The Corner

The Corner

cropped-Logo_round_grey-background.png

နာမည်ကျော် စျေးကြီးတဲ့ လက်ကိုင်အိတ်တွေက ကောင်းတယ် ဟုတ်စ….

Share မယ်

အရည်အသွေးနဲ့ ပတ်သက်ပြီး တိုင်တန်းချက်တွေ တစ်စတစ်စ များလာခြင်းက ရှနယ် (Chanel)၊ ပရာဒါ (Prada) စတဲ့ နာမည်ကြီး ကုန်အမှတ် တံဆိပ်တွေအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာနေတယ်။

ဒီနှစ် ခရစ္စမတ်မှာ စျေးအင်မတန်မှကြီးတဲ့ ဒီဇိုင်နာ ကုန်ပစ္စည်းတွေ လက်ဆောင်ရတဲ့ ကံကောင်းသူ လူအများစု ကတော့ ဒီပစ္စည်းတွေကို မပျက်မစီးရအောင် ကြိုးစားထိန်းသိမ်းကြမှာပါပဲ။ ဒါပေမဲ့ လူကြိုက်များတဲ့ အွန်လိုင်း ဗီဒီယို တစ်ခုမှာတော့ အဲဒီတန်ဖိုးကြီး ပစ္စည်းတွေကို တစ်စစီ ဖြုတ်ခွာကာ ပယ်ပယ်နယ်နယ် ဝေဖန်တဲ့ ဗီဒီယိုတွေကို ပြနေပါတယ်၊ ဒီဗီဒီယိုတွေကိုလည်း လူတွေ သဘောကျ နေကြပါတယ်။ တာနာ လယ်သာစတိန်း Tanner Leatherstein နဲ့ ဖဘရီကိတ်တာရီယာလစ် Fabricateurialist စတဲ့ ဗီဒီယို ဖန်တီးသူတွေ ကတော့ ဈေးအကြီးဆုံး အဝတ်အစားတွေ အသုံးအဆောင်တွေမှာပင် ခြေဖနောင့်ဖုံး ချောင်နေတာ၊ ချုပ်ရိုးချုပ်သား မသေသပ်တာတွေ ပါဝင် နေတာကို သူတို့ရဲ့ ပရိသတ်တွေကို ပယ်ပယ်နယ်နယ် ချပြနေပါတယ်။ အဲဒီတော့ ဒီလောက် စျေးကြီးပေးပြီး ဒီပစ္စည်းတွေသုံးရတာ တန်ရဲ့လား ဆိုတဲ့ မေးခွန်းတွေ မေးလာကြပြီပေါ့။

ဒီအထဲမှာ လူကြိုက်များပြီး နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေ အကြောက်ဆုံး ဝေဖန်ချက်တွေကတော့ သူတို့ရဲ့ မတန်တဆ ဈေးတင်ထားတဲ့ လက်ကိုင်အိတ်တွေပါ။ ဇိမ်ခံ သားရေထည်တွေ ထုတ်လုပ်တဲ့ ဂိုယာ Goyard ကနေ ဒေါ်လာ ၂၀၀၀ နဲ့ ဝယ်ထားတဲ့ အပေါ်ဖွင့် (tote) အိတ်ကနေ ဆိုးဆေးတွေ ပျော်ကျလာတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို ဒီနှစ်မှာ ကြည့်ရှုသူ ၃ ဒသမ ၂ သန်းအထိ ရှိနေပြီ ဖြစ်ပါတယ်။ ဗီဒီယို အတိုတွေ မျှဝေတဲ့ app တစ်ခုဖြစ်တဲ့ Tik Tok ပေါ်မှာလည်း ဇိမ်ခံ လက်ကိုင်အိတ် အမျိုးမျိုးကို တရုတ်နိုင်ငံမှာ ဒေါ်လာ အနည်းငယ်မျှနဲ့ လာရောက် ထုတ်လုပ် နေကြကြောင်း တရုတ် လုပ်ငန်းရှင်တွေက မမှန်မကန် ပြောဆိုမှုတွေ တွေ့ရပါတယ်။

ဒါ့အပြင် လက်ကိုင်အိတ်တွေနဲ့ ပတ်သက်ပြီး တိုင်တန်းချက်တွေက ဇိမ်ခံ အသုံးအဆောင် ပစ္စည်း ထုတ်လုပ်သူတွေ အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ ဇိမ်ခံ လက်ကိုင်အိတ်တွေက သူတို့ အောင်မြင်မှုအတွက် အခရာ ကျလို့ပဲ ဖြစ်တယ်။ လက်ကိုင်အိတ်တွေက ကုန်အမှတ်တံဆိပ် တစ်ခုအတွက် လူသုံးအများဆုံးနဲ့ ဈေးအကြီးဆုံး ထုတ်ကုန်တွေ ဖြစ်ပါတယ်။ အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဘိန်း Bain ရဲ့ အဆိုအရ ဒီသားရေထည် ကုန်ပစ္စည်းတွေ က ၂၀၁၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ ဇိမ်ခံထုတ်ကုန် တိုးတက်မှုရဲ့ ၂၅ ရာနှုန်းကနေ ၃၀ ရာနှုန်းအထိ ရှိနေတာပါ။ ဒီကာလက ဇိမ်ခံ ထုတ်ကုန်တွေ တစ်ဟုန်ထိုး တိုးတက်လာတဲ့ ကာလဖြစ်ပြီး စုစုပေါင်း ရောင်းအားက ယူရို ၂၈၄ ဘီလျံကနေ ယူရို ၃၆၉ ဘီလျံအထိ တိုးတက်ခဲ့တာပါ။ သိပ်စျေးကြီးတဲ့ လက်ကိုင်အိတ် တွေကို အမျိုးသမီးများက အသည်းစွဲ နှစ်သက်တဲ့ အကြောင်းရင်းထဲက တစ်ခုက အချိန်ကြာလာတာနဲ့အမျှ တန်ဖိုးကျ မသွားတာ လည်း တစ်ခု ပါဝင်ပါတယ်။ ဒါပေမဲ့ အရည်အသွေး မကောင်းဘူး၊ တာရှည်မခံဘူးဆိုရင် လူတွေ ဘယ်ဝယ် ကြပါတော့မလဲ။ အဲဒီတော့လည်း ထုတ်လုပ်သူတွေ ပူပန်ကြတာ မဆန်းပါဘူး။

မကြာသေးမီ ကာလအတွင်း လက်ကိုင်အိတ် လုပ်ငန်းက အထိနာလာခဲ့ပါတယ်။ ဒါက လူလတ်တန်းစားတွေ ဝင်ငွေ ကျဆင်းလာပြီး သုံးစွဲသူတွေရဲ့ အကြိုက် ပြောင်းလဲလာတာကြောင့် ဖြစ်ပါတယ်။ တချို့ လူချမ်းသာတွေက ဒီဇိုင်နာ ထုတ်ကုန်တွေ ဝယ်ယူရာမှာ လူအထင်ကြီးခံရမှုကို ပိုမို ဦးစားပေးလာတာကိုလည်း တွေ့မြင်လာရပါတယ်။ ဇိမ်ခံ ထုတ်ကုန် လုပ်ငန်းကြီးဖြစ်တဲ့ LVMH က အသုံးအစွဲများတဲ့ ဖောက်သည်တွေကို ခရစ်တီယန် ဒီရော ရဲ့ စတူဒီယို အခန်းထဲမှာ ညအိပ်တည်းခိုခွင့်တွေ ပေးပြီး ဆွဲဆောင်ပါတယ်။

ဇိမ်ခံ လက်ကိုင်အိတ်တွေကို ဝယ်ယူမှု ကျဆင်းလာတာက သိသိသာသာ မြင်တွေ့ရပေမယ့် အလှအပနဲ့ လက်ဝတ် ရတနာတွေကို ဝယ်ယူမှုကတော့ တိုးတက်လျက် ရှိပါတယ်။ ဘိန်း (Bain) က ပြောကြားရာမှာ ဇိမ်ခံ လက်ကိုင်အိတ် တွေ အရောင်းကျလာမှုက ၂၀၂၃ ကစပြီး ဇိမ်ခံ ထုတ်ကုန်အားလုံး အရောင်းလျော့ကျမှုရဲ့ ငါးပုံသုံးပုံခန့် ရှိနေပြီး ယခုနှစ်မှာ ဇိမ်ခံထုတ်ကုန်အားလုံး ရောင်းချရမှုက ယူရို ၃၅၈ ဘီလျံ ရှိနေတာ ဖြစ်တယ်။

ကိုဗစ် ကပ်ရောဂါအပြီး အသုံးအစွဲတွေ တိုးမြင့်လာချိန်မှာ ဈေးတွေ တက်လာခဲ့တဲ့ ဇိမ်ခံ လက်ကိုင်အိတ်တွေက သူတို့ရဲ့ အရည်အသွေးတွေကို စစ်ဆေးဖို့ လူတွေကို ဖိတ်ခေါ်နေသလို ဖြစ်လာခဲ့တယ်။ လူဝီဗီတွန် Louis Vuitton အမှတ်တံဆိပ် Speedy 30 Canvas Tote အိတ်ကို ဝယ်မယ့်သူတွေက ၂၀၁၉ ခုနှစ်က ပေးရတဲ့ ဈေးနှုန်းထက် နှစ်ဆကျော် ပိုပေးရပါတော့မယ်။ ဇိမ်ခံ လက်ကိုင်အိတ် တစ်လုံးရဲ့ ပုံမှန်ရောင်းဈေးက ထုတ်လုပ်မှု ကုန်ကျစရိတ်ရဲ့ ရှစ်ဆကနေ ဆယ့်နှစ်ဆသာ ရှိခဲ့ရာက ယခုအခါ ဆယ့်ငါးဆအထိ တိုးလာခဲ့တယ်လို့ Bernstein မှ ပွဲစား လူကာဆိုကာ (Luca Solca) က ပြောပါတယ်။ အီတလီ အစိုးရက နိုင်ငံရဲ့ ဇိမ်ခံ ဖက်ရှင်ထုတ်ကုန်တွေရဲ့ ထောက်ပံ့ရေး ကွင်းဆက် တွေမှာ ဖြစ်ပေါ်နေတဲ့ လုပ်သား မတရားစေခိုင်းမှုတွေကို တောက်လျှောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပေမယ့် ဒီလုပ်ငန်းတွေရဲ့ နာမည်ကောင်းကို ပြန်အဖတ်မဆယ်နိုင်ခဲ့ပါဘူး။

ဒီအချိန်မှာ လှပတဲ့ လက်ကိုင်အိတ်တွေကို ဝယ်ယူချင်သူတွေအတွက် အခြားရွေးချယ်စရာတွေလည်း ပေါ်လာ နေပါတယ်။ တစ်ပတ်ရစ် ဇိမ်ခံ ကုန်ပစ္စည်းတွေကို ရောင်းချတဲ့ အွန်လိုင်း အရောင်းဆိုင်တွေကလည်း မှိုလို ပေါ်လာ ကြပါတယ်။ Vestiaire Collective ဆိုတဲ့ တစ်ပတ်ရစ် ဇိမ်ခံ ဖက်ရှင် ကုန်ပစ္စည်း အရောင်းဆိုင်က ပြောကြားရာမှာ လက်ကိုင်အိတ်တွေက သူတို့ဆိုင်ရဲ့ အရောင်းရဆုံး ကုန်ပစ္စည်းဖြစ်ပြီး ရောင်းကုန်အားလုံးရဲ့ ငါးပုံနှစ်ပုံခန့် ရှိတယ်လို့ ဆိုပါတယ်။ စူပါအတုလို့ လူသိများတဲ့ အရည်အသွေး သင့်တင့်တဲ့ အတုတွေကလည်း တစ်ချိန်က ဇိမ်ခံ ဖက်ရှင်ပစ္စည်း ဝယ်ယူဖူးသူတွေကို ဆွဲဆောင်လာနိုင်ပါတယ်။

ဇိမ်ခံ ကုန်ပစ္စည်း ထုတ်လုပ်သူများက ဝင်ငွေ ဖောဖောသီသီရသော နွားသားရေ လက်ကိုင်အိတ် လုပ်ငန်းကို လွယ်လွယ်နဲ့ စွန့်လွှတ်မှာ မဟုတ်ပါ။ ဥရောပက အကြီးစား လက်ကိုင်အိတ် အမှတ်တံဆိပ်တိုင်းက ယခုနှစ်မှာ ဒီဇိုင်နာ အသစ်တွေကို အလုပ်ခန့်နေပါတယ်။ သူတို့က ၂၀၂၆ ခုနှစ်မှာ စတိုးဆိုင်တွေမှာ ပေါ်လာမယ့် လက်ကိုင်အိတ် ဒီဇိုင်းအသစ် တွေက စိတ်ကုန်နေတဲ့ ဖောက်သည်တွေကို ပြန်လည်ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်နေကြတယ်။ Chanel နဲ့ Prada အမှတ်တံဆိပ်တွေက သူတို့ရဲ့ ကုန်ပစ္စည်း အရည်အသွေးကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးစား လာပါတယ်။ သူတို့က သားရေ ထုတ်လုပ်ရေး ကုမ္ပဏီတွေမှာ ရှယ်ယာတွေ ထည့်ဝင်ပြီး ထုတ်လုပ်ရေး လုပ်ငန်းစဉ်ကို ကြီးကြပ်မှုတွေ ပိုမို လုပ်ဆောင် လာပါတယ်။ နာမည်ကျော် အဲမက်စ် (Hermes) ကုမ္ပဏီက သူရဲ့ ဘာကင် (Birkin) အပါအဝင် ထုတ်ကုန်များကို လက်မှုပညာရှင် တစ်ယောက်တည်းက အစအဆုံး ပြုလုပ်စေခြင်းဖြင့် အရည်အသွေး ပြဿနာကို ကျော်လွှားနိုင်ခဲ့တယ်။ သူရဲ့ သားရေထည်တွေက ဇူလိုင်လမှ စက်တင်ဘာလ သုံးလပတ်အတွင်း ပြီးခဲ့တဲ့နှစ် အလားတူ ကာလကထက် ၁၃ ရာနှုန်း ရောင်းအားတက်ခဲ့ပါတယ်။ လက်မှုပညာကလည်း ယနေ့ထက်တိုင် အလုပ်ဖြစ်နေဆဲပါ။

တန်ဖိုးကြီး အဲမက်စ် (Hermes) ဒီဇိုင်နာ လက်ကိုင်အိတ်များ (source: Hermes)

မူရင်း ဆောင်းပါး Luxury handbags may be shoddier than you think, The Economist Dec 2025 ကို ဆီလျှော်အောင် ဘာသာ ပြန်ဆိုပါသည်။

Click to rate this post!
[Total: 0 Average: 0]