The Corner

The Corner

cropped-Logo_round_grey-background.png

အထင်မှားနေကြတဲ့ လိပ်ပြာတောင်ပံသက်ရောက်မှု

Share မယ်

လိပ်ပြာတောင်ပံသက်ရောက်မှု ဆိုတာ တကယ့် အံ့ဖွယ်ဖြစ်စဉ်ပါ။ ဒါပေမဲ့ ခင်ဗျား ထင်သလိုတော့ မဟုတ်ပါဘူး။

လိပ်ပြာတောင်ပံသက်ရောက်မှုကို ရုပ်ရှင်တွေ၊ စာအုပ်တွေ နဲ့ လူမှုကွန်ရက် မီဒီယာ ဇာတ်လမ်းတွေထဲမှာ ဖော်ပြကြတယ်။ ဒါပေမဲ့ သူ့ရဲ့ နောက်ကွယ်က သိပ္ပံအချက်အလက်တွေက သိပ္ပံပညာရှင်တွေ အနာဂါတ်ကို ခန့်မှန်းတဲ့နေရာမှာ သုံးတာပဲ ဖြစ်ပါတယ်။

၁၉၆၁ ခုနှစ်မှာ အမ်အိုင်တီ (MIT) မိုးလေဝသပညာရှင် အက်ဒဝပ်ဒ် လောရန့်ဇ် က ရာသီဥတုကို ခန့်မှန်းနိုင်တဲ့ ပရိုဂရမ် တစ်ခုရေးဆွဲခဲ့တယ်။ သူ့ရဲ့ နမူနာ မော်ဒယ်ထဲမှာ ကိန်းရှင်တွေ ဒါဇင်ချီ သုံးရပြီး အဲဒီထဲက တန်ဖိုး တစ်ခုက ၀.၅၀၆၁၂၇ ဖြစ်တယ်။ သူက ကွန်ပျူတာထဲက မော်ဒယ်ကို နောက်တစ်ခါ ထပ်တွက်ခိုင်းတဲ့အခါမှာ တန်ဖိုးကို ၀.၅၀၆ ဆိုပြီး အနီးဆုံးယူလိုက်တယ်။ ပြီးတော့ ကော်ဖီသွားယူဖို့ ထွက်လာခဲ့တယ်။

သူအခန်း ပြန်ရောက်တဲ့အခါ ခန့်မှန်းချက်က လုံးဝ ပြောင်းလဲသွားခဲ့ တာကို တွေ့လိုက်ရတယ်။ အင်မတန် သေးငယ်တဲ့ အပြောင်းအလဲက ရလဒ်အသစ် တစ်ခုကို ထုတ်ပေးခဲ့ပါတယ်။

၁၉၇၂ ခုနှစ်မှာကျင်းပခဲ့တဲ့ သိပ္ပံပညာတိုးတက်ရေး အမေရိကန်အသင်းရဲ့ အစည်းအဝေး တစ်ခုမှာ လောရန့်ဇ်က သူ့တွေ့ရှိချက်ကို မေးခွန်း တစ်ခုမေးပြီး ရှင်းပြခဲ့တယ်။ “ဘရာဇီးက လိပ်ပြာတကောင် တောင်ပံ ခတ်လိုက်တဲ့ အတွက် တက္ကဆပ်မှာ လေဆင်နှာမောင်းကြီးတခု ဖြစ်လာတာလား” အဲဒီမေးခွန်းက အင်မတန် ကျော်ကြား သွားခဲ့ပါတယ်။

ကမ္ဘာ့လေထုသုတေသနအတွက် တက္ကသိုလ်များ ကော်ပိုရေးရှင်းရဲ့ ဥက္ကဋ္ဌဟောင်း ရစ်ချတ် အေ အန်သဲစ် က ပြောတယ်။ “လောရန့်ဇ် ရှင်းပြခဲ့တာက ဒီလိုပါ။ ရိုးရှင်းတဲ့ သင်္ချာပုံသေနည်းတွေ သုံးထားတဲ့ စနစ်တစ်ခုမှာ အမှုန်ကလေး တစ်ခုရဲ့ မူလအနေအထား နည်းနည်းလေး ပြောင်းသွားရုံနဲ့ အဲဒီအမှုန်ရဲ့ အနာဂတ် အနေအထားက ကြီးကြီးမားမား ပြောင်းလဲသွားနိုင်တယ်။ အခုလုပ်လိုက်တဲ့ အပြောင်းအလဲ သေးသေးကလေးကြောင့် နောင်တစ်ချိန်မှာ မခန့်မှန်းနိုင်တဲ့ ဧရာမ အပြောင်းအလဲကြီး ဖြစ်လာနိုင်တယ်တဲ့”

မမြင်ရလောက်အောင် သေးငယ်တဲ့ အပြုအမူ တစ်ခုဟာ အရေးပါတဲ့ပြောင်းအလဲတွေကို ဖြစ်စေတယ်ဆိုတဲ့ ဒီအယူအဆက သိပ္ပံပညာရှင်တွေကိုသာမက အများပြည်သူရဲ့ စိတ်နှလုံးကိုပါ ဖမ်းစားခဲ့ပါတယ်။

လောရန့်ဇ်ရဲ့ အယူအဆဟာ သိပ္ပံပညာကို ဒဿနအမြင်အရ လှုပ်ခတ်စေခဲ့တယ်လို့ ဆန်ဒီရေဂိုပြည်နယ် တက္ကသိုလ် သင်္ချာနဲ့ စာရင်းအင်း ဋ္ဌာနရဲ့ တွဲဖက်ပါမောက္ခ ဘိုဝမ်ရှန်းက ပြောတယ်။ အနာဂတ်ကို ခန့်မှန်းတာက အတိုင်းအတာ တစ်ခုအထိပဲ ဖြစ်နိုင်ချေရှိပါတယ်။ လောရန့်ဇ် ပြောခဲ့တဲ့အတိုင်း “ကစဉ့်ကလျားဖြစ်မှုတွေ”ဟာ များသောအားဖြင့် မမြင်ရပေမဲ့ အမြဲတမ်းရှိနေမှာ ဖြစ်တယ်။ ဒီအယူအဆက လူတွေကို အားတက်စေတယ်လို့ ရှန်းက တွေးတယ်။ ဘာလို့လဲဆိုတော့ “အသေးငယ်ဆုံး မငြိမ်သက်မှုကလေးတွေကတောင် ကြီးမားထင်ရှားတဲ့ သက်ရောက်မှုတွေကို ဖြစ်စေနိုင်တယ်” လို့ ဆိုတာကိုး။ အဲဒီတော့ သေးငယ်လှတဲ့ လုပ်ဆောင်မှုတွေကနေတဆင့် အပြုသဘောဆောင်တဲ့ အပြောင်းအလဲ ဖြစ်စေတယ်ပေါ့။

သာမန်လူတွေ ကြားမှာတော့ လိပ်ပြာတောင်ပံသက်ရောက်မှုကို အခြားနည်းနဲ့ ပြောကြသုံးကြတယ်။ နေ့စဉ်ဘဝရဲ့ အသေးအမွှားကိစ္စလေးတွေဖြစ်တဲ့ ဖိနပ်ပြတ်သွားတာ၊ ရထားမမီလိုက်တာ၊ ကားစက်နှိုးမရတာတွေက တစ်ဆင့် မတော်တဆဖြစ်မှာကို ရှောင်လိုက်နိုင်တာမျိုး၊ အနာဂါတ်မှာ ကိုယ့်ရဲ့ကြင်ဖော်ဖြစ်လာမယ့်သူနဲ့ တွေ့တာမျိုး စတဲ့ အရေးပါတဲ့ ကိစ္စတစ်ခုခု ဖြစ်သွားနိုင်တယ်လို့ ရုပ်ရှင်တွေ၊ လူမှုမီဒီယာတွေပေါ်မှာ ဖော်ပြကြတယ်။ ဒါပေမဲ့ အဲဒါတွေက တကယ်တော့ တိုက်ဆိုင်မှုတွေလို့ပဲ ပြောရပါမယ်။ လောရန့်ဇ်ပြောတဲ့ အဓိပ္ပါယ်မျိုး မဟုတ်ပါဘူး။

သို့သော်လည်း ကျွန်တော်တို့ရဲ့ ပစ္စုပ္ပန်လုပ်ဆောင်မှုတွေက အနာဂါတ်ကို ဘယ်လိုပုံဖော်မလဲဆိုတာကို လေ့လာဖို့အတွက် လိပ်ပြာတောင်ပံသက်ရောက်မှုကို သိပ္ပံပညာရှင်တွေ ဆက်သုံးနေကြဆဲပါပဲ။

လိပ်ပြာတောင်ပံသက်ရောက်မှုကို သိပ္ပံပညာရှင်တွေ ဘာကြောင့် အငြင်းပွားနေကြသလဲ

အဓိက အထင်မှားစေတဲ့ အကြောင်းကတော့ လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံတွေကြောင့် လေဆင်နှာမောင်းတခု တကယ်ဖြစ်လာနိုင်တယ်လို့ ယုံကြည်ရာက စတာပါပဲ။

“အဲဒါက တင်စားမှုတစ်ခုပါ” ရှန်းက ပြောတယ်။ နယ်ပယ်အသီးသီးမှာ ရှိကြတဲ့ ရှေ့ဆောင်လမ်းပြ ကျွမ်းကျင်သူ တွေဟာ လိပ်ပြာတောင်ပံသက်ရောက်မှု ဆိုတာ “ရှရိုဒင်ဂျာရဲ့ကြောင်” လိုပဲလို့ အမြင်တူခဲ့ကြပါတယ်။ မှန်သလား မှားသလား ဘယ်တော့မှ သက်သေမပြနိုင်ပါဘူး။

ကော်လိုရာဒိုပြည်နယ်တက္ကသိုလ် ကမ္ဘာ့လေထုသိပ္ပံဘာသာရပ်ရဲ့ အငြိမ်းစားပါမောက္ခ ရော်ဂျာပီးလ်ကီ စီနီယာ က အခုလို ပြောပါတယ်။ “လိပ်ပြာတစ်ကောင် တောင်ပံခတ်လို့ ကီလိုမီတာ ထောင်ချီဝေးတဲ့နေရာမှာ ဒါမှမဟုတ် ဒေသတွင်းမှာတောင် လေဆင်နှာမောင်းတခု ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားနဲ့ ပတ်သက်ပြီးပြောရရင် ဘယ်လိုအခြေအနေမျိုးမှာမဆို မဖြစ်နိုင်ပါဘူး။ အဖြေက “မဖြစ်ဘူး”ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ရှိပါတယ်”

ဒီအယူအဆအပေါ် ဘယ်လိုနားလည်သင့်သလဲဆိုတာကို သိပ္ပံပညာရှင်တွေကြားမှာတောင် အပြည့်အဝ သဘောတူညီမှုမရကြပါဘူး။ ၂၀၂၄ ခုနှစ်ထုတ် ယနေ့ရူပဗေဒဂျာနယ်မှာ ရှန်းရဲ့အဖွဲ့နဲ့ အောက်စဖို့ဒ်တက္ကသိုလ် ရာသီဥတုဆိုင်ရာ ရူပဗေဒပါမောက္ခ တင်ပါးလ်မားတို့ကြားက အခြေအတင် ဆွေးနွေးချက်တစ်ခုကို ဖော်ပြခဲ့တယ်။

မိုးလေဝသဆိုတာ လေထုပုံစံအမျိုးမျိုးနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ အဲဒီပုံစံတွေဟာ အတူတကွအလုပ်လုပ်ကြပြီး ပတ်ဝန်းကျင်ကို ပြောင်းလဲစေတယ်။ လောရန့်ဇ်က အဲဒီလိုပဲ တင်ပြခဲ့တာလို့ ပါးလ်မားက ယုံကြည်တယ်။ ၂၀၁၇ ခုနှစ် အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ရုပ်သံတင်ဆင်မှု တစ်ခုမှာ ပါးလ်မားက ရာသီဥတု ဆိုတာကို တစ်ခုထဲမှာ နောက်တစ်ခု ဆင့်ကာ ဆင့်ကာ ထည့်ထားတဲ့ ရုရှပစ်တိုင်းထောင်အရုပ်လေးတွေနဲ့ နှိုင်းယှဉ်ခဲ့ပြတယ်။ ၁၀၀၀ ကီလိုမီတာ ကျယ်တဲ့ လေဖိအားနည်းရပ်ဝန်းထဲမှာ ၁၀၀ ကီလိုမီတာ အရွယ်အစားရှိတဲ့ မိုးတိမ်မုန်တိုင်းတွေ ရှိမယ်။ အဲဒါတွေထဲမှာ ပိုသေးပြီး လှုပ်ရှားလွန်းနေတဲ့ တိမ်တိုက်တွေ ရှိမယ်။ အဲဒါရဲ့ အထဲမှာမှ ပိုပြီးတောင်သေးတဲ့ လေပွေလေဝဲတွေ ရှိနိုင်မယ်။

လိပ်ပြာတောင်ပံသက်ရောက်မှုနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အဓိပ္ပါယ်ဖွင့်ဆိုချက် ပါးလ်မားမှာ ရှိတယ်။ ၂၀၁၄ ခုနှစ်အတွင်း သူရေးခဲ့တဲ့ သိပ္ပံဆောင်းပါး တစ်ပုဒ်ထဲမှာ “အကန့်အသတ်ရှိပြီး ကြိုတင်ခန့်မှန်းနိုင်တဲ့ နယ်နိမိတ်တွေ ဆိုတာ ရှိပါတယ်။ ကနဦး အခြေအနေမှာရှိတဲ့ မသေချာမှုတွေကို လျှော့ချလိုက်ရုံနဲ့ အဲဒီနယ်နိမိတ်တွေရဲ့ အနားသတ်ကို မတိုးချဲ့နိုင်ပါဘူး”

ရှန်းကတော့ လိပ်ပြာတောင်ပံသက်ရောက်မှုကို တခြားနည်းနဲ့ ရှင်းပြတယ်။ ၁၆၄၀ ခုနှစ်မှာ ကဗျာဆရာ ဂျော့ဟားဘတ် ပထမဆုံးရေးခဲ့တဲ့ စကားပုံကို သူက ကိုးကားပြတယ်။

သံမှိုတစ်ချောင်း မရှိလို့ မြင်းခွာတစ်ခု ဆုံးရတယ်။

မြင်းခွာတစ်ခု မရှိလို့ မြင်းတစ်ကောင် ဆုံးရတယ်။

မြင်းတစ်ကောင် မရှိလို့ မြင်းစီးသူရဲ ဆုံးရတယ်။

မြင်းစီးသူရဲ မရှိလို့ စစ်ပွဲတစ်ခု ရှုံးရတယ်။

စစ်ပွဲတစ်ခု ရှုံးလို့ နိုင်ငံတော်တစ်ခုလုံး ဆုံးရှုံးရတယ်။

အဲဒါတွေအားလုံးဟာ မြင်းခွာသံမှိုကလေး တစ်ခု မရှိလို့ပါပဲ။

“အင်မတန်သေးငယ်တဲ့ အပြောင်းအလဲကလေးကြောင့် ကိန်းဂဏန်းတွေနဲ့ ပတ်သက်တဲ့ တွက်ချက်မှုတွေဟာ နောက်ဆုံးမှာ ကြီးကြီးမားမား သက်ရောက်မှု ဖြစ်သွားနိုင်တယ်လို့ အဲဒီကဗျာက ဆိုတယ်” ရှန်းက ထုတ်နှုတ်ပြောပြပါတယ်။ “ရိုးရာပုံပြင်တွေဟာ မတည်မငြိမ်ဖြစ်မှုတွေရဲ့ သဘော သဘာဝကို ပိုပြီး ရှင်းရှင်းလင်းလင်း သရုပ်ဖော်နိုင်တယ်လို့ လောရန့်ဇ်က ယုံတယ်” ဒီစကားပုံက ကျွန်တော်တို့ကို နောက်ထပ် သတိပေးတာ ရှိသေးတယ်။ နောက်ပိုင်းထပ်ဖြစ်လာတဲ့ အဖြစ်အပျက်သေးသေးလေးတွေက ရလဒ်ကို ပြန်မပြင်နိုင်တော့ဘူး ဆိုတာပါပဲ။

ကစဉ့်ကလျားဖြစ်မှုကို အ‌ဖြေရှာခြင်း

သိပ္ပံပညာက ကစဉ့်ကလျားဖြစ်မှုကို အဓိပ္ပာယ်သတ်မှတ်ရာမှာ လိပ်ပြာတောင်ပံသက်ရောက်မှုက အရေးပါလာ ခဲ့တယ်။

“ပရော်ဖက်ဆာ လောရန့်ဇ် ရဲ့ ထူးခြားပြောင်မြောက်တဲ့ ပံ့ပိုးမှု တစ်ခုကတော့ သူဖန်တီးခဲ့တဲ့ ပုံစံငယ်တွေနဲ့ နည်းလမ်းတွေဟာ အခြေခံအုတ်မြစ်တွေ ဖြစ်ခဲ့တယ်။ အဲဒီ အုတ်မြစ်တွေဟာ များပြားလှတဲ့ လေ့လာမှုတွေကို လှုံ့ဆော်ပေးခဲ့တယ်။ ပြီးတော့ ကစဉ့်ကလျားသဘာဝရယ် အကန့်အသတ်ရှိတဲ့ ခန့်မှန်းနိုင်မှုရယ်ကို ကျွန်တော်တို့ နောက်တဆင့် နားလည်နိုင်ဖို့ ကူညီပေးခဲ့တယ်လို့ ရှန်း က ဆိုပါတယ်။

သိပ္ပံပညာရှင်တွေဟာ အဲဒီအချိန်ကစပြီး ကစဉ့်ကလျားဖြစ်နေတဲ့ စနစ်တွေကို လေ့လာခဲ့ကြတယ်။ ရာသီဥတု အပြောင်းအလဲ၊ တိရစ္ဆာန်ဦးရေ တိုးပွားမှု ဒါမှမဟုတ် ယာဉ်ကြောပိတ်ဆို့မှု စတဲ့ စနစ်တွေဟာ ကြုံရာကျပန်း ဖြစ်နေသလို ထင်ရတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အင်မတန် အနုစိတ်တဲ့ မူလအစ အခြေအနေတွေအပေါ် မူတည်ခဲ့တာကို တွေ့ရပါတယ်။ တခါတလေမှာ သေးငယ်တဲ့ အပြောင်းအလဲတွေက ကြီးမားတဲ့ သက်ရောက်မှု တွေကို မဖြစ်စေတာမျိုး ဒါမှမဟုတ် လက်တွေ့မှာ သူတို့ရဲ့ လွှမ်းမိုးမှုက အကန့်အသတ်ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ရှန်း က ခုလို ရှင်းပြပါတယ်။ “သမုဒ္ဒရာဆီ စီးဆင်းနေတဲ့ မြစ်ကြီးတစင်းကို မြင်ယောင်ကြည့်လိုက်ပါ။ သေးငယ်တဲ့ ရေဝဲလေးတွေနဲ့ လှိုင်းဂယက်လေးတွေရဲ့ လှုပ်ရှားမှုကို ပင်မရေစီးကြောင်းက ထိန်းချုပ်ထားပါတယ်။ အဲဒီ ရေဝဲလေး တွေကိုချည်းပဲကြည့်ရင်တော့ ကသောင်းကနင်းနဲ့ ခန့်မှန်းရခက်ပုံ ပေါ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ လှုပ်ရှား နေပုံကို နားလည်နိုင်ဖို့အတွက် ပိုမိုကြီးမားတဲ့ အခြေအနေတခုက ဖွဲ့စည်းပေးထားပါတယ်။” အန်သဲစ် ပြောသလို ပါပဲ။ “လိပ်ပြာတောင်ပံခတ်မှုတိုင်းက ထူးခြားတဲ့ ပြောင်းလဲမှုကို ဖြစ်မလာစေနိုင်ပါဘူး”

ဟိုးအဝေးက အနာဂတ် ရာသီဥတုကို ခန့်မှန်းဖို့အတွက် ဒီကနေ့ မိုးလေဝသကို အခြေအနေကို တိုင်းတာရုံနဲ့တင် မလုံလောက်ပါဘူး။ မဖြစ်နိုင်ဘူး လို့ ‌လောရန့်ဇ်က ပြခဲ့တယ်။ လက်တွေ့မှာ မိုးလေဝသကို တိတိကျကျ ခန်မှန်းနိုင်တဲ့ အတိုင်းအတာက သီတင်း နှစ်ပတ် လောက်ပဲ ရှိပါတယ်။

ရှန်းနဲ့ သူ့အဖွဲ့က အဲဒီအကန့်အသတ်တွေကို ဆက်ပြီး စမ်းသပ်ချင်ကြတယ်။ လောရန့်ဇ်ရဲ့ မော်ဒယ်တွေကို သုံးပြီး လေ့လာမှုတွေ ထုတ်ကြတယ်။ မိုးလေဝသနဲ့ ရာသီဥတုထဲမှာ ကစဉ့်ကလျားဖြစ်စဉ်တွေရယ် အစီအစဉ်တကျရှိ မှုရယ် ဆိုတဲ့ ဒွိသဘာဝ ရှိကြောင်း ပြသနိုင်ဖို့ နည်းလမ်းအသစ်တွေ ရှာဖွေကြတယ်။

လိပ်ပြာတောင်ပံသက်ရောက်မှုနဲ့ ရာသီဥတုအပြောင်းအလဲ

Credit: Prezi

လိပ်ပြာတောင်ပံသက်ရောက်မှုကို မိုးလေဝသ ခန့်မှန်းတဲ့နေရာမှာ အများဆုံး သုံးပါတယ်။ သိပ္ပံပညာရှင်တွေ ရာသီဥတုကို လေ့လာတဲ့နေရာမှာလည်း အသုံးဝင်တယ်။ မိုးလေဝသ ခန့်မှန်းတဲ့နေရာမှာ ပိုတိုးတက်လာအောင် ဉာဏ်ရည်တု အကူအညီယူပြီး လိပ်ပြာတောင်ပံသက်ရောက်မှု မော်ဒယ်တည်ဆောက်ဖို့ သုတေသနသမားတွေက မကြာသေးခင်က ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အဲဒါကို ဉာဏ်ရည်တုက မလုပ်နိုင်ခဲ့ဘူး။ ဒါဟာ လိပ်ပြာတောင်ပံ သက်ရောက်မှုက မှားတဲ့အတွက် မဟုတ်ပါဘူး။ ဉာဏ်ရည်တု အနေနဲ့ လိုက်မမီနိုင်သေးလို့ပဲ ဖြစ်တယ်။

လောရန့်ဇ်ရဲ့ လုပ်ဆောင်မှုတွေဟာ ဆက်ပြီး သြဇာလွှမ်းမိုးမှု ရှိနေတုန်းပါပဲ။ ရူပ‌‌ဗေဒ၊ ဇီဝဗေဒ၊ အင်ဂျင်နီယာပညာ၊ ဘောဂဗေဒ နဲ့ လူမှုသိပ္ပံအပေါ်ကိုတောင် ကစဉ့်ကလျားသီအိုရီက အပြောင်းအလဲတွေ ဖြစ်စေခဲ့တယ်။ အန်သဲစ်က ပြောတယ်။ “ပစ္စုပ္ပန် အခြေအနေ တစ်ခုအပေါ် မူတည်ပြီး အနာဂတ် အခြေအနေ တစ်ခု ဖြစ်လာမယ့် ရှုပ်ထွေး ပွေလီလှတဲ့ စနစ်တွေ ရှိတယ်။ ကမ္ဘာ့လေထုနဲ့ ပင်လယ်သမုဒ္ဒရာတွေရယ်၊ ရာသီဥတုရယ်၊ ရူပဗေဒရယ်၊ လူသားတွေရဲ့ ကျန်းမာရေးပါဝင်တဲ့ ဇီဝစနစ်တွေရယ်၊ ပြီးတော့ ဘောဂဗေဒနဲ့ နိုင်ငံရေးစနစ်တွေ ပါဝင်တဲ့ အထွထွေ လူ့အဖွဲ့အစည်းရယ် စသဖြင့် ပါဝင်တယ်။ အဲဒီစနစ် အားလုံးနီးပါးအတွက် လောရန့်ဇ်ရဲ့ လိပ်ပြာတောင်ပံ သက်ရောက်မှုကို သုံးနိုင်ပါတယ်။ အပြောင်းအလဲကလေးတွေကြောင့် အနာဂတ်မှာ မခန့်မှန်းနိုင်တဲ့ နဂိုကလည်း မရည်ရွယ်ထားတဲ့ အကျိုးဆက်ကြီးကြီးမားမားတွေ ဖြစ်လာနိုင်တယ်”

၂၀၁၁ ခုနှစ်မှာ ရာသီဥတုဆိုင်ရာ သုတေသနဗဟိုဌာနတခုကို လော့ရန်ဇ် လို့ ကင်ပွန်းတပ်ပြီး အမ်မိုင်တီက ဖွင့်လှစ် ခဲ့ပါတယ်။ ချက်ချင်း အသုံးမချနိုင်သေးတဲ့ “သုတေသနသီးသန့်” စီမံကိန်းတွေအတွက်ပဲ ငွေကြေး မတည်ခဲ့တာ ဖြစ်တယ်။ လိပ်ပြာတောင်ပံခတ်တာမျိုးလို အင်မတန်သေးငယ်တဲ့ လုပ်ဆောင်မှုလေးတွေကြောင့် တစ်နေ့မှာ အရေးပါတဲ့ အကျိုးသက်ရောက်မှုတွေ ရှိကောင်းရှိလာနိုင်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ လေ့လာနေတာကို ဒီသုတေသနတွေက ကူညီပါလိမ့်မယ်။

မူရင်း – The butterfly effect is a real phenomenon—but not how you think By Olivia Campbell, National geographic, June 7, 2025

Click to rate this post!
[Total: 0 Average: 0]