“သူ့ကို ‘လီးလ်’ ဒါမှမဟုတ် ‘နာနာ’ လို့ခေါ်ဖို့ ငါတို့ပြောပြ။
သူ့လူနာ မှတ်တမ်းထဲ ဒီနာမည်တွေမပါဘူးတဲ့။ ဒီလိုနဲ့
သူမရဲ့ နောက်ဆုံးအချိန် ဝိုးတဝါးရက်သတ္တပတ်တွေမှာ
သူမဟာ တစ်ဖန်တစ်ကျော့ အီလိုင်ဇာဖြစ်သွားခဲ့ရပေါ့။”
(နာမည်များ။ ဝင်ဒီကုတ်ပ်)
လူနာဆောင်ထဲ ကျွန်တော်‘ရောင်းလှည့်’ကြည့်ဖို့ကျန်တဲ့လူနာက ဒေးဗစ်ဖော်စတာဖြစ်ပါတယ်။ သူက လူနာအသစ်ပါ။ သူ့ကိုမကြည့်ခင် သူဆေးရုံရောက်စ အခြေအနေကို သိချင်လို့ လူနာမှတ်တမ်းထဲ ရှာကြည့်လိုက်တယ်။ “အသက် ၈၈။ ခေါင်းခဲဝေဒနာကောက်ခါငင်ခါရ။ ဦးခေါင်းတွင်းသွေးယိုခြင်းဟု စီတီဓာတ်မှန်အဖြေထွက်။ ခွဲစိတ်ရန်မလိုအပ်။ သတိကောင်းကောင်းရ။ ဂျီစီအက်စ်* ၁၅ မှတ်အပြည့်။”
ကျွန်တော်သူ့ ခုတင်ဆီလျှောက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်၊ ပဋိသန္ဓာရ စကားဆို၊ ပြီးတော့ သူသတိ ဘယ်လောက်ကောင်း / မကောင်းဆိုတာဆန်းစစ်ဖို့ပါ။
“မင်္ဂလာပါ မစ္စတာ ဖော်စတာ”
လူနာကမလှုပ်ဘူး။
သူ့ကိုစောင့်ကြည့်နေတဲ့သူနာပြုက လှမ်းကူတယ်။ “ဆရာ၊ သူကအက်ဒီလို့ခေါ်တာကြိုက်တယ်”
အဓိပ္ပာယ်မရှိတာတွေ။ ဒီလို ချစ်စနိုးနာမည်တွေက သူနာပြုတွေအတွက်တော့ ကောင်းပေမပေါ့။ ကျုပ်က ဆရာဝန်လေ။ သူ့ကို နာမည်အပြည့်အစုံခေါ်ပြီး လူကြီးလူကောင်းတစ်ယောက်လို နှုတ်ဆက်တာကို သူမလွဲမသွေ တန်ဖိုးထားမှာသေချာတယ်။ ကျွန်တော်ထပ်ခေါ်ကြည့်တယ်။ အိပ်များနေသလားဆိုပြီး ဒီတစ်ချီ သူ့ပခုံးလေးကို အသာလှုပ်လိုက်သေးတယ်။
“မစ္စတာဖော်စတာ”
ခုထိဘာမှပြန်မဖြေ။ ကျွန်တော်အလန့်တကြားဖြစ်သွားတယ်။ သူ့ရင်ညွန့်ရိုးကို ကျွန်တော့်လက်နဲ့ ခပ်ကြမ်းကြမ်း ပွတ်လိုက်တယ်။ တွန့်သွားတာ တစ်ချက်ကလေးမှ မတွေ့ဘူး။ ဒါဆိုရင် သူ့ဂျီစီအက်စ်က အမှတ် ၃။ ဒါအောက်ဆုံး အဆင့်ပဲ။
“ဆရာ၊ အက်ဒီလို့ ခေါ်ကြည့်ပါဦး”
သူပြောတာအလုပ်ဖြစ်မယ်လို့ဖြင့် မမြင်မိဘူး။ ဒါပေမဲ့ အရေးပေါ် လူနာအဖြစ်,မသတ်မှတ် မကြေညာသေးခင် ဒါလေးတစ်ချက်တော့ စမ်းကြည့်သင့်တယ်။
“အက်ဒီ၊ ဒီမှာ ဆရာဝန်ပါ”
သူထထိုင်တယ်။ တစ်ချက်ပြုံးပြပြီး “ကျွန်တော်နေလို့ ကောင်းပါတယ်၊ ကျေးဇူးတင်ပါတယ်”လို့ပြောပြီးကျွန်တော့်ကို သူကပြန်နှစ်သိမ့်လိုက်သေးသဗျ။
ဝင်ဒီကုတ်ပ်က “နာမည်များ” ဆိုတဲ့ သူ့ကဗျာထဲမှာ သူ့အဘွားရဲ့ နောက်ဆုံးအချိန် ဆေးရုံပေါ်ကအဖြစ်ကို စိတ်လှုပ်ရှားဖွယ် ပြောပြတယ်။ မိသားစုဝင်တွေက အဘွားကြိုက်တဲ့ နာမည်နဲ့ လူနာကိုခေါ်စေ့ချင်၊ ပြောစေ့ချင်တာ။ လူနာမှတ်တမ်းထဲမှာ ဒီနာမည်တွေမပါဘူးဆိုပြီး ဆရာဝန်ဆရာမတွေက ငြင်းပယ်လိုက်လို့ မိသားစုဝင်တွေ စိတ်မချမ်းမြေ့ ဖြစ်ရတာ။ သူ့ကဗျာက ရိုးရိုးလေး၊ စာကြောင်းရေ နည်းနည်းလေး။ လူတစ်ဦးတစ်ယောက် နာမည်ရွေးချယ်ခြင်းရဲ့နောက်ကွယ်က သမိုင်းကြောင်းနဲ့စိတ်လှုပ်ရှားခံစားမှုတို့ရဲ့ရှုပ်ထွေးပုံ၊ မိမိရဲ့ပုဂ္ဂလ ဝိသေသ တည်ရှိမှုအလိုအပ်ဆုံးအချိန်မှာ မိမိနှစ်သက်တဲ့နာမည်နဲ့အခေါ်ခံရတဲ့အဖြစ်ကနေ မဖွယ်မရာ ဆုံးရှုံးရပုံ … ဒါ ကျွန်တော်တို့အားလုံးကိုသတိပေးတာပါပဲ။
လူနာတွေက သူတို့ကို ဘယ်နာမည်နဲ့ခေါ်စေ့ချင်သလဲဆိုတာကို သူနာပြုဆရာမတွေနဲ့ တခြားကျန်းမာရေး ဝန်ထမ်းတွေက ကြိုးကြိုးစားစားရှာဖွေလေ့ရှိတယ်။ ဒီဘက်မတော့ ဆရာဝန်တွေကတွန့်တယ်။ လုပ်လေ့မရှိဘူး။ အကြောင်းတော့ ရှိမှာပေါ့ဗျာ။ ဆရာဝန်နဲ့ လူနာ သိပ်ရင်းနှီးသွားခဲ့ရင် ဆရာဝန်ရဲ့ သမားဂုဏ်ကို ထိခိုက်လေမလားလို့ စိုးရွံ့တာလည်း ပါရဲ့။ နာမည် အတိုကောက်လေးတွေ သုံးပြီးပြောခဲ့ဆိုခဲ့ရင် လူနာကို မလေးစားရာ ရောက်လေမလားလို့ တွေးပူတာလည်း ပါရဲ့။ သို့ပေမယ့် ကျွန်တော်တို့ သတိချပ်ရမှာက တစ်ခါတလေ လူနာကိုလေးစားကြောင်းပြသရာမှာ အကောင်းဆုံးသော နည်းလမ်းက သူနှစ်သက်တဲ့ နာမည်ကို (နာမည်ပြောင်ဖြစ်ပလေ့စေ) သုံးစွဲပေးဖို့ပါပဲ။ ဒါမှ သူ့ဘဝအတွေ့ အကြုံနဲ့ သူ့ရဲ့ပုဂ္ဂလဝိသေသဖြစ်မှုကို လေးစားရာကျမှာပါ။
ဆေးရုံ လူအိုဆောင်ထဲက ဒီအဖြစ်ကို ကျွန်တော်မေ့ပျောက်သွားလိမ့်မယ်မဟုတ်ဘူး။ နာမည်ပြောင်လေး ခေါ်ရတဲ့ ဒီလုပ်ရပ်က လူနာရဲ့ ရင်ညွန့်ရိုးပေါ် ကျွန်တော့လက်သီးဆုပ်နဲ့ ပွတ်တာထက် ကရိကထ မများတာ သေချာကြောင်းပါ ခင်ဗျား။
မှတ်စု။
ဂျီစီအက်စ်* (GCS = Glasgow Coma Scale)။ လူနာ၏ သတိရှိမှုအခြေအနေ (level of consciousness) ကို တိတိကျကျ တိုင်းတာရန်အသုံးပြုသည့် အညွှန်းစကေး။ တစ်နည်း ဦးနှောက်စွမ်းရည်ကိုတစ်ဖက် လှည့်တိုင်းတာခြင်း ပဲဖြစ်သည်။ သတိကောင်းရင်ကောင်းသလောက် ဦးနှောက်စွမ်းရည်ကောင်းသည်ဟု ယူဆနိုင်သည်။
ဆရာဝန်က လူနာကို စကားပြောဆိုခြင်း / နာကျင်စေခြင်းဖြင့် ဆွပေးကြည့်သည်။ လူနာ၏တုံ့ပြန်မှုအနေအထားသုံးမျိုး (မျက်လုံးဖွင့်မှု / ပိတ်မှု၊ ခြေ / လက်လှုပ်ရှားမှု၊ စကားပြောဆိုတုံ့ပြန်မှု) ကို ကြည့်ရှုမှတ်တမ်းတင်၍ လူနာ၏ သတိရှိမှု အခြေအနေအဆိုး / အကောင်းကို စိစစ်အကဲဖြတ်ခြင်းဖြစ်သည်။
အမြင့်ဆုံးရမှတ်မှာ ၁၅ ဖြစ်ပြီး လူနာသတိလုံးဝကောင်းသည်ဟုဆုံးဖြတ်သည်။ အနိမ့်ဆုံးရမှတ်မှာ ၃ ဖြစ်ပြီး လူနာလုံးဝသတိလစ်နေသည် (သို့မဟုတ်) ဦးနှောက်သေဆုံးသွားပြီဟု ကောက်ချက်ချ သည်။
စာညွှန်း။
Matthew Rogers. 2010. What’s in a name? J Med Ethics: Medical Humanities. 36:26
ဝင်ဒီကုတ်ပ် (Wendy Cope) ၏ နာမည်တွေ (Names) ကဗျာကို ပြန်ဆိုတင်ဆက်လိုက်ပါသည်။

နာမည်တွေ
ဝင်ဒီကုတ်ပ်
လသားအရွယ်ကလေးငယ်ဘဝ ခဏတာ
သူမ, အမည်အီလိုင်ဇာ – အီလိုင်ဇာလီလီ။
သိပ်မကြာခင် လီလီကနေ လီးလ်ဖြစ်သွားခဲ့။
နောင် ပေါင်မုန့်ဆိုင်အရောင်းသမ,ဘဝမှာ မစ္စစတူးဝပ်တဲ့
နောက်တော့ ‘အချစ်ကလေး’ ‘ချစ်သည်းလေး’တဲ့၊ အမေတဲ့။
အသက်သုံးဆယ်မုဆိုးမဘဝ အလုပ်ပြန်လုပ်ချိန်
မစ္စက်ဟန်းတဲ့။ သူ့သမီးအရွယ်ရောက်လာ
အိမ်ထောင်ပြု၊ ကလေးရ။
ဒီအချိန်သူ့နာမည် နာနာတဲ့။ “လူတိုင်းက ကျွန်မကို
နာနာလို့ခေါ်ကြတယ်”လို့ ဧည့်သည်တွေကို သူပြောပြ။
မိတ်ဆွေတွေ၊ ဈေးသည်တွေ ဆရာဝန်တွေ
သူတို့တစ်တွေ သူ့ကိုဒီအတိုင်း လိုက်ခေါ်ကြ။
ဆေးရုံလူအိုဆောင်က ဆရာဝန်တွေ
သူနာပြုတွေက လူနာရဲ့ကိုယ်ပိုင်အမည်ကိုပဲခေါ်ကြ။
သူ့ကို ‘လီးလ်’ ဒါမှမဟုတ် ‘နာနာ’ လို့ခေါ်ဖို့ ငါတို့ပြောပြ။
သူ့လူနာမှတ်တမ်းထဲ ဒီနာမည်တွေမပါဘူးတဲ့။ ဒီလိုနဲ့
သူမရဲ့ နောက်ဆုံးအချိန် ဝိုးတဝါးရက်သတ္တပတ်တွေမှာ
သူမဟာ တစ်ဖန်တစ်ကျော့ အီလိုင်ဇာဖြစ်သွားခဲ့ရပေါ့။
(အင်္ဂလိပ်ကဗျာဆရာမ ဝင်ဒီကုတ်ပ် (၁၉၄၅- ) (Wendy Cope) ၏ကဗျာ (Names) ကိုပြန်ဆိုသည်။)
မှတ်စု။
ကိုယ်ပိုင်အမည် = Christian name, First name, Forename, Given name
မျိုးရိုးအမည် (Surname) အပြင် ခရစ်ယာန်ထုံးတမ်းအရပေးထားသော အမည်။ ဥပမာ – ဟယ်ရီကိန်း = ဟယ်ရီ (ကိုယ်ပိုင်) + ကိန်း (မျိုးရိုး)
Nanna, nana = ဘွားအေကို မြေးဖြစ်သူကချစ်စနိုးခေါ်သည့်အမည်။
Names – Wendy Cope
She was Eliza for a few weeks
When she was a baby –
Eliza Lily. Soon it changed to Lil.
Later she was Miss Steward in the baker’s shop
And then ‘my love’, ‘my darling’, Mother.
Widowed at thirty, she went back to work
As Mrs Hand. Her daughter grew up,
Married and gave birth.
Now she was Nanna. ‘Everybody
Calls me nanna,’ she would say to visitors.
And so they did – friends, tradesmen, the doctor.
In the geriatric ward
They used the patients’ Christian names.
‘Lil,’ we said, ‘or Nanna,’
But it wasn’t in her file
And for those last bewildered weeks
She was Eliza once again.
ဒေါက်တာအောင်ကြီး ပြန်ဆိုသည်။
၂ ဇန်နဝါရီ ၂၀၂၆


