The Corner

The Corner

cropped-Logo_round_grey-background.png

အရောင်တွေကို ငါမြင်ပါတယ်

Share မယ်

ဟိုတုန်းကတော့ချာချီလမ်း၊ ကိုယ်တွေသိခဲ့တုန်းကတော့ ကိုယ့်မင်းကိုယ့်ချင်းလမ်းနားက ယခင် ဖဆ ပလ အဖွဲ့ချုပ်ရုံးကြီးဟာ ၁၉၆၈မှာ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ လက်အောက်ခံရယ်လို့ ဖြစ်သွားခဲ့တဲ့ ရေခဲဆိုင်မှတ်တိုင်နားကရန်ကုန်ပန်းချီ ပန်းပုကျောင်းကြီးမှာ ၁၉၈၈-၁၉၉၁ တက်ခဲ့စဉ်က ကျွန်တော်တို့နှစ်မှ ကျောင်းသားများ ရွှေတောင်ကြားထဲက ပြခန်းတစ်ခုမှာ ပန်းချီကား တင်ခွင့်ရမည်ဆို၍ ကိုယ်ရေးခဲ့သမျှထဲမှ အကောင်းဆုံး ပန်းချီကားတစ်ကားကို ရွေးချယ်ခဲ့ရာ ပန်းချီ ကျောင်းတော်ကြီးရှေ့ရှိ့  စိန်ပန်းပင်ပျိုလေးကို ရေဆေးဖြင့်ရေးထားခဲ့သော ပန်းချီကားလေးကို ပြခန်းတင် ပန်းချီကား အဖြစ် ရွေးချယ် ဖြစ်ခဲ့ပါတယ်။ Golden Vally ပြခန်းမှာ ပြပွဲရက်၌လည်း မိမိ ပန်းချီကားလေးဖြင့် မှတ်မှတ်ရရ ဓာတ်ပုံလေးတစ်ပုံ မှတ်တမ်းတင် ရိုက်ထားခဲ့သော်လည်း ၎င်းဓာတ်ပုံနှင့်အတူ ရှေးဟောင်း ရှားပါး ကက်တလောက်များ ပေးစာ ပြန်စာများ မှတ်စုများနှင့် ဆရာကြီး ဦးသုခအိမ်တွင် ပန်းချီသင်တန်း တတ်ခဲ့စဉ်က သင်တန်းကြေး ပေးသွင်းခဲ့သော ဘောက်ချာများနှင့် အခြားအရာ များစွာတို့ကလည်း ကျွန်တော် ငယ်ရွယ်စဉ်ကတည်းက နေထိုင်ခဲ့သော ကြည့်မြင်တိုင်အိမ်မှ ပြောင်းခဲ့စဉ် စုထားသမျှစာအုပ်နှင့် စာရွက်စာတမ်းများ အားလုံး အင်းစိန်အိမ် အပြောင်းတွင် ခြများကြောင့် အဟောသိကံ ဖြစ်ခဲ့ရပါတယ်။

 ကျွန်တော် Golden Valley ပြခန်းသို့ သုံးလ တစ်ကြိမ် ပန်းချီကား လဲရသဖြင့် ပန်းချီကားလဲပြီး အပြန် မဂ္ဂဇင်းများထဲ၌သာ တွေ့ဖူးပြီး အပြင်တွင် မတွေ့ဘူးသော ပန်းချီဆရာကြီး တစ်ဦးနှင့် အမှတ်မထင် ဆုံတွေ့ခဲ့ရပါတယ်။ ၎င်းကား မုံရွာသား ပန်းချီဆရာကြီး ဦးလူတင်ဖြစ်ပါတယ်။ Golden Valley ပြခန်း၌ လည်း ဆရာက ဧည့်ပန်းချီဆရာ အဖြစ် ပန်းချီကား လာတင်ခြင်းပင်။ ကျွန်တော်လည်း ပန်းချီကားတင်ပြီးအပြန် Golden Valley ပြခန်းအဆင်း လမ်းကလေးမှာ ဆရာနှင့် အတူ အမှတ်မထင် လမ်းလျှောက်ဆင်း ဖြစ်ခဲ့ပါတယ်။ ဆရာကလည်း ကျွန်တော့်ကို ပန်းချီဆရာ ပေါက်စတစ်ယောက် ဆိုတာက လွဲပြီး ဆရာ၏ စိတ်ထဲတွင် ဘာမှရှိမယ် မထင်ပါ။ ဆိတ်ငြိမ် ရပ်ကွက် တစ်ခု ဖြစ်တာကြောင့် ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေပြီး သစ်ပင်ပေါ်မှ ငှက်ကလေးများ အော်သံမှလွဲ၍ ဘာသံမှမကြားရပေ။ ၎င်းနောက် ကျွန်တော်ကပင် စ၍ မိတ်ဖွဲ့ မိတ်ဆက်ခဲ့ပါတယ်။ ဆရာ့ကို “ကျွန်တော်က မျိုးညွန့် (ကြည့်မြင်တိုင်) နဲ့ ပန်းချီ ရေးပါတယ်။ ပြခန်းမှာ ပန်းချီကား လာတင်တာပါ” ဟု ပြောလိုက်သော အခါဆရာက “မင်းငါကို သိလို့လားကွ” ဟု ရှင်းရှင်း ဘွင်းဘွင်း တဲ့တိုးကြီး မေးလာ ပါတော့ တယ်။ “ဟုတ်ကဲ့ဆရာ” “ဆရာက ဦးလူတင်ဆိုတာ ကျွန်တော်သိပါတယ်” ဆရာက ဟုတ်ရော ဟုတ်ရဲ့လားဆိုပြီး လမ်းလျှောက်ရင်း ကျွန်တော့်ကို ဘေးတိုက်ကြည့်နေ၍ ကျွန်တော်ကလည်း ဆက်၍ပင် ဆရာရဲ့ ပထမဆုံး တစ်ကိုယ်တော်ပြပွဲ ဂါထာ ၆၀ အကြောင်းနဲ့ သင့်ဘဝမဂ္ဂဇင်းထဲမှ လူထု ဒေါ်အမာရဲ့ ဆောင်းပါးပါ အကြောင်းထဲက ချင်းတွင်းသင်္ဘောပေါ်မှာ ဆရာ အောက်လိုင်း မကောက်ဘဲ ပန်းချီ ရေးဆွဲနေတာကို နိုင်ငံခြားသား ဇနီးမောင်နှံ နှစ်ယောက်က တအံ့တသြ ဖြစ်နေခြင်းနှင့် ဆောင်းပါးပါ အကြောင်းအရာတွေကို ဆရာ့အား ခရေစေ့တွင်းကျ ပြောပြလိုက်မှဘဲ ဆရာက အားရပါးရရယ်ပြီး အသိအမှတ်ပြု လက်ခံလိုက်ပုံ ရပါတယ်။ ဒါဟာဆရာနဲ့ စတွေ့ခဲ့ခြင်း စသိခဲ့ခြင်းပါ ဆရာနှင့် ကျွန်တော်က ရေစက်ပါတယ် ထင်ပါရဲ့။

ကျွန်တော်နဲ့ အနုပညာကြောင့် ခင်ခဲ့သော သူများဟာလည်း မုံရွာသား အညာသားတွေများပါတယ်။ ဆရာ ပေါ်ဦးသက်ဆုံးတဲ့ နှစ်ကလည်း ကျွန်တော် မုံရွာကို ရောက်နေခဲ့တဲ့ နှစ်ပါပဲ။ ကြည့်မြင်တိုင် အိမ်နံပတ် (၆၆) ဟာ အနုပညာ အသွေးအသားရှိသူတွေ လာရောက် ခိုနားခဲ့ကြတဲ့ အိမ်ပါ။ မုံရွာသား နိုင်ဝင်း (ဂစ်တာ)၊ ကိုလေးအောင် မုံရွေးသား၊ ကိုမင်းဇော် (ခရီးသွားနှစ်ဆုချိတ်ခဲ့သူ)၊ သူဆံပင်အရှည်နဲ့ သူရမယ့်ဆုကို လဲသင့် မလဲသင့် အရက်တိုက်ပြီး ခေါ်ဆွေးနွေးခဲ့သူ။ ပြီးတော့ စာဂျပိုး ဏေသွေးအိမ်။ နောက် တစ်ယောက်ကတော့ သော်ဇက် သူနဲ့ ပတ်သက်ပြီး ဆရာ ဦးလူတင်ရဲ့ သား အိမ်ကို ရောက်လာ ခဲ့ပါတယ်။ ထုံးစံအတိုင်း အနုပညာနဲ့ ပတ်သက်တာတွေ လူငယ်သဘာဝ ခံစားမှု တွေကို နာရီအတော် ကြာအောင် ဆွေးနွေး ငြင်းခုံ ပြောဆိုဖြစ်ခဲ့ကြတယ်။

အခုမှ ခင်ခွင့်သိခွင်ရကြပေမယ့် ငယ်ပေါင်းကြီးဖော်တွေလိုဘဲ ခင်မင်သွားခဲ့ကြတယ်။ ဆရာ့သားက ရန်ကုန်မှာ ရပ်တည်ဖို့ လာခဲ့တာပါ။ လောလောဆယ် လွယ်လွယ် ရပ်တည်ဖို့က အဲဒီ့အချိန်က ဗိုလ်ချုပ်စျေး pck* ဘဲရှိတာဆိုတော့ ကျွန်တော်လည်း ကန့်ကွက်ခဲ့ပါတယ်။ သူလည်း စိတ်လျှော့သွားပုံ ရပါတယ်။  ဒီလိုနဲ့ နှစ်တွေအတော်ကြာလာတော့မှ ဆရာ့ရဲ့သား အကြောင်းမေးကြည့်တော့ စိတ်မကောင်းစရာ သတင်းဆိုး တစ်ခု ကြားခဲ့ရတယ်။ ရွှေဘို သင်္ကြန်မဏ္ဍပ်မှာ ပန်းချီရေးတုန်း ငြမ်းပေါ်က ပြုတ်ကျပြီး ဆုံးသွားတယ်တဲ့။ မြန်မာနိုင်ငံဟာ အတတ်ပညာ ကျွမ်းကျင်မှု ရှိပေမယ့် ရပ်တည်ဖို့ ခက်ခဲတဲ့နိုင်ငံပါ။ သော်ဇက်ကလည်း ဆရာရဲ့ တပည့်ဖြစ်ခဲ့ဖူးသူပါ။ ဆရာအိမ်မှာ ပညာဆည်းပူးစဉ်က သူလေ့ကျင့် ရေးဆွဲခဲ့တဲ့ စက္ကူဖိုင်ကြီးကိုလည်း ကျွန်တော်က အပိုင်သိမ်းလိုက်ပါတယ်။  ဆရာ့လက်ရာရော သူရဲ့ လေ့ကျင့်လက်ရာတွေပေါ့။

ဒီလိုနဲ့ ဆရာ ရန်ကုန်ရောက်ရင် တွေ့ဖြစ်လိုက်၊ မတွေ့ဖြစ်လိုက်နဲ့ ၁၉၉၅မှာ ဆရာဦးဉာဏ်ရှိန်နဲ့ ကျွန်တော် ရင်းနှီးမှန်း သိတော့ဆရာ လူကြုံစကား ပါးပါတယ်။ ပစ္စည်းလေးတွေလည်း ပို့ပေးရပါတယ်။ သေသေ သပ်သပ်ထုပ်ပိုးထားတဲ့ အထုပ်သေးသေးလေးတွေပါဘဲ။ ဆရာဒီနေ့ ပေးလိုက်ရင် နောက်နေ့ဆရာ ဦးဉာဏ်ရှိန်ဆီ သွားပို့လိုက်တာပါဘဲ။ ဆရာဦးလူတင်နဲ့ဆရာဦးဉာဏ်ရှိန်တို့ဟာ ပန်းချီမိတ်ဆွေများ ဖြစ်ကြသလို ဓမ္မမိတ်ဆွေ တွေလည်းဖြစ်ကြပါတယ်။ တစ်ခါ ဆရာပန်းချီကျောင်း ရောက်နေသည် ဆို၍ ကျွန်တော်ရယ် သော်ဇက်ရယ် ကောင်းစုရယ် ရန်ကုန် ပန်းချီကျောင်း ဆရာရှိတဲ့ဆီကို ရောက်သွားခဲ့ကြပါတယ်။ ရောက်တော့ ဆရာက သူရဲ့ တစ်ကိုယ်တော်ပြပွဲ ဂျာမနီမှာ ပြသနေတယ်ဆိုတဲ့ အကြောင်းပန်းချီ နဲ့ အနုရသ အထွေထွေ အကြောင်းပြောရင်း 11″x15″ ဆိုဒ်ရှိ ရေဆေးစက္ကူနှစ်ရွက်ကို တပိုင်းစီ ပိုင်းပြီး ရေဆေးကို စရေးပါတော့တယ်။ ဆရာရဲ့ ရေဆေးခွက်ထဲက အရောင်တွေဟာ ဘယ်ဟာက အဝါ၊ ဘယ်ဟာက အစိမ်း၊ ဘယ်ဟာက အပြာမှန်း မသိအောင်ကိုဘဲ ရှိနေပါတယ်။ ဒါ အရောင်အစစ်တွေကို ငြီးငွေ့သွားတာ ဖြစ်မယ်လို့ထင်ပါတယ်။ စကားပြောလိုက် ရေးလိုက်နဲ့ တစ်ကားပြီး တစ်ကား ရေးသွားလိုက်တာ အားလုံးလေးကား ပြီးသွားပါတယ်။

ဆရာ့ ပန်းချီကား (၁)

အပူပိုင်းဒေသရဲ့ အညာပင်တွေ ဖြစ်တဲ့ ထနောင်း၊ ဒဟပ်၊ တမာပင်တွေကို လက်ညှိုး လက်ခလယ် လက်မကကြား စုတ်အလုံးလေးကိုလဲပြီး အဖိအဖော့နဲ့ လူးလှိမ့်ပြီး ရေးသွားတာဟာ ပဥ္စလက် ဆန်စွာနဲ့ အညာက အပင်တွေရဲ့ လက္ခဏာကို တန်းမိစေပါတယ်။ ရေးပြီး ပန်းချီကား လေးများကို သော်ဇက်က မယူတဲ့အတွက် ကောင်းစု နှစ်ကား ကျွန်တော်နှစ်ကား ဆိုပြီး ဆရာက လက်ဆောင် ပေးလိုက်ပါတယ်။ လောကနတ် ပြခန်းရှိ ကျွန်တော်တို့ အုပ်စုပြပွဲကို လာဖို့ ဆရာကို ဖိတ်စာပေးပြီး ဖိတ်ခဲ့ပါသေးတယ်။ ဆရာရဲ့ ဥပဓိရုပ်ဟာ သန်မာထွားကျိုင်းပြီး ညိုမှောင်သော အသားရောင် တွေကြား မျက်ခုံးထူထူနှင့် ရိုးသားစွာ ရယ်ပြုံးမှုတွေက ခင်မင်စရာ အလွန်ကောင်းလှပါတယ်။ ၁၉၃၀ ခုနှစ် မုံရွာမြို့ ကျွဲရဲရွာတွင် မွေးဖွားခဲ့ပြီး ဖခင်မှာ ပန်းရန်ဆရာ တစ်ဦးပါ။ ပန်းချီဆရာ မဖြစ်ခင်က ဇာထိုး ပန်းထိုးခြင်း၊ ရက်ကန်းရက်ခြင်းနှင့် စက်ချုပ်ခြင်းစသည့် အလုပ်မျိုးစုံဖြင့် လူငယ်ဘဝကို ဖြတ်သန်း ကျင်လည်ခဲ့ရ ပါတယ်။ ပန်းချီမျိုးရိုး မဟုတ်သော်လည်း ဆရာတော်တစ်ပါးရဲ့ အကူအညီနဲ့ ပန်းချီ ဆရာ ဦးအောင်ချစ် ထံတွင် ပထမဆုံး ပန်းချီပညာကို စတင် သင်ယူခဲ့ပါတယ်။ ၁၉၅၃ မှ ၁၉၅၆ အထိ မန္တလေး ပန်တျာကျောင်းတွင် ပန်းချီ ဘာသာရပ်ကို သင်ယူပြီးမြောက်ခဲ့ပြီးနောက် ပန်းချီဆရာကြီးများဖြစ်ကြသော ဦးကံညွန့်၊ ဦးချစ်မြဲ နှင့် ဦးဘသက်တို့ ထံမှာလည်း ပညာနို့ရည် သောက်စို့ခဲ့ကာ မန္တလေး အထက်တန်းကျောင်းတွင် ပန်းချီနည်းပြ ဆရာအဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ၁၉၇၂ မိတ္ထီလာ ဆရာ အတတ်သင် ကောလိပ်တွင်လည်း ပန်းချီ နည်းပြလုပ်ခဲ့ပါသေးတယ်။ ၁၉၇၈မှာ ပြည်ထောင်စု တိုင်းရင်းသား ဖွံဖြိုးရေးသိပ္ပံ ပန်းချီ ဌာနမှူးအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၈၁မှာ အငြိမ်းစား ယူခဲ့ပြီးနောက် အချိန်ပြည့် ပန်းချီရေးဆွဲခြင်းဖြင့်သာ အချိန်ကုန်ဆုံး စေခဲ့ပါတယ်။ မုံရွာမြို့နယ် ရိုးရာ ပန်းပညာရှင် အစည်းအရုံးတွင်လည်း နာယကအဖြစ် တာဝန်ယူခဲ့ပါတယ်။ တစ်ကိုယ်တော်ပြပွဲများ ကိုလည်း ရန်ကုန်၊ မန္တလေး၊ မုံရွာ စသည့် မြို့ကြီးများတွင် ပြသခဲ့ပါတယ်။ ၁၉၉၁ခုနှစ်တွင် မုံရွာ၌ vision house art gallery ပန်းချီ ပြခန်းကို ဖွင့်လှစ်ကာ ထိုနှစ်မှာပင် ဆရာ အချိန်ယူ ပြင်ဆင်ခဲ့တဲ့ တစ်ကိုယ်တော်ပြပွဲ အသက် ၆၀ပြည့် ပန်းချီကား ၆၀ ဖြင့် ဂါထာ ၆၀ ဟု အမည်ဆန်းဆန်းနှင့် တစ်ကိုယ်တော်ပြပွဲ ကို  ပြသခဲ့ပါတယ်။ ထိုဂါထာ ၆၀ ပြပွဲသတင်းမှာ ထိုအချိန် မဂ္ဂဇင်းများတွင် လူအများရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ လည်း ဆရာ့ရဲ့အသက် ၇၀ ပြည့် အထိမ်းအမှတ်ပွဲကို ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့ ကြီးများတွင် ပြသခဲ့ရာ အောင်မြင်မှု များစွာ ရခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်မြို့ ရှိ AZADA Gallery တွင်လည်း တစ်ကိုယ်တော် Solo  Show ပြသခဲ့တယ်။ အနုပညာရှင်များ စိတ်ဝင်စားခြင်း ခံခဲ့ရတဲ့ ချင်းတွင်း ရေကြည်အဖွဲ့ကြီးကို ဦးဆောင်ခဲ့သူ တစ်ဦးပင်။

ဆရာ့ ပန်းချီကား (၂)

ပထမဦးဆုံး ချင်တွင်း ရေကြည်ပြပွဲက ၁၉၇၉၊  ဒုတိယ ၁၉၈၀၊  တတိယ ၁၉၈၂၊ စတုတ္ထ ၁၉၈၄၊ ပဥ္စမ ၁၉၈၆၊ ဆဌမ ၁၉၈၇ အဖြစ် အကြိမ်ကြိမ် ရန်ကုန်မြို့ တွင် ပြသခဲ့သလို ချင်းတွင်း ရေကြည်အဖွဲ့ အ‌ကြောင်းကို မဂ္ဂဇင်းများမှာ သတင်းဆောင်းပါးများဖြင့် တခမ်းတနား ချီးကျူးထောမနာ ပြုခဲ့ကြပါတယ်။ ချင်းတွင်း ရေကြည်အဖွဲ့ဟာ ပန်းချီပစ္စည်းနဲ့ စားစရာ သောက်စရာများကို စက်ဘီးများပေါ်တင်၍ ရွာစဉ်လှည့်၍ပုံ မှန် outdoor ထွက် လက်တွေ့ ရေးဆွဲကြပါတယ်။ ချင်းတွင်း ရေကြည်အဖွဲ့ဟာ အရှိန်အဟုန် ဖြင့် ရေဆေးတစ်ခေတ်ကို လှုပ်ခတ် သွားစေသူများလည်း ဖြစ်ပါတယ်။ ဆရာဦးလူတင်ဟာ သင်ဆရာ များရဲ့ ရေးဟန်သင်ရိုးနဲ့ ရသအကဲစမ်းခြင်းများကို ကျောခိုင်းခဲ့သူ တစ်ဦးပါ။ သီးခြားဟန်သစ် စိတ်ကူး သစ်ဖြင့် အစဉ်အလာမှ ဖောက်ထွက်ခဲ့သလို စူးစူးရဲရဲ အရောင်ပိုမို တောက်ပမှုများကိုလည်း တော်လှန်ခဲ့သူပါ။ အခြားတစ်နည်းအရ ပြောရရင် သဘာဝတရားကို ပုံတူကူးခြင်းမျိုး မဟုတ်ဘဲ သဘာဝရှိ အရောင်အစစ်များကို ရှာဖွေသွားခဲ့ခြင်းပါ။ ဆရာ့ ပန်းချီကားတွေကို တချို့က monochrome ဟု ပန်းချီဆရာ ဆိုသူတွေရော အပြင်လူတွေကပါ ခပ်လွယ်လွယ် ကင်ပွန်းတပ်ခဲ့ကြပါတယ်။ ဒါဟာ အတော် လွဲချော်နေတယ် လို့ ထင်ပါတယ်။ ကျွန်တော်တို့ အာရှ အရှေ့တိုင်း ပန်းချီဟာ အတွင်းအဇ္စျတ္တကို ဖွဲ့ဆိုကြတာလို့ သိထားပါတယ်။ ဆရာဟာ သဘာဝကို အခြေခံ ထားပြီး သရုပ်မှန် ဟန်သစ်တစ်ခုနဲ့ နေအလင်း သဘာဝဖြစ်တည်မူတို့ကို သိမြင်ခံစားရေးဖွဲ့ခဲ့တဲ့ ပန်းချီကားများသာ ဖြစ်ပါတယ်။ ရိုးရိုး ရှင်းရှင်းနဲ့ ပတ်ဝန်းကျင် မြင်ကွင်း ရေးဖွဲခဲ့တဲ့ ဆရာဟာ subject အဓိကသမား မဟုတ်သလို အနောက်တိုင်း ရေဆေးသမားများ မြို့ပြကို ရေးဖွဲ့ ခဲ့သလိုမျိုး ဆရာကလည်း သဘာဝကို ချစ်တတ်အောင် မြင်တတ်အောင် ဆရာရဲ့ရေးဟန်ဖြင့် သစ်ပင်၊ တော၊ တောင်၊တိမ်၊ဘုရား ကျောင်းကန် ဇရပ်များကို ရေးဖွဲ့  ပြသ သွားခဲ့ပါတယ်။ ဆရာ့ရဲ့ ပန်းချီကားများကို ကြည့်တဲ့အခါ မြင်တတ်ရဲ့လားဆိုတာထက် ခံစားတတ်ရဲ့လားလို့ မေးရမယ့် ပန်းချီကားမျိုးတွေပါ။

ဆရာ့ ပန်းချီကား (၃)

သဘာဝကို ပုံတူကူးရင် အနုပညာနဲ့ အလှမ်း ဝေးကွာသွားလိမ့်မယ် ဆိုတာကိုလည်း ဆရာက သိနေပုံရပါတယ်။ လောဘနည်းနည်း အနုပညာများများ ဓမ္မတရားများဖြင့် ၈၉နှစ်အထိ ပျော်မွေ့ နေထိုင်သွားခဲ့သောဆရာရေ ဆရာ့စကားအတိုင်းပဲ ဆိုပါရစေ။

“ဆရာလူဘဝပြန်ရောက်ပါစေ”

၂၀၂၅

ဆရာကွယ်လွန်ခြင်း နှစ် (၂၀) ပြည့်အမှတ်တရ (ဤဆောင်းပါးပါ ခေါင်းစဉ်သည် ဖတ်ခဲ့ဖူးသည့် မဂ္ဂဇင်းပါဆောင်းပါးတစ်ခုထဲမှ ဆရာ့၏ နှုတ်ထွက်စကားကိုယူသုံးပါသည်။ )

*pck – ဆိုတာ ဗန်းစကားတစ်ခုပါ။ ၁၉၈၀ ကျော်ကာလများဆီက အဆင်မပြေတဲ့ ရပ်တည်ဖို့ ခက်ခဲတဲ့ ပန်းချီဆရာတွေအတွက် ဗိုလ်ချုပ်ဈေးမှာ ရှိကြတဲ့ ပန်းချီအရောင်းဆိုင်တွေမှာ ပေါချောင်ကောင်း ပန်းချီကား ရေးသွင်းခဲ့တဲ့ ကာလက အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။ ရာစုနှစ် နှစ်ခုလောက် ဒီလိုပဲ သုံးနှုန်းခဲ့ကြပါတယ်။

Click to rate this post!
[Total: 0 Average: 0]