The Corner

The Corner

cropped-Logo_round_grey-background.png

ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ထရမ့်ရဲ့ “အမေရိကန် ပထမဦးစားပေးဝါဒ”

Share မယ်

၂၀၂၆ ခုနှစ်မှာ ကမ္ဘာကြီး ဝရုန်းသုန်းကားဖြစ်တော့မည်လား။

နှစ်ရဲ့ အစမှာတင် ခရစ်နှစ် ၂၀၂၆ ခုနှစ်မှာ ကမ္ဘာကြီး ဝရုန်းသုန်းကားဖြစ်တော့မယ်လို့ ဆိုရမယ့် အခင်းအကျင်းတွေ စတင်မြင်နေရ ပြီဖြစ်တယ်။ ၂၀၂၆ ခုနှစ်ဟာ စဖွင့်ကတည်းက ရုရှား-ယူကရိန်းစစ်ပွဲပြဿနာ၊ အစ္စရေး-ပါလက်စတိုင်း ပြဿနာ၊ အီရန်-အစ္စရေး ပြဿနာတွေကို အမွေဆက်ခံခဲ့ရတယ်။ အီရန် ဆန္ဒပြသူတွေကို သတ်ဖြတ်ရင် အမေရိကန် စွက်ဖက်မယ်လို့ ထရမ့်သတိပေးနေမှုကလည်း မြွေပူရာ ကင်းမှောင့်ဆိုသလို ဖြစ်နေတယ်။ အခြားတစ်ဖက်မှာ တရုတ်နဲ့ ဂျပန်နိုင်ငံတို့ အကြား အင်ဒို-ပစိဖိတ် ဒေသအတွင်း ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြဿနာကလည်း စိုးရိမ်စရာ ဖြစ်နေ တယ်။ စိုးရိမ်စရာအကောင်းဆုံး ကိစ္စကတော့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ခေတ်သစ်နယ်ချဲ့ဝါဒကို လက်ရဲဇက်ရဲ ကျူးလွန်လာနေမှု ဖြစ်တယ်။

ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန်နိုင်ငံက စစ်ရေးဝင်ရောက်စွက်ဖက်မှုဟာ နိုင်ငံတကာစနစ်အပေါ် ရေရှည် ရိုက်ခတ်မှုရှိမှာ ဖြစ်ပြီး စင်္ကာပူ အစရှိတဲ့ နိုင်ငံငယ်များကို စိုးရိမ်ပူပန်မှု ဖြစ်စေကြောင်း စင်္ကာပူနိုင်ငံရဲ့ ဝန်ကြီးချုပ် ဟောင်း လက်ရှိမှာ ဝါရင့် ဝန်ကြီး တာဝန်ယူနေသူ “လီရှန်လွန်း” က ဇန်နဝါရီ ၈ ရက်က ဖိုရမ်တစ်ခုမှာ ပြောကြား ခဲ့တယ်။

“(အမေရိကန် စစ်ရေးဝင်ရောက်စွက်ဖက်မှုက) နိုင်ငံတကာ စနစ်အပေါ် ရေရှည်ဆိုးကျိုးဖြစ်ပေါ်စေနိုင်တဲ့အတွက် ကျွန်တော့်အနေနဲ့ မဖြစ်မနေ စိုးရိမ်ပူပန်ရမယ့်အရာဖြစ်တယ်လို့ ထင်တယ်။ နိုင်ငံငယ်တွေရဲ့ ရှုထောင့်က ကြည့်မယ် ဆိုရင် တကယ်လို့ ကမ္ဘာက ဒီလိုပုံစံမျိုးနဲ့ လည်ပတ်မယ်ဆိုရင် ကျွန်တော်တို့အတွက် ပြဿနာပါပဲ” လို့ လီရှန်လွန်းက ပြောကြား ခဲ့ကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြထားတယ်။

ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်ရဲ့ စီးနင်းတိုက်ခိုက်မှုနဲ့ အမေရိကန်ရဲ့ “စီမံခန့်ခွဲမှု အစီအစဉ်” ဆိုတာဟာ စင်စစ် အားဖြင့် အနောက်ကမ္ဘာခြမ်းကို စိုးမိုးထိန်းချုပ်ပြီး သယံဇာတအရင်းအမြစ်တွေကို အတင်းအဓမ္မ လုယူဖို့ ရည်ရွယ်တဲ့ “မွန်ရိုး မူဝါဒ” (Monroe Doctrine) ကို ထရမ့်က ပြန်လည်မွမ်းမံထားတဲ့ “ဒွန်ရိုး မူဝါဒ” (Donroe Doctrine) ကို ချဲ့ထွင် နေမှုအတွက် သက်သေသာဓက တစ်ခု ဖြစ်တယ် လို့ လေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုနေကြတယ်လို့ ဆင်ဟွာ (Xinhua) သတင်းက ဖော်ပြထားတာတွေ့ရတယ်။

ဗင်နီဇွဲလားသမ္မတ ‘နီကိုးလပ်စ် မာဒူရို’ ဖမ်းဆီးဖြုတ်ချခံရခြင်း

အဲဒီလို ကမ္ဘာကြီးမှာ စိုးရိမ်စရာတွေနဲ့ အပြည့်ဖြစ်နေချိန်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်အရ ၂၀၂၆ ဇန်နဝါရီ ၃ ရက်က ဗင်နီဇွဲလားသမ္မတ ‘နီကိုးလပ်စ် မာဒူရို’ ကို ဖမ်းဆီးဖြုတ်ချလိုက်တယ်။ ဒါကြောင့်  လက်တင် အမေရိက မှာ နိုင်ငံရေး မတည်ငြိမ်မှု ကြီးကြီးမားမားဖြစ်ပေါ်လာတာ တွေ့ရတယ်။ ဒီနိုင်ငံရေး ဂရက်က အတော် ကြီးမားတဲ့အတွက် ကမ္ဘာကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်။ ဗင်နီဇွဲလားဟာ အမေရိကန်ကို ဆန့်ကျင်ပြီး ရုရှား၊ တရုတ်နိုင်ငံတွေနဲ့ မဟာမိတ်လုပ်ထားခဲ့တာ ဖြစ်တယ်။ အထူးသဖြင့် ဗင်နီ ဇွဲလားဟာ တရုတ်နိုင်ငံရဲ့ အဓိက မဟာမိတ်လို ဖြစ်နေတာကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့  စီးပွားရေးဆိုင်ရာလုပ်ငန်းတွေ အပေါ် ကြီးမားတဲ့ အကျိုးဆက်တွေ သက်ရောက်စေမှာကတော့ သေချာသလောက်ဖြစ်တယ်။

ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရိုကို အမေရိကန် တပ်ဖွဲ့များ ဖမ်းဆီး ခေါ်ဆောင်လာစဥ် (Photo: iiss.org)

ဒါကြောင့်လည်း အမေရိကန်နိုင်ငံက ဗင်နီဇွဲလားနိုင်ငံကို တိုက်ခိုက်ပြီး သမ္မတ ‘နီကိုးလပ်စ် မာဒူရို’ ကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ပြင်းထန်စွာ ဝေဖန်ရှုတ်ချတယ်လို့ ဆိုတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ကြေညာချက်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအပေါ် အမေရိကန်ရဲ့ အင်အားသုံးမှုနဲ့ အဲဒီနိုင်ငံရဲ့ သမ္မတ မာဒူရို အပေါ် ကျူးလွန်တဲ့ လုပ်ရပ်ကို တရုတ်က ပြင်းထန်စွာ ဝေဖန်ရှုတ်ချကြောင်း NHK သတင်းမှာ ဖော်ပြထားတယ်။ တရုတ် ဟာ ဗင်နီဇွဲလားရဲ့ ရေနံကို အများဆုံး ဝယ်ယူတဲ့ နိုင်ငံ ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့တယ်။

အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာဥပဒေနဲ့ ဗင်နီဇွဲလားရဲ့ အချုပ်အခြာအာဏာကို ဆိုးဆိုးဝါးဝါး ချိုးဖောက် ရာရောက်တဲ့အပြင် ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်ရာရောက်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန က ပြောကြားခဲ့တယ်။ အမေရိကန်ရဲ့ ဗင်နီဇွဲလားအပေါ် လုပ်ရပ်ကို တရုတ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့တယ်။ အမေရိကန်အနေနဲ့ နိုင်ငံတကာဥပဒေနဲ့ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းကို လိုက်နာဖို့၊ အခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ထိပါးတာတွေကို ရပ်တန့်ဖို့ တရုတ်နိုင်ငံရဲ့ ကြေညာချက် မှာ တောင်းဆို ထားတယ်။

“ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်” ကို ဖောက်ဖျက်လိုက်တဲ့ ‘ထရမ့်အစိုးရ’

‘ထရမ့်အစိုးရ’ လုပ်ရပ်ဟာ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းအပါအဝင် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး ဗိုလ်ကျ အနိုင်ကျင့်တဲ့သဘောဖြစ်ကြောင်း ဝေဖန်မှုတွေလည်း ရှိနေတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ “ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်” အပိုဒ်(၂) အမှတ်စဉ် (၄) မှာ အခုလို ဆိုထားတယ်။

“ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံးသည် မိမိတို့ ပြည်ထောင် အချင်းချင်း ဆက်ဆံရေးတွင် တစ်နိုင်ငံ၏ နယ်ပယ် အဝှမ်းကို သို့မဟုတ် နိုင်ငံရေး လွတ်လပ်မှုကို ထိပါးအောင်သော်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ရည်ရွယ် ချက်များနှင့် အခြား တစ်နည်းနည်း ဆန့်ကျင်အောင်သော်လည်းကောင်း လက်နက်အင်အားဖြင့် ခြိမ်းခြောက်ခြင်းမှ သို့မဟုတ် လက်နက်အင်အားကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်” လို့ ဖော်ပြထားတယ်။

ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုအပေါ်  ဇန်နဝါရီ ၅ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေး‌ပေါ်အစည်းအဝေးမှာ တရုတ် သံတမန်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တယ်။

“ဇန်နဝါရီ ၃ ရက်က အမေရိကန်ဟာ ဗင်နီဇွဲလားနိုင်ငံကို အကြီးစား စစ်ရေးတိုက်ခိုက်မှုတွေ ဗြောင်ကျကျ လုပ်ဆောင် ခဲ့ပြီးနောက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုနဲ့ ဇနီးဖြစ်သူတို့ကို အတင်းအဓမ္မ ဖမ်းဆီးပြီး နိုင်ငံပြင်ပကို ခေါ်ဆောင် သွားခဲ့ပါတယ်။ အမေရိကန်က ဗင်နီဇွဲလားကို စီမံအုပ်ချုပ်သွားမယ်လို့ အခိုင်အမာပြောဆိုနေသလို ပိုပြီး ပြင်းထန်တဲ့ စစ်ဆင်ရေးကို နောက်တစ်ကြိမ်လုပ်ဆောင်သွားမယ့် အခြေအနေကိုလည်း ငြင်းပယ်ထားခြင်းမရှိပါဘူး” လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရဲ့ ယာယီတာဝန်ခံ စွန်းလေ (Sun Lei) က ပြောကြား ခဲ့တာ တွေ့ရတယ်။

“ဥပဒေနဲ့ဆန့်ကျင်ပြီး ဗိုလ်ကျအနိုင်ကျင့်တဲ့ အမေရိကန်ရဲ့ တစ်ဖက်သတ်လုပ်ရပ်တွေအပေါ် တရုတ်နိုင်ငံက အကြီးအကျယ် အံ့ဩတုန်လှုပ်မိပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့၏ ယာယီ တာဝန်ခံဖြစ်သူ စွန်းလေ (Sun Lei) က ပြောကြားခဲ့တာ ဖြစ်ကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြထားတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကြီးအကျယ် စိုးရိမ်မှုကို လျစ်လျူရှုပြီး ဗင်နီဇွဲလားနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ တရားဝင် အခွင့်အရေး များနဲ့ အကျိုးစီးပွားများကို အကြောင်းမဲ့ ချေမွဖျက်ဆီးနေတယ်။ အချုပ်အခြာအာဏာ တန်းတူညီမျှရှိရေး၊ အခြားနိုင်ငံများရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ရေး၊ နိုင်ငံတကာ ပဋိပက္ခများကို ငြိမ်းချမ်းစွာ ကိုင်တွယ် ဖြေရှင်းရေး၊ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်အတွင်း အင်အားအသုံးပြုခြင်းကို ပိတ်ပင်တားမြစ်ရေး ဆိုတဲ့ အဓိကမူဝါဒတွေကို အကြီးအကျယ် ချိုးဖောက်ခဲ့တယ်လို့  စွန်းလေ (Sun Lei) က ဆိုတယ်။

“အဲဒီမူဝါဒတွေဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့  ပင်မရေသောက်မြစ်တွေဖြစ်သလို နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရာမှာလည်း အခြေခံအုတ်မြစ်တွေဖြစ်ပါတယ်။ အမေရိကန်ဟာ နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်ရေး ဝါဒထက် သူတို့ရဲ့  ဩဇာအာဏာကို ရှေ့တန်း တင်နေသလို သံတမန်လမ်းကြောင်းကနေ ကြိုးပမ်း အားထုတ်မှုတွေထက် စစ်ရေး နည်းလမ်းနဲ့ တုံ့ပြန်မှုတွေကို ရှေ့တန်းတင်နေတာကြောင့် လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသတို့တင်မကဘဲ တစ်ကမ္ဘာလုံးကိုပါ အကြီးအကျယ် ခြိမ်းခြောက်မှုဖြစ်စေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်သလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အကြီးအကျယ် စိုးရိမ်ကြောင်း နဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုထားပါတယ်” လို့ စွန်းလေက ပြောသေးတယ်။

“အမေရိကန်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တညီတညွတ်တည်းရှိတဲ့ သဘောထားကို အလေးထားဖို့၊ နိုင်ငံတကာ ဥပဒေတွေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူဝါဒတွေ၊ သန္နိဋ္ဌာန်ပြုချက်တွေအတိုင်း လိုက်နာကျင့်သုံးဖို့၊ တခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံမှုအပေါ် ထိပါးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့၊ ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချဖို့ကြိုးပမ်းနေတာ ကို ရပ်တန့်ပြီး အပြန်အလှန်ဆွေးနွေးမှုနဲ့ ညှိနှိုင်းမှုတွေက တစ်ဆင့် နိုင်ငံရေးအရ အဖြေရှာတဲ့ လမ်းကြောင်းကို ပြန်လည် ဦးတည်ဖို့လည်း တိုက်တွန်းပါတယ်” လို့လည်း စွန်းလေက ပြောသွားကြောင်း ဆင်ဟွာ သတင်းမှာ ဖော်ပြတယ်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ကလည်း နိုင်ငံအသီးသီးအနေဖြင့် အခြားနိုင်ငံ တစ်နိုင်ငံမှ ပြည်သူများ ရွေးချယ် ထားတဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းတွေကို လေးစားကာ နိုင်ငံတကာ ဥပဒေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ ရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာသင့်ကြောင်း၊ ဤသို့ လုပ်ဆောင်ကြရာတွင် အဓိကနိုင်ငံကြီးများအနေဖြင့် ဦးဆောင်ဦးရွက် ပြုသင့် ကြောင်း ဇန်နဝါရီ ၅ ရက်နေ့က ပြောကြားခဲ့တာတွေ့ရတယ်။ ကမ္ဘာကြီးဟာ ပြောင်းလဲမှုများ၊ ရှုပ်ထွေးမှုများနဲ့ ရင်ဆိုင်နေရ ချိန်မှာ တစ်ဖက်သတ်ဝါဒနဲ့ အနိုင်ကျင့်ဗိုလ်ကျမှု လုပ်ရပ်တွေဟာ နိုင်ငံတကာစည်းစနစ်ကို ဆိုးဆိုးရွားရွား ဖျက်ဆီးနေတယ်လို့ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ ပေကျင်းမြို့မှာ အိုင်ယာလန်နိုင်ငံဝန်ကြီးချုပ် ‘မိုက်ကယ်မာတင်’ နဲ့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြား ခဲ့တယ်လို့ ဆင်ဟွာ သတင်းက ဆိုတယ်။

ဒေါ်နယ်ထရမ့်က ဂရင်းလန်ကျွန်းကို ထိန်းချုပ်သိမ်းယူဖို့ ခြိမ်းခြောက်နေပြန်

ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုအပြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်း လန်ကျွန်းကို ထိန်းချုပ်သိမ်းယူနိုင်ရေး စဉ်းစားနေတယ်လို့ ခြိမ်းခြောက်လာပြန်တယ်။  စစ်ရေးနည်းလမ်း အပါအဝင် အခြား နည်းလမ်းတွေကို ဆွေးနွေးနေတယ်လို့ အိမ်ဖြူတော်က ဇန်နဝါရီ ၆ ရက်(အင်္ဂါနေ့)မှာ ပြောကြားခဲ့တယ် လို့ဆိုတယ်။

ဂရင်းလန်ကျွန်း အလံ Photo: Depositphoto

ဒေါ်နယ်ထရမ့်ရဲ့ ဂရင်း လန်ကျွန်းကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဟာ နေတိုး (NATO) မဟာမိတ်အဖွဲ့ ညီညွတ်မှုကို ပြိုကွဲစေနိုင်တယ်လို့ ဒိန်းမတ်နိုင်ငံက သတိပေးထား‌တယ်ကြောင်း သိရတယ်။ ဗင်နီဇွဲလားခေါင်းဆောင် နီကိုးလပ်စ် မာဒူရိုကို ဖမ်းဆီးဖြုတ်ချခဲ့တဲ့ အမေရိကန် စစ်ဆင်ရေးအပြီးမှာ အာတိတ်ဒေသရှိ သယံဇာတကြွယ်ဝတဲ့ ဒိန်းမတ်နိုင်ငံရဲ့  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ “ဂရင်းလန်ကျွန်း” ကို သိမ်းပိုက်လိုတဲ့ ထရမ့်ရဲ့ ဆန္ဒဟာ ပိုမို ပြင်းထန် လာနေတာ တွေ့ရတယ်။

“ဂရင်းလန်” ကို ရယူလိုခြင်းဟာ အမေရိကန်အတွက် အမျိုးသားလုံခြုံရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းဖြစ်ပြီး အမေရိကန်ရဲ့ ပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ အန္တရာယ်ကို ဟန့်တားနိုင်ဖို့ ဖြစ်တယ်လို့ အိမ်ဖြူတော် သတင်းပြန်ကြားရေးအဖွဲ့က ပြောကြားခဲ့တာ တွေ့ရတယ်။ သမ္မတ ထရမ့်က ဂရင်းလန်ကို ဒိန်းမတ်နိုင်ငံထံမှ ဝယ်ယူဖို့ လိုလားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ‘မာကိုရူ ဘီယို’ က လွှတ်တော်အမတ်များကို ပြောကြားခဲ့တယ်လို့  ဝေါစထရိ ဂျာနယ် (Wall Street Journal) က ဖော်ပြခဲ့ဖူးတယ်လို့ ဆိုတယ်။

ဂရင်းလန်ကျွန်းကို အင်အားသုံးသိမ်းပိုက်ဖို့ ကြိုးပမ်းမှုမှန်သမျှဟာ နေတိုး (NATO) အဖွဲ့နဲ့ ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ လုံခြုံရေးဆိုင်ရာ မဟာမိတ်ဆက်ဆံရေးကို  ဖျက်ဆီးပစ်ရာရောက်လိမ့်မယ်လို့ ဒိန်းမတ်နိုင်ငံက သတိ ပေးထားကြောင်း သိရတယ်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်နဲ့ စပိန်နိုင်ငံ ခေါင်းဆောင်တွေက “အချုပ်အခြာ အာဏာ၊ နယ်မြေ ပိုင်နက် တည်တံ့ခိုင်မြဲမှုနှင့် နယ်နိမိတ်များကို ကျူးကျော်ဖောက်ဖျက်၍မရခြင်း” ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံမူများကို ကာကွယ် သွားမှာဖြစ်တယ်လို့ ဒိန်းမတ်နဲ့အတူ ပူးတွဲကြေညာချက်တစ်ရပ်ကို ဇန်နဝါရီ ၆ ရက်(အင်္ဂါနေ့)က ထုတ်ပြန်ထားခဲ့တယ်။ နေတိုး မဟာမိတ်အဖွဲ့ရဲ့ အပိုဒ် (၅) အရ အဖွဲ့ဝင်နိုင်ငံတစ်ခု တိုက်ခိုက်ခံရပါက  ကျန်အဖွဲ့ဝင် နိုင်ငံတွေက ဝိုင်းဝန်း စုပေါင်း ကာကွယ်ပေးဖို့ ကတိပြုထားတယ်လို့ ဆိုတယ်။

ဒိန်းမတ်ဝန်ကြီးချုပ် ‘မက် ဖရက်ဒရစ်ဆင်’ က အမေရိကန်အနေနဲ့ ဂရင်းလန်ကျွန်းကို သိမ်းယူခွင့်မရှိကြောင်း  ဇန်နဝါရီ ၄ ရက်က ပြောကြားခဲ့တယ်။ အမေရိကန်အနေနဲ့ ရင်းနှီးတဲ့ မဟာမိတ်နိုင်ငံ တစ်နိုင်ငံကိုဖြစ်စေ၊  ဂရင်းလန် ပြည်သူ များကိုဖြစ်စေ ခြိမ်းခြောက်နေမှုကို ရပ်တန့်ရန်လည်း တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရတယ်။

“ကျွန်မ အမေရိကန်နိုင်ငံကို တိုက်ရိုက်ရည်ညွှန်းပြီး ပြောရပါလိမ့်မယ်” လို့ ဖရက်ဒရစ်ဆင်က ကြေညာချက် ထုတ် ပြန်ထားတယ်။ ဒိန်းမတ်ဝန်ကြီးချုပ် က အမေရိကန်အနေနဲ့ ဂရင်းလန်ကျွန်းကို လွှဲပြောင်းယူရန် လိုအပ်လိမ့်မည် ဆိုတဲ့ အယူအဆကို ပယ်ချခဲ့တယ်။ အမေရိကန်အနေနဲ့ ဒိန်းမတ်၊ ဂရင်းလန်နဲ့ ဖာရိုးကျွန်းစု ဆိုတဲ့ ဒိန်းမတ်နိုင်ငံရဲ့  နယ်မြေပိုင်နက် အစိတ်အပိုင်း သုံးခုအနက်မှ မည်သည့်နယ်မြေကိုမျှ သိမ်းယူခွင့်မရှိကြောင်း အလေးအနက် ပြောကြားထားတာတွေ့ရတယ်။

ယခင်နှစ် တစ်နှစ်လုံးအတွင်း ထရမ့်က ဂရင်းလန်ကျွန်းကို အမေရိကန်လွှဲပြောင်းယူရေး ထပ်တလဲလဲ တိုက်တွန်းခဲ့ တာကြောင့် ဂရင်းလန်ကျွန်းနဲ့ ဒိန်းမတ်နိုင်ငံတို့အပြင် ဥရောပသမဂ္ဂကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေ  ပြုလုပ်ခဲ့ ကြတယ်လို့ ဆိုတယ်။

ထူးခြားမှုတခုကတော့ ဇန်နဝါရီ (၇) ရက်မှာ အမေရိကန်က မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ကို အမြဲတမ်း ထောက်ခံမှာ ဖြစ်ပြီး အမေရိကန်က အဖွဲ့ဝင် တစ်နိုင်ငံ ဖြစ်နေသရွေ့ ရုရှားနဲ့ တရုတ်တို့က (NATO) မဟာမိတ် အဖွဲ့ကို ကြောက်ရွံ့ကြတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့ကြောင်း သတင်းတွေအရ သိရတယ်။

“(NATO) က ကျွန်တော်တို့အတွက် ရှိမနေရင်တောင် ကျွန်တော်တို့က (NATO) အတွက် အမြဲ ရှိနေမှာပါ” လို့ ထရမ့်က Truth Social လူမှုကွန်ရက်ပေါ်မှာ ပြောခဲ့တာလို့ ဆိုတယ်။ ထရမ့်နဲ့ အစိုးရအရာရှိတွေဟာ မကြာသေးမီက ဂရင်းလန်ကို သိမ်းဖို့ ခြိမ်းခြောက်မှုတွေ အများကြီးလုပ်ခဲ့တာကြောင့် (NATO) အဖွဲ့ဝင် ဒိန်းမတ်နဲ့ တင်းမာမှုတွေ မြင့်တက်ခဲ့တယ်။

နိုင်ငံတကာ အကျိုးပြုအစီအစဉ်တွေကို ဒေါ်နယ်ထရမ့် ငြင်းပယ်

ဒီအတောအတွင်းမှာပဲ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်း၊ ကွန်ဗင်းရှင်းနဲ့ ပဋိညာဉ်စာချုပ် စုစုပေါင်း ၆၆ ခုကနေ နုတ်ထွက်ကြောင်း သမ္မတရဲ့ ညွှန်ကြားလွှာကို ဒေါ်နယ်ထရမ့်က  ဇန်နဝါရီ ၇ ရက် နေ့မှာ ထုတ်ပြန်လိုက်တယ်။ အဲဒီ အဖွဲ့တွေထဲမှာ ကုလသမဂ္ဂ မဟုတ်တဲ့ အဖွဲ့ အစည်း ၃၅ ခုနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့  ၃၁ ခု ပါဝင် တယ်လို့ သတင်းတွေအရ သိရတယ်။ နုတ်ထွက်လိုက်တဲ့ အဖွဲ့အစည်းတွေစာရင်းမှာ ၂၀၁၅ ပါရီ ရာသီ ဥတု ပြောင်းလဲမှု ဆိုင်ရာ သဘောတူညီချက်ကို ဖြစ်ပေါ်စေတဲ့ (UNFCCC)  လို့ခေါ်တဲ့ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း၊  ကုလသမဂ္ဂ ယဉ်ကျေးမှု မဟာမိတ်အဖွဲ့ (UNAOC) ၊ ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေးအစီအစဉ် (UN-Habitat)၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံ ကုလသမဂ္ဂ စီးပွားရေးကော်မရှင် စတဲ့ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းတွေလည်း ပါဝင်ကြောင်း သိရတယ်။

နိုင်ငံပေါင်း ၁၅၀ ကျော်မှာ မိခင်နဲ့ ကလေးကျန်းမာရေးကိစ္စတွေ ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့ (UNFPA) ကနေလည်း နုတ်ထွက်မယ်လို့ ဆိုတယ်။ ဒီလိုနုတ်ထွက်တာဟာ ဥပဒေအရ ခွင့်ပြုထားတဲ့အတိုင်းအတာထိ ဒီအဖွဲ့တွေမှာ ပါဝင်မှုနဲ့ ရန်ပုံငွေထောက်ပံ့မှုတွေကို ရပ်စဲလိုက်ခြင်း ဖြစ်တယ်လို့  သမ္မတရဲ့ ညွှန်ကြားလွှာမှာ ဖော်ပြထား တယ်။ သမ္မတ ထရမ့်ဟာ အရင်ကတည်းက ကုလသမဂ္ဂအဖွဲ့အစည်းတွေအတွက် ဆန္ဒမှု အလျောက် ထောက်ပံ့တဲ့ ရန်ပုံငွေတွေကို ဖြတ်တောက်ခဲ့ပြီး ဖြစ်တယ်လို့ သိရတယ်။

လွန်ခဲ့တဲ့နှစ် ဇန်နဝါရီလမှာ အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိခဲ့ပြီးနောက် အမေရိကန်နိုင်ငံဟာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (UNHRC) စတဲ့ အဖွဲ့တွေမှလည်း နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ဖြစ်တယ်။

ထရမ့်ရဲ့ ဗင်နီဇွဲလား နမူနာအတိုင်း အာဏာရှင် နိုင်ငံတွေ လိုက်လုပ်လာနိုင်မည်လား။

ဒီအခင်းအကျင်းကို လေ့လာကြည့်ရင် သမ္မတထရမ့်ရဲ့ “အမေရိကန် ပထမဦးစားပေးမူဝါဒ”ရဲ့ သဘောသဘာဝကို ခန့်မှန်းကြည့်လို့ရနိုင်ပါတယ်။ ကမ္ဘာ့အနောက်ဘက်ခြမ်းမှာ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုအပေါ် အခြား အင်အားကြီး နိုင်ငံတွေ ဝင်မစွက်ဖို့ သတိပေးတဲ့အနေနဲ့ ၁၉၂၃ ခုနှစ်က သမ္မတ ဂျိမ်းစ် မွန်ရိုး ထုတ်ပြန်ခဲ့တဲ့ “Monroe Doctrine” မွန်ရိုး ကြေညာချက် စာတမ်းနေရာမှာ ထရမ့်က “Donroe Doctrine” ဒွန်ရိုးကြေညာချက် ဆိုတဲ့ သူ့နာမည်ပါတဲ့ နာမည်ပြောင် အသစ်တစ်ခုပေးပြီး အစားထိုးဖို့ ကြိုးစားခဲ့တာတွေ့ရတယ်။

“မွန်ရိုးကြေညာချက်က အတော့်ကို ကြီးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒါ့ထက် အများကြီး ပိုသာအောင် လုပ်နိုင် ခဲ့ပါတယ်” လို့ မာရာလာဂို သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ပြောသွားခဲ့တယ်။ “ကျွန်တော်တို့ရဲ့ နိုင်ငံတော် လုံခြုံရေး နည်းဗျူဟာသစ်အရ ကမ္ဘာ့အနောက်ခြမ်းမှာ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုအပေါ် နောက်ထပ် ဘယ်တော့မှ မေးခွန်း ထုတ်နိုင်တော့မှာ မဟုတ်ပါဘူး” လို့ သမ္မတ ထရမ့် က ပြောကြောင်း သိရတယ်။

ဗင်နီဇွဲလားနိုင်ငံရဲ့ ကြီးမားတဲ့ သယံဇာတ သတ္တုသိုက်ကြီးကို ထိန်းချုပ်ဖို့ သူဆန္ဒရှိနေတယ်ဆိုတာကို ထရမ့်က ပြောင်ပြောင်တင်းတင်း ထုတ်ပြောခဲ့တယ်။ ဗင်နီဇွဲလားမှာ ရေနံလုပ်ငန်းကို ပြည်သူပိုင် သိမ်းလိုက်တဲ့အတွက် အမေရိကန် ရေနံကုမ္ပဏီတွေ အရှုံးပေါ်ခဲ့ရတယ်လို့ ထရမ့် က ယုံကြည်နေတယ်လို့ ဆိုတယ်။

အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားသမ္မတ ‘မာဒူရို’ ကို ဖမ်းဆီးဖြုတ်ချခဲ့ပြီးနောက်မှာ ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီ အာဏာပိုင်တွေက ပိတ်ဆို့ဒဏ်ခတ်ခံရမှုအောက်ရှိ အရည်အသွေးမြင့် ရေနံစည်ပေါင်း သန်း ၃၀ မှ သန်း ၅၀ အထိ အမေရိကန်ထံ လွှဲပြောင်းပေးမှာဖြစ်တယ်လို့  ဇန်နဝါရီ ၆ ရက်မှာ အမေရိကန်သမ္မတ ထရမ့် က ပြောတယ်။

အဲဒီ ရေနံကို ဈေးကွက်ပေါက်ဈေးနဲ့ ရောင်းချမယ်လို့ ဆိုတယ်။ အဲဒီရေနံရောင်းရငွေကို အမေရိကန်သမ္မတအနေနဲ့ ထရမ့်က ထိန်းချုပ် သွားမယ်လို့ဆိုတယ်။ ဗင်နီဇွဲလားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုက ပြည်သူတွေအတွက် အကျိုးရှိမယ့် နေရာတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့လည်း ထရမ့်က သူ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တယ်။ ရေနံရောင်းချ ရေး အစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်ဖို့ စွမ်းအင်ဝန်ကြီး ‘ခရစ်စ် ရိုက်’ (Chris Wright) ကို တောင်းဆိုထား တယ်လို့လည်း ထရမ့် က ဆိုတယ်။ ရရှိလာမယ့် ရေနံစည်တွေကို ရေနံတင် သင်္ဘောတွေက သွားရောက် သယ်ဆောင်လာ မှာဖြစ်ပြီး  အမေရိကန်ပြည်ထောင်စု ဆိပ်ကမ်းတွေဆီ တိုက်ရိုက် ယူဆောင်လာမှာဖြစ်တယ်လို့လည်း ထရမ့်က ရေးသားထားသေးတယ်။

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်တွေထဲက တစ်ခုလို့ဆိုကြတဲ့ ဗင်နီဇွဲလားနိုင်ငံက ထုတ်လုပ်တဲ့ ရေနံစိမ်းရောင်းချမှုကို အချိန်အကန့်အသတ်မရှိ ထိန်းချုပ်သွားမယ်လို့ သမ္မတ ထရမ့်အစိုးရက ဆိုတယ်။ ထရမ့်အစိုးရက ဗင်နီဇွဲလားနိုင်ငံရဲ့  အုပ်ချုပ်ရေးနဲ့ ရေနံစိမ်းရောင်းချရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေမှာ ပါဝင်လုပ်ဆောင်မယ်လို့ အတိအလင်း ပြောကြား ခဲ့ကြောင်း ဂျပန် (NHK) သတင်းက ဖော်ပြတယ်။

“ဗင်နီဇွဲလားမြေကြီးထဲကနေ သယံဇာတတွေ အများကြီး ကျွန်တော်တို့ ထုတ်ပေးပါတယ်။ သယံဇာတတွေကို ဗင်နီဇွဲလား ပြည်သူတွေ၊ ဗင်နီဇွဲလား နိုင်ငံထဲမှာ နေခဲ့ပြီး နိုင်ငံပြင် ပရောက်နေသူတွေ ရကြမှာပါ။ ဒါ့အပြင် အမေရိကန် ပြည်ထောင်စုကလည်း တစ်နည်းတစ်ဖုံ အကျိုးအမြတ် ပြန်ခံစားရဖို့ ရှိပါတယ်”လို့ ထရမ့် က ဆိုတယ်။

နိုင်ငံတကာဥပဒေမှာ သဘောတူ ရေးဆွဲထားတဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာရေးဟာ ကမ္ဘာ့နိုင်ငံတွေ လည်ပတ် ဖို့ အကောင်းဆုံးနည်းဖြစ်တယ်ဆိုတဲ့ အယူအဆဟာ အခု မာဒူရိုကို ဖမ်းဆီးလိုက်တဲ့ ‘ထရမ့်ရဲ့ စစ်ဆင်ရေး’ ကြောင့် ကြီးကြီး မားမား ထိခိုက်သွားခဲ့ရပြီဖြစ်တယ်လို့ ဘီဘီစီ အယ်ဒီတာ ‘ဂျယ်ရမီ ဘိုဝမ်’ က ဆိုတယ်။ ဒေါ်နယ်ထရမ့်က သူ မကြိုက်တဲ့ စည်းမျဉ်းဥပဒေတွေကို ဂရုမစိုက်ဘဲ နေလို့ ရတယ်ဆိုတဲ့ သဘောကို အမေရိကန်နိုင်ငံ အတွင်းမှာရော နိုင်ငံတကာမှာပါ အကြိမ်ကြိမ် လက်တွေ့ လုပ်ပြခဲ့ပြီးဖြစ်တယ်။

အမေရိကန်ရဲ့ ဗင်နီဇွဲလားလုပ်ရပ်အပေါ်  တရုတ်က ပြစ်တင်ဝေဖန်ခဲ့တယ်။ “အမေရိကန်ရဲ့ လွှမ်းမိုးချုပ်ကိုင်လိုတဲ့ လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေနဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို အကြီးအကျယ် ချိုးဖောက်လိုက်တာ ဖြစ် တယ်။ လက်တင်အမေရိက ဒေသနဲ့ ကာရစ်ဘီယံ ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက် အန္တရာယ် ပြုလိုက်တာ ဖြစ်တယ်” လို့ ဆိုတယ်။

“အမေရိကန်အနေနဲ့ တခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ လုံခြုံရေးအပေါ် ချိုးဖောက်နေမှုတွေကို ရပ်တန့်သင့်တယ်” လို့ တရုတ်အစိုးရက ဆိုတယ်။ ဒါပေမဲ့လည်း တရုတ်အစိုးရအနေနဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို ရှေ့ပြေး နမူနာ တစ်ခုအဖြစ် ယူဆကောင်း ယူဆနိုင်တယ်လို့လည်း သုံးသပ်ထားတယ်။

ထိုင်ဝမ်ကို ပြည်မကြီးကနေ ခွဲထွက်တဲ့ ပြည်နယ်တစ်ခုအဖြစ် တရုတ်က သတ်မှတ်ထားပြီး တရုတ်အစိုးရရဲ့ ထိန်း ချုပ်မှုအောက် ပြန်သွတ်သွင်းရေးကို တရုတ်အစိုးရရဲ့ နိုင်ငံတော် ဦးစားပေး အစီအစဉ်တစ်ခုအဖြစ် ထုတ်ဖော် ကြေညာထား တာ ဖြစ်တယ်။

တရုတ်က အတုခိုး လိုက်လုပ်လာမှာကို အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော် ဆီးနိတ်လွှတ်တော် ထောက်လှမ်းရေး ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီဝင် ဆီးနိတ်လွှတ်တော်အမတ် ‘မာ့ခ် ဝါနာ’ က စိုးရိမ်နေတယ်လို့ ဆိုတယ်။ တရုတ်ခေါင်းဆောင်တွေနဲ့ အခြားနိုင်ငံခေါင်းဆောင်တွေက အနီးကပ် စောင့်ကြည့်နေကြတယ်လို့ သူက ကြေညာချက် ထုတ်ပြန်ခဲ့တယ်။

“ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံခြားတိုင်းပြည်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စု က စစ်တပ်အင်အား သုံးပြီး ကျူးကျော်ဖမ်းဆီးခွင့် ရှိတယ်ဆိုတာကို လုပ်ပြခဲ့တာကြောင့် တကယ်လို့ တရုတ်ကလည်း ထိုင်ဝမ်ရဲ့ခေါင်းဆောင်မှုပိုင်းအပေါ် အလားတူ သြဇာအာဏာသုံးပြီး လုပ်လာခဲ့ရင် ဘယ်လို တားဆီးမလဲ။ အလားတူ အကြောင်းပြပြီး ယူကရိန်းသမ္မတကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဖမ်းဆီးခဲ့ရင် ဘယ်လို တားဆီးမလဲ။ တစ်ကြိမ် ဘောင်ကျော်ပြီးရင် ကမ္ဘာတစ်ဝန်း ကသောင်းကနင်းဖြစ်မလာအောင် ထိန်းချုပ်ထားတဲ့ စည်းမျဉ်း ဥပဒေတွေ စပျက်ပြယ်သွား တော့မှာ ဖြစ်ပြီး အာဏာရှင်အစိုးရတွေက ဒါကို အရင်ဆုံး အသုံးချလာကြပါလိမ့်မယ်” လို့ ‘မာ့ခ် ဝါနာ’ က သုံးသပ်ပြ တယ်။

References:

– How right-wing media inspired Trump’s ‘Donroe Doctrine’: CNN Business, 5 Jan 2026.

– Trump withdraws US from dozens of international and UN entities, Reuters, January 8, 2026

– Trump says Venezuela will be ‘turning over’ up to 50 million barrels of oil to US, BBC, 7 Jan 2026.

– မာဒူရိုကို ဖမ်းဆီးခဲ့တဲ့ထရမ့် လုပ်ရပ်အတိုင်း အာဏာရှင်အင်အားကြီးနိုင်ငံတွေ လိုက်လုပ်လာနိုင်မလား၊ နိုင်ငံတကာသတင်း အယ်ဒီတာ ဂျယ်ရမီ ဘိုဝမ်၊ ၈ ဇန်နဝါရီ ၂၀၂၆။

– NATO အဖွဲ့ကို အမြဲထောက်ခံရပ်တည်ဟု ထရမ့်ပ် ပြော၊ News January 8, 2026

– ဗင်နီဇွဲလားအပေါ် အမေရိကန်စစ်ရေး ဝင်ရောက်စွက်ဖက်မှုက နိုင်ငံငယ်များအတွက် စိုးရိမ်မှု ဖြစ်စေသည်ဟု လီရှန်လွန်းက ပြော၊ စင်ကာပူ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

Click to rate this post!
[Total: 2 Average: 5]