုယ်မကြိုက်တာတွေလည်း ရှိပေမယ့်လို့ သူကအလုပ်ခွင်ထဲမှာ ဘယ်လို အလုပ်လုပ်ရမယ်ဆိုတာကိုရော ဘယ်လို ပြောဆိုရမယ် ဆိုတာတွေကိုပါ သင်ပေးလိုက်တာ ပါ။ ဂျပန်မှာ အခုထိလက်ရှိအချိန် တစ်နှစ်ကျော်ကာလအတွင်းမှာ အလုပ်လုပ်ရတာတွေက ပင်ပန်း တယ်ဆိုပေမယ့်လည်း အမှတ်တရအရှိဆုံးအရာက ဂျပန်ရောက် အလုပ်သမားရုံးမှာ သင်တန်းတက် နေတုန်းက ကြုံခဲ့တာပဲ။ သင်ကြားရေးတွေနဲ့ ပတ်သက်ပြီး ဘာမှပြောစရာမရှိပါဘူး။ ပြဿနာက ထမင်းစားချိန်ရောက်မှ။ သူတို့ဆီက အသင့်စား ထမင်းဘူးတွေမှာက ဆန်က စေးလွန်းတဲ့အပြင် ကြက်ကြော်ရယ် နောက်အသီးအရွက်တွေရယ်ပဲ ပါတာ။ ရောက်စဆိုတော့ ကုန်အောင်ဘယ်လိုမှ မစားနိုင်ဘူး။ သူတို့က ကိုယ့်ခွဲတမ်းကို ကုန်အောင် မစားရင် သူတို့ကစိတ်ဆိုးတယ်။ ကြက်ကြော်ဆိုလည်း မင်းစား ဖို့အတွက် ကြက်က သူ့အသက်ကို သေပေး လိုက်ရတာဖြစ်တယ်။ အဲ့ဒီတော့ ကြက်ကြော်ကိုလည်း တန်ဖိုးထား ကုန်အောင်စားရမယ်ဆိုတာမျိုးပေါ့။ သူပေးဆပ်လိုက်ရတဲ့ အသက်ကို အလဟဿမဖြစ် စေရဘူးဆိုတဲ့အယူအဆပေါ့။ နောက်ပြီး ဒီမှာအလေ့အကျင့်လေး ပြန်လုပ်ခဲ့ရ တာလေးတစ်ခုက သူတို့က ကိစ္စတစ်ခုကို ဘယ်လိုလုပ်ရမလဲ သွားမေးရင် မကြိုက်ဘူး။ ကျွန်တော်တော့ ဒီကိစ္စလေး တစ်ခုကို ဒီလိုလုပ်ချင်တယ် အဲ့ဒါ သင့်တော်မလားလို့ မေးမှ။ အဲ့ဒီလိုမှ ကိုယ်လုပ် ချင်တာကို မစဉ်း စားတတ်ဖူးဆိုရင် မင်းဟာမင်း မဖြစ်တော့ဘဲ ငါပြောတဲ့အတိုင်း လိုက်လုပ် နေတဲ့အတွက် ငါပဲဖြစ်မှာ ပေါ့တဲ့။ တစ်ခုခု အမှားလုပ်မိရင်လဲ အဲ့ဒီလိုပဲ။ ဘာကြောင့်မှားသွားတယ် ဆိုတာကို ကိုယ့်ဘာသာစဉ်း စားရတယ်။ ကျွန်တော် မှားသွားတယ်လို့ တောင်းပန်လိုက်လို့ မပြီးဘူးဗျ။ မြန်မာပြည်မှာနေတုန်းက တစ်ခုခုဆို တောင်းပန်လိုက်ရင် ပြီးသွားတာနဲ့အသားကျလာခဲ့တော့ ဒီမှာ အတော်သတိထားပြီးပြင်ယူ ရပါတယ် ဆရာရေ“ တဲ့။
ဒီစကားများကို ပြောပြခဲ့သူက ကျွန်တော်တို့မြို့မှ စားသောက်ဆိုင် လုပ်ငန်းဖြင့် ဂျပန်တွင် တရားဝင် အလုပ်သွား လုပ်နေသူ စာပေ ဝါသနာရှင်လေး တစ်ဦး၏ ပြောပြချက်များပင် ဖြစ်သည်။ သူသည် စာရေးချင်သည်။ သို့သော်လည်း စာပေဘက်သို့ အချိန်မပေးနိုင်။ မိသားစုအရေးဖြင့် ရေခြားမြေခြားတွင် ရှင်သန်ဖို့အတွက်ကြိုးစားနေရသည်။ ထိုအတူ အေးအေးချမ်းချမ်းဖြင့် ကိုယ့်နိုင်ငံကိုယ့်အရပ် တွင် စာရေးချင်စိတ်လေး ရှိနေမည် ကလည်း သူရင်ထဲတွင်ရှိနေမည်သာ။ ဤကဲ့သို့ လူငယ်များအား ကိုယ်နိုင်ငံတွင်သာ စာရေးဖို့ ကျွန်တော်မည်သို့ ဆွဲဆောင် ရမည်နည်း။ ကျွန်တော် မတတ်နိုင်သော်လည်း ဂျပန်နိုင်ငံကမူ တတ်နိုင်ပေသည်။ သူတို့က ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံဖြစ်၍ ဖွံ့ဖြိုးဆဲ နိုင်ငံများမှလုပ်သားများကို ဆွဲဆောင်နိုင်ပေသည်။ အကယ်၍များ ဖွံဖြိုးဆဲနိုင်ငံများမှ လုပ်သားအင် အားရှားပါးလာပြီဆိုပါအံ့။ ဤအတွက် မည်သို့ဖြေရှင်းမည်ကို ကျွန်တော်ဆက်၍လေ့လာရဦးမည်ထင် ပါသည်။
၂၂-၁၂-၂၀၂၅
Source – အင်တာနက်၊ YouTube interviews နှင့် မောင်သက်ဝေအောင်၏ ကိုယ်တိုင် ပြောပြချက်များ
(မှတ်ချက် – ဂျပန်အလုပ်များနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များက YouTube တွင် အတော်ပြည့်ပြည့်စုံစုံရှိပါသည်)


