The Corner

The Corner

cropped-Logo_round_grey-background.png

တရုတ်ပို့ကုန်များကြောင့် ထိခိုက်လာရသည့် လက်တင်အမေရိကနိုင်ငံများ၏ စီးပွားရေး

Share မယ်

အမေရိကန်ပြည်ထောင်စုရဲ့ သွင်းကုန်ခွန်တွေကြောင့် စီးပွားရေးထိခိုက်လာတဲ့ တရုတ်နိုင်ငံဟာ သူ့နိုင်ငံရဲ့ ဈေးပေါလှတဲ့ ပို့ကုန်တွေနဲ့ လက်တင်အမေရိကဈေးကွက်ကို လွှမ်းမိုးထားခဲ့တာမို့ အဲဒီနိုင်ငံတွေက ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းတွေဟာ အခက်အခဲတွေကြုံကာ ညှစ်သတ်လိုက်သလို ဖြစ်ခဲ့ရတာမို့ တရုတ်ရဲ့ လွှမ်းမိုးမှုကို တွန်းလှန်ဖို့ သက်ဆိုင်ရာ နိုင်ငံအစိုးရတွေက ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ကျင့်သုံးဖို့ တွက်ဆလာရတယ်။

တရုတ်နိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းရှင်တွေဟာ အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ရဲ့ သွင်းကုန်ခွန်တိုးမြှင့်တာနဲ့ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ကာမိအောင် ဆောင်ရွက်နေတဲ့ အချိန်မှာ တရုတ်နိုင်ငံက လက်တင်အမေရိကနိုင်ငံတွေရဲ့ ဈေးကွက်ကို ဈေးပေါတဲ့ သူ့နိုင်ငံထွက် ပို့ကုန်ပစ္စည်းတွေနဲ့ လွှမ်းမိုးထားတယ်။ အထူးသဖြင့်ကတော့ ကားအမျိုးမျိုးနဲ့ အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး ပစ္စည်းတွေပဲ ဖြစ်တယ်။

ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်ပြည်ဟာ လက်တင်အမေရိကနိုင်ငံ အတော်များများရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပြီး ဒီနိုင်ငံတွေက ပေါကြွယ်ဝလှတဲ့ သဘာဝသယံဇာတတွေကို ရယူဖို့ နည်းလမ်းရှာ ကြိုးပမ်းနေတယ်။ ထရမ့်က အမေရိကရဲ့ နောက်ဖေးခြံဝင်းလို့ သဘောထားတဲ့ လက်တင်အမေရိကနိုင်ငံမှာ တရုတ်က သူ့ရဲ့ ဩဇာလွှမ်းမိုးမှုနယ်ပယ်ကို တိုးချဲ့နေရင်း ဈေးကွက်ကို ကြီးထွားလာအောင် ဆောင်ရွက်နေတာ ဖြစ်တယ်။ တရုတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ သူ့နိုင်ငံတွင်းမှာ ဝယ်လိုအား နှေးကွေးပြီး ချောက်ကပ်မှုနဲ့ ရင်ဆိုင်နေရတယ်။ ဒါ့ပြင် သူ့နိုင်ငံက စက်မှုကုန်ထုတ်လုပ်ငန်း အတော်များများမှာ ထုတ်လုပ်မှုကို မြန်မြန်ဆန်ဆန်နဲ့ သိသိသာသာ တိုးတက်အောင် ဆောင်ရွက်ခဲ့တာမို့ အဲဒီထွက်ကုန်တွေအတွက် ဈေးကွက်သစ်တွေ ရှာဖို့ လိုအပ်လာတယ်။ မနှစ်ကဆိုရင် လူဦးရေ သန်း ၆ဝဝ ကျော်ရှိတဲ့ လက်တင်အမေရိကဈေးကွက်နဲ့ တခြားနိုင်ငံတွေကို တင်ပို့ရောင်းချရတာတွေ သိသိသာသာ တိုးတက်ခဲ့ပြီး အမေရိကန်နိုင်ငံကို တင်ပို့တာကတော့ ၂ဝ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်။

“လက်တင်အမေရိကမှာက စစ်မှန်တဲ့ ဝယ်လိုအားနဲ့ ကုန်ပစ္စည်းဝယ်ယူသုံးစွဲတဲ့အား အတော်ကလေးမြင့်တဲ့ ခိုင်မာတဲ့ လူလတ်တန်းစားရှိတယ်။ ဒီအခြေအနေက တရုတ်နိုင်ငံရဲ့ ပိုလျှံနေတဲ့ ကုန်ထုတ်လုပ်မှုကို ဝန်ပေါ့အောင် ချပစ်ဖို့ တရုတ်အတွက် အလွယ်ကူဆုံး နေရာတစ်နေရာပဲ ဖြစ်တယ်” လို့ ဝါရှင်တန်မြို့ရှိ အမေရိကန်နိုင်ငံတွင်း ဆွေးနွေးပွဲ သုတေသနဌာနက အာရှနဲ့ လက်တင်အမေရိကဆိုင်ရာ အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး မာဂရက်မိုင်ယာက ဆိုပါတယ်။

တရုတ်ပြည်ထုတ် မော်တော်ကားတွေ၊ အဝတ်အထည်တွေ၊ အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ အိမ်သုံးပရိဘောဂပစ္စည်း အမျိုးမျိုးတွေ စုပြုံရောက်ရှိလာတာက ဒေသတွင်းနိုင်ငံတွေအတွက် သူတို့ကိုယ်ပိုင် ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်ရောင်းချနိုင်တဲ့ ပစ္စည်းတွေ ထုတ်လုပ်နိုင်တဲ့ စက်မှုကုန်ထုတ်လုပ်ငန်းတွေ တည်ဆောက် အကောင်အထည်ဖော်ရေးကို အနှောင့်အယှက် ဖြစ်စေခဲ့တယ်။ မက္ကဆီကို၊ ချီလီနဲ့ ဘရာဇီးလ်တို့လို နိုင်ငံတချို့ကတော့ ဒေသတွင်းက ကုန်ထုတ်လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ သွင်းကုန်ခွန်တွေ တိုးမြှင့်တာနဲ့ တခြားနည်းလမ်းတွေကို အသုံးပြုခဲ့ကြတယ်။

အီလက်ထရွန်းနစ်ရောင်းဝယ်ရေးစနစ်သုံး ဈေးပေါတဲ့ကုန်ပစ္စည်းတွေ ဈေးကွက်ဝေစုရယူမှု

တရုတ်ပြည်က ဈေးပေါတဲ့ ကုန်ပစ္စည်းတွေဟာ လက်တင်အမေရိကဒေသက စားသုံးသူ အတော်များများအတွက် သတင်းကောင်းတစ်ရပ် ဆိုပေမဲ့ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေ အတွက်ကတော့ ခေါင်းခဲစရာ ဖြစ်နေပါတယ်။ တီမူး (Temu) နဲ့ ရှိန် (Shein) တို့ ဦးဆောင်တဲ့ တရုတ်အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး စင်္ကြံ (e-commerce platforms) တွေက ဒီလမ်းကြောင်းကြီးကို အရှိန်မြှင့်ပေးခဲ့တယ်။

အာဂျင်တီးနား ဆိပ်ကမ်းသို့ တရုတ် EV ကားများတင်ဆောင်လာသည့် ကားတင်သင်္ဘော ကုန်ချနေစဥ် (Photo: AP)

“ကျွန်မဆိုရင် အဝတ်အစားဝယ်မလား၊ အိမ်သုံးပစ္စည်းကလေးတွေ ဝယ်မလား၊ တစ်ချိန်လုံးလိုလို တီမူးကို အသုံးပြုနေတာပါပဲ။ နာမည်ကျော် ကုန်အမှတ်တံဆိပ်ရှိတဲ့ ပစ္စည်းအမျိုးမျိုးကို ရောင်းချတဲ့ စတိုးဆိုင်ကြီးတွေ၊ ဈေးတန်းကြီးတွေမှာကျမှ ရှာလို့ရတဲ့ ပစ္စည်းမျိုးတွေကို အများကြီးသက်သာတဲ့ ဈေးနှုန်းမျိုးနဲ့ တီမူးမှာ ကျွန်မရှာတွေ့တယ်” လို့ ချီလီနိုင်ငံက စားသောက်ဆိုင်မန်နေဂျာ အမျိုးသမီးကြီး လေဒီ မိုဂိုလွန်က ဆိုပါတယ်။

ဈေးကွက်ထောက်လှမ်းရေးကုမ္ပဏီဖြစ်တဲ့ ဆင်ဆာတာဝါ (Sensor Tower) က ခန့်မှန်းတွက်ချက် ပြောဆိုချက်အရကတော့ ၂ဝ၂၅ ခုနှစ် ပထမခြောက်လပိုင်းမှာ လက်တင်အမေရိကဒေသက တီမူးအီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး ပလက်ဖောင်းကို လက်တွေ့အသုံးပြုနေတဲ့သူ လစဉ်ပျမ်းမျှအားဖြင့် ၁၁၄ သန်းရှိတယ်။ ၂ဝ၂၄ ခုနှစ်ကနဲ့ဆိုရင် နှစ်အလိုက် တိုးတက်မှုက ၁၆၅ ရာခိုင်နှုန်း ရှိတယ်လို့ သိရတယ်။ အဲဒီဒေသကြီးမှာ ရှိန်ပလက်ဖောင်းကို လစဉ်အသုံးပြုတဲ့သူက ၁၈ ရာခိုင်နှုန်း တိုးတက်လာတယ်။ ဒီလမ်းကြောင်းက အွန်လိုင်းရှော့ပင်းခေါ်တဲ့ အွန်လိုင်းကနေ ဈေးဝယ်တာလောက်နဲ့ ကန့်သတ်ထားတာ မဟုတ်ပါဘူး။ တီရှပ်၊ အပေါ်အင်္ကျီ၊ ဘောင်းဘီ၊ ကလေးကစားစရာ အမျိုးမျိုး၊ နာရီ၊ အိမ်ထောင်ပရိဘောဂ ပစ္စည်းအမျိုးမျိုးနဲ့ တရုတ်ပြည်လုပ် တခြားထွက်ကုန်တွေဟာ မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီး မြို့တော်ရဲ့ မြို့လယ်ခေါင်လမ်းတွေမှာရှိတဲ့ ဆိုင်တန်းတွေရဲ့ စင်ပေါ်မှာကို ပြည့်နေတာပါပဲ။ အဲဒီနယ်မြေရှိ လျှပ်စစ်မီးလုံး မီးချောင်းအမျိုးမျိုး ရောင်းချတဲ့ဆိုင်က အရောင်းမန်နေဂျာ အိန်ဂျယ်လ်ရာမီရက်ဇ်က ယှဉ်ပြိုင်ရောင်းဖို့ကို မနည်းကြိုးစားနေရတယ်။

“တရုတ်တွေကတော့ ကျွန်မတို့ကို ကုန်သွယ်ရေးနည်းနဲ့ ကျူးကျော်တိုက်ခိုက်ခဲ့တာပါပဲ” လို့ ရာမီရက်ဇ်က ဝယ်သူကင်းမဲ့ပြီး ခြောက်သယောင်းနေတဲ့ သူ့စတိုးဆိုင်ကောင်တာနောက်မှာ ထိုင်ရင်းကနေ ပြောလိုက်ပါတယ်။ မက္ကဆီကိုစီးတီး မြို့လယ်ခေါင်မှာ တရုတ်လုပ်ပစ္စည်းတွေ ရောင်းချတဲ့ဆိုင်တွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာကို သုံးဆကျော် တိုးတက်လာခဲ့တာမို့ မက္ကဆီကိုလူမျိုးတွေ ကာလရှည် ရောင်းလာပြီး အခြေတကျဖြစ်ခဲ့တဲ့ စတိုးဆိုင်တွေ ဘာမှကို မရောင်းရတော့ဘဲ ပိတ်လိုက်ရတဲ့ အခြေအနေမျိုးကို ဆိုက်ခဲ့တယ်လို့ ရာမီရက်ဇ်က ပြောလိုက်ပါတယ်။

တရုတ်သွင်းကုန်တွေကြောင့် အလုပ်တွေပြုတ်

အာဂျင်တီးနားနိုင်ငံမှာဆိုရင် သူ့နိုင်ငံက အလုပ်သမားအင်အားရဲ့ ငါးပုံတစ်ပုံနီးပါး အလုပ်လုပ်ကိုင်နေကြရတဲ့ စက်မှုကုန်ထုတ်လုပ်ငန်းကဏ္ဍမှာ ဒေသတွင်းက စက်ရုံတွေ ပိတ်သိမ်းလိုက်ရတာနဲ့ အလုပ်သမားတွေ အလုပ်ထုတ်လိုက်ရတဲ့ အဖြစ်မျိုးတွေ ကြုံနေရပြီး တစ်နေ့တခြား တိုးလာနေတဲ့ တရုတ်နိုင်ငံက သွင်းကုန်ပစ္စည်းတွေရဲ့ ဒဏ်ကို အဓိကခံစားနေကြရတယ်။ အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး သွင်းကုန်ပမာဏဟာ တရုတ်နိုင်ငံက အများစုဖြစ်ပြီး ၂ဝ၂၅ ခုနှစ် အောက်တိုဘာလမှာ အရင်နှစ် အဲဒီလက အခြေအနေနဲ့စာရင် ၂၃၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ အာဂျင်တီးနားအစိုးရ ကိန်းဂဏန်းတွေအရ သိရတယ်။

“သွင်းကုန်တွေက စံချိန်ကျိုးအောင် မြင့်မားနေတဲ့ အချိန်မှာ ကျွန်တော်တို့က သမိုင်းတင်ရလောက်အောင်ကို နိမ့်ပါးလှတဲ့ လုပ်ငန်းစွမ်းဆောင်ရည်မျိုးနဲ့ လုပ်ဆောင်လည်ပတ်နေရပါတယ်။ ကျွန်တော်တို့ ဘာကိုမှ ခွဲခြားမှုမရှိတဲ့ ပုံစံနဲ့ တိုက်ခိုက်ခံနေရတယ်” လို့ အာဂျင်တီးနားနိုင်ငံ အထည်အလိပ်ကုန်ထုတ်လုပ်ငန်းကို ကိုယ်စားပြုတဲ့ ပရိုတိုင်ဂျာဖောင်ဒေရှင်း စေတနာဝန်ထမ်းအဖွဲ့ရဲ့ ဥက္ကဋ္ဌ လူစီယာနို ဂယ်လ်ဖီယိုနေးက ပြောကြားလိုက်တယ်။

“အာဂျင်တီးနားကို ရောက်ရှိနေတဲ့ တရုတ်ထုတ်ကုန် အတော်များများဟာ တရားလွန်ကို မြန်ဆန်တဲ့ ဖက်ရှင်တွေ (ultra-fast fashion) ဖြစ်လို့ အတော်ကို စိုးရိမ်စရာကောင်းတယ်။ အဲဒီအချက်ဟာ နိုင်ငံတကာဆိုင်ရာ အကြောင်းခြင်းရာတစ်ရပ် ဖြစ်တယ်။ ဒါပေမဲ့ အခုဒီနိုင်ငံမှာ သိသာထင်ရှားပြီး အရေးပါတဲ့ ဖြစ်ရပ်တစ်ခု စတင်နေပါပြီ” လို့ အာဂျင်တီးနား စက်မှုလုပ်ငန်းရှင် ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌ၊ ဗွေနိုဆဲရီးမြို့ကနေ စတင်ထုတ်လုပ်တဲ့ နာမည်ကျော် ဂျက်စမင်ချီဘာတံဆိပ် အဝတ်အထည်တွေ ထုတ်လုပ်တဲ့ လုပ်ငန်းပိုင်ရှင် ကလော်ဒီယိုဒရက်ရှာက ပြောကြားလိုက်တယ်။

အီးကောမတ်စ် (E-commerce) လုပ်ငန်း

တီမူးကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “သူတို့ကုမ္ပဏီဟာ လက်တင်အမေရိကတိုက်က စီးပွားရေးလုပ်ငန်းတွေကို ၂ဝ၂၅ ခုနှစ်က မက္ကဆီကိုနဲ့ ဘရာဇီးနိုင်ငံမှာ သူ့ရဲ့ ဈေးနေရာတွေကို ဒေသတွင်းက ဈေးသည်တွေအထိ ရောက်အောင် ဖွင့်ပေးခဲ့တာ အပါအဝင် ကုန်ကျစရိတ်သက်သာပြီး လုပ်ငန်းတိုးချဲ့ရလွယ်ကူတဲ့ အွန်လိုင်းအရောင်းလမ်းကြောင်းကို အသုံးပြုနိုင်ခွင့် ရစေတာပါ” လို့ ချေပပြောဆိုခဲ့တယ်။ ရှိန်းကုမ္ပဏီက ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာမှာ “ဒေသတွင်းက စက်မှုကုန်ထုတ်လုပ်ငန်းတွေရဲ့ အရေးပါမှုကို လေးစားပြီး သမာအာဇီဝကျတဲ့ ယှဉ်ပြိုင်မှုဖြစ်ပါတယ်” လို့ ဖော်ပြတယ်။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ ကုန်သွယ်ရေးမူဝါဒ ဆွေးနွေးပွဲတွေနဲ့ စပ်လျဉ်းလို့ကတော့ သဘောထားမှတ်ချက် မပေးခဲ့ပါဘူး။

ဘရာဇီးနဲ့ မက္ကဆီကိုမှ တရုတ်ကားတွေ ဈေးကွက်သစ်ထိုးဖောက်

လက်တင်အမေရိကတိုက်ရဲ့ ဒေသတွင်း မော်တော်ကားထုတ်လုပ်ရာ အချက်အချာနေရာတွေဖြစ်တဲ့ မက္ကဆီကိုနဲ့ ဘရာဇီးနိုင်ငံတွေဟာလည်း ဈေးပေါတဲ့ တရုတ်ကားတွေ တင်သွင်းမှု တိုးမြင့်လာတာရဲ့ ဖိအားပေးဒဏ်ကို ခံနေကြရတယ်။ BYD နဲ့ GWM တို့လို တရုတ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ လက်တင်အမေရိကဒေသမှာ အဓိကကြီးပွားတိုက်ဖို့ အခွင့်အလမ်းတွေကို မြင်နေကြတယ်။ ကမ္ဘာပေါ်မှာ ဆဋ္ဌမအကြီးဆုံး မော်တော်ကားဈေးကွက်ဖြစ်တဲ့ ဘရာဇီးနိုင်ငံဆိုရင် ၂ဝ၂၄ ခုနှစ်တုန်းက ရောင်းချခဲ့တဲ့ လျှပ်စစ်မော်တော်ကား စုစုပေါင်း ၆၁,၆၁၅ စီးရဲ့ ၈ဝ ရာခိုင်နှုန်းကျော်ကို ရောင်းချခဲ့ရတယ်။ ဒီကားတွေအားလုံးဟာ တရုတ်မော်တော်ကားတံဆိပ်တွေပဲ ဖြစ်တယ်လို့ ဘရာဇီး လျှပ်စစ် မော်တော်ယာဉ်အသင်းက ဆိုပါတယ်။

တရုတ်ခရီးသည်မော်တော်ကားအသင်း အဆိုအရ ၂ဝ၂၅ ခုနှစ်တုန်းက မော်တော်ယာဉ်ပေါင်း ၆၂၅,၁၈၇ စီး တင်သွင်းခဲ့တဲ့ မက္ကဆီကိုနိုင်ငံဟာ တရုတ်မော်တော်ကား ပို့ကုန်တွေအတွက် အကြီးဆုံး သွားရောက်ရောင်းချရာ ဈေးကွက်နေရာ ဖြစ်လာခဲ့တယ်။ ရုရှားနိုင်ငံက ပို့တဲ့ ကားစီးရေကို ကျော်လွန်သွားတယ်။ ဘရာဇီးနဲ့ မက္ကဆီကို နှစ်နိုင်ငံစလုံးမှာ အတော်အတန်ကြီးမားတဲ့ မော်တော်ကားထုတ် စက်မှုလုပ်ငန်းတွေရှိတယ်။ ကမ္ဘာလုံးဆိုင်ရာ အဓိကစက်မှုကုန်ထုတ်လုပ်ငန်းတွေအတွက် အခြေခံစခန်းတစ်ခုဖြစ်တဲ့ မက္ကဆီကိုနိုင်ငံဟာ မော်တော်ကားထုတ်လုပ်ရာမှာ ကမ္ဘာ့သတ္တမမြောက် အကြီးဆုံးနိုင်ငံဖြစ်မယ်လို့ ခန့်မှန်းထားပြီး ၂ဝ၂၅ ခုနှစ်တုန်းက အဲဒီနိုင်ငံဟာ မော်တော်ကားစီးရေ ၄ သန်းနီးပါး ထုတ်လုပ်ခဲ့ပြီး ကားစီးရေ ၃ ဒဿမ ၄ သန်းလောက်ကို ပြည်ပကို တင်ပို့ရောင်းချခဲ့တယ်။ ဘရာဇီးနိုင်ငံဆိုရင် လျှပ်စစ်ကားနဲ့ ဓာတ်ဆီနဲ့ လျှပ်စစ်နှစ်မျိုးသုံး မော်တော်ကား အတော်များများ အပါအဝင် စုစုပေါင်း မော်တော်ယာဉ် ၆ ဒဿမ ၂ သန်းကို ထုတ်လုပ်ခဲ့တယ်။ အဲဒီလို ထုတ်လုပ်မှုကို ပြည်ပတင်ပို့တဲ့ မော်တော်ယာဉ်စီးရေ ၇ သန်းကျော် အပါအဝင် တရုတ်ရဲ့ မော်တော်ယာဉ်ထုတ်လုပ်မှုစီးရေ ၃၄ ဒဿမ ၅ သန်းနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

“လျှပ်စစ်ကား (EV) တွေနဲ့ ပတ်သက်လို့ နှိုင်းယှဉ်ချက်အရ အသာစီးရတဲ့ အခြေအနေရှိပါတယ်။ သုံးစွဲသူတွေ ဝယ်နိုင်လောက်တဲ့ ချိုသာတဲ့ ဈေးနှုန်းမျိုးနဲ့ ရောင်းနိုင်ပြီး အစိုးရရဲ့ အကြီးအကျယ် ထောက်ပံ့မှုကိုလည်း ရရှိထားပါတယ်” လို့ တရုတ်ပြည်ဆိုင်ရာ မက္ကဆီကိုနိုင်ငံရဲ့ သံအမတ်ကြီးဟောင်း တစ်ဦးနဲ့ အတိုင်ပင်ခံလုပ်ငန်း DJA Group မှာ အစုရှင်တစ်ဦးဖြစ်တဲ့ ဂျော့ခ်ဂွာဂျာဒိုက ပြောကြားလိုက်တယ်။ ဝယ်စီးမယ့်သူတွေ တတ်နိုင်တဲ့ တရုတ်ကားတွေဟာ ယာဉ်မောင်းအတော်များများကို နှစ်သက်အောင် ဆွဲဆောင်နိုင်တယ်၊ အဲဒါကြောင့် လက်တင်အမေရိကဈေးကွက်သစ်ကို ဆက်ပြီးတော့ ထိုးဖောက်နိုင်ပါလိမ့်မယ်လို့ ဆွစ်ဇာလန်ဘဏ် UBS က တရုတ်မော်တော်ယာဉ် သုတေသနဌာနရဲ့ အကြီးအကဲ ပေါလ်ကောင်းက ပြောကြားခဲ့တယ်။

တရုတ်မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ ဒေသတွင်းက ကုန်ထုတ်လုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံထားကြတယ်။ BYD နဲ့ GWM တို့ဟာ ဒေသတွင်းမှာ ထုတ်လုပ်မှုစွမ်းအားကို တိုးချဲ့ဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရာနဲ့ထောင်နဲ့ချီပြီး အင်နဲ့အားနဲ့ ဖန်တီးဖို့ ဘရာဇီးနိုင်ငံမှာ စက်ရုံတွေ တည်ဆောက်နေကြတယ်။ ဒါပေမဲ့ မနှစ်တုန်းကတော့ ဘရာဇီးနိုင်ငံ အစိုးရရှေ့နေချုပ်ရုံးက BYD ကို အလုပ်သမားတွေအတွက် လုပ်ငန်းခွင်အခြေအနေ ညံ့ဖျင်းစေမှုနဲ့ တရားစွဲဆိုခဲ့တယ်။ BYD ကုမ္ပဏီကတော့ အဲဒီစွဲဆိုချက်ကို ငြင်းပါတယ်။

ကုန်စည်ပေါကြွယ်ဝတဲ့ လက်တင်အမေရိကမှာ အရောင်းအဝယ် အသာစီးရတာ နည်းပါး

တရုတ်နိုင်ငံဟာ လက်တင်အမေရိကတိုက်ရဲ့ ကြီးမားကျယ်ပြန့်လှတဲ့ သဘာဝအရင်းအမြစ်တွေကို သူ့နိုင်ငံက စက်မှုလုပ်ငန်းတွေအတွက် လိုအပ်တယ်။ ဘရာဇီးလ်နိုင်ငံထွက် လစ်သီယမ်ကနေ ချီလီနိုင်ငံက ကြေးနီနဲ့ ပီရူးနိုင်ငံဆီက တိရစ္ဆာန်အစာအဖြစ် အသုံးပြုတဲ့ ငါးခြောက်မှုန့် (fishmeal) အထိပါပဲ။ ဒါပေမဲ့ တရုတ်နဲ့ ကုန်သွယ်ရာမှာ လက်တင်အမေရိကနိုင်ငံတွေဘက်က ကုန်သွယ်ရေး လိုငွေပြတာဟာ ဒေသကြီးအတွင်းက နိုင်ငံအများစုမှာ တိုးပွားလာနေတယ်။ တချို့နိုင်ငံတွေမှာဆိုရင် “တရုတ်က သူ့ပစ္စည်းတွေကို ရောင်းချရုံ သက်သက်ပဲ၊ အဲဒီနိုင်ငံကနေ ဘာကုန်ပစ္စည်းကိုမှ ပြန်မဝယ်ဘူး” လို့ ဂွာဂျာဒိုက ဆိုပါတယ်။

ပီရူးနိုင်ငံ လီမာမြို့စျေးတွင် ရောင်းချနေသည့် တရုတ်ကုန်ပစ္စည်းများ (Photo: AP)

မက္ကဆီကိုနိုင်ငံဆိုရင် အမေရိကန်ပြည်ထောင်စု ပြီးတဲ့နောက် ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ တရုတ်ပြည်နဲ့ ကုန်သွယ်ရာမှာ သူ့နိုင်ငံဘက်က ကုန်သွယ်ရေးလိုငွေပြတာဟာ ၂ဝ၂၄ ခုနှစ်တုန်းက ဒေါ်လာဘီလီယံ ၁၂ဝ အထိတောင် ရောက်ရှိလာခဲ့တယ်။ မက္ကဆီကိုရဲ့ ပို့ကုန်တွေက ကြေးနီနဲ့ ကြေးနီကွန်ဆန်ထရိတ်တွေ၊ လျှပ်စစ်နဲ့ အီလက်ထရွန်းနစ် ပစ္စည်းကိရိယာတွေနဲ့ စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်ပစ္စည်းတို့လို ကုန်ကြမ်းပစ္စည်းတွေ အပါအဝင်ဖြစ်ပြီး စုစုပေါင်း ဒေါ်လာ ၉ ဘီလီယံဖိုး ရှိတယ်။

အာဂျင်တီးနားနိုင်ငံရဲ့ တရုတ်နဲ့ ကုန်သွယ်ရေးမှာ အာဂျင်တီးနားဘက်က ကုန်သွယ်ရေးလိုငွေပြတာဟာ ၂ဝ၂၅ ခုနှစ်တုန်းက ဒေါ်လာ ၈ ဒဿမ ၂ ဘီလီယံနီးပါးအထိ မြင့်တက်လာခဲ့တယ်။ ပဲပုပ်နဲ့ အသားတို့လို သူ့နိုင်ငံရဲ့ ပို့ကုန်တွေကို လျှပ်စစ်ဆိုင်ရာ စက်ပစ္စည်း၊ ပစ္စည်းကိရိယာနဲ့ စက်မှုကုန်ချောပစ္စည်း စတဲ့ တရုတ်သွင်းကုန်တွေက ကျော်တက်သွားတာကြောင့် အဓိကဖြစ်ရတာပါပဲ။

ဘရာဇီးလ်နိုင်ငံကတော့ မနှစ်တုန်းက တရုတ်နဲ့ ကုန်သွယ်ရာမှာ မှတ်တမ်းတင်ရလောက်အောင်ကိုပဲ ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၂၉ ဘီလီယံအထိ ရှိခဲ့တယ်လို့ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရတယ်။ ဒီလိုဖြစ်ရတာက တရုတ်ပြည်ဟာ အမေရိကန်ပြည်ထောင်စုမှာ စိုက်ပျိုးတဲ့ ပဲအမျိုးမျိုး ဝယ်ယူတာကို ရပ်ဆိုင်းထားလိုက်ပြီးတဲ့နောက် ဘရာဇီးလ်နိုင်ငံ ပဲပုပ်ပို့ကုန်တွေ သိသိသာသာ မြင့်တက်လာလို့ပဲ ဖြစ်တယ်။ ချီလီနိုင်ငံကလည်း ကြေးနီ၊ လစ်သီယမ်၊ သစ်သီးနဲ့ ဝိုင်အရက်ပို့ကုန်တွေ ကျေးဇူးနဲ့ သူ့နိုင်ငံဘက်က ကုန်သွယ်ရေးပိုငွေပြခဲ့တယ်။ ဖြစ်ရပ်အများစုမှာကတော့ တရုတ်က လက်တင်အမေရိကနိုင်ငံတွေကို စက်မှုကုန်ချောပစ္စည်း ပို့ကုန်တွေ တင်ပို့ပြီး အဲဒီနိုင်ငံတွေကနေ စက်မှုကုန်ကြမ်းပစ္စည်းတွေ တင်သွင်းတာပါပဲ။ ဒါပေမဲ့ နိုင်ငံချင်း ဆက်ဆံရေးတွေကတော့ ကုန်သွယ်ရေးထက် အများကြီး ကျော်လွန်ကျယ်ပြန့်ပါတယ်။

Aid Data ရဲ့ အဆိုအရ တရုတ်နိုင်ငံဟာ ၂ဝ၁၄ ခုနှစ်ကနေ ၂ဝ၂၃ ခုနှစ်အတွင်း လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသကို အကြမ်းအားဖြင့် ဒေါ်လာ ၁၅၃ ဘီလီယံဖိုးရှိတဲ့ ချေးငွေတွေနဲ့ ထောက်ပံ့ငွေတွေ ဖြည့်ဆည်းပေးခဲ့တယ်။ ဒေသကြီးအတွက် ငွေကြေးဖြည့်ဆည်းပေးတဲ့ အစိုးရကဏ္ဍမှာ အကြီးဆုံးရင်းမြစ်တစ်ခုပဲ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုကတော့ ဒေါ်လာ ၅ဝ ဒဿမ ၇ ဘီလီယံပဲ ဖြည့်ဆည်းပေးခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်လို့ရတယ်။ ဆိုလိုတာက အမေရိကန်အစိုးရက တစ်ဒေါ်လာ လှူဒါန်း ဒါမှမဟုတ် ချေးငှားတိုင်း တရုတ်က သုံးဒေါ်လာ လှူဒါန်း ဒါမှမဟုတ် ချေးငှားခဲ့တယ်ဆိုတဲ့ သဘောပါပဲ။

တရုတ်ပြည်နဲ့ ကမ္ဘာအနှံ့ ပြန့်နှံ့မှုဆိုင်ရာ ဗဟိုဌာနက အထက်တန်းသုတေသီတစ်ဦးဖြစ်တဲ့ အန်ဒီမော့ခ် (Andy Mok) ကတော့ လက်တင်အမေရိကတိုက်ဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်တိုက်ခိုက်ဖို့ တရုတ်ပြည်ရဲ့ “တောင်ပိုင်းကမ္ဘာ” မဟာဗျူဟာမှာ အဓိကဒေါက်တိုင်တစ်ခု ဖြစ်တယ်။ တရုတ်နိုင်ငံဟာ ပီရူးနိုင်ငံက ချန်ကိုင်း မဟာဆိပ်ကမ်းမြို့ကြီးတစ်ခုကို ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ ငွေကြေးထောက်ပံ့ပြီး တည်ဆောက်ခဲ့တာ ၂ဝ၂၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တယ်။ နောက်ဆုံးမှာ ဒီဆိပ်ကမ်းကြီးကနေ ဘရာဇီးလ်နိုင်ငံ အတ္တလန္တိတ်ကမ်းခြေကို ဆက်သွယ်ဖို့ စီမံကိန်းချထားတဲ့ ရထားလမ်းနဲ့ ဆက်သွယ်မှာပဲ ဖြစ်တယ်။ နိုင်ငံတော်က ကျောထောက်နောက်ခံပြုပေးထားတဲ့ တရုတ်ကုမ္ပဏီတွေဟာ လက်တင်အမေရိကဒေသ အနှံ့အပြားက ဆည်ကြီးတွေ၊ သတ္တုတွင်းတွေနဲ့ တခြားစီးပွားရေး အခြေခံအဆောက်အဦတွေမှာ ငွေကြေးရင်းနှီးမြှုပ်နှံပြီး တည်ဆောက်ခဲ့တယ်။

“ယှဉ်ပြိုင်မှုနဲ့ စပ်လျဉ်းလို့ကတော့ နက်နက်ရှိုင်းရှိုင်း စိုးရိမ်မကင်းစရာ ဖြစ်ဖွယ်ရှိတယ်၊ ဒါပေမဲ့ နိုင်ငံရေးအရဆိုရင် နိုင်ငံအတော်များများက တရုတ်ရဲ့ ပို့ကုန်တွေ တရဟောတိုးလာတာကို တွန်းလှန်ဆန့်ကျင်ဖို့ သူတို့မှာ နေရာရှိတယ်လို့ မခံစားမိကြပါဘူး။ နိုင်ငံချင်းဆက်ဆံရေးက စီးပွားရေးအရလည်း အရေးပါလွန်းနေတယ်” လို့ မိုင်ယာက ပြောကြားလိုက်တယ်။

တန်ပြန်တွန်းလှန်မှုတွေကတော့ စနေပါပြီ၊ ဒါပေမဲ့ အကန့်အသတ်တွေရှိတယ်

မက္ကဆီကိုနိုင်ငံဟာ ပြည်တွင်းက စက်မှုလုပ်ငန်းတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ကားတွေ၊ ကိရိယာတန်ဆာပလာတွေနဲ့ အဝတ်အထည်တွေ အပါအဝင် တရုတ်သွင်းကုန်တွေမှာ အခွန် ၅ဝ ရာခိုင်နှုန်းအထိ ကောက်ခံတဲ့နည်းနဲ့ ကာလတာရှည် ကြိုးပမ်းခဲ့တယ်။ တရုတ်နိုင်ငံက ဈေးပေါတဲ့ သွင်းကုန်တွေကို ထိန်းချုပ်ဟန့်တားနိုင်ဖို့ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်ဒေါ်လာ ၅ဝ အောက် တန်ဖိုးရှိတဲ့ ပြည်ပကဝင်တဲ့ ပါဆယ်ထုပ်တွေအတွက် အခွန်ကင်းလွတ်ခွင့်တွေကို ဖျက်သိမ်းတဲ့ နိုင်ငံတွေမှာ ဘရာဇီးလ်နိုင်ငံလည်း ပါဝင်တယ်။ ဒါ့ပြင် လျှပ်စစ်ကားသွင်းကုန်တွေကိုလည်း အခွန်တွေ တိုးမြှင့်ကောက်ခံခဲ့တယ်။

တခြားနိုင်ငံတွေကလည်း ဒီပုံစံကို လိုက်ပြီး ဆောင်ရွက်ကြဖွယ်ရှိတယ်။ လက်တင်အမေရိကဒေသ တစ်ဝန်းလုံးမှာ သွင်းကုန်ခွန်နဲ့ တင်းကျပ်တဲ့ စည်းမျဉ်းဥပဒေတွေ အပါအဝင် ကိုယ်ကျိုးစီးပွားကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုတွေကို ပိုပြီး ဆောင်ရွက်လာကြတော့မယ်လို့ ပိုင်းခြားစိတ်ဖြာ လေ့လာသူတွေက မျှော်လင့်နေကြတယ်။ ချီလီနိုင်ငံကလည်း သွင်းကုန်ခွန်တွေကို မြှင့်တင်ခဲ့ပြီး တန်ဖိုးနည်းတဲ့ ပါဆယ်တွေကို ထပ်ဆင့်တန်ဖိုးခွန် ၁၉ ရာခိုင်နှုန်း ပြဋ္ဌာန်းကောက်ခံခဲ့တယ်။ “ဒါပေမဲ့ တရုတ်ရဲ့ ဩဇာညောင်းမှု တိုးလာတာမို့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒတွေ ပေါ်လာမယ်ဆိုရင် ချိန်ညှိပြီး လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်” လို့ လာဇာရပ်အတိုင်ပင်ခံကုမ္ပဏီကို တည်ထောင်သူ လေးလန်းလာဇာရပ်စ်က ပြောကြားခဲ့တယ်။ “သူတို့တွေ အရမ်းလွန်သွားလို့တော့ မရဘူး။ မဟုတ်ရင် တရုတ်နိုင်ငံက တစ်မျိုးမဟုတ်တစ်မျိုးနဲ့ လက်တုံ့ပြန်လာနိုင်တယ်။ ဒါကြောင့် သူတို့ဩဇာညောင်းမှုမှာ အကန့်အသတ်တွေရှိတယ်” လို့ သူက သတိပေးခဲ့တာကို အေပီသတင်းထောက် ရေးသားတင်ပြခဲ့ပါတယ်။

Source: AP သတင်းများ

Click to rate this post!
[Total: 1 Average: 5]