The Corner

The Corner

cropped-Logo_round_grey-background.png

လက်ခုပ်တီးခြင်း အနုပညာ

Share မယ်

များသောအားဖြင့် “Got Talent” ဟုခေါ်သည့် တစ်ဦးချင်း (သို့) အုပ်စုလိုက် စွမ်းရည် ပြိုင်ပွဲများ မျိုးစုံကို ကြည့်ဖြစ်သည်။ အထူးသဖြင့် ကိုယ်ဘာလုပ်ရမည်ကို ဆုံးဖြတ်ရခက်နေသည့် အချိန်မျိုးတွင်ဖြစ်သည်။ ထိုပြိုင်ပွဲပေါင်းများစွာသည် youtube ပေါ်တွင် အများကြီး ရှိပါသည်။ နာမည်ကြီးသည့် Britain’s Got Talent နှင့် America’s Got Talent – AGT ဟုခေါ်သည့် စွမ်းရည်ပြိုင်ပွဲများကို ကျွန်တော် ကြည့်ဖြစ်သည်။ ထိုပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်သူ၊ အကဲဖြတ်ဒိုင်လူကြီး၊ အားပေး သည့်ပရိသတ် စသည့်အားလုံးကို သဘောကျမိသည်။ Got Talent အစီအစဥ်ကို စီစဥ်သူ ဆိုင်မွန် ကောင်ဝဲလ် (Simon Cowell) က ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်ကို “Got Talent” နာမည်နှင့် အစီအစဥ်  အသုံးပြုခွင့်လိုင်စင် ရောင်းချ ထားကြောင်းသိရသည်။ ပြိုင်ပွဲများတွင် အာရှ၊ အာဖရိက၊ လက်တင်အမေရိက စသည်ဖြင့် အသီးသီး နိုင်ငံပေါင်း များစွာမှ ဝင်ရောက် ယှဉ်ပြိုင်ကြသည်ကို တွေ့ရ သည်။ အရှေ့တောင်အာရှမှဆိုလျှင် အိန္ဒိယ၊ တရုတ်နှင့် တစ်ခါတလေ ဖိလစ်ပိုင်နိုင်ငံမှ လာရောက် ယှဉ်ပြိုင်ကြသည်ကို မြင်ရသည့်အခါမျိုးတွင် ကိုယ့်မြန်မာနိုင်ငံမှ စွမ်းရည်ထက်သူများ ဘယ်တော့များ ပြိုင်ကြလေ မလည်းဟု ရင်ထဲကမျှော်လင့်မိ သည်။ သို့သော်လည်း ထိုသို့သောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရာတွင် စွမ်းရည်ရှိရုံမျှဖြင့် မလောက် လုံသေးပေ။ ကမ္ဘာကျော် ပြိုင်ပွဲတစ်ခုသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်မှာ အခက်အခဲပေါင်းများစွာရှိသည်။ ဘာသာစကားအခက်အခဲ၊ ခရီးသွားဖို့ရာ အတွက် အခက်အခဲ၊ အထူးသဖြင့် ငွေကြေး။ ထိုကြောင့် ကျွန်တော့် မျှော်လင့်ချက်သည် ခပ်ရေးရေးကောက်ခြစ်မိသည့် စကတ်ချ် ကောက်ကြောင်း တစ်ခုမျှသာ။ သေချာသည်က မည်သည့်နိုင်ငံကဝင်ပြိုင်သည်ဖြစ်စေ ပြိုင်ပွဲဝင်များ၏ စွမ်းရည်များမှာ အားကျစရာ ကောင်းလှသည်။ ကိုယ်တတ်သည့် ကိုယ်ပိုင်နိုင်သည့် စွမ်းရည်များကို နှစ်မိနစ်သာအချိန်ကလေး အတွင်းတွင် ခန္ဓာကိုယ်ထဲမှ ရှိသမျှ အားအင် အကုန် ထုတ်သုံး ကာ ပြိုင်ပွဲနေကြခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ သူတို့ ပြိုင်ပွဲဝင်သည့် စိတ်ဓာတ်ကို မကြာခဏသွားကြည့်ခြင်းဖြင့် ဓာတ်ကူးယူ နေခြင်းဖြစ်သည်။

အကဲဖြတ်ဒိုင်အဖြစ် ဆိုင်မွန် ကောင်းဝဲလ်နှင့် အခြား ကဏ္ဍစုံမှ နာမည်ကျော် တို့ကိုလည်းဒိုင်အဖြစ်တွေ့ရသည်။ ဒိုင်အပြောင်းအလဲ ဖြစ်တတ်သော်လည်း ဆိုင်မွန် (American Got Talent/Britain Got Talent) နှင့် အမန်ဒါ (Britain Got Talent) နှစ်ဦး၏ အကဲဖြတ်မှုဟန် ကိုသဘောကျသည်။ တည်ငြိမ် သည်ဟု ဆိုနိုင်သော်လည်း ပျော်ရွှင်စရာ ရှိလျှင်လည်း ဟန်ဆောင်ခြင်း မရှိသည်က ပို၍သဘောကျ စရာကောင်းသည်ဟုထင်မိသည်။ ဘာသာစကားအားနည်းမှုကြောင့် သူတို့ ၏ သုံးသပ်ချက်များကို အပြည့်အဝနားမလည်သော်လည်း ပြိုင်ပွဲဝင်များအပေါ်တွင် လေးစားမှုရှိနေမှုများကပေါ်လွင်သည်။ အမန်ဒါနှင့် ဆိုင်မွန်ထဲက တစ်ယောက်ကိုသာရွေးချယ်ရမည်ဆိုလျင် ကျွန်တော် ဆိုင်မွန် ကိုသာ ရွေးချယ် ရပေမည်။ အမန်ဒါထက် ဆိုင်မွန်က သာနေသည့် အရည်အချင်းတစ်ခုက ပြိုင်ပွဲဝင်များအပေါ်တွင် သုံးသပ်နိုင် စွမ်းကောင်းခြင်းပင်။ ဒါဟာ အမှန်ပါပဲ။ ဆိုင်မွန်ကလည်း နှယ်နှယ်ရရ လူမှမဟုတ်ပဲ။ ယနေ့တိုင် ကမ္ဘာကျော် အဆိုပြိုင်ပွဲ တစ်ခုဖြစ်သည့် “American Idol” စတင် ကတည်းက ဒိုင်တစ်ဦး ဖြစ်ခဲ့ပြီး သမ္ဘာနှင့် ဝါအရ  နည်းသူတစ်ဦးမဟုတ်။ တချို့ပြိုင်ပွဲဝင်များ အထူးသဖြင့် ဆိုင်မွန်၏နယ်ပယ်ဖြစ်သည့် အဆိုပြိုင်ပွဲများတွင် သီဆို သည့်သီချင်းနှင့် ပြိုင်ပွဲဝင်၏အသံသည် အဆင်ပြေနေသော်လည်း ထိုသူ၏ အသံအနေအထားကို ကြည့်ပြီး နောက်သီချင်းတစ်ပုဒ်ပြောင်းဆိုရန် အများဆုံး တိုက်တွန်းတတ်သည်မှာ ဆိုင်မွန်ပင် ဖြစ် သည်။ ဤသို့ပြောင်းဆိုစေသော်လည်း များသောအားဖြင့် ပိုကောင်းသွားသည်ကို သာတွေ့ရသည်ကို ကြည့်ခြင်းအားဖြင့် ဆိုင်မွန်၏ အကဲဖြတ် စွမ်းရည်ကိုလေးစားမိသည်။ ထိုထက် ပို၍လေးစားဖို့ ကောင်း သည်က မတော်တဆ ဆိုင်မွန် မှားသွားခဲ့လျှင်လည်း သူ၏ မှတ်ချက်ပြု စကားတွင် အရင်ဦးဆုံး တောင်းပန်တတ် ခြင်းပင် ဖြစ်သည်။ နောက်တစ်ခုမှာ သူသည် တည်ငြိမ်ဟန် အပြည့်အဝယူထားသော်လည်း ခပ်တည် တည်ဖြင့် စနောက်တတ်သည်။ yes ဟုပြောရမည့်အစား သူ့စိတ်ထဲတွင် ပြိုင် ပွဲဝင်အပေါ် စိတ်ထဲက ကျေနပ်နေပါက “no…” ဟုပြောကာ စကားကို ခဏရပ်ထားလိုက်သည့်အခါတွင် ပြိုင်ပွဲဝင်နှင့် ပရိသတ် များပါ တအံ့တဩဖြင့် ခန်းမတစ်ခုလုံး တိတ်ဆိတ် သွားချိန်ကြမှ “no……. လို့ မပြောပါဘူး” ဟု ဆိုခြင်းမျိုးကို လုပ်တတ်သည်။ နောက်တစ်နည်းအနေဖြင့် ပြိုင်ပွဲဝင်သူကို ဒီခန်းမထဲ မှာ ပရိသတ် ဘယ်နှယောက် ရှိသလည်းဟု မေးခွန်း ထုတ်လိုက်သည့်အခါ ပြိုင်ပွဲဝင်သူရော ပရိတ်သတ်များပါ ကြောင်သွား၍ ပြိုင်ပွဲဝင်သူက ပရိသတ် လေးသောင်းဟု ဆိုကာဖြေလိုက်သည်မှ ခင်ဗျားကို yes ပေါင်း လေးသောင်း ပေးလိုက်ပါပြီ ဟူ၍ ဖြေတတ်သေးသည်။ ထိုအကဲဖြတ် ဒိုင်များတွင် တူညီ နေသည်က ပြိုင်ပွဲဝင်များအပေါ် ချီးကျူး စရာ ရှိလျင်လည်း အားမနာတမ်း ချီးကျူးတတ်ကြသလို၊ မကြိုက်လျင်လည်း ဒိုင်တစ်ဦးနှင့် တစ်ဦး ညှိနှိုင်းခြင်း မရှိဘဲ ကိုယ့်ဆုံးဖြတ်အတိုင်း ဦးစားပေး ထားခြင်း ဖြစ်သည်။ ထိုထက်ပို၍လေးစားစရာ ကောင်းသည်က ပြိုင်ပွဲဝင်၏ စွမ်းရည် တကယ်တော်သူ ဖြစ်နေလျှင် ဒိုင်လေးယောက်စလုံးမတ်တတ်ရပ်၍ လက်ခုပ်တီး အားပေးခြင်းပင်ဖြစ်သည်။ ထို့ပြင် ဒိုင်လေးဦး၏ နောက်တွင်ရှိနေသည့် ပရိသတ်ကိုလည်း ကျနော် ချီးကျူးမိသည်။ ပရိသတ်သည် အားပေးရုံသာဖြစ်သော်လည်း တကယ်တော်နေလျှင် စိတ်ရော ကိုယ်ပါ လက်ခုပ်တီး၍ အားပေးခြင်းဖြစ်သည်။ ထိုက်ထက်မက Golden Buzzer ဆိုသည့် အထူးဆုဖြင့် ထိုက်တန်နေပါကလည်း ခန်းမတစ်ခုလုံးရှိ ပရိသတ်များက “press the Buzzer” ဟူ၍ အထူးဆု ခလုတ်ကို နှိပ်ပေးရန် ဝိုင်းဝန်း တောင်းဆိုကြခြင်း ဖြစ်သည်။ တချို့သူ များတွင် ဒိုင်များက ဝေခွဲရခက်နေသည့် အခါမျိုးတွင် ပရိတ်သတ်၏ ဝိုင်းဝန်းတောင်းဆိုမှုကြောင့် အထူးဆု ပေးလိုက်သည် မျိုးကို လည်း တွေ့ရသည်။ ကျွန်တော်ကြည့်ဖြစ်သည့်ပွဲများတွင် ထူးထူးခြားခြားအဖြစ် အထူးဆုပေးရန် အခွင့်အရေး မရှိသည့်အချိန်တွင် ဆိုင်မွန်က စည်းကမ်းဆိုတာ တစ်ခါတစ်ရံကျတော့လည်း ဖောက်ဖျက်သင့်ရင် ဖျက်ရတယ် ဟုဆိုကာ အထူးဆု ပေးလိုက်သေးသည်။ နောက်တစ်ခုမှာ တောင်အာဖရိကမှ ကလေးငယ်များမှ သူတို့ ရိုးရာအကဖြင့် ပါဝင် ယှဉ်ပြိုင်စဉ်တွင် ဒိုင်တစ်ဦးဖြစ်သူ Bruno မှ ယှဉ်ပြိုင်နေစဉ် အတွင်းမှာပင် အထူးဆုပေးလိုက်ခြင်းဖြစ်သည်။

Got Talent စွမ်းရည်ပြိုင်ပွဲ တစ်ခုမှ ပရိသတ် (credit: nickiswift)

ထိုစွမ်းရည်ပြိုင်ပွဲ ကျင်းပရာ ခန်းမကြီးတွင်ကား လက်ခုပ်သံများ တဖြောင်းဖြောင်းဖြင့်ဆူညံနေသည်ကို မြင်ရတွေ့ရသည်မှာ စိတ်အား တက်ဖွယ် ကောင်းလှသည်။ ထိုလက်ခုပ်သံများအောက်တွင် ပြိုင်ပွဲ ဝင်များ၏ ကြည်နူးပီတိမျက်ရည်များမှာ သူတို့ဘဝ အပြောင်းအလဲများ အတွက် လမ်းဖောက် ပေးနေသလိုပင် ဖြစ်သည်။ ထိုသို့ ဒိုင်လူကြီးနှင့် ပရိသတ်တို့၏အားပေးမှု ပြိုင်ပွဲဝင်စွမ်းရည်တို့ကို လက်ခုပ်သံ များဖြင့်ထုံမွှမ်း၍ထားသည်ကိုကြည့်ဖြစ်တိုင်း မျက်ရည်ဝဲမိသည်။ သူတို့တစ်တွေ၏ ရင်ထဲမှစီးဆင်းလာသော အားပေးသံ များ‌ကြောင့် ဖြစ်မည်ထင်သည်။ တစ်ခုရှိသည်က တီးလိုက်သောလက်ခုပ်သံ လှုပ်ရှား မှုဆိုသည်ထက် ရင်တွင်းမှ စီးဆင်းလာသော ခံစားမှုပင် ဖြစ်သည်။ ထို့ကြောင့်ပင် စိတ်သာရှင်စော ဘုရားဟောဟုဆိုခဲ့ခြင်းဖြစ်မည်။ မေတ္တာပို့သခြင်းသည် အနန္တစကြဝဠာသို့တိုင်အောင် ရောက်သည်ဟု ဗုဒ္ဓက လမ်းညွှန်ခဲ့ခြင်းဖြစ်မည်။

ထိုကဲ့သို့သော လက်ခုပ်သံများကြောင့် မျက်ရည်များမှ လွန်မြောက်ခဲ့သည်လည်း ရှိသလို မျက်ရည်ကျ စေခဲ့သည်တို့ လည်းရှိခဲ့သည်။ မှတ်မှတ်ရရ ကဗျာဆရာ ခရမ်းပြာထက်လူကို ဂုဏ်ပြုသောပွဲတွင် ဖြစ် သည်။ ဆရာက သူရေးသည့်ကဗျာများအကြောင်း ပြောပြနေရင်း ခံစားမှုအရှိန်မြင့်လာပြီး စကား ဆက်ပြောရန်အတွက် ခေတ္တမျှဆွံ့အသွားခဲ့သည်။ ပြီးလျှင် ရင်တွင်းမှ ဖြစ်တည်လာသည့် မျက်ရည်စ တို့ကို အားတင်းကာ ထိန်းသိမ်းနေရသည်။ ထိုအချိန်တွင် ဆရာကိုကြည့်ရင်း ဆရာ၏ ခံစားချက်များ အောက်တွင်မျောပါ သွားကာ ခန်းမထဲရှိလူများ အားလုံးသည် ငြိမ်သက်တိတ်ဆိတ်သွားသည်။ ဆရာ ဘာများဆက်ဖြစ်နေလေမလည်း ဟူသော အတွေးများဖြင့် ရှိနေချိန်တွင် မည်သူက စလိုက်မှန်း မသိ သည့် လက်ခုပ်သံ တစ်သံ ပေါ်ထွက်လာသည်။ သို့မှ ခန်းမတစ်ခုလုံးအသက်ဝင်လာပြီး အားလုံးက လက်ခုပ်လိုက်တီး ကြသည်။ ဤတွင် ဆရာ့ရင်ထဲမှ စူးနင့်ဝင်နေသည့် ခံစားချက်များမှ လက်ခုပ်သံ ကြောင့် အာရုံပြောင်းလဲခွင့်ရသွား၍ ဆရာလည်း ရှေ့ဆက် စကားပြော နိုင်သွားခဲ့သည်။ (ဆရာရေ ရေး လိုက်ပြီနော်)။ ထိုအဖြစ်အပျက်ကလေးသည် ကမ္ဘာကြီး၏ထောင့်နေရာလေးတစ်ခုမှ မျက်ရည်များ ကြားမှ လွတ်မြောက်ခဲ့ရသည့် လက်ခုပ်သံ ကလေးဖြစ်သည်။

Credit: Author

ကမ္ဘာကြီးထဲတွင်လည်း လက်ခုပ်သံအကျယ်လောင်ဆုံးဖြင့် မျက်ရည်များကျဆင်းရာ ၊ မျက်ရည်များမှ လွတ်မြောက်ရာ နေရာတစ်ခုလည်း ရှိခဲ့ဖူးသည်။ ထိုနေရာကား ကိုလိုစီယမ် (Colosseum) ( ခေါ် ) Flavian Amphitheatre (ဖလားဗီးယန်း အမ်ဖီသီယေတာ)လို့လည်းခေါ်သည့် ပရိသတ် ငါးသောင်းမှ ရှစ်သောင်းလောက်အထိဆံ့သည့် ကျွန်များ၊ ရာဇဝတ်သားများနှင့် စစ်သုံ့ပန်း (Gladiators) တို့ကို တစ်ယောက်နှင့် တစ်ယောက် အသက်ပြိုင်လုခဲ့ကြရသည့်ကွင်းကြီးပင်ဖြစ်သည်။ ထိုကွင်းတွင် ဂလက် ဒီယေတာ (Gladiator) ချင်း တိုက်ခိုက်စေရုံသာမကဘဲ တောရိုင်း တိရစ္ဆာန် များနှင့် တိုက်ခိုက်စေခြင်း၊ ရေတပ်စစ်ပွဲပုံစံတုများ (Naumachia) ပြသခြင်းနှင့် ရာဇဝတ်သား ကွပ်မျက်ခြင်းတို့ကို အများပြည်သူ များကြည့်ရှုစေရန် လုပ်ခဲ့ကြသည်။ တိုက်ခိုက်သူတစ်ယောက် ရှုံးနိမ့်သွားသည့် အခါမျိုးတွင် သူ့ကိုသတ် မသတ် ဆိုသည်ကို ပရိသတ်များ၏ လက်ခုပ်သံနှင့် အော်ဟစ် အားပေးမှုကို ကြည့်ပြီး ဧကရာဇ်က လက်မကို အောက်စိုက်ပြပါက (Pollice Verso) သတ်ဖို့ အမိန့်ပေးခြင်း ဖြစ်ပြီး လက်မကို အထဲမှာဝှက်ထားလျှင်သော်လည်းကောင်း သို့မဟုတ် တခြားပုံစံတစ်ခုခုပြပါက အသက်ချမ်းသာခွင့် တို့ကို ဆုံးဖြတ်လေ့ရှိခြင်းပင်ဖြစ်သည်။ ဂလက်ဒီယေတာများဖြစ်သော်လည်း ထူးထူးခြားခြားအနေဖြင့် ယနေ့ခေတ် ဘောလုံးစတားများလို နာမည်ကြီး၍ ရောမအမျိုးသမီးများ ကြားမှာ ရေပန်းစားခဲ့ပြီး သူတို့၏ ချွေးကို အလှကုန်ပစ္စည်းအဖြစ် ရောင်းချခဲ့ရသည်အထိ ဖြစ်ရပ် များရှိခဲ့သည်။

ဆိုဗီယက် ယူနီယံခေါင်းဆောင် စတာလင် လက်ထက်တွင် ဖြစ်ရပ်တစ်ခုသည် ကြောက်စရာကောင်းသလို ထူးလည်း ထူးဆန်း ပေသည်။ ကွန်ဖရင့်တစ်ခုတွင် စတာလင်ကို ဂုဏ်ပြုပြီး လက်ခုပ်တီးကြသည့် အခါ ၁၁ မိနစ် ကြာလာသော်လည်း မည်သူမှ လက်ခုပ်တီးသည်ကို အရင် မရပ် ရဲခဲ့ကြပေ။ အကြောင်းရင်းမှာ “အရင်ဆုံး လက်ခုပ်အတီးရပ်တဲ့သူဟာ စတာလင်ကို မလေးစားသူ” အဖြစ် သတ်မှတ်ခံရပြီး အဖမ်း ခံရမည်ကို ကြောက်၍ပင်။ နောက်ဆုံး၌ စက်ရုံပိုင်ရှင် တစ်ယောက်က ဘဲလ်တီးပြီး ရပ်လိုက်ရသည်။ (နောက်ပိုင်းမှာ အဲဒီလူဟာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတယ်လို့ ဆိုကြပါတယ်)။ ၁၉၉၁ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ ဗီယင်နာ အော်ပရာပြဇာတ်ရုံ၌ကျင်းပသည့် ‘Otello’ ပြဇာတ် အပြီးတွင် နာမည် ကျော်အော်ပရာအဆိုတော် Placido Domingoကိုပရိသတ်များက ၈၀ မိနစ် (တစ်နာရီကျော်) ကြာအောင် လက်ခုပ်တီး အားပေးမှုကလည်းထူးခြားမှုတစ်ခုဖြစ်သည်။ ထိုအဖြစ်အပျက် သည် အကြာဆုံး လက်ခုပ် တီး အားပေးမှုအဖြစ် မှတ်တမ်း ဝင်ခဲ့ပြီး အော်ပရာအဆိုတော် Placido Domingoကလည်း ပရိသတ် ရှေ့ကို ၁၀၁ ကြိမ်ထွက်ပြီး အလေးပြုလိုက်ရပေသည်။

လက်ခုပ်တီး အားပေးခြင်းနှင့်ပတ်သက်ပြီး သမိုင်းတွင် ထင်ရှားသည့်ဘုရင်တစ်ပါးလည်းရှိသည်။ အေဒီ (၅၄) ခုနှစ်ကနေ (၆၈) ခုနှစ်အထိ ရောမအင်ပါယာကို အုပ်ချုပ်ခဲ့သူဖြစ်ပြီး ရောမ၏ ပထမဆုံး မင်းဆက်ဖြစ်သည့် ဂျူလီယို-ကလောဒီယန်း (Julio-Claudian) မင်းဆက်၏ နောက်ဆုံးမင်းလည်း ဖြစ်သည်။ များသောအားဖြင့် သူ့ကိုသိကြသည်မှာ “Nero fiddled while Rome burned” ‌”ရောမ မြို့ကြီး မီးလောင် နေတာတောင် နီရိုတယောထိုးမပျက်ဘူး“ ဆိုသည့်စကားပင်ဖြစ်သည်။ သူ ကိုယ်တိုင်လည်း သီချင်းဆိုခြင်း၊ ပြဇာတ်ကခြင်းတို့ကို ဝါသနာပါသူ ဖြစ်သည်။ သူဖျော်ဖြေနေစဉ် အားရပါးရ လက်ခုပ်တီးပေးဖို့အတွက် “Augustiani” လို့ခေါ်သော လူငယ်ပေါင်း ၅,၀၀၀ ခန့်ကို ငှားရမ်းခဲ့သည်။

ထိုသူများသည် အပျော်တမ်း လက်ခုပ်တီးခြင်းမျိုးမဟုတ်ဘဲ လက်ခုပ်တီးပုံ နည်းစနစ်တွေကိုပါ အထူး လေ့ကျင့်ထားရသူများ ဖြစ်သည်။ ဖျော်ဖြေပွဲမှ ပရိသတ်များက လက်ခုပ်မတီးဘဲ နေလို့ မရသလို ပွဲ မပြီးမချင်း ပြန်ထွက်သွားခွင့်လည်း မရှိပေ။ (တချို့ဆိုရင် ပွဲကနေ ထွက်ပြေး ချင်လွန်းလို့ သေချင် ယောင်ဆောင်ပြီး အပြင်ကို ထမ်းထုတ်ခိုင်းရတဲ့အထိ ဖြစ်ခဲ့တယ်လို့ သမိုင်းမှာ ဆိုထားပါတယ်)။

စိတ်ဝင်စားစရာအကောင်းဆုံးက ထိုရောမ‌ခေတ်တွင် အားပေးကြသည့် လက်ခုပ်တီးနည်းများပင် ဖြစ်သည်။ ယနေ့ခေတ်ထက်ပို၍ စနစ်ကျသည်ဟုဆိုနိုင်သည်။ အဘယ့်ကြောင့်နည်းဟုဆိုရလျှင် ယနေ့လက်ခုပ်တီးနေသူများက လက်ခုပ်တီးပြီးဆိုလျှင် လက်ဝါးနှစ်ဖက်ကို တီးခတ်လိုက်ခြင်းဆိုရုံပင် ဖြစ်သည်။ ဘယ်လိုပုံစံမျိုးဖြင့် ဘယ်လိုနေရာတွင်တီးရမည်ဆိုသည့် ကန့်သတ်ချက်မရှိပေ။ သို့သော်လည်း ရောမ ခေတ်တွင် ရှိသည်။ Bombi (ဘုံဘီ) Imbrices (အင်ဘရီစက်စ်) Testae (တက်စတေး) ဟူ၍ပင်လက်ခုပ်တီးနည်းပုံစံ သုံးမျိုးပင် ခွဲထား သေးသည်။

“ဘုံဘီ” (Bombi) ဆိုသည်မှာလက်တင်ဘာသာစကား “Bombus”မှ ဆင်းသက်လာခြင်းဖြစ်ပြီး “ပျားပိတုန်း တဝီဝီမြည်သံ” (Buzzing Sound)ဟု အဓိပ္ပာယ်ရသည်။ လက်ဖဝါးနှစ်ဖက်လုံးကို ဖြန့်မထားဘဲ “ရေခပ်တဲ့အခါ သုံးတဲ့ လက်ခွက် ပုံစံ” (Cupped Hands)  လက်ချောင်းလေးကို တစ်ခုနှင့်တစ်ခု ထိကပ်ထား၍ လက်ဖဝါး အလယ်က ခွက်နေသည့် နေရာကိုရိုက်တီးခြင်းဖြစ်သည်။ ထိုအခါလက်ဝါးနှစ်ခုကြား လေပိတ် မိသွားသောကြောင့် “ဖတ် ဖတ်” အစား ခပ်အုပ်အုပ်၊အသံမျိုး ထွက်လာပေမည်။ ထို “ဘုံဘီ” အသံသည် ပရိသတ်အများကြီး စုပေါင်း လုပ်ဆောင်သည့် အခါတွင် “ပင်လယ်လှိုင်းသံ” သို့မဟုတ် “မိုးကြိုးပစ်သံ” လို ခွန်အားပြည့်ဝသည့်ခံစားမှုကို ပေးစွမ်းနိုင်သည်။ နီရိုးဘုရင်က ထိုလက်ခုပ်တီးသံကို နတ်ဘုရားများနှင့် ထိုက်တန်သည့် အသံဟု ယူဆခဲ့သည်။ ရှေးဟောင်းမှတ်တမ်းတချို့တွင် ဧကရာဇ် နီရိုး၏ လက်ခုပ်တီး အဖွဲ့က ဤသို့တီးပေးရသည့်အပြင် ပါးစပ်မှ “ဟမ်း… (Humming)” ဆိုသည့် အသံကို တစ်ပြိုင်နက်တည်းအော်ဟစ်ပြီး အားပေးကြရသည်။

Imbrices (အင်ဘရီစက်စ်) – “မိုးစက်သံလို လက်ခုပ်တီးနည်းမှာ “အိမ်ခေါင်မိုးပေါ်သို့ မိုးစက်များ ကျလာသောအသံ” မျိုးရအောင် တီးခတ်ခြင်း ဖြစ်သည်။ လက်ဖဝါးကို “ဘုံဘီ” လိုမျိုး အများကြီး ခွက်မထားဘဲ အနည်းငယ်သာ ကွေးထား ရသည်။ (လက်တင်ဘာသာစကား Imbrex ဆိုတာ ရှေးဟောင်းရောမခေတ်တွင် အမိုးမိုးလေ့ရှိသည့် အကွေးပုံစံ ခေါင်မိုးကြွပ်ပြားကို ဆိုခြင်းဖြစ်သည်။ လက်ချောင်းထိပ်နှင့် အခြား လက်တစ်ဖက်ရဲ့ လက်ဖဝါးကို ခပ်သွက်သွက်လေး ရိုက်ခြင်းမျိုးပင်။ ထိုအခါပြတ်သားပြီး စည်းချက်ကျသော အသံမျိုး ထွက်လာသည်။ ပရိသတ်က ဖျော်ဖြေမှုကို သဘောကျပြီး အားပေးသည့်အခါတွင် အသုံးပြုလေ့ရှိသည်။

Testae (တက်စတေး)”အိုးခြမ်းပဲ့ ရိုက်သံလို လက်ခုပ်တီးနည်း”သည် အားအရှိဆုံးနှင့် အကျယ်လောင် ဆုံး လက်ခုပ်တီးနည်းဖြစ်ပြီး “အမြင့်ဆုံး ချီးမွမ်းခြင်း”ဟု သတ်မှတ်ထားသည်။ လက်ဖဝါး နှစ်ဖက် လုံးကိုမကွေးတော့ဘဲ အပြားအတိုင်း (Flat Palms) အားအင်အပြည့်ဖြင့် တီးခြင်း ဖြစ်သည်။ ရောမသားများကထိုအသံကို “မြေအိုးတွေကို တစ်ခုနဲ့တစ်ခု ရိုက်ခွဲလိုက်တဲ့ အသံ” (Testae ဆိုသည်မှာ အိုးခြမ်းပဲ့ဟု အဓိပ္ပာယ် ရသည်) နှင့်တူ၍ဆိုကြခြင်းဖြစ်သည်။ ဧကရာဇ်မင်းမြတ် သို့မဟုတ် သူရဲကောင်းတစ်ယောက် ကွင်းထဲ ဝင်လာသော အခါမျိုးတွင် ဂုဏ်ပြုရန် တီးကြသည်။

လက်ခုပ်တီးကြခြင်းနှင့်ပတ်သက်၍ ရှားရှားပါးပါးတွေ့ရသည့်ဆောင်းပါးတစ်ပုဒ်မှာ Megan Garber ရေးသော “A History of the Applause” ဆောင်းပါးတွင် ဘာကြောင့် ခြေထောက်နှင့် မြေကြီးကို မဆောင့်ကြဘဲ လက်ဝါးချင်း ရိုက်လျက်လက်ခုပ်တီးခြင်းကို ရွေးချယ်ခဲ့ကြသည်ကို ဆန်းစစ် ပြထားသည်။ လက်ဖဝါး နှစ်ဖက်ကို ရိုက်၍လက်ခုပ်တီးပြခြင်းက “ငါ့လက်ထဲမှာ ဘာလက်နက်မှ မရှိဘူး၊ ငါဟာ မင်းကို ရန်ပြုမယ့်သူ မဟုတ်ဘူး”ဟူ၍ ငြိမ်းချမ်းရေးသဘောကို ဖော်ဆောင်ပြလိုခြင်း ဖြစ်နိုင် သည်။လူတစ်ဦးချင်းစီ၏ အသံထက် လူအများစုပေါင်းပြီး လက်ခုပ် တီးသံက ပိုပြီး ကျယ်လောင်သလို တစ်ဦးချင်း ကိုယ်ပိုင်လက္ခဏာ ဆိုသည်ထက် စုပေါင်းအင်အား တစ်ခုအဖြစ် ပြောင်းလဲ သွားစေခဲ့သည် ဟု ဆိုထားပေသည်။ ထို့ပြင် ရောမခေတ် ဓလေ့ကို အခြေခံကာ ၁၉ ရာစု (၁၈၂၀ ခုနှစ်များ) ပြင်သစ် နိုင်ငံ၊ ပါရီမြို့၌ “L’Assurance du Succès” (အောင်မြင်မှု အာမခံချက်) အေဂျင်စီတစ်ခု ပေါ်ပေါက်ခဲ့ သည်ကိုလည်း ဖော်ပြထားသည်။ “Commissaires (ကော်မရှင်နာများ)က ပြဇာတ်ကို အလွတ်ကျက် ထားပြီး ဘယ်နေရာမှာ လက်ခုပ်တီးရမလဲဆိုတာ ဘေးကလူတွေကို လမ်းညွှန်ပေးရသူများ။ Rieurs (ရယ်မောသူများ) ဟာသခန်း တွေမှာ အားရပါးရ ရယ်မောပေးရသူများ။ Pleureurs (ငိုကြွေးသူများ) ဝမ်းနည်းစရာ အခန်းတွေမှာ ပဝါလေးနဲ့ မျက်ရည်သုတ်ပြီး ငိုပြရသူများ (အမျိုးသမီးများ အများဆုံး လုပ်လေ့ရှိသည်)။Bisseurs (ထပ်ဆိုခိုင်းသူများ) ပွဲအပြီးမှာ “Encore” (နောက်တစ်ခေါက်) လို့ အော်ဟစ်တောင်းဆိုပေးရသူများ။”ဟူ၍ထိုအဖွဲ့တွင် ရာထူးအလိုက် အလုပ်များပင် ခွဲထားလေသည်။ Megan Garber က လက်ခုပ် တီးခြင်းသည် ပရိသတ်အတွက် “စကားပြောခွင့်” တစ်မျိုးဟုဆိုသည်။ ရှေးခေတ်ပရိသတ်များကယနေ့ခေတ်လို ငြိမ်ငြိမ်လေး ထိုင်ကြည့်ခြင်း မျိုး မဟုတ်။ မကြိုက်လျင် အော်ဟစ်ပြောဆိုခြင်းမျိုး၊ သစ်သီးနှင့် ပစ်ပေါက်ခြင်းများ လုပ်လေ့ရှိသည်။

လက်ခုပ်တီးခြင်းသည် ဖျော်ဖြေသူအား “မင်းလုပ်တာ ငါတို့ သဘောကျတယ်” ဟု ပရိသတ်က တရားဝင် ပြန်လည် တုံ့ပြန်ခွင့်ရသော နည်းလမ်း တစ်ခုပင် ဖြစ်လာခဲ့သည်။ ဆောင်းပါးထဲ၌ သူမ ထောက်ပြထားသည့် စိတ်ဝင်စားစရာ အချက်တစ်ခုမှာ ပြဇာတ်ရုံထဲမှ လက်ခုပ်သံများ သည် ဒီမိုကရေစီ ဆန်သည်ဟုဆိုခြင်းပင်။ ခန်းမထဲမှပရိသတ်သည် လူကုံထံပဲဖြစ်ဖြစ်၊ သာမန်လူတန်း စား ပဲဖြစ်ဖြစ် လူတိုင်းတွင် လက်နှစ်ဖက်သာ ရှိသည်။ထိုကြောင့်လူတိုင်း၏ လက်ခုပ်သံမှာ အတူတူ ဖြစ်သည့်အတွက်လူတန်းစားမရွေး သူတို့၏ ဆန္ဒကို တန်းတူညီမျှ ဖော်ထုတ်ခွင့်ရသော နေရာတစ်ခု ဖြစ်ခဲ့သည်။ သို့ဖြစ်၍”စုပေါင်းဆန္ဒ” (Collective Opinion) ကို ဖော်ပြနိုင်သည့်တစ်ခုတည်းသော အရာတစ်ခု ဖြစ်လာခဲ့သည်။ လက်ခုပ်တီးခြင်းသည် “ကူးစက်တတ်သော ရောဂါ” တစ်ခုလိုပင်။ လူတစ်ယောက်မှ စတီးလိုက်သည်နှင့် ဘေးမှကျန်လူများက ဘာကြောင့်တီးမှန်း မသိစေကာမူ လိုက်တီးကြလေ့ရှိသည်။ ထိုကြောင့်လက်ခုပ်တီးခြင်းကို “Social Contagion” ဟု ခေါ်ပြီး လူများ၏ စုပေါင်းစိတ်ဓာတ်ကို ပြသပေသည်ဟူ၍တင်ပြထားလေသည်။

လက်ခုပ်တီးခြင်းနှင့်ပက်သက်၍ Guinness World Records တွင် ကမ္ဘာ့အကျယ်ဆုံး လက်ခုပ်တီး နိုင်သူမှာ ဗြိတိန်နိုင်ငံသား Alastair Galpin ဖြစ်သည်။ သူတီးလိုက်သော လက်ခုပ်သံသည် 113 Decibels (ဒီစီဘယ်)ရှိသည်။ ထိုအသံမှာ သံမဏိဖြတ်စက်အသံ သို့မဟုတ် ဟယ်လီကော် ပတာ အနီးကပ် ပျံသန်းသည့်အသံ နီးပါး ကျယ်ပေသည်။ ကျွန်တော်လည်း သူ့ထက်ကျယ်အောင် လက်ခုပ်တီး၍ ဂင်းနစ်စံချိန်တင်ချင်မိသည်။ သို့သော် အားကဖြင့် ချည့်နဲ့နဲ့။

၂၀၂၆၊ ဇန်နဝါရီလ ၁၂ ရက်

Sources: Megan Garber (A History of the Applause), Youtube AGT and Internet

Click to rate this post!
[Total: 0 Average: 0]