The Corner

The Corner

cropped-Logo_round_grey-background.png

လူထုကဗျာဖြစ်သော အင်းသားရိုးရာ တိုက်တေးကဗျာ

Share မယ်

အင်းသား တိုင်းရင်းသားတို့သည် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေး ကန် အတွင်း၌ အများဆုံး နေထိုင်ကြပါသည်။ အင်းသားတို့သည် တိဗက် – မြန်မာ ဘာသာစကား အုပ်စုဝင်များဖြစ်ပြီး အင်းသားတို့၏ စာပေမှာ ပုဂံခေတ် မြန်မာစာပေနှင့် များစွာတူညီ၍ ထားဝယ် စကားနှင့် နီးစပ်ပါသည်။ မိမိတို့ကိုယ်ကို “အဲင်းဆား” ဟု ခေါ်ကြပါသည်။   အင်းသားတို့၏ ဝတ်စား ဆင်ယင်မှုမှာ အမျိုးသားများ သည် ပင်နီရောင် တိုက်ပုံ၊ အတွင်း၌ ရှပ်အင်္ကျီအဖြူနှင့် ရှမ်းဘောင်းဘီကို ဝတ်ဆင်၍ ပန်းရောင်ခေါင်းပေါင်းကို ပေါင်းကာ အင်းတိုင်းရင်းသား အလံပုံပါရှိသော လွယ်အိတ်ကို လွယ်ကြပါသည်။ အမျိုးသမီးများမှာ ပင်နီရောင် ရင်ဖုံး၊ ရင်စေ့ အင်္ကျီနှင့် အင်းရိုးရာပတ်လည်စင်း ပါရှိသော ထဘီတို့ကို ဝတ်ဆင် ကြပါသည်။ မင်္ဂလာရှိသော အခမ်းအနားများတွင် ပတ်လည်အစင်း လေးစင်း၊ ခြောက်စင်း ပါသော ထဘီကို ဝတ်ဆင်၍ အမင်္ဂလာ အခမ်းအနားများတွင် ပတ်လည်စင်း သုံးစင်း၊ ငါးစင်း ပါသော ထဘီကို ဝတ်ဆင်ကြပါသည်။ ပွဲလမ်းသဘင် အခမ်းအနားများတွင် ပင်နီရောင် ပဝါကို ခြုံလေ့ ရှိပါသည်။ ဦးခေါင်းတွင် ဆံပင်ကို ထုံးဖွဲ့၍ ဆံထိုး၊ ပန်း စသည်တို့ဖြင့် အလှဆင်လေ့ရှိပါသည်။ အင်းသားတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အလျောက် တစ်ဆယ့်နှစ်လရာသီ ကာလပတ်လုံး ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များ ကျင်းပကြပြီး ဝါတွင်းကာလတွင် အိမ်တိုင်း၌ သင်ပုတ်ဆွမ်း ကပ်လှူလေ့ရှိကြပါသည်။ အင်းသားတို့၏ ဖောင်တော်ဦးဘုရားပွဲတော်မှာ ကမ္ဘာကျော် ဘုရားပွဲတော် ဖြစ်ပါသည်။ အင်းသားတို့သည် အင်းလေးကန်ကြီးအတွင်းရှိ ကျွန်းမျောကြီးများပေါ်၌ ခရမ်းချဉ်၊ ငရုတ်၊ ကြက်သွန် တို့ကို စိုက်ပျိုးကြပါသည်။ ငါးဖမ်းလုပ်ငန်း ကိုလည်း လုပ်ကိုင်ကြပါသည်။ လက်မှုလုပ်ငန်း အနေဖြင့် ရက်ကန်းလုပ်ငန်း၊ ကြာချည်ထုတ် လုပ်ငန်း၊ ငွေပန်းထိမ်လုပ်ငန်း၊ ဆေးလိပ်လုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ လှေစပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ကြပါသည်။ အင်းသားတို့၏ ခြေထောက်ဖြင့် လှေလှော်သည့် ဓလေ့သည် ကမ္ဘာကျော် ဓလေ့တစ်ခု ဖြစ်ပါသည်။ အင်းသားတို့၏ တူရိယာများတွင် လူ သုံးဖက်စာမျှရှိသော လံစည်၊ လွန်စည် (လွမ်းစည်) တို့မှာ ထင်ရှားလှပါသည်။ ထို့အတူအင်းသားတို့၏ လူပျို၊ အပျိုလှည့်သော “တိုက်တေး”ကဗျာများမှာလည်း လူသိများ ထင်ရှား ပါသည်။

အင်းသားတို့၏ “တိုက်တေး”ကဗျာများသည် ရှမ်းတိုင်းရင်းသားတို့၏ “ကွန်ဝေါ့ကန်” ခေါ် ကဗျာရွတ်ပွဲ၊ တောင်ရိုးတိုင်းရင်းသားတို့၏ “မှော်အေး” ဟုခေါ်သော စာဟောပွဲ၊ ဓနု တိုင်းရင်းသားတို့၏ “အနုရိုး” ခေါ် ပလီတိုက်တေးကဗျာရွတ်ပွဲ၊ ပအိုဝ်းတိုင်းရင်းသားတို့၏ “မှော်အေးပွဲ” ခေါ် ကွက်စိပ်ဟောပွဲများကဲ့သို့ပင် အင်းလေးဒေသ၌ ထင်ရှားသော တေးကဗျာ ရွတ်ဆိုပွဲ ဖြစ်ပါသည်။

အင်းသားတို့၏ တိုက်တေးရွတ်ဆိုခြင်း ဓလေ့သည် မည်သည့်ခေတ်ကာလတွင် စတင် ခဲ့သည်ကို အတိအကျ မသိရပေ။ သို့သော်လည်း ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ်တို့တွင် တိုက်တေးရွတ်ဆို ခြင်းဓလေ့သည် လွန်စွာရေပန်းစားခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီး နောက်တွင် တိုက်တေး ရွတ်ဆိုခြင်းဓလေ့များ တိမ်ကောလာခဲ့သည်။ သို့သော် ယနေ့ခေတ် ကာလတွင်မူ တိုက်တေးများကို အင်းသား လူငယ်များက ပြန်လည်ဖော်ထုတ်လာကြပါသည်။

“တိုက်တေး” ကို “ချိုးတေး” ဟုလည်း ခေါ်ပါသည်။ တိုက်တေးများသည် ကုန်းဘောင်ခေတ် တွင် ပေါ်ထွန်းခဲ့သော ကောက်စိုက်တေး၊ မောင်းထောင်းတေးနှင့် ဗုံကြီးသံတို့၏ အငွေ့အသက် များလည်း မကင်းပေ။ တိုက်တေးများ၏ ပုံသဏ္ဌာန်သည် ဒွေးချိုး၊ လေးချိုး ပုံစံ စပ်ဆိုလေ့ ရှိကြောင်း တွေ့ရပါသည်။

တိုက်တေးများသည် အင်းသူ၊ အင်းသား လူပျို၊ အပျိုတို့၏ ဘဝ၊ အတွေးအမြင်၊ စိတ်ကူး စိတ်သန်း၊ တောတောင်ရေမြေအလှ၊ ဥတုရာသီ သဘာဝ၊ ပွဲတော်များ၊နှင့် ဓလေ့ထုံးတမ်း အစဉ်အလာ များကို ဖော်ညွှန်း၍ လက်တန်း စပ်ဆိုထားသော ရင်တွင်းဖြစ် တေးကဗျာအလှ စာအလှများ ဖြစ်ပြီး အင်းသားတို့၏ လူနေမှုဘဝ ပုံရိပ်များကို ထင်ဟပ်နေပါသည်။

တိုက်တေးကဗျာများကို ရွတ်ဆိုသူများမှာ လူပျို၊ အပျိုများ ဖြစ်သောကြောင့် ၎င်းတို့၏ ရင်တွင်း သိမ်းဆည်းထားသော ဆန္ဒ သဘောထား များကို တိုက်တေးရွတ်ဆိုရင်း ဖော်ထုတ် ကြသဖြင့် ၎င်းတို့၏ အချစ်ရေး၊ အိမ်ထောင်ရေး၊ လူမှုရေးနှင့် စိတ်ကူးယဉ်ဘဝများကို သွယ်ဝိုက်၍ ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ရင်ဖွင့်ပြောဆိုကြပါသည်။

တိုက်တေးကဗျာ ရွတ်ဆိုခြင်းကို အင်းလေးဒေသ၏ ရေမြေသဘာဝအရ တစ်ဖက်အဖွဲ့က ရေပြင်ထက်တွင် လှေများဖြင့် နေရာယူ၍ တစ်ဖက် အဖွဲ့က ဘုရားရင်ပြင်၊ အိမ်ကပြင်စသည် တို့တွင် နေရာယူ၍ အချီအချ အပြန်အလှန် ရွတ်ဆိုကြပါသည်။

တိုက်တေး ရွတ်ဆိုရာတွင် အမျိုးသားတစ်ဖက်၊ အမျိုးသမီးတစ်ဖက် အပြန်အလှန် လက်တန်း ကဗျာများ စပ်၍ ရွတ်ဆိုကြရပါသည်။ တိုက်တေး သီဆိုသူ၏ နောက်တွင်လည်း အရေးမလှပါက ကူညီပေးရန် တေးကူ၊ တေးထောက်များလည်း ရှိကြပါသည်။ တစ်ခါတစ်ရံ တိုက်တေးဖွဲ့နွဲ့သူက အသံကြည်လင်ပြတ်သားမှု မရှိပါက အသံကောင်းသူ တစ်ဦးက ကိုယ်စားသီဆိုပေး ရပါသည်။ သီဆိုရမည့် တိုက်တေး များကို တိုက်တေးစာဆိုက သီဆိုမည့်သူ၏ နံဘေးမှနေ၍ ရွတ်ပေးရသည်။

တိုက်တေးကဗျာများ အပြန်အလှန် ရွတ်ဆို၍ တစ်ဖက်နှင့်တစ်ဖက် သူနိုင်ကိုယ်နိုင် အပြိုင် တိုက်သည့်ပွဲကို “တေးတိုက်ပွဲ” ဟု ခေါ်ပါသည်။ တေးတိုက်ပွဲတွင် အမျိုးသား တိုက်တေးစာဆိုဘက်မှ အမျိုးသား ပရိသတ် ရှိသကဲ့သို့ အမျိုးသမီး တိုက်တေးစာဆိုဘက်တွင်လည်း အမျိုးသမီး ပရိသတ် ရှိကြပါသည်။ တေးတိုက်ပွဲတွင် တစ်ဖက်မှ တိုက်တေးဆိုသူက စတင်၍ တိုက်တေးကဗျာ ရွတ်ဆို လိုက်သောအခါ အခြား တစ်ဖက်မှ ၎င်းတိုက်တေးနှင့် အကြောင်းအရာ ဆီလျော်မည့် တိုက်တေးကဗျာ တစ်ပုဒ်ကို လက်တန်းတုံ့ပြန် စပ်ဆိုရပါသည်။ ထိုသို့ တေးတိုက်ပွဲတွင် အပြန်အလှန် တိုက်တေးများ စပ်ဆိုကြသဖြင့် တိုက်တေးကဗျာများ များစွာ ထွက်ပေါ်လာခဲ့ပါသည်။

တိုက်တေးကဗျာများအား ဆက်စပ်လေ့လာကြည့်ပါက ဆုံတွေ့ကြပုံ၊ ချစ်ကြိုက်ကြပုံ၊ အိမ်ရာ ထူထောင်ကြပုံ၊ စားဝတ်နေရေးအတွက် လုပ်ကိုင်ကြပုံ စသည်ဖြင့် ဇာတ်လမ်းတစ်ပုဒ်သဖွယ် ဖြစ်နေသည်ကို တွေ့ရပါသည်။ ထို့ကြောင့်လည်း အချို့သော တေးတိုက်ပွဲများသည် တစ်ညတည်းနှင့် မပြီးဘဲ နှစ်ည၊ သုံးည ဆက်၍ ကျင်းပကြရသည်အထိ ဖြစ်ခဲ့သည်ဟု လေ့လာသိရှိရပါသည်။

တေးတိုက်ပွဲတွင် သူနိုင်ကိုယ်နိုင် အပြိုင်စပ်ဆိုသော တိုက်တေးကဗျာများ ဖြစ်သောကြောင့် တိုက်တေးကဗျာများကို လေ့လာကြည့်ရာတွင် အချိတ်အဆက်သဘော၊ အပြေးအလိုက်သဘော တို့က ပို၍ ကဲနေသည်ဟု ယူဆရပါသည်။ ထို့ကြောင့်လည်း အင်းလေးဒေသတွင် ၎င်းကို “ဆင်စီး၊ မြင်းလိုက်” သီဆိုကြသည်ဟု ပြောလေ့ပြောထ ရှိနေပါသည်။

တေးတိုက်ပွဲတွင် အနိုင်၊ အရှုံးမှာ တစ်ဖက်မှ သီဆိုလိုက်သော တိုက်တေးကဗျာကို အခြား တစ်ဖက်မှ အချိန်အနည်းငယ်အတွင်း ပြန်လည် ချေပ၍ သီဆိုခြင်း မပြုနိုင်ပါက အရေးနိမ့်ပါသည်။ အနိုင်ရသူနှင့် အပေါင်းအပါများ၏ ရယ်မော လှောင်ပြောင် ကျီစယ်ခြင်းကို ရှုံးနိမ့်သော ဘက်မှ ခံရပါသည်။ သို့ရာတွင် များသောအားဖြင့် တေးတိုက်ပွဲများသည် အပြိုင်အဆိုင် အနိုင်ရရေးထက် တိုက်ကြသည်က နည်းပြီး အပျော် သဘော အပြန်အလှန် တိုက်ဆိုင်ကာ လက်တန်းတိုက်တေးကဗျာများ ရွတ်ဆို ကြသည်က များပါသည်။

ရှေးအခါက အင်းလေးဒေသတွင် တေးတိုက်ပွဲများသည် ကျေးရွာတိုင်း၌ ခေတ်စားခဲ့ပါသည်။ အင်းထဲတွင် နေထိုင်သူ အများစုမှာ ရက်ကန်း လုပ်ငန်း၊ လယ်ယာကိုင်းကျွန်းလုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း၊ ရေခြံလုပ်ငန်း၊ တံငါလုပ်ငန်းတို့ဖြင့် အသက်မွေးကြရာ တိုက်တေး စာဆိုများမှာလည်း သာမန် အလုပ်သမား၊ လယ်သမား လူတန်းစားများသာ ဖြစ်ပါသည်။ ရှေးအခါက ဘုန်းတော်ကြီးကျောင်း ပညာရေးကိုသာ သင်ကြားခဲ့ကြရသူများဖြစ်ပြီး တိုက်တေးစာဆိုများသည် မြန်မာစာပေ၊ ဗုဒ္ဓစာပေ တို့ကို လေ့လာတတ်မြောက်ကြသူများ ဖြစ်သောကြောင့် ၎င်းတို့၏ လက်တန်းကဗျာဉာဏ်ကား ချီးကျူး ဖွယ်ရာ ဖြစ်ပေသည်။

တေးတိုက်ပွဲတွင် တစ်ဖက်၏ ကဗျာကို တစ်ဖက်က လက်တန်း ချက်ချင်း ပြန်လည်ချေပ တုံ့ပြန်စပ်ဆိုရသောကြောင့် အချို့သော တိုက်တေး ကဗျာများသည် ထောင့်နေခြင်း၊ မပြေပြစ်ခြင်း၊ ကာရန်မမိခြင်းတို့ကိုလည်း တွေ့နိုင်ပါသည်။ စည်း ဘောင်များ သတ်မှတ်ထားသည့် ကဗျာ အမျိုးအစား မဟုတ်ဘဲ အပျော် လက်တန်းစပ် ကဗျာများသာ ဖြစ်ကြောင်း နားလည် လက်ခံကြရမည် ဖြစ်ပါသည်။

တေးတိုက်ပွဲ စသည်နှင့် စတင်တေးတိုက်မည့်ဖက်က “တိုက်မယ်တဲ့ တိုက်မယ်” အစချီကာ တိုက်တေးကဗျာကို လက်တန်းရွတ်ဆိုရပါသည်။ တိုက်တေးကဗျာများသည် မယ်ဘွဲ့၊ မောင်ဘွဲ့၊ ချစ်မှုရေးရာများကိုသာ ဦးစားပေး စပ်ဆိုသော ကဗျာများ မဟုတ်ချေ။ ကြာပင်၊ ငါး၊ ရေခြံ လုပ်ငန်း စသော မိမိတို့၏ လုပ်ငန်းခွင်အကြောင်း၊ တောင်ဖီလာ၊ တောင်ခမောင်၊ အင်းတိမ်ချောင်း စသည့် မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင် သဘာဝတရား၊ အင်းတိမ်ဘုရားပွဲ၊ သန်းတောင်ဘုရားပွဲ၊ ဖောင်တော်ဦးဘုရားပွဲ စသည့် ပွဲတော်များအကြောင်း စသည်ဖြင့် အကြောင်းအရာ မျိုးစုံကို ထည့်သွင်း စပ်ဆိုကြသည်ကို လေ့လာ တွေ့ရှိရပါသည်။ ထို့အပြင် ဟာသရသမြောက်သော အကြောင်းအရာ များကိုလည်း စပ်ဆို ထားသည့် တိုက်တေးမျိုးကိုလည်း တွေ့ရပါသည်။ တစ်ခါတစ်ရံ စကားထာ အမေးပုစ္ဆာဆန်သော တိုက်တေး ကဗျာမျိုးလည်း တွေ့ရပါသည်။ တိုက်တေးကဗျာများကို မြန်မာစာပေ အသုံးအနှုန်းများ ဖြင့်သာ စပ်ဆိုဖွဲ့နွဲ့ကြသည်ကိုတွေ့ရပြီး ပေါရာဏ စကားလုံးများ၊ ဒေသိယ စကားလုံးများကို ပေါင်းစပ် ရေးသားထားသော တိုက်တေးအချို့ကိုလည်း တွေ့ရှိရပါသည်။

တေးတိုက်ပွဲ ကျင်းပပုံမှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ဦးစွာ တေးတိုက်မည့် နေ့ရက်၊ နေရာနှင့် ဦးဆောင်တေးတိုက်မည့် ကဗျာစာဆိုများကို သတ်မှတ်ကြရပါသည်။ ထို့နောက် တေးတိုက်ပွဲ ကျင်းပမည့် နေ့ရက်တွင် အနီးဝန်းကျင် ရွာများကပါ လာရောက်၍ နားထောင် အားပေးကြ ပါသည်။ တိုက်တေးပွဲ ကျင်းပသည့် ရွာခံများကလည်း ဧည့်ပရိသတ်များအား ကွမ်း၊ ဆေးလိပ်၊ လက်ဖက်၊ ရေနွေးကြမ်းတို့ဖြင့် ဧည့်ခံကျွေးမွေးကြပါသည်။ တစ်ခေတ်တစ်ခါက အင်းလေးဒေသရှိ တေးတိုက်ပွဲများသည် အငြိမ့်ပွဲ၊ ဇာတ်ပွဲများကဲ့သို့ ခြိမ့်ခြိမ့်သဲ စည်ကားခဲ့မည်ဟု ခန့်မှန်းနိုင်ပါသည်။

တိုက်တေးရွတ်ဆိုပွဲများကို အင်းလယ်သမားတို့ အားလပ်ချိန်ဖြစ်သော သီတင်းကျွတ်လ နှင့် တန်ဆောင်မုန်းလ၊ အင်းအလုပ်သမားတို့ အားလပ်ချိန်ဖြစ်သည့် တန်ခူးလနှင့် သီတင်းကျွတ်လ ဘာသာရေးပွဲတော်ရက်များနှင့် “အင်းတိမ်ဘုရားဆွမ်းကြီးလောင်းပွဲ”၊ “သန်းတောင် ဘုရားဆွမ်းကြီး လောင်းပွဲ” နေ့ရက်များတွင် ကျင်းပလေ့ရှိပါသည်။ တိုက်တေးပွဲများကို များသောအားဖြင့် လသာသော ညအခါ ကန်ရေပြင် ထက်၌ တစ်ဖက်နှင့်တစ်ဖက် လှေများပေါ်တွင် ကျင်းပလေ့ ရှိပါသည်။

အင်းလေးဒေသတွင် နေအိမ်တစ်လုံး ဆောက်လုပ်ပါက အင်းသူ၊ အင်းသား လူငယ်များ အားလုံးက ဝိုင်းဝန်းကူညီ တည်ဆောက်ကြပြီး ဆောက်လုပ်ပြီးစီးပါက နေအိမ်၏ တလင်းပြင် တွင် ပျော်ပွဲရွှင်ပွဲ အောင်ပွဲ အနေဖြင့် တိုက်တေးပွဲ ကျင်းပသည့် ဓလေ့လည်းရှိပါသည်။

တိုက်တေးပွဲများ တိမ်ကောသွားရခြင်းမှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ကိုလိုနီ ခေတ်တွင် ပြဇာတ်စာပေများ ထွန်းကားလာရာ ယင်းစာပေများသည် အင်းလေးဒေသသို့ ပျံ့နှံ့ရောက်ရှိ လာခြင်း၊ ဓာတ်စက်များ ပေါ်ထွန်းလာပြီး ဓာတ်စက်ယဉ်ကျေးမှုများ ထိုးဖောက် လာခြင်းကြောင့် ရိုးရာ ဓလေ့ဖြစ်သော တေးတိုက်ပွဲများနှင့် တိုက်တေးကဗျာများ တစ်စတစ်စ မှေးမှိန် ကွယ်ပျောက်ခဲ့ရပါသည်။

စာရေးသူအနေဖြင့် တိုက်တေးကဗျာများ ကွင်းဆင်းသုတေသန ပြုလုပ်ခြင်းကို ၂၀၁၈ ခုနှစ်တွင် အင်းလေးကန်အတွင်းရှိ တိုက်တေး အဖွဲ့များနှင့် အင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းတို့ထံ လေ့လာ မေးမြန်း၍ တိုက်တေးကဗျာ ၇၅ ပုဒ်ကို စုဆောင်းနိုင်ခဲ့ပါသည်။ ယင်းတို့အနက် ကရဝိက်ကျူးသံ တိုက်တေးအဖွဲ့ထံမှ မှတ်တမ်းတင်ခဲ့သော တိုက်တေးအချို့ကို ကောက်နှုတ် ဖော်ပြလိုပါသည် –

ဖ           တိုက်မယ်တဲ့ တိုက်မယ်

              ယောက္ခမ လှေဦးဆိုး (စွန်း) ကျိုးအောင်တိုက်မယ် (တိုက်ပါမယ် မောင်ငယ်က ပျော်မဆုံး)၂ ယောက္ခမအိမ် လှေဦးဆိုး (စွန်း) မကြီးရယ် ကျိုးအောင်တိုက်ဦး။

ဖွား        တိုက်မယ်တဲ့ တိုက်မယ်

              ရွာလယ်မှာ ဖျာဖြူခင်း လင်းအောင်တိုက်မယ် (တိုက်ပါမယ် မိငယ်မို့ ပျော်မဆုံး)၂

              ရွာလယ်မှာ ဖျာဖြူခင်း မောင်ကြီးရယ် လင်းအောင်တိုက်ဦး။

ဖ           (ချစ်သူကို နောက်မှာထားပါလို့ မောင်တို့နား ပျိုလေးဟန် လေးမယ်တို့ဉာဏ်)၂

              (အတန်တန် ပိုလျှံတဲ့စကား)၂ ဒီမောင်ကို အယုံကျူးအောင် မကြီးရယ် ရူးအောင်လို့လား။

ဖွား        (အပျိုဆို အပျိုဆုံး တစ်ကိုယ်လုံးပျိုပါတယ် ဖုန်းမောင်ကြီးရယ်)၂

              (ပျိုပါတယ် တစ်ကယ်မို့မယ်က)၂ မယုံရင် ရွှေစာကျမ်းကိုလ မောင်ကြီးရယ် ထမ်းပြမယ်ပါ့။

ဖ           (အပင်ရယ် ဧရာကြီး အသီးရယ် ဆူးမပါ မေးတဲ့ပုစ္ဆာ)၂              

              (သည်ပုစ္ဆာ ဖြေနိုင်ရင်ဖြေကြ)၂ ရွှေတစ်ရာ ငွေတစ်သောင်း လောင်းမယ်ခုည။

ဖွား        (အပင်ရယ် ဧရာကြီး အသီးရယ် ဆူးမပါ မေးတဲ့ပုစ္ဆာ)၂              

              (သည်ပုစ္ဆာ ဖြေပါတယ်မယ်က)၂ အခက်တွေ ရေမှာဝဲ ကြီးတဲ့ရေမည်း။

ဖ           (သည်မောင်ကို ရမလားလို့ တစ်ညများ တစ်ခါနှစ်ခါ လူးတဲ့နံ့သာ)၂

              (မောင်မလာ နံ့သာကရှုံး)၂ မယ့်ပါးပြင် နံ့သာစက်ကိုလ မကြီးရယ် ညည်းရှက်ပါဦး။

ဖွား        (သည်မယ်ကို ရမလားလို့ တစ်ညများ တစ်ထည်နှစ်ထည် လဲလှယ်လို့နေ)၂

              (လဲလို့သာနေ မယ့်ကိုလေရဘဲ)၂ ရွှေအင်းတိမ်ကန်တော်ပွဲမှာ မောင်ကြီးရယ် ကျွေးတွေကဝဲ။

ဖွား        ခုနစ်စင် ကြယ်ပြောင်ကြီး အမြီးရယ်တဲ့ ထောင်လေပြီ (လင်းကြက်ကယ်ချီ)၂

              (ရောင်နီရယ်လာပေါ့)၂ မင်းနားနေ လူပေါ်ကျော့တွေရယ် ဆင်းလို့ပြန်တော့။

ဖ           ခုနစ်စင် ကြယ်ပြောင်ကြီး အမြီးရယ်တဲ့ ထောင်လေပြီ (လင်းကြက်ကယ်ချီ)၂

              (ရောင်နီရယ်လာပေါ့)၂ မင်းနားနေ လူပေါ်ကျော့ကို (ခုညပြီးခါ နောက်တစ်ညကို)၂

              မကြီးရယ် တောင့်တချီဦး။

လူမျိုးတစ်မျိုး၏ စာပေကို မြန်နိုးတန်ဖိုးထား ထိန်းသိမ်းခြင်း ဆိုသည်မှာ စက္ကူပေါ်တွင် ရေးချ ထားခဲ့ခြင်း မဟုတ်ပေ။ ဘိုးဘေးစဉ်ဆက် သားမြေးမြစ်တိုင် နှုတ်တိုက် လက်ဆင့်ကမ်းလာသော စာပေ များသာ ဖြစ်ပါသည်။ ယင်းတို့တွင် လူထုတေးသံ အမျိုးအစား၌ ပါဝင်သော လူထုကဗျာများသည် ထိပ်ဆုံးက ဖြစ်ပါသည်။ လူထုကဗျာများကို ကိုလိုနီခေတ်တွင် မြန်မာပြည်မင်းကြီးစတူးဝဒ်၊ အမျိုးသား ပညာဝန် ဦးဖိုးလတ်၊ ဦးလူကလေးနှင့် ဦးခင်ဇော်တို့က စုဆောင်းခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီးနောက် တွင် အထက်မြန်မာပြည်စာရေးဆရာအသင်း၊ တက္ကသိုလ်မြန်မာစာဌာနများ စသည်တို့က စုဆောင်းခဲ့ရာ တိုက်တေးကဗျာများကို မောင်တင်မြိုင် (အင်းလေး) က စုဆောင်းခဲ့သည်ဟု လေ့လာသိရှိရပါသည်။

တေးတိုက်ပွဲတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တိုက်တေးကဗျာများ ရွတ်ဆိုနေကြပုံ (credit: author)

၂၀၁၈ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် “လရောင်ဖြာတဲ့ အင်းလေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးတွင် တိုက်တေးကို ဇာတ်ဝင်တေးအဖြစ် ပြန်လည် ဖော်ထုတ် သီဆိုခဲ့ရာ ယနေ့ခေတ် လူငယ်များကြားတွင် အင်းသားတို့၏ တိုက်တေးကဗျာများမှာ ပြန်လည်နိုးကြား သိရှိလာခဲ့သည်ကို တွေ့ရပါသည်။ ထို့အပြင် အင်းအမျိုးသားနေ့ အခမ်းအနားများတွင်လည်း တိုက်တေး ပြိုင်ပွဲ များကို ထည့်သွင်းကျင်းပပေးခြင်းဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေကို လက်ဆင့်ကမ်း ထိန်းသိမ်း ထားကြသည်မှာ ဂုဏ်ယူလေးစားဖွယ် ဖြစ်ပါသည်။

ကျမ်းကိုးစာရင်း

၁။          မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊                      တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ (ရှမ်း)

              ပါတီစည်းရုံးရေးဗဟိုကော်မတီဌာနချုပ်                        

၂။           အမတ်ချုပ်၊ ငြိမ်း၊ ဦး                                                    ညောင်ရွှေမြို့ရာဇဝင်ချုပ်

၃။          မုံရွာ၊ မောင်မောင်ချစ်ဦး                                                အင်းဆားရဲ့ အင်းလေး

၄။          (အင်းလေး) တင်မြိုင်၊ မောင်                                         အင်းလေးတိုက်တေးကဗျာများ

တွေ့ဆုံမေးမြန်းမှု

၁။          ကရဝိတ်ကျူးသံ တိုက်တေးအဖွဲ့

၂။           သပြေပင်ကျေးရွာ တိုက်တေးအဖွဲ့

၃။          စကားအင်း တိုက်တေးအဖွဲ့

၄။          ရွှေအင်းတိမ် တိုက်တေးအဖွဲ့

၅။          အင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့

၆။          ဖသောင်းရွှေ၊ အသက် ၇၀ နှစ်၊ ဥက္ကဋ္ဌ၊ အင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ညောင်ရွှေမြို့

၇။          ဖဖူးဆား၊ အသက် ၆၅ နှစ်၊ ကရဝိက်ကျူးသံ တိုက်တေးအဖွဲ့၊ ညောင်ရွှေမြို့

၈။          မယ်သီရိ၊ အသက် ၅၀ နှစ်၊ ရွှေအင်းတိမ် တိုက်တေးအဖွဲ့၊ အင်းတိမ်ရွာ

၉။          အယ်ဆက်နိုင်၊ အသက် ၃၀ နှစ်၊ စကားအင်း တိုက်တေးအဖွဲ့၊ စကားအင်းရွာ

Click to rate this post!
[Total: 1 Average: 1]