The Corner

The Corner

cropped-Logo_round_grey-background.png

ဗင်နီဇွဲလားကို အကာအကွယ်ပေးဖို့ တရုတ် လက်လှမ်းမမီခဲ့တာလား

Share မယ်

ဒီဖြစ်ရပ်ဟာ ထိုင်ဝမ်အတွက်ကတော့ လမ်းပြနမူနာ တစ်ရပ်မဟုတ်ပေမယ့် တရုတ်ရဲ့ ကမ္ဘာ ဩဇာအာဏာ ဖြန့်ကြက်မှုကို တကယ်ကန့်သတ်လိုက်တာပါပဲ။

ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကာရာကတ်စ်မှာ နီကိုလတ်စ် မာဒူရို အစီအစဉ်မရှိဘဲ ရုတ်တရက်တွေ့ဆုံ လိုက်ရတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ မဆုံခင် သမ္မတ မာဒူရိုနဲ့ တွေ့ဆုံဖို့ နောက်ဆုံး ရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တော်တွေ ကတော့ တရုတ် ဝါရင့် သံတမန်တွေပဲ ဖြစ်ပါတယ်။ မစ္စတာ မာဒူရို ဟာ သူ့အိပ်ခန်းထဲကနေ ရုတ်တရက် ဆွဲပြီး ခေါ်သွားမခံရခင် နာရီပိုင်းအလို အချိန်လေးမှာတင် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ လက်တင် အမေရိက‌ ဒေသဆိုင်ရာ အထူး သံတမန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံ တွေ့ဆုံခဲ့ပါတယ်။ “တရုတ်ပြည်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေ စည်းလုံး ညီညွတ်တယ်”လို့ သမ္မတ မာဒူရိုက အားပါးတရ ပြုံးပြီး ကြွေးကြော်လိုက်တယ်။ ဒါကြောင့်မို့ ဒေါ်နယ်ထရမ့်ရဲ့ ဗင်နီဇွဲလားနိုင်ငံကို အံ့အားသင့်ဖွယ် ကျူးကျော် ဝင်ရောက် တိုက်ခိုက်တာကို အထိတ်တလန့်နဲ့ ဘာကြောင့် တုံ့ပြန် ရသလဲဆိုတာကို မြင်ဖို့ မခဲယဉ်းလှတော့ ပါဘူး။ အမေရိကန်နိုင်ငံဟာ တရုတ်ပြည်ရဲ့ အရင်းနှီးဆုံးတောင် အမေရိက တိုက်က မဟာမိတ် တစ်ယောက်ကို ဖမ်းဆီးခဲ့ရုံသာမကဘဲ တရုတ်တို့ရဲ့ ဩဇာအာဏာ သက်ရောက်မှု အကန့်အသတ် ရှိနေတယ် ဆိုတာကိုပါ ပြလိုက်ခြင်းလည်းဖြစ်ပါတယ်။

တရုတ် အဆင့်မြင့်ကိုယ်စားလှယ်နှင့် ဗင်နီဇွဲလား သမ္မတ မာဒူရို (အမေရိကန်က မာရူဒိုကို စီးနင်းဝင်ရောက် မခေါ်သေးခင်) တို့တွေ့ဆုံကြစဥ် (Photo: Dropsite News)

ကာရာကတ်စ်မြို့ (ဗင်နီဇွဲလား) မှာ အမေရိကန်ရဲ့ လုပ်ပုံကိုင်ပုံတွေဟာ ထိုင်ဝမ်ကျွန်း (တိုင်ပေ) အတွက်ရော အလားတူ လမ်းဖွင့်ပေးလိုက်သလို ဖြစ်မသွားဖူးလားလို့ တချို့က စောဒက တက်ကြတယ်။ တကယ်လို့ အမေရိကန်က အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို မလေးစားမလိုက်နာဘဲ သူမကြိုက်တဲ့ နိုင်ငံခြားက ခေါင်းဆောင် တစ်ယောက်ကို ပြန်ပေးဆွဲတာဟာ ထိုင်ဝမ် ရေလက်ကြားကိုဖြတ်ပြီး အဲဒီ သာဓက အတိုင်း လုပ်မယ့် တရုတ်ကို ဘယ်လို အခြေအနေက ရပ်တန့်နိုင်မလဲ ဆိုတဲ့ မေးခွန်းရှိလာပါတယ်။ ဒါပေမဲ့  ဒီနှစ်နိုင်ငံကို နှိုင်းယှဉ်ရင် အခြေအနေချင်း ဆင်တူသယောင်ရှိပေမဲ့ ကွာခြားချက်တွေ အများကြီးရှိပါတယ်။ တရုတ်ပြည်ရဲ့ အဟန့်အတားကတော့  အပြည်ပြည်ဆိုင်ရာ ဥပဒေကို လေးစား လိုက်နာမှု မရှိတာပါဘဲ။ တရုတ်က ပြန်လည် ပေါင်းစည်းရေးဟာ သူ့နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စ သက်သက်လို့ပဲ လက်ခံ ယူဆထားတယ်။ တရုတ်ရဲ့ အဓိက စိုးရိမ်မကင်း ဖြစ်တဲ့အချက်ကတော့ ထိုင်ဝမ်ကျွန်းကို ဝင်ရောက် တိုက်ခိုက်ရင် အောင်မြင်ပါ့မလား ဆိုတဲ့ အချက်ပါပဲ။ ဗင်နီဇွဲလား ဖြစ်ရပ်ကတော့ အထူးတလည် သင်ခန်းစာ ယူစရာ ဒါမှမဟုတ် သိသာထင်ရှားတဲ့ သင်ခန်းစာမျိုး မရရှိနိုင်ပါဘူး။ တရုတ်ရဲ့ ရည်မှန်းချက်က တစ်ဦးတည်း ဩဇာနဲ့  စီမံ အုပ်ချုပ်နေတဲ့သူ တစ်ဦးကို ဆွဲထုတ်သွားရုံ အဆင့်မျိုး လောက်တော့ ဖြစ်လိမ့်မှာ မဟုတ်ပါဘူး။ သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ရှင်သန်လှုပ်ရှားနေတဲ့ ဒီမိုကရေစီစနစ်တစ်ခုလုံးကို အကုန်အစင် ချုပ်ကိုင် သွားနိုင်ဖို့ပဲ ဖြစ်တယ်။ ဒါ့ပြင် ထိုင်ဝမ်ကျွန်းရဲ့ ကာကွယ်ရေးစနစ်ကလည်း ဗင်နီဇွဲလားနိုင်ငံထက် ပိုပြီး ခိုင်မာ တောင့်တင်းတာကတော့ အသေအချာပါပဲ။

ပိုပြီး စိတ်ဝင်စားစရာ ကောင်းတဲ့မေးခွန်းကတော့ မာဒူရို ဖမ်းဆီးခံရတာဟာ ကမ္ဘာတစ်ဝန်းလုံး မှာရှိတဲ့ တရုတ်ပြည်ရဲ့ မဟာမိတ်တွေနဲ့ပတ်သက်လို့ တရုတ်ရဲ့ ရပ်တည်ချက်မှာ ဘယ်လို အဓိပ္ပာယ် ဆောင်သလဲ ဆိုတဲ့ မေးခွန်းပါ။ ဗင်နီဇွဲ လား နိုင်ငံဟာ တောင်အမေရိကတိုက်မှာ တရုတ်နိုင်ငံရဲ့ တရားဝင် ချေးငွေတွေနဲ့ ထောက်ပံ့ ကူညီငွေတွေကို အများဆုံး ရရှိခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်တယ်။ အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ်မှာရှိတဲ့ ဝီလျံ နဲ့ မေရီကောလိပ်က သုတေသနဌာန တစ်ခုဖြစ်တဲ့ Aid Data  အဖွဲ့အဆိုအရ ခရစ်နှစ် ၂ဝဝဝ နဲ့ ၂ဝ၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ဝ၆ ဘီလီယံလောက် ရရှိခဲ့တယ်လို့ သိရတယ်။ အဲဒီငွေတွေရဲ့ အများစုကို စီးပွားရေး အ‌ခြေခံအဆောက်အအုံတွေ အထူးသဖြင့် ရေနံ ထုတ်လုပ်ရေး လုပ်ငန်းတွေမှာပဲ အသုံးပြုတာ ဖြစ်တယ်။ များမကြာသေးမီ နှစ်တွေအတွင်း ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေး အခက်အခဲတွေကြောင့် တရုတ်က သူ့အကြွေးတွေကို ပြန်လည်ပြင်ဆင် သတ်မှတ် ပေးတာကိုပဲ အာရုံစိုက် ဆောင်ရွက် ပေးခဲ့တယ်။ ချေးငွေပြန်ပြီး ဆပ်နိုင်ဖို့ စည်းကမ်းချက်တွေကို ပြင်ဆင် ပေးတာပေါ့။ အတိုးနှုန်း လျှော့ပေးတာတို့၊ ပေးဆပ်ရမယ့် ကာလတိုးမြှင့်ပေးတာတို့ စတဲ့ ကိစ္စတွေကို လုပ်ပေးတာပေါ့။ ဒါ့ပြင် တရုတ်နိုင်ငံဟာ ဗင်နီဇွဲလားနိုင်ငံအတွက် အမေရိကန်ရဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့အရေးယူတာတွေကို ရင်ဆိုင် အန်တုရာမှာ မရှိမဖြစ် မပါမပြီးလို့ ဆိုရမလောက် အားကိုးရတဲ့ နိုင်ငံ အနည်းငယ်ထဲက တစ်နိုင်ငံ ဖြစ်လာ တယ်။ တရုတ်နိုင်ငံဟာ ဗင်နီဇွဲလားဆီကနေ ရေနံတင်သွင်းမှုရဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ ရပေမယ့် အဲဒီ ပမာဏဟာ ဗင်နီဇွဲလား ရေနံစိမ်း နိုင်ငံတကာ စျေးကွက် ဝယ်လိုအားရဲ့ ၈ဝ ရာခိုင်နှုန်းအထိ ရှိနေတာဟာ အင်မတန် များပြားတဲ့ ပမာဏကို ဖော်ပြနေတာပဲ ဖြစ်တယ်။

ဒီလို စီးပွားရေးအရ ဆက်နွှယ်မှုတွေက ဗင်နီဇွဲလားနဲ့ တရုတ် နှစ်နိုင်ငံကို နိုင်ငံ‌ရေးအရ ပိုပြီးတော့ ရင်းနှီး စေခဲ့တယ်။ ဗင်နီဇွဲလား နိုင်ငံဘက်က နေရပ်တည်ပေးတာဟာ တရုတ်ပြည်အတွက်ကတော့ အင်အားကြီး နိုင်ငံတစ်နိုင်ငံတည်းက ဗိုလ်ကျ လွှမ်းမိုးထားတာကို ဆန့်ကျင်ပြီး နိုင်ငံစုံ အင်အားစုကြီး ရှိလာမယ့်  (Multipolarity) ဝင်ရိုးစုံစနစ်ရှိတဲ့ ကမ္ဘာ့ မျှော်မှန်းချက် အမြင်ဘက် ရပ်တည်တဲ့ နည်းလမ်း တစ်ရပ်ဖြစ်ခဲ့တယ်။ ဒီအမြင်ဟာ အနှစ်သာရ အရကတော့ အမေရိကန်ရဲ့ ဩဇာ လွှမ်းမိုးမှု လျော့နည်းလာပြီး အဲဒီနေရာမှာ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု ပိုမို အားကောင်း လာမယ့် ကမ္ဘာ့ နိုင်ငံရေး အခင်းအကျင်းပဲ ဖြစ်တယ်။ ၂ဝ၂၃ခု နှစ်မှာ တရုတ်ပြည်က ဗင်နီဇွဲလားနိုင်ငံနဲ့ ဆက်ဆံရေးကို ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်ခိုင်မြဲတဲ့ မဟာမိတ် ဆက်ဆံရေးကို ထိန်းသိမ်းထားမယ့် (All-weather partnership) အဆင့်ကို မြှင့်တင်ခဲ့တယ်။ ဒါမျိုးက နိုင်ငံ အနည်းငယ် လောက်နဲ့ပဲ ထားရှိပြီး ရင်းနှီးအဆင့် သင်္ကေတ တစ်ခုပဲ ဖြစ်တယ်။ ဒါ့အပြင် တောင်အမေရိကတိုက်မှာ ဗင်နီဇွဲလားနိုင်ငံဟာ တရုတ်နိုင်ငံထုတ် လက်နက်မျိုးစုံကို အများဆုံး ဝယ်ယူ သုံးစွဲတဲ့နိုင်ငံ ဖြစ်လာခဲ့တယ်။ အဲဒီ လက်နက်တွေမှာ အခု မာဒူရိုကိုဖမ်းတော့ မဆိုစလောက် အထောက်အပံ့ ကလေးပဲ ပေးနိုင်ခဲ့ပုံရတဲ့ ရေဒါစနစ်လည်း ပါတာပေါ့။

ဒါပေမဲ့ နောက်ဆုံးမှာ သေသေချာချာ ပြန်ပြီး ဆန်းစစ် သုံးသပ်လိုက်ရင်တော့ တရုတ်ရဲ့ ထောက်ခံ အားပေးမှုတွေဟာ လက်တွေ့ထက် အပြောသက်သက် စကားလုံး လှလှကလေးတွေနဲ့ ထောက်ခံ အားပေးတာမျိုးပဲ ဖြစ်ခဲ့ရတယ်။ ဒီလို အဖြစ်မျိုးက မနှစ်ကဇွန်လအတွင်း အီရန်နိုင်ငံရဲ့ နျူကလီးယား စက်ရုံတွေကို အမေရိကန်ရဲ့ ဂျက်တိုက်လေယာဉ် တွေက ဗုံးကြဲ တိုက်ခိုက်ခဲ့ချိန်တုန်းက အီရန်နိုင်ငံဟာ သင်ခန်းစာ ရရှိပြီးသားပါ။ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက တရုတ်ပြည်ဟာ ဗင်နီဇွဲလားနိုင်ငံနားမှာ အမေရိကန်က တပ်တွေ နေရာယူ တပ်ချထားတာနဲ့ စပ်လျဉ်းလို့ ပုံမှန် ပြစ်တင် ဝေဖန်ခဲ့တယ်။ ကာရာကတ်စ်ကို ဝင်ရောက် စီးနင်း တိုက်ခိုက်တဲ့ ဖြစ်ရပ် ပေါ်ပေါက်ချိန်ကျတော့ တရုတ်က အမေရိကန် ကို လူသိရှင်ကြား စွပ်စွဲ ပြစ်တင် ရှုတ်ချခဲ့တယ်။ ဒါပေမဲ့ အဲဒီလို အကူအညီ လိုအပ်ချိန်မျိုးမှာ မစ္စတာ မာဒူရို အတွက် တရုတ်က ဘာလုပ်ပေးခဲ့သလဲလို့ မေးစရာရှိတယ်။ တရုတ်ဟာ အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ပိုပြီး ပြင်းထန်တဲ့ အဟန့်အတား တစ်ခု ဖြစ်နိုင်တဲ့ အဆင့်မြင့် ခေတ်မီ တိုးတက်တဲ့ လက်နက်စနစ်တွေကို ထုတ်လုပ် နိုင်ခဲ့ပေမယ့် ပြည်ပကို တင်ပို့ရောင်းချဖို့ကိုတော့ အတော် သတိထားနေဆဲ ဖြစ်တယ်။ တရုတ်ရဲ့  ဘယ်လို အ‌ခြေအနေ မျိုးမှာ ဖြစ်ဖြစ် ခိုင်မြဲတဲ့ မဟာမိတ်နိုင်ံငံဆိုတဲ့ အဆင့်သတ်မှတ် ခံထားရတဲ့ နိုင်ငံတွေက  တကယ်လို့ ကြောက်စရာ မုန်တိုင်းကြီးတစ်လုံး ဝင်ရောက် တိုက်ခိုက်ခံရတဲ့ အခါမျိုးမှာ ဆယ့်နှစ်ရာသီ မိတ်ရင်းဆွေချာ ဖြစ်တဲ့ တရုတ်နိုင်ငံက အမှန်တကယ်ရော အကာအကွယ် ပေးချင်တဲ့ ဆန္ဒရှိရဲ့လား ဒါမှမဟုတ်ရင် အခြေအနေ ကောင်းနေချိန် မှာပဲ မိတ်ဆွေလုပ်ဖို့ သာမှပေါင်းမယ့် သာပေါင်း ညာစားလားလို့ စပြီး မေးလာစရာရှိတယ်။

မစ္စတာမာဒူရို အခုလို အတင်းအကျပ် ဖယ်ရှား ဖမ်းဆီးခံလိုက်ရတာဟာ တရုတ်နိုင်ငံက သူ့ကိုယ်သူ တကယ် အင်အားကြီး နိုင်ငံအစစ်အမှန် ဖြစ်တယ်လို့ ရှုမြင်ထားရာမှာ တကယ့် လက်တွေ့ ဘဝအခြေအနေမှာ အဖြစ်မှန်နဲ့ရော ကိုက်ညီရဲ့လားဆိုတာကို ပြန်ပြီး သုံးသပ်ရမယ့်အခြေအနေ ဆိုက်နေပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန် လိုက်တဲ့ အမေရိကန် အစိုးရရဲ့ အမျိုးသား လုံခြုံ ရေး မဟာဗျူဟာ (NSS) အသစ်မှာ ထရန့်ရဲ့ နောက်ဆက်တွဲ မူဝါဒ ဒါမှမဟုတ် “ထရန့်ရဲ့ ထပ်ဆင့်အဆိုပြုချက်”(Trump Corollary) ကို ဖော်ပြထားတယ်။ ဒီအယူအဆသစ်ဟာ အမေရိကန်ဦးစားပေး အာဏာစက် ဖြန့်ကြက်ရေး မူဝါဒ ဖြစ်တယ်။ ဒီနေရာရှင်းအောင်ထပ်ပြောရရင် မွန်ရိုးဝါဒ (Monroe Doctrine) ကနေ ပြန်စရမယ်။ ၁၈၂၃ ခုနှစ်မှာ အမေရိကန် သမ္မတ ဂျိမ်းစ်မွန်ရိုးက ချမှတ်တဲ့ မူဝါဒမှာ အဓိကအချက်က အမေရိကတိုက် (အနောက်ကမ္ဘာခြမ်း)ရဲ့ ကိစ္စရပ်တွေမှာ ဥရောပနိုင်ငံတွေ လာရောက် စွက်ဖက် တာကို လက်မခံဘူးဆိုတဲ့ “အပြင်လူမဝင်ရ” ဝါဒဖြစ်တယ်။ သမ္မတ သီအိုဒို ရုစဗဲ့ခေတ်မှာ (Roosevelt Corollary) ဆိုပြီး ထပ်ဆင့်ခဲ့ဖူးတယ်။ အဲဒါက အပြင်လူမဝင်ရရုံတင် မကပါဘူး အနောက်ကမ္ဘာခြမ်းမှာ ပြဿနာတက်ရင် အမေရိကန်က ပုလိပ်ကြီးလို ဝင်ရောက် ကိုင်တွယ်မယ် ဆိုတဲ့သဘောပါ။ ၂၀၂၅မှာတော့ ထရမ့် နောက်ဆက်တွဲမူ Trump Corollary ပေါ်လာတာပါပဲ။

ထရမ့်ရဲ့နောက်ဆက်တွဲမူမှာ အနောက်ကမ္ဘာခြမ်း (အမေရိကတိုက်) ကမဟုတ်တဲ့ ပြိုင်ဘက်နိုင်ငံကို အနောက် ကမ္ဘာခြမ်းမှာ စစ်တပ်တွေနေရာယူထားဖို့ဒါမှမဟုတ်  မဟာဗျူဟာမြောက် အရင်းအမြစ်ပစ္စည်းတွေ ထိန်းချုပ်ခွင့် တွေကို လက်မခံဖို့ သန္နိဋ္ဌာန် ချထားတယ်လို့ ဖော်ပြထားတယ်။ ပစ်မှတ်ကတော့ ရှင်းပါတယ်။ တရုတ်နိုင်ငံ ကိုပါပဲ။ အဲဒါထုတ်ပြန်ပြီး ရက်အနည်းငယ် အကြာမှာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း လက်တင်အမေရိကနဲ့ ပတ်သက်လို့ သူ့ရဲ့ ပထမဆုံး မူဝါဒ စာတမ်းကို ထုတ်ပြန်လိုက်တယ်။ အဲဒီစာတမ်းမှာ အမေရိကတိုက်ဒေသကြီးဟာ ကမ္ဘာ့စနစ်ကြီးထဲက ခွဲထုတ်လို့မရဘဲ တစ်သားတည်း ဖြစ်နေတဲ့ ဒေသအစိတ်အပိုင်းဖြစ်တယ်ဆိုတာကို ပုံဖော်ဖို့ မစ္စတာ ရှီကျင့်ဖျင် မျှော်လင့်ထားတဲ့ အကြောင်း ဖော်ပြထားတယ်။ တကယ့်ကို အူလှိုက်သည်းလှိုက် ဖြစ်ရတဲ့ ဓာတ်ပုံတွေကို ကွန်ပျူတာနဲ့ အတုလုပ်ပြီး ပုံဖော်ထားတဲ့ စစ်ကစားပွဲတစ်ခုကို ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့တယ်။ အဲ ဒီ ရုပ်သံက  မက္ကဆီ ပင်လယ်ကွေ့အနီးမှာ အနီရောင်တပ်ဖွဲ့တွေက အပြာရောင်တပ်ဖွဲ့တွေကို အန်တုဖက်ပြိုင် တိုက်ခိုက် ကြတာကို ဖော်ပြထားတယ်။

တကယ့် ကမ္ဘာကြီးမှာတော့ တောင်အမေရိကတိုက်မှာ တရုတ်က ခြေချတာတွေ တဖြည်းဖြည်း တိုးချဲ့ခဲ့တာကို အမေရိကန် အစိုးရ အရာရှိတွေက ရတက်မအေး ရတာတွေ အတော်ကို များလာတယ်။ ဂြိုဟ်တုဓာတ်ပုံ တွေရဲ့ ဖော်ပြချက် အရဆိုရင် ကျူးဘားနိုင်ငံမှာ အီလက်ထရွန်းနစ်နည်းနဲ့ အမြဲစောင့်ကြည့်နေတဲ့နေရာတွေကို တည်ဆောက် ထားပြီးပြီ။ အာဂျင်တီးနား နိုင်ငံမှာလည်း အာကာသထဲကို နက်နက်ရှိုင်းရှိုင်း ဖမ်းယူ နိုင်တဲ့ စခန်းတွေကို ဆောင်ရွက် နေတယ်။ ဘရာဇီးနိုင်ငံမှာတော့ တရုတ် ကုမ္ပဏီတွေဟာ နစ်ကယ်သတ္တု တူးဖော်ရေးကအစ လျှပ်စစ်ကားတွေ ထုတ်လုပ်တာမျိုး အထိ လုပ်ဆောင်နေပြီး စီးပွားရေး တွန်းအားစု တစ်ခုလို ဖြစ်လာတယ်။ တရုတ် လူမျိုး ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်တွေကလည်း အခုဆိုရင် ဒေသကြီးတစ် ခွင်လုံးက အခြေခံ အဆောက်အအုံရဲ့ တစ်ခွင် တစ်ပြင်လုံးမှာ အရင်းအနှီးတွေ ပိုင်ဆိုင် ထားကြပါတယ်။ ပနားမား တူးမြောင်းရဲ့ ထိပ်နှစ်ဖက်စလုံးမှာ ရှိတဲ့ ဆိပ်ကမ်းတွေကို ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်း စုကြီး တစ်ခုက ပိုင်ဆိုင်ထားတာထက် ပိုပြီး ဒွိဟပွားစရာ၊ ဝေဖန်စရာ ကောင်းတဲ့အချက် မရှိပါဘူး။ ထရမ့်အစိုးရက ဒီဆိပ်ကမ်းတွေကို အမေရိကန်ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီကြီးတွေကို လွှဲပြောင်းပေးဖို့ တွန်းအားပေးနေပါတယ်။ တရုတ်ကတော့ အခိုင်အမာနဲ့ ရပ်တည်နေတုန်းပါပဲ။

အစွမ်းအစကို ဖုံးမထားဘဲ အခွင့်အရေးကို စောင့်ဆိုင်း

ဗင်နီဇွဲလားကို ဝင်ရောက် စီးနင်း တိုက်ခိုက်လိုက်တာက ပေကျင်းမှာ ရှိတဲ့ နိုင်ငံရေး အတွေးအခေါ်ရှင် တချို့ဟာ တရုတ်ရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ စပ်လျဉ်းလို့ ပြောင်းလဲသွားတဲ့အခြေအနေနဲ့အညီ ပြန်ပြီး ချိန်ညှိဖို့ အဆောတလျင် လုပ်လာခဲ့ကြတယ်။ ရင်မင်း တက္ကသိုလ်က ကျင်းကန်ရောင်းကတော့ အဲဒီဒေသကြီး (အမေရိကတိုက်)မှာ ဘာပဲ လုပ်လုပ် တကယ့်အခြေအနေမှန်နဲ့ ရင်ဆိုင်ရမှာပဲ၊ အမေရိကန်နဲ့ ထိပ်တိုက်ရင်ဆိုင် တိုးမှာပဲလို့ ဆင်ခြေ တက်ခဲ့တယ်။ အခုအချိန် အတွက်ကတော့ တရုတ်နိုင်ငံဟာ အဲဒီဒေသကြီးမှာ ကုန်သွယ်ရေးကို အထူး အာရုံစိုက် လုပ်တာထက် ရင်းနှီးမြှုပ်နှံမှုတွေကို သတိကြီးကြီး ထားပြီး ဆက်လုပ်ရမယ်။ သူ့အယူအဆအရကတော့ တောင်အမေရိကနိုင်ငံတွေနဲ့ စီးပွားရေး အဆက်အသွယ်တွေကို ဆက်ပြီး ထိန်းသိမ်းထားပြီး မစ္စတာထရမ့်ရဲ့ အမေရိကမှာ တောက်လောင်စေမယ့် တင်းမာမှုတွေကို ရှောင်ရှားသင့်တယ်လို့ ဆိုတယ်။

အခုဖြစ်ရပ်မှာ အဘက်ဘက်ကနေ အများဆုံး ဆုံးရှုံးနေတဲ့သူတွေကတော့ လက်တင်အမေရိက နိုင်ငံတွေပဲ ဖြစ်ပုံ ရတယ်။ ဒီနိုင်ငံတွေဟာ အမေရိကန်ရဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေနဲ့ ထိပ်တိုက်ရင် ဆိုင်တိုးပြီး ပဋိပက္ခ ဖြစ်နိုင်တဲ့ နယ်ပယ်တွေမှာ တရုတ်ဆီကနေ ရင်းနှီးမြှုပ်နှံမှုတွေရဖို့ နည်းလမ်းရှာ ကြိုးပမ်း နေကြတာဖြစ်တယ်လို့ ဝါရှင်တန်ရှိ ဂျွန်ဟော့ပ်ကင်း အဆင့်မြင့် အပြည််ပြည်ဆိုင်ရာ လေ့လာရေးကျောင်းက  သုတေသီ မာဂရက်မိုင်ယာက ဆိုပါတယ်။ သရော်သလိုဖြစ်နေတာကတော့ တရုတ်နိုင်ငံက စကားလုံး လှလှကလေးတွေသုံးပြီးကမ်းလှမ်းနေတာက  သွေးနားထင် ရောက်ပြီး ထောင်လွှားနေတဲ့ အမေရိကန်ရဲ့ နေရာမှာ သူ့နိုင်ငံကို အစားထိုး ရွေးချယ်စရာ ဖြစ်လာစေဖို့ပါပဲ။အဲဒီအချက် ကတော့ ဒေသတွင်းက နိုင်ငံအတော်များများအတွက် ပိုပြီး ဆွဲဆောင်မှုရှိသလို မြင်ရတယ်။ ဒါပေမဲ့ မာဒူရိုရဲ့ ကံကြမ္မာက အခုလက်ရှိ အခြေအနေမှာတော့ တရုတ်နိုင်ငံဟာ အမေရိကန်ကို နည်းလမ်းတစ်မျိုးမျိုးနဲ့ ပြင်းပြင်း ထန်ထန် တန်ပြန်ထိုးနှက်ဖို့ အင်အားအရရော စိတ်ဓာတ်အင်အားအရပါ နှစ်မျိုးစလုံး လိုအပ်နေဦးမှာ ဖြစ်တယ် ဆိုတာကို သရုပ်ဖော်နေတဲ့အကြောင်း အီကော်နော်မစ် စာစောင်က ဝေဖန်ရေးသား ထားတာကို တင်ပြလိုက်ရပါတယ်။

ရည်ညွှန်း  The Economist Jan 10-16, 2026

Click to rate this post!
[Total: 1 Average: 5]