The Corner

The Corner

cropped-Logo_round_grey-background.png

AI ကို ဘယ်သူတာဝန်ယူမှာလဲ

Share မယ်

ကျွန်တော့်ရဲ့ ပြင်သစ်စကား စွမ်းရည်က စိတ်ပျက်စရာကောင်းလောက်အောင် တော်တော် သံချေး တက်နေပြီ။ ပြင်သစ် တီဗီ ဇာတ်လမ်းတွဲတွေကြည့်ရင် အောက်က စာတန်းထိုး (subtitles) ပါရင် တောင် မနည်းလိုက်ဖတ်နေရတဲ့ အဆင့်လောက်ပဲ ရှိတာပါ။ ဒါပေမဲ့ ဘာသာပြန် ညံ့တာတွေကို တွေ့ရင် စိတ်တိုတတ်လောက်တဲ့အထိတော့ တတ်နေပြီ။ အဲဒီလို ဘာသာပြန်အမှားတွေက ဇာတ်လမ်း ကြည့်ပြီးသွားတဲ့အထိ ကျွန်တော့်ခေါင်းထဲမှာ တော်တော်ကြာတဲ့အထိ စွဲကျန်နေတတ်တယ်။ ဥပမာပြောရရင် Amazon မှာကြည့်ခဲ့တဲ့ နာမည်ကျော် Baron Noir ဇာတ်လမ်းတွဲထဲက စာတန်းထိုး တချို့ဆိုရင် ခေတ်နောက်ကျနေတဲ့ ကွန်ပျူတာတစ်လုံးက ဘာသာပြန်တာ ဟုတ်ချင်ဟုတ် ဒါမှမဟုတ် ရင်လည်း အရမ်းပျင်းတဲ့ လူတစ်ယောက်က ဘာသာပြန်ထားတာ ဖြစ်ရမယ်။

ဒါ့အပြင် ကျွန်တော် အဖြေရှာမရဘဲ စဉ်းစားနေမိတဲ့ ဘာသာပြန်တာတွေလည်း ရှိသေးတယ်။ အဲဒါတွေက ဘာသာပြန် ညံ့လို့မဟုတ်ဘဲ ပြန်ဆိုရ ခက်ခဲလွန်းတာကြောင့်ပါ။ ဥပမာ- ဟာသဇာတ်မြူး ဇာတ်လမ်းတွဲဖြစ်တဲ့ Call My Agent! ထဲက ဇာတ်ဝင်ခန်း တစ်ခန်းမှာဆိုရင် အေဂျင်စီရဲ့ ဧည့်ကြို ဝန်ထမ်း ဆိုဖီယာက အေဂျင်စီက ဝန်ထမ်း တစ်ယောက်ကို သူတို့အချင်းချင်း ပိုပြီးရင်းနှီးတဲ့ (ပြင်သစ်လို) “tu” ဆိုတဲ့ နာမ်စားကို ပြောင်းပြီး သုံးကြမလားလို့ မေးတဲ့အခါမျိုးပေါ့။ အဲဒီလို အပြန်အလှန် စကားပြောဆိုမှု မျိုးအတွက် တိုက်ရိုက် ဘာသာပြန်ဆိုချက် အင်္ဂလိပ်စာမှာ မရှိနိုင်ပါဘူး။ ဒါကို ဘာသာပြန်တဲ့သူက “ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်သွားကြမလား?” ဆိုတဲ့ ဝေဝါးပြီး ဘယ်လိုမှ အဆင်မပြေစွာ ဘာသာပြန် ထည့်ပေးလိုက်တယ်။ ဒါပေမဲ့လည်း ဒီထက်ပိုကောင်းအောင် ပြန်ပေးပါဆိုရင် ကျွန်တော်ကိုယ်တိုင်လည်း မတတ်နိုင်ဘူး။ တိုက်ရိုက် အင်္ဂလိပ်ဘာသာစကားမှာ တိုက်ရိုက် တူညီတဲ့ အသုံးအနှုန်း မရှိတဲ့အခါ ဘယ်လိုပဲပြန်ပြန် အဖြေမှန်ဆိုတာ မရှိနိုင်ပါဘူး။

နောက်ဆုံးမှာတော့ ဘာသာစကားနှစ်ခုဟာ တစ်ခုနဲ့တစ်ခု ထပ်တူညီတယ်ဆိုတာ မရှိနိုင်တဲ့အတွက် ဘာသာပြန် ဆိုတဲ့အခါ တစ်ခါတလေမှာ မပြည့်စုံတဲ့ ရွေးချယ်မှု ဒါမှမဟုတ် ကိုယ်ပိုင်စကား အသုံးအနှုန်းထဲမှာရှိတဲ့ လိုက်လျော ညီထွေ ဖြစ်အောင် မျိုးကိုပဲ မဖြစ်မနေ လုပ်ကြရပါတယ်။ ဒါဟာ အနီးစပ်ဆုံး တူညီတယ်လို့ ထင်ရတဲ့ ဘာသာ စကားချင်း နှိုင်းယှဉ်ရင်တောင် အမှန်တရားပါပဲ။ ဥပမာ – “quite nice” ဆိုတဲ့ စကားလုံးဟာ ပြောတဲ့သူက ဗြိတိသျှ လူမျိုးလား၊ အမေရိကန်လူမျိုးလား ဆိုတာအပေါ် မူတည်ပြီး အဓိပ္ပာယ် အတော်လေး ကွဲပြားသွားတတ်တာကို နမူနာ ကြည့်ကြည့်ပါ။ သြစတြေးလျရဲ့ လုပ်ငန်းခွင် စကားပြောဆိုမှုတစ်ခုမှာ သုံးနှုန်းလို့ရတဲ့ ဆဲရေးတိုင်းထွာမှုတစ်ခုကို အမေရိကန်၊ နယူးယောက်က လုပ်ငန်းခွင် မှာသွားသုံးရင် ဘယ်လောက်အထိ ကွဲပြားသွား နိုင်မလဲ ဆိုတာကို စဉ်းစားကြည့်လိုက်ပါ။

ဘာသာစကားနဲ့ ပတ်သက်ပြီး ရွေးချယ်စရာတွေ အကန့်အသတ်နဲ့ပဲ ရှိနေတဲ့အခါ ဘာလုပ်ကြမလဲဆိုတဲ့ မေးခွန်းဟာ AI (ဉာဏ်ရည်တု) နဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ (Ethics) တွေအပေါ် ကျွန်တော်တို့ ဘယ်လို စဉ်းစားသင့်သလဲဆိုတာက သေသေချာချာ ဆွေးနွေးစရာကောင်းတဲ့ ကိစ္စရပ် တစ်ခု ဖြစ်ပါတယ်။ AI က ဘယ်လောက်အထိ ဉာဏ်ကောင်း နေနိုင်မလဲ၊ ဒါမှမဟုတ် သူက နယ်ပယ်အတော်များများမှာ လူသားတွေရဲ့ လုပ်အားနေရာကို ဘယ်လောက်အထိ ထိရောက်စွာ အစားထိုးနိုင်မလဲဆိုတာကို ကျွန်တော်တို့ အပြည့်အဝ မသိရသေးပါဘူး။ ဒါပေမဲ့ ဘာသာပြန်လုပ်ငန်း မှာတော့ သူ့ရဲ့ စက် ဉာဏ်ရည်စွမ်း (Machine Intelligence) ဟာ တည်ငြိမ်ပြီး ယုံကြည်စိတ်ချရတဲ့ လုပ်ဆောင်ချက် တွေကို စတင် ပေးစွမ်းနေပြီလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ AI ကို သုံးတတ်မယ်ဆိုရင် လူတစ်ယောက် သီးသန့်ခန့်ထားစရာမလိုဘဲ ဘာသာပြန်ဆိုတဲ့ ကိစ္စ တော်တော်များများကို လုပ်ကိုင် ပေးနိုင်တဲ့ အဆင့်ကိုတောင် ရောက်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘာသာစကားတွေကြားမှာ ကွဲပြားခြားနားမှု ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ရှိနေတာကြောင့် ဘာသာပြန်ပေးတဲ့ လူတွေကိုတော့ အစားမထိုးသင့် သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘာသာပြန်ဆိုခြင်းဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရလေ့ရှိတဲ့ ‘ပြီးပြည့်စုံနိုင်တဲ့ လုပ်ငန်းစဉ်’ တစ်ခု မဟုတ်တာကြောင့်ပါ။ ဒီနေရာမှာ ပြဿနာက စက်တွေ (Machines) အနေနဲ့ ဆုံးဖြတ်ချက် မချနိုင်တာမျိုး ပြောတာ မဟုတ်ပါဘူး။ အဓိက ပြဿနာက အဲဒီလို ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းမှာ အကျိုးဆက်တွေ ရှိလာမှာဖြစ်ပြီး၊ အဲဒီလို ဖြစ်လာမယ့် အကျိုးဆက်တွေ အတွက် တစ်စုံတစ်ယောက်က တာဝန်ယူ ဖြေရှင်းပေးဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။ အကျိုးဆက်က ဘာကြောင့် ဖြစ်ရတာလဲလို့ တာဝန်ရှိသူက မေးလာတဲ့အခါ AI ကို လက်ညှိုးထိုးပြီး သူလုပ်ပေးတာ လေလို့ ပြောလို့ မရတာလို့ ပြောချင်တာ ဖြစ်ပါတယ်။ စက်ပစ္စည်းတစ်ခုဟာ အလုပ် အမျိုးအစားပေါင်း များစွာကို တာဝန်ယူ လုပ်ဆောင် ပေးနိုင်ပေမယ့် သူ ဘယ်တော့မှ တာဝန်မယူ နိုင်တဲ့အရာတစ်ခုကတော့ ‘တာဝန်ခံမှု’ (Responsibility) ပဲ ဖြစ်ပါတယ်။ အိမ်ရှင်မတစ်ဦးဟာ ထမင်းကို ကိုယ်တိုင်အစအဆုံး ချက်တတ်ပါလျက်နဲ့ ထမင်းပေါင်းအိုး (rice cooker) ကြောင့် ထမင်းဟာ စားလို့မရအောင် အလွန်အမင်း ပျော့သွား/မာသွားတဲ့အခါ ပေါင်းအိုး မကောင်းလို့ ဖြစ်ရတာပါလို့ ဆင်ခြေတက်သလိုမျိုး ဖြစ်နေမှာပေါ။

ကျွန်တော် အလွန်မှ ကြိုက် နှစ်သက်တဲ့ ပြင်သစ်ဒရာမာဇာတ်လမ်းတွဲလေးကို ကြည့်ရတာ အနှောင့်အယှက် ဖြစ်ရတဲ့ ကိစ္စက အမှန်မတော့ အသေးအဖွဲလေးတွေပါ။ ဒါပေမဲ့ အရေးကြီးတဲ့ လုပ်ငန်းတစ်ခု ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးလူးဆက်ဆံပြီး လုပ်ကိုင်ရတဲ့ နယ်ပယ်တွေအတွက် ဘာသာပြန်ရတဲ့အခါ တစ်စုံတစ်ခု ချွတ်ချော် သွားခဲ့ရင် ဘယ်တွေဖြစ်လာမလဲ၊ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေအတွက် တစ်စုံတစ်ယောက်က တာဝန်ယူ ပေးရမယ် ဆိုတဲ့ မျှော်လင့်ချက်မျိုး ထားရှိပိုင်ခွင့် လူတိုင်း၊ အဖွဲ့အစည်းတိုင်းမှာ ရှိပါတယ်။

ကုမ္ပဏီတစ်ခုဖြစ်စေ၊ နိုင်ငံတော် အဆင့် အဖွဲ့အစည်းတစ်ခုဖြစ်စေ စက်ပစ္စည်းတစ်ခုက လုပ်နိုင်စွမ်း ရှိရုံနဲ့ ‘ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို စက်ကိုပဲ ခိုင်းလိုက်ပြီ’ ဆိုပြီး ပခုံးကလေး တွန့်ပြပြီး ခေါင်းရှောင် နေလို့ မရပါဘူး။ ပင်ပန်း ခက်ခဲတဲ့ အခြေခံအလုပ်တွေကိုတော့ စက်ကို ခိုင်းလို့ ရကောင်းရနိုင်ပေမယ့်၊ ဘယ်လိုစကားလုံးတွေ သုံးမလဲ၊ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမလဲဆိုတဲ့ နောက်ဆုံးအဆင့် ဆုံးဖြတ်ချက်တွေကိုတော့ (ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ) လူသားစစ်စစ် ကသာ အမြဲတမ်း ချမှတ်ရမှာဖြစ်ပါတယ်။ အကယ်၍ လူတွေက သူတို့ရဲ့ ပြဿနာတွေကို တာဝန်ယူပြီး နားထောင် ပေးမယ့်သူ ဒါမှမဟုတ် ထိခိုက်နစ်နာမှုတွေအတွက် ကုစားပေးမယ့်သူ မရှိဘူးဆိုရင် ဒါဟာ တာဝန်ခံမှု ရှိခြင်းနဲ့ မိမိတို့ဘဝအပေါ် မိမိတို့ထိန်းချုပ်နိုင်စွမ်းရှိခြင်းတို့ကို ပျက်စီးစေတာပဲ ဖြစ်ပါတယ်။

Source: The Head and Tale

ဒီအချက်နဲ့ပတ်သက်ပြီး ပိုပြီးရုပ်လုံးကြွတဲ့ သာဓကတစ်ခုကို ပြောရရင် အခုလက်ရှိမှာ X လို့ခေါ်တဲ့ (ယခင် Twitter) ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ လက်ငင်း တွေ့မြင်နေရပါပြီ။ အဲဒီ X ရဲ့ AI ဖြစ်တဲ့ Grok ဟာ ကလေးသူငယ်တွေ အပါအဝင် အပြင်မှာ တကယ်ရှိတဲ့ လူပုဂ္ဂိုလ်တွေရဲ့ အဝတ်အစားမပါတဲ့ ပုံတွေကို အသုံးပြုသူတွေက တောင်းဆို လိုက်ရင် ကာယကံရှင်ရဲ့ ခွင့်ပြုချက်မလိုဘဲ ထုတ်ပေးနေတယ်။ ဒါပေမဲ့ လူသားတွေကို အခုလိုနည်းနဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်နေတာဟာ ‘Grok’ မဟုတ်ပါဘူး။ ဒါဟာ Grok AI ကို တောင်းဆိုတဲ့ လူတစ်ဦးချင်းစီ နဲ့ တီထွင်တဲ့ X တို့ရဲ့ တာဝန်တွေပဲ ဖြစ်တယ်။ ဒါတွေဟာ တစ်ဦးတစ်ယောက်ချင်းစီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေသာ ဖြစ်ပြီး အဲဒီအတိုင်းပဲ သတ်မှတ်ရှုမြင်ရမှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေ သားကောင်ဖြစ်သွားရသူတွေက X အနေနဲ့ Grok ကို အခုလိုမျိုးတွေ မလုပ်အောင် တားဆီးပေးဖို့ မျှော်လင့်ပိုင်ခွင့်ရှိသလို အကယ်၍ သူတို့က မတားဆီးဘူးဆိုရင်လည်း ဗြိတိသျှအစိုးရ က လုပ်ဆောင်နေသလိုမျိုး နိုင်ငံတော်အဆင့်က ဝင်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ မျှော်လင့်နိုင် ပါတယ်။ ChatGPT ဒါမှမဟုတ် ဘယ်ဘာသာပြန် ဆော့ဖ်ဝဲလ်ကိုမဆို ဘာသာပြန်သူ တစ်ယောက်က အသုံးမပြုနိုင်အောင် တားဆီးပေးဖို့အထိတော့ ကျွန်တော်တို့ မမျှော်လင့်သင့်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ညံ့ဖျင်းတဲ့ ဘာသာပြန်မှုတစ်ခု ဖြစ်လာမယ်ဆိုရင် ဒီတာဝန်ဟာ အဲဒီဘာသာပြန် ဆောင်းပါး ဖြစ်စေ အရေးကြီးတဲ့ စာရွက်စာတမ်းတစ်ခုခု ဖြစ်စေ အဲဒါကို အတည်ပြု လက်မှတ်ထိုး သဘောတူ လိုက်တဲ့ လူသားရဲ့ အပေါ်မှာပဲ မူတည်နေလို့ ဖြစ်ပါတယ်။

ဒါဟာ ဘာသာစကား တစ်မျိုးမျိုးမှာရှိတဲ့ ခံစားချက်ကို တူညီတဲ့ အသုံးအနှုန်းမရှိတဲ့ နောက်ထပ် ဘာသာစကားတစ်ခုထဲ ဘယ်လို ဘာသာပြန်မလဲဆိုတဲ့ ‘အရေးသိပ်မကြီးတဲ့ ဆုံးဖြတ်ချက်’ မျိုးမှာပဲ ဖြစ်ဖြစ်၊ တစ်ဖက်လူရဲ့ ခွင့်ပြုချက်မပါဘဲ ကာမရာဂစိတ်ကြွစေမယ့် ပုံတွေကို ထုတ်ပေး လိုက်တာ မျိုးလို ‘ကြီးမားတဲ့ တရားမဝင်လုပ်ရပ်’ မျိုးမှာပဲဖြစ်ဖြစ် အတူတူပါပဲ။ စက်ပစ္စည်းတွေဟာ ကိုယ်ကျင့်တရား ဆိုင်ရာ အသိစိတ်နဲ့ ဆုံးဖြတ်နိုင်စွမ်း (Moral) ရှိတယ်လို့ အကြောင်းပြ တာဟာ ရွံရှာစရာပါ။ လူသားတစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ နောက်ဆုံးအဆင့်မှာမှ ဝင်လာပြီး ခက်ခဲတဲ့ အပိုင်းတွေကို ပြင်ဆင်တာ ဒါမှမဟုတ် ရှုပ်ထွေးတဲ့ပြဿနာတွေကို ဆုံးဖြတ်ပေးရတာမျိုးပဲ ဖြစ်နေပါစေဦးတော့ သူတို့ဟာ ထွက်ပေါ်လာတဲ့ ရလဒ်အတွက် တာဝန်ကို လက်ခံရမှာ ဖြစ်ပါတယ်။ မရေရာတဲ့ အဖြေတွေနဲ့ စက်ပစ္စည်း တစ်ခုဆီကိုပဲ လက်ညှိုးထိုး အပြစ်တင် ပုံချခံရမယ့်အစား နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ လူသားတစ်ယောက်ရဲ့ လုပ်ဆောင်ချက်အပေါ်မှာပဲ နစ်နာကြေး တောင်းခံတာ ဒါမှမဟုတ် ကျေးဇူးတင် စကားပြောတာမျိုး လုပ်နိုင်တယ်ဆိုတဲ့ အသိနဲ့ စိတ်အေး လက်အေး ရှိနေသင့်တာပဲ မဟုတ်ပါလား။

(X ရဲ့ Grok AI အသုံးပြုမှုကို အင်ဒိုနီးရှား နဲ့ မလေးရှား နိုင်ငံတို့က ယာယီပိတ်ပင်ထားပါတယ်။ ဥရောပ နိုင်ငံများ ကတော့ ဒါနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြချိန်မှာ ဗြိတိန် အစိုးရကတော့ ဒီအမှုကို စတင် စစ်ဆေး နေပါပြီ။ အပြစ်ရှိကြောင်း ထင်ရှားခဲ့ရင် GrokAI ရဲ့ မိခင် ကုမ္ပဏီ X ကို သူ့ရဲ့ ကမ္ဘာတစ်ဝန်းလုံးက ရတဲ့ ဝင်ငွေရဲ့ ဆယ်ပုံ တစ်ပုံ သို့မဟုတ် ယူရိုငွေ ၁၈ သိန်းလောက် ဒဏ်ရိုက်နိုင်ပါတယ်။ ဘာသာပြန်သူ)

မူရင်း – AI cannot take responsibility for human faults, Financial Times, January 2026

Click to rate this post!
[Total: 0 Average: 0]