The Corner

The Corner

cropped-Logo_round_grey-background.png

ကမ်းမမြင် လမ်းမမြင်

Share မယ်

“ပြောရမှာတော့ အားနာပါတယ် သားရယ်၊ တကယ်တော့ မျိုးရိုးဗီဇဆိုတာ ဘယ်လိုမှပြုပြင်ပြောင်းလဲလို့ မရဘူး မဟုတ်လား၊ သားရဲ့ ကံကြမ္မာကလည်း လူ့ဘဝ ရောက်လာကတည်းက ပြင်မရတဲ့ အမှားတစ်ခုကို ကျူးလွန်မိလျက်သား ဖြစ်သွားတာကိုး၊ သားရဲ့ အပြစ်လို့တော့ မဆိုနိုင်ဘူးပေါ့၊ ဒါပေမဲ့ သားအတွက်က မပြေးသော်ကံရာရှိဆိုတာလို ဖြစ်နေတယ်လေ”

ကျောင်းအမကြီး၏ စကားသံက ကြမ်းတမ်းခက်ထန်မှု မရှိသော်လည်း စိမ်းဆတ်ခါးသီးစွာ ကြားလိုက် ရသည်။ တကယ်တော့ မောင်ဖြိုးဝေ လာတွေ့တာက ကျောင်းအမကြီးမဟုတ်။ ခါတိုင်းဆို “သမီးရေ.. မောင်ဖြိုးဝေ လာတယ်ဟေ့” ဆိုပြီး အလိုက်သိသိ ဧည့်ခန်းမှ ထွက်သွားနေကျ။  ခုတော့  သူနားမလည်သော ဘာသာစကားကို ရေရွတ်ပြောဆိုသလိုမျိုး ကြားနေရသည်။ လုံးစေ့ပတ်စေ့ နားမလည်သော်လည်း “ကျောင်းအမ ကြီး၏ စကားနောက်ဆွယ်တွင် ကံကြမ္မာ အရိပ်မည်းကြီးသည် ထက်ကြပ်မကွာ ကပ်၍ ပါလာပြီ” ဟု တွက်လိုက်မိ သည်။

“ဒေါ်ဒေါ်ပြောတာ ကျွန်တော် နားမလည်ဘူး၊ ဘာကိုဆိုလိုတာလဲ ဒေါ်ဒေါ် “

ကျောင်းအမကြီး၏ သက်ပြင်းခပ်လေးလေးချလိုက်သံက သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားစေ သည်။ သေချာပါပြီ။ သူမသိ သေးသော နောင် သူသိလာနိုင်မည့် အကြောင်းအချက်သည် ကောင်းဖို့ ထက် ဆိုးဖို့ သေချာသွားပြီ။ ဆိုးတာမှ နည်းနည်းနောနော ဟုတ်မည် မထင်။ သဘောမနောကောင်းမွန်ပြီး အေးဆေး တည်ငြိမ် သည့် ကျောင်းအမကြီး၏စိတ်ကို ကယောက်ကယက်ဖြစ်လောက်အောင် သူနှင့် ပတ်သက်သောပြဿနာ ကြီးကြီးမားမားက အနှောင့်အယှက်ပေးလိုက်ဟန်တူသည်။

“ဆရာတော်ကြီးကို သားလျှောက်ထားဖို့ ကောင်းတယ်၊ဒေါ်ဒေါ်တော့ မပြောလည်းမပြောရက်သလို ပြောလို့လည်းမထွက်ပါဘူး သားရယ်”

ကျောင်းအမကြီးက တစ်ခွန်းထက် နှစ်ခွန်းဆိုမည်မဟုတ်။ သူ့အနေနှင့် သည်အတိုင်း ငုတ်တုတ် ထိုင်နေမည့်အစား ထ၍ပြန်ဖို့ သင့်သည်။

“ဥထွေးကော ဒေါ်ဒေါ်”

အလိုက်သိသိ ထမပြန်ဘဲ မသိသားဆိုးရွားစွာ မေးလိုက်မိပြန်သည်။ ဥဥတွေး မျက်နှာလေးကို မြင်လိုက် ရလျှင် သူ့ရင်ထဲက ဝေဒနာတွေ တစ်စမကျန် ပျောက်ကွယ်သွားမည်ကို သူသိနေသည်။ ဟော …ခုတော့ သူ သိလိုက်ပြီ။ သမီးအကြောင်း မေးတော့မှ ကျောင်းအမကြီးက လျှာရှည်ရန်ကော၊ အေးအေးဆေးဆေး ပြန်တာ မဟုတ်ဘူး၊  နှင်လို့နှင်မှန်းမသိ၊ မေးသင့် မမေးသင့် ချင့်ချိန်ဖို့ကောင်းတယ် ဟူသော အဓိပ္ပာယ် တစ်ထွေးကြီး ကောက်ယူနိုင်သည့် မလိုလားဟန် အကြည့်ကို မြင်တွေ့လိုက်ရသည်။ သူရောက်စဉ် ဆီးကြိုပုံ ကလည်း စကားစိမ်း၊ ယခု မြင်ရပြန်တော့လည်း အကြည့်စိမ်း၊ ရက်စက်လိုက်တာ။ စကားစိမ်းထက်  အကြည့်စိမ်း က သူ့ရင်ကိုပို၍နှိပ်စက်သည်။  ပို၍ ထိခိုက် ခံစားရသည်။

“ကျွန်တော် ပြန်ပါတော့မယ် ဒေါ်ဒေါ်၊ ဥထွေးကိုလည်း နှုတ်ဆက်ခဲ့တယ်လို့ ပြောပြလိုက်ပါ”

အကြည့်စိမ်းကို  ရင်မဆိုင်ဝံ့သော  ပျော့ညံ့စိတ်ဖြင့် ထ၍ ပြန်ခဲ့သည်။ ကျောင်းအမကြီးထံမှ ဘာစကားသံမျှ မကြားရ။ ကျောင်းအမကြီး မျက်နှာ နောက်တစ်ကြိမ် ပြန်မကြည့်ရဲတော့ပါ။ အကြည့်စိမ်းက အသွင်ပြောင်းချင် ပြောင်းနေပါလိမ့်မည်။ သို့ရာတွင် မည်သည့်အကြည့်ကိုမျှ ခံယူနိုင်စွမ်း မရှိတော့ပါ။ မလှမ်းချင်လှမ်းချင်  ခြေလှမ်း များဖြင့်  ဆရာတော်ဘဘဘုန်းဘုန်း၏ ကျောင်းတော်ဆီသို့ ပြန်လာခဲ့သည်။

အပြန်လမ်းတွင် လေညင်းနှင့်အတူ ပျံ့သင်းလာသော ပန်းကလေးတွေ၏ ရနံ့လည်း မမွှေးတော့ပါလား။ ဆောင်းညနေခင်းနှင့်အတူ ဝဲပျံလာသော ငွေနှင်းလေးတွေလည်း မအေးတော့ပါလား၊ ယခုတိုင်ပင် ပျော့ပျောင်း ချိုသာမှုနှင့် လိုက်ဖက်ခြင်း မရှိသော   စိမ်းဆတ်ခါးသီးမှု စကားသံတို့   ပူပြင်းလောင်မြိုက်စွာ   နားလျှံအောင် ကြားနေရဆဲ။

**********************

“၁၀ တန်းကို သုံးဘာသာဂုဏ်ထူးနဲ့ အောင်တဲ့ လူလေးအတွက်အတော် နေရာကျသွားတယ်၊ ကျောင်းအမကြီးရဲ့၊  ခုလို ရန်ကုန်နဲ့ နီးနီးနားနားမှာ ကျောင်းထိုင်ရမယ်လို့ ဘုန်းကြီး အိပ်မက်တောင် မမက်ဖူးဘူးကွယ်”

“တင်ပါဘုရား၊ တပည့်တော်မရဲ့ ကျေးဇူးရှင် ခင်ပွန်းရဲ့ဆန္ဒကို ဖြည့်စွမ်းတဲ့အနေနဲ့ သူပိုင်ဆိုင်ခဲ့တဲ့ မြေကွက်ကို ကျောင်းဆောက်ပြီး လှူခွင့် ရတာကိုက တပည့်တော်မ ကျေနပ်လှပါပြီဘုရား၊ ကိုဘချောသာ သက်ရှိထင်ရှား ရှိဦးမယ်ဆိုရင်လည်း   တပည့်တော်မနဲ့   ထပ်တူထပ်မျှ ဝမ်းသာမှာပါ၊  ကိုဘချော ရေ အမျှ… အမျှ အမျှ၊   ကိုဘချောဆန္ဒကို   အပြည့်အဝ   ဖြည့်စွမ်းလိုက်နိုင်ပြီ သွားလေသူကြီးရဲ့၊ သာဓု ခေါ်လှည့် ပါဦးလား”

ဝမ်းသာ၍ ကျသည်လား၊ ဝမ်းနည်း၍ ကျသည်လားတော့ ကာယကံရှင်ပင် ခွဲခြားနိုင်စွမ်း ရှိမည်မထင်သော မျက်ရည်များဖြင့် ကျောင်းအမကြီးက ဆရာတော်အား လျှောက်ထားသည်။ သူကတော့ ဆရာတော်နည်းတူ တုံဏှိ ဘာဝေ ဆိတ်ဆိတ်နေလိုက်သည်။

 “ကိုဘချောက  မသေခင်မှာသွားတာဘုရား၊  ဆရာတော်ကို သူ တာဝန်ကျတဲ့ ရှမ်းပြည်နယ်က ရွာတစ်ရွာမှာ တွေ့ခဲ့တာတဲ့၊ ဆရာတော်ရဲ့ အကျင့်သီလ သိက္ခာသမာဓိကို အတော်ကြီး ကြည်ညိုတာ၊ အဖျားရောဂါအသည်း အသန်ဖြစ်ပြီး သတိမလစ်တစ်ချက် လစ်တစ်ချက်  ဖြစ်နေချိန်မှာကို ကျောင်းဆောက်လှူဖို့မှာတုန်း “

ကျောင်းအမကြီး အလွမ်းသယ်ပုံက သရုပ်ဆောင်ကောင်းသော နောက်ပိုင်းမင်းသမီးကြီး၏ အဆိုအငို အပြော ဇာတ်လမ်းကို ဆုံးခန်းတိုင် တစိမ့်စိမ့် ကြည့်ရှုနေရသော ပွဲကြည့်သူ၏   စုတ်တသပ်သပ်  ဝေဒနာရသမျိုး  ထိရှစွာ ခံစားရသည်။ ကျောင်းအမကြီး၏ ခင်ပွန်းလင် ဦးဘချောဆိုသူကို သူကောင်းစွာ သိကျွမ်းပါသည်။ ရှမ်းပြည်နယ်က ဘဘဘုန်းဘုန်း၏ တောရကျောင်းလေးသို့ မကြာမကြာ လာတတ်သည်။ ဦးဘချောလာတိုင်း ဘဘဘုန်းဘုန်း အတွက် လှူဖွယ်ဝတ္ထုများနှင့်အတူ သူ့အတွက် စာအုပ်စာတမ်းများ ပါလာလေ့ရှိသည်။ ဘဘဘုန်းဘုန်းက လှူဖွယ်ဝတ္ထုများထက်  သူ့အတွက်ပါလာသော စာအုပ်စာတမ်းများကို ပို၍စိတ်ဝင်စားသည်။ ဘဘ ဘုန်းဘုန်း၏ သူ့အပေါ် ထားရှိသော စေတနာသည် တော်ရုံတန်ရုံမဟုတ်။ ဖခင်အရင်း ခေါက်ခေါက်ထက် မသာဘူးဟု ဆိုစေဦး၊ မလျော့ဘူး ဟုဆိုရပါမည်။ ဒါကလည်း အဖေ အရင်းခေါက်ခေါက်တို့ အမေအရင်းခေါက်ခေါက်တို့ ဆိုတာက ဘဘဘုန်းဘုန်း၏ ပြောစကားအရသာ လွမ်းရသည်။ မြင်တွေ့ဖို့ဆိုတာက မလွယ်ရေးချမလွယ်။

 “ပလောင်မကြီးက ပလိုင်းထဲထည့်ပြီး လွယ်လာတာ၊ ကလေးလေးတစ်ယောက် ကားလမ်းဘေးက ကောက်ရလာလို့တဲ့၊ ဘုန်းဘုန်းက သားရဲ့ လသားမျက်နှာလေးမြင်ပြီး သံယောဇဉ်ဖြစ်တာနဲ့ ကျောင်းက ကပ္ပိယ လင်မယားကို မွေးစားခိုင်းလိုက်တာ၊ ခ မျာများလည်း သားကို တစ်နှစ်သား၊ နှစ်နှစ်သားအထိပဲ ပြုစုနိုင်ရှာတယ်၊  ငှက်ဖျားနှိပ်စက်လို့  ကွယ်လွန်သွားရှာတယ်”

သူ့အတ္ထုပ္ပတ္တိ ကျိုးတိုးကျဲတဲက ဘာတစ်ခုမျှ မပြည့်စုံ။ ဘုန်းဘုန်းကလည်း သည်အဓိပ္ပာယ်ထက် ကျယ်ဝန်း ကြွယ်ဝသော စကားကို မမိန့်ကြား။ သူ ခန့်မှန်းမိသမျှကတော့ သူ့ကို ခိုက်သောသားမို့ မွေးစားမည့်သူ မရှိဘဲ ဘုန်းကြီးကျောင်းသို့ လာရောက် စွန့်ပစ်ထားခြင်း ခံရသည်ဟု ဆက်စပ် တွေးမိသည်။

သူစာသင်ရမည့်  အရွယ်ရောက်တော့ ဘဘဘုန်းဘုန်း  အဆက်အသွယ်ဖြင့် စာသင်ကျောင်းရှိသော မြို့ငယ်လေး၏ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ရသည်။ စာပေသင်ကြားခွင့် ရခဲ့သည်။ သူ့ဘဝ တစ်လျှောက်လုံး မိခင်ဖခင်အစား သာသနာ့ဝန်ထမ်း ရဟန်းသံဃာများကိုသာ မှီခိုခဲ့ရသည်။ ဘာသာတရား၏ အဆုံးအမသြဝါဒ များဖြင့် သူ ကြီးပြင်းခဲ့ရသည်။ ကံကြမ္မာမတော်သော်လည်း စာတော်သောသူ့ကို အားလုံးက ချစ်ခင်ကြသည်။ လိမ္မာယဉ်ကျေးပြီး ရိုးသားကြိုးစားသော သူ၏ ဂုဏ်ရည်ကြောင့် ကျောင်းနေပျော်၍ စာတော်ခြင်းလည်း ဖြစ်နိုင် ပါသည်။ သူ ၁၀တန်းကို နယ်ကျောင်းလေးတွင် ပြောစမှတ် ပြုလောက်အောင် ထူးထူးချွန်ချွန် အောင်မြင်ခဲ့သည်။ သူ သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်သည်ကို တစ်မြို့လုံး၊ တစ်နယ်လုံးက ချီးကျူးကြသည်။

ပုံပြင်ဆန်သော သူ့ဘဝဇာတ်လမ်းသည် ကောင်းခန်းသို့ ရောက်လာသည်။

********************

“ဖေဖေ့ဆန္ဒ ပြည့်ဝအောင် ကောင်းမှုကုသိုလ် ပြုပြီးပြီပဲ မေမေရယ်၊ ဘာဖြစ်လို့ ငိုနေရတာလဲ”

ကျောင်းအမကြီး၏ လွမ်းခန်းတွင် လွင့်မျှောအာရုံစိုက်နေ၍  ကျောင်းအမကြီး၏ သမီးကို အမှုမဲ့အမှတ်မဲ့ သတိမမူမိခဲ့။ သတိမမူမိသော စက္ကန့်များ၊ မိနစ်များကို နှမြောလိုက်တာ။ အလှပြင်စရာ မလိုသော  ရွှန်းပ ပျိုမျစ် ခြင်းများက ချစ်ခြင်းကို ဖိတ်ခေါ်သည်။  သံယောဇဉ်ကို ကမ်းလှမ်းသည်။  သမုဒယကို အကျွမ်းဝင်စေသည်။ ကျောင်းအမကြီး၏ သောကနှင့် ကျောင်းအမ သမီး၏ အချောအလှသည် ခံစားသမျှ ရသချင်း အရှေ့နှင့်အနောက် တောင်နှင့်မြောက်လို အတော်လေး ကွာဝေးဆန့်ကျင်သည်။

ကျောင်းအမကြီးနှင့်  စပ်လျဉ်းသော  ပူပြင်းလောင်မြိုက်မှုများမှာ ကျောင်းအမသမီးနှင့် ပတ်သက်လာ သောအခါ အေးမြချမ်းမြေ့မှုကို နှစ်နှစ်ခြိုက်ခြိုက် ပွေ့ပိုက်ခံစားခွင့် ရရှိလာသည်။ ဘဘဘုန်းဘုန်းနှင့် သူ့အတွက် လှူဒါန်းသော ကုသိုလ်အမှုကို အားမျှမနာ။ ဒါတော့ အပြစ် ပြော၍ မရ။ ကျောင်းအမကြီး၏ သောကကို မေ့လောက်အောင် ကျောင်းအမသမီး၏ အချောအလှက လွှမ်းမိုးသည်။ သြချ ယူရ လောက်သည်။ အရေးထဲ သူ့စိတ်ကူးစိတ်သန်းတွေက ကဗျာဆန်ချင်သေး။

သွားစမ်းပါ။ စိတ်ကူးမယဉ်ချင်စမ်းပါနဲ့။ ကျောင်းအမ သမီးနှင့် သူ့ဘဝ အကွာအဝေးသည် သူနေထိုင် ကြီးပြင်းခဲ့သော ရှမ်းပြည်နယ်မှ တောရကျောင်းနှင့် ရန်ကုန်ထက်ပင် ခရီးယူဇနာ ပို၍ ကွာ‌ဝေးမည် ထင်သည်။ မဖြစ်နိုင်တာ စိတ်ကူးယဉ်ခြင်းသည် ဒုက္ခကို လက်ယပ် ခေါ်ခြင်းပဲ ဖြစ်လိမ့်မည်။ မကြည့်နဲ့၊ ကောင်မလေးကို မကြည့်နဲ့။ သတိဖြင့် သူ မျက်နှာလွှဲလိုက်သည်။ စိတ်ကူးထဲမှာ ကောင်မလေး ပုံရိပ်က ရွှန်းပ ပျိုမျစ်စွာ ချစ်ခြင်းကို ဖိတ်ခေါ်လာပြန်သည်။ ဘဘဘုန်းဘုန်း မကြာမကြာ ဟောဖူးသော သမုဒယ တဏှာဆိုတာ ဒါပဲ ထင်ပါရဲ့။ တဏှာကို ပယ်သတ်ဖို့ တရားထဲမှာပါသည်။ သူ့နားထဲမှာတော့ မပါ။ ချစ်စွာသော စွဲလမ်းတပ်မက်မှုများကို တယုတယ ရင်ခွင်ပိုက်ထား ချင်သည်။

“အစ်ကိုက ဂုဏ်ထူးသုံးဘာသာပါတယ်ဆို၊ ဘယ်ဘာသာတွေလဲ”

ကဲ… ဒါကတော့သူ့အပြစ် မဟုတ်ပါဘူးနော်။ ကောင်မလေးက မေးလို့ သူပြောရမှာ။ သူက သိပ်ပြော ချင်တာ မဟုတ်ဘူး။ သူ့ရင်ထဲက စကားလုံးတွေ၊ စကားလုံးတွေ သူ့ပါးစပ်ပေါက်ရှိရာ အလုအယက် တိုးဝှေ့၍ လာနေသည် ဟု ထင်ရသည်။ စကာလုံးတွေ သောင်းကျန်း လိုက်ပုံက သူ့လည်ချောင်းတစ်ခုလုံး ဗြောင်းဆန်သွားသည်။

 “သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ “

ဟော…ပြောချင်တာက များများ၊ ပြောလိုက်တာက နည်းနည်း၊ ဖွယ်ဖွယ်ရာရာ မဖြစ်လိုက်တာ။

“ဟယ်…အတော်ပဲ၊ သမီးက သင်္ချာ သိပ်ညံ့တာ၊ အစ်ကို သမီးကို သင်္ချာသင်ပေးနော်”

ဒုက္ခပါပဲ။ ဒုက္ခတွေကတော့ အုံနှင့်ကျင်းနှင့် လာချေပြီ။ မနီးစပ်ချင်ပါဘူးဆိုမှ  နီးကပ်၍လာနေပြီ။  ကျောင်းအမကြီးကတော့  သူ့လို ကလေကချေ ဘုန်းကြီးကျောင်း ကပ်နေရသည့် ကောင်လေးကို တစ်တန်းတစ်စားတည်း သဘောထားမည် မထင်။ မထားတာဘဲ ကောင်းပါသည်။ ဝေးရမည့်အတူတူ ခပ်ဝေးဝေးက နေရတာပဲ ကောင်းပါသည်။

“သမီးဖေဖေကလည်း  ဆရာတော်ရဲ့  သားတပည့်ကို သိပ်ချစ်တာ၊ လိမ္မာရေးခြားလည်း ရှိတယ်၊  စာလည်းတော်တယ်၊ ရည်ရည်မွန်မွန်လေး၊ ထူးချွန်မယ့် ကလေးလို့ အမြဲပြောတယ်”

ကဲ…သားအဓိကတော့ အတိုင်အဖောက်ကို ညီလို့ပါလား။ မိမဲ့ ဖမဲ့၊ ဆွေမဲ့မျိုးမဲ့ ၊လူကြားသူကြား မတိုးရဲသော သူ၏ အမြုံစိတ်ကြောင့် အားတင်းနေဆဲမှာပင်အားငယ်စိတ်က ဝင်လာမြဲ။ လူချင်းတူတူ သူချင်းမျှမျှ နေထိုင်ရ သည်ဟု မမှတ်။ ဟာနေသော ကွက်လပ်ကြီးကို ဘယ်သူတွေက ဘယ်လောက်ပဲ ဖြည့်ဖြည့် မပြည့်နိုင်ဟု ခံစားမိ သည်။ ငတ်မွတ်ခေါင်းပါးလှစွာသော မိဘမေတ္တာ။ ဘယ်သောအခါမျှ သောက်ခွင့်ရမည် မဟုတ်သော မိဘမေတ္တာ ရေကြည် တစ်ပေါက်။

“သမီးကို စာသင်ရမှာစိုးလို့ စိတ်ပျက်သွားတာလား၊  ဒီလောက် ဖြစ်နေလည်း မသင်ခိုင်းပါဘူးနော်”

 “ဟဲ့…… သမီး ဘယ်လို ပြောလိုက်တာလဲ”

ကောင်မလေး၏ ငြူစုမှုက သူ၏ငူတူတူ ငေါင်တောင်တောင် နေတာတွေ ကိုယူပစ်လိုက်သလို ပျောက်ကွယ် သွားစေသည်။

“ဟာ… မဟုတ်ပါဘူး၊ ကျွန်တော်စိတ်အဝင်စားဆုံး ဘာသာရပ်က သင်္ချာပါ၊ ဒါကြောင့်လည်း  သင်္ချာမှာ အမှတ်ပြည့်နဲ့   ဂုဏ်ထူးထွက်ခဲ့တယ်၊ သင်္ချာသင်ရလို့ကတော့ ထမင်းမေ့ ဟင်းမေ့ပဲ”

“အံမယ်.. ထမင်း မကျွေးဘဲ စာသင်မခိုင်းပါဘူးနော်၊ စိတ်ချ ထမင်းကောင်း ဟင်းကောင်းလည်းချက်ကျွေးမယ်၊ သင်္ချာသာ ကောင်းကောင်း သင်ပေး”

နေရင်းထိုင်ရင်း ကောင်မလေးက သူ့ကိုကျူရှင်ဆရာ ခန့်သည်။ ဪ.. မကြည့်ချင်ပါဘူးဆိုမှ  မြင်နေလျက်သား ပါလားနော်။

*************************

“ကိုဝေနော်..အရင်လို မဟုတ်တော့ဘူး၊ အချိုးတော်တော် ပြောင်းနော်”

တစ်ဦးတည်းသော သမီးမို့ထင်သည်။  ဆိုးပိုင်ခွင့်၊ နွဲ့ပိုင်ခွင့် ဟူသမျှကို တစ်ဦးတည်း  လိုင်စင်ယူထားသလား အောက်မေ့ရသည်။  ကောင်မလေး အလိုကျအတိုင်း  သူနေထိုင်ရသည်။ ကောင်မလေး ဘာကြိုက်ကြိုက် သူလိုက် ကြိုက်ရသည်။  ကောင်မလေး ဘာကောင်းကောင်း  သူလိုက်ကောင်းရသည်။

“ဘာများဖြစ်နေလို့လဲ ဥထွေးရယ်၊ ကိုဝေ ဘုန်းကြီးကျောင်းသား စတိုင်အတိုင်း ပြန်နေပြရမလား”

တောနေ တောစရိုက်တွေ ဥဥထွေးကို သင်္ချာပြသည့်နေ့ကစပြီး အာလုံးပြင်ဆင်လာရသည်။ ဒါကလည်း   ဥဥထွေးအစီအစဉ်။  ဘောင်းဘီဆို၍ ရှမ်းဘောင်းဘီ ပွပွသာ ဝတ်လေ့ဝတ်ထရှိသော သူ့ကို ဂျင်းဘောင်းဘီတွေ အမျိုးမျိုးဝတ်စေသည်။  “ဟာ..ဘာမှဝယ်မပေးပါနဲ့ ကျွန်တော့်မှာ ရှမ်းဘောင်းဘီ၊ ပင်နီအကောင်းစားတွေ  ရှိပါတယ်” ဟု အတန်တန်တားသော်လည်းမရ။

 “ကိုဝေက  သင်္ချာကို  မနားမနေ သင်ကြားပေးတော့  ဥထွေးကလည်း ကျေးဇူးသိတတ်ရမှာပေါ့” ဟု ပြောသည်။  ဥဥထွေး ကျေးဇူး သိတတ်မှုက အဆမတန်ကျယ်ဝန်းသည်။ ထင်တာထက် ပို၍ကောင်းသည်။ မျှော်မှန်းသည်ထက် ပို၍လွန်ကဲသည်။ သူ့အတွက် တာဝန် ကျေလိုက်ပုံက မအေရော သမီးရော ဘာမျှ ပြောစရာ မရှိ။ ကျောင်းအတွက်လည်း ဆွမ်းကွမ်း၊ ပစ္စည်းလေးပါး ဘာမျှညှိုးငယ်စရာ မရှိ။ အားလုံးပြည့်ပြည့်စုံစုံ။ သူကလည်း သိတတ်ရသည်။ ကျောင်းအမကြီး၏ အလိုကျ၊ ဥဥထွေး၏ အလိုကျ အလိုက်အထိုက် နေထိုင် ဆက်ဆံမှုဖြင့် ကျေးဇူးတုံ့ပြန်ရသည်။ ကျောင်းအမကြီးအတွက်တော့ ထူးထူးခြားခြား အားမထုတ်ရပါ။ ကျောင်းအမသမီးဥဥထွေးစိတ်တိုင်းကျ နေထိုင်ရခြင်းမှာ မလွယ်။ ခုဝါ၊ ခုပြာ၊ ခုနီနှင့် ဆိုးချင်တိုင်း ဆိုးပြ၊ နွဲ့ချင်တိုင်း နွဲ့လှသည်။

“ဘုန်းကြီးကျောင်းသား စတိုင်တွေ သွားစမ်းပါ၊  ဒါပြောတာ မဟုတ်ဘူး၊ အချိုးပြောင်းတာကို ပြောတာ”

“ကိုဝေ ဘာတွေများ အချိုးပြောင်းလို့လဲ၊  မင်္ဂလာဒုံ ဆေးတက္ကသိုလ်မှာ တက်လာတာပဲ ငါးနှစ် လောက် ရှိပြီ။ ဥထွေးတောင် သင်္ချာအဓိကနဲ့ ဘွဲ့ရပြီးပြီး  ဥထွေး မကြိုက်တာ ဘာရှိသလဲ ပြောလေ”

“ကို‌‌ဝေပြောလိုက်ရင်ဒါပဲ၊ ဥထွေးမကြိုက်တာ ပြောပါဆိုတဲ့ စကားပဲ ကြား‌နေရတယ်၊ကိုဝေ အချိုးပြောင်းနေတာ ကို‌ဝေ မသိဘူးလား”

“ဥထွေးကလည်းနော်၊ ထို‌ဝေဟာ ဟိုတုန်းက ကို‌ဝေလိုပဲ ဘာမှမပြောင်းလဲပါဘူး၊ ဥထွေး ထင်လို့ပါ”

“အထင်မဟုတ်ဘူး၊  ဥထွေး အမြင်၊  ကိုဝေ ကျောင်းကပြန်လာတိုင်း အိမ်ကို ဝင်နေကျ၊  အခု ကိုဝေ  အိမ်ကိုဝင်မလာတာ တစ်လကျော်သွားပြီ”

မင်္ဂလာဒုံ ဆေးတက္ကသိုလ်သို့သွားသော ဘတ်စ်ကားမှတ်တိုင်က ဥဥထွေးတို့ အိမ်နှင့် မဝေးလှပါ။ ကျောင်းဆင်းတိုင်း ဘုန်းကြီးကျောင်းသို့ မပြန်မီ  ဥဥထွေး၏ အိမ်သို့ ဝင်နေကျ။

“ဥထွေး ဘွဲ့ရပြီးပြီလေ၊ ဥထွေးကို သင်္ချာသင်ပေးဖို့ လိုမှမလိုအပ်တော့တာ”

 “ဪ….ကိုဝေက ဥထွေးကို သင်္ချာသင်ပေးဖို့အတွက်ပဲ အိမ်ကို လာတာပေါ့နော်၊  ဥထွေးဘွဲ့ရပြီး တော့ လာဖို့ မလိုဘူးလို့ သဘောထား လိုက်ပြီပေါ့၊  ဟုတ်မှာပေါ့လေ၊   ဆရာဝန်ဖြစ်တော့မယ့်   ကိုဝေက   ဥထွေးလို သင်္ချာနဲ့ ဘွဲ့ရတဲ့ ကောင်မလေးကို ဘယ်ဂရုစိုက်တော့မှာလဲ၊  ဂရုစိုက်ရမယ့် ချောချောလှလှ ကောင်မလေးတွေက ဆေးတက္ကသိုလ်မှာ ပေါမှပေါကိုး”

ဥဥထွေး ဘာကို အလိုမကျမှန်းခုမှ သိရတော့သည်။ ဥဥထွေး ၁၀တန်း မအောင်စဉ်က၊ ဘွဲ့မရစဉ်က ကိုယ့်စာထက် ဥဥထွေးစာကို ပို၍ ကျက်ရသည်။ ပို၍ တွက်ရသည်။ ဥဥထွေးက ဉာဏ်ကောင်းပေမယ့် စာကျက် ပျင်းသည်။ သင်္ချာ မညံ့ချင်ဘဲ ညံ့နေမှန်း သင်တော့မှ သိရသည်။ သူကပဲ အသင်အပြ တော်၍လား။ ဥဥထွေးကပဲ ပင်ကိုဉာဏ် ထက်သန်၍လားတော့ မပြောတတ်။ ၁ဝ တန်းကို သင်္ချာဂုဏ်ထူးဖြင့် အောင်သည်။ တက္ကသိုလ် တက်ခိုင်း၍ မရ။

“ကိုဝေနဲ့ သင်္ချာသင်ပြီး အပြင်က ဖြေမယ်” ဟု ဆိုးနွဲ့သည်။ သူဆိုးနွဲ့တာက အရေးမကြီး။ တက္ကသိုလ်အဆင့် နှင့် မြင့်တက်လာသော သင်္ချာ ဘာသာရပ်ကို ဥဥထွေး တတ်သိနားလည်အောင် သင်ကြားဖို့ သူအတော်ကြိုးစား ရသည်။ ဆေးတက္ကသိုလ် ပြဋ္ဌာန်းချက်များထက် ဥဥထွေး၏ အဝေးသင်တက္ကသိုလ် သင်္ချာဘာသာရပ် ပြဋ္ဌာန်းချက်များကို ပို၍ အလေးပေးခဲ့ရသည်။

 “မဟုတ်ပါဘူး ဥထွေးရယ်၊  ဆေးတက္ကသိုလ်မှာ   ဥထွေးလောက် လှတဲ့ကောင်မလေးတွေ မရှိပါဘူး”

“သူများ ကျေနပ်အောင် တော်တော်ပြောတတ်တယ်နော်။ ဥထွေးကမှ မကျေနပ်တာ”

 “ဘာဖြစ်လို့လဲ။ ကိုဝေ ညာပြောတယ် ထင်လို့လား”

” မထင်ပါဘူး။ ကိုဝေက ဘဘဘုန်းဘုန်းဆီမှာ ငါးပါးသီလ အမြဲယူရတယ် မဟုတ်လား၊ တစ်ခါ တစ်ခါ လိမ်တတ်တာကလွဲရင် မုသာဝါဒကံကို လုံခြုံအောင် ထိန်းတတ်မှန်းသိပါတယ်”

“တစ်ခါတစ်ခါ လိမ်တတ်တယ်ဆိုကတည်းက မုသာဝါဒကံ ကျိုးပေါက်ပြီပေါ့၊ ဥတွေးကို လှတယ်ပြောတာ မယုံဘူးလား”

“ကိုဝေ တစ်ခါတစ်ခါ လိမ်ပြောတာတွေထဲမှာ  အဲဒီစကားလည်းပါတယ်”

“မလိမ်ဘူး”

“ညာတယ်ပေါ့

“မညာဘူး”

“လိမ်တယ်ပေါ့”

“လိမ်လည်း မလိမ်ဘူး၊  ညာလည်း မညာဘူး၊  မလိမ်တမ်း မညာတမ်း ပြောရရင် ဥ‌ထွေးကို ချစ်တယ်”

“ဟောတော့”

စိတ်လိုက်မာန်ပါပြောလိုက်သော သူ့စကားထဲတွင် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပြောမည်ဟု ရင်ထဲအနှစ်နှစ် အလလ သိမ်းဆည်း မျိုသိပ် ထားသမျှတွေ မထိန်းနိုင်မသိမ်းနိုင်ပေါက်ကွဲသွားသည်။ မထင်မှတ်ဘဲပြောဖြစ်တာ လည်း ကောင်းပါသည်။ တစ်နေ့ ပြောရနိုး၊ တစ်ရက် ပြောရနိုးဖြင့် မျှော်ကိုးရင်း အချိန်တွေ ကြာမြင့်ခဲ့ပါပကော လား။

“ကိုဝေ စကားပြော လောကြီးသွားတာကို ခွင့်လွှတ်ပါ၊  ကိုဝေ…. ဥထွေးကို စတွေ့ကတည်းက ချစ်နေမိ ပါတယ်၊ ဘဝချင်းကလည်း ကွာခြား၊ ထောက်ထားရမယ့် ပြဿနာတွေကလည်း ရှိနေတော့ ပြောဖို့ ဝန်လေးနေ မိတယ်၊  ခုတော့ မုသာဝါဒကံ မကျိုးပေါက်အောင် စိတ်လိုက်မာန်ပါ အမှန်အတိုင်း ရင်ဖွင့်လိုက်မိတာပါ”

“ဪ… ကိုဝေက သူတော်ကောင်းယောင်ဆောင်နေတာကိုး၊  မေမေ့ကို တိုင်ပြောမယ်”

“ဟာ… ကျောင်းအမကြီးကိုတော့ မတိုင်လိုက်ပါနဲ့ဗျာ၊  ဘဘဘုန်းဘုန်းသိရင် ကျောကွဲအောင်ရိုက်မှာ သေချာတယ်”

“ဘာ ခုမှ ကြောက်ပါပြီလဲ၊ မရဘူး၊  မေမေ့ကို တိုင်ပြောမှာပဲ”

ဥဥထွေးက ကလေးစိတ်။ ကျောင်းအမကြီးကို တိုင်မပြောဘူးဟု မဆိုနိုင်။ ဒုက္ခပါပဲ။ ကျောင်းအမကြီးက တစ်ဆင့်   ဘဘဘုန်းဘုန်းသာ   သိသွားလျှင် ကိုယ်ကျိုးနည်းမှာ သေချာသည်။ ကိုယ့်ကို ထမင်းကျွေးသည့်လက် ကိုမှ ကိုက်လိုက်သည့် ခွေးလို ကိုယ့်ကျေးဇူးရှင်ကို စော်ကားရာ ကျသည်။ မလိမ္မာ၍ တစ်ခါတော့ မိုက်ခဲ့ပြီ။

“ဥထွေးကလည်းကွာ၊ ကိုဝေ့ကို မသနားဘူးလား”

“မသနားတာ”

“ကိုဝေ့ကို မချစ်ဘူးလား”

“မချစ်တာ “

“ကိုဝေ စိတ်မကောင်းပါဘူး၊ တကယ်တော့ ကိုဝေနဲ့ ဥထွေး မောင်ရင်းနှမလို သဘောထားပြီး ဆက်ဆံရမှာ၊ ခုတော့ ကိုဝေ မကြံကောင်း မစည်ရာ ကြံစည်မိတာကိုး၊  ဥထွေးတိုင်ပြောချင်လည်း ပြောပါ၊ ဖြစ်လာသမျှ ပြဿနာတွေကို ကိုဝေ ခံပါ့မယ်၊  ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ရှိပါစေတော့၊ ကို‌ဝေနောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ်၊  ကိုဝေ ပြန်မယ်”

“ဟိုလေ… ဟို…. ကိုဝေမပြန်ခင် မေမေ့ကို ဘယ်လိုတိုင်မယ်ဆိုတာ မကြားချင်ဘူးလား”

“တော်ပါပြီ ဥ‌ထွေးရယ်၊ ကိုဝေကြားနိုင်စွမ်း မရှိတော့ပါဘူး၊ ကိုဝေ ပြန်မယ်”

“ဟာ- ဘာမှန်းလည်းမသိဘူး၊ ပြန်မယ်ချည်းပဲ ပြောနေ၊ ဘယ်လိုတိုင်ပြောမယ်ဆိုတဲ့ စကားကို ဂဃနဏ နားထောင်သွားဦးလေ”

“ကိုဝေ နားမထောင်ရဲတာတော့ အမှန်ပဲ၊ ဒါပေမယ့် ဥတွေးနားထောင်စေချင်ရင်တော့ နားထောင်ပေးပါ့မယ်”

“နားထောင်ရမှာပေါ့၊ ကို‌ေဝနားထောင်သင့်တာပေါ့၊ ဥထွေး ဘယ်လိုတိုင်ပြောမလဲဆိုရင်  မေမေ- ကိုဝေက သမီးကို ရည်စားစကား ပြောသင့်တာ ကြာလှပြီ၊ ခုမှလာပြောတာ သမီးသိပ်မုန်းတာပဲလို့”

“ဥထွေးရယ်”

ဥဥထွေး၏ ပခုံးလေးကို အသာအယာဆွဲပွေ့လိုက်မိသည်။ ဥဥထွေးကလည်း ရှက်ရှက်နှင့် သူ့ရင်ခွင်ထဲ မျက်နှာဝှက်လာသည်။ ထိုနေ့သည် ချမ်းမြငြိမ်းအေးသော ရသခံစားမှုနှင့် စပ်လျဉ်း၍ သူ့ဘဝတွင် အမြဲတမ်း အမှတ် ရနေမည့် နေ့တစ်နေ့ပင် ဖြစ်တော့သည်။

ထိုစဉ်ကတည်းက သံယောဇဉ်ဇာတ်လမ်းသည် တစ်လျှောက်လုံး ဖြောင့်ဖြူးခဲ့ပြီးကာမှ ယခု သူမနှင့်သူ ဘွဲ့ရရှိလာချိန် လက်ထပ်ဖို့အရေး ရက်မြတ်ကို ရွေးရမည့် ကာလတွင် မမျှော်လင့်ဘဲ ပြဿနာတစ်ရပ်က ပေါ်ပေါက်လာရသည်။ ပြဿနာကလည်း နည်းနည်းနောနောမဟုတ်။ သံယောဇဉ်ဇာတ်လမ်းကို တစ်ခန်းရပ်သွား စေမည့် ပြဿနာ။

ကျောင်းအမကြီး၏ မြင်တွေ့နေကျ မေတ္တာရှင်မျက်နှာမျိုးနှင့်မတူ ကွဲပြားသော မလိုလားဟန်အကြည့်က သူ့ကို ခြောက်လှန့်နေသည်။ ဘဘဘုန်းဘုန်းထံတွင် သူ့အတွက် မကြားဝံ့မနာသာ ဖြစ်စေမည့် သတင်းဆိုး တစ်ရပ်က သူ့ကို ကြိုဆိုနေပေလိမ့်မည်။

မလှပသော ဆောင်းညနေခင်းဝယ်၊ မသင်းပျံ့သော ပန်းရနံ့လေးတွေ၊ မအေးမြသော ငွေနှင်းလေး တွေနှင့်အတူ ဘဘဘုန်းဘုန်း၏ ကျောင်းရှိရာသို့ ပူပန်မှု၊  စိုးရွံ့မှုသောကများဖြင့် နွမ်းလျစွာပြန်လာမိသည်။

**********************

အထက်အညာက မြို့ကြီးတစ်မြို့၏ ကျေးလက်ဆန်သည့် သရုပ်သကန်ကို အဝေးပြေး ကားဆိုက်လာ သည်နှင့် မဖုံးနိုင်မဖိနိုင် သရုပ်မှန် ဖော်ပြတော့သည်။ “ဆိုက်ကားလား၊ ဆိုက်ကားရမယ်”  “မြင်းလှည်းရမယ်”  ဟူ၍ ဆိုက်ကားသမား၊ မြင်းလှည်းသမားတို့ အလုအယက် သူ့ထက်ငါဦးအောင် ကျွက်ကျွက်ညံစွာ ခေါ်နေ တော့သည်။

ခရီးသည်အားလုံး ဆင်းပြီးချိန်တွင် သူအေးအေးဆေးဆေး ဆင်းလာခဲ့သည်။  ခရီးသည် ရသွားသည့် ဆိုက်ကားသမားတွေ၊ မြင်းလှည်း သမားတွေ အသီးသီး ထွက်သွားကြပြီ။ ခရီးသည်မရသည့် ဆိုက်ကားသမား မြင်းလှည်းသမားတွေလည်း မျှော်လင့်ချက် ကုန်ဆုံးပြီဖြစ်၍ သူတို့၏ ဆိုက်ကားရှိရာ မြင်းလှည်းရှိရာသို့ ပြန်သွား ကြပြီ။ သို့ရာတွင် ဇွဲကောင်းသော ဆိုက်ကားသမား တစ်ယောက်ကတော့ အနီးအနားမှာ ရှိနေပါသေးသည်။

“ဆရာ ဆိုက်ကား ငှားမလား”

“အေး … ငှားမယ်”

“ဆရာ ဘာပစ္စည်းတွေ ပါသေးလဲ”

“ဟောဒီ ဆေးအိတ် အဲ … လက်ဆွဲအိတ်နဲ့ ကားအမိုးပေါ်မှာ အိပ်ရာလိပ်တစ်လိပ် ရှိမယ်”

ကားအမိုးပေါ်တွင် နောက်ဆုံးကျန်သည့် အိပ်ရာလိပ်ကို ကားသမားထံမှ ဆိုက်ကားသမားက လှမ်းယူရင်း သူ့ဆိုက်ကားရှိရာသို့ သွားသည်။ နောက်ဘက်ခုံတွင် အိပ်ရာလိပ်ကို တင်ပြီး သူရှိရာသို့ နင်းလာသည်။

“ဘယ်ပို့ပေးရမလဲ ဆရာ”

“သင်္ချိုင်းကုန်း”

“ဗျာ”

ရည်မွန်ယဉ်ကျေးသော ဟန်ပန်နှင့် မလိုက်ဖက်စွာ ထွက်ပေါ်လာသော သူ့စကားကြောင့် ဆိုက်ကားသမား အံ့သြထိတ်လန့်သွားပုံရသည်။ သည်လူ ရူးများရူးနေပြီလား ဟူသောသံသယဖြင့် သူ့ကိုမော့ကြည့်သည်။ အေးဆေး တည်ကြည်သော သူ့မျက်နှာကိုမြင်တွေ့သွားသောအခါ ဆိုက်ကားသမားပင် ရူးချင်ချင် ဖြစ်သွားပုံရသည်။

 ”သင်္ချိုင်းကုန်းက ဇရပ်တစ်ဆောင်ဆောင် ဒါမှမဟုတ် လူမနေတဲ့ အိမ်အိုအိမ်ဟောင်းတစ်အိမ်အိမ်ကို ပို့ပေးပါ”

“ဗျာ “

ဆိုက်ကားကို  ဘယ်သို့ ဦးတည်ရမည်မသိ။  ဝေဝါးစွာဖြင့် သူ့ကိုကြည့်နေသည်။

“ဒီမြို့မှာ  စိတ္တဇဝေဒနာရှင် အမျိုးသမီးကြီးတစ်ယောက် ရှိသေးတယ်မဟုတ်လား “

 “စိတ္တဇဝေဒနာရှင်ဆိုတာ ဘာလဲ “

“ရူးတာဗျာ ရူးတာ၊ အရူးမကိုပြောတာ “

“ဟာ…..သိပ်ရှိတာပေါ့ “

” အခု သူဘယ်နေသလဲ “

“ဟာ…..ဒါကတော့ အရူးမပါဆိုမှ  အတည်တကျဘယ်နေပါ့မလဲ၊ လမ်းဘေးအိပ်လိုက်၊ ဇရပ်ပေါ်အိပ်လိုက်၊ လမ်းပေါ်လျှောက်သွားလိုက်၊ ကျွေးရင်စားရ၊ မကျွေးရင်ငတ် “

“တော်ဗျာ၊ အရူးမတစ်ယောက်အကြောင်း အင်တာဗျူးလုပ်နေတာမဟုတ်ဘူး၊ အဲဒီလောက် စီကာပတ်ကုံး ပြောစရာမလိုဘူး၊ သူရှိတဲ့ဆီပို့ပေး”

သူ၏ခပ်ဆတ်ဆတ်လေသံကြောင့် ဆိုက်ကားသမားက နားမလည်ဟန်ဖြင့် ကျိုးနွံစွာ ကြည့်သည်။

“အဲဒါခက်တာပေါ့ ဆရာ၊ သူဘယ်ရှိမယ်ဆိုတာ ခန့်မှန်းလို့ မရတာ”

“လိုက်ရှာပေါ့ဗျာ၊ ဘာခက်မှာလဲ “

 “ဘုရားရေ …တစ်မြို့လုံးလိုက်ရှာရမယ်၊ ဘယ်လွယ်ပါ့မလဲ၊ မြို့က အကျယ်ကြီး”

“မြို့ကျယ်တော့ကော ဘာဆန်းလို့လဲ၊ လိုက်မေး လိုက်စုံစမ်းရင် မခက်ပါဘူး၊ အချိန်ကုန်ခံ လေကုန်ခံပြီး ခုလို စကားပြောနေရတာ တစ်ခုပဲ ခက်တာ”

“ဆရာပြောတာ ဖြစ်နိုင်တယ်၊ ဘယ်ရှိမယ်ဆိုတာ စုံစမ်းရင် အလွယ်နဲ့ သိနိုင်ပါတယ်၊ ကဲ ဆိုက်ကားပေါ် တက်ပါဆရာ”

စိတ်ရှည် ဇွဲကောင်းသော ဆိုက်ကားဆရာကို ရှာဖွေရန် သူကြိုတင်စိတ်ကူး ရှိခဲ့သည်။  ဒါကြောင့်လည်း ကားဂိတ်ရောက်သည်နှင့် ကားပေါ်က ပျာယီးပျာယာ မဆင်း။ အေးအေးဆေးဆေး ထိုင်မြဲတိုင်းထိုင်ကာ နောက်ဆုံးမှ ဆင်းလာခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးကျန်သည့် ဆိုက်ကား သမားကို ရွေးချယ် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ သူအရွေးမမှားပါ။ ဆိုက်ကားဆရာက ဈေးနားတစ်ဝိုက် နင်းသည်။ လမ်းကြိုလမ်းကြားမကျန် ရှာသည်။ သူ့အပေါင်း အသင်းများကို တွေ့တိုင်းမေးသည်။ “ဘယ်နေမှန်း မသိပါဘူးကွာ။ မမြင်တာတော့ ကြာပြီ” ဟူသော မရေရာသည့် အဖြေများဖြင့် ဆိုက်ကားသမားလည်း ဦးတည်ချက် ပျောက်နေခဲ့သည်။

“ဆရာပြောသလို သင်္ချိုင်းကုန်းပဲ သွားရတော့မယ် ထင်တယ်”

“သွားပေါ့”

“ဆရာက လွယ်လွယ်လေး သွားပေါ့တဲ့၊ အဝေးကြီး ဆရာရဲ့၊  ကြာရင် ကျွန်တော်လည်း ဆိုက်ကား မနင်းရဘဲ သင်္ချိုင်း ရောက်တော့မယ် ထင်တယ်”

“ပူမနေပါနဲ့ဗျာ၊ လူတိုင်း သင်္ချိုင်းကုန်းကို သွားနေကြတာပဲ၊ တစ်နေ့သေရမယ့် လူချည်းပဲ”

“ဆရာကတော့ ပြောရော့မယ်၊ ကျွန်တော်က လူပျိုလေးဗျ၊  မသေချင်သေးဘူး၊ ကျွန်တော် ဆိုက်ကား နင်းလာတာ ၁ဝနှစ်ကျော်ပြီး သင်္ချိုင်းကုန်းကို ပို့ရတဲ့ ခရီးသည်ဆိုလို့ ဆရာတစ်ယောက်ပဲ ရှိသေးတယ်”

“စကားမများနဲ့ ဆိုက်ကားပဲနင်း”

သူစိတ်တိုတိုနှင့် အော်လိုက်သည်။ ဆိုက်ကားသမားက သဘောကောင်းဟန် တူပါသည်။ အလိုက်သိသိဖြင့် ဆိုက်ကားကို မြန်နိုင်သမျှ မြန်အောင်နင်းသည်။ မြို့ပြင်ရောက်လာပြီမြို့ လမ်းက ကြမ်းသည်။ လူသွားလူလာ ကင်းရှင်းနေသည်။ သင်္ချိုင်းကုန်းကို မဖြစ်မနေမို့ သာ သွားကြရတာကိုး။  ဘယ်သူသွားချင်ပါ့မလဲလေ။

“ရောက်ပြီဆရာ ဟိုမှာ ဇရပ်တစ်ဆောင်တော့ရှိတယ်”

ဇရပ်ကတော့ အတော်ကြီး သစ်လွင်နေသေးသည်။ သင်္ချိုင်းကုန်းမှာ မကြာမီက ပြောင်းရွှေ့လာဟန် တူသည်။

“ဟုတ်တယ်ဆရာ.. ဟိုမှာ အရူးမကြီးလဲနေတယ် “

“စိတ္တဇဝေဒနာသည်ပါ၊ သနားစရာ ကောင်းပါတယ်”

ပြောပြောဆိုဆို ဆိုက်ကားပေါ်က သွက်သွက်ဆင်းလာခဲ့သည်။ မြင်ရသော မြင်ကွင်းကြောင့်  ဆို့နင့်ကြေကွဲ မိသည်။  ပျိုစဉ်ကလည်း ပျိုကံမကောင်း။  အိုပြန်တော့လည်း အိုကံမကောင်းသော စိတ္တဇဝေဒနာရှင်သည် အဝတ်စုတ် ပုံထားသလို ဇရပ်အလယ်မှာ ခွေခွေလေးလဲနေသည်။  သူ့အသားအရေနှင့် အဝတ်အစားမှာ စုတ်ပြတ်ညစ်ထေးပုံ ချင်း တစ်ထေရာတည်း တူနေသည်။ ရပ်ကရွာက မြင်မကောင်း၍ ပေးကမ်းစွန့်ကြဲမှုဖြင့် ဝတ်နေရရှာသည်။ စားနေရရှာသည်။ နေစရာကတော့ နေ၍ရသော နေရာမှန်သမျှတွင် နေရရှာသည်။

ရစ်ဝိုင်းလာသော မျက်ရည်များကို ဆည်တန့်ရန် ကြိုးစားရင်း စိတ္တဇဝေဒနာရှင်၏ လက်ကို လှမ်းကိုင်လိုက် သည်။ အသက်ရှင်လျက်တော့ ရှိနေပါသေးလား။ ဖျားတော့ဖျားနေသည်။  သတိလစ်နေသလား၊  အိပ်ပျော်နေ သလား မပြောနိုင်။ မျက်လွှာကို အသာအယာပင့် ကြည့်သည်။ ညည်းညည်းညူညူဖြင့် လူးလွန့်ရင်း အညောင်း ဆန့်လာသည်ကို တွေ့ရသည်။ မလုံမခြုံ လုံချည်စုတ်ကို လူမြင်ကောင်းအောင် သူက ကပျာကယာ ဖုံးဖိလိုက်ရ သေးသည်။

“ဘာလဲ.. လာပြန်ပြီလား မသာတစ်လောင်း၊ နေရာဖယ်ပေးရမလား အားမရှိဘူးတော်ရေ ၊ ဖယ် မပေးနိုင်တော့ဘူး”

ချည့်နဲ့သောလေသံဖြင့် ပြောရင်း အားယူထထိုင်လာသည်။ အသုဘချလာတိုင်း နေရာဖယ်ပေးနေရဟန် တူသည်။ မထိုင်နိုင်ဘဲ လဲမလို ပြိုမလို ဖြစ်နေ၍ မရွံမရှာ ဖေးမဖက်တွယ်မိသည်။ စိတ္တဇဝေဒနာရှင်က သူ့ကို အံ့သြတကြီး သံသယအပြည့်ဖြင့် မော့ကြည့်သည်။ ဟုတ်ပါလိမ့်မည်။ သူ့ဘဝတစ်လျှောက်လုံး သူ့အား ယုယ မည့်သူ၊ ‌ ဖေးမမည့်သူ ရှိဟန်မတူ။

“ဖယ်စမ်း၊ သွားစမ်း  ငါက အိုပြီ၊  နင်တို့တစ်တွေဟာ  ငါ့ကို ဒုက္ခပေးဖို့ပဲ ရောက်ရောက်လာကြတယ်၊  သေပဲ မသေနိုင်ကြဘူး”

ပိန်လှီသော အရိုးပေါ်အရေတင် လက်ချောင်းများဖြင့် အင်အားမရှိစွာ သူ့ကို တွန်းဖယ်လာသည်။ သူ ရှိုက်ကြီးတငင် ငိုကြွေးလိုက်မိသည်။ ဘာအနံ့ဟူ၍ ခွဲခြားမရနိုင်သော အနံ့ဆိုးပေါင်းစုံဖြင့် နံစော်နေသည့် စိတ္တဇ ဝေဒနာရှင်ကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားမိသည်။

“ငိုတယ်တော့ ငိုတယ်၊  ဟီး … ဟီး … ဟီး ဘယ်သူသေလို့ ငိုတာလဲ၊ ဖယ်စမ်းပါ၊  နင့်ကိုယ်က ပုပ်စော်နံလိုက်တာ၊ နင်တို့တစ်တွေဟာ အားလုံး ပုပ်စော်နံနေတဲ့ လူတွေချည်းပဲ”

စိတ္တဇ ဝေဒနာရှင်က ရုန်းကန်ရင်း ပြောချင်ရာ ပြောနေသည်။ သူ ဖက်တွယ်ထားရာမှ အသာအယာ လွှတ်ပေးလိုက်သည်။

“သေနာကျလေး ၊ ခုမှ လွှတ်ပေးရသလားဟဲ့ “

စုတ်ပြတ် ညစ်ထေးနေသော အင်္ကျီကို ဆွဲဆန့်ရင်း မတ်တတ်ရပ်ဖို့ ဟန်ပြင်သည်။  မတ်တတ်ရပ်နိုင်သည့် အင်အားတော့မရှိရှာပါ။ သူ့လက်ဆွဲအိတ်ကို ဖွင့်လိုက်သည်။ ဘီစကစ်မုန့်ထုပ်ကို ထုတ်ယူလိုက်သည်။ မုန့်ထုပ်ကို မြင်သည်နှင့် ဝေဒနာရှင်၏ မျက်လုံးအရောင် တောက်ပြောင်လာသည်။ မစားရတာ ကြာပြီထင်ပါရဲ့။ စားစရာကို တော့ စားစရာအဖြစ် သိမှတ်နိုင်ပါသေးသည်။

မုန့်တစ်ချပ်ကို ယူ၍ ပေးသည်။  ပေးပေးချင်းမှာပင်   ဆတ်ခနဲ ဆွဲယူ၍ ပါးစပ်ထဲ ပလုတ်ပလောင်း ထည့်ကာ အငမ်းမရ စားသည်။ အစာမဝင်တာ ကြာပြီဖြစ်သော လည်ချောင်းက လက်ခံဟန် မတူ။ တစ်ဆို့ကြီး ဖြစ်နေသည်။ အိတ်ထဲမှ ရေသန့်ပုလင်းကို ကပျာကယာ ထုက်ယူ၍ အဖုံးဖွင့်သည်။ ရေပုလင်းမြင်၍ လုယူလာသော လက်များကို ဖယ်ရှားကာ   တစ်ကျိုက်ချင်း သောက်၍ရအောင် စီစဉ်ပေးသည်။  မုန့်တစ်ထုပ်လည်း ကုန်၊  ရေတစ်ပုလင်းလည်း ကုန်သည်အထိ သူ စိတ်ရှည်လက်ရှည် ကျွေးမွေးနေသည်။

ခုမှ ဆိုက်ကားသမားကို အမှတ်ရတော့သည်။ သူ ပတ်ဝန်းကျင်ကို မေ့လျော့နေသည်။ ဆိုက်ကားသမား ကတော့ သူ့အပြုအမူများကို အထူးအဆန်းလို ကြည့်နေမှာ သေချာသည်။

“ဪ … ဟုတ်ပါရဲ့၊  ခင်ဗျားကို  ကျွန်တော် မေ့နေတယ်၊ ရော့ … ဆိုက်ကားခ”

“ဟာ … ငါးထောင်တန်ကြီး ကျွန်တော့်မှာ အမ်းစရာ မပါဘူး”

“ခင်ဗျားကို အမ်းဖို့ ပေးနေတာမဟုတ်ဘူး။ ယူဖို့ ပေးနေတာ”

“ဟာဗျာ များပါတယ်”

“လုပ်မနေနဲ့ ယူထား၊ ပြီးတော့ ကျွန်တော့်အိပ်ရာလိပ် ချခဲ့၊ ခင်ဗျား ပြန်တော့”

“ဟာ … ဘယ်ဖြစ်မှာလဲ။ ခင်ဗျား ဒီအရူးမကြီးနဲ့ နေခဲ့မှာလား”

“အရူးမကြီးလို့ မခေါ်နဲ့၊ စိတ္တဇ ဝေဒနာရှင်ဗျ”

“ဟုတ် … ဟုတ်ကဲ့၊ ကျွန်တော် နောက်မခေါ်တော့ပါဘူး။ ခင်ဗျား ဒီမှာ နေလို့တော့ မဖြစ်ဘူး”

“ဘာလို့ မဖြစ်ရမှာလဲ”

“လာပါဗျာ ပြန်ကြပါစို့၊ ဒီမှာနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊မုန့်ကျွေးလိုက်ရပြီပဲ ကျေနပ်ပါတော့၊ နောက်နေ့ ထမင်းကျွေးချင်သေးရင်လည်း ကျွန်တော် လိုက်ပို့ပါ့မယ်၊  ပိုက်ဆံပေးဖို့ မလိုပါဘူး၊  ကျွန်တော် ဆိုက်ကားနဲ့ ပို့ပေး ပါမယ်ဗျာ”

“ကျွန်တော် သူ့ကို မထားခဲ့နိုင်ဘူး၊  ကျွန်တော် အခုအသက်အရွယ်ထိ သူရှိနေမှန်း မသိခဲ့ဘူး၊ သူ့ကို ကျွေးမွေးပြုစုနိုင်တဲ့ အခွင့်အရေးဟာ ကျွန်တော့်အတွက် အကြီးမားဆုံးပါပဲ၊  လောကမှာ သူဟာ ကျွန်တော့်အတွက် အဓိကပါ”

သူတစ်ဦးတည်းသာ နားလည်နိုင်မည့် ဘာသာစကားဖြင့် ရေရွတ်ပြောဆိုနေသည်ကို ဆိုက်ကားသမား ကတော့ အရူးတစ်ယောက် တိုးပြီအထင်ဖြင့် အံ့သြထိတ်လန့်စွာ ငေးကြည့်နေပါလိမ့်မည်။

“ဒီအရူးမ အဲ … စိတ္တဇ … စိတ္တဇဝေဒနာရှင်နဲ့ ဆရာက …”

“အဲဒါ ကျွန်တော့်အမေပဲ”

“အမေ” ဆိုသည့် စကားတစ်ခွန်းက သူ့ရင်ထဲ ပဲ့တင်ရိုက်ခတ်သွားသည်။ ဆိုက်ကားသမားကတော့ ပို၍ ထိတ်လန့် အံ့ဩစွာ ရေရွတ်လိုက်သည်။

“ဗျာ … အဲဒါ ဆရာ့အမေ”

**************************

ကိုဝေ

ဥထွေး – ကိုဝေ့ကို ဒီစာနဲ့ နှုတ်ဆက်လိုက်ပါတယ်။ ဥထွေးကို မုန်းလိုက်ပါတော့ ကိုဝေ။ ဥထွေး သတ္တိမရှိဘူး။ ကိုဝေ့ဆရာတော်က မေမေ့ကို ကိုဝေ့ဘဝ အမှန်အတိုင်း အသိပေးလိုက်တယ်။ ကိုဝေနဲ့ ဥထွေးလက်ထပ်ဖို့ကိစ္စ ဆရာတော့်ကို အသိပေးလျှောက်ထားရာက ဒီပြဿနာ ပေါ်ပေါက်လာတာပဲ။ ဥထွေးလေ ပတ်ဝန်းကျင်ကိုလည်း ရင်မဆိုင်ရဲဘူး၊ လောကကြီးကို ရင်ဆိုင်ရဲတဲ့ သတ္တိလည်း ဥထွေးမှာ မရှိဘူး။ သတ္တိမရှိတဲ့ ဥထွေးကို ကိုဝေ မုန်းသင့်ပါတယ်။ မုန်းလိုက်ပါတော့နော်။ ကိုဝေ ဒီစာဖတ်နေချိန်မှာ မေမေ့ဆွေမျိုးတွေရှိတဲ့ နိုင်ငံခြားကို ထွက်သွားပါပြီ။ တစ်သက်တာ ထာဝရအတွက် လက်ပြနှုတ်ဆက်လိုက်ပါတယ် ကိုဝေ။

ဥထွေး

အကြိမ်ကြိမ် ဖတ်၍ အလွတ်ရနေသော ဥထွေး၏ စာ။ တစ်သက်တာထာဝရ လက်ပြနှုတ်ဆက်သွားသော ဥထွေး။ ဟုတ်ပါလိမ့်မည်။ ဖိတ်စာရိုက်၍ မလှပလောက်အောင် သူ့ဘဝ ကံကြမ္မာက ဆိုးရွားခဲ့သည်။ အဖေမသိ၊ အမေတော့ရှိ၊ ရှိသည့်အမေက စိတ္တဇဝေဒနာသည်။ ဆရာဝန်ဆိုသော ဂုဏ်ပုဒ် တစ်ခုတည်းနှင့် ရိုးသားကြိုးစား သော  ဂုဏ်ရည်တစ်ခုတည်းနှင့်တော့  ဥထွေး လက်တွဲနိုင်လိမ့်မည် မဟုတ်ပါ။  ပြုပြင်၍ မရသည့် ဖာထေး၍ မရသည့် “မိကောင်းဖခင်သားသမီး” ဟူသော ဂုဏ်ရည်ကို သူမွေးဖွားလာစဉ်ကတည်းက လက်လွတ် ဆုံးရှုံးခဲ့ ရသည်။ ပတ်ဝန်းကျင်ကို ရင်မဆိုင်ရဲတာ၊ လောကကြီးကို ရင်မဆိုင်ရဲတာ ဥထွေးဘက်ကမမှား။

 ဆိုက်ကားသမားလေးကို ကျေးဇူးတင်ရပါမည်။  သူ့စေတနာကို ကျေးဇူးတရား ကြီးမားစွာဖြင့် အသိအမှတ် ပြုရပါမည်။ လောကကြီးကို စိတ်နာနာဖြင့် ကံကြမ္မာကို ဒေါသကြီးစွာ ထွက်ကာ  ဆက်ဆံရေး မပြေပြစ်သည့် သူကို စိတ်ကောင်းစေတနာဖြင့် ကူညီသည်။ သင်္ချိုင်းကုန်းနှင့် များစွာမဝေးလှသော ဘိုးဘွားရိပ်သာသို့ သူ့ကို ပို့ပေးခဲ့သည်။ ထိုဘိုးဘွားရိပ်သာမှာ လူမှုဝန်ထမ်းဌာနက ဖွင့်လှစ်ထားသော ဘိုးဘွား ရိပ်သာတော့ မဟုတ်ပါ။ ရပ်မိရပ်ဖများက ခိုကိုးရာမဲ့ ဘိုးဘွားများအတွက် ရည်စူး၍ စေတနာရှင်များထံမှ အလှူခံကာ ဖွင့်လှစ်ထားသော ဘိုးဘွားရိပ်သာ။

စားပင်သီးနှံများ  စိုက်ပျိုးလောက်အောင် ကျယ်ဝန်းသော ခြံဝန်းကျယ်ကြီးတွင်  တိုက်တာအဆောက်အအုံ တစ်ဆောင်တစ်ယောင်ဖြင့် သန့်သန့်ပြန့်ပြန့် ခန့်ခန့်ညားညား ထားရှိသော  ဘိုးဘွားရိပ်သာ။   သူနှင့်သူ့အမေကို ခြွင်းချက်ဖြင့် ဘိုးဘွားရိပ်သာကော်မတီက လက်ခံခဲ့သည်။ ရူးသွပ်နေသော အမေကို ပြုစုရင်း ကျန်သည့် ဘိုးဘွားများအား ဆေးဝါးကုသပေးပါမည်ဟူသော ခံဝန်ချက်ဖြင့် နေခွင့်ရခဲ့သည်။

သူတတ်ထားသည့် ဆေးပညာကို အကျိုးရှိရှိ တန်ဖိုးရှိရှိ ကုသပေးခွင့်ရ၍ ဝမ်းသာမိပါသည်။ တို့ထက်မှာမူ မိခင်အရင်းဖြစ်သူကို ပြုစုခွင့်ရသော သူ့ဘဝပေး ကံကြမ္မာအတွက် များစွာဝမ်းသာမိပါသည်။

ထို့ထက်မှာမူ ရူးသွပ်နေသူနှင့် စာနာစိတ်ကင်းမဲ့သူတို့ ညား၍ မွေးဖွားလာသော သူ့ကို လူလား မြောက်အောင် ပြုစုပျိုးထောင်ပေးသည့် ဘဘဘုန်းဘုန်း၏ ကျေးဇူးတရားအတွက်  များစွာ အောက်မေ့သတိရမိပါသည်။

ထို့ထက်မှာမူ တစ်ရပ်တစ်မြေ တစ်နေရာသို့  ရှက်အားသည်းစွာဖြင့် မျက်နှာမပြရဲလောက်အောင်  ရှောင်ခွာထွက်ပြေးသွားသော  ဥဥထွေးအား မမျှော်လင့်ရဲပေမယ့်   တစ်နေ့ပေါ်လာနိုး  တစ်ရက်ရောက်လာနိုး မျှော်ကိုးရင်းဖြင့်သာ …။

Click to rate this post!
[Total: 0 Average: 0]