The Corner

The Corner

cropped-Logo_round_grey-background.png

Good အရေးအခင်း

Share မယ်

မင်နီယားပိုးလစ်စ်နဲ့ စိန့်ပေါ မြို့ညီနောင်ဟာ မင်နီဆိုးတား ပြည်နယ်ထဲမှာ ရှိပါတယ်။ မင်နီဆိုးတားဆိုတာ ရေကန်ပေါင်း ၁၀,၀၀၀ ရှိတဲ့မြေ လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီကန်ကြီးတွေထဲမှာ နာမည်ကျော် မစ္စစ္စပီမြစ်ကြီး မြစ်ဖျားခံရာ ကန်ကြီးလည်းပါပါတယ်။ ကနေဒါနဲ့ ထိစပ်နေတဲ့ မြို့ညီနောင် မင်နီးယားပိုးလစ်စ် နဲ့ စိန့်ပေါတို့ဟာ နိုင်ငံရပ်ခြားက ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးပြီး နွေးထွေးစွာ ကြိုဆိုတဲ့နေရာမှာ နာမည်ကျော်ပါတယ်။ ၂၀၁၇ လောက်မှာဆိုရင် မြန်မာပြည်က ပြောင်းရွှေ့ အခြေချ လာတဲ့ ကရင် မိသားစု ၆,၀၀၀ လောက်ရှိပါတယ်။ အခြေချ နေထိုင်သူတွေထဲမှာ ဆိုမာလီယာနိုင်ငံက ဆိုမာလီလူမျိုးတွေ လည်းများပါတယ်။ မကြာသေးခင်က ဆိုမာလီယာ အမျိုးသမီး တစ်ယောက် ပြည်နယ်လွှတ်တော်မှာ အမတ်ဖြစ်လာပြီး ရွေးကောက်ခံရတဲ့ စိန့်ပေါ မြို့တော်ဝန် ဆိုရင် လည်း ၁၉၇၀ လောက်က လာအို နဲ့ ကမ္ဘောဒီယား စစ်ဘေးဒဏ်ကြောင့် ရွှေ့ပြောင်းအခြေချလာသူ မှုံး လူမျိုး မိသားစု များထဲက တစ်ဦးဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့် အာဏာ ရလာချိန်မှာ တရားမဝင် နေထိုင်သူတွေကို ဖယ်ရှားပစ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ I.C.E (US Immigration and Customs Enforcement တွေကို ICE လို့ခေါ်ကြတယ်။) I.C.E တပ်ဖွဲ့တွေကို မင်နီးယားပိုးလစ်စ်ကို လွှတ်လိုက်တာဟာ သမ္မတထရမ့်ရဲ့ အတိုက်အခံတွေ ကြီးစိုးတဲ့ ဒီမိုကရက် ပြည်နယ် ဖြစ်တဲ့အတွက်လည်း ပါပါလိမ့်မယ်။

ဇန်နဝါရီလ ၇ ရက်နေ့မှာ I.C.E တပ်ဖွဲ့ဝင်တွေက မင်နီယားပိုးလစ်စ် ကျောင်းတစ်ကျောင်းအနီးမှာ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ နှစ်လမ်းကျော်အကွာ လမ်းမပေါ်မှာ Honda Pilot ကြက်သွေးရောင်ကားတစ်စီးက ပြန် လှည့်ကွေ့ဖို့ လုပ်နေစဉ်မှာ I.C.E တပ်ဖွဲ့က ကားတစ်စီးနဲ့ ရောက်လာပါတယ်။ အဲဒီအထဲက အဖွဲ့ဝင် တစ်ဦးက လှည့်နေတဲ့ ကားဆီ ပြေးသွားပြီး တံခါးကို ဖွင့်ဖို့လုပ်ကာ ကားမောင်းသူကို အောက်ကို ဆင်းခိုင်းပါတယ်။ ကားမောင်းသူက မဆင်းဘဲ ကားကို ကွေ့ပြီးလှည့်ထွက် ချိန်မှာ ကားရှေ့တူရူမှာ ရှိနေတဲ့ တပ်ဖွဲ့ဝင် တစ်ယောက်က သေနတ်နဲ့ နှစ်ချက်ဆက်တိုက် ပစ်လိုက်ပါတယ်။ ကားမောင်းသူထံက ဆဲရေးသံထွက်လာပြီးတဲ့နောက် ကားဟာ အရှိန်နဲ့ ဆက်ထွက်သွားပြီး လမ်းဘေးမှာ ရပ်ထားတဲ့ အခြားကားတစ်စီးကို တိုက်မိပြီး ရပ်သွားပါတယ်။

Renee Good သေနတ်နဲ့ အပစ်ခဲ့ရပြီးနောက် လမ်းဘေးက ကားတစ်စီးကို တိုက်မိပြီး ရပ်သွားပါတယ် (Photo: CNN)

ဒါကတော့ အခင်းဖြစ်တဲ့နေ့က တက်လာတဲ့ ဗီဒီယိုမှတ်တမ်းပါ။ နောက်ပိုင်းသတင်းအရ ကားမောင်းသူ အမျိုးသမီး  ဟာ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သေဆုံးသွားသူဟာ Renee Good လို့အမည်ရတဲ့ အသက် (၃၇)နှစ် အရွယ် ကလေး သုံးယောက် မိခင်ဖြစ်ပြီး အိမ်နီးနားချင်းတွေရဲ့ အဆိုအရ ခင်မင်ကြင်နာတတ်သူ တစ်ဦး ဖြစ်ပါတယ်။ ပစ်ခတ်သူ I.C.E တပ်ဖွဲ့ဝင်ရဲ့ ဖုန်းထဲက ဗီဒီယိုမှာ Renee Good က “မင်းကိုငါ စိတ်မဆိုးပါဘူး” လို့ ပြောသွားတာ မှတ်တမ်းတင်ထားပါတယ်။ အခင်းဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ မင်နီယားပိုးလစ်စ် လူထုက ပြင်းပြင်းထန်ထန် တုံ့ပြန်ပါတော့တယ်။

လူထုရဲ့ တုံ့ပြန်မှု

Renee Good ပစ်ခတ်ခံရတဲ့နေရာမှာ လွမ်းသူ့ပန်းခြင်းတွေချ၊ ဖယောင်းတိုင်တွေ ထွန်းညှိခဲ့ကြပါတယ်။ “I.C.Eတွေ ပြည်နယ်ထဲက ထွက်သွား” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ I.C.E တပ်ဖွဲ့ဝင်တွေ နေတဲ့ မင်နီယားပိုးလစ်စ် မြို့လယ်က ဟိုတယ်ရှေ့မှာ လူစုလူဝေးနဲ့ ခရာတွေမှုတ်၊ ဗုံတွေတီးပြီး ဆန္ဒပြကြပါတယ်။ ဟိုတယ်ထဲ ဝင်ဖို့ ကြိုးစားတဲ့သူတွေကို ရဲအဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် တွေကို နှင်းခဲတွေ၊ ခဲလုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အဲဒီအချိန်ဟာ မင်နီယာပိုးလစ်စ်မြို့ဟာ အေးခဲနေတဲ့ ရာသီဥတု အချိန်ပါ။ အဲဒီလို အေးစက်နေတဲ့ ရာသီဥတုကို အန်တုပြီး လူတွေလမ်းပေါ်ကို ရောက်လာခဲ့ကြတာပါ။

မင်းနီးယားပိုးလစ်စ် အာဏာပိုင်များရဲ့ တုန့်ပြန်မှု

မင်နီယားပိုးလစ်စ် မြို့တော်ဝန်က I.C.E တပ်ဖွဲ့ဝင်တွေ မြို့က နေထွက်သွားဖို့ တောင်းဆိုခဲ့ပါတယ်။ “ခင်ဗျားတို့ ရောက်လာတာ မြို့သူမြို့သားတွေရဲ့ လုံခြုံရေးအတွက် ဆိုပြီးရောက်လာတာ၊ အခု လုပ်နေတာတွေက ဆန့်ကျင်ဘက် တွေပဲ” လို့ မြို့တော်ဝန်က သတင်းစာရှင်းလင်းပွဲမှာ ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်။ “Get the f… out” လို့ကို ရိုင်းရိုင်း ပြောလိုက်တာပါ။ ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း ပြည်ထောင်စု အစိုးရရဲ့ ပြောဆိုချက်တွေဟာ ဝါဒဖြန့် နေတာတွေလို့ ရှုတ်ချလိုက်ပါတယ်။ ပြည်ထောင်စုအစိုးရအာဏာပိုင်တွေ (ပြည်တွင်း လုံခြုံရေး ဌာနအပါအဝင်) ဟာ စုံစမ်းစစ်ဆေးမှုတွေတောင် မပြီးသေးခင် ပစ်ခတ်မှုကို အကာအကွယ်ပေးဖို့ ကောက်ချက်တွေ ဖြန့်နေကြတာကို ကန့်ကွက်ခဲ့ပါတယ်။  မြို့တော်ကောင်စီကလည်း I.C.E အဖွဲ့တွေ ချက်ချင်းထွက်သွားဖို့ တောင်းဆိုခဲ့ပါတယ်။ I.C.E တပ်ဖွဲ့ရဲ့ မြို့နေလူထုအပေါ် အကြမ်းဖက်မှုတွေဟာ ၂၀၂၀ တုန်းက မငြိမ်မသက်ဖြစ်မှုကြောင့် နာကျင် ခံစားခဲ့ ရတာတွေကို ပြန်ဖော်သလို ဖြစ်နေကြောင်း ထုတ်ပြန်ပါတယ်။

ပြည်ထောင်စု အစိုးရရဲ့ တုံ့ပြန်မှု

အခင်းဖြစ်ပွားပြီး နှစ်နာရီလောက်အတွင်းမှာပဲ ပြည်တွင်းလုံခြုံရေးဌာန (Department of Homeland Security) ဝန်ကြီး ခရစ်စတီနုမ်းက သတင်းစာရှင်းလင်းပွဲလုပ်ပြီး သေဆုံးသူ Renee Good ကို အပြစ်ဖို့ စကားတွေချည်း ပြောသွားပါတယ်။ သူက ဒါဟာ ပြည်တွင်း အကြမ်းဖက်မှု၊ ဝတ္တရားနှောင့်ယှက်မှုလို့ နာမည်တပ်ပါတယ်။ Renee Good ဟာ တောက်လျှောက် I.C.E တပ်ဖွဲ့ဝင်တွေကို အနှောင့်အယှက် ပေးနေတာလို့ ဆိုပါတယ်။ ခရစ်စတီ ဟာ သတင်းအပြည့်အစုံ ထွက်မလာသေးခင်မှာဘဲ မသုံးသပ်ရသေးဘဲနဲ့ အလောတကြီး လမ်းကြောင်းအမှားကို ပေးသွားတာပါ။ ဒါကို နောက်ပိုင်းမှာလည်း မပြင်တော့ဘဲ သူ့ရဲ့ သုံးသပ်ချက် အမှားကြီးအတိုင်း ဆက်လက် ဆုပ်ကိုင်ထားတာ တွေ့ရပါတယ်။

အခြေအနေကို ပိုဆိုးသွားစေတာကတော့ သမ္မတ ဒေါ်နယ် ထရမ့်က ထွက်လာပြီး ဒါဟာ Renee Good က ကားကို လက်နက်သဖွယ်အသုံးပြုလို့ I.C.E တပ်ဖွဲ့ဝင်က ပစ်ခတ်ရတာ၊ ကားက I.C.E တပ်ဖွဲ့ဝင်ကို တက်ကြိတ် သွားတယ် လို့ ပြောလိုက်တဲ့အခါမှာပါ။ တကယ်တော့ ဗီဒီယိုမှတ်တမ်းကို ကြည့်လိုက်ရင် ထရမ့် ပြောတာနဲ့ လုံး၀တက်တက်စင် လွဲပါတယ်။ ပစ်ခတ်သူ တပ်ဖွဲ့ဝင်ကို ကားက လုံး၀ တိုက်မိသွားခြင်း မရှိပါဘူး။

ဒု သမ္မတ ဂျေဒီဗန့်စ်ကလည်း ပစ်ခတ်သူ တပ်ဖွဲ့ဝင်ကို လုံး၀အကာအကွယ်ပေးမယ်လို့ ထပ်ပြောပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုဖြစ်ပြီး အပြည့်အ၀ ကင်းလွတ်ခွင့် ရှိစေမယ်လို့ ဆိုပါတယ်။ အဲဒီမှာ ထောက်ပြကြတာက အရင်ဖြစ်စဉ်တစ်ခုမှာ တပ်ဖွဲ့ဝင်တစ်ဦးကို တရားစွဲဆိုဖူးတယ်ဆိုတာပါ။ ဒီဖြစ်စဉ် ဟာ လူသတ်မှု Murder ပါလို့ အခိုင်အမာ ပြောကြပါတယ်။

အဲဒီလို ရှုပ်ထွေးနေကြပြီး မကြာခင်ဘဲ သမ္မတ ထရမ့်က I.C.E တပ်ဖွဲ့ဝင် ၂,၀၀၀ ကို ထပ်မံစေလွှတ်လိုက်ပြန်ပါတယ်။ သုံးသပ်သူတွေက I.C.E တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ကြပါတယ်။ လုံလောက်တဲ့ သင်တန်းတွေ တက်ခွင့် ရခဲ့ရဲ့လား။ ဒီလိုအခြေအနေမှာ ဘယ်လို တုံ့ပြန်ရမယ်ဆိုတာ သင်ထားရဲ့လား။ စသဖြင့်ပေါ့။

မြို့တော်အာဏာပိုင်များရဲ့ အမြင်ပြည်ထောင်စု အစိုးရရဲ့ အမြင်
သေဆုံးသူဟာ သူ့ရဲ့လက်ရှိနေရာမှ ထွက်ခွာဖို့ ကြိုးစားခြင်းသေဆုံးသူဟာ I.C.E တပ်ဖွဲ့ဝင်များထံ သူ့ရဲ့ကားကို လက်နက်အဖြစ် အသုံးချခြင်း
ဝါဒဖြန့် ၊ အဓိပ္ပာယ်မဲ့ စကားတွေကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သည့် အပြုအမူ
ပြည်နယ်အစိုးရရဲ့ ရာဇဝတ်မှုစုံစမ်းရေးဗြူရို ကို စုံစမ်းစစ်ဆေးမှုမှာ ပါဝင်စေချင်။FBI ကပဲ လုံး၀ဦးဆောင်ရန်။
I.C.E တွေကြောင့် အဓိကရုဏ်းတွေ၊ ချောက်ချားမှု တွေ ဖြစ်ပေါ်နေ။စစ်ဆင်ရေးဟာ လုံခြုံရေးနဲ့ ဥပဒေ သက်ရောက်ဖို့ ဖြစ်တယ်။

FBI အဖွဲ့က သက်သေခံပစ္စည်းတွေကို ကြည့်ရှုခွင့် ပိတ်ပင်ထားပါတယ်။ အပစ်ခံရတဲ့ကား အပါအဝင်ပါ။ ဒေါ်နယ် ထရမ့်က “ပုံမှန်အားဖြင့် သက်သေခံပစ္စည်းတွေကို ကြည့်ရှုခွင့် ပြုပါတယ်။ အခုဟာကတော့ အလိမ်အညာတွေ မို့လို့ပါ” လို့ ဆိုပါတယ်။

အခင်းဖြစ်ပြီး တစ်ပတ်ကြာသွားချိန် ဇန်နဝါရီ ၁၄ ရက်အထိ မင်နီယားပိုးလစ်စ် မှာ မငြိမ်သက်သေးပါဘူး။ နေ့စဉ် I.C.E တွေနဲ့ မြို့လူထုတွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်နေဆဲပါ။ ပြည်နယ်ရဲတပ်ဖွဲ့က I.C.E တွေနဲ့ ဝေးဝေးရှောင်နေတာကို တွေ့ရပါတယ်။ ဇန်နဝါရီ ၁၃ရက်နေ့မှာ  အမှတ်အသား မပါတဲ့ကားတွေထဲက I.C.E တွေက မျက်ရည်ယိုဗုံးတွေ၊ ငရုတ်ရည် ဖျန်းဆေးတွေကို သုံးပြီး Good သေဆုံးတဲ့ နေရာအနီးက ဆန္ဒပြလူထုကို လူစုခွဲခဲ့ပါတယ်။ လူထုက အမှတ်အသားမပါတဲ့ ကားတွေ ဖြတ်သွားတိုင်း ခရာတွေ မှုတ်ပြီး အချက်ပေးကြပါတယ်။ အထက်တန်း ကျောင်းသားတွေက ကျောင်းမတက်ဘဲ ဆန္ဒပြကြပါတယ်။ မင်နီးဆိုးတားပြည်နယ် အစိုးရ၊ စိန့်ပေါနဲ့ မင်းနီးယားပိုး လစ်စ် မြို့တော်ဝန်တွေက ပြည်ထောင်စု အစိုးရရဲ့ အရှိန်မြှင့် လုပ်ဆောင်မှုကို အမြန်ဆုံး ရပ်တန့်ဖို့ ဇန်နဝါရီ ၁၂ရက်နေ့မှာ တရားစွဲဆို လိုက်ပါတယ်။ ပြည်တွင်း လုံခြုံရေးဝန်ကြီးဌာနဟာ နိုင်ငံရေးအရ ပြိုင်ဘက်အဖြစ် ပြည်နယ်ကို ပစ်မှတ်ထားနေတယ်လို့ စွပ်စွဲပါတယ်။ တရားရေး ဝန်ကြီးဌာနအတွက် ထိုးနှက်ချက် တစ်ခုက ပြည်နယ်အစိုးရ ရှေ့နေ ငါးယောက် တာဝန်ကနေ နုတ်ထွက်သွားတာပါပဲ။ ပစ်ခတ်သူ I.C.E တပ်ဖွဲ့ဝင်ထက် အပစ်ခံရသူနဲ့ မိသားစုအပေါ် ပိုပြီး စုံစမ်းစစ်ဆေးဖို့ သူတို့အပေါ်  ဖိအားပေး ခံရတယ်လို့ ဆိုပါတယ်။

I.C.E တပ်ဖွဲ့ဝင်များနှင့် လူထု မကြာခဏ ထိပ်တိုက် ရင်ဆိုင်ကြရပါတယ် (Photo: NPR)

ထရမ့်ရဲ့ ပစ်မှတ်ကလည်း ဘွားဘွားကြီးပေါ်လာပါပြီ။ ဆိုမာလီယားနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေအတွက် (TPS – Temporary Protection Status) ယာယီ ခိုလှုံခွင့်တွေကို ရပ်ဆိုင်းလိုက်တယ်လို့ ဇန်နဝါရီ ၁၃ ရက်နေ့က ကြေညာပါတယ်။ မိသားစု ၈၀,၀၀၀ လောက်ဟာ မတ်လ ၁၇ မှာ နောက်ဆုံးထား ထွက်ခွာရတော့မယ် အခြေအနေပါ။

အခုလတ်တလောမှာတော့ မျက်နှာဖုံးတွေ စွပ်ထားတဲ့ I.C.E တွေဟာ ပြည်သူတွေရဲ့ အိမ်တွေကို အတင်းဝင်၊ လူတွေကို ဆွဲထုတ်၊ အတင်းဖမ်းဆီးတာတွေကို အတားအဆီးမရှိ လုပ်နေပါတယ်။ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက ဒါကို ရာဇဝတ်မှု နှိမ်နင်းရေးလို့ အကြောင်းပြပါတယ်။

ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးမှာ ပြည်သူကို ကာကွယ်ရမယ့် တပ်ဖွဲ့ဝင်တွေက ပြည်သူတွေကို ဥပဒေမဲ့ ညှဥ်းပန်း နေတာတွေကို တွေ့ရတော့ ဒီမိုကရေစီ ကင်းမဲ့ နိုင်ငံတွေက အုပ်စိုးသူတွေအနေနဲ့ သူတို့ရဲ့  ပြည်သူတွေအပေါ် ညှဥ်းပမ်းမှုတွေကို ဆက်လုပ်ဖို့ အားဆေးများ ဖြစ်နေမလားလို့ ထင်မိပါကြောင်း။

KIDD စုစည်းတင်ပြသည်။

Click to rate this post!
[Total: 1 Average: 5]